> သီဟသူ [dot] blogspot [dot] com: ညီမွန်
Showing posts with label ညီမွန်. Show all posts
Showing posts with label ညီမွန်. Show all posts

May 26, 2010

အဖြစ်အပျက်တစ်ခု

အရိုးမှာထိုးတဲ့ တက်တူးလို
ကမ္ဘာဦးတီထွင်မှု မီးတောက်တစ်ခုလို
ဘဝထဲ ကျွမ်းလောင်။
အစွဲအလမ်းတစ်ခု
အသည်းကွဲခန်းတစ်ခု
ခရမ်းရောင် ငရဲပန်းတစ်ခု။
သွေးကြောထဲ မျောနေတဲ့ ဆူးတစ်ချောင်းလို
ထောက်မမီတဲ့ အနက်အရှိုင်းထဲက
ကျောက်ခဲလေးတစ်လုံးလို
အတိတ်တစ်ခု ထထခုန်။

ညီမွန်
၁၆-၃-၀၈

တစ်နှစ်စာ

စိတ်ဓာတ်က ဓာတ်လှေကားလို
တက်လိုက် ဆင်းလိုက်
တိုက်တစ်လုံးရဲ့အပေါ်ဆုံးလွှာမှာ
ပညာလိုလို ရှာတယ်
အောက်ဆုံးထပ်မှာ ဘဝကို ငေးသလိုလို
လက်ဖက်ရည်ဆိုင် ထိုင်တယ်။
တရားရသလိုလို
သူရဲဘောကြောင်သလိုလို
ခေတ်ကနေ ရှောင်ခွာတယ်
သူရဲကောင်းလိုလို
လူမိုက်လိုလို
ခေတ်ကို ရင်ဆိုင်တယ်။
စိတ်ဓာတ်ကို စွန်လို
ကြိုးလျှော့လိုက် ကြိုးတင်းလိုက်။
မီးရောင်တွေ လင်းထိန်တဲ့ ခန်းမကြီးအလယ်
တစ်ယောက်တည်း ရပ်နေရသလို
ပွဲခင်းက အမေပျောက်ကလေးလို
မေတ္တာတရားရဲ့အဝေးမှာ
မြို့ကြီးထဲ အထီးကျန်
ခေတ်ကြီးထဲ ယောင်ချာချာ။ ။

ညီမွန်
ပိတောက်မြေ ၂၀၀၅

Apr 5, 2010

လူငယ်တစ်ယောက်

ကျွန်တော် ကြယ်တစ်ပွင့်မဟုတ်ပါဘူး
ကျွန်တော့်ကို
အများကြီးမျှော်လင့်မထားကြပါနဲ့။
အဲဒီအပွင့်ထဲမှာ
ခရေပင်ကြီးရှိတယ်။
ကျွန်တော် ခရေတစ်ပွင့်ပါ
ကျွန်တော့်ကို
အများကြီးမေ့မထားကြပါနဲ့။

ညီမွန်
ဗြူတီ၊ ဒီဇင်ဘာ၊ ၂၀၀၀။