> သီဟသူ [dot] blogspot [dot] com: စိုင်းဝင်းမြင့်
Showing posts with label စိုင်းဝင်းမြင့်. Show all posts
Showing posts with label စိုင်းဝင်းမြင့်. Show all posts

Apr 15, 2012

လူငယ်ရှိတယ် ကဗျာအကြောင်း ရောက်သွားတယ် ဆိုကြပါစို့-၁၀


လူတစ်ယောက်လျော့သွားတာကို
ခေတ်တစ်ခေတ်နဲ့ အစားထိုး။ ၁၀--၀၈
ငလျင်ကြောထဲမှာ ခုနှစ်လွှာ၊ နေ့စဉ် ဆင်းတက်နေရတာပဲဖြစ်ဖြစ်၊ မုန်တိုင်းထဲမှာ
ကုန်တင်ကုန်ချ သင်္ဘောကြီးတွေ ဝင်ရောက်ထွက်ခွာနေတာ၊ အငွေ့ တလူလူ
ရေခဲတင်ကားကြီးတွေ ဖြတ်အသွား ဆင်မင်း လမ်းတစ်လျှောက် ကိုယ်လည်း
အေးသွားတာ ကမ္ဘာ့အစိတ်အပိုင်း ရန်ကုန်လမ်း နှစ်လမ်း တစ်နည်းအားဖြင့်
ရှုခင်းနှစ်ခု နောက်ထပ်ထပ်ပြောရရင် သွေးကြော နှစ်ခု ဖြတ်ယူသွားတာ
ကမ္ဘာ့အရင်းအမြစ် လည်နေတော့ ခြေရာ ကောက်မိတော့ မြစ်ကူးချောင်းခြား
၃၃-လမ်းကို အဝေးက ကားကွက် ချထားတာ အစဉ်သဖြင့် အဆင့်ဆင့် ပန်းပွင့်
နောက်ကွယ်/လောက်ဖွယ် ဘယ်သူရောက်မှာလဲ ရန်ကုန်ဟာမော့မော့
ကြည့်ရတယ် အပေါ်ယံရှပ် အခုလဲကျ အမြစ်ပြတော့ သစ်ပင်ကြီးကြီး မြင့်မြင့်
အမြစ်မဝေး ရေခဲတောင်နဲ့ပြောင်းပြန် ရန်ကုန်သား/လား။ --၀၈
ဒီတော့ သာမာန် လူ့ဘဝနဲ့
စိတ်ကူးချိုချဉ်ဖြစ်ဖြစ်
လက်သီးချိုချိုလေးဖြစ်ဖြစ်။ --၀၈
အိမ်ထွက်စော အောင်ဇော်ဆီဝင် လက်ဖက်ရည်သောက်
အိမ်အပြန်မြစ်ထဲရောက်မှ ကိုစိုင်းစိုင်းဖုန်းဆက်
'ကျွန်တော်အခုမှ မြို့ထဲရောက်လို့' ဆိုလား။ --၀၈
ကိုမိုးဝေးဆီဝင်၊ မမမြင့်ရောက်လာ 'ဟိုဘက်ကမ်းကလူတွေ ဖမ်းနေတယ်နော်'
ကိုချောပုံဖမ်း၊ ကဗျာထဲမှာပဲလေ ကိုချောက အဲဒီထဲ ဆင်းမကြည့်ဘူး၊ လူဆန်း
မင်းလမ်းရှေ့ဆက်တိုးရင် ၂၀-နဲ့ ဘယ်လောက် ဆိုလား လူဆန်းက ၆၀-
နဲ့ဘယ်လောက် အဲသလောက်ပဲပေါ့ တစ်ညနေ လူဆန်းက အတင်းတား
ဘီယာတိုက်သောက်မှ ၃၀၀၀၊ မပေးရင်လည်း နေ မောင်နှမလို သားအမိလို
သောက်ချင်ယောင်ဆောင်ရ (နောက်ဆုံး တော့...)၊ မနက်ဖြန် ကိုချော ၆-
နှစ်ပြည့်အတွက် သတိရရင်လာကြ ပေါ့တဲ့။ ညနေကိုစိုးနိုင်ဆီရောက် သူအခု
ဘာတွေဆွဲနေသလဲ။ တစ်ရက် ကလေးများ တိုးပြီးပျော်မလားလို့။ --၀၈

