> သီဟသူ [dot] blogspot [dot] com: November 2011

Nov 19, 2011

မေးရိုး၏ပြောကြားချက်များ


ကျွန်ုပ်က သင့်ကို ဆာလောင်လျက် ရှိပါသည်။

သင်္ချိုင်းမြေသည် ဝိဉာဉ်တို့ကို ဆာလောင်၍ ခြောက်ခြားဖွယ် ညည်းတွားသံကိုပြု၏။ မီးသင်္ဂြိုဟ်စက်ကြီးက တဝေါဝေါမြည်ကာ နံနက်စာ စားနေပါပြီလား။ အသုဘခေါင်းလောင်းသံများ မြည်နေပြီ။ ကျွန်ုပ်က သင့်ကို ဆာလောင်လျက် ရှိပါသည်။ စစ်ပွဲသည် သူရဲကောင်းတို့ကို ဆာလောင်၍ ဟစ်အော်လျက်ရှိ၏။ သင်ကရော မည်သည့်အရာကို ဆာလောင်နေခဲ့ပါသလဲ။ အကျဉ်းထောင်သည် သံတံခါးကို ဟဖြဲကာ သစ္စာဖောက်များကို ဆာလောင်နေခဲ့၏။ ကမ္ဘာမြေကြီး သင်မည်သည့်အရာကို ဆာလောင်နေခဲ့ပါသလဲ။ မိန်းမပျိုသည် အချစ်ကို ဆာလောင်၍ နှုတ်ခမ်းသည် အနမ်းကို ဆာလောင်ကာ အိနြေ္ဒတစ်ခု၏ ချုပ်နှောင်ခြင်းကို ခံရသည့် အနမ်းများက ယနေ့ည ထောင်ဖောက်ပြေးကြလိမ့်မည်ထင်သည်။ နေမွန်းတိမ်းခဲ့ပြီ။ ကောင်းကင်ကြီးကို ဆာလောင်နေသူများအား နံနက်စာကျွေးရန် အဆင်သင့် ဖြစ်ပါပြီလား။ သားငယ်သည် မိခင်နို့ကို ဆာလောင်စွာ ငိုယိုနေ၏။ ကျောက်တုံးများ၌ ငိုယိုရန် အကြောင်းမရှိခေျ။

ကျွန်ုပ်အဖို့ ငိုယိုရန် မဖြစ်နိုင်သော်လည်း ကျွန်ုပ်သည် ကျောက်တုံးတစ်တုံး မဟုတ်ပါ။ မြစ်တို့၏ ပျံသန်းခြင်း အတတ်ပညာမှာ တိမ်တိုက်များသာ ဖြစ်လိမ့်မည်။ မြစ်တစ်စင်းသည် ကျောက်တုံးများကို ဆာလောင်လျက်ရှိ၏။ မြို့၏ ခေါင်မိုးပေါ်၌ တအိအိ ပျံသန်းသွားနေကြသည်မှာ ကျောက်တုံးမဟုတ်ပါ။ တိမ်တိုက်များသာ ဖြစ်ပါသည်။ မြစ်ထဲသို့ ကျောက်တုံးတစ်တုံး ဝုန်းခနဲ ကျသွားသည်ကို သင်တွေ့ဖူးပါသလား။ ကျောက်တုံးများ၏ ရှိုက်သံကိုမူ ကျွန်ုပ် ကြားဖူးခဲ့ပြီ။ ကျွန်ုပ်က သင့်ကို ဆာလောင်လျက် ရှိပါသည်။ ကမ္ဘာမြေကြီးသည် ဆာလောင်မှုထဲသို့ ခုန်ချသွားလိမ့်မည်ဟု မည်သူကမျှ မထင်မှတ်ခဲ့ကြခြင်းမှာ ခေတ်သစ်၏ ကြေကွဲဖွယ်ရာ ပုံပြင်တစ်ပုဒ် ဖြစ်လာလိမ့်မည်။ အော်စကာဆုကို ဆာလောင်နေခဲ့သော ကင်မရာများ အချင်းချင်း တဂျွမ်းဂျွမ်း ကိုက်ဝါးစားနေကြ၏။ ထိတ်လန့်သည်းဖို ဇာတ်လမ်းများ၏အနှစ်ချုပ်မှာ ရက်စက်ခြင်းနှင့် ကံကြမ္မာဖြစ်သည်။ ကဗျာဆရာသည် အလွန်အမင်း ဆာလောင်လျက်ရှိ၏။

