> သီဟသူ [dot] blogspot [dot] com: ထွန်းနွယ်
Showing posts with label ထွန်းနွယ်. Show all posts
Showing posts with label ထွန်းနွယ်. Show all posts

Apr 4, 2011

ကဗျာကို ကဗျာလိုရေး

ကဗျာကို ကဗျာလိုရေး
အနုပညာကို အနုပညာလိုရေး။

အချစ်ရယ်
မင်းကို ကိုယ်က သိပ်လိုအပ်လှတာမဟုတ်ပါဘူး
ကိုယ့်ပျော်ရွှင် မှုပဲ ကိုယ်က ဆာလောင်ခဲ့သူပါ။

တစ်ပါးသူကို မထိခိုက်ဘဲ အသက်ရှင်လို့ရခဲ့လို့လား
အချစ်ရယ်။
တောင်းပန်ပါတယ်
ပျော်ရွှင်မှု ဆိုတာမှာ၊ အချစ်ဆိုတာမှာ
အချစ်ပဲ ထိခိုက်ရတာရယ်မလား။

လောကမှာ ကိုယ့်သာယာမှု ပျော်ရွှင်မှု လောက်
အရေးကြီးတာ ရှိအုံးမလားကွဲ့။
ဒါနဲ့များ မင်းကိုယ့်ကို ချစ်တယ်တဲ့။

လူတွေက ဆန့်ကျင်ဘက် လိင်ရယ်။ ဆာလောင်မှုရယ် ၊ သာယာမှုရယ်
အဲ့ဒါတွေ စုံသွားတော့ အချစ်တဲ့။

ကိုယ် မငြင်းဆိုလိုပါ။

တကယ်ပါ လှလှပပ ၀န်ခံလိုက်စမ်းပါ
ကိုယ့် ရဲ့ အတ္တစိတ် ထကြွသောင်းကျန်းမှုကို

လောကမှာ ဘာကို မှ မမျှော်လင့်တာပဲ အေးတယ်တဲ့
ဘယ်သူများ ပြောခဲ့တာလဲလို့၊
ဟုတ်ကဲ့၊ မျှော်လင့်ချက် မဲ့မှု ကို လည်းပဲ
မျှော်လင့် ရတာပဲ မဟုတ်လား။

နောက်တခါ များ လူပြန်ဖြစ်ခွင့်ရခဲ့ရင်
ဆိုတဲ့ မျှော်လင့်ချက် ကတောင် အနာတရပါ။
အမြဲတမ်း အနာတရ တွေပါ။

အနာတရ တွေကိုပဲ။
လှလှပပ သိပ်ဟန်ဆောင်ကောင်းရတာ။
လှလှပပ သိပ်ဖွဲ့နွဲ့ခွင့်ရခဲ့တာ။
လှလှပပ ဆိုပြခဲ့ကြရတာ။
လှလှပပ ဖုံးဖိခဲ့ကြတာ။

အမှန်အတိုင်းပြောလိုက်စမ်းပါ ၊ အချစ်ရယ်
ငါ ပျော်ရွှင်မှု လိုအပ်တယ်၊ သာယာမှု လိုအပ်တယ်
ဆန့်ကျင်ဘက် လိင် လိုအပ်တယ်လို့။

ဒါနဲ့များ...

ငါနဲ့ပဲ ပျော်ရွှင်ရမယ် တခြားသူနဲ့မပျော်ရွှင်ရဘူးဆိုတာ
တရားရော တရားရဲ့လား အချစ်ရဲ့။
ပြောပါအုံး။

ရီ စရာကြီးပါ။

အဲ့ဒါ့ ကိုများ၊
ကိုယ်ကလည်း မင့်တွေ့တိုင်း ချစ်တယ်ချည်း ပြောပြောနေတာပဲ။

ကိုယ်ပြောခဲ့တယ်မလား
ကဗျာကို ကဗျာလိုရေး
အနုပညာ ကို အနုပညာလိုရေးလို့။

တကယ်ပါ
ရီ စရာကြီးရယ်ပါ။

ကို ဘာပြောစရာ ကျန်သေးလဲ ဆိုတော့
ချစ်တယ်တဲ့။

မင်း ကစားခဲ့ဖူးတဲ့ အာရုံကြောများက တခုတ်တရ။


ထွန်းနွယ်

Mar 24, 2011

မေမေရေ...