စိုင်းဝင်းမြင့်

လူငယ်ရှိတယ် ကဗျာအကြောင်း ရောက်သွားတယ် ဆိုကြပါစို့-၉


ရခဲ့တယ် ခန္ဓာကိုယ်နဲ့ အနွေးဓာတ်ရအောင် လုပ်ပေးခဲ့သူလည်း
ရရာနဲ့ အနွေးဓာတ် လုပ်ပေးခဲ့သူဆိုတော့ မင်း
စာအုပ်တွေ မီးရှို့မလို့လား
ဒါပဲရှိတာလေ ဟိုးတလောက ရန်ကုန်ထဲတွေ့တွေ့နေရတာ
အခုကားတွေလား
ဝိုင်းဝိုင်း။ ဖေဖေလေယာဉ်ပျံကြီးနဲ့ ပါသွားပြီ
ပြည့်ပြည့်။ ရေထဲပြုတ်ကျသွားပြီ
ဒီမှာ အခွံ/ခွန် စာအုပ်ကြီး ရသမျှမီးရှို့ပြီး ဂူတင်ဘတ်စာအုပ်လည်း
သွား
ပထမဆုံးပုံနှိပ်ထုတ်ဝေဖြစ်ြဖစ် စာအုပ်တွေထပ်ထည့် မီးမသေစေနဲ့
ABCD ABCD မလွယ်ပါဘူး မလွယ်ပါဘူး (ဝိုင်းဝိုင်းပြည့်ပြည့်)
ကျွန်တော်တို့ မောင်နှမတတွေ ငယ်ငယ်တုန်းကပေါ့ အဖေဟာ အိမ်တိုင်မှာ
ချိတ်ထားတဲ့ခြင်းထဲ ဆေးလိပ်စည်းတွေ ပစ်ပစ်ထည့်ပြီးတစ်နေ ကုန်
တစ်လိပ်ပြီးတစ်လိပ် ယူယူသောက် ဆေးလိပ်ဖင်စီခံတွေ ဟိုပစ် ဒီပစ်
ကျွန်တော်တို့မောင်နှမတတွေ ကျောင်းကပြန်လာတဲ့အခါ ဟိုနေရာ ဒီနေရာ
တစ်အိမ်လုံးလိုက်လိုက်ကောက် အမေ့ကို စုစုပေးရတယ်
အမေက ဆေးလိပ်ဖင်စီခံတွေကို ဒီဇယ်ခွက်ထဲထည့်စိမ်စိမ်ထားပြီးမီး
မွှေးတဲ့အခါလှမ်း လှမ်းယူ။
ကျွန်တော်နဲ့ အလုပ်လုပ်ရတာ ပျော်ရဲ့လား
လမ်းလျှောက်ထွက်ခြင်းကို ထွင်သူကတစ်ယောက်
လမ်းလျှောက်သူကတစ်ယောက်
ကျွန်တော် ဒီကို/လို ရောက်ခဲ့ပါတယ်
ဒီမိုးမှာ မိုးရေထဲလမ်းလျှောက်ရတာ ဝါသနာ/အရသာ
အိမ်က ပန်းချီကားတွေ သမီးတွေကို ပေးပေးဆော့ထားတာ ပြန်သိမ်းမှ
ပန်းသီးတစ်စိပ်လောက်တော့ ရရင်ရမှာပေါ့
ဟဲလို...ဟဲလို...ဆိုတာနဲ့ ဒီမိုးမှာ ငါးပုစွန်ပြောင်းမွေးမလား
သည်မိုးထဲကျွန်တော် ရေဆေးဆက်ဆွဲနေတာ စာအုပ်ဖြန့်နေတာ
အိမ်အပြန်ဒီမိုးမှာ သမီးလေးတွေကို သတိရ
ရေခဲမုန့်ဝယ်မိရက်သားဖြစ်နေတာ
စွေနေတဲ့မိုးမှာကျွန်တော်လည်း ဆက်လက်ဆွေးရမှာ
ဒီမိုးမှာမြစ်ကိုကူး ဖြတ်ဆဲ
ဟုတ်ကဲ့ ဟုတ်ကဲ့ ကိုသောင်းဦး မမြင်ရတဲ့ငါးကို ဘယ်မွေးမလဲခင်ဗျား
နွားတွေ၊ စပါးတွေပဲ မြင်ရတဲ့စီးပွား ခင်ဗျားစိုက်မှာပေါ့
ရေးထားသည့်အတိုင်း မဖတ်ရဆိုရင် ဒီနေ့ဘာနေ့လဲ၊
ဘယ်နှစ်ခုနှစ်မှာ သင် သင်နေမှာလဲ
ဥပမာ ဇာတ်ကားတစ်ကားလုံး လိုက်လိုက်ရှင်းရှင်းပြနေရတာ
ဘာမှ လာရှင်းပြမနေနဲ့တွေနဲ့ပဲတွေ့တွေ့နရတာ
ကဗျာတစ်ပုဒ်ရဖို့ ခုနှစ်ဘဝ ခုနှစ်ဆက်အချိန်ယူထားရတာ
ချက်ချင်းမီးရှို့လိုက် မင်းရောက်တဲ့အခါ တည်သွားတဲ့မျက်နှာတွေပေါ့
ကလေးတွေကိုလည်း မင်းနာမည်ပေးကြမှာမဟုတ်ဘူး
လမ်းကိုရောပေါ့ အရုပ်ဖြစ်ရတာ ကောင်းတယ်ဆိုတဲ့ငါ
ဘာလုပ်ရမလဲ လူ ငါမလိုချင်ဘူး
အိုမယ်၊ ဖျားနာမယ်၊ သေမယ်
နောက်ထပ်လည်း ဘာမှမရနိုင်ဘူး
အဖေ့ရဲ့ပဲ့နေတဲ့ သစ်တုံးလေးပါ
ပါရမီအစုံရှိတဲ့သားရယ် တော်လိုက်တဲ့သား ငါ့ကိုခုတ်ပိုင်းလိုက်တဲ့အခါ
အထီးလည်းမကျန်တော့ဘူး ထူးလည်းမထူးဆန်းတော့ဘူး
ဘယ်က ပို့လိုက်မှန်းမသိတဲ့ အထုပ်တစ်ထုပ်ရောက်လာပြန်ပြီ
ဖွင့်ကြည့်လိုက်ရင် လက်တစ်ဖက် ရှုပ်ရှက်ခတ်နေတာချည်းပဲ
မင်းဘေးကြည့်လိုက် အရူးတွေ
လူကောင်းအရုပ်ပဲဖြစ်ချင်တယ် ပထမလူက ကဗျာဆရာ (ဆိုရင်) ဒုတိယလူက
ငတုံးပေါ့။
ငါ မကျော်ကြားချင်ဘူး ယာဉ်/ယင် မောင်းမဖြစ်ချင်ဘူး။