ဓားတစ်လက်က ထိုသူ့အမည်ကို ထုတ်ဖော်ကာ သူစားသောက်ပါရစေဟု ခွင့်တောင်းလာ၏။ ကံကြမ္မာက ခေါင်းခါမပြလိုက်ဘူးလား။ ရိုးသားမှုက သူအစာကောင်းကောင်း မစားရသည်မှာ မမှတ်မိတော့လောက်အောင် ကြာမြင့်လာခဲ့ပြီဖြစ်ကြောင်း ထုတ်ဖော်ပြီ။ ဤသတ္တဝါ အလွန်ဝ၏။

ပစ်မှတ်ကို ဆာလောင်နေသော ရေဒါများက ပါးစပ်ကြီးများအစွမ်းကုန်ဟဖြဲကာ အသာငမ်းငမ်း ဖွေရှာနေကြသည်။ ဆာလောင်မှုကို မထိန်းချုပ်နိုင်သော ပင်လယ်က သင်္ဘောတစ်စင်းကို ခိုးစားထားလိုက်ပြန်ပြီ။ ဆာလောင်မှုက ပေါင်မုန့်တစ်လုံးကို ခုတ်မောင်းကာ သင့်ထံ ဆိုက်ရောက်လာပါလိမ့်မည်။ ပုံမှန်အနေအထားအရ ဤကဲ့သို့ပင် ဖြစ်ပွားရမည်ဆိုသော်လည်း ပရိုဂရမ်ထဲ၌ ဗိုင်းရပ်စ်ပိုးများ ကျရောက်နေခဲ့ပါက သင့်ထံ နောက်ကျနိုင်ပါသည်။ ပေါင်မုန့်တစ်လုံးက စစ်ပွဲများကို ဆာလောင်နေခဲ့သည်ဆိုလျှင် သင်ကရော မည်သည့်အရာများကို ဆာလောင်နေခဲ့ပါသလဲ။

ကျွန်ုပ်က သင့်ကို ဆာလောင်လျက်ရှိပါသည်။ အတိတ်သည် ပစ္စုပ္ပန်ကို ပြင်းစွာ ဆာလောင်နေခဲ့သည်။ ထို့ထက်ပို၍ ပစ္စုပ္ပန်က အနာဂတ်ကို ခြောက်ခြားဖွယ်ရာ ငတ်မွတ်နေခဲ့ပါသည်။ နာရီတစ်လုံးကို အော့အန်စေသူမှာ မည်သူပါလဲ။
သန့်ရှင်းရေးသမားများကို တင်ဆောင်ကာ အမှိုက်ကားကြီးတစ်စီးမောင်းဝင်လာပြီ။ နေရာတကာမှာ ယာဉ်ထိန်းရဲများ ဝီစီမှုတ်ရန်မလိုပါ။ လေးလံလှသော ခေါင်းတလားကြီးကို ဖွင့်ကြည့်မိသောအခါ မြို့ကြီးတစ်မြို့ကို အံ့သြဖွယ်ရာ တွေ့လိုက်ရသည်။

