> သီဟသူ [dot] blogspot [dot] com: သီဟသူ
Showing posts with label သီဟသူ. Show all posts
Showing posts with label သီဟသူ. Show all posts

Mar 21, 2023

တကယ်ရှိသော နေ့များ (၇၇၉)

မနှစ်တနှစ်က ဒီရက်ဟာ (၄၉)
မနှစ်က ဒီရက်ဟာ (၄၁၄)
ဒီနှစ် ဒီရက်မှာ (၇၇၉)
ကြာခဲ့ပြီ
အမှောင်ထဲမှာ
ကဗျာ (နေ့)

သီဟသူ
မတ် ၂၁၊ ၂၀၂၃။

Aug 4, 2022

ပုံမှန် မနက်ခင်း

.
ငါဟာ သွေးရွှဲရွှဲစိုနေတဲ့ မြေကြီးထဲက ထိုးထွက်လာတဲ့
နွေဦးပန်းပွင့်အသွင်ရှိတဲ့
စိတ်ကူးတခု။

ငါတို့ နေထိုင် နေထိုင် နေထိုင်ခဲ့ကြပြီး
အသက်ရှင်နေရခြင်းကို မြတ်နိုးခဲ့ပုံများ။

ငါတို့ လက်မလွတ်ချင်ခဲ့ကြဘူး။
.
Joy Harjo
.
သီဟသူ မြန်မာပြန်သည်
သြဂုတ် ၄၊ ၂၀၂၂။
_____________________________________________________

Indie သီချင်းထဲက သာမန်လူတယောက်
=========================
မသေသေးကြောင်း ပြုံးပြလိုက်ပြီး
မနက်စာကို ခပ်သွက်သွက် လက်စဖြတ်လိုက်တယ်
အပြင်မှာ မိုးက လူရိုသေ ရှင်ရိုသေ ရွာနေသေးတော့
လက္ခဏာရေး သုံးပါး ထက်
ထီး က ပိုအရေးကြီးသွားပြီ
လွယ်အိတ်ထဲ ဖတ်လက်စ စာအုပ်တအုပ်ထည့်
​ဘုရားကန်တော့ပြီး
လမ်းမဆီ ထွက်လာ
အသက်ထက် ဈေးပိုရတဲ့ ခရီးတွေအတွက် ရေဝေးဖလား လုနေတဲ့ ကားသမားတွေ များနေတော့
လမ်းကို ချက်ချင်းမကူးရဲသေး
ထီးတဖက် / လွယ်အိတ်တဖက် နဲ့
မနက်ခင်းကို အန္တရာယ်ကင်းဂါထာ ရွတ်ပြီး
ဖြတ်ကူးရတယ်
ငါ့မိတ်ဆွေ မေးနေကျ စကားလေး စိတ်ထဲ အမှတ်ရ
"ခြေနေ"...။
#ဝင်းမင်းထွန်း
၀၄/၀၈/၂၀၂၂
ကြာသပတေး
_____________________________________________________

တကယ်ရှိသော နေ့များ (၅၅၀)
.
"ခြေနေ" လို့ မေးလိုက်တိုင်း
အဖြေကို သိနေပြီးသား
ဆိုပေမဲ့ တကယ် မသိပါဘူး
ရန်ကုန်ရဲ့ အဝေးကလူဆိုတော့
မြေပြင်သတင်း မြေပြင်ဖီလင်နဲ့
အဟလေးတွေတော့ ရှိတာပေါ့
သမုဒ္ဒရာ ဝမ်းတထွာ က အခုမှ ဒုတ်ဒုတ်ထိ သိနေရတာ
အသက်နဲ့ရင်းပြီး သွားလာနေရသလို ခံစားနေရတာ
လူအဆင်ပြေတောင် စိတ်အဆင်မပြေ
မကောင်းတဲ့သတင်း
တွေပဲတော့ မဟုတ်ပါဘူး
ကဗျာအကြောင်း စာအကြောင်းနဲ့
ဖြေဆည်ရာတချို့
ပန်းချီကားတချို့ရယ်ပေါ့
ရယ်ပြီးရင်တော့ ရှိုက်ရတာပေါ့
အရှိုက်ခက်တဲ့အခါ
ငိုလိုက်ရတာပေါ့
အေးဗျာ
မလွယ်ဘူး
.
သီဟသူ
ဩဂုတ် ၄၊ ၂၀၂၂။
_____________________________________________________

