> သီဟသူ [dot] blogspot [dot] com: လင်းလွင်
Showing posts with label လင်းလွင်. Show all posts
Showing posts with label လင်းလွင်. Show all posts

Mar 28, 2009

ငါဟာ မိန်းမ

တစ်ယောက်တည်းဆို ငါ ဝတ်လစ်စလစ်နေမယ်
အခု တစ်ယောက်တည်းမဟုတ်တော့ ငါ ဝတ်လစ်စလစ် မနေဘူး
အချစ်ကိစ္စကို ငါ့ဘက်က စရမယ်
အခု ငါက မိန်းမဆိုတော့ ငါ စလို့မရဘူး
ငါဟာ မိန်းမ
ငါဟာ အခူးအဆွတ်ခံဖို့ ပွင့်လာတဲ့ မိန်းမ
ခုနှစ်ရက်သားသမီး ပန်းအိုးတွေအတွက်ဆို
မြန်မြန်ခူးဆွတ်စမ်းပါလို့ မြူဆွယ်နေတဲ့ မိန်းမ
ငါဟာ မိန်းမ
ငါဟာ အသီအကုံးခံဖို့ ကြွေနေတဲ့ မိန်းမ
ခုနှစ်ရက်သားသမီး ဧည့်ခန်းတွေအတွက်ဆို
မြန်မြန်ကောက်ယူစမ်းပါလို့ ဖြားယောင်းနေတဲ့ မိန်းမ
ငါဟာ မိန်းမဆိုတော့ နေချင်သလို နေလို့မရဘူး
ငါဟာ မိန်းမဆိုတော့ ချစ်ချင်သလို ချစ်လို့မရဘူး
မြုံနေတဲ့ ဝေဒနာတွေနဲ့ ငါဟာ
မြုံနေတဲ့ မိန်းမတော့မဟုတ်ဘူး
မိန်းမ ငါဟာကိုယ်ဝန်ဆောင်ထားတဲ့ မိန်းမ
ငါ့ကိုယ်ဝန်ဟာ အခုလက်ရှိကမ္ဘာနဲ့ ရတာပေါ့
ငါဟာ မိန်းမဆိုတော့ မိခင်ကောင်းတစ်ယောက်လည်းဖြစ်ရမယ်
အခုလက်ရှိကမ္ဘာရဲ့  အကျင့်စရိုက်ဆိုးတွေ
ငါမွေးဖွားမယ့် ငါ့ကမ္ဘာလေးမှာ ပါမလာအောင်
ငါမွေးဖွားမယ့် ငါ့ကမ္ဘာလေးကို ငါ ပျိုးထောင်ပေးရမယ်
ငါဟာ မိန်းမ
တရားမျှတမှုကို တန်ဖိုးထားတဲ့
ငါ့ကမ္ဘာလေးကို မွေးဖွားပေးချင်နေတဲ့ မိန်းမ
ငါဟာ မိန်းမ
နိုင်ငံတော်ကိုချစ်တတ်တဲ့
ငါ့ကမ္ဘာလေးကို မွေးဖွားပေးချင်နေတဲ့ မိန်းမ
ငါဟာ မိန်းမ
ငါဟာ ကိုယ်ဝန်သည်မိန်းမ
အခုကတည်းက ကိုယ်ချင်းစာနာမှု အင်္ကျီလေးတွေချုပ်လို့
အခုကတည်းက ယဉ်ကျေးလိမ္မာ ပုံပြင်စာအုပ်လေးတွေ ဖတ်လို့။ ။

လင်းလွင်
အမှတ် ၁၅။ ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ ၀၈