> သီဟသူ [dot] blogspot [dot] com: အောင်ချိမ့်
Showing posts with label အောင်ချိမ့်. Show all posts
Showing posts with label အောင်ချိမ့်. Show all posts

Dec 31, 2011

ခင်ခင်ပျိုရေ စောင့်ခဲ့တယ်


၁။ ခင်ခင်ပျိုရေ
 
ဝိသေသနပုဒ်က ဒီအတိုင်း
စာသားက ဒီအတိုင်း
တရားက တရားအတိုင်း
အမှားက အမှားအတိုင်း။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။

မိုးတစ်ပေါက်တင်ပြီး
စိန်လိုလက်နေတဲ့ ဇီဇဝါပန်းများ မွှေးခဲ့လို့
ငါ့စိတ် ထိန်းနိုင်ခဲ့
မိုးတဖျောက်ဖျောက် နေ့တွေ ကုန်လွန်နိုင်ခဲ့။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။

မဖြောင့်ဖြူးခြင်းအချစ်စစ်ကို
အနှစ်တစ်ရာ သစ္စာဖွဲ့
ငါ စောင့်ခဲ့တယ်။
ခင်ခင်ပျိုရေ၊ စောင့်ခဲ့တယ်။ ။


၂။ ခင်ခင်ပျိုရေ ငါ့ဘဝ သမိုင်းတစ်လျှောက်

ဂူကြီးထဲမှ မီးတုတ်ကိုင် ထွက်လာသလို
ငါ စောင့်ခဲ့တယ်။

သမိုင်းဆိုတာ နှေးချင်နှေးပြီး
မြန်ချင်လည်း မြန်တတ်တယ်။
မီရထားဘူတာရုံမှာ ရထားစောင့်သလို
ငါ စောင့်ခဲ့တယ်။

ပါလာ မလား
မပါလာဘူးလား"
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။ ။


၃။ ခင်ခင်ပျိုရေ မှတ်တမ်းတစ်ရွက်

မိုးညို့ညို့အောက် ဖြတ်လျှောက်ခဲ့ပြီး
မှောင်ခဲ့တယ်။
တံတားအောက် ဖြတ်လျှောက်ပြီး
မှောင်ခဲ့တယ်။
မှောင်ခဲ့တယ်၊ မှောင်ခဲ့တယ်
မှောင်ခဲ့တယ်။
ငါဟာလည်း ဘာမို့လဲ
မှောင်ခဲ့တယ်။
အဝီစိက ခုမှ တက်လာသလို
မှောင်ခဲ့တယ်။
ငါ့ကိုယ်မှဦ အဲဒီအမှောင်နံ့စွဲလို့
ဒီဘဝမှာ ဒီမှာ မင်းကိုယ်နံ့ကို ငါ တောင့်တလို့။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။ ။


၄။ ခင်ခင်ပျိုရေ ပိုကောင်းတဲ့ကဗျာ

ထင်မြင်ချက်များ၊ မှတ်ချက်များ
ငါ့မျက်နှာနဲ့ တူခဲ့တယ်။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။
အရောင်ပိုကောင်းတဲ့ ကောင်းကင်
ပိုကောင်းတဲ့ ကဗျာ
ပိုကောင်းတဲ့ ဘဝ
ငါက ဟိုလူ့ပြောပြ ဒီလူ့ပြောပြ။
မိန်းကလေးရေ .,.၊ အလုပ်တွေ များနေသလား
မုန့်ဟင်းခါးတစ်ပန်းကန်အတွက်လည်း
ကျေးဇူးပါပဲ။
နှင်းတောထဲရောက်နေသူထံ
ကျောက်မီးသွေး ပို့ဖို့ဆိုတာ
ကောင်းပါတယ်။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။ ။


၅။ ခင်ခင်ပျိုရေ ငါ့အကြောင်း

ငါတို့ နေနေသော နေ့ရက်များဟာ
အံ့သြစရာ။
အလိုမပြည့်ရင်းနဲ့
ထပ်၍ ထပ်၍ အလိုရှိခဲ့ကြ။
ဒါကြောင့် ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။

ငါတို့ ကစားခဲ့ကြ
ငါတို့ ကစားကြည့်ခဲ့ကြ။
ပြီး၊ ဒါဟုတ်ရဲ့လား
ပြီး၊ ဘာတွေ ဖြစ်လာမလဲ။
အချစ်ဆိုတာမှာပဲ
နစ်နာစရာ ရှိလာတယ်။
ဘဝမှာ ဒဏ်ရာအနာတရ
အမာရွတ်တွေ ထပ်ထပ်တိုးလာတယ်။
တက်တူးထိုးဖို့ လိုဦးမလား !
ဒါကြောင့် ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။ ။


၆။ ခင်ခင်ပျိုရေ မပြီးသေးသော ပန်းချီကား

ဘယ်လမ်းမှ မရွေးဘဲ
ဒီလမ်းပဲ ရွေးခဲ့တယ်။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။

အမိဝမ်းက လာခဲ့တယ်
ကျောင်းသွားခဲ့တယ်
အလုပ်လုပ်ခဲ့တယ်
အလုပ်ရှုပ်ခဲ့တယ်။
ဒါပေမဲ့ အလုပ်မပြီးဘူး
အလုပ် မပြီးသေးဘူး။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။ ။


၇။ ခင်ခင်ပျိုရေ ခေတ်အဆက်ဆက် မေတ္တာဖြင့်

ငါ့ကို မျက်မှန်တပ်လိုက်ရင်
သူ့ကို မျက်မှန်ချွတ်လိုက်ရင်
ငါတို့နှစ်ယောက်ဟာ
တူလွန်းလေစွ။
မင်းနဲ့ငါ
တူလွန်းလေစွ။
ပါလာသည့် ကောင်းမှု၊ မကောင်းမှု
တူလွန်းလေစွ။
ဒါကြောင့်သာ ဒီသံသရာမှာ
ငါတို့ ဆုံတွေ့ခဲ့ကြ။

ဆုံတွေ့ဖို့
တကယ်လိုခဲ့ကြ။
ခင်ခင်ပျိုရေ
ငါတို့ တူလွန်းလေစွ။
အခက်အခဲတွေ
ခက်ခဲခဲ့ကြ။
တကယ်မခက်ဘဲ
ခက်ခဲခဲ့ကြ။
အဲဒီမှာ ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။ ။


၈။ ခင်ခင်ပျိုရေ ငါတို့အနီးမှာ

တစ်ပုဒ်မှ နောက်တစ်ပုဒ်သို့
အနုပညာတစ်ခုမှ နောက်တစ်ခုသို့
'' မှ '' နှင့် '' သို့
'' နှင့် '' သို့။
၎င်းကဲ့သို့
ငါစောင့်လို့။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။

ခေျာင်းအတန်တန်ခြား
ခရီးအတန်တန်ခြား
အကန့်အတန်တန်ခြား
ကမ္ဘာအတန်တန်ခြား
ဘယ်ကမ္ဘာရောက်သွားသွား
ငါတို့အနီးမှာ
ငါတို့ ရှိခဲ့ကြ။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။ ။