ပွန်ပီလား၊ နဂါစကီလား၊ ဟီရိုရှီးမားလား။ အကြိုက်ခြင်းတူသော သဘာဝတရားနှင့် သိပ္ပံပညာ ဆာလောင်ပုံခြင်းလည်း တူညီလာနိုင်သည်။ သင်မည်သည့်အရာကို ဆာလောင်နေခဲ့ပါသလဲ။ ကျွန်ုပ်က သင့်ကို ဆာလောင်လျက်ရှိပါသည်။ မိုက်မှောင်သောညများက အလင်းရောင်ကို မွတ်သိပ်ဆာလောင်နေခဲ့၏။ နက္ခတ္တပညာရှင်အဖိုးအိုသည် သူ့အမည်ပေးထားသောကြယ်တံခွန်ကို ဆာလောင်မွတ်သိပ်စွာ ရှာဖွေနေ၏။ ကောင်းကင်သည် မိမိ၏ အရပ်အမောင်းကို တိုင်းထွာပေးမည့်သူအား ကြာမြင့်စွာကပင် စောင့်စားလျက်ရှိ၏။ လှောင်အိမ်တွင်းမှ ငှက်တစ်ကောင်ကမူ ကောင်းကင်ကြီးကို ဆာလောင်ခဲ့ပုံရပါသည်။ သင်ကရော မည်သည့်အရာကို ဆာလောင်နေခဲ့ပါသလဲ။ သုညတစ်လုံး၏ ဆာလောင်မှုမှာ ကြောက်မက်ဖွယ်ကောင်း၏။ 

မိမိကိုယ်ကို သုညတစ်လုံးထဲသို့ ခုန်ချအဆုံးစီရင်သူမှာ ယန်းပေါဆတ်အစစ်လား။ သုည(သို့မဟုတ်) ဟဖြဲထားသော ကြောက်ဖွယ်လိလိ ပါးစပ်ကြီးထဲသို့ ကမ္ဘာကြီးကို တွန်းချဖို့ သင်တို့ စဉ်းစားထားပြီလား။ မွေးကင်းစကလေးလို တဝါးဝါး ငိုကြွေးနေသော မြို့ငယ်များက ချိုမြိန်သော တိမ်တိုက်များကို ဆာလောင်မွတ်သိပ်လျက်ရှိ၏။ မြစ်တို့သည် ပျံသန်းခြင်း အတတ်ပညာကို နွေရာသီ၌ လျှို့ဝှက်ထားလေ့ရှိပါသလား။ လျှို့ဝှက်ချက်က သော့တစ်ချောင်းကို ဆာလောင်နေခဲ့ကြ၏။၊ သင်၏အမည်မှာ ခွေးတစ်ကောင် မဟုတ်ဘူး မဟုတ်လား။ ကျွန်ုပ်၏အမည်မှာ လူဝီ(၁၆) မဟုတ်ပါ။ သူ၏ အမည်မှာ ခွေးတစ်ကောင်ဖြစ်၏။ ကျွန်ုပ်သည် သင်မဟုတ်ပါ။ သူသ် ကျွန်ုပ် ဖြစ်လိမ့်မည်။ ပြဒါးတိုင်တစ်ချောင်းက ရေခဲတုံးများကို ဆာလောင်လျက်ရှိ၏။

လွဲမှားမှုတစ်ခုက ဆာလောင်မွတ်သိပ်စွာဖြင့် သင့်ကို ခုန်အုပ်ရန် စောင့်ဆိုင်း ချောင်းမြောင်းနေသည်။ ကိုလံဘတ်၏ ဘွတ်ဖိနပ်မှာ အမေရိကတိုက်ကို အစောဆုံး ဆာလောင်ခဲ့သူဖြစ်သည်။ သင်၏ ဘွတ်ဖိနပ်ထဲ မြွေတစ်ကောင်လို မိုက်မဲမှုတစ်ခု ခွေမနေအောင် စစ်ဆေးပါ။ ဥရောပတိုက်က မက်ဒေါနား၏ ပူပူနွေးနွေး အတွင်းခံဘောင်းဘီကို ဆာလောင်နေခဲ့ပုံရ၏။ သူမ၏ ညစာစားပွဲသို့ ကျွန်ုပ်တို့ တက်ရောက်လိမ့်မည် မဟုတ်ပါ။ သို့ဆိုပါလျှင် သင်မည်သည့်အရာကို ဆာလောင်နေခဲ့ပါသလဲ။ အမှိုက်ကားကြီး ပြန်လည်ထွက်ခွာသွားပြီ။