Apr 9, 2021

ငါဟာ ပုံမှန်
မဟုတ်ဘူး ဆိုတာ ငါမသိခဲ့ဘူး


ငါမွေးဖွားခဲ့ရာ ဒေသရဲ့
ရေ မြေ လေ
ပုံမမှန်မှုကို
ငါမသိခဲ့ဘူး။

ရွာမလို တိမ်မည်းတွေရဲ့
အနောက်က 
အတိတ်ရဲ့ အရိပ်မည်း
ငါမသိခဲ့ဘူး။

နေရောင်ဟာ
အမှောင်ထဲ အလင်းတကွက်ထိုး
ငါ့မျက်စိကို စူးစေခဲ့
အမှောင်တွေကို
ငါမမြင်နိုင်ခဲ့ဘူး။

ပျော်ရွှင်ရီမောဖို့ထက်
ရီဝေ မူးလိုက်ရတယ်
ငါ့ လူငယ်ဘဝ
ပုံမှန် မဟုတ်ခဲ့ဘူး။

ဒီနွေဦး
ငါနေထိုင်ရတာ ပုံမှန်
မဟုတ်ဘူး၊
ဒါကို ငါသိတယ်။

ဒီနွေဦး
ကျဆုံးသူတွေ
စစ်ပွဲရှောင် ထွက်ပြေးရသူတွေ
နာကျင်
ငိုကြွေးသံတွေ
ငါမြင်တယ်
ငါကြားတယ်
ငါတောက်ခေါက်တယ်
ငါဟစ်အော်တယ်
ငါငိုတယ်။

ငါသိတယ်
ဒီနွေဦးမှ စ၍
အာဏာရူးကို ကမ္ဘာမကျေဘူး။ ။


သီဟသူ
ဧပြီ ၉၊ ၂၀၂၁။ 

Mar 25, 2021

အမှောင်ညများ

 ()

မှောင်ရိပ်ခို

သူတို့တွေ

ငါတို့မနက်ဖြန်

ငါတို့အနာဂတ်

ငါတို့တိုင်းပြည်ကို

ပြန်ပေးဆွဲသွားကြတယ်။

အလင်းရောက်လုခင်မှ။


()

ငါအိပ်ရာနိုးတော့

မနက်ခင်းဟာ မှောင်နေတယ်

ဖေဖေါ်ဝါရီ ၁၊ ၂၀၂၁။

ညတာရှည်ခဲ့ပြီ။


()

ည ၈ နာရီ

သံပုံးတွေ

နာနာတီး

အံကြိတ်

မျက်ရည်ကျ

ညဟာ အန်တုမှုတွေနဲ့ သက်ဝင်လို့။

ညဟာ တော်လှန်ရေး။


()

မန္တလေး လမ်းပေါ် စ ထွက်

နောက် ရန်ကုန်

နောက် တပြည်လုံး

လမ်းပေါ်ထွက်

ရှေ့လာမဲ့ အမှောင်လွှမ်း နေ့ညတွေကို ငြင်းဆန်တယ်

မတရားမှုကို ဖီဆန်တယ်

အာဏာရူး အလိုမရှိ

အာဏာဟာ ပြည်သူ့မှာတည်တယ်၊

သူတို့ သေနတ် စ ပစ်တယ်။

ညအမှောင်မှာ အနီစွန်းခဲ့ပြီ။


()

သူရဲကောင်းတွေကြွေတိုင်း

အံကြိတ်၊ လက်သီးကျစ်ကျစ်ဆုပ်

စစ်ခွေး သောင်းကျန်း သေနတ်သံနဲ့နေ့တွေ။

စစ်ခွေး ရမ်းကား အမှောင်ဖုံးညတွေ။


()

ရွေးခဲ့ပြီးသောလမ်း

သူတို့လမ်း နဲ့ ငါတို့လမ်း

အမှောင် နဲ့ အလင်း

နှစ်၆၀နီးပါး အရိပ်ထိုးနေခဲ့တဲ့

အမှောင်ထုကို ငြင်းဆန်ခြင်း

ငါတို့ရဲ့ လက်သုံးချောင်း သင်္ကေတ

ည၅၀ကျော် မှောင်ခဲ့တာ

ရက်၅၀ကျော် တိုက်ခဲ့ပြီ။

အမှောင်ဆုံးအချိန်တွေမှာ တွဲလက်တို့မြဲလို့ချီ

နေ့သစ်ကို ရောက်လုပါပြီ။


()