သူက
မိုးရွာနေတာတောင် မသိလိုက်ဘူး လို့
စ ပြောတယ်။

ကျွန်တော်က
မေမေတို့အိမ်မှာ မိုးရွာ တာကို
ပြတင်းပေါက်က နေငေးကြည့်
ကဗျာတွေ စပ်ခဲ့ဖူးကြောင်း
ယဉ်ကျေးခဲ့ ဖူးကြောင်း
မိုးရွာထဲ က လူတွေကို
ကိုယ်ချင်းစာဖူးကြောင်း
နွေးထွေးခဲ့ဖူးကြောင်း
အိမ်အပြန် မိုးရွာထဲ သွားချင်လို့
ထီးကို သူများဆီ ပေးပစ်ခဲ့ဖူးကြောင်း
ဆက်ပြောတယ်။

တကယ်တော့ အပြင်မှာ
မိုးတွေ တော်တော် သည်းတာပဲနော် မေမေ
လေတွေလည်း တအား တိုက်တာပဲ။

မေမေတို့အိမ်လေး တအား ခိုင်တယ်နော်။

ဒီမှာ သားတစ်ကိုယ်စာတောင်
သား မနွေးထွေး နိုင်ပုံများ။

သားတစ်ကိုယ်စာတောင်
သား နွေးထွေးနေရပုံများ။

ငယ်ငယ်က မိုးစိုချင်လို့
ထီးပေးပစ်ခဲ့ဖူးသူက

ခု
သူများထီး လုဆောင်းချင်နေပြန်ပါသတဲ့လေ။

မေမေရေ............
သားလူကြီးဖြစ်လာပြီ ထင်တယ်နော်။

ထွန်းနွယ် (၂၃.၃.၂၀၁၁)

Mar 5, 2011

နီယွန်မီး ရဲ့ သားကောင်များ

ဒီ နှိုးစက် နာရီသံကို ပဲ
တစ်ညလုံး စောင့်အိပ်ခဲ့ ရတာ။

နိုးတာနဲ့ ခေါင်းပေါ်မှာ
နီယွန်မီးကြီး သာနေတာ။

လေးဘက်လေးတန် ပိတ်နေတဲ့
မနက်ခင်း ကို
ဝေ နေတဲ့ မျက်လုံးတွေနဲ့
လေးနေတဲ့ စိတ်ကြီး တွေနဲ့

ငါဟာ ငါနဲ့ ချွတ်စွတ်တူလာတာကို

။မတင်မကျ။မကျေမနပ်။လွမ်းလွမ်းဆွေးဆွေး။တက်တက်ကြွကြွ။

ပြီး
လည်နေတဲ့ စက်ကြီးထဲ
တစ်ခေါင်းလုံး ပြေးဝင်ထိုးစိုက်လို့

ဂျပန်ပြည် က ၁၇ နှစ်သား
စူဆိုက်သမားလေး ကို သတိရလို့

အမဲလိုက် အက ကို သတိရလို့

တစ်ခါစားခဲ့ဖူးတဲ့
အောင်သေ အောင်သား ကို သတိရလို့

အဲ့သတိရမှု အကုန်လုံး ကို
သတိရဖို့ ကို သတိမရလို့

နီယွန်မီးတွေအောက်မှာ
အပန်ဖြေ အနားယူနိုင်ဖို့

နီယွန်မီးတွေ ထွန်းရင်း

။ကိုယ်၊ စိတ် ၊ နှလုံး သုံးပါးလုံး(လုံး)။

ပင်ပန်းလိုက်ကြတယ်။ ။


ထွန်းနွယ်
(၆.၂.၂၀၁၁)

