> သီဟသူ [dot] blogspot [dot] com: ခိုင်မြဲကျော်စွာ
Showing posts with label ခိုင်မြဲကျော်စွာ. Show all posts
Showing posts with label ခိုင်မြဲကျော်စွာ. Show all posts

Mar 28, 2009

သာမန်ယောက်ျား

အဖေစာစီ
အမေဓာတ်ဆီရောင်း
စုပေါင်းမောင်နှမ ၉ယောက် ၁ယောက်ပိုလီယို
မိသားစုဆိုတာ
မီဖိုကွိုင်လို ပြတ်လိုက်ဆက်လိုက
ပူနွေးပေါ့
အာဟာရမပြည့်လို့
မိုးရိပ်ညိုတိုင်း ခဏခဏဖျားတဲ့
နေ့တွေ
နောက်ဖေးခိုမြီးအိမ်လေးက
ရေစိုအိပ်ရာပေါ်အိပ်ရတဲ့
ညတွေ
ခြေထောက်ရွှံပေ မီးမလာရေလျှံကွက်သစ်မှာကြီးတယ်
အလုပ်လိုက်ရှာလွန်းလို့
အရူးထောင်မှာ အခြေအနေကောင်းတယ်ပြောကြ
ရေမြုပ်ခံလယ်ကွက်ထဲက စပါးနှံပါ
လည်ပင်းထောင်ထားဖို့အရေးကြီးရဲ့
သာမန်ဆိုတဲ့ ဘိလိယက်ဘောလုံးလေးတလွဲ
အရာအားလုံးကျင်းနဲ့လွဲခဲ့သူ
မပူလောင်ဘူ
ငါမမြားနိုင်တဲ့ငါးအခြားလက်မိသွားမှာ
ပျာယာမခတ်ဘူး
အချိန်တန်တော့
ကြယ်တစ်လုံးတလေ ငါကောက်ရပြန်တယ်
သာမန်ယောက်ျားတစ်ယောက်ရဲ့ဓာတ်တိုင်မှာ
ဘဝကငယ်တယ်
ဓမ္မကကြီးတယ်
ဒီလိုမီးသီးလေးလင်းရုံနဲ့
ပြီးပြီ။ ။

ခိုင်မြဲကျော်စွာ
ဇူလိုင်၊ Beauty မဂ္ဂဇင်း၊ ၀၈

သင်းကွဲအပြုံး

ဝံပုလွေဆိုတာ
ဦးနှောက်ထဲ ရမ္မက်အပြည့်နဲ့
စဉ်းလဲတတ်တဲ့ သတ္တဝါ
တစ်မျိုးပ။

မွေးကတည်းက
အတ္တတွေ ဝါးမျိုကြီးပြင်း
ဝိညာဉ်တွေ စားသောက်ရင်း
ပန်းပွင့်တွေ စားသောက်ရင်း
သက်ပြင်းချသံသဲ့သဲ့မှာ
သွေးညှီနံ ပါမြဲ။

ရင်းမြစ်ဗီဇဟာ
သွေးသားဆဲလ်ထဲမှာကိုက
အတ္တအဘိဓမ္မာအဆိပ်များ
သော့ပိတ်ထားပြီးပေါ့။

အုပ်စုကွဲ
တစ်ကောင်တည်း ပဲ့ထွက်လာတဲ့အခါ
မာယာမျက်နှာဖုံးတပ်
အကွက်ချလှည့်ဖျားဆိုးညစ်တတ်
အစွှယ်ဝှက်ပြီး ပြုံးနေတတ်တယ်။

ဒါပေမယ့်
အပြုံးထဲမှာ
သွေးညှီနံဟာ ပါမြဲ။ ။

ခိုင်မြဲကျော်စွာ
ဒီဇင်ဘာ၊ ၉၀၊ ဟန်သစ်မဂ္ဂဇင်း