> သီဟသူ [dot] blogspot [dot] com: မောင်ချောနွယ်
Showing posts with label မောင်ချောနွယ်. Show all posts
Showing posts with label မောင်ချောနွယ်. Show all posts

Apr 10, 2009

တန်ဖိုး

ပြန်မလာတဲ့ ခြေရာတွေပေါ်
လာနေတာဘယ်သူတွေလဲ
အသစ်တွေလား...။

အမိုက်အမှားတွေလိုက်စားသူတွေလား
ဒီမှာ...
အမှားတွေများပြားထူထပ်လွန်း
ဒီမှာ...
အကြိုက်ချင်း မတူညီကြဖူး
လက်ခံတယ်
ဘဝချင်းမတူညီကြဘူး
လက်ခံတယ်၊
ကြွေးမြီတွေနဲ့ လေးလံပိတင်နေလွန်း
လက်ခံတယ်၊
လေးတော်ကို ငါတင်ပြီး ပစ်ချလိုက်ရမှာက
အမြိုက်တရားပေပဲကိုး။
ငါ့ထက်က ငါ့အဘိဓမ္မာအရ
ငါဟာ
လွတ်လွတ်ကျွတ်ကျွတ်ကြီး ရှုံးခဲ့ရတော့
လွတ်လွတ်ကျွတ်ကျွတ်ကြီးပဲ နိုင်ချင်တယ်။

အမှန်တကယ်ပဲ
ငါပစ်ချလိုက်ပါတယ်
အမြိုက်တရား။ ။

မောင်ချောနွယ်

မြေကြီးပေါ်မှာ

အာရုံအလျင်ထဲ
စွဲလန်းမှုသီအိုရီတွေရောက်ရောက်လာ
သစ်သစ်သွားကြ၊
တစ်ယောက်တစ်မျိုးစီ မှားခဲ့ကြတယ်တဲ့
သံသရာကို ချစ်တယ်တဲ့
ရွှေသားသံယောဇဉ်လေးကို မြတ်နိုးတယ်တဲ့
အချိန်တန်ရင်တော့
ကိုယ့်ဇာတိဆီပြန်ကြရတာပဲတဲ့...
အေး-
ငါ့ဇာတိဟာ အလွမ်းဖြစ်တယ်။
ပြဇာတ်ဆန်ဆန် အရောင်အရိပ်တွေ
ငါအလွန်မုန်း
မြှုံးမိတဲ့ငါး အသက်ရှင်စဉ်မှာ
ဘာတွေတွေးခေါ်နေမိမလဲ
ငါသိချင်မိ
ငါကိုယ်တိုင် မြှုံးမှာ မိမှပဲ၊
လွတ်လမ်းကိုသာ လိုချင်ခဲ့မိ၊
အရင်လိုဘဝဆိုးထဲကိုပဲ
လွတ်ချင်ရဲ့၊
ဒါ ဘဝရဲ့ အဘိဓမ္မာပဲ
သေချာရဲ့၊
အိပ်မက်ဆန်ဆန်တွေ လာရောင်းဝယ်မနေနဲ့
စက္ကူလေယာဉ်ပျံလေးကို လက်ထဲကလွှတ်ချလိုက်ပြီ။ ။

မောင်ချောနွယ်

နွေဦးသစ်သီးများ

ငါ့သီချင်းလေးနဲ့သာ
ငါ့လှေကလေး ငါလှော်ခဲ့
ငါ့အသက်လေး
ငါထွန်ယက်ခဲ့
ငါ့ဥစ္စာထုပ်ကလေး ဘယ်မလဲ
ငါရောက်ခဲ့
ရမှရောက်တယ် ငါသိခဲ့
ငါ့ဥစ္စာထုပ်ကလေးရှိပါရဲ့
ဘယ်မလဲ
ငါရခဲ့
ရောက်မှရတယ်ငါသိခဲ့
ငါရခဲ့
အဲဒါအရှုံးလား
အရှုံကို ခံယူတယ်
ဒါဟာ
ငါ့မီးလျှံ
ငါခုန်ဆင်း
ငါ့ယာခင်းတွေပူလှသည်
ဒါဟာ
ငါ့မီးလျှံ
ငါခုန်ဆင်း
အဆုံးတွေ ဆင့်ဆင့်ရလွန်းခဲ့
ငါ့ယာခင်းတွေ ပူလှချည့်
ငါထွန်ယက်ခဲ့
ရလဲရတယ်
ရောက်လဲရောက်တယ်
ပေါက်ပွင့်နီရဲ
ဒိုင်းကနဲပေါ့
နွေကို ရဲရဲဖွင့်လိုက်ပြီ
ဒါဟာ ငါ့မီးလျှံ
ဒါဟာ ငါ့ဥစ္စာထုပ်
ဒါဟာ ငါ့ယာခင်း
ငါ့နွေပြတင်းမှာ ရွှေရည်ရွှေအဆင်းတွေ
လင်းတော့မယ်။ ။