စိုင်းဝင်းမြင့်
၁၊ ၈၊ ၂၀၀၈

လူငယ်ရှိတယ် ကဗျာအကြောင်း ရောက်သွားတယ် ဆိုကြပါစို့-၈


အဲဒီခွက်ဟာ
အပူခံ အအေးခံ
အရသာလည်းမှန်တယ်။
မျက်စိတစ်ထောင် နားတစ်ထောင်
ဇင်ယော်တွေရဲ့ ဦးခေါင်းဟာ
ဆောင်းရောက်တော့မယ် ဆိုတာ
မိုးကျတော့မယ် ဆိုတာ
နေ့စဉ် မှန်မှန်ပြတယ်
တည့်မတ်ထားတဲ့ ဦးခေါင်း
အိပ်ပျော်သွားတဲ့ ပုံစံအဆင့်ဆင့်
ငါပြန်ရချင်တာ ဒီည
အခုခေါင်းချရမယ့် အရပ်မဟုတ်သလို
ပျံသန်းနေဆဲ ဦးခေါင်း
ပျက်ကျသွားတဲ့ပုံ ပုံသေကိုမြေဖြူနဲ့ တားပြီးရင်
အဝတ်ဖြူနဲ့ထုတ်ယူသွားလို့ ရပါပြီလေ
ဘယ်အရာမဆို ဖောက်ခွဲဖို့ အချစ်သွေးကြွဆိုင်ကယ်
တကယ့်တကယ် ကယ်ယူထားတဲ့ မြို့အပြင်ထဲ
မနက်ဖြန်ထဲ သွားသွားနေမိတာလည်း
မင်းကိုမတွေ့ချင်လို့ ဆိုချင်ဆို
၁၉ ရာစု ပါရီပုံစံ ပါရမီရှင် တောဘဲကြီး
နောက်ထပ်ဘာရေးနေသလဲ ဆိုရင်
မိသားစုကျဆုံးခန်း ကဗျာရှည်ကြီး ရေးနေသည်ဟု
ခပ်တည်တည် တည်ချင်တည်
သူက တောတော်များများ ကြယ်လုပြေး ကျော်မွှေး
ခေါင်းနဲ့နံရံလိုပေါ့
ဖိနပ်ဟာ တစ်ဖက်တည်းဆိုရင် ဘာအသုံးကျမှာလဲ
ငါဒဏ်ရာ ရခဲ့တဲ့နေရာ ငါပြန်လာရမှာပေါ့။