၉။ ခင်ခင်ပျိုရေ ဒီလိုအချိန်တွေ

ရှုခင်းတွေ ကုန်သွားပြီလား
ရှုခင်းတွေ ကုန်သွားမှာလား
ရုပ်ရှင်တွေ ကုန်သွားမှာလား
သီချင်းတွေ ကုန်သွားမှာလား
ဘဝတွေ ကုန်သွားမှာလား
နေ့စဉ် တက်တက်ကြွကြွ ရုံးသွားတဲ့ ရုံးစာရေးများ
ကုန်သွားမှာလား
ငါ့လက်ဖက်ရည်တစ်ခွက်မကုန်ခင်။

ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။

ရှုခင်းတွေ မကုန်နိုင်ဘူးမဟုတ်လား
ခင်ခင်ပျိုရေ
မကုန်နိုင်ဘူးမဟုတ်လား
ငါ စောင့်ခဲ့တယ်။
ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်များ
မကုန်ဘူးမဟုတ်လား
ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်များ
လာဦးမှာမဟုတ်လား။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။ ။


၁၀။ ခင်ခင်ပျိုရေ ငါ စောင့်ခဲ့ရ

ယနေ့ အမှား ဘယ်နှခုဟု
ယနေ့ အမှန် ဘယ်နှခုဟု
ဂရို့ချိုးခဲ့သလို
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။

ငါစောင့်ခဲ့ရ …
ငါ စောင့်ခဲ့ရ။
ငါ့အဖြေကို ငါ စောင့်ခဲ့ရ
ငါ့စာရင်းကို ငါ စောင့်ခဲ့ရ။

ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့ရ။ ။


၁၁။ ခင်ခင်ပျိုရေ ခေါ်ကြိမ်များ

အကြီးအကျယ် သင်္ဘောမှောက်ခဲ့တယ်
ရေကူးမတတ်ဘဲ ကူးခဲ့တယ်
ကမ်းမမြင် ငှက်မမြင် ပြင်ကျယ်ကြီးထဲ
ငါ မြုပ်တော့မယ် …
ဘယ်သူမှ မကြား
တစ်ယောက်နဲ့ တစ်ယောက် မကြား။

ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။

မင်း အစက်တစ်စက်
ငါ အစက်တစ်စက်
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။ ။


၁၂။ ခင်ခင်ပျိုရေ ကဗျာတစ်ပုဒ်

အကောင်းတွေချည်း ကွက်ရေးဖို့
ငါ ဒီစာမျက်နှာမှာ စဉ်းစားတယ်။

ငါရေးနေတာတွေ မကောင်းတွေမို့လား
ငါ စဉ်းစားခဲ့တယ်။

အဲသလိုနဲ့ ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့ရ။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။ ။


၁၃။ ခင်ခင်ပျိုရေ ချောင်းကြည့်ပေါက်ကလေး

မလိုလို့လည်း မရ
လိုလို့လည်း မရ
အနုပညာနဲ့ နေ့စဉ် ငါနေခဲ့သလို။

ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။

ပလက်ဖောင်းအကျယ်ကြီးနဲ့ ငါတို့ မြို့ရဲ့လမ်း
မရှိတော့ပြီ။
ကုက္ကိုပင်အကြီးကြီးတွေ
မရှိတော့ပြီ။
ခေျာင်းကြည့်ပေါက်ကလေးတစ်ပေါက် ရှိတဲ့ အထပ်ခိုးလေး
မရှိတော့ပြီ။
ခင်ခင်ပျိုရေ
ငါစောင့်ခဲ့တယ်။
ပြိုင်တူ ကတုန်ကယင် ဖြစ်ရတဲ့ အသက်အရွယ်
မရှိတော့ပြီ။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။ ။


၁၄။ ခင်ခင်ပျိုရေ ရေ အသက်ရှူငွေ့များ

ဓါတ်ကြိုးတန်းပေါ် ခိုတွေသီးလို့
သစ်သားအိမ်ကလေးရှေ့ ရောင်စုံပူဖောင်းတွေ လွင့်လို့
ရပ်ကွက်ကလေးဟာ အသက်ဝင်လာလို့
လူတွေ အသက်ဝင်လာလို့။
သွားကြ၊ လာကြ
ကြံကြ၊ ရှာကြ။

ခင်ခင်ပျိုရေ
ငါစောင့်ခဲ့တယ်။

ဒီလိုတစ်နေ့ဟာ
တစ်နေ့ပြီး တစ်နေ့
ငါတို့ဟာ တစ်ကွေ့ပြီးတစ်ကွေ့
ငါတို့ဟာ တရွေ့ပြီးတရွေ့ရွေ့
ငါတို့ဟာ တငွေ့ငွေ့။

ငါတို့ ဘယ်ရထားမှာ လွဲခဲ့လဲ
တစ်ခါလွဲရင် နှစ်ပေါင်းဘယ်လောက် ကြာတတ်လဲ။

ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။ ။


၁၅။ ခင်ခင်ပျိုရေ သီချင်းတစ်ပုဒ်

သီချင်းတွေဟာ အမြဲပဲ
စီးဆင်းနေခဲ့ကြ
သီချင်းက
တစ်ယောက်တည်းနဲ့လည်း ညည်းလို့ရတယ် မဟုတ်လား။

ခင်ခင်ပျိုရေ
ငါစောင့်ခဲ့တယ်။

သီချင်းတစ်ပုဒ်လောက်ဖြစ်စေ
ငါ ဆိုခဲ့ချင်ပါတယ်။
သီချင်းတစ်ပုဒ်ပဲ ဖြစ်စေ
ငါ တတ်နိုင်ခဲ့ချင်ပါတယ်။

ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။ ။


၁၆။ ခင်ခင်ပျိုရေ မင်း ပြောပြရလိမ့်မယ်

ကိုယ်လည်း ဒီမျှ
သူလည်း ဒီမျှ
ဝေစုအညီရကြသလို
ဒုက္ခဆိုလည်း ဒုက္ခ၊ ပျော်ရွှင်မှုဆိုလည်း ပျော်ရွှင်မှု
အမှန်တရား ကိုလည်း ညီတူညီမျှ
မယူချင် မရ
ယူချင် ရရဲ့။
ခင်ခင်ပျိုရေ
ယူချင်သော် ရရဲ့။

ငါ့မှာက ရ မရ
မင်း ပြောပြရလိမ့်မယ်။
နှစ်များ များခဲ့တောင်မှ
မင်း ပြောပြရလိမ့်မယ်။
နှလုံးသားနဲ့ တွေ့တဲ့အမှန်
မင်း ပြောပြရလိမ့်မယ်။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။ ။


၁၇။ ခင်ခင်ပျိုရေ အားနာပါတယ် မိန်းကလေးရယ်

ကိုယ့်ရှိတာလေး ပါမသွားအောင်
သတိ ဝီရိယနဲ့ပေါ့
မများပါဘူး
ကိုယ့်ရှိတာလေး ပါမသွားအောင်။