နေ့သစ်မှာ

လတ်ဆတ်သော လေကိုရှူ၍

ငါနေထိုင်မယ်

ဒါပေမဲ့

ဘယ်တော့မှ မမေ့ဘူး၊

ဘယ်တော့မှ ခွင့်မလွှတ်ဘူး။

ကမ္ဘာမကျေဘူး၊

ကမ္ဘာမကျေဘူး။ ။



သီဟသူ

မတ် ၂၄၊ ၂၀၂၁။


Mar 15, 2021

နွေဦး

ဒီကမ္ဘာ
ကိုယ့်ဒုက္ခနဲ့ကိုယ်၊ မင်းဒုက္ခနဲ့မင်း ဆိုရာမှာ
ဒီနွေဦးမှာ
ငါတို့ဒုက္ခဆိုတာ
ဖေဖေါ်ဝါရီ ၁၊ ၂၀၂၁ ကတည်းက
တိုင်းပြည်နဲ့ ပြည်သူ့အာဏာကို
အာဏာရူးမင်း‌အောင်လှိုင် ပြန်ပေးဆွဲတာပဲ
အာဏာရူးတယောက်တည်းပဲလားဆိုတော့
သူ့အလိုတော်ရိ စစ်ယူနီဖောင်းဝတ်တွေ၊ ရဲယူနီဖောင်းဝတ်တွေလည်း ပါတာပဲ
စစ်၊ ရဲ ယူနီဖောင်းဝတ်တွေ အပြင် ရုံးတက်မပျက် "ပြည်သူ့ဝန်ထမ်း" ဆိုသူတွေလည်းပါတာပဲ
ဝန်ထမ်းဆိုသူတွေအပြင် နိုင်ငံရေးသမား အယောင်ဆောင်တွေ၊ ပါတီတွေလည်း ပါတာပဲ
ဒါ့အပြင် အရပ်ထဲက ဒလန်တွေလည်း ပါတာပဲ
ဒလန်တွေအပြင် ခြံစည်းရိုးခွထိုင်သူတွေလည်းပါတာပဲ
သူတို့တွေ၊ သူတို့တွေ
သူတို့တွေကြောင့်
ငါတို့တွေ လမ်းတွေပေါ်ထွက်
ငါတို့ပေးခဲ့‌တဲ့ မဲတွေကို လေးစားဖို့
ငါတို့တွေ ဆန္ဒထုတ်ဖော်
ငါတို့ သံပုံးတွေတီးလို့
ပြင်းပြတဲ့ဆန္ဒမှတပါး
လက်နက်မပါတဲ့ ငါတို့ကို
အာဏာရူးနဲ့
သေနတ်ကိုင်ပြီး အမှန်တရားဖိနှိပ်ရတာကို အားရနေတဲ့ အလိုတော်ရိတွေက
ငါတို့ တိုင်းပြည်နဲ့လူငယ်တွေကို ပစ်သတ်နေတယ်
ငါတို့ တိုင်းပြည်နဲ့လူငယ်တွေ‌ရဲ့အနာဂတ်တွေကို ပစ်သတ်နေတယ်
မန္တလေး၊ မြိတ်၊ နေပြည်တော်၊ ရန်ကုန်၊
ဘားအံ၊ ပဲခူး၊ ထားဝယ်၊ ပခုက္ကူ၊
မော်လမြိင်၊ တောင်တွင်းကြီး၊ စလင်း၊ မုံရွာ၊
မြင်းခြံ၊ ကလေး၊ ပင်လောင်း၊ မကွေး၊
ထီးလင်း၊ မူဆယ်၊ မြစ်ကြီးနား၊
ဖျာပုံ၊ မြိုင်၊ ချောက်၊ ပြည်။
ကျဆုံးသူရဲကောင်းများ၊
ဒဏ်ရာရ သူရဲကောင်းများ၊
သူရဲကောင်းတွေကို ထိမှန်တဲ့ ကျည်ဆန်တိုင်းအတွက် ငါတို့အားလုံး ကြေကွဲရ
သူရဲကောင်းတွေကို ရိုက်တဲ့ ရိုက်ချက်တိုင်းအတွက် ငါတို့အားလုံး နာကျင်ရ
ဒါပေမဲ့
ငါတို့ ကြေကွဲရမှုတိုင်းဟာ အာဏာရူးကို ဖြုတ်ချဖို့ ဖြစ်တယ်
ငါတို့နာကျင်ရမှုတိုင်းဟာ အာဏာရူးနဲ့ အလိုတော်ရိတွေ ကျဆုံးဖို့ ဖြစ်တယ်
ငါတို့ ဒေါသထွက်ပြီး နိုးထရတဲ့ မနက်ခင်းတွေနဲ့
ငါတို့ ဝမ်းနည်းမှုနဲ့ ကုန်ဆုံးရတဲ့ ညတွေနဲ့
ဒီနွေဦးမှာ
၁၉၆၂ က စ တဲ့ သန္ဓေမမှန်တဲ့ အာဏာရူး မျိုးဆက်ကို
ငါတို့ဖြုတ်ချတော့မယ်
ပြည်သူ့အာဏာ ပြည်သူပြန်ယူမယ်
ငါတို့ပြည်သူတွေ ညီကြမယ်
ငါတို့ပြည်သူတွေ ညီတယ်
တယောက်ကို တယောက် အားပေး
တယောက်ကို တယောက် ဖေးမလို့
ဒီ နွေဦးတော်လှန်ရေး
အရေးတော်ပုံ အောင်တော့မည်
အရေးတော်ပုံ အောင်တော့မည်
အရေးတော်ပုံ အောင်တော့မည်။ ။