စိုင်းဝင်းမြင့်

လူငယ်ရှိတယ် ကဗျာအကြောင်း ရောက်သွားတယ် ဆိုကြပါစို့-၇


ငါအကြောင်းဟာ ကျွန်တော့်ဆီကတစ်ဆင့် သင့်တော်ရာပေါ့
(ငါ့ဆီပြန်ရောက်ဖို့ အခုပဲ လဲကျသေ)
မမြင်ရပေမဲ့ ရှိခဲ့တယ်ဆိုတာပေါ့
လက်ဆင့်ကမ်းလမ်းကြောင်း/ပြောင်းခဲ့တာ
ကမ္ဘာ့ ကမ္ဘာတွေအများကြီး
အမှာမရှိ ငါ့အဖြစ်တွေ စျေးကွက်မဝင် အရောင်းကျ ငါ့အဖြစ်တွေ
ငါ အရကြောင်းခဲ့တာ
ကမ္ဘာ့ဦးခေါင်းများ ပြောင်း/မောင်းထည့်ဖို့
(ဘဝ မပြောင်းလည်း/လဲ)
ကိုယ့်လူ ကဗျာဘက်သား မေးခွန်းက သွေးစွန်းလို့
ဒီလမ်းထဲက ကျွတ်ထွက်သွားမယ့် ဘီးတစ်ဘီးလို
ဆေးလည်းဆေး ငေးလည်းငေးပေါ့ကွာ
အခုတစ်ခါ တော်ကြာတစ်ခါ ခဏခဏ တစ်ငါ
လာပြန်ပြီတစ်ခါ တစ်ဒီးဒီးတစ်ခါ
ငါလည်း တစ်ငါ/တံငါ
(ကဗျာနားနီးကဗျာ)
ဘောင်းဘီထိုးစွတ်ပြီးရင် ဖိနပ်ကောက်စီးလိုက်ရမှာပဲ ရန်ကုန်ဟာ
ငယ်ဘဝ ဝင်္ကပါထဲ မိုက်မဲခဲ့ဖူးသလို
လူလတ်ပိုင်းအရွယ်ထဲ မလိမ္မာနိုင်ခဲ့တာဟာလည်း ရန်ကုန်မှာ
ငါအကြောင်းဟာ ငါးကြောင်းမပြည့်
ငါးအကြောင်းကမှ ရေအောက်ရောက်သေးတယ်။
မှတ်ချက်။ ။ ငါးအကြောင်းမှာ ငါကြောင်မတွေ့ရ။ ။

စိုင်းဝင်းမြင့်

လူငယ်ရှိတယ် ကဗျာအကြောင်း ရောက်သွားတယ် ဆိုကြပါစို့-၆


မိုးက နေ့စဉ်ရက်ဆက် ရက်စက်
ငါတို့လည်း ဆက်၍ ဆက်၍ ဆက်၍သာ
လမ်းစကိုဖော်သလိုလိုနဲ့ လွမ်းစကိုဖော်
ငါ့အတွင်းထဲ ကြေကွဲဖွယ်ပြန်ဆုံ
သူတို့အဖေပြန်လာတဲ့အခါ
တစ်ခုခုပါမှာပဲ
အိတ်ကိုဆွဲယူဖွင့် ပန်းတွေပွင့်နေတာ
မိုးရွာရင် မိုးရေချိုးမယ် ဖေဖေလာရင် မိုးချုပ်မယ်
အိမ်ကိုစောစောပြန် သမီးလေးတွေကို စောစောချီ
သမီးငယ်လေးဟာ ဟိုထိုးသည်ထိုး လက်ညှိုးပဲ
လမ်း လမ်း လမ်း လမ်း နေ့နေ့ညည လမ်းပြနေတာ
တစ်နှစ်ပဲကွာတဲ့ သမီးကြီးက
ပါးစပ်ထဲ ရှိတာအော် မုန့် မုန့် မုန့် မုန့်
အိုအိုး အိုအိုး တစ်ခုမရ တစ်ခုလှည့်အော်
နာကျင်တဲ့အခါလည်း ရယ်မောဖို့ နောက်မကျသူတွေပါပဲ
မိသားစုအရေးဟာ အရာရာပဲလေ
ဘာမြင်သလဲဆိုတော့ ဘဝပဲ
ပျော်စရာမကောင်းဘူးလား။

စိုင်းဝင်းမြင့်

လူငယ်ရှိတယ် ကဗျာအကြောင်း ရောက်သွားတယ် ဆိုကြပါစို့-၅


လူတိုင်း အရင်လိုနေကြတာပဲ အရင်လို
လက်ထဲ သုံးလေးခုဆိုရင် တစ်ခုခုကျပျောက်ပြီ
ငါလည်း ပြိုကျပြီ
သို့ရာတွင် ထိုအကြောင်းသည် လွယ်လွယ်နှင့်
ပြော၍ပြီးမည့် ကိစ္စမဟုတ်
ကျွန်တော်က ငယ်လည်းငယ် လည်လည်းလည်
အပတ်တိုင်း ဝယ်ရ ဖတ်တိုင်း ရယ်ရ ဆိုလား
ကဗျာနှင့် လုပ်ထားသော စကားလုံးအကြောင်း
ဟိုခြစ်ဒီခြစ်ကမှ အရသာရှိဦးမယ်
ဟိုခြစ်ဒီခြစ်ကလည်း နှစ်ပေါင်းများစွာ။