ခင်ခင်ပျိုရေ
မများပါဘူး။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။

အားနာပါတယ် မိန်းကလေးရယ်
သတိ ဝီရိယနဲ့ပေါ့။
ခင်ခင်ပျိုရေ
ငါစောင့်ခဲ့တယ်။ ။


၁၈။ ခင်ခင်ပျိုရေ အဖော်ကွဲသူ

ကိုယ့်အိမ်မှာ
ကိုယ့်အိပ်ရာ ရှိလိမ့်။
ကိုယ့်အိပ်ရာမှာ
ကိုယ်ရှိပါလိမ့်။

အူကြောင်ကြောင် ရှင်ဖူး
ထ ပျံသန်းဖူး
ဖူးယောင်ဖူး
ငါဟာ အရူးတပိုင်း ကပြ။
ပြီးတော့၊ အဖော်ကွဲ
တစ်ယောက်တည်း အိမ်ပြန်ကြ။

အဖြစ်ပျက်က အရှင်းကြီး
ငါတို့က မရှင်းခဲ့ပုံပါ။

ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။ ။


၁၉။ ခင်ခင်ပျိုရေ ကသစ်ပန်းတွေ ပွင့်ပေါ့

ကဗျာဆရာယောင် ဆောင်ကာ
ငါ စောင့်ခဲ့တယ်။
ရှုံးလို့ ရှုံးမှန်း မသိ
ငါ စောင့်ခဲ့တယ်။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။
နိစ္စဓူဝမှန်မှန်
နှစ်ဘဝနေ
နှစ်ခါသေသလို
ငါ စောင့်ခဲ့တယ်။
ခင်ခင်ပျိုရေ၊ ကသစ်ပန်းတွေ ပွင့်ပေါ့။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။ ။


၂၀။ ခင်ခင်ပျိုရေ စောင့်ခဲ့တယ်

တစ်ရက်ကို ငါ ဘာလို့ မစောင့်နိုင်ရမှာလဲ
ငါ စောင့်ခဲ့တယ်။
မီးလျှံလို
ကြိုးတန်းမှာ လိမ်ညှစ်လှန်းထားတဲ့အဝတ်လို
ပျောက်ဆုံးသောအရာလို
ငါ စောင့်ခဲ့တယ်။

ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။

ကိုယ်ကသာပြောစရာရှိပြီး
သူက ပြောစရာမရှိတော့သော ယတိပြတ်မှုကို
ငါ ချိန်းခဲ့ပါတယ်။
ငါ စောင့်ခဲ့တယ်။ ။

ခင်ခင်ပျိုရေ စောင့်ခဲ့တယ်
အောင်ချိမ့်
စိတ်ကူးချိုချို အနုပညာ
၂၀၁၁ ခုနှစ်၊ မေလ
ပထမအကြိမ်

Jul 24, 2011

ကပ်ဖ်ကာသို့

ကပ်ဖ်ကာသို့ ၊၃၊

နွေရာသီပန်းတွေလို
အပွင့်စုံ အရောင်စုံ
လူငယ်လူရွယ်တွေ ဆံပင်အရောင်စုံ
ခေတ်ကြီးလို အရောင်စုံ
လှလည်း လှပ
ငယ်ရွယ်မှုကိုလည်း ပိုဖော်ပြ။
အဲဒါနဲ့၊ ခင်ဗျား
ဆံပင်ရောင်စုံ ဆိုး မလို့လား!
မရူးလေနဲ့
ရူးသွားမယ်၊
ဆိုးချင်လျှင်..
အဖြူသာဆိုး။ ။



ကပ်ဖ်ကာသို့ ၊၄၊

စာပို့သမားသာ မဟုတ်
သတင်းစာပို့သမားသာ မဟုတ်
ငါလည်း ငါ့အိမ် ငါ့လိပ်စာ ငါလိုက်ရှာရာ မတွေ့၊ မတွေ့
တယ်လီဖုံးခေါ်တယ်၊ ရတဲ့အခါ "ဟယ်လို ခင်ဗျားဘယ်သူလဲ"
ငါမေးရတဲ့အခါ။
ကမ္ဘာပေါ်မှာ ပျောက်ဆုံးနေသူများ
ပျောက်ဆုံးနေသော လိပ်စာများ
ဘယ်ကိုခေါ်မှန်းမသိ ဖုံးခေါ်သံများ။
မှတ်ပုံတင်ရှိရဲ့လား
ဇယားမှာ ပြည့်အောင်ဖြည့်ရဲ့လား
"MIND SCAPE ပန်းပု ပန်းချီပြပွဲ" ကြည့်ပြီးပြီလား
၂၀၁၁ နှစ်သစ် ရောက်ပြီလား။

ဟေ့လူ! ကပ်ဖ်ကာ....၊ ခင်ဗျားကို
"မြန်မာပြည်ကို လာဘို့ ဖိတ်ခေါ်တယ်"*။ ။

*မြန်မာပြည် ခရီးသွားနှစ် သီချင်းမှတစ်ပိုဒ်



ကပ်ဖ်ကာသို့ ၊၅၊

ငါ့နောက်မှာ ဘာမျှမရှိ
"ငါ့နောက်မှာ ကျောဘဲရှိတယ်"လို့
သူငယ်ချင်းက ထောက်ပြပါတယ်။

ကျွန်တော်က အကောင်းမြင်သမားပဲ
ကျွန်တော် ဖြေပါတယ်။ "ကျောရှိလို့တော်သေးတာပေါ့"
(ဖြေပါတယ် ဆိုတာ အဓိပ္ပာယ် ၂မျိုးပါ)
စကားအဖြေကော
ဖြေသာတာကော။

ဇာတ်လမ်းများကား
အဆန်းသားကလား
အဖျားရှူးခဲ့သလို
အဖျား ကားသွားတာမျိုးလည်းဖြစ်နိုင်ပါတယ်။

သူငယ်ချင်းက ထပ်ပြောပါတယ်
"အကြံကောင်းရင် တစ်ချက်ပဲ"။
ကျွန်တော်က ဆက်ပြောပါတယ်
"အကြံမကောင်းရင်လည်း တစ်ချက်ပါပဲ"။
ကျွန်တော်က အကောင်းမြင်သမားပဲ။ ။



ကပ်ဖ်ကာသို့ ၊၆၊

"လူပေါတွေကတဲ့ ပြဇာတ်ကို
ကြေးကြီးကြီးပေးကြည့်ရတယ် ဟုတ်လား
သိရက်ကြီးနဲ့ ငါ့ကိုရိတ်စောင်းပြောနေတာမဟုတ်လား
အဲဒီပြဇာတ်မှာ ငါ ပါတယ်ကွ.."
ရှေ့နားခုံမှာ အမည်မသိ လူနှစ်ဦး
စကားငြိနေကြပုံ၊ ကြုံခဲ့ရကြောင်း
သပ္ပုရိသအပေါင်း
သူတော်ကောင်း.....တို့
သာဓု၊ သာဓု၊ သာဓု။ ။

