> သီဟသူ [dot] blogspot [dot] com: March 2011

Mar 24, 2011

မေမေရေ...

သူက
မိုးရွာနေတာတောင် မသိလိုက်ဘူး လို့
စ ပြောတယ်။

ကျွန်တော်က
မေမေတို့အိမ်မှာ မိုးရွာ တာကို
ပြတင်းပေါက်က နေငေးကြည့်
ကဗျာတွေ စပ်ခဲ့ဖူးကြောင်း
ယဉ်ကျေးခဲ့ ဖူးကြောင်း
မိုးရွာထဲ က လူတွေကို
ကိုယ်ချင်းစာဖူးကြောင်း
နွေးထွေးခဲ့ဖူးကြောင်း
အိမ်အပြန် မိုးရွာထဲ သွားချင်လို့
ထီးကို သူများဆီ ပေးပစ်ခဲ့ဖူးကြောင်း
ဆက်ပြောတယ်။

တကယ်တော့ အပြင်မှာ
မိုးတွေ တော်တော် သည်းတာပဲနော် မေမေ
လေတွေလည်း တအား တိုက်တာပဲ။

မေမေတို့အိမ်လေး တအား ခိုင်တယ်နော်။

ဒီမှာ သားတစ်ကိုယ်စာတောင်
သား မနွေးထွေး နိုင်ပုံများ။

သားတစ်ကိုယ်စာတောင်
သား နွေးထွေးနေရပုံများ။

ငယ်ငယ်က မိုးစိုချင်လို့
ထီးပေးပစ်ခဲ့ဖူးသူက

ခု
သူများထီး လုဆောင်းချင်နေပြန်ပါသတဲ့လေ။

မေမေရေ............
သားလူကြီးဖြစ်လာပြီ ထင်တယ်နော်။

ထွန်းနွယ် (၂၃.၃.၂၀၁၁)

Mar 23, 2011

မိုး

မိုးတစိမ့်စိမ့် ရွာနေတယ်။ သူမ နိုးလာတော့ မိုးတွေရွာနေပြီ။ တစိမ့်စိမ့် ရွာသွန်းနေတဲ့မိုးဟာ မတိတ်တော့ဘူး။ မိုးစက်တွေဟာ ကမ္ဘာမြေပေါ်က ကိန်းဂဏန်းတွေထက် များပေလိမ့်မယ်။ ခေါင်မိုးတွေပေါ်မှာ၊ လမ်းမကြီးတွေပေါ်မှာ၊ သစ်ပင်တွေပေါ်မှာ၊ ရေမြောင်းတွေပေါ်မှာ၊ ဦးထုပ်တွေ ထီးတွေပေါ်မှာ၊ မိုးကာအင်္ကျီတွေပေါ်မှာ၊ မီးသတ်မျှော်စင်ကြီးပေါ်မှာရောပေါ့။ မိုးစက်တွေ ရွာသွန်းကျဆင်းနေလေရဲ့။ ခေါင်မိုးတွေပေါ် မိုးစက်တွေကျတော့ တဗြောင်းဗြောင်းမြည်တယ်။ လမ်းမကြီးတွေပေါ်မှာ မိုးစက်တွေကျတော့ မိုးစက်တွေ လမ်းပေါ်မှာ ခုန်နေကြတယ်။ သစ်ပင်တွေပေါ်မှာ မိုးစက်တွေကျတော့ စိမ်းစိုလန်းဆန်းလာတယ်။ ရေမြောင်းတွေပေါ် မိုးစက်တွေကျတော့ တဝေါဝေါစီးတယ်။ ဦးထုပ်တွေ၊ ထီးတွေ၊ မိုးကာအင်္ကျီတွေက မိုးစက်ပေါက်တွေကို ကြာရှည်ခုခံနိုင်စွမ်း မရှိတော့သလိုပဲ။ လူတွေဟာ ကုပ်ချောင်းချောင်းနဲ့ တံစက်မြိတ်အောက် ဝင်ခိုကြတယ်။ မီးသတ်မျှော်စင်ပေါ်က တာဝန်ကျအစောင့်ဟာ မှန်ပြောင်းတစ်လက်နဲ့ မြို့ကိုကြည့်နေတယ်။ သူ့တစ်ကိုယ်လုံးလည်းရွှဲလို့။ တစိမ့်စိမ့်ရွာသွန်းနေတဲ့မိုးဟာ မတိတ်တော့ဘူး။ မြို့ဟာစောစောစီးစီး မှောင်လာခဲ့ပြီ။ လမ်းမီးတွေက မလင်းသေးဘူး။ ဘယ်နေရာမှာပဲဖြစ်ဖြစ် ရေစီးသံတဝေါဝေါနဲ့ မိုးပေါက်ကျသံတွေကိုသာ ကြားရတယ်။ လမ်းမီးတိုင်တွေဟာ မိုးရေထဲမှာ အေးစက်တောင့်တင်းလို့။ ခွေးကလေးတစ်ကောင် မီးဖိုချောင်နောက်ထဲမှာ ကုပ်ကုပ်ကလေးဝပ်လို့။ တအီအီမြည်လို့။ မိုးရေစိုစွတ်နေတဲ့သစ်ကိုင်းက ပြတင်းမှန်ကို ကုတ်ခြစ်နေတယ်။ အခန်းထဲမှာ မှန်အိမ်ထွန်းထားတယ်။ ဝါကြင့်ကြင့် အလင်းပူပူထဲမှာ အရာဝတ္ထုတွေဟာ တိတ်ဆိတ်မြဲ တိတ်ဆိတ်နေတယ်။ မိုးသံလေသံဟာ တဝေါဝေါအော်မြည်နေဆဲ။ ခြံထဲမှာထိကရုံးပင်တွေ စွင့်ကားစိမ်းစိုနေတယ်။ တစိမ့်စိမ့်မိုးဟာ မြေသားထဲကို ယိုစီး ကျဆင်းသွားနေတယ်။ မိုးစက်မိုးပေါက်တွေဟာ ကမ္ဘာမြေရဲ့ အနက်ရှိုင်းဆုံးကိုယ်ထည်ကို ဖြတ်သန်းပြီး ဟိုးအောက်မှာရှိတဲ့ ငရဲဘုံဆီထိ ရောက်အောင်ကျဆင်းကာ ငရဲမီးတောက်တွေကို ငြိမ်းအောင်ရွာသွန်းတော့မယ်လို့ သူမက ထင်နေမိတော့တယ်။

