> သီဟသူ [dot] blogspot [dot] com: 2018

Mar 25, 2018

နွေအပြ နွေအပြော


နွေအပြ နွေအပြော

လွန်လေပြီးသော အဖြစ်
လွန်လေပြီးသော အချစ်
သိပ်မငိုနဲ့
သိပ်ပူတယ်
လမ်းထဲမှာ
ရင်ထဲမှာ
ဘယ်တစ်ခုနဲ့ လောင်မိမှာလဲ
ဘယ်တစ်ခုနဲ့ စွဲနေမှာလဲ
ငြိမ်းသတ်ဖို့ မတွေး
ငြိမ်းသတ်ဖို့ မတွေ့။


နွေအပြ နွေအပြော -

တစိမ့်စိမ့်နွေ
မောင့်မျက်ရည်ဝိုင်း နားထောင်
ဒီကောင့်ကို မတ်မတ်တည့်ထား
ကိုယ့်မေးရိုးကို လောကဓံက တအားထိုးချလိုက်
ပျော့တွဲကျနေနဲ့အလှတရားကို
သကြားအုပ်လို့
အချိုရှာ အချိုတွေ့ကြပါစေ။


နွေအပြ နွေအပြော -

သောက်လို့မရတာလား
သောက်လို့မဝတာလား
မခြောက်သေးတဲ့ အဝတ်အစားတွေက
ကိုယ့်စိတ်ကို ထိုင်းမှိုင်းစေလိုက်တာ
ကြိုးတန်းပေါ် တစ်ညလုံး တင်ထားခဲ့ရမှာ

ကိုယ့်အပူနဲ့ကိုယ် ခြောက်သယောင်းနေတော့
ဘာနဲ့ထိထိ မီးထတောက်လေမလား
ဒီလိုလည်း မဟုတ်သင့်သေးဘူးမလား
ကျစ်ထားတဲ့ လက်သီးဆုပ်ထဲ
ဘာမှရှိမနေတာ
ကိုယ် သိသားပဲ

ဒီတစ်ဆင့် ပြီးရင်
ဘာမှ မဖြစ်သေးဘူး

အိပ်မက်တွေက
မက်တုန်းခဏ
ဖမ်းစားနိုင်တဲ့ ရုပ်ရှင်အနှေးပြကွက်တွေပါ့
မျက်စိဖွင့်လိုက်တာနဲ့
ကိုယ် အမှတ်ရနေတာ
တကယ့်ကိုနည်းပါးလွန်းတယ်

နက်နက်တူးမိပြီလား
နက်နက်တွေမိပြီလား
လက်ဖဝါးကို ဖြန့်ကြည့်လိုက်
ကိုယ်ယုံကြည်နေတာ
ဘယ်နှစ်ခု ကျန်သေးလဲ
စိတ်အနှောင့်အယှက်ဖြစ်လောက်စရာထွေပြားခြင်းကို
ကိုယ့်လက်ရှိအားနဲ့
ငြင်းမှငြင်းနိုင်ပါ့မလား

လွတ်ထွက်
လွင့်ထွက်သွားရာ လမ်းကြောင်းတစ်လျှောက်
ကိုယ့်မျက်လုံးကို အရင်ပြန်ကောက်ရတယ်
တကယ်မမြင်နိုင်တော့ရင်လည်း
ငါ့မှ မျက်လုံးတွေ ရှိနေသေးတယ် ဆိုတာမျိုးဖြစ်ဖြစ်ပေါ့။


နွေအပြ နွေအပြော -

ကြိုက်သလို တွေး
ကြိုက်သလောက် ငေး
ဆိုင်ကယ်မီးများ
သွယ်တန်းထားသောကြိုးများ
လမ်းကို မြင်ရဖို့
ခေါင်းကို ငဲ့စောင်း
အဝိဇ္ဇာဟာ တကယ့်ကို မှောင်ပုံရပါတယ်။

ဘဝတံတိုင်းထဲက အုတ်ချပ်တိုင်းကို
ကိုယ့်လက်နဲ့ကိုယ် ပြီးမြောက်စေခဲ့ပြီးမှ
လွတ်လပ်မှုကို
ငတ်မွတ်ရပြန်သတဲ့
ဘွန်ဇိုင်းတစ်ပင်တွေ့တိုင်း
ငါ မျက်နှာလွှဲတယ်
ရှောင်လို့မလွတ်တဲ့ ကျည်ဆံက
ထုတ်ချင်းပေါက်သွားတော့မှ
ဘဝ ဆိုတာ
ဒါပါလား လို့ အသိ တကယ်မရဘဲ ရချင်ယောင်ဆောင်ဉာဏ်နည်းရပြန်ပေါ့။

လှေကားထစ်အတိုင်း
တက်လာခဲ့
လှေကားအိမ်တစ်ခုလုံးက
ဆင်းသက်နေတာ မသိခဲ့ဘူး
အိပ်မက်လား
အရေးမကြီးဘူး
ကိုယ့်အယူသည်းမှုမှာ ကိုယ့်အသက်ပါသွားနိုင်တယ်။

မြစ်တစ်စင်း ဖြစ်ခဲ့မယ်ဆို
ဘယ်အထိ စီးဆင်းကြရမှာလဲ။
ကမ်းပါး ဖြစ်ခဲ့မယ်ဆို
ဘယ်အထိ တည်မြဲကြရမှာလဲ။

မေတ္တာတရားအကြောင်း သိသလား
ကိုယ်တော့ လူကြားထဲ
ယောင်လို့ ပါးစပ်မဟရဲ
တစ်ချို့တွေ သိပ်ရဲကြတယ်။