အောင်ချိမ့်
Mandalay ICON မဂ္ဂဇင်း

Oct 20, 2009

အသည်းစွဲကဗျာဆရာ

အသည်းစွဲကဗျာဆရာ ၁

ကဂျိုးကဂျောင် ဟိုကောင်ဝတ်လာတဲ့ တီရှပ်ဟာ ငါ့အပြာရောင် တီရှပ်ပဲ။ တံဆိပ်နဲ့ စာတန်းနဲ့ [ စာတန်းက Boney’m ရဲ့ Solgan ကို ကူးရေးထားတာ ] Love For Sale တဲ့။ အသက်အရွယ်ကိုမှမထောက် မျက်နှာပြောင်ပြောင်နဲ့။
ဒီကောင် ပြီးခဲ့တဲ့ ၁၀ နှစ်မှာ မိတ်ဆွေတစ်ယောက် မတိုးဘူး။ တွဲနေကျထဲက သုံးယောက် ခွာသွားတယ်။ လက်ဖက်ရည်ဆိုင်မှာ သူတစ်ယောက်တည်း။ ထိုင်ရင် ဒူးချိတ်တယ်။ ထရင် ခါးထောက်တယ်။ စိတ်ပါရင် ကဗျာရေးတယ်။ ခပ်တည်တည်ပဲ ကိုယ့်လူ။
ပေါ့သေးသေး မဟုတ်ဘူး။ ‘သူနဲ့တန်းတူတာ ကမ္ဘာမှာကို ရေ လိုက်ရင် လက်နှစ်ဖက် မပြည့်ဘူး’ လို့ အမြဲစဉ်းစားတယ်။ အချိန်ပြည့်ကို စဉ်းစားတာ။ ငါ သိတာပေါ့ကွာ။ အဲဒါ ရယ်စရာလိုလို၊ ငိုစရာလိုလို။
ဒါပေမယ့် သူ့မှာ အခိုင်အမာသူငယ်ချင်း၊ ရဲဘော်နှစ်ယောက်ရှိတယ်။ ကိုယ့် မိန်းမနဲ့ဆို သုံးယောက်ပေါ့။ ငွေယူသုံးတယ်။ ဆာရင် တစ်ယောက်နဲ့တစ်ယောက် စားတယ်။ ရန်ဖြစ်လို့ရတယ်။ အခြားသူတွေကို တစ်စက်မှ အထင်မကြီးဘဲ နေလို့ရတယ်။ ဟား လို့ရတယ်။ သနားလို့ရတယ်။ အနုပညာကို ကြီးကြီးချစ်ခဲ့တယ်။ ဟော…။ အခု ဟို ကဂျိုးကဂျောင်ကောင် လမ်းကူလာပြီ။ ငါ ရေးနေတဲ့ကဗျာကို လက်စသတ်မှ။
လုံလောက်တယ်
ငါတို့ တစ်ယောက်ကို တစ်ယောက် ကိုးကားလို့
ငါတို့ လုံလောက်တယ်။



အသည်းစွဲကဗျာဆရာ ၂

လည်ပင်းကို တိုင်းတယ်
ရင်အုပ်ကို တိုင်းတယ်
ပခုံး၊ ခါး
လက်မောင်းကို တိုင်းတယ်။

လက်ကောက်ဝတ်ကို တိုင်းတယ်
အရှည်ကိုတိုင်းတယ်
‘ကော်တွန်နော်’ ‘ကြယ်သီး ၁၂ လုံးတပ်မယ်’
‘ကော်လာ ထောင်မယ်’။

အပ်ချုပ်ဆရာက
ပေကြိုးကို ပခုံးပေါ် ခွေတင်လိုက်တယ်။

ပြီးတော့
ငါ့ကို ရွှင်ရွှင်ပြုံးပြုံး ကြည့်တယ်။

အင်း။ ကဗျာကောင်းလေးတစ်ပုဒ်လောက် ရချင်လို့
အဲဒါ …
အဲဒီအင်္ကျီဝတ်ပြီး
ကဗျာ စပ်မလို့။



အသည်းစွဲကဗျာဆရာ ၃

ဒီမနက် ကမ္ဘာကြီးကို နားထောင်အပြီး
ငါ ကမ္ဘာကြီးထဲ ခုန်အဆင်းမှာပေါ့
မျက်နှာသစ်ရမယ်
သွားတိုက်ရမယ်။

သွားတိုက်ရမယ် ! ။

အဲဒီမှာ . .
ငါ ဆတ်ခနဲ ကျင်စက်ထိသလို
ငါခုပဲ အဲဒီပြကွက်ကို ပြန်ကြည့်ရသလို အမှတ်ရရ
သူမရဲ့ ‘သွားတိုက်ပုံ’ သရုပ်ဆောင်ပြကွက်ကလေး။

သူမဟာ
သွားတိုက်ခဲ့
သွားတိုက်ပြီး ပလုပ်ကျင်း
ပလုပ်ကျင်းပြီး ပလုပ်ကို
မြိုချလိုက်တယ်။

ပြီး။ သူမရဲ့ဓာတ်ပုံ
သူမရဲ့ KAWABATA MAMIKO ဆိုတဲ့အမည်
သူမရဲ့ ကောက်နုတ်ချက်
ငါ ဖတ်ရတယ်။

I am not an artist.
I am a ..worker တဲ့။

ဒီကဗျာဖတ်မိတဲ့မိတ်ဆွေ
ခင်ဗျား သွားတိုက်ပြီးပါပြီလား။



အသည်းစွဲကဗျာဆရာ ၎

လမ်းထိပ်ကွမ်းယာဆိုင်က
သကြားလုံးဟာချိုတယ်။
ဂျယ်ရီလူးဝစ္စနဲ့
သန်းနွဲ့ ရယ်ရတယ်။

‘ဂျွန်လ၏ မိုးရေများ’.. မှ

အဲဒီလူတွေက ကျွန်တော်တို့ကို ရယ်စရာတွေ လုပ်ပြတယ်
ကျွန်တော်တို့က ရယ်ရမှာ အားနာတယ်
အားနာနာနဲ့ ကျွန်တော်တို့ ရယ်ပါတယ်
ရယ်ပြီးတော့ ကျွန်တော်တို့ စိတ်ညစ်တယ်။

တစ်ဆိတ် ကျွန်တော်ပြောတာ ယုံစေချင်ပါတယ်
ကျွန်တော်တို့လည်း ပေါ့ပါးသွားအောင် တကယ်ရယ်ချင်ပါတယ်။



အသည်းစွဲကဗျာဆရာ ၅

သူတို့အနုပညာက
ငွေတွေရပြီး
ငါတို့အနုပညာက
ငွေတွေ မရဘူး။

ဒါကြောင့်မို့ ငါဟာ ဒေဝဒတ်ဖြစ်ခဲ့ရ
ဒါကြောင့်မို့ ငါဟာ မာရ်နတ်ဖြစ်ခဲ့ရ
ဒါကြောင့်မို့ ငါဟာ ဦးကျောက်လုံးဖြစ်ခဲ့ရ
ဒါကြောင့်မို့ ငါဟာ အမေ့ အထင်လွဲ ခံခဲ့ရ။

ဆိုင်းဘုတ်တိုင်းက
အငြင်းပယ်ခံခဲ့ရ။

ဘုရားက အနုပညာကို
တားမြစ်တော်မူပါတယ်။

ငါ့မှာ
ဘုရား တာမြစ်တဲ့အရာကို
ငွေမရာ ရွှေမရာ
ချစ်ခဲ့ရ။



အသည်းစွဲကဗျာဆရာ ၆

ဗိုလ်အောင်ကျော်လမ်းမှာ သစ်ပင်အကြီးကြီးတွေ
သစ်ရွက်ကြွေ ဖွေးဖွေးတွေ
ငါတို့တွေ
ကားတွေ။