စိုင်းဝင်းမြင့်

လူငယ်ရှိတယ် ကဗျာအကြောင်း ရောက်သွားတယ် ဆိုကြပါစို့-၄


တကယ်လို့များ လမ်းပေါ်မှာ လူတစ်ယောက်ရှိနေတယ်ဆိုရင်
လေးငါးဆယ်လှမ်းနဲ့ လဲကျသွားမှာပဲ၊ တစ်နေရာရာမှာ
တစ်ယောက်ယောက်ရှိနေခဲ့မှာပဲ
မိုးကရွာနေလေရဲ့ လေရဲ့အတွင်းအပြင်
မိုးဦးလေဦး လေဦးမှာလား
မိုးရနံ့ လေရနံ့ရရင် ဒီအရသာမှာ စွတ်စိုသွားရင်
ခင်ဗျားနားလည်သွားမှာပဲ ဒီကဗျာဖတ်ပြီးရင်
အိမ်ထဲမှာနေရင်း စွန့်ဦးတီထွင်ရင်း လေပြင်းနဲ့ မိုးထဲလွင့်စင်လို့
လေထဲတိုက်ခိုက်လို့
တစ်ယောက်လက်ကိုတစ်ယောက် ဆုပ်ထား
မီးခြစ် ခြစ်မရတဲ့အခါ
စကားအော်ပြောလည်း အော်ပြောတာပဲ မသဲကွဲ
စကားညီအစ်ကို မသဲကွဲ
ဘယ်ကြည့် ညာကြည့် ဘယ်ပြန်ကြည့် ညာပြန်ကြည့်
တို့တွေ ထွင်လို့ရရင် ရမှာပေါ့
ပြီးတဲ့အလုပ်က ပျက်တဲ့စက်ထဲမှာ။

စိုင်းဝင်းမြင့်

လူငယ်ရှိတယ် ကဗျာအကြောင်း ရောက်သွားတယ် ဆိုကြပါစို့-၃


နောက်တစ်ခုရှိသေးတယ်
ပြောလိုက်လေ
ဒီနေ့ အတည်သမားတွေ ဂန့်နေတာ
လိပ်ပြာလှတာ ကိုယ့်လမ်းထဲမှာမရှိလို့
သူများရပ်ကွပ်ထဲ သွားကြည့်ရတာ
ချာလီရဲ့ ချောကလက်စက်ရုံကြီး
နေကာလို့လည်းရ
အိုက်ရင် ယပ်ခတ်လို့လည်းရ
အပျင်းလည်းပြေ အရင်းလည်းကြေ
သတ္တုကို စုဆောင်းရမည့်အစား
သတ္တုအကြောင်း နားလည်ဖို့နဲ့ ဒီအကြောင်းကို ရှင်းပြနေရတာ
ကဗျာကျော်စားဖိုမှူးကြီးများလက်ရာနဲ့
သင့်ရဲ့လျှာ တွေ့နေပါပြီ
ထိုမြို့ကို မောင်ချာနွယ်မြို့ဟာ ခေါ်ပါသည်
အချိန်နှင့် တစ်ပြေးညီ
ငါ မရေးသားမီ သင်ဖတ်ပြီးပြီဆိုတဲ့အကြောင်း။

စိုင်းဝင်းမြင့်

လူငယ်ရှိတယ် ကဗျာအကြောင်း ရောက်သွားတယ် ဆိုကြပါစို့-၂


တစ်နေ့သေမယ့်အတူတူ ဘယ်နေ့သေသေပေါ့
တိုင်းကျော် ပြည်ကျော်တွေ လမ်းပေါ်ပြည့်လို့

ဟောဒီမှာ မင်းလမ်းလျှောက်တုတ် ကျန်ခဲ့တယ်
စာအုပ်ထဲ နွားရုပ် ဆွဲထည့်တယ်

ပန်းချီကားတစ်ချပ်ဟာ သည်လောက်ကြီးဖို့လိုသလား
လောထရက်*ရယ်
မြို့ကိုဖျက်ပြီး အပြင်ကိုထုတ်ယူရတယ်
လူငယ်ဘဝနဲ့ ဆက်စပ်တာလေးတွေ
တစ်ခုပြီးတစ်ခု ပြုတ်ထွက်နေတယ်

တကယ့်လူရွှင်တော်တွေ
တကယ့်ကဗျာတွေ
သူသေ ကိုယ်သေ
အရှိန်နဲ့ ပြေးဝင်လာတဲ့ ဘဝအကြောင်း

ကဗျာရဲ့ ကကြီး ခခွေးပဲ
သူ့လက်ထဲက မုန့်လေးဟာ
လှလို့ ဝယ်ထားတာ။

*Toulouse Lautrec
၁၈၆၄-၁၉၀၁

စိုင်းဝင်းမြင့်

လူငယ်ရှိတယ် ကဗျာအကြောင်း ရောက်သွားတယ် ဆိုကြပါစို့-၁


ဘဝဟာ မွေ့လျော်ဖွယ် ကောင်းပါတယ်ဟု
သူက ပြောသည်
ပြေးလို့လွတ်မယ်ဆိုရင်
တပြေးတည်း ပြေးနေမှာပေါ့။