သီဟသူ
မတ် ၁၄၊ ၂၀၂၁

*မြို့အမည်များကို ကျဆုံး သူရဲကောင်းများ ပေါ်ထွန်းခဲ့ရာ အချိန်စဉ်အတိုင်း heroesofmyanmar.com ကို ကိုးကား ထားပါတယ်။

Jul 9, 2016

ချာတိတ်ဘဝ-၉

အဲဒီတုန်းက
စီဒီ၊ အမ်ပီသရီး
မလွယ်ကူဘူး။
ဝေါ့ခ်မန်းလည်း
ကိုယ့်မှာ လွယ်လွယ်ကူကူ
မကိုင်နိုင်ခဲ့ဘူး။
ကက်ဆက်တိပ်ခွေ
တွေနဲ့ပဲ ဂီတကို
ရင်းနှီးရ။
မြူးဇစ်ပလပ်က
တိပ်ခွေတွေနဲ့
နိုင်ငံခြားဂီတ
ရင်းနှီးရ။
အင်တာနက်ကမရှာ၊
အခွေကာဗာ
အထဲမှာပါတဲ့
သီချင်းစာရွက်နဲ့
ကက်ဆက်ကြီးရှေ့ထိုင်
အလွတ်ရတဲ့အထိ
သီချင်းကျက်၊
ဂီတနဲ့ယဉ်ပါးအောင်
အားထုတ်ခဲ့ရ
အဲဒီတုန်းက
ချာတိတ်ဘဝ။ ။ 

သီဟသူ

Jul 8, 2016

ချာတိတ်ဘဝ-၈

ဒီအမေနဲ့အဖေရှိလို့သာပဲ
အမေ အဖေကို
ကလန်ကဆန်လုပ်နိုင်တဲ့ချာတိတ်
ဘဝကိုရခဲ့။

ဘယ်လိုဖြစ်ဖြစ်
ချစ်နေဦးမယ့်
လူနှစ်ဦး
ရခဲ့၊ ရှိနေဆဲ။

အဆုံးမရှိ
မေတ္တာနဲ့။ ။

သီဟသူ

Jul 7, 2016

ချာတိတ်ဘဝ-၇

အဲဒီတုန်းက
ကျွန်တော်
ချာတိတ်ဘဝ
ညဘက်
ကျကျနန
စ ထိုင်ဖြစ်တဲ့
လက်ဖက်ရည်ဆိုင်
'အချစ်ရွာ' ကနေ
ညသန်းခေါင်
အိမ်ကို စက်ဘီး
စီးပြန်လေ့ရှိတယ်။

