> သီဟသူ [dot] blogspot [dot] com: ကိုရွေး
Showing posts with label ကိုရွေး. Show all posts
Showing posts with label ကိုရွေး. Show all posts

May 7, 2012

ငါတို့ရဲ့ လှုပ်ရှားမှုတိုင်းဟာ လျှပ်စစ်ဓာတ်တွေ ထွက်နေစေရမယ်


လောင်စရာမရှိတော့ စိတ်ကိုလောင်တယ်
ခန္ဓာကိုလောင်တယ် ဆံပင်တွေဟာ
သစ်ရွက်ကြွေသလို ကြွေကျကုန်တယ်
တနင်္ဂနွေကနေ စနေအထိလောင်တယ်
ဒီဇင်ဘာကနေ နိုဝင်ဘာအထိလောင်တယ်
အတွေးဟာ အငွေ့တလူလူနဲ့ မဆုံးနိုင်
အစာအိမ်ထဲကို ရေမောင်းထည့်ဖို့ကြံတာ မအောင်မြင်သေးဘူး
ငါတို့အမြဲတမ်း ဘာလုပ်နေကြသလဲ၊ အဆက်မပြတ်၊ အမြဲ၊ နေ့ည၊ အချိန်နဲ့အမျှ
အိပ်၊ စား၊ ကာမလား၊ ငွေရှာတာလား
ပညာ၊ ကုသိုလ်၊ အကုသိုလ်၊ တစ်ခုခုလား၊ အမြဲတမ်းလေ၊ အမြဲတမ်းပေါ့
အဆက်မပြတ်ပေါ့၊ တရစပ်ပေါ့၊ လမ်းလျှောက်နေတာလား
တွေးနေတာလား၊ စိတ်ကူး၊ ကြံစည်၊ အခြားသောအရာ
ဓာတု၊ ရူပ အစရှိသော ဗေဒများလား
ခလုတ်တွေလည်း ဖွင့်တိုင်းမလင်းတော့ဘူး မဟုတ်လား
စိတ်ဟာ တဖျပ်ဖျပ်လောင်လို့
လျှပ်စစ်ကို ဓာတ်လိုက်ဖို့ လိုက်နေတော့တာပဲ
ငါတို့အလှုပ်တွေက လျှပ်စစ်ဓာတ်ထုတ်ယူမယ်
လှမ်းလိုက်တဲ့ ခြေလှမ်းတိုင်းဟာ လျှပ်စစ်ဓာတ်ထွက်ရမယ်
မြင်စရာနဲ့ အမြင်အာရုံထိတွေ့တာနဲ့ လျှပ်စစ်ဓာတ်ထွက်ရမယ်
အသံနဲ့ အကြားအာရုံ ထိတွေ့တာနဲ့ လျှပ်စစ်ထွက်ရမယ်
အဲဒီလို အာရုံငါးပါးကနေ လျှပ်စစ်ဓာတ်ထုတ်ယူရမယ်
ကဗျာရေးရင် စာလုံးတွေက လျှပ်စစ်ဓာတ်ထွက်မယ်
ပန်းချီဆွဲရင် ဆေးစက်တွေက လျှပ်စစ်ဓာတ်ထွက်မယ်
အောဟစ်ဆဲဆိုရင်၊ ငြင်းခုန်ရင်၊ သဘောမတူရင်
ဒေါသဖြစ်ရင်၊ စိတ်ဆင်းရဲရင်၊ ရန်ပွဲတွေ၊ စစ်ပွဲတွေ၊ မျက်လှည့်ပွဲတွေ
ချစ်သူခြင်းတွေ့ကြတဲ့အခါ၊ လင်နဲ့မယားချစ်ခန်းဖွင့်တဲ့အခါ