Dec 19, 2010

လှေ နေသော လူးလွန့် မှု အစဉ်

အနာတရ ဖြစ်နေတဲ့ ခွေးတစ်ကောင် ကိုတွေ့ခဲ့သလို တွေ့ခဲ့ခြင်းမဟုတ်ပါ။
အကောင်းပကတိ ကျန်းမာနေတာလည်း မဟုတ်ခဲ့ပါ။
စတွေ့ တာ ဘယ်အချိန် ကမှန်းမမှတ်မိ။ မှတ်မိတဲ့အချိန်မှာ သွက်သွက်ခါအောင် ရူးနေခဲ့ပြီ ဖြစ်ခဲ့သည်လား ၊ ဖြစ်ဆဲလား။
ခု ထိ ရူးနေတုန်းလို့ ဆိုရမလို ခဏနေ ကောက် ကောင်းသွားသည်။
အများကြီး ဆက်ဆံ ခဲ့ ကြဖူးသည်။ ပူးဝင် ဆန့်ထွက် ခဲ့ဖူးသည်။
ရူးလျှင် ကောင်း၍ ၊ ကောင်းလျှင် ရူးသည်။ ဆန့်ကျင်ဖက် ဖြစ်သည်။ တစ်ဖက်တည်း ရွေးမရပါ။
ညာတယ် ။
မညာပါဘူး။
ဒီအတိုင်းအများအပြားပဲ။
အဲ ဒါဖြားယောင်းတာ။
အမှန်က အမှန် က ဒီမှာလေ။
အမြဲ ရှိနေခဲ့သည်။ ပျောက်ချင်လျှင် ပျောက်သွားသည်။ အမြဲ ရှိနေသည် ဟုထင်သည်။
တစ်ခါတလေ ရှေ့က သွားသည်။ တခါတလေ နောက်ကလိုက်သည်။
တခါတလေ ရှိမနေလောက်အောင် အမြဲ ရှိနေခဲ့သည်။
ဘာပဲပြောပြော ရူးနေတာပဲ မဟုတ်လား။
ဒါဆို ကောင်းနေလို့ပဲ နေမယ်။
ဘယ်တုန်းကမှ မညာခဲ့ရဘူးလေ။
(ဒီအပိုဒ်မှာ ဇာတ်လမ်း က ၀င်လာတယ် ညာခဲ့ရတာလား မညာခဲ့ရတာလား။) (ဘယ်တုန်းကမှ ပါတယ်) (ဘာ မညာ ရမှာတုန်း)
အဲ့ဒါ ကောင်းလာအောင်လို့။
ပြောသမျှ လိုက်ပြောနေရမှာလား။
လုပ်သမျှ လိုက်လျောနေရမှာလား။
ပျောက်သွားပြန်သည်။
ပုံပြင်သည် အတို အရှည် မညီ တစ်ပုဒ်တည်းခွဲထွက်လာသည်။
ဇာတ်လမ်းဆင် ပြောသည်။ တခွန်းဟတာနဲ့ စ လိမ်ညာနေတော့သည်။
မရှက်ဘူးလား။
မညာစရာ ဒီ မုသားပဲရှိတယ်။
ဖြားယောင်းခံရခြင်းမှာ လမ်းဆုံးရှိတယ်ဆို ရင်
လမ်းဆုံးကို ဘယ်တော့မှ ရောက်လိမ့်မယ်မဟုတ်ဘူး။
ဇာတ်လမ်းသည် သည်နေရာတွင် မိုးကြီး ၏။ လေတိုက်၏။
အဲ့ ဘောလုံး လေးကိုလေ မပစ်လိုက်ပါနဲ့ မပစ်လိုက်ပါနဲ့။ ဘုရားသခင်ရေ။
ဘာ ဘုရားသခင် မရှက်ဘူးလာ။
ရွေးစရာများထဲတွင်ရွေးစရာ ပျောက်နေသည်။
အမှောင်ထဲတွင် အမည်း ပျောက်နေသည်။
အဖြူထဲတွင် အဖြူ ပျောက်နေသည်။
အဖြူထဲ မှ အမည်းကျတော့ မည်းသည်။
ဘာဖြစ်ချင်တာလဲ။
ဖြစ်ချင်တာဖြစ်လို့ရတယ်။
သတ္တိ ရှိစရာပဲလိုတယ်။
ပြေးရဲတာထက် လိုက်ရဲတာ သတ္တိ
အဲဒါ ရိုးနေပြီ။
မငိုနဲ့နော်။