ခေတ်တွေ၊ ကောင်မလေးတွေ
မဖြစ်နိုင်တာတွေ
တီထွင်ဘာသာစကားတွေ
ငွေတွေ။

ပြီး။ မိုးရာသီတွေ၊ ဆောင်းရာသီတွေ
နွေရာသီတွေ၊ ပန်းတွေ။

ပြီး။ စာအုပ်တွေ၊ ဝတ္ထုတွေ
ရုပ်ရှင်ပဒေသာတွေ၊ ရှုမဝတွေ၊ သွေးသောက်တွေ
မြဝတီတွေ၊ ငွေတာရီတွေ၊ မိုးဝေတွေ။

ပြီး။ လက်ဖက်ရည်တွေ၊ အရက်တွေ
ဖိနပ်တွေ၊ ခြေသည်းလက်သည်း လှီးခုံလေးတွေ။

ပြီး။ ‘ငါ ဘယ်မှာလဲဟေ့’ ပြီး။ ‘ငါ ဘယ်မှာလဲဟေ့’
‘ငါ ဘယ်မှာလဲဟေ့’
ငါ့ဘာသာ ပုန်းတမ်းကစားတာတွေ။

တာဝှာ၊ အီကော်နောမစ်
စထရင်း ဟိုတယ်တွေ။

ဝါဇီ၊ ရွှေကြည်အေး၊ ရွှေလမင်း
ပြည်သူ့မုန့်တိုက် မရှိတော့။



အသည်းစွဲကဗျာဆရာ ၇

နေရတာ
ပျော်စရာကောင်းပါတယ်။

တောအထပ်ထပ်
တောင်အထပ်ထပ်လို
ဆောင်းအထပ်ထပ် နွေအထပ်ထပ်
မိုးအထပ်ထပ်မှာ
အံကစားပွဲ ‘ရှုံးကြေးသင့်သူ’ လို
နေရတာ
ပျော်စရာကောင်းပါတယ်။

‘ဂွင်းနက်’ စံချိန်တင်နိုင်ရန်
မြွေများကင်းများနဲ့ တစ်ခန်းထဲအတူတူ
နေရသလိုပဲ ငါ့ အဖြစ်ဟာ
နေရတာ
ပျော်စရာကောင်းပါတယ်။

သူ့အောင်မြင်မှုနဲ့ ငါ့ကို နှုတ်ဆက်ရာ
သူ့ကိုယ်နံ့ ငါမကြိုက်လို့ ငါ မုန်းငတ်ခဲ့
နေရတာ
ပျော်စရာကောင်းပါတယ်။

အနုပညာတစ်ပုဒ်
အနုပညာတစ်ရပ်ဟာ ရတောင့်ရခဲပဲ
နေရတာ
ပျော်စရာကောင်းပါတယ်။

အလျော အပျက် အကြား အစပ်များသဖြင့်
ငါတို့ တစ်ယောက်နဲ့တစ်ယောက် ဝေးခဲ့ကြ
နေရတာ
ပျော်စရာကောင်းပါတယ်။

အပိုင်ရန်လိုခံရ၍
ငါဟာ ရန်သူရရှိခဲ့ပြန်ရာ
နေရတာ
ပျော်စရာကောင်းပါတယ်။

ငါ့ဒီကဗျာ ရေးဖွဲ့ခဲ့ရာ
ဒီနေ့ ဒီအချိန် ဒီနာရီ ဒီမိနစ်
နေရတာ
ပျော်စရာကောင်းပါတယ်။



အသည်းစွဲကဗျာဆရာ ၈

ငါ စကားလုံးတွေ ရွေးလာတယ်
ငါ ပြေပျောက်ဖို့
မင်း သက်သာဖို့။

ငါ့ခြေတစ်လှမ်းတိုင်း တစ်လှမ်းတိုင်း
ရှေ့တိုးလို့မရ
ရှေးပျို့များ
ရတုဘုရင်၏ ရတုများ ထစ်
ငါ့တို့ ထစ်, ထစ်
ထစ်, ထစ် ပြန်ဖတ်နေသလိုပဲ။

ပန်းသီးကိုစတွေ့ခဲ့တဲ့ လူနှစ်ယောက်မှ
ကုလားရုပ်ရှင်မှာ
ဟောလီးဝုဒ်ရုပ်ရှင်မှာ
သန်းများစွာ သီချင်းဓာတ်ပြားမှာ
CNN သတင်းမှာ
သမိုင်းမှာ
ရှင်းနေတာကို ရှင်းအောင်ပြောမဖြစ်လို့
ပြောလို့ဖြစ်တာ ပြောနေရတဲ့ ကမ္ဘာကြီး။

ငါဟာ ဖီလိုဆိုဖာ မဟုတ်ပါဘူး
အချစ်ဟာ မုန်လာဥနီပဲ။



အသည်းစွဲကဗျာဆရာ ၉

အသက် ၂၀ ကနေ
အသက် ၅ နှစ် ကြီးလာခဲ့တုန်းက
နိပ်ပါတယ်
ကောင်းပါတယ်။

အသက် ၅၅ နှစ်ကနေ
အသက် ၅ နှစ် ကြီးလာတာကတော့
ချစ်သော ‘ဂျနီဖာ’
အတော်ဆိုးတာပဲ။



အသည်းစွဲကဗျာဆရာ ၁၀

သားရေဖိနပ် ၃၈၀၀
ကြက်ပေါင်းဆီချက် ၃၅၀
လက်ဖက်ရည် ၁၅၀၊ စီးကရက် (စီးကရက်၊ ဆေးလိပ်
သောက်ခြင်းဟာ ခေတ်မမီမှုပဲ) မသောက်
သီလရှင်လှူ ၁၀၀
ဆံပင်ညှပ် ၅၀၀
ဘတ်စ်ကားခ ၁၂၀၊ အရပ် ၅’ ၈”
ကိုယ်အလေးချိန် ၁၃၀ ပေါင်
ဆံစပ်မှဲ့ရှိ၊ အလုပ်အကိုင် ကဗျာဆရာ။

ငါဟာ ရုပ်ရှင်တွေထဲက သုံ့ပန်းနဲ့ တူလာတယ်။
(အခုတလောတော့ ဝလာတယ် ပြောတယ်)
မိန်းမကို မေးကြည့်ရဦးမယ်
ပြီးရင် ပြောမယ်၊ Game ဆော့မယ်။

