> သီဟသူ [dot] blogspot [dot] com: March 2015

Mar 27, 2015

ချာတိတ်ဘဝ-၆

ဆူးလေဘုရားအနီး
မဟာဗန္ဓုလပန်းခြံနားက
စားသောက်ဆိုင်လေးထဲမှာ
ပထမဆုံး ဘီယာတစ်ကျိုက်ကို
"စ"သောက်ဖြစ်တော့ "ခါးလိုက်တာ"
လို့ သောက်ပြီးပြီးချင်း ခွက်ကို စားပွဲပေါ်ချ
ပြောမိတော့ ကျွန်တော့်သူငယ်ချင်း
ပြုံးပြုံးကြီးနဲ့ ကျွန်တော့်ခွက်ကို
ယူ"ရှင်း"လိုက်လေရဲ့။
ကျွန်တော်ကတော့
အမြည်း ကန်စွန်းရွက်ကြော်ကိုပဲ ဆက်မြည်းခဲ့။

အခု၊ ဆယ်စုနှစ်တစ်ခုအကြာမှာ
ကျွန်တော့်လျှာဟာ အရသာခံနိုင်စွမ်း
ဖွံ့ဖြိုးလာခဲ့၊ ခါးသက်မှု ချိုမြိန်မှု
ဆိုတာ ပုဂ္ဂလိကရွေးချက်မှုသက်သက်သာဖြစ်ကြောင်း
ကိုယ်သိ သိ။ နောက်ထပ်အကြိမ်ကြိမ်
ကူးလို့ရနိုင်တဲ့ အမျိုးမျိုးသော ဘီယာမြစ်ထဲ
ကျွန်တော်၊ ဆူးလေဘုရားအနီး
မဟာဗန္ဓုလပန်းခြံနားမှာ ရှိခဲ့ဖူးတဲ့
စားသောက်ဆိုင်လေးထဲက နေ့လည်ခင်းကို
ပြန်လည်
ရှာဖွေနေ။ ။

သီဟသူ
၁၉/၀၃/၂၀၁၅

ချာတိတ်ဘဝ-၅

အဲဒီတုန်းက မန္တလေး
ဆောင်းမနက်တွေမှာ ကျွန်တော်
ထရပ်စုဝတ်၊ ဝေါကင်းရှူးစီး၊ မြစ်ကြီးနားက
အဖေဝယ်လာခဲ့တဲ့ သားမွှေးဦးထုပ်ကိုဆောင်း၊
အဖေ့ဆိုင်ကယ်ရှေ့မှာ ထိုင်ပြီး
တိမ်မိုးလွင်ကို သွားကြတယ်။

မန္တလေးဆောင်းမှာ ဆိုင်ကယ်ရှေ့
ထိုင်စီးတဲ့အခါ ဘယ်လောက်အေးသလဲဆို
ဆယ်တန်းမှာသင်ရတဲ့
အချုပ်တန်းဆရာဖေရဲ့ မန်းတုန်အောင်
လမ်းဆုံကဟစ်ချင်တာကို ဆရာမ ရှင်းပြတာ
မလိုအောင် လုံလောက်စေခဲ့။

အဲဒီတုန်းက မန္တလေးတောင်
အနောက်ဖက် မြင်းပြိုင်ကွင်း မျက်နှာချင်းဆိုင်
တိမ်မိုးလွင်မှာ လက်ဖက်ရည်ကို
လက်ဖက်ရည်ပန်းကန်ပြားထဲ
ထည့်၊ အေးအောင်မှုတ်ပြီးသောက်၊
မလိုင် နံပြားစား။

ဒီတစ်ခေါက်
တိမ်မိုးလွင်ကို
ဖြတ်သွားရင်း
ထိုင်ဦးမလား
အဖေကမေးတော့
ဟင့်အင်းလို့သာ ဖြေမိ။

တိမ်မိုးလွင်ဟာ
ဆိုင်းဘုတ်မှာသာ တိမ်မိုးလွင်
ကျွန်တော် ထရပ်စုဝတ်၊
ဝေါကင်းရှူးစီးပြီး သွားခဲ့တဲ့
တိမ်မိုးလွင်
မဟုတ်တော့။ ။

သီဟသူ
၁၇/၀၃/၂၀၁၅

ချာတိတ်ဘဝ-၄

အဲဒီတုန်းက ကျွန်တော်စက်ဘီးစီးကျင့်ခဲ့တဲ့လမ်းဟာ အကျယ်ကြီး
အဲဒီလမ်းမှာ တော်တော်မတ်တဲ့ကုန်းတက်တစ်ခုရှိတယ်
အဲဒီကုန်းတက်မှာ နင်းရတာတော်တော်မောတယ်။ မှတ်ဉာဏ်
အလွှာအထပ်ထပ်မှာ ဒီအမှတ်ရမှုက ဟိုးအောက်ခြေနား
ဒါပေမဲ့ ကြည်လင်နေဆဲ။ ဓာတ်ပုံသက်သေမရှိဘူး
အဲဒီတုန်းက ဖလင်စျေးကြီးတယ်။

ပြီးခဲ့တဲ့နှစ် ကျွန်တော်ပြန်ရောက်ခဲ့တယ်/အရောက်ပြန်သွားခဲ့တယ်
ကျွန်တော့်အတွက် အကျယ်ကြီးကျယ်ခဲ့တဲ့လမ်းဟာ
ကားနှစ်စီးသွားစာပဲရှိတာပဲ။
တော်တော်မတ်တဲ့ ကုန်းတက်၊ ကျွန်တော်သိခဲ့
အကြိမ်ကြိမ်နင်းတက်ခဲ့တဲ့ မတ်စောက်သောကုန်းတက်ကြီးဟာ
နိမ့်နိမ့်လေးပါလား။ သားမှတ်မိသလိုလဲမဟုတ်ပါလား။

အဲလိုပြောမိတော့ အဖေကရယ်တယ်။
အဖေ့ရယ်သံမှာ/ဟာ
ကျွန်တော် ချာတိတ်
သေးသေးလေးတစ်ယောက်ဖြစ်ခဲ့ကြောင်း သက်သေခံနေတယ်။
ဓာတ်ပုံသက်သေမလိုဘူး။ အခု
ချာတိတ်တစ်ယောက် ကြီးပြင်းခဲ့ပြီ မေမေရယ်*

သီဟသူ
၂၄/၀၂/၂၀၁၅
* ကောင်းကင်မေမေ၊ သုခမိန်လှိုင် (ကလေးလေးတစ်ယောက် ကြီးပြင်းခဲ့ပြီ မေမေရယ် စာသားကို ယူသုံးပါတယ်)