သူ့ကို အကြောင်းပြုပြီး အခန်းတစ်ခန်းရထားတယ်
မီးကလည်း ၂၄ နာရီ
ရေကလည်း ကြည်နေတာပဲ
အဲဒါပဲ
စားစရာတော့ မရှိဘူး
တောတောင်ရေမြေနဲ့ ကိုယ်ဧည့်ခံမယ်
ရှဉ့်ကိုလည်း မြင်ရမယ်
ဥသြသံကိုလည်း ကြားရမယ်။

ရှုပ်ထွေးလာတယ်၊ ခက်ခဲလာတယ်
ရှုပ်ထွေးပေမယ့် မထွေပြား
အပြောင်းအရွှေ့များပေမယ့်
ကျွန်တော်က ရွှေ့ပြောင်းမကစား
မှားတယ်ဆိုလည်း မှားတဲ့ဘက်မှာ။

မောင်ချောနွယ်က လိုက်ရောင်းနေတာ မဟုတ်ပါဘူး
သူတို့က လိုက်ဝယ်နေတာပါ
တရားနဲ့မဖြေ တရားနဲ့နေဖို့ပါပဲ
မြှုပ်ထားတဲ့ရွှေအိုးဟာ ရွေ့ရွေ့သွားတတ်ပါတယ်။

စိုင်းဝင်းမြင့်
၂၀၀၅

Apr 10, 2012

တုန်ယင်မှုဟာ နေရောင်ခြည်

ဒီမြေကို ခြေချမိတော့
ရနံ့ဟောင်းကို ပြန်ရတယ်။

အရင်စားပွဲထိုးတွေ မရှိတော့တာတစ်ခုပဲ
အရင်လို လက်ဖက်ရည်အရသာမှာ
အရင်လို ဆေးလိပ်မီးခိုးများ
ယင်ကောင်များ။

အသံသေတ္တာမှာ
လောင်ကျွမ်းနေတဲ့ သီချင်းကလည်း
ငါကူးစက်ခဲ့ဖူတယ် ဆိုပေမယ့်
ငါ့သွေးထဲ တေးသွား အတက်အဆင်းမဟုတ်တော့ဘူး။

အခုမြင်နေရတဲ့ ဘောလုံးကွင်းဟာ
အရင်တုန်းက မြေဆွေးအမှိုက်ပုံ
ငါရဲ့ကလေးဘဝဟာ အသက်ဝင်လို့
ငါ့မြို့နာမည်နဲ့ မြေဆွေးပုံပေါ်က
ငါ့မြို့လေးကို ငါ အပေါ်စီးက ကြည့်ခဲ့ဖူးတယ်။

အရင်တုန်းက ငါ့မြို့လေးမှာ
ငါ အနွေးဓာတ်မရတဲ့လူ မရှိဘူး
အခု ငါ မသိတဲ့လူတွေ ကျယ်ပြန့်လာတယ်
ငါဖမ်းမမိတဲ့ စိတ်ကူးတွေ ပြေးလွှားနေတယ်
ရှုခင်းကို ဆွဲဆန့်လိုက်တော့
ငါမရောက်တဲ့ အဆောက်အဦတွေ မြင့်တက်လာ။

အရာရာကို ငါ့ဘက်က လိုက်လျောခဲ့တယ်
ငါ့မှာ ငါ့ဘက်က သွားရမယ်ဆိုတဲ့ အသားတံဆိပ်ပါလာလို့
ဘဝတစ်ပါးအထိ သွားခဲ့တယ်
မြို့အပြင်သို့ နေရောင်ခြည်သို့။

ငါရပ်နေတဲ့ လမ်းနာမည်ကို ငါမသိတော့
ငါလျှောက်နေတာ ဘယ်မှမရောက်ဘူး
အဲ့ဒီတုန်းက ငါ့အကိုင်းအခက်ဟာ
လမ်းနဲ့မလွတ်လို့ အခုတ်ခံရတာ။

လောကဟာ မထူးဆန်းဘူးလား
အမြဲတမ်း ရယ်နေတတ်တဲ့ ငါ့အစ်ကိုတစ်ယောက်ဆို
အခုထိ ရယ်နေတုန်း
လောကဟာ မထူးဆန်းဘူးဆိုတဲ့
ငါ့ငယ်သူငယ်ချင်း ကျော်လင်းထွန်းဆိုလည်း
လမ်းဘေးလက်ဖက်ရည်စားပွဲမှာ
အခုထိ ဓားစိုက်ထားတုန်း။     ။

