> သီဟသူ [dot] blogspot [dot] com: မိုဃ်းဇော်
Showing posts with label မိုဃ်းဇော်. Show all posts
Showing posts with label မိုဃ်းဇော်. Show all posts

Oct 18, 2009

ရန်ကုန်ည

ဆုပ်ကိုင်နိုင်သမျှဆုပ်ကိုင်
ရပ်တည်နိုင်သမျှရပ်ထား
ဘာမှအလကား မရဘူးဆိုလို့
စတိုးဆိုင်ရှေ့က လမ်းဖြတ်ကူးခဲ့တယ်။

ဒီမှာလေ
ကျပ်မပြည့်တဲ့ညဥ့်ငှက်တွေ
တစ်ဖန် ပြန်လည်ရှင်သန်ထမြောက်လာကြတဲ့
ရန်ကုန်ဆိုတဲ့ ရန်ကုန်ညမှာ
ပန်းဆိုးတန်းတစ်ဝိုက်
လမ်းသလားကြည့်လိုက်တော့
ရန်ကုန်ညဟာ
ကားမီးရောင်နဲ့ တုန်နေရဲ့။

ဒီခေတ်မှာ
နာတာရှည်ရောဂါကို
ဆေးမြီးတိုနဲ့ ကုသချင်လို့ မဖြစ်ဘူး။
ညပလက်ဖောင်းပေါ်က
အမျိုးကောင်းသမီးလေးရယ်
ဘဝဆိုတာ
ဂွဒ်မောနင်းပေါင်မုန့်စိမ်ထားတဲ့ နို့တစ်ခွက်ပေါ့
သေခြင်းတရားဆိုတာတော့
သတ္တဝါတိုင်းရရှိမယ့် အချိန်ပို လုပ်အားခပဲ။

လန့်နိုးခဲ့တဲ့ အိပ်မက်အတွက်
ဒေါသထွက်နေလို့လည်းအပို
ရှယ်လီကိုရွတ်ဆို
ဘိုနိုကိုဂုဏ်ပြု
မသမာမှုမှန်သမျှ
လက်တကမ်းက ရင်ဆိုင်ထားလိုက်မယ်။

ဒီကနေ့ည မိုးကောင်းကင်မှာ
မိုးသာတိမ်လိပ်တွေ ကင်းစင်ပါရဲ့လား
ခင်ဗျားတို့ရဲ့ သွေးထဲမှာရော
ပိုးမွှားတွေ သန့်စင်ပါရဲ့လား
သံသရာ ချားရဟတ်ထဲမှာ
ငွေကြယ်ကလေးတွေ ပွင့်ခဲ့လို့
ကိုယ့်ဘဝကိုယ် မက်မောမိပြန်တယ်
တကယ်ဆိုရင်
တို့သွေးသားဟာ
အမှန်တရားနဲ့သာ တည်ဆောက်သင့်ပေရဲ့။

သြော်…
အနော်ရထာလမ်းမကြီးက
ခြေသံတွေကို ထမ်းထားဆဲ
ချွေးတစိုစို လူတန်းကြီးတွေနဲ့
ခုံးကျော်တံတားကြီးတွေအောက်
ဘဝတွေ စီးဆင်းနေလေရဲ့။

ဘယ်ဆီဘယ်ဝယ်မသိ
ဘဝတွေ စီးဆင်းနေလေရဲ့။

စစ်ကြီးအတွင်းတုန်းက
ရန်ကုန်ညမှာ
ဗုံးခိုကျင်းတွေ တူးခဲ့တယ်။

စစ်ကြီးအတွင်းတုန်းက
ရန်ကုန်ညကို
ဗြိတိသျှစစ်သားတွေ ဆုတ်ခွာခဲ့ကြတယ်။

စစ်ကြီးအတွင်းတုန်းက
‘ကင်ပေတိုင်’ ရုံးခန်းဟာ
‘ရွှေဂုံတိုင်’ မီးပွိုင့်နားမှာ ရှိခဲ့တယ်။

စစ်ကြီးအတွင်းတုန်းက
လူတွေ ကပ်ဆိုက်ခဲ့ကြတယ်

စစ်ကြီးပြီးပြန်တော့
ရန်ကုန်ညမှာ
အင်းစိန်တိုက်ပွဲ ဖြစ်ခဲ့တယ်။

ဒီလိုနဲ့
ရန်ကုန်ညမှာ
‘မိုရှေဒါယန်း’ အိပ်စက်ခဲ့
‘ချူအင်လိုင်း’ အိပ်စက်ခဲ့
‘ချာဗလစ်ယောင်ချိုင်ယု’လည်း အိပ်စက်ခဲ့။
ခုတော့ ရန်ကုန်ညဟာ
ပြီးခဲ့တဲ့စစ်ကြီးကို မေ့လို့
ကြုံခဲ့တဲ့ ဒုက္ခတွေကိုမေ့လို့
‘အဖော်’ကို ဟိုတယ်ပေါ်မှာ ဝေငှလို့
လူငယ်တွေ ကြယ်လို ကခုန်လို့
မရေရာတဲ့ ဆော့(ဖ်)ဝဲတွေနဲ့
ရန်ကုန်ညဟာ သက်ဝင်လှုပ်ရှားလို့။