ဒိုင်နိုဆော၏ မေးရိုးများက ဒုတိယကမ္ဘာဦးကို ဆာလောင်နေကြစဉ် ကျွန်ုပ်၏အခန်းထဲမှ ကြမ်းပိုးများက အာဒမ်၏ ဒုတိယနံရိုးတစ်ချောင်းကို ဆာလောင်နေခဲ့ကြပြီး ငရဲဘုံက ကမ္ဘာကြီးကို ဆာလောင်နေခဲ့ပုံရပါသည်။ သင်ကရော မည်သည့်အရာကို ဆာလောင်နေခဲ့ပါသလဲ။

မဖြစ်နိုင်ခြင်း တောင်ကုန်းထက်မှာ ဉာဏ်ပညာ အနည်းငယ်ရှိသော သစ်တစ်ပင် ပေါက်ရောက်လာပုံကို စောင့်ကြည့်နေမိသူမှာ ကျွန်ုပ်ဖြစ်ပြီး ကျွန်ုပ်က ထိုအပင်မှ သစ်သီးတစ်လုံးကို ဆာလောင်နေပါသည်။

နေမျိုး
စတိုင်သစ်မဂ္ဂဇင်း၊ ၁၉၉၉-နိုဝင်ဘာ
နေမျိုး
အအေးလွန်ရာစုနှစ် နှင့် အခြားဝတ္ထုတိုများ
ရတနာကောင်းကင်စာအုပ်တိုက်
ပထမအကြိမ် - ၂၀၀၇

Nov 18, 2011

ရေစိုနေတဲ့စကဿကူ


ကျွန်တော်ဟာ မအောင်မြင်သေးတဲ့ စာရေးဆရာတစ်ယောက်ပါ။ ကျွန်တော့် ဇာတ်ကောင်တွေဟာ အမြဲဆာလောင် ငတ်မွတ်နေသူတွေပဲ။ ငတ်မွတ်ဆာလောင်နေသူတွေကို ဇာတ်ကောင်အဖြစ် ရေးရတာ ကျွန်တော်ပိုပြီး နှစ်သက်အားရတယ်။ ဒါဟာ ကျွန်တော် ကျွမ်းကျင်တဲ့ ဘာသာရပ်တစ်ခုဖြစ်နေလို့ပါပဲ။ အဲဒီဘာသာရပ်ကို နှစ်ရှည်လများ ကျွန်တော် လိုက်စားခဲ့တယ်။


စားပွဲမှာ သူထိုင်နေတယ်။ သူ့ရှေ့မှာ ညကမိုးကြောင့် ရေစိုပြီး နူးပွနေတဲ့ စကဿကူတွေရှိတယ်၊ ပြီးတော့ ဗာဒံသီးအခွံတွေ စားပွဲအောင်မှာ ပြန့်ကျဲနေတယ်။ စားပွဲမှာ သူထိုင်နေတယ်။ မနေ့ညကတည်းက သူဆာလောင်နေခဲ့တယ်။ ခဲတံအတိုကလေးတစ်ချောင်းကို သူကောက်ကိုင်လိုက်တယ်။


ဟော... အဲဒီအချိန်မှာဘဲ အခန်းရှေ့မှာ စက်ဘီးဘီ(လ်)သံကို ကျွန်တော် ကြားလိုက်ရတယ်။ ရေးလက်စ စာရွက်ကို ခဏချထားလိုက်ပြီး အခန်းရှေ့ကို ထွက်သွားလိုက်တော့ စာပို့သမားကို တွေ့ရတယ်။ သူက ကျွန်တော့်ကို ကြင်နာစွာ ကြည့်နေပုံပါပဲ။ ကျွန်တော့်အတွက် မန်နီအော်ဒါစာရွက်ပေါ်မှာ လက်မှတ်ထိုးခိုင်းပြီး ငွေစနည်းနည်းကို ထုတ်ပေးလိုက်ပါတယ်။ ချမ်းမြေ့ပါစေဗျာဆိုလား ကျွန်တော် သူ့ကို ပြောလိုက်မိသေးတယ် ထင်တယ်။ မောင်မင်းကြီးသားက ကျွန်တော့်စကားကို အလေးမထားဘဲ စက်ဘီးပေါ်တက်ပြီး ဆက်လက် နင်းထွက်ခွာသွားပါတယ်။

ဆရာ ညကတည်းက ကျွန်တော် ဘာမှ မစားရသေးဘူး"

စာရေးစားပွဲမှာ ထိုင်လိုက်တော့ ကျွန်တော့်ဇာတ်ကောင်က ပြောတယ်။ ကျွန်တော့်အိတ်ထဲမှာ ပူပူနွေးနွေး ငွေစကဿကူတချို့ရှိနေပြီ။ ဒါပေမယ့် ဒီငွေစကဿကူတွေကို ဘာဆက်လိုပ်ရမယ်ဆိုတာ ကျွန်တော်ပဲသိတယ်ဗျာ။ စာတိုက်ကိုသွားပြီး ကျွန်တော့်ဇနီးဆီကို လှမ်းပို့ရမှာပါကလား။ ဝေးဝေးမြို့ကလေးမှာ ကျွန်တော့်ဇနီးဟာ ကျွန်တော် ပေးပို့လိုက်မယ့်ငွေကို စိတ်ရှည်ရှည်နဲ့ စောင့်မျှော်နေရှာလိမ့်မယ်။


ဗာဒံပင်က အသီးတွေ တုံးသွားပြီ။ သီးခဲ့သမျှက အကုန်ကြွေသွားခဲ့ပြီ။ ကြွေခဲ့သမျှက အခွံတွေ ဖြစ်သွားခဲ့ပြီလေ။ သူစားပွဲမှာ ထိုင်နေတယ်။ သူ့ရှေ့မှာ ညကမိုးကြောင့် စိုပြီးနူးပွနေတဲ့ စကဿကူတွေ ရှိတယ်။


ကျွန်တော် ဝါကျနည်းနည်း ထပ်ရေးပြီး စားပွဲက ထလိုက်တယ်၊ ဗာဒံသီးအခွံလေးတစ်ခုကို ကောက်ကိုင်လိုက်တယ်။ ညကမိုးကြောင့် ရေစိုပြီး နူးပွနေတဲ့ စကဿကူတွေကို ဒီအတိုင်း ပစ်ထားလိုက်တယ်။ စာတိုက်ကို သွားရဦးမယ်ဗျာ။

ဆရာ စားပွဲပေါ်က ရေစိုနေတဲ့စကဿကူတွေမှာ အရသာတစ်ခုခု ရှိမလား"

အခန်းထဲက ထွက်မယ်အလုပ်မှာ ကျွန်တော့်ဇာတ်ကောင်က မေးတယ်။ တကယ်တော့ သူဆိုလိုချင်တာက ဒီစကဿကူတွေကို ဝါးစားလိုက်ရမလားလို့ပေါ့။ ကျွန်တော် စာတိုက်ဆီ ထွက်ခဲ့တယ်။ ရေစိုနေတဲ့ စကဿကူတွေကို ဝါးမစားမိခင်ပေါ့။

နေမျိုး
အအေးလွန်ရာစုနှစ် နှင့် အခြားဝတဿထုတိုများ
ပထမအကြိမ် - ၂၀၀၇