မျက်ရည်ကျမှာ။
ပြောမရဘူးလား။
နောက်မှာ ၊ ရှေ့မှာ ၊ တောင်မှာ ၊ မြောက်မှာ ၊ အထက်မှာ ၊ အောက်မှာ
နေရာတကာရှိသည်။
ပျောက်သွားပြန်သည်။
လွမ်းရပြန်သည်။
ဒီနေရာမှာ မွန်းလိုက် ဆိုနာတာ လိုလို ဖာအီလိုက်လိုလို ပီယာနိုတေးသွားဝင်လာသည်။
ဝတ်စုံ အမည်းများ ၀တ်ထားသော များ မိုးမှောင်ကြီးထဲတွင် သံပြိုင်သီဆိုကြသည်။
တမာရွက်များ ကြွေကျလာတာမြင်ရသည်။
စိမ်း ခါးဖန့်ဖန့် အရွက်ပါ။
တမာရွက် ခေါ် သကွ။
လွယ်သားပဲ။ ဒီလိုပဲ ဖြစ်ရမည်။
ဟိုမှာ မြင်လား။ ဘာပြောမလဲ။
လိမ်ညာခြင်းဟာ အပြစ်မရှိပါလို့ ဘယ်သူပြောလဲ။
အပြစ်ရှိရင် ပြစ်ဒဏ်ပေးခြင်း ရှိတာပဲလား။
ဘယ်သူပေးလဲ။ ဘယ်ကရလဲ။ ဘယ်သူစီရင်သလဲ။
ကျားနာ တစ်ကောင်လို ခဲပလိုက်သည်။ ငါးမန်းတစ်ကောင်လို ရုန်း၍ ခဲလိုက်သည်။
မိကျောင်းတစ်ကောင်လို ရေနက်ထဲ ဆွဲနှစ်လိုက်သည်။
ထို အပြုံးကို ယုံကြည်လိုက်ပါ။ အနာဂတ် ကို အပြုံး ထဲ ထည့်၍ လိမ်ညာကြည့်သည်။
နေသာသားပဲ။ ပြစ်ဒဏ်ပေးခံရမယ်။ ဘယ်သူပေးမတဲ့တုန်း။
စတွေ့ စက မရူးပါ။ ဘာသာ စကား ဘယ်သူပေးသတဲ့တုံး ဘယ်တုန်းက။
အသံ ကင်းမဲ့စွာ အော်ငေါက်ပလိုက်သည်။
လေဟာနယ် ထဲ ပြေးဝင်သွားသည်။
မောနင်း ဟု မောနင်း ဟု မောနင်း ဟု သတိရပါတယ်ဟု သတိရလိုက်တာဟု
မောနေပြီ ပျင်းနေရင်။
လူဆိုတာ။
မင်း လူမှ မဟုတ်ဘဲ။ ဒါဆို အတောင်ပံများ ဖြန့်ထုတ်လိုက်သည်။
ညာဘက်ကြွက်သားများကို အားကုန်လှုပ်ကြည့်လိုက်မိသည်။ အနီးနားရှိ သစ်ရွက်များတစ်ချို့ လှုပ်ခတ်သွားသည်။
ညာရော ဘယ်ရောလှုပ်ကြည့်သည်။ ပေါ့ပါးသလိုလို စတင်ခံစားရတော့သည်။
ခြေပိုင်းကို အားစိုက်၍ ကန်ထုတ်လိုက်သည်။
ဂလောက်ကနဲ အသံတစ်ခုမြည်သွားသည်။
ထိုမှ သည်သို့ သည်မှ ထိုသို့ စည်းချက်များ စည်းကပ်သွားသည်။
အသံသည်ငြိမ်ကျလာသည်။
စက်ရုပ်ပဲ။ ဘာတဲ့။
ဘာသာစကားနဲ့ပဲ သိတဲ့ သိမှု နဲ့သာ လူဖြစ်မြောက်သည်။
စတွေ့စကတည်းက အကောင်းပကတိမဟုတ်ခဲ့ပါ။
ဟု စဆုံးက ဟာကို သိသလို လိမ်လိုက်သည်။
နာစူးနေသော ဘယ်ဖက်တောင်ပံကို စမ်းကြည့်လိုက်မိသည်။
လေဟာနယ်ထဲ ပြေးသွားမိသည်။
လွင့်ထွက်သွားသည်။
တကယ် ပျံနိုင်သည်ပဲ။