စိတ်ပျော်ရွှင်တဲ့အခါ၊ စိတ်ငြိမ်းချမ်းတဲ့အခါ
တရားဓမ္မနှလုံးသွင်းတဲ့အခါ၊ ရပ်နေမယ်၊ ထိုင်နေမယ်
လျောင်းနေမယ်၊ ဘယ်လိုဣတ္ထိယပုဒ်နဲ့ဖြစ်ဖြစ်ပေါ့
လျှပ်စစ်ဓာတ်တွေ ထွက်နေရမယ်
လျှပ်စစ်ဓာတ်တွေကို ငါတို့ သိမ်းထားမယ်၊ ထုတ်သုံးမယ်
ဝေငှမယ်၊ ဖြန့်ဖြူးမယ်၊ ဖလှယ်မယ်
ဘယ်သူ ဘယ်လောက်လိုနေသလဲ၊ ဘယ်သူဘယ်လောက်ပိုနေသလဲ
ဒါတွေဟာ အဖြစ်အပျက်တွဟာ ငါတို့ဟာ
လျှပ်စစ်ဓာတ်ထုတ်လုပ်ရာဌာနတွေ လောင်စာတွေပဲ
ကမ္ဘာကျော်လက်ဝှေ့သမားရဲ့ လက်သီးတစ်ချက်ဟာ
မြို့ကြီးတစ်မြို့လုံးကို ညတိုင်းလင်းလက်ထားနိုင်ရမယ်
ကမ္ဘာကျော်ဘောလုံးသမား ခရစ်စတီယာနိုရော်နယ်ဒိုရဲ့ ကန်ချက်ဟာ
ကမ္ဘာ့နေရာအနှံ့အပြားကို လက်ခုပ်သံအဖြစ်ရောက်သွားမယ်
အဲဒီလက်ခုပ်သံတွေက လျှပ်စစ်ဓာတ်တွေ ထွက်လာမယ်
သတင်းတစ်ပုဒ်ဖြစ်စေ သီချင်းတစ်ပုဒ်ဖြစ်စေ လျှပ်စစ်ဓာတ် ထုတ်လုပ်နိုင်ရမယ်
ဘော့စနီးယားက ဘာသာမတူတဲ့ ချစ်သူနှစ်ဦး
အချစ်နဲ့ ငြိမ်းချမ်းရေးအတွက် အသက်ပေးသွားကြတယ်
ဒီအလင်းက လူတိုင်းကို လက်သွားစေခဲ့တယ်
ဖိလစ်ပိုင်လက်ဝှေ့ကျော် ပြိုင်ပွဲဝင်တဲ့နေ့က
ပြည်တွင်းစစ်ကို ရပ်တန့်ထားကြတယ်တဲ့
ဒါဟာ သတင်းကနေ အလင်းထုတ်လုပ်လိုက်တာပဲ
ဒါဟာ အလင်းကိုလမ်းဖွင့်လိုက်တာပဲ၊ လျှပ်စစ်ဓာတ်ထုတ်လုပ်လိုက်တာပဲ
ငါတို့လမ်းထဲက လူတွေက ဟိုဘက်လမ်းမှာ ပညာသွားရှာကြတယ်
ဟိုဘက်လမ်းက လူတွေက ငါတို့လမ်းမှာ စီးပွားလာရှာကြတယ်
အလင်းကို သွယ်ယူကြတယ်၊ လျှပ်စစ်ဓာတ်ထွက်နေစေရမယ်
ဒီလိုနဲ့ ငါတို့ဦးခေါင်းတွေ အမြဲတမ်းလင်းနေစေရမယ်
ဘာပဲဖြစ်ဖြစ် ငါတို့ဦးခေါင်းတွေ ဘယ်တော့မှ အမှောင် မကျရောက်စေရဘူး
ဘာပဲဖြစ်ဖြစ်ပေါ့၊ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့...