စိုင်းဝင်းမြင့်
၂၀၀၂

Apr 8, 2012

တခြားသော-၄


လွမ်းဆွတ်ခြင်းဟာ
မနက်မိုးလင်းတာနဲ့ အံ့သြရစမြဲ
မော့ကြည့်လိုက်
ဒီတစ်ခါ ပိတောက်ပန်းပွင့်တယ်။
ပိတောက်ပွင့်ခြင်းဟာ
ငါ့အိမ်ရှေ့က သစ်တစ်ပင်တည်းမှာလား
စက်ဘီးလေးတစ်စီးနဲ့
တစ်မြို့လုံး လှည့်ပတ်ကြည့်တယ်
တစ်မြို့လုံး ပိတောက်ပန်းတွေ ပွင့်တယ်။
ဒီဇာတ်လမ်းကို
ငါ ဒီနေရာက စမယ်
မင်းလည်း ရောက်တဲ့နေရာက စတော့
ငါ့ရင်ထဲက ခုံပြာတန်းလေးမှာ
အခုထိ ဓားခုတ်ရာရှိတယ်။
တစ်နွေလုံး ကြွေကျနေတဲ့ သစ်ရွက်တွေ
တစ်ရွက်မှ မလွတ်စေရဘူး
မမြဲခြင်းကို
အဆုံးထိရောက်အောင် ရှုမယ်။
ငါ့ဆီ
မီးသတ်ကား အစီးတစ်ရာ
အမြန်လွှတ်လိုက်။
လက်သန်းလေးမှာ
မတော်တဆ ဓားရှတာတောင်မှ
ငါက
တစ်သက်လုံး ဖွဲ့လို့မဆုံးတော့ဘူး
ဒဏ်ရာ။
သေရေးရှင်ရေး
နှစ်တစ်နှစ်ဟာ ဖြတ်ပြေးသွားတော့လည်း
တို့နှစ်ယောက်က အဝေးပြေးအနီးဆုံး
တို့နှစ်ယောက် သေဆုံးသွားတော့လည်း ဇာတ်လမ်းမဆုံး။

စိုင်းဝင်းမြင့်
၂၉..၂၀၀၂

တခြားသော-၃


တိတ်ဆိတ်ခြင်းဟာ
မင်းရေးသားခဲ့တဲ့ အကြောင်းအရာပဲ
နံရံမှာ
ကြမ်းခင်းမှာ
လက်သည်းရာတွေနဲ့။

ငါမပျော်ရွှင်ဘူးဆိုတာ
ငါ သွေးမအေးဘူးဆိုတာ
လက်ဖက်ရည်ဆိုင်တွေမှာ ကြည့်
မြို့ရဲ့ လမ်းတွေမှာ ကြည့်
ငါ့ရဲ့ အစိတ်စိတ်အမြွှာမြွှာကို
အရာရာအားလုံးမှာ တွေ့ရမယ်
အရာရာအားလုံးမှာ ငါတွေ့ခဲ့တယ်
မမြဲခြင်း။

နေ့လယ်နေ့ခင်း
အရိပ်တစ်ခုခုအောက်မှာ ရောက်နေစေချင်တယ်
ငါ့ရဲ့ ဆုတောင်းခြင်းမှဦ
ပန်းတွေ ပွင့်တယ်။

မေးခွန်းကို နားမလည်တော့
ငါ ဘယ်လို အဖြေပေးရမယ် မသိဘူး
မင်း ချပြတဲ့ အတွေးအခေါ်တွေက
အလေးအပင် သိပ်များတယ်။

ပျော်ရွှင်ခြင်းဆိုတာ
စက္ကူပေါ်မှာ ရေးဆွဲထားတဲ့ ရှုခင်းပဲ
ငါ့အဓိပ္ပာယ်ထက် ပိုကျယ်ပြန့်နေတော့
လမ်းသွားရင်း ငေးကြည့်ခဲ့ရတယ်။

စိတ်ကူးစိတ်သန်းဆိုတာ
ငါ့အတွက်တော့ မဖြတ်သန်းရနယ်မြေ
ငါ့မှာ ကြွေစရာ သစ်ရွက်တွေ မရှိတော့ရင်
ငါ အသက်ရှိတယ်ဆိုတာကို
ဘယ်လို သက်သေပြရမလဲ။

ငါ ထိမိစမ်းမိသမျှဟာ စီးဆင်းနေတော့
ငါဘယ်လိုမှ ပေါ့ဆလို့ မရဘူး
ဘယ်အရာဟာ ကြာကြာခံမလဲ
ငါ ပြုလုပ်မယ်။

နေရောင်ခြည်ဟာ
သစ်ရွက်တွေကြားက လျှောကျနေတယ်
ငါ့စိတ်တွေ တအားပျံ့လွင့်တာပဲ
ငါ့အိမ်ရှေ့က သစ်ပင်မှာ
ဓားထစ်ရာတွေနဲ့။