ဒီည
သန်းခေါင်မှာ အိမ်အပြန်
'အချစ်ရွာ' မှာ နားထောင်ခဲ့တဲ့
'လမ်းနဲ့အလွမ်း' ကို တိုးတိတ်ညည်းမိ။
ဒီညသန်းခေါင်
အိမ်အပြန်လမ်းမှာ
ကျွန်တော့် ပျိုရွယ်မှု
ကျွန်တော့် ချာတိတ်ဘဝ
ဟိုး ပြန်မလာအတိတ်ကို
ကျွန်တော် တိုးတိုးလေး
ညည်းခဲ့။ ။

သီဟသူ
၁၇/၀၂/၂၀၁၆

Oct 4, 2015

ဝိုင်ဂျီအန် '၁၅ (ဖျတ်ခနဲ ရန်ကုန်)

ရက်အနည်းငယ်မျှသာ
မိုင်ထောင်အနည်းငယ်
အဝေး
အဲဒီသောက်မီးခိုးငွေ့တွေရဲ့
အဝေး
ဒါပေမဲ့ ဒီမှာ သောက်လမ်းတွေ
ပိတ်တာကို ကျွန်တော် သောက်ရမ်းမုန်း
အနည်းငယ် စိတ်ကျဖို့ကောင်း
အနည်းငယ် ဈေးပိုသက်သာ
ဒါပေမဲ့ ပန်းသီး
ဟာ အပင်ရဲ့ဝေးဝေးကို ကြွေမကျဘူး
လူတွေဟာ ပြောင်းလဲသွားကြ
ဒါပေမဲ့ များသောအားဖြင့် ပိုလို့တော့ ကောင်းမလာ
ဒါတွေအားလုံး
မလုံလောက်ဘူး
အခု လူတိုင်း ပျံသန်းလို့ရနိုင်ပါပြီ။ ။


သီဟသူ
၂၄၊ ၀၉၊ ၂၀၁၅

ဓာတ်ပုံတွေ စကားပြောနိုင်လား။ မလုံလောက်ဘူး။ အဲဒါကြောင့် ဒီဟာကို ကျွန်တော်ရေး

ဓာတ်ပုံတွေ စကားပြောနိုင်လား။
မလုံလောက်ဘူး။
အဲဒါကြောင့် ဒီဟာကို ကျွန်တော်ရေး။



ပါ့စ်ပို့
ဓာတ်ပုံရိုက်ဖို့သွားခဲ့တိုင်း
အဖြူအမည်း
ပဲ ရိုက်ခဲ့။
ဆံပင်အရှည်၊
အမေဒေါသထွက်ရုံမျှ အရှည်၊
ကိုယ့်ကိုယ်ကို ဂေါ်တယ်
အထင်ရောက်ရုံမျှ အရှည်၊
ဒါပေမဲ့ မလုံလောက်ဘူး။
ဒါပေမဲ့ နေ့တွေကတော့
နာကျင်ရမှုကို လုံလုံလောက်လောက်
ပေးခဲ့တယ်။
လိုတာထက်ပိုခဲ့။
ဆယ်စုနှစ်
တစ်ခုကြာပြီးနောက်
ကျွန်တော်
ပိုပြီးတော့ နေလို့ကောင်း
မလာ။
ဒါပေမဲ့ အဖြူအမည်း
ပါ့စ်ပို့ဓာတ်ပုံ
ကာလာ ပါ့စ်ပို့
ဓာတ်ပုံ
ခွဲ ပြောမနေတာ့ဘူး။


သီဟသူ
၂၀၁၅၀၉၂၁

Sep 11, 2015

ဒီညနေ

မိုးရွာအပြီး
၉ကနေ၅အပြီး
အိမ်
အပြန်
လမ်းမှာ
လေချွန်
လမ်းလျှောက်ခဲ့၊
ဘယ်သူ့ကိုမှ
ဂရုမစိုက်၊
သူတို့တွေလည်း
နားကြပ်ကိုယ်စီတပ်
မျက်စိတွေလည်း
စမတ်ဖုန်းတွေကိုစိုက်ကြည့်၊
အဲဒီလိုဆိုတော့လည်း
ကျယ်နိုင်သမျှ
ကျယ်ကျယ်
လေချွန်ခဲ့။