ကိုရွေး
ကမ္ဘာ့ကဗျာနေ့ ၂၁၊ မတ်လ
ပကြိမ်၊ ၂၁၊ မတ်လ၊ ၂၀၁၂။
အိပ်မက်ရိပ်စာပေ

Jul 2, 2011

အရူးမှာ လိုင်စင်ရှိတယ်

ခြုံထည်ကြီးထဲက ရုန်းထွက်လို့မရတော့ဘူး
ကတ်ကြေးသံတချပ်ချပ်က နားယားတယ်
ငါ့ကိုကြည့်နေတဲ့ မှန်ထဲက မျက်လုံးဟာအသည်းယားစရာ
မှန်အပြင်က ငါ့ခေါင်းကိုစမ်းကြည့်မိတယ်၊ ရှိသေးတယ်
ဆံသဆရာဟာ ဘောလုံးပွဲမှာ
သူကိုယ်တိုင်ဝင်ကန်ခဲ့သလိုမျိုးပြောတယ်
ဒိုလေး၊ ဘက်ခမ်း၊ ဘန်ပါစီ၊ မက်စီ၊ ကာကာ
ငါ့ရှေ့ရောက်လာသလိုပဲ
ငါတွေ့နေရတဲ့ မှန်ထဲက ဂျာနယ်အပုံဟာ ထခုန်နေတော့တာပဲ
ဘရိတ် ခဏခဏအုပ်တယ်
အဆိုတော်ဟာ သီချင်းဆိုရင်း စာသားမေ့သွားဟန်ရပ်တန့်
စဆိုတဲ့ စာသားက တီးလုံးရှေ့ ပြေးထွက်လာ
သရဲနဲ့ ရုတ်တရက်တွေ့လိုက်ရသလိုမျိုး
သရဲဆိုလို့ ညက သူကြည့်ခဲ့တဲ့ သူရဲကားအကြောင်း
စိတ္တဇလူသတ်သမားဟာ ကြည့်သူကိုတောင်
စိတ္တဇဖြစ်လာစေတယ်ဆိုပဲ
မြို့ကြီးတစ်မြို့မှာ စိတ္တဇလူသတ်သမားဟာ ဆံသဆရာဆိုလား
ဆံသဆရာဟာ မြို့ကြီးတစ်မြို့မှာ စိတ္တဇလူသတ်သမားဆိုလား
သူကိုယ်တိုင်က ဆံသဆရာလား၊ စိတ္တဇဝေဒနာသည်လား
သူ့အမူယာတွေ လေယူလေသိမ်းတွေ ခွဲခြားရခက်လာ
ဘုရား ဘုရား ငါ ထပြေးရမလား
တစ်ခြမ်းပြောင်၊ တစ်ခြမ်းမှောင်နေတဲ့ ငါ့ဦးခေါင်းနဲ့ ဖြစ်ပါ့မလား
တကယ်တော့ဗျာ နံရံမှာချိတ်ထားတဲ့ ကျားခေါင်းနေရာမှာ
ခင်ဗျားဆံပင်ပုံမျိုးနဲ့ လူဦးခေါင်းတစ်ခု ချိတ်ထားရမှာ
ဒါမှ ဆိုင်ရဲ့ကြော်ငြာဟာ ပေါ်လွင်မှာမဟုတ်လား
လူတွေ စိတ်ဝင်စားမှာ မဟုတ်လား
ဘုရား ဘုရား ဒီလူ အတည်ပြောနေတာများလား
သူ့ခြေထောက်ကို ပွတ်သပ်နေတဲ့ ကြောင်ကလေးကို ကန်ထုတ်လိုက်ပုံ
ကြောင်ကလေး ဘောလုံးတစ်လုံးလို လွင့်သွားပုံ
နံရံနဲ့ထိပုံ၊ ပြုတ်ကျလာပုံ၊ ကြောင်ကလေးညည်းညူနေပုံဟာ
တစ်စက္ကန့်အတွင်း အဖြစ်အပျက်
သူ့မျက်နှာဟာ သူဘာမှ မလုပ်လိုက်သလိုမျိုး အေးစက်
ဓားအိမ်ထဲမှာ ဘလိတ်ဓားအသစ်ထည့်နေပုံက
အေးဆေး တိကျ မြန်ဆန်လွန်းတယ်
သူ့မျက်နှာရှေ့ တဝီဝီပျံသန်းနေတဲ့ ယင်ကောင်ကို ပိုင်းချလိုက်ပုံဟာ
ငါ့ ပါးစပ်ကို အဟောင်းသားပွင့်သွားစေတယ်
ငါ့ ဝတ်ရုံအဖြူပေါ် ပြုတ်ကျလာတဲ့ ယင်ကောင်တစ်ပိုင်းဟာ
ငါ့ဆံပင်နဲ့ရောထွေးလို့ တောင်ပံတစ်ဖက် ခတ်နေတုန်းပဲ
ငါ့ ကုတ်ပေါ်မှာ ဆံပင်မရှိတော့ဘူး
ငါ မျက်တောင်မခတ်ရဲဘူး မျက်တောင်တွေပြတ်ကျမှာစိုးလို့
ငါ မျက်စိမမှိတ်ရဲဘူး မြင်ကွင်းတွေပြတ်ကျမှာစိုးလို့
ထွက်ပြေးတဲ့ ငါ့စိတ်ဟာ ငါ့ခန္ဓ္ဓာထဲကထွက်မရဘူး
တဖျတ်ဖျတ်ခတ်နေဆဲ ယင်ကောင်တစ်ပိုင်းကို ကောက်ယူပြီး
သူ့လက်နဲ့ချေမွလိုက်တယ် အေးဆေးပဲ
သူ့အပြုံးဟာ ပန်းပွင့်သလို အနှေးပွင့်လို့
တရုတ်သိုင်းကားထဲက သူရဲကောင်းလိုလို
စိတ္တဇလူသတ်သမားလိုလို မျက်လုံးဟာ အေးစက် မာကျော တောက်ပ
နှုတ်ခမ်းကို တင်းတင်းစေ့လို့ မှန်ထဲက ငါ့မျက်လုံးကို
သူ့မျက်လုံးနဲ့ထိုးစိုက်ထားတယ်
သူ့လက်ဟာ တဆတ်ဆတ်တုန်လို့
ကျုပ်မှာ လိုင်စင်ရှိတယ်လို့ပြောတယ်။