.
..
...
မရူးတော့ပါ။ မသိတော့ပါ။ ဟု သိချင်ယောင်ဆောင်လိုက်သည်။
ဒီ ဇာတ်လမ်းဆင်ရေးသားခြင်း ၊ လိမ်ညာခြင်း ပြီးသွားပြီ ဟု
တဆိတ် ထင်လိုက်မိသည်။ နေသာထိုင်သာရှိလာသည်။
ဒီ ဇာတ်လမ်းကို ဒီမှာ သိမ်းလိုက်သည်။



ထွန်းနွယ်

(၁၉.၁၂.၁၀)
http://godequaltox.blogspot.com/2010/12/blog-post_19.html

Oct 31, 2010

မာရီယာ (၂)

မာရီယာ
မာရီယာ

အလွမ်းတွေနဲ့ ပြည့်နေတဲ့မျက်ဝန်း
ဆွဲ မိ ဆွဲရာ စွဲ ခဲ့ ကြရတာ မာ ရီ ယာ။

မင်း ဘာ ထပ်ပေးမှာလဲ

ငါတို့ မှာ ကြောက်ကြောက်လန့်လန့် နဲ့ တမ်းတ

ငါ့ဆီက မင်းတို့ ဘာတွေမျှော်လင့် နေတာလဲ တဲ့
လား မာရီယာ။

ငါတို့မှာ မမျှော်လင့်တတ်ခဲ့ပါ။

ငါတို့မှာ မျှော်လင့် တတ်ခဲ့တာ။

မင်းရက်စက်တတ်မှန်း သိပါတယ် မာရီယာ
ဒါပေမဲ့ မင်းရက်စက်တယ် မာရီယာ လို့
ခပ်တည်တည် နဲ့ ညည်းညူ မျှော်လင့်။

မင့် ရက်စက်မှုမှာ တို့တွေ
ညည်းတွားမှုတွေ အော်သံတွေ သွေးခန်းလုမတတ်
ချွေး တဒီးဒီး သေခြင်း ထိ တိုင်
မင့် မာယာ တွေ။

မင့် မာယာတွေ မာရီယာ
မင့် မာယာတွေ
မာယာကော့ခ်စကီး ကို သတ်ပစ်ခဲ့တာ
မြို့မငြိမ်းကို ကားဘီးအောက်ပို့ပစ်ခဲ့တာ
ဆယ်ဗီယာ ပလပ် ခမျာ၊ ကက်ကိုဘိန်း ခမျာ
ဒါဇိုင်းခမျာ ၊

အို မာရီယာ
ဘုရားသခင် တော် တွေ ကိုယ်တိုင်တောင်မှ
မင့်လက်ချက်က လွတ်ခဲ့လို့လား။

ဒါနဲ့များ မင့် က ပြောသေးတယ်
ဘုရားသခင် တကယ် ကြင်နာတတ်ရင်
လူသားတွေ ကို မကြင်နာမှ ဖြစ်မယ်လို့။

ဟေ တီမှာ ၊ အင်ဒိုမှာ ၊ နာဂစ်မှာ ၊ ကက်ထရီနာမှာ
အီရတ်မှာ ၊ အီရန်မှာ၊ ဆာယာယေဗိုမှာ ၊ ဟီရိုရှီးမားမှာ
နာဂါစကီမှာ
မင့် ခပ်ပြုံးပြုံး နဲ့ ထေ့ပြုံးလေးနဲ့
နောက် ၀မ်းနည်းမျက်ရည်နဲ့ နောက် ချွေး တဒီးဒီး
တကုပ်ကုပ် တလုပ်လုပ်
မာရီယာ မင့် သိပ်ကြင်နာတတ်တယ်ပေါ့လေ
မာရီယာ ဟ ဟား။

လူ အစုလိုက် အပြုံလိုက် သတ်ပွဲတွေ
မင်း ငိုယိုနေခဲ့ပါသလား မာရီယာ။
မင်း ရယ်မောနေခဲ့ပါသလား မာရီယာ။
မင်း ရဲ့ လှပတဲ့ မာယာတွေ
အတွက် မင်း ဘယ်လို ခံစားရပါသလဲ မာရီယာ
တစ်ဆိတ်လောက်။

