> သီဟသူ [dot] blogspot [dot] com: 2020

Mar 29, 2020

စက္ကူလူသား

ပျောက်ဆုံး ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
မြို့ နဲ့ မြစ် လက်ချင်းတွဲထား
ဘယ်သူက မတည်ငြိမ်တာလဲ
ဘယ်သူက မအေးချမ်းတာလဲ
ရောက်ရာအရပ်က ပြန်လာပါ မပြော၊
အပြစ်တွေကိုလည်း ခွင့်မလွှတ်ပါ

ခင်ဗျား သတိမထားလိုက်ခင်မှာပဲ
ရာသီတွေ ညတွင်းချင်း ပြောင်းသွား
ခင်ဗျားရဲ့ မျက်နှာကို လာတိုက်နေတဲ့ လေ က
သိပ်အေးတယ်
ဇာတိကိုရော တခါတခါ မလွမ်းဘူးလား
ခင်ဗျားက အခန်းကျဉ်းထဲမှာ
တိတ်တဆိတ်နဲ့ပဲ ကျောပေး လို့

ဒုက္ခရောက်တော့မှ တခါက ပျော်ခဲ့ဖူးတာကို
ပြန်အောက်မေ့ရတာထက်
ပိုဝမ်းနည်းစရာကောင်းတာ မရှိဘူး လို့
Dante က ပြောတယ်၊

တကယ်တမ်းမှာတော့ သံသရာမှာ မကြုံဖူးတဲ့
လောကဓံ ရယ်လို့ မရှိဘူး။ ဒီဘဝအနေနဲ့
မမှတ်မိသေးတာပဲဖြစ်လိမ့်မယ်။

၂၉/၀၂/၂၀၂၀

ဝင်းမင်းထွန်း

Jan 1, 2020


စက္ကူသီချင်း
(Robert Johnson ရဲ့ အပုဒ် ၃၀ မြောက် သီချင်း)

နွေအနမ်း၊ ဆောင်းမျက်ရည် တဲ့
မစ္စစပီမြစ်က မိုင်ပေါင်း သုံးထောင့်နှစ်ရာကျော် ရှည်လျားတယ်
ကိုယ်တို့ မသိနိုင်တဲ့ အခြားသော ဘဝတွေအကြောင်း
အသံတွေကတဆင့် ကြားရတယ်
ရေစက် ဆိုတာ ဒီလိုပါပဲ
မသိပေမယ့်လည်း ရှိနေတတ်တဲ့ သဘောပေါ့၊

Lego အရုပ်လေးတွေမှာ လက်ချောင်းလေးတွေ မပါဘူး၊ ဒါပေမယ့် ချစ်ဖို့ကောင်းတယ်
မနက်ဖြန်မှာ ကိုယ်တို့ နီးရမယ်၊ ဒါမှမဟုတ် ဝေးရမယ်
တခုသော မနက်ဖြန်မှာ ကိုယ်တို့ နီးရမယ်၊ ဒါမှမဟုတ် ဝေးရမယ်
အကြောင်းပြချက် မလိုတဲ့ အရာကို အချစ် လို့ ပြောလိုက်မိပြီးတော့မှ မရှိတဲ့ လက်ချောင်းလေးတွေ အေးလာတာ
တိုက်ဆိုင်တယ် ဆိုဦးမလား
ဒီ တဆောင်းက အအေးပိုလို့လား
ဒါမှမဟုတ် ကိုယ်တို့ချင်းက ဝေးနေကြလို့လား၊

အသက် နှစ်ဆယ့်ခုနှစ် နဲ့ ကွယ်လွန်ခဲ့တဲ့ မစ္စစပီနယ်သား Robert Johnson က သူ့ဘဝတလျှောက်လုံး သီချင်း နှစ်ဆယ့်ကိုးပုဒ်ပဲ အသံသွင်းခဲ့တယ်
အခု ကိုယ်တို့ နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရတဲ့ အလွမ်းအဆွေး နဲ့ အချစ်၊ ဝေဒနာ နဲ့ ဒုက္ခသုက္ခတွေက သူမရေးဖြစ်ခဲ့တဲ့ အပုဒ် သုံးဆယ်မြောက်ပေါ့။ ။

၁၆/၁၂/၂၀၁၉
တနင်္လာ




ဝင်းမင်းထွန်း