ကိုရွေး
Idea မေလ၊ ၂၀၀၉
ကြည်လင်သောရေတံခွန်၊ ပကြိမ်၊ မတ်လ၊ ၂၀၁၁

ငှက်

တောင်ပံမီးစွဲနေတဲ့ ငှက်တစ်ကောင်
ဖြောင့်ဖြောင့်တန်းတန်း မပျံနိုင်ဘူး
*မြို့ရဲ့အူသံတွေဆီ

ဘယ်အကိုင်းမှာ နားမလဲ
ရင်ကို မြားတစ်စင်းလာစိုက်တယ်

ရွပ်ရွပ်ချွံချွံ လမ်းမှားပုံက
ကိုယ့်အမည် ကိုယ်မှန်းလောက်အောင်ပါပဲ။

လေထဲပျံတာတောင်
အရိပ်ကို ကြောင်ခုတ်ခံရတယ်
စက္ကူပန်းတွေလိုပဲ
ရနံ့မပါဘူး
စက္ကူပန်းတွေလိုပဲ
အရောင်မလွင့်ဘူး
ဒုက္ခစစ်စစ်တွေ မာခဲပုံက
ကဗျာတွေတောင် ဖျတ်ခနဲသေတယ်

သိပ်သိပ်သည်းသည်း လမ်းကလေးအတိုင်း
အတွေးတွေ တွယ်စီးလာရ
မြို့အူသံထဲက
တိုးထွက်လာခဲ့ပေမယ့်
တည့်တည့်မတ်မတ် မပြန်နိုင်တော့ဘူး
ဦးခေါင်းမီးစွဲလာတဲ့ ငှက်တစ်ကောင်။ ။

*မြို့အူသံ။ ။ အရှင်ဇနကာဘိဝံသ၏ အခြေပြုပဌာန်းစာအုပ်မှ

ကိုရွေး
ရုပ်ရှင်တေးကဗျာ
ကြည်လင်သောရေတံခွန်၊ ပကြိမ်၊ မတ်လ၊ ၂၀၁၁

မှန်စာတိုက်ထားတဲ့ကြိုးနဲ့ စွန်မလွှတ်ကြပါနဲ့ လေညင်းလေးတွေ နာကျင်မှာစိုးရဲ့

ဒီညနေခင်းဟာ သူ့ညနေခင်းလို့
ဒီကြိုးနဲ့ ဒီစွန်လေးဟာ ထာဝရဆက်သွယ်ခြင်းလို့
ဖေဖေဟာ အရာရာကို အောင်နိုင်သူလို့
တွေးထင်ထားတဲ့ မျက်ဝန်းလေးတစ်စုံ၊ ပျော်လို့

အပြာရောင်နောက်ခံမှာ
အနီစက်လေးတစ်စက်
သူခတ်နှိပ်ထားတဲ့ကောင်းကင်ရဲ့ တံဆိပ်တော်

မြင်ကွင်းထဲ ရုတ်တရက်
ထောင့်ဖြတ်ဝင်လာတဲ့စွန်ကလေး
သူ့အဖော်လို့ထင်ခဲ့

သူ့လက်ဟာတုံ့ခနဲ
သူ့ရင်ဟာဆတ်ခနဲ

သူ့နှုတ်ခမ်းမှာ မှန်စာမပါတဲ့မေးခွန်း
သူ့မျက်ဝန်းမှာ အံ့သြတဲ့ နားမလည်ခြင်း

"ဖေဖေ
တခြားစွန်တွေမှာ ဓားပါသလား
သားစွန်လေးက ပြန်မလာတော့ဘူးလား"
ကျွန်တော်
အဖြေကိုစဉ်းစားရင်း
သူ့မေးခွန်းတွေကို
ရစ်ဘီးထဲ ရစ်သွင်းနေမိတယ်
ကျွန်တော်နဲ့သား လွင့်ငေး၊ ငေးနေရ
ပြတ်သွားတဲ့စွန်ကလေးကို စိတ်နဲ့ လိုက်ဆယ်နေကြ

အမှောင်တွေ ပြိုဆင်းလာပြီသားရေ

မှန်စာတိုက်ထားတဲ့ လမ်းကလေးအတိုင်း
ကျွန်တော်က သားလက်ကိုဆွဲလို့
သားက စွန်မပါတော့တဲ့ ရစ်ဘီးကလေးကိုကိုင်လို့။

(သားငယ်လေးစွန် စ လွှတ်သောနေ့ အမှတ်တရ)

ကိုရွေး
ရတီ၊ ဒီဇင်ဘာ၊ ၂၀၀၄
ကြည်လင်သောရေတံခွန်၊ ပကြိမ်၊ မတ်လ၊ ၂၀၁၁