တစ်ဆိတ်လောက်
မင့် မာယာ ကင်းပြီး ငါတို့ နေခဲ့ချင်ပါရဲ့။
ဒါပေမယ့် အဲ့တောင့်တမှုအတွက်
ငါတို့ ငိုကြွေးခဲ့ရတာ။

နေပါအုံး မာရီယာ
ဒီဟာက ဒီလိုရှိပြီး ဟိုဟာက ဟိုလိုရှိတာနဲ့ပဲ
ငါတို့တွေ ဘုရားသခင်ကို လိုအပ်ခဲ့ရတယ်ပေါ့။

ဒါဆို မာရီယာ
ငါ ဘုရား သခင် ကိုကျေးဇူးတင်ပါတယ်
မီး ထိန်ထိန်လင်းနေတဲ့ မြို့ပြကြီးကို ကျေးဇူးတင်ပါတယ်
ကလက်ရှနီကော့ခ် ကို ကျေးဇူးတင်ပါတယ်
ဖက်ဘွိုင်းကို ကျေးဇူးတင်ပါတယ်
ဆူနာမီကို ကျေးဇူးတင်ပါတယ်
နာဂစ်ကို ကျေးဇူးတင်ပါတယ်
ဟေတီငလျင်ကို ကျေးဇူးတင်ပါတယ်
ကမ္ဘာကြီးကိုလည်း ကျေးဇူးတင်ပါတယ်
ဒါပေမဲ့ မင့်ကိုတော့ ကျေးဇူးမတင်ပါရစေနဲ့ မာရီယာ။

ကိုချောလို မင့်ရက်စက်မှုဟာ ကမ္ဘာမှာ မရှိတော့ပါဘူးလို့လဲ
မညည်းတွား ရပါစေနဲ့။
ဖော်ဝေးလို နှလုံးအိမ်ထဲမှာလည်း ရေမငတ်ရပါစေနဲ့။
ကိုက်လမ်းကိုလည်း မလျှောက်ရ ပါစေနဲ့။
မနက် ၂ နာရီမှာ မထချင်လို့ မနက်၂ နာရီ မှာ မထ ရပါစေနဲ့။
လွှမ်းမိုးမှုအပြီး မှာ နုန်းများလည်း တင်မကျန်ခဲ့ရပါစေနဲ့။
အကောင်းဆုံးတွေကိုလည်း ရွေးမပြောရပါစေနဲ့။
ငါ့နာမည်လည်း ဂုဏ်သရေမရှိရပါစေနဲ့။
ခရေပန်းလည်း မခူးရပါစေနဲ့ လားကွယ် မာရီယာ။

ငါ အဲလို မင်းကို တောင်းပန်ချင်ပါတယ်
ဒါပေမဲ့ ငါ မတောင်းပန်ချင်ပါ။
မာယာကောခ့်စကီးရဲ့
ကိုယ့်ကိုရိုက်တဲ့လက်ကို
ပြန်လျက် နေမိတဲ့ ခွေးလိုပေါ့။

ဟော
ငါ မင်းအကြောင်းတွေ
ပြောနေမိပြန်ပါပကောလား ၊ မာရီယာ။ ။


ထွန်းနွယ်
(၃၁.၁၀.၂၀၁၀)

Sep 24, 2010

မာရီယာ

မင်းကိုယ်မင်း
ဒီခေတ်ကြီးရဲ့ နိမိတ်ပုံလို့
ပြောတတ်တဲ့ မာရီယာ။

ဘ၀အဖော် ဆိုတာ
ကျွန်မအတွက် ကွန်ဒုံးနဲ့ တားဆေး
ပါပဲဆိုတဲ့ မာရီယာ။

မင်းရဲ့ အပြုံးတစ်ချက်နဲ့
သံခဲတွေကိုတောင် အရည်ပျော်
စေနိုင်တဲ့ မာရီယာ။

မင်းဟာ ပထမဆုံး
ယောင်္ကျားတွေကို တရားဝင်
လူကုန်ကူးသူ မိန်းမလှပဲ။

ကလီယိုပါထရာဟာ
နိုင်ငံအတွက် သူ့အလှကို
အကြိမ်ကြိမ် အသုံးပြုခဲ့တယ်
မင်းကတော့ ၊ မင်းအတွက်မင်း
မင့်အလှကို အကြိမ်ကြိမ်
စတေးပစ်ခဲ့တယ်။