တတ်နိုင်သမျှ
အရိုးရှင်းဆုံး ပြောတယ်
အရိုးရှင်းဆုံး ရှင်သန်တယ်
နောက်ဆုံးတစ်ကြောင်းကို ဘယ်လိုရေးဖြစ်မလဲ။

အတိတ်က
စားပွဲပေါ်မှာ လက်ဖက်ရည်တစ်ခွက် တင်ထားတဲ့ လက်ရှိထက်
ပိုအရောင်စုံတယ်
ဆွဲချလိုက်သော မျဉ်းကြောင်းများ
ယိုင်ထိုးနေသလား
အစကတည်းက အကုန်ဖြောင့်တန်းဖို့
မရည်ရွယ်ခဲ့ရိုးအမှန်
မိတ်ဆွေများကို
အဖန်ရည်ခွက်ထဲမှာ လွယ်လွယ်မမြင်ရတော့။


နွေအပြ နွေအပြော -

မော် နဲ့ စတာလင်တို့ကို ဗိုလ်ချုပ်ဈေးဘေးမှာ
ပခုံးချင်းယှဉ်သွားတာတွေ့လိုက်ရတယ်
ခပ်လှမ်းလှမ်းထပ်လျှောက်မိတော့
ဟိန္ဒူဘုရားကျောင်းရဲ့ မျက်စောင်းထိုးလမ်းတစ်ဖက်မှာ
ငါးပါးသီလသီချင်းဖွင့်ထားတဲ့အလှူခံမဏ္ဍပ်။


နွေအပြ နွေအပြော -

ဟောဒီဆေးတောင့်သေးသေးထဲမှာ
လူအတွက် လိုအပ်တဲ့
ဗီတာမင်များ
အာဟာရများ
လုံလောက်စွာ ပါဝင်သတဲ့
လေးနက်သိပ်သည်းလှပါလား
နတ် လည်း နတ် အလျောက်
အာဟာရသိဒ္ဓိပြီးမြောက်ချင်တယ်
လူ လည်း လူ အလျောက်
အာဟာရသိဒ္ဓိပြီးမြောက်ချင်တယ်
ပုထုဇဉ်အချင်းချင်းပဲ
မျှပါတယ်

ရေမဝတဲ့ သစ်ပင်ငယ်တစ်ပင်
အရောင်မထွက်နိုင်ဘူး
လောင်စာအပြည့်နဲ့ ထွက်ခွါသွားတဲ့ ဟီးနိုးကားတန်းကြီး
မီးခိုးတွေ၊ ဖုန်လုံးတွေ
ရောထွေး
နောက်ဆံတင်းနေကြတဲ့ အကြည့်တွေ
မီးခိုးတွေကြားမှာကို
သိသိသာသာမြင်နိုင်တယ်

အဲဒီတုန်းက သိခဲ့တယ်မဟုတ်လား။


နွေအပြ နွေအပြော -

ဝါးကပ်ထရံမှာ လာစွဲတဲ့ မီးက
နွေမကုန်သေးကြောင်း
အချက်ပြတယ်
ခဲနေတဲ့ တရား
အကုန်ပျော်
မြဲနေတဲ့ အစွဲတော့
အမြဲ မြဲ။


နွေအပြ နွေအပြော -

ချောက် ခြားလို့
ခြောက်ခြားတဲ့
အပြ
မှုန်ပျပျ
ငြိမ်ငြိမ်နေဖို့ ပြော
ခေါင်းပြန်ညိမ့်ပြ
ဝုန်း ကနဲ
ပြာများ
ရုတ်တရက်
ပျာသွား
အဆောတလျင် လို့ပြောရင် တစ်မျိုးဖြစ်နေမလား
နေဝင်သွားပုံကို
စောစောက မြင်လိုက်သင့်
လုံးလုံးမမှောင်သေး
လမ်းမီးတိုင်များ
ဝဲဘက်ကလမ်းပေါ် ဖြာကျ
ညာဘက်မှာ ကန်ရေပြင်
လေငြိမ်
အမှတ်တမဲ့ဆို ကျောက်ဖျာတစ်ချပ်အတိုင်း
ရေပြင်မှာ လှိုင်းသေးသေးလေးတွေ
ပြင်လိုက်၊ ပျက်လိုက်။


နွေအပြ နွေအပြော -

မှန်ရောင်ဟပ်ပြီး စူးနေသော အိပ်မက်
ကိုယ် ဘယ်လို သေသေချာချာမြင်နိုင်မှာလဲ
အတိအကျရည်ရွယ်ပြီး အိပ်ရာဝင်ခဲ့တာ သိစေချင်တယ်
အတိအကျရည်ရွယ်
သေသေချာချာ
အိပ်ရာဝင်
မြင်နိုင်မှာလဲ
သိစေချင်
ကိုယ် ဘယ်လို
အိပ်မက်။


နွေအပြ နွေအပြော - ၁၀

ဒုက္ခကို သိလျက်နဲ့ တဒင်္ဂသာသာချင်ဇောအတွက် အနာတရအဖြစ်ခံတာ ပုထုဇဉ်သဘောပဲ ဖြစ်မှာပါ။ အကြောင်းပြချက် ရှာတတ်လေ ဒုက္ခကို ကြည့်ပျော်ရှုပျော် အရောင်ဆိုးတတ်လေ။ သံသရာက ဆုံးမှာလည်း မဟုတ်ပါဘူး။


ဝင်းမင်းထွန်း
၂၀၁၆