ဟဲလို… ရန်ကုန်ညရေ
သင်နဲ့ နှစ်ဦးသဘောတူ ပွေ့ဖက်ပြီး
သင်နဲ့ နှစ်ဦးသဘောတူ အိပ်စက်ခဲ့ရတာ
အကုန်အကျ များလွန်းလှပေမယ့်
အခုထိ မငြီးငွေ့နိုင်တာ ဘဝပေါ့
ဂိတ်ထိုးလိုက်တဲ့ အောက်ဆိုက်ကားလေးပေါ်
အနာဂတ်ကို မျှော်ပြီး တက်လိုက်တယ်။

ခုံးကျော်တံတားကြီးတွေအောက်
ဘဝတွေ စီးဆင်းသွားရှာပြီ။

မိုဃ်းဇော်
ရုပ်ရှင်တေးကဗျာ၊ ဒီဇင်ဘာ၊ ၂၀၀၆
ရွှေအမြုတေစာပေဆု (၂၀၀၇)
ကြေးစား၊ ၂၀၀၉၊ မတ်လ၊ Majestic publishing

ဖီးနစ် (PHOENIX)

ပထမ
ငါ့နာမည်ကို မေ့လိုက်ပါ။

ဒုတိယ
ငါ့နာမည် စာလုံးပေါင်းကို မေ့လိုက်ပါ။

တတိယ်
ငါ့ပါးစပ်ထဲက
ဒဏ္ဍာရီဆန်ဆန်
မီးလျှံတွေကို မေ့လိုက်ပါ။

နောက်ဆုံး
တောင်တွေကိုကျော်လွှား
တိမ်တွေကိုတွန်းလှန်
စိမ်းလန်းသော မနက်ဖြန်ဆီ အရောက်ပျံမယ့်
ငါ့အတောင်ပံတွေကိုပါ မေ့လိုက်ပါ။

မိုဃ်းဇော်
ရုပ်ရှင်တေးကဗျာ၊ ဇန်နဝါရီ၊ ၂၀၀၈
ကြေးစား၊ ၂၀၀၉၊ မတ်လ၊ Majestic publishing

Mar 29, 2009

လွမ်းစေတီ

တို့ထိခွင့်လည်း မရှိတော့
ဆုပ်ကိုင်ခွင်းလည်း မရှိတော့
မင်းရင်ခုန်သံကို လုံအောင် ဖုံးပေးပိုင်ခွင့်လည်း မရှိတော့
မင်းလည်း မေ့လျော့လိုက်ရုံ
ငါလည်း မေ့လျော့လိုက်ရုံ
ပုံပြင်ကို ပုံပြင်အတိုင်းထားလိုက်ရုံ
ဒါလောက်ပဲ တို့တတ်နိုင်ခဲ့။

သူ့ကို မင်းမချစ်ဘဲနဲ့ မင်းကို သူဘာလို့ သိမ်းပိုက်ခဲ့တာလဲ
မင်းနဲ့ငါ ချစ်လျက်နဲ့ ငါတို့ ဘာလို့ ဝေးကွာခဲ့တာလဲ
ရာဇဝင်ခေတ်
ပဒေသရာဇ်တို့ ရာဂမီး
အတားအဆီးမဲ့ ကာမပိုင်ဝတ္ထုမှာ
ချစ်သူတို့ ဇာတ်နာခဲ့ရဖူးပြီ။

အဖြစ်အပျက်တွေ ဖြစ်ပျက်ပြီးခဲ့နောက်
အငွေ့အသက်တွေ ကျန်ရစ်ကြရမယ်
ရှုမဆုံးတဲ့ အလွမ်းတွေ ငါမွေးရင်း
တောင်ကုန်းတေားပေါ် တက်ခဲ့တယ်။
ညောင်ပင်က
ဓမ္မတေးကို ဆိုနေရဲ့
ရိုးပြတ်တောက
နေပူထဲမှာ ငိုနေရဲ့
ငါ့ နှလုံးသားက
လူ့သမိုင်းထဲ လဲကျနေခဲ့တယ်
လွမ်းစေတီက
မင်းနဲ့ငါအကြောင်း
နှောင်းလူတွေကို ပြောပြမယ်
တို့နှစ်ယောက်
လျှောက်ခဲ့ရတဲ့ ငရဲကို။ ။