တာဇံလား၊ ဂေါ့ဖားသားလား၊ ကဗျာဆရာလား၊
ဟဲ ဟဲ။ ကဗျာဆရာပါပဲ။



အသည်းစွဲကဗျာဆရာ ၁၁

လက်ဖက်ရည်ခွက်ပေါင်း တစ်သိန်းလောက်
ငါ သောက်ခဲ့တာပေါ့ ကမ္ဘာကြီး။

ရဲကြီးခေါ် သစ္စာနီဆို
ခွက်ပေါင်း နှစ်သိန်းပြည့်ရှာရော့မယ်။

မောင်သစ်မင်း ငယ်စဉ် အသည်းကွဲတုန်းက
ဆေးမကူ ဘာမှမကူ
လက်ဖက်ရည် တစ်ခွက် နှစ်ခွက် သုံးခွက် လေးခွက်နဲ့
ကုစားခဲ့တယ်။ ကျော်ခဲ့တယ်။
ချိုခဲ့တယ်။ ခါးခဲ့တယ်။
ပူခဲ့တယ်။ ဆူခဲ့တယ်။ မုန်တိုင်းကျခဲ့တယ်။
လှိုင်းကြီးခဲ့တယ်။ ချောက်ထဲကျခဲ့တယ်။
လူဆိုတာ ကြုံရမှာပဲမို့ ကြုံခဲ့တယ်။

အပြစ်ကင်းတဲ့ လက်ဖက်ရည် တစ်ခွက် တစ်ခွက်
ငါတို့ စွဲခဲ့ကြတယ်။

ကောင်းရာမွန်ရာ လက်ဖက်ရည်ဆိုင်မှာ
ငါတို့ ထိုင်ခဲ့ကြတယ်။

သူငယ်ချင်းတစ်ယောက်ရဲ့ လက်ကောက်ဝတ်မှာ
I Love Tea တဲ့
ဆေးမင်ကြောင်
ထိုးထားတယ်။

အဖေနဲ့အမေရဲ့ ဘဝမှာ ဇိမ်ခံမှုဟာ
ချိုင့်ဆွဲလက်ဖက်ရည် တစ်ခွက် ပိုသောက်တာပါပဲ။

Oh Yeah!
ဒီမှာ လက်ဖက်ရည်နဲ့ မပြေပြီ အချစ်ကလေး။



အသည်းစွဲကဗျာဆရာ ၁၂

တစ်မိနစ်ပြီး နောက်တစ်မိနစ်မှာ
အရင်က တစ်မိနစ် အတိုင်းသာ။

တစ်မိနစ်ပြီး နောက်တစ်မိနစ်မှာ
Next, Next ပဲ နှိပ်ကာ နှိပ်ကာ။

တစ်မိနစ်ပြီး နောက်တစ်မိနစ်မှာ
ကျွန်တော် ဒီနေ့အပန်းဖြေသီချင်းနားထောင်မှု အဆင်မပြေလှပါ။



အသည်းစွဲကဗျာဆရာ ၁၃

မနက် ၂ နာရီမှာ ထ
မနက် ၂ နာရီမှာ ထ . . .
မနက် ၂ နာရီမှာ မထချင်လျှင်
မနက် ၂ နာရီမှာ ထ ။ ။



အသည်းစွဲကဗျာဆရာ ၁၄

ရှေ့ကဆရာများ
အလင်္ကာများ၊ ကဗျာပုလဲကုံးများ၊ ဖန်မီးအိမ်များ
လကွယ်ညများ၊ ဧရာဝတီမှ ဒုဌာဝတီများ
မန္တလေးမြို့၏မနက်ခင်းများ
ဘတ်သီးများလို လင်းခဲ့ဘိ။
သို့မဟုတ် မီးချောင်းလို လင်းခဲ့၏။
[ မီးချောင်းဆိုလို့ အဲဒီခေတ်တုန်းက
မီးချောင်းဖွင့်လိုက်ရင် တန်းမလင်းဘူး။
ဖျပ်ဖျပ်၊ ဖျပ်ဖျပ်၊ ဖျပ်ဖျပ်
မျက်တောင်ခတ်ပြီးမှ လင်းတာ
သတိရခြင်း မှတ်ဥာဏ်တွေလိုပါ။ ]

ငါတို့ခေတ်၏ ဂျွန်မိုးရေများ၊ သစ်ရွက်အသေများ
ဂန္တဝင်မမများ၊ မောင်ချောနွယ်အတုများ
ဒီပရက်ရှင်းမီးခိုးများ၊ အမှုန်အမွှားကင်းစက်တဲ့လက်ဆောင်များ
အခုန်များ
ဖော်ဝေးငှက်များ
အခြား ကဗျာလုံးချင်းများ
ခပ်တည်တည်ပဲ ရှိခဲ့တယ်။
ခပ်တည်တည်ပဲ နေခဲ့တယ်။

ဒီဘက်နှစ်များမှာ ကျွန်တော့်ကဗျာများ
ကျွန်တော့်ကဗျာလုံးချင်းများ
ကျွန်တော့် အသက်အရွယ်လို
ပိုတိုး ပိုများလာပါတယ်။

ကျွန်တော့ ကဗျာတစ်ပုဒ်ဟာ
တစ်ကြောင်းမျှ၊ နှစ်ကြောင်းမျှ၊ ၁၄, ၅ ကြောင်းမျှ။
ကျွန်တော့်ကဗျာလုံးချင်းတစ်အုပ်ဟာ
၁၀ ပုဒ်မျှ။ ၁၂ ပုဒ်မျှ။ ၂၅ ပုဒ်မျှ။

အဲသလို။ အဲသလောက်မျှ
ကျွန်တော် နှစ် ၄၀ ကျော် ရေးခဲ့ရတာပဲ။

ခပ်သလောက် မပါရင်
ပါသလောက် ခပ်ပါတော့။

ကဗျာတစ်ပုဒ်ဟာ ကျွန်တော်တို့ရေးတဲ့အခါ
ခန္ဓာရုပ်နာမ် နှစ်ပါး အားသွန်
လေးနက် အရေးကြီးပစေ
ဖတ်သူ၏ သဘောသကာယ မျှသာ ။ ။



အသည်းစွဲကဗျာဆရာ ၁၅

ဤတွင်ရွေ့
‘အသည်းစွဲကဗျာဆရာ’ ပြီး၏ ။ ။
ဒန်တန့်ဒန် . . .

အောင်ချိမ့်

==+==

ရှုံးပွဲများအတွက် အမှတ်အသား (အမှာ)

ရယ်စရာပါ။ ငိုစရာလည်း ဖြစ်နိုင်ပါတယ်။ ကဗျာပါ။ ကဗျာမဟုတ်ဘူးလို့လည်း ပြောနိုင်ပါတယ်။ ဘဝဖြစ်ချင် ဖြစ်မှာပေါ့။ ဖတ်ပါဦး။
မောင်ချောနွယ်က “ဘဝကို ဟာသဖြင့် မွမ်းမံသောအခါ အတော်အတန်ပျော်စရာကောင်းလာ၏” လို့ဆိုပါတယ်။ မကြားသေးမီလေးကပဲ သုခမိန်လှိုင်က “ထိပ်ပေါက် ခေါင်းကွဲ.. ဒဏ်ရာတွေဆို ရောင်စုံပတ်တီးလှလှ စည်းပြမယ်” တဲ့။ ကျွန်တော်ကြည့်ဖြစ်နေတဲ့ သီချင်းအချပ်က Bond မိန်းကလေးများတယောအဖွဲ့ ROYAL ALBERT HALL တင်ဆက်မှု ဖြစ်ပါတယ်။ “ပူလောင်မှု” ပါပြီး “ပူလောင်မှုပြေဆေး” လည်း တစ်ပြိုင်နက်တည်း ပါပါတယ်။ အနုပညာဟာအံ့သြစရာပဲ။ ရေငတ်ပြေခဲ့တယ်။
တစ်နှစ်ခွဲလောက် ကျွန်တော့် ခလုတ်ကသင်းဇာတ်ကို အရယ်အမောမပျက် တစ်လတစ်ပုဒ် မှန်မှန်ရေးနေခဲ့ပါတယ်။ ကျွန်တော် ရယ်ပြနေခဲ့ပုံပါပဲ။
“အသည်းစွဲကဗျာဆရာ”ပေါ့။ စာဖတ်သူများလည်း ကျွန်တော်နဲ့ အတူရယ်ကြပါ။ ကျွန်တော့်ကိုဖြစ်ဖြစ် ရယ်ပါ။ အလကား ငေါင်နေမယ့်အတူတူ ရယ်နေတာ မကောင်းဘူးလား
တကယ်လို့ “အသည်းစွဲကဗျာဆရာ” ကို မှားပြီး “အသည်းကွဲ ကဗျာဆရာ”လို့ ဖတ်ရင်လည်း .. ရပါတယ်။ You Okay: Thank You.