ဟိုဘက်သံလမ်း ဒီဘက်သံလမ်း
ငါ့အလွမ်းလက်မှတ်နှစ်စောင် ဖြတ်ထားတယ်
သတင်းရုပ်ရှင်မှာ
ဘယ်ရထား အရင်ဝင်လာမလဲ။

အခန်းအပြင်ဘက်မှာ
ခြေသံတရှပ်ရှပ် မကြားရဘူးလား
စားပွဲပေါ်တင်ထားတဲ့ ပန်းအိုး
တစ်စုံတစ်ယောက်က ဝင်တိုက်မိသလို
ကျမကွဲဘူးလား
နံရံမှာ
ကြမ်းခင်းမှာ
အရိပ်ဟာ မခေျာက်ချားဘူးလား။

အခု
နှင်းတွေ အရမ်းကျနေတယ်
အဝေးပြေးကားတွေ ရပ်ထားရတယ်
မမြင်ရခြင်း ကြိုးတစ်စ
ငါ လှမ်းဆွဲလိုက်တယ်။

စိုင်းဝင်းမြင့်

တခြားသော-၂


သူဖမ်းနေတဲ့ သော့ချက်ထဲမှာ
တစ်မနက်ခင်းလုံး ကိုယ့်အပျက်။
လမ်းတစ်ဝက်
ဖျောက်ဖျက်ခဲ့တယ်ဆိုပေမယ့်
ကိုယ့်အရင် ရောက်နှင့်ပေါ့။
'ပြတင်းပေါက်ကို ဖွင့်လိုက်သောအခါ...
ကိုယ့်သေမင်းလိုတွေ့ရ'
ရောက်ရာအရပ်က မနက်ခင်းမှာ
မင်းလည်း ဒီလိုရေးမယ်။
တစ်ယောက်သွား မြက်လမ်းသွယ်လေး
မျက်ရည်စို
အတွေးထဲ ဘယ်လိုဆင်းရမယ်
လေယာဉ်ပျံတစ်စီး
မင်းလည်း လက်တစ်ဖက်ထုတ်ထားရော့မယ်
သွေးအေးလေးလံ နံရံနှင်းထဲ
ဘယ်တော့မှ ထွင်းမဖောက်နိုင်ခဲ့
ချစ်ခြင်း။

စိုင်းဝင်းမြင့်

တခြားသော


မနက်ခင်းက
ခိုတွေနဲ့ ညွတ်အိလေးလံ
ကုသိုလ်ကံရဲ့ အသံမှာ
အသက်ဇီဝကို ရန်ရှာမိတယ်။

တို့နှစ်ယောက်တင်ဆက်ခဲ့တဲ့
သရုပ်ဖော်ဂီတတစ်ခုလေ
"လျှပ်စီးတလက်လက်
ထီးလေးတစ်ချောင်းနဲ့ အသက်ကိုမျှဆောင်းခဲ့"
ဒီမနက်မှာတော့
ဘယ်တစ်ဖက် ညာတစ်ဖက်
သားကြောပြတ်လေရဲ့။

ပြက္ခဒိန်ဟာ
သက်တမ်းကုန်ဆုံးခဲ့ပေမယ့်
ငါလေ
မင်းမျက်နှာလေးမဖြုတ်ချရက်တာနဲ့
နံရံမှာ ဒီအတိုင်းထားရတယ်။

ငါ့အစားအသောက်မှာ
မင်းရိုက်နှိပ်ခဲ့တဲ့ရက်စွဲလည်း
လွန်ခဲ့
ငါ့အသက်ဓာတ်မှာ
မင်းအတိုးသတ်ရမယ့်အနမ်းလည်း
လွန်ခဲ့
မင်းအခွံမင်းပြန်နွှာကြည့်ရင်
တုန်လှုပ်ချောက်ချားမှုကို တွေ့ရမယ်။

ငါတစ်ယောက်တည်း
ဘယ်လိုကုန်ဆုံးရမှန်းမသိတဲ့နေ့တွေလည်း
ဘယ်လိုကုန်ဆုံးခဲ့မှန်း မသိတော့ဘူး။
ငါတစ်ယောက်တည်း
ဘယ်လိုကုန်ဆုံးရမှန်း မသိတဲ့ညတွေလည်း
ဘယ်လိုကုန်ဆုံးခဲ့မှန်း မသိတော့ဘူး။

ငါ့နားဝေးတဲ့နယ်တကျေးမှာ
ဘယ်လိုတေးတွေ မင်းဆိုနေသလဲ
ငါ့မျက်လုံးကန်းတဲ့ တစ်ဖက်ကမ်းမှာ
ဘယ်လိုလမ်းတွေ မင်းဖောက်နေသလဲ။

အဝေးပြေးကား မထွက်ခွာခင်
တစ်ရွက်ကျန်လက်မှတ်လေးမှာမှ
ကိုယ့