မိုဃ်းဇော်
မိုဃ်းဇော်သေတမ်းစာ ကဗျာစာအုပ်၊ စာ ၇၄

လူလေလူလွင့်များရဲ့နေ့

ပြက္ခဒိန်တစ်ချပ်လို
စုတ်ပြတ်လွယ်တဲ့ နေ့စွဲမှာ
ဒိုင်ယာရီ မရေးတာ ကောင်းပါတယ်။

တကယ်ဆို
နတ်မကြိုက်တဲ့ ပါးစပ်နဲ့ အချစ်ကို ဓာတ်စာပေးကြည့်ဖူး
ပိုက်ဆံမရှိတဲ့လက်နဲ့ မြို့ကြီးကို ကျောသပ်ရင်သပ်လုပ်ကြည့်ဖူး
အရုပ်သေနတ်နဲ့
မိမိကိုယ်ကို ဇာတ်သိမ်းကြည့်ဖူး
အမိုက်မဲဆုံးညတွေကို
ငါးခုံးမ တစ်ကောင်လိုလည်း ကင်ဖူးတယ်။
ငါ့ရဲ့ အကုသိုလ်အအေးခန်းထဲက
ငယ်နာမည် "မာရီလင်"ရေ
ငါ့ကို စက္ကန့်လက်တံလို သဘောထားပါ
နားကြားလွဲတတ်တဲ့ငါဟာ
ပြာပုံထဲ အပျင်းကြောဆန့်ချင်တဲ့ ကောင်ပါ။

အရေပြားဆိုတာ အပ်တစ်ထောက်
ချွေးပေါက်တွေ အဝမကျယ်ခင်
ရင်ခုန်သံစစ်စစ်နဲ့
ဘဝကို ခေါစာပစ်ချေအံ။ ။

မိုဃ်းဇော်
မိုဃ်းဇော်သေတမ်းစာ ကဗျာစာအုပ်၊ စာ ၇၀

ချစ်သူ

ကိလေသာ အအေးဓာတ်တို့
အရိုးထဲ ပတ်ဖွဲ့လာတဲ့အခါ
စောင်တစ်ထည်တည်း တို့နှစ်ယောက်ခြုံကြတယ်။

အချစ်ရယ်
ဒါဟာ ဘုရားမကြိုက်တဲ့ ကိစ္စပါလို့ မင်းကမပြော
ဒါဟာ ရှောင်လွှဲမရနိုင်တဲ့ သဘာဝတရားကြီးပါလို့ ငါကမဆို
ရင်ခုန်ကြရုံသက်သက်ပဲ
ပြီးတော့
တစ်ယောက်ကိုတစ်ယောက်
ကမ္ဘာထဲက ကန်ထုတ်ကြပြန်ရော။ ။

မိုဃ်းဇော်
မိုဃ်းဇော်သေတမ်းစာ ကဗျာစာအုပ်၊ စာ ၄၉

Mar 28, 2009

ဗီရာ (VERA)

'မင်းနာမည် ဘယ်သူလဲ'
'ဗီရာ'
'မင်းအမေက'
'အကာလညရဲ့  ဒုတိယမာတိကာ'
'မင်းရဲ့  အဖေ...'
'ရန်သူ'
'ကိုယ်တွင် ထင်ရှားသည့် အမှတ်အသား'
'ဘယ်တော့မှ မကျက်နိုင်တဲ့ ဒဏ်ရာရှိ'
'မင်းရဲ့ ဇာတိ'
'စစ်ပြေးလမ်း'
'နျူကလီးယားပန်းခင်းထဲမှာ
ငြိမ်းချမ်းပါစေ
အာမင်'။ ။

မိုဃ်းဇော်
မိုဃ်းဇော်သေတမ်းစာ၊ စာ၁၄။
အောက်တိုဘာ၊ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း၊ ၀၄

ဆိုလို [SOLO]

အမောဖောက်နေတဲ့ နေရောင်ခြည်
အကြောဆွဲနေတဲ့ လေညင်း
အနာရင်းနေတဲ့ ကောင်းကင်
အသက်ငင်နေတဲ့ တိမ်တိုက်
ဆိုးမိုက်တဲ့ ရာသီဥတု
ခြေသလုံးအိမ်တိုင် ကျီးကန်းတွေနဲ့
အလေ့ကျပန်းတွေရဲ့  ဂီလာနဆည်းဆာမှာ
ငါဟာ
သွေးမတိတ်သေးတဲ့ ဂစ်တာ။

မိုဃ်းဇော်
အမှတ် ၁၀၊ ပန်းအလင်္ကာမဂ္ဂဇင်း