လေးစားစွာဖြင့်
အောင်ချိမ့်
၅ - ၉ - ၂၀၀၈

‘အသည်းစွဲကဗျာဆရာ’ ကဗျာအတွဲမှာ
၂၀၀၅ ဇူလိုင်မှ ၂၀၀၆ နိုဝင်ဘာအထိ
‘သရဖူ’ မဂ္ဂဇင်းတွင် တစ်လချင်း
ရေးစပ်ဖော်ပြခဲ့သော
ကဗျာများဖြစ်ပါသည်။ ယင်းကို ‘စိတ်ကူးချိုချို’မှ
တစ်စုတည်း တစ်ပေါင်းတည်း
ထုတ်ဝေခြင်းဖြစ်ပါသည်။

အောင်ချိမ့်၊ အသည်းစွဲကဗျာဆရာ
၂၀၀၈၊ ဒီဇင်ဘာ၊ ပထမအကြိမ်၊ စိတ်ကူးချိုချို။

Apr 1, 2009

ပုံပြောသူ ၁၃

ပျဉ်းမပွင့်ပြီ သခွပ်ပွင့်ပြီ
ကသစ်ပွင့်ပြီ ပိတောက်ပွင့်ပြီ
သင်္ကြန်လာပြီ ဒိုးသံလာပြီ
မိုးရွာတော့မယ် သူငယ်ချင်းတို့။ ။

အောင်ချိမ့်
ပုံပြောသူ ကဗျာစာအုပ်၊ စာ ၃၁။

Mar 28, 2009

ပုံပြောသူ ၁၀

ကျွန်တော်တို့ မမျှော်မှန်းနိုင်တဲ့အဝေး
အဝေးကြီး
ကျွန်တော်လွင့်စဉ်သွားနိုင်ပါတယ်။

ကမ္ဘာ့အပြင်
စကြာဝဠာအပြင်အထိ
ကျွန်တော်လွင့်စဉ်သွားနိုင်ပါတယ်။

အရာရာ
မှောင်မှောင်မည်းမည်း။

အမေက
ကျွန်တော်တို့ကို လူ့ဘဝအလင်းဆီ
ဆွဲတင်ခဲ့ပါတယ်။

အောင်ချိမ့်
ပုံပြောသူ ကဗျာစာအုပ်၊ စာ ၂၅

ပုံပြောသူ ၃

ငါပြန်မတက်နိုင်တဲ့ တွင်းထဲကျရောက်ခဲ့
ငါဘာသွားကောက်တာပါလိမ့်။

အောင်ချိမ့်
ပုံပြောသူ ကဗျာစာအုပ်၊ စာ ၁၁

မောင်ချောနွယ်အတွက် မနေနိုင်လို့ရေးတဲ့ကဗျာ

မိုးတွေရွာပေါ့
အဲသလို မိုးတွေရွာတုန်းတစ်နေ့မှာ
ဖော်ဝေးဟာ
ထွက်ခွာသွားပါတယ်။

အဲသလို မိုးရွာတုန်းမှာပဲ
ကိုလေးအောင်လည်း
ထွက်ခွာသွားခဲ့ပါတယ်။

ခုတစ်ခါ မောင်ချောနွယ်
သူငယ်ချင်း မောင်ချောနွယ်
နှစ်ပေါင်း သုံးဆယ်ကျော်
ငါတို့ ချီတက်ခဲ့ကြရာမှ
မင်းထွက်ခွာသွားပေါ့။

သူဟာ သူ့ကိုယ်သူ ရုပ်ရှင်မင်းသား
ဖြစ်မယ်လို့ တကယ်ထင်ခဲ့တယ်။

အဲဒါကြောင့်
ငါတို့ ရယ်ခဲ့ကြတယ်။

သူဟာ သူငယ်ချင်းတွေကို
အမြဲမနာလိုရှိခဲ့တယ်။

အဲဒါကြောင်းလည်း
ငါတို့ ရယ်ခဲ့ကြတယ်။

သူဟာ အများသိကဗျာဆရာပေါ့
ဒါပေမယ့် အဲဒီထက်မက
သူဖြစ်ချင်ခဲ့လို့
ကဗျာတွေ အများကြီး ရေးခဲ့တယ်။

ငါတို့ ကဗျာတွေအများကြီး
ဖတ်ခဲ့ရတယ်။

အဲသလို ရယ်စေ
ကဗျာတွေ ဖတ်ရစေတဲ့...
... အဲဒီ့နေရာမှာ
ငါ့ကဗျာဟာ ရပ်သွားတယ်။

ငါ ဘာဆက်ရေးရမလဲ
ဟိုရှေးရှေးက စာဆိုတော်ကြီးတွေလို
ငါ့ကလောင်ကို ခဏချ
ငေးတိငေးရာ ငေးရတယ်။

ဪ...မောင်ချောနွယ်
သူဟာ အဆင်မပြေခဲ့ပါ
မတည်ငြိမ်မှုထဲမှာ
ဆောင်တည်ရာမရခဲ့ပါဘူး။

ဖန်ခွက်တစ်ခွက်နဲ့
အရက်တစ်ခွက်တစ်ခွက်နဲ့
သွေးတစ်စက်တစ်စက်နဲ့
ဘဝ တဆတ်ဆတ် ကတုန်ကယင်နဲ့
ငြင်းပယ်ခံရမှုနဲ့
လှည့်လည်တောင်းခံရမှုနဲ့
တစ်ကိုယ်လုံးထိုးအပ်လိုက်ရမှုနဲ့
နောက်ဆုံးတော့ ပါးလျားသေးသေးလေး
သေးသေးလေး အစက်လေးတစ်စက်
အစက်တစ်စက်။

အဲဒီအစက်လေးတစ်စက်အထိ
ကဗျာတွေ ရေးထွက်ခဲ့သေးတယ်။

ဪ... သူငယ်ချင်း
ခုလည်း
မိုးတွေမည်းလို့
မိုးတွေရွာပေါ့။

'သူငယ်ချင်းသေရင် ကိုယ်ငိုမှာပါ'ဆိုတဲ့
သူငယ်ချင်း
မင်းသေတော့ ငါငိုမထွက်ခဲ့ပါ
ငိုမယ်ဆို ငိုစရာတွေ မဆန့်မပြဲပဲ
ငါတို့ဘဝတွေမှာ
ငါတို့ရဲ့ ပက်ပက်စက်စက် ဘဝတွေမှာ။