သီဟသူ
၀၉၊ ၀၉၊ ၂၀၁၅

တနင်္ဂနွေ (အဖေနဲ့အမေသို့ တမ်းချင်း)

တနင်္ဂနွေညနေ
တံတားပေါ် လမ်းလျှောက်ထွက်
သက်ကြီးပိုင်းစုံတွဲ
သုံးတွဲ
ကျွန်တော် သတိထားမိခဲ့။

ပထမဆုံးက သူတို့
သမီးဖြစ်လိမ့်မယ်။
အဖေနဲ့ အမေ
ဟိုမှာရပ်၊ ဒီမှာရပ် ပြောပြီး
ဓာတ်ပုံရိုက်။
အဖိုးကြီးနဲ့ အဖွားကြီး
ကင်မရာရှေ့ မနေတတ်။
တည့်တည့်မကြည့်။
အမျိုးသမီး
သူ့အဖေနဲ့ အမေတို့ရဲ့ ပုံကောင်းကောင်းရဖို့
ကျွန်တော် ဆုတောင်းပါရဲ့။

ဒုတိယ
အဖိုးကြီးက အဖွားကြီးလက်ကိုဆွဲ
ဟိုမှာရပ်၊ ဒီမှာရပ်
ပြောပြီး ဓာတ်ပုံရိုက်။
အဖွားကြီး ကင်မရာရှေ့မနေတတ်။
တည့်တည့်မကြည့်။
သူတို့နှစ်ယောက်ကို
အတူတွဲ ဓာတ်ပုံရိုက်ပေးဖို့တော့
ကျွန်တော် အကူအညီမပေးမိခဲ့။

တတိယ
အဖိုးကြီးက ဓာတ်ပုံရိုက်ခါနီးတိုင်း
အဖွားကြီးကို ပြုံးဖို့ သတိပေး။
အဖိုးကြီးကလည်း ဓာတ်ပုံရိုက်တာ
ကုန်းလိုက် ကွလိုက်နဲ့ ကြိုးစားပမ်းစား။
အဖွားကြီး သဘောတွေကျ၊
အဖွားကြီး ပြုံးလို့။
ပုံတွေ ကြည့်ကောင်းမယ်ဆိုတာ
ကျွန်တော် လုံးဝ သံသယမရှိ။

ကျွန်တော်
အဖေနဲ့ အမေ
သတိရမိ။
ပထမ အဖိုးကြီးနဲ့ အဖွားကြီး
စုံတွဲကို တွေ့လိုက်ကတည်းက။

ဟိုဟိုဒီဒီ
ဓာတ်ပုံရိုက်ပြီး
ကျွန်တော်လည်း အိမ်ပြန်ခဲ့။
အဖေနဲ့ အမေ့အိမ်
အဝေးက အိမ်။

လမ်းမှာ ကျွန်တော် တွေးမိတယ်။

ဘဝနဲ့ သေခြင်း
အကြောင်း။

များသောအားဖြင်ကတော့
သေခြင်း။


သီဟသူ
၃၀၊ ၀၈၊ ၂၀၁၅

Aug 14, 2015

ဖြစ်တည်မှု (၅)

အခု မြေနီကုန်းမှာ၊ ဖတ်လက်စ စာအုပ်
၂၃.၃% ပြီးတော့ ၂၄%
လက်ကျန် ဘက်ထရီ
ညနေ ၁၉:၃၁

ရထားထဲ ဒီမျက်နှာတွေချည်း
ဒါပေမဲ့
ပြီးတော့ ကျွန်တော်လည်း အပါအဝင်

ဝတ်စုံမဝတ် ဂျင်းပင်ဝတ်
ဒါပေမဲ့ ကျွန်တော်လည်းပဲ လခစား

ဒီလိုနေ့တွေမှာ
ဘတ်စ်ကားဟာ အချိန်မှန်
ပြီးတော့ ရှေ့တည့်တည့်လာရပ်

လေယာဉ် ပထမတန်း
ကတော့ မစီးဖူးဘူး

အသက်၁၆နှစ်မှာ
အိမ်ကနေ ထွက်
မပြေး အဲဒီကတည်းကသိခဲ့
အမေ့အိမ်ထမင်း အိမ်ဟင်းသာ
အကောင်းဆုံး

ကဗျာ
ဖတ်တဲ့အခါ ဖတ်နေတာ
ကဗျာ
လို့ တင်ကူးစိတ်နဲ့
ဖတ်တယ်

ဒါဆို
ဒီဟာကော...