နေမျိုး
၂၀၀၂၊ ၁၀၊ ၁၆

နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်

Mar 10, 2011

စနေ နေ့တစ်ဝက် (၉)

ရုတ်တရက်
လင်းပွင့်မှု ရလိုက်သလိုမျိုး....

ငါနဲ့ ကဗျာကြား ကမ္ဘာခြားနေဆဲပါ...


သီဟသူ
၀၅.၀၃.၁၁

Mar 5, 2011

နီယွန်မီး ရဲ့ သားကောင်များ

ဒီ နှိုးစက် နာရီသံကို ပဲ
တစ်ညလုံး စောင့်အိပ်ခဲ့ ရတာ။

နိုးတာနဲ့ ခေါင်းပေါ်မှာ
နီယွန်မီးကြီး သာနေတာ။

လေးဘက်လေးတန် ပိတ်နေတဲ့
မနက်ခင်း ကို
ဝေ နေတဲ့ မျက်လုံးတွေနဲ့
လေးနေတဲ့ စိတ်ကြီး တွေနဲ့

ငါဟာ ငါနဲ့ ချွတ်စွတ်တူလာတာကို

။မတင်မကျ။မကျေမနပ်။လွမ်းလွမ်းဆွေးဆွေး။တက်တက်ကြွကြွ။

ပြီး
လည်နေတဲ့ စက်ကြီးထဲ
တစ်ခေါင်းလုံး ပြေးဝင်ထိုးစိုက်လို့

ဂျပန်ပြည် က ၁၇ နှစ်သား
စူဆိုက်သမားလေး ကို သတိရလို့

အမဲလိုက် အက ကို သတိရလို့

တစ်ခါစားခဲ့ဖူးတဲ့
အောင်သေ အောင်သား ကို သတိရလို့

အဲ့သတိရမှု အကုန်လုံး ကို
သတိရဖို့ ကို သတိမရလို့

နီယွန်မီးတွေအောက်မှာ
အပန်ဖြေ အနားယူနိုင်ဖို့

နီယွန်မီးတွေ ထွန်းရင်း

။ကိုယ်၊ စိတ် ၊ နှလုံး သုံးပါးလုံး(လုံး)။

ပင်ပန်းလိုက်ကြတယ်။ ။


ထွန်းနွယ်
(၆.၂.၂၀၁၁)

Mar 2, 2011

၀၉:၂၀

သေခြင်းဟာ စိတ်ဝင်စားဖွယ်ပါ။

ကျွန်တော့်မှာ ရှင်သန်လိုစိတ်
ပြင်းပြင်းပြပြ ရှိနေလို့
ပိုပြီး စိတ်ဝင်စားဖွယ်ပါ။


သီဟသူ
၀၂-၀၃-၁၁ (၀၉:၂၀)