အိမ်မှာ ပန်းချီကားတစ်ချပ်
တိမ်ပြာထဲ ခေါင်းအုံးတစ်လုံး
မင်း အပူအပင်ကင်းစွာ အိပ်စက်ရပါစေသား။

ရယ်စရာပါ သူငယ်ချင်း
ငိုစရာလည်း ပါပါလိမ့်မယ်
လူငယ်လေးတစ်ယောက် မူးတိုင်းရွတ်ပြတယ်
"မင်းတို့ပြောတော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း
ကွယ်လွန်ပြီဆို
ခု... ဘယ်မှာရှိတော့လို့တုန်း" တဲ့
ပြက်လုံးပါ။

ဟုတ်ပါတယ်
မောင်ချောနွယ် မရှိတော့ပါ။

ဪ... သူငယ်ချင်း
ခုလည်း
မိုးတွေမည်းလို့
မိုးတွေရွာပေါ့။ ။

အောင်ချိမ့်
စက်တင်ဘာ၊ ရနံ့သစ်၊ ၂၀၀၃

ခင်ဝမ်းအတွက်ကဗျာ

သူမပျော်ဘူးဆိုတာ
ငါသိခဲ့ပါရဲ့။

ငွေစရွှင်တဲ့ ပန်းချီဆရာအဖြစ်နဲ့တောင်
မပျော်ရွှင်ခဲ့ဘူးလား
ငါသိခဲ့ပါရဲ့။

'အဖေ့သွား ရေထဲမှာအိပ်တယ်'
ငါသိခဲ့ပါရဲ့။

'ပြည်မှာဆောင်း' 'ကောလိပ်နေ့ရက်များ'
ငါသိခဲ့ပါရဲ့။

နောက်ဆုံး 'မိုက်ကယ်ဖေးလ်'လို'စပရေး'ပက်ခဲ့တယ်
ငါသိခဲ့ပါရဲ့။

မောင်ဒီရဲ့သူငယ်ချင်း
ငါသိခဲ့ပါရဲ့။

ငါမပျော်ရွှင်ပုံ
သူရိပ်မိခဲ့သလို
သူမပျော်ရွှင်ခဲ့တာ
ငါသိခဲ့ပါရဲ့။

ငါတို့ဟာ မတိုင်ပင်ပဲအတူတူ
ကိုယ့်ထောင့်မှကိုယ်
မနေနိုင်မထိုင်နိုင် ရှာတွေ့ခဲ့ကြ
ကျွမ်းပြန်ခဲ့ကြ။

ငါတို့မေ့လျော့ခဲ့ကြတယ်
'သေမှု'ဟာ ရှုင်သန်နေပြီး
'ရှုင်မှု'ဟာ သေဆုံးနေတယ်
ငါတို့ မေ့လျော့ခဲ့ကြတယ်။

ခုတော့
ကြွေပေါ့။

ကျော်ကြားတဲ့ ၂၀၀၀ပြည့်နှစ်ထဲရောက်မှ
ကြွေပေါ့။

အလို၊ အဲဒီကြွေတဲ့ကြယ်ဟာ
'ခင်ဝမ်း'အမည်တပ်ရမှာပါလား။

ငါက ကဗျာဆရာ
ဒီတိုင်းပြည်မှာ ကဗျာဆရာ
အခက်အခဲများ
ခလုတ်ကန်သင်းအတိုက်များတဲ့ ကဗျာဆရာ ဒီကဗျာ
ငါ့အကြောင်းပါ ငါထည့်စပ်လိုက်ပါရဲ့။

အောင်ချိမ့်
ယနေ့ခေတ်၊ ဖေဖေါ်ဝါရီ ၂၂၊ ၂၀၀၀

မြေချစ်သူကို လိုက်ပို့ကြခြင်း

တို့တွေ တစ်ယောက်နဲ့တစ်ယောက်ဝေးကြ
နီးပေမယ့် ဝေးကြ
ဝေးသော် ပို၍ဝေးကြ
နှစ်ယောက်အိပ်ခုတင်ပေါ် လင်မယားဝေးကြသလို
ခေတ်ကြီးတစ်ခေတ်လုံးခြားခဲ့သလို
ဝေးကြ။

အပေါ်ယံဆိုပေမယ့် အပေါ်ယံမှာပဲ ကျဆုံးခဲ့ကြတယ်
ယင်ကောင်တွေလိုအများအပြား
နှစ်တွေလက်ဆင့်ကမ်းခဲ့ကြရုံ
သေတော့
အံ့အားသင့်ရ
မသေခင် လှည့်မကြည့်နိုင်ကြ
သုတ်သီးသုတ်ပျာ ပျာယာခတ်ကြ။

စက်တွေ ခွေးသွားစိပ်ပွန်းသလို
ထစ်အခဲ့ကြ။

ငိုစရာ ရယ်စရာဟာ သိပ်မကွဲပြားတော့
ယောင်န ခဲ့ကြ။

သစ်ရွက်တစ်ရွက် ညှိုးနွမ်းစွာ တွားသွားခဲ့တယ်။
လူတစ်ယောက် အားနည်းစွာ ရှပ်တိုက်ခဲ့တယ်။

ရှင်ခဲ့တယ်
သေခဲ့တယ်
တစ်နေကုန်တစ်နေခန်း
လမ်းသလားခဲ့တယ်။

လမ်းသလားရင်း လမ်းမှာ
လမ်းပျောက်ခဲ့တယ်။

လမ်းသလားရင်း လမ်းမှာ
တောမှောက်ခဲ့တယ်။

လွဲမှား
အဖာ အစပ် အပြစ်များလှတဲ့
ဒီဘဝ ဒီခန္ဓာ ဒီရုပ်
ချုပ်ရိုးပြတ်ခဲ့ပေါ့။

သူသေခဲ့တယ်
လူသေခဲ့တယ်
၁၉၉၇ နွေကြီးမှာ
သူသေခဲ့ပါပေါ့။

ရုပ်ရှင်ကားတစ်ကားလို
ရုပ်ရှင်ကားတစ်ကားဟာပြီးခဲ့ပြီး
နောက်ထပ် ရုပ်ရှင်ကားတစ်ကား
ခေါင်းတိုင်ထိပ်မီးခိုးများ။

မနိုင်ဝန်ထမ်းထားတဲ့ ငါ့ရဲ့ လက်ဘက်ရည်ပူပူကို
နွေးအောင် သူ မှုတ်သောက်ခဲ့တယ်။

ဘဝကြီးရဲ့ တစ်ဖက်သတ် ရှုံးပွဲများအတွက်
သူထိုက်ထိုက်တန်တန် ဝေစုရခဲ့တယ်
အဲဒီဝေစုအတွက်ဖြင့်
သူ တာဝန်ကျေခဲ့ပါရဲ့။

အောင်ချိမ့်
စက်တင်ဘာ၊ ရနံ့သစ်၊ ၁၉၉၇