သီဟသူ
၂၈၀၇၂၀၁၅

Jul 18, 2015

အဲဒါ/အတွက်/တစ်ခွက်

အဲဒါ
အတွက်
တစ်ခွက်


ချင်းတွင်း
တစ်အုပ်
တစ်လေ
ရလို့
ကောက်ဖတ်
ယခင်
လမှ
အဆက်
ဆိုတာ
တွေ့လိုက်
ရတဲ့
အခါ
အဲဒါ
အတွက်
တစ်ခွက်။
ပန်းဆိုး
တန်းစာ
အုပ်ဆိုင်
သတိ
ရတဲ့
အခါ
အဲဒါ
အတွက်
တစ်ခွက်။
ကျစိမ့်
ကျောက်မြောင်း
သတိ
ရတဲ့
အခါ
အဲဒါ
အတွက်
တစ်ခွက်။
ကျွန်တော့်
အမှတ်
ရခြင်း
အများ
အပြား
အဲဒါ
တွေ

တွက်
...


သီဟသူ
၂၀၁၅၀၇၁၇

Jul 11, 2015

ဖြစ်တည်မှု (၄)

မနေ့က ကျွန်တော် အင်္ကျီအသစ်တစ်ထည်ရတယ်။
စာအုပ်တွေ၊ ကျွန်တော်ကြိုက်တဲ့ စာအုပ်တွေဟာ
ကျွန်တော့်အတိတ်နဲ့ စပ်ဟပ်လို့ရတာမျိုးတွေ။
ကျွန်တော် ဘာကိုကြိုက်မိမယ်
လုံးဝမတွေးတတ်ဘူး

အနာဂတ်မှာ။ နာမည်
ကို မမေ့ဘူး။
ဒါပေမဲ့ သူမရဲ့မျက်နှာ
လုံးဝဗလာ
အခု၊ ကျွန်တော့်မှတ်ဉာဏ်ထဲမှာ။

ကျွန်တော့်ရဲ့ ပီစီကို ဖောမတ်မချခင်
ဘက်ကပ်လုပ်တော့
ဖိုင်တွေ
အများကြီး
လုံးဝအရေးမကြီး

ကျွန်တော့်အတွက်။ ဒါတောင်မှ
အချိန်အကြာကြီး
ကျွန်တော်သိမ်းထားခဲ့။
ပြီးတော့ ဖြုန်းတီးခဲ့
မှတ်ဉာဏ်

နေရာတွေ။ ဒီနေ့၊ ကျွန်တော်
နေလို့ထိုင်လို့ကောင်း
ကျွန်တော့်မှတ်ဉာဏ်ကို
ဖောမတ်ချခဲ့ပြီး ဆံပင်ညှပ်ခဲ့ပြီး
မနေ့ကအင်္ကျီအသစ်ကို ဝတ်ဆင်ခဲ့။

သီဟသူ
၂၀၁၅၀၇၀၃

ငါ့လူငယ်ဘဝကို ဖော်ပြမယ့် တီရှပ်

-၁-
ငါကြိုက်တဲ့ သေနတ်များနဲ့ နှင်းဆီပန်းများ
ဒါမှမဟုတ်
ခပ်မိုက်မိုက် စာသားနဲ့
ဒါမှမဟုတ်
'ချေ'
ဒါမှမဟုတ်
'ကတ်'
ဒါမှမဟုတ်
ပလိန်းသက်သက်

ဒါပေမဲ့
အနက်ရောင်။ ။


-၂-
 လျှော်တာများပြီး အရောင်လွင့်
စတစ်ကာလည်း သိပ်မကျန်

"နင့်အင်္ကျီက အရောင်တောင်မပေါ်၊
စုတ်တီးစုတ်ဖတ်နဲ့"

အမေက မဝတ်ဖို့ပြောလည်း
ပြန်ပြန်ဝတ်

ငါ့အတွက်တော့
ဆေးသားအပြည့်နဲ့
အနက်။ ။


-၃-
အနက်ရောင်
တီရှပ်ပေါ်
အဖြူရောင်
သင်္ဘောဆေး
ΝIИ
လိုဂို
စပရေးဖျန်း
ကိုယ်တိုင်လုပ်
တီရှပ်
ငါဝတ်ခဲ့။