`ခန္ဒာကိုယ် တစ်ခုလုံးဟာ
ခံစားစရာချည်းပဲ
ခံစား စံစား ရမယ့်အရာမှန်သမျှ
ကျွန်မ တပ်မက်တယ်´၊ ဆိုပါလား။

မူးရင် မင်းငါ့ကို
ဖုန်းဆက်ပြီး လှမ်းခေါ်မယ်၊
အမြဲ ရှိနေစေချင်တယ်၊
မင်း ပြောတာပဲ။

ချစ်ခြင်းမေတ္တာ ဆိုတာ
နှုတ်ခမ်းနီတစ်တောင့်
ဖိနပ်တစ်ရံလောက်
အရေးမကြီးပါဘူး ၊ ဟုတ်လား။

ကမ္ဘာပေါ်မှာ ဖြစ်ခဲ့တဲ့ စစ်ပွဲတွေ အားလုံး
အချစ်ကြောင့် ဖြစ်ခဲ့ပါတယ်ဆိုတာ
မင်းဘယ်လိုမှ မယုံနိုင်ဘူး ၊ မဟုတ်လား၊

ဟော..
မင်း အခု အမူးပြေသွားတော့
ငါ့ကို ငါးညှီနံ့လောက်တောင် မသတီ
ပြန်ပါဘူးတဲ့။

(ဟား ဟား)

မင်းအကြောင်းတွေ မပြောချင်လို့
ပြောနေရပြီ
.............`မာရီယာ´။ ။

ထွန်းနွယ်
godequaltox.blogspot.com

Aug 28, 2010

သူငယ်ချင်းများ.. သို့..

တို့တစ်တွေဟာ
ကိုယ်တိုက်ပွဲနဲ့ကိုယ်
ရဲဘော်တွေ

တို့တစ်တွေဟာ
ကိုယ့်စစ်မျက်နှာကိုယ်
မဟာမိတ်တွေ

တို့တစ်တွေဟာ
လူစုံတယ် နေရာစုံတယ်
သဏ္ဍာန်စုံတယ်
`ပိုက်ဆံတော့ ငါလည်းပြတ်နေတယ်
ထမင်းချိုင့် တစ်ဝက်စားသွားကွာ´
ဆိုတဲ့ကောင်ပါတယ်
သူငယ်ချင်းအတွက်ဆို
ရေခဲကနေ မီးတောက်
ဖြစ်ပေးမယ့်ကောင်ပါတယ်
ထိုးပြီးမှ သနားလို့ဆိုပြီး
မျက်ရည်ဝဲလို့
အသည်းနုတဲ့ကောင်ပါတယ်
မူးရင်
သူငယ်ချင်းတွေတပြီး
ငိုတဲ့လူပါတယ်
မျိုးစုံ မျိုးစုံ မျိုးစုံ
မျိုးစုံတယ်။

ဒါတွေဟာ
မဆွဲထားပေမယ့်လည်း
မြဲသွားတော့မယ့် ပုံရိပ်တွေ။

ခွဲသွားပေမယ့်လည်း
ကွဲမသွားတော့မယ့် သူငယ်ချင်းတွေ။ ။

ထွန်းနွယ်
(ခေတ္တ-မော်လမြိုင်)
godequaltox.blogspot.com

Aug 27, 2010

လျှို့ဝှက်ထားကြပါ

တို့တစ်တွေ
ဥာဏ်ပညာတွေ
ချစ်ခြင်းတရားတွေ

(ရှုး.... တိုးတိုး)

လူအဖြစ်ဟာ
ဘာမှ မဟုတ်ဘူးဆိုတာ
ဘုရားသခင် မသိစေနဲ့။ ။

ထွန်းနွယ်
godequaltox.blogspot.com