မောင်ချောနွယ်

Apr 8, 2009

ရန်သူမဲ့သော နေ့ရက်များ

မနက် မျက်နှာသစ်ဖို့ပြင်တိုင်း
သွားတိုက်သံပေါ်မှာ လွဲချော်မှုကို တွေ့ရ
မွှေးနံတွေနဲ့ ကြေကွဲ
ရာသီဥတုက ခြေပြတ်လက်ပြတ်အနေအထား
အရက်ဆိုင်မှာတောင် လူပါးသတဲ့
"နွား" ဆေးလိပ်တစ်လိပ်နဲ့ ခုခံထားရင်
ခံသာမယ် ထင်တယ်။

သွေ့ခြောက်ခြောက် သစ်ရိပ်စိမ်း...တဲ့
ဒါဟာ ပျက်ချော်မှုတစ်ခုပါ
မွတ်မွတ်သိပ်သိပ် ငြင်းဆန်ရဲ့
မြောက်မြားစွာ လမ်းချော်ပြီးခဲ့ပါပြီ။

တနင်္ဂနွေများ
အဖန်တလဲလဲ တနင်္ဂနွေများ
နာတာရှည် တနင်္ဂနွေများ
စေးနှဲသူသာ အစီအနင်းများ
ညည်းညူသံများ
ရွှင်လန်းဝမ်းမြောက်ကြပါစေ။

ဒီလိုနဲ့
ကျွန်းကို လွမ်းခဲ့
ကာလရေကြည်တစ်စက်မှာ
အသက်ရှုသံတွေ အငွေ့ပျံ
အသက်ခွက်ထဲ ဘဝကို ရေခံကြည့်သောအခါ
အသက်ရှင်ခွင့်က လွဲပြီး
အားလုံး ဖိတ်စင်ကွဲရှခဲ့ပေပြီ။

ညီမလေး မမမြင့်ရေ
* တို့နှလုံးသားတွေနဲ့သာ ထုဆစ်ခဲ့ကြတာပေါ့ကွယ်
(တို့နှလုံးသားတွေနဲ့သာ တို့ခေတ်ကို ထုဆစ်ခဲ့ကြတာပေါ့ကွယ်)
သေချာလွန်းတာက
မမြဲတဲ့ အနိစ္စတရားက မြဲလွန်း
တို့တွေ ရှုံးလွန်းလှတယ်ကွယ်။ ။

မောင်ချောနွယ်

Apr 6, 2009

မျက်ရည်စစ်စစ်တွေ

ငါတို့အရိပ်တွေ တိုတိုလာခဲ့
ဟောဒီ
ကမ္ဘာမြေပေါ်
အရိပ်ကလေးတစ်ရိပ် ဖိတ်စဉ်မှာတောင်
ကြည်ကြည်လင်လင် မစီးခဲ့ရချေဘူး
ရှုံးလိုက်တာ။

လောကကြီးမှာ
သူ့နေရာနဲ့သူ စားရမယ့်အစားအစာ
ရှိနေကြမှာကိုပဲ
သူ့နေရာသူ့အစာ
ရှိကြတာကိုပဲ
ခုတော့... ဒီမှာ
ငါ့ပေါင်မုန့်တွေကို လာလာပြီးလုနေကြ

ဘယ်သူတွေတုန်း...
ဘယ်ဂြိုဟ်က ဂြိုဟ်သားတွေတဲ့တုန်း
ဘယ်ချောင်က ထွက်ထွက်လာနေတဲ့
နိတိအဆုံးအမတွေတဲ့တုန်း
ဘယ်လို ကံဇာတာဝတ်စုံတွေတုန်း
ဘယ်လိုမကောင်းဆိုးဝါးတွေတဲ့တုန်း

ဘာလဲ
ဥက္ကလာဟိုးမားက အိုးမဲ့အိမ်မဲ့တွေလား။
ဟော်လန်က နို့ချက်သမားတွေလား။
ဘာလဲ
စကော့တလန်က အရက်ချက်သမားတွေလား
ဘာလဲ
အမရပူရက ရက်ကန်းသမားတွေလား
ဘာလဲ
ငါးတန်ချောင်းက ငါးဖမ်းသမားတွေလား
ဘာလဲ
မန်ကျီးပင်သုံးခွက ဆားချက်သမားတွေလား
ငါ့မှာဖြင့် ဆုံးရှုံးလိုက်ရတဲ့ ငါ့ပေါင်မုန့်တွေ။

မဟုတ်ဘူး
ဘယ်နတ်ဒေဝတာမှ လာမလုဘူး။
မဟုတ်ဘူး
ဘယ်ဂြိုဟ်သားမှ လာမလုဘူး။
မဟုတ်ဘူး
ဘယ်စုန်း ပြိတ္တာ တစ္ဆေမ ဖုတ်ဘီလူးမှ လာမလုဘူး
လူလူချင်းသာ လာလုယက်နေကြတာ။

ဒီအမှု
ဒီအမှုသာ
ဆေးသားရေးချယ် စီကုံးလို့ရရင်
ဒီအမှုသာ ဆင်ဖိုနီလယ်ဆွဲဖြစ်ခဲ့ရင်
ငါဆုံးရှုံးခဲ့ရ ငါ့ပေါင်မုန့်တွေ
ဟုတ်တယ်
ငါဆုံးရှုံးခဲ့ရ ငါ့ပေါင်မုန့်တွေ
အလုခံရတဲ့ ငါ့ပေါင်မုန့်တွေ
ငါဘာလို့များ နှမျောပေးတော့မှာလဲလေ။

ခုတော့ဖြင့်
ငါ့ တူရာသီမှာ မီးလာလာတောက်တောက်နေတယ်
ခုတော့ဖြင့်
ငါ့ ကန်ရာသီမှာ ကြာတွေလာလာပေါက်နေတယ်
ခုတော့ဖြင့်
ငါ့ သိဟ်ရာသီမှာ ခြင်္သေ့လာလာဟောက်ဟောက်နေတယ်
လှလိုက်တာ
သုခုမနှယ်မြောက်လိုက်တာ
ငါ့ပေါင်မုန့်တွေ ပျောက်ပြီးရင်း ပျောက်ပျောက်နေတော့ရဲ့။ ။

မောင်ချောနွယ်

မင်းမုန်းတဲ့နေ့ဟာ ငါအမှန်တရားကို တွေ့တဲ့နေ့ဖြစ်တယ်

မင်းရက်စက်မှုဟာ ကမ္ဘာမှာမရှိခဲ့ပါဘူး
ငါဟာ နာကျင်ကျိုးကျေပြီး
အိပ်ယာပေါ်မှာ အလူးလူးအလိမ့်လိမ့်
ဘာမှလည်း မတွေးခေါ်နိုင်
ဘာမှလည်း မခံစားပေးနိုင်
ပွဲတော်တွေနဲ့ ကင်းဝေးလို့
ပြာကျမသွားရုံအသက်ငွေ့ငွေ့ကလေးနဲ့
မင်းပက်စက်လိုက်တာကွယ်လို့တောင်မှ
ငါ့မှာ အသံမထွက်နိုင်ခဲ့ပါဘူး။

နေဝင်နေထွက်ချိန်တွေလဲ
ငါ့မှာမသိတော့ပါ...
ငါ့အနုပညာအရင်းအမြစ်ကလေးလည်း
ဘယ်ဆီဘယ်ဝယ်မှာလဲ
ငါမသိတော့ပါ...
ငါ့အဘိဓမ္မာတွေလည်း
ငါ့မှာမဆုပ်မိ မကိုင်မိတော့ပါ။

ငါဟာ
'ဝိမုတ္တိ'ကိုသာ ငေးမျှော်ရင်း
ခပ်မျှင်းမျှင်းအသက်ရှုခဲ့ရတယ်
တနင်္ဂနွေတရက်ထင်ပါရဲ့
စကြာဝဠာကြီးရယ်
ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ငါ့ဆီရောက်လာတယ်
အင်မတန် ပူနွေးလှတဲ့ သူ့လက်ကြီးနဲ့
လက်ဆွဲနှုတ်ဆက်တယ်
ပန်းသီး ချယ်ရီပန်းနဲ့ ရွှေရောင်ကလောင်တန်တစ်ချောင်း
လက်ဆောင်ပေးတယ်။

ပြီးတော့...
"မိတ်ဆွေကြီး ခရီးသစ်ထွက်တော့"တဲ့
အဲဒီလို ပြောအပြီးမှာ
စွတ်ဖါးလှည်းကလေးစီးကာ ထွက်သွားတော့တယ်။

ငါဟာ
ပန်းသီး ချယ်ရီပန်း
ရွှေရောင်ကလောင်တန်နဲ့
ငါ့အမှန်တရားဝတ်စုံကို ဝတ်ဆင်ကာ။ ။

မောင်ချောနွယ်

Mar 28, 2009

ပန်းချီ

ငါ့အူတွေက ခွေးလို သံရှည်ဆွဲအူလို့
ငါ့အစာအိမ်က စစ်လမ်းကြောင်းကျတဲ့ ရွာလေးတစ်ရွာလို။

ငါ့ကျောက်ကပ်တွေက
တဗွမ်းဗွမ်း ရေတွေလျှံလို့။

ငါ့အဆုတ်တွေက
ဖွတ်ချက်ဖွတ်ချက်နဲ့ မီးခိုးတအူအူ
ဘယ်လိုမှ စားသုံးလို့မရတော့ဘူး။

ငါ့အရိုးနဲ့အဆစ်တွေဂျွိုင်းထားတဲ့ ဂျွိုင်းနတ်တွေပြုန်းပေါ့
ငါ့ခန္ဓာ တာဘိုအင်ဂျင်သူရဲကောင်းကြီးလေ...
သူရဲကောင်းကြီးတဲ့...
ဘယ်လိုမှ ဆုတံဆိပ်တွေ မမျှော်မှန်း
ဘာဆုတံဆိပ်တွေမှ မရခဲ့တဲ့ သူရဲကောင်းကြီးပေါ့။

ငါဘယ်တော့မှ လက်နက်မချနိုင်ဘူးတဲ့
ဘာကြောင့်လဲဆိုတော့
ငါ့မှာ ချစရာလက်နက်မရှိလို့ပါကွယ်တဲ့။ ။

မောင်ချောနွယ်

ဖြူး

ပဋိသန္ဓေတားဆေးစားပြီး ဝဖီးသူမိန်းမလို
အဝေးပြေးကားကြီးတွေ
ချစ်မှုတစ်ခုခုဆီ စုန်စုန်သွားကြ
ကုန်စည်အသစ်သစ်တွေဆီ ဆန်ဆန်သွားကြ
ထွေးပွေ့လိုက်စမ်းပါ...
ထွေးပွေ့လိုက်စမ်းပါ ဆိုဆိုပြီး
ရထား...
ဝင်ချလာ
မြီု့ တွေကို ဖြူးချလိုက်ပါပေါ့
ဖြူး...။ ။

မောင်ချောနွယ်

ပင်လယ်လေရှုသူ

ဟောဒီမှာ...
ပျော်ရွှင်မှုများ ညနေ
ကြည်လင်မှုများ အချိန်နာရီ
စင်ကြယ်မှုများ စံပယ်ပွင့်
ရိုးဖြောင့်မှုများ အောက်စီဂျင်
သန့်ရှုင်းမှုများ သီချင်း
ငြိမ်းချမ်းမှုများ ပန်းသီး
လွတ်လပ်မှုများ အာကာသ
ချစ်ခြင်းမေတ္တာများ မဟာပထဝီ
ရယ်မောကခုန်သံများ အိမ်ရာ
လတ်ဆက်မှုများ ကမ္ဘာကြီး


ကောက်နှုတ်ချက်၊ ပင်လယ်လေရှုသူ
မောင်ချောနွယ်။

ဂီတ

လမ်းဘေးမှာ အေးအေးဆေးဆေး အိပ်နေတဲ့ခွေး
ရုတ်တရက် ကားဖြတ်နင်းခံရ
ခြေထောက် နှစ်ချောင်း သွင်သွင်ကျိုး
နာလွန်းလို့ ခမျာမှာ
ဘယ်လို အော်ရမှန်း မသိ
သူ့အသက်ရှု ရေငင်ပုံးကလေး
ရေတွင်း နက်နက်ကြီးထဲ
ငင်ငင်နေတာ မြင်ရ။ ။

မောင်ချောနွယ်။

ပြည်

လဝန်းထဲ
ပွဲကြည့်လှေကလေး လှော်ခတ်ဝင်းသွား
လမ်းရွေးမှားသူ မြစ်၊
နှစ်ထပ်သဘောင်္မြို့ ကလေးပေါ် နားခဲ့ပေါ့။ ။

မောင်ချောနွယ်

ကိုက်လမ်း

ငါဟာ
ကမ္ဘာကြီးကို နားစွင့်ထားသူ ယုန်ကလေးပါ
နေ့စဉ် နေ့စဉ်
ငါ့ဝပ်ကျင်းကလေးကနေ ငါ အစာရှာထွက်တိုင်း
သစ်ပင်မြက်ပင်လေးတွေ ကိုက်ကိုက်ပြီး
ငါထွက်လာခဲ့မြဲ
ခု...
လူနဲ့ခွေးများ တောခြောက်ကြ
အပြေးအမြန် ငါ့ကိုက်လမ်းလေးအတိုင်း ပြန်လာခဲ့ရာ
ပိုက်ထဲ...
ငါ့သစ္စာတရားဟာ ငါ့အသက်ကိုယူသွားကြပေါ့။ ။

မောင်ချောနွယ်။

သန္တိသုခ

နှင်းဝေဝေမနက်
ဆွတ်ပျံဖွယ် ဥသြသံသာ
နွေကို လုခဲ့ရှာ။ ။

မောင်ချောနွယ်။

အိမ်

ပလတ်စတစ်အကြည်သားပေါ်
တိမ်တွေ ရေးဆွဲချလိုက်ပြီး
တိမ်အိမ်လေး ဆောက်ခါဝင်လိုက်မိ
ဘယ်လိုမှ ပြန်ထွက်မရတော့ဘူး။ ။

မောင်ချောနွယ်။

ငါး

တစ်ဘဝလုံးလိုလို
ငါးရယ်လို့ တစ်ကောင်တစ်လေမှ မမိ
ကြည့်
မိမယ့်မိတော့ စကြာဝဠာကြီး
အပေါ်ဆွဲတင်လိုက်တော့
ငါ့ ငါးမျှားတံဟာ ကိုင်းညွှတ်ပြီး
သက်တန့်ဖြစ်သွား
ငါ့ကို ပြန်မျှားခဲ့ပေါ့။ ။

မောင်ချောနွယ်

ဒေါင့်ချိုးများ

ဒုက္ခဆိုတာ ဒိုင်ယာရီစာအုပ်တစ်အုပ်ပဲ
သုခဆိုတာ အတိုအစတွေရတဲ့ Snack ဘားလေးတစ်ခုပဲ။

ချစ်သူဆိုတာ လေညင်းသာသာမှာ
လွင်းပါးသူ ပုဝါစကလေးပဲ။

ပျော်ရွှင်ခြင်းဆိုတာ ခုန်ပေါက်ကစားခြင်းတစ်မျိုးပါပဲ။
ဘဝဆိုတာ ဓါးချက်တွေမွှန်းထားတဲ့ အရှင်လတ်လတ်ငါးပဲ။
ယုံကြည်ချက်ဆိုတာ မြစ်လိုမဖြာ
သစ်ပင်လို သီးပွင့်ခြင်းပဲ။

ခံစားချက်ဆိုတာ ရေတံခွန်နဲ့ စက္ကူစွန်ပဲ။
လောကကြီးကတော့ ခရီးသည်ကြီးပါပဲ။
တိမ်တွေကို ကျောပိုးအိတ်လို လွယ်လို့
သစ်တောနဲ့ တောင်တန်းတွေ ဝတ်ဆင်
အိမ်ရာပြုလို့
သေခြင်းတရားဆိုတာ သောက်ဖော်စားဖက်ပါပဲ။ ။

မောင်ချောနွယ်
အမှာစာ၊ ငှက်ဆိတ်တဲ့သစ်စည်း။