ငါအိမ်ကထွက်လာတော့
အဲဒီတီရှပ်
ငါနဲ့အတူ ပါမလာခဲ့။

ဒီတစ်ခေါက်
အိမ်အပြန်
ငါ့အဖေ
အရောင်မရှိတော့တဲ့
ငါ့ ΝIИ တီရှပ်
ကိုဝတ်ပြီး ကားရေဆေးနေတာ
ငါတွေ့ခဲ့ရ။

အရောင်မရှိတော့တဲ့
ငါ့ ΝIИ တီရှပ်ဟာ

ငါ့မျက်စိထဲမှာ
ငါ့လူငယ်ဘဝ၊
ဟုန်းဟုန်းတောက်
အနက်ရောင်တွေနဲ့။ ။

သီဟသူ
၂၀၁၅၀၇၀၁

သို့/ ဗျူကောင်းစကီး (၄)

လွန်ခဲ့တဲ့ များမကြာသေးမီကာလအထိ
ဦးလေးကြီးကို ကျွန်တော်
မသိဘူး။ ဘယ်သူလဲ

ဗျူကောင်းစကီးဆိုတာ။ အခု
ကြည့်လိုက်ပါဦး ဒီမှာ
ကျွန်တော် ဦးလေးကြီးဆီ

စာတွေဘာတွေရေးလို့။
ပြောချင်တာက ဒီနေ့
ကျွန်တော် အခမဲ့ညစာ၊

ဝိုင်တစ်ပုလင်း
လက်ဆောင်အဖြစ် ရခဲ့တယ်။
ချီးယားစ် ဦးလေးကြီး၊

များမကြာသေးမီကာလအထိ
ကျွန်တော်မသိခဲ့တဲ့
ဗျူကောင်းစကီး။

သီဟသူ
၁၄/၀၃/၂၀၁၅

သို့/ ဗျူကောင်းစကီး (၃)

ဘီယာ ၄ပိုင့်
အကုန် ဆိုင်ကပြန်
ပိုက်ဆံအိတ်ထဲ ရထား
လက်မှတ်ကတ်၊ ၂ဒေါ်လာ၊ နောက်ဆုံးအိမ်
အပြန် ရထားပေါ် ကောင်မလေး
ပေါင်၊ ခြေသလုံး - ခြေထောက်နှစ်ဖက်လုံး
အမာရွတ်တွေ

၀၀၂၃နာရီ
ဦးလေးကြီးလို ခြေထောက်
စိတ်ဝင်စားသူ
ဘာရေးဖြစ်မယ်
ကျွန်တော်
မသေချာ

"ကောင်လေးရ၊
အမာရွတ်တွေအကြောင်း ငါ
ရေးပါ့မလားကွ။"လို့ ပြောမှာ
သေချာ

၀၀၂၃နာရီ
ဦးလေးကြီး ထပ်သောက်ဖို့လုပ်ဦးမယ်
အသေအချာ။ ။

သီဟသူ
၂၆/၀၂/၂၀၁၅

သို့/ ဗျူကောင်းစကီး

မနေ့ကသောက်ခဲ့တဲ့ ဘီယာ
၂.၆လီတာရဲ့
ကယ်လိုရီပမာဏကို
တွက်ချက်ပြပါ။

ဒါမှမဟုတ်

"ကောင်လေးရ၊
မင်းသောက်တာ
နည်းလွန်းသကွ။"လို့
ပြောလိုက်စမ်းပါ။

သီဟသူ
၀၆/၀၂/၂၀၁၅

သို့/ ဗျူကောင်းစကီး (၂)

နောက်တစ်ဆိုင်ပြောင်းတော့ ဘီယာ
အမည်ပြောင်းသွားတယ်
စားပွဲထိုးကောင်မလေး ပြောင်းသွားတယ်။
မပြောင်းလဲတာကတော့. . .

ဒီအနေအထားရောက်လာရင်
"ကောင်လေးရ၊
သိပ်မတွေးနဲ့ကွ
သောက်သောက်။"လို့
လာပြောလှည့်ပါ။ ။

သီဟသူ
၀၇/၀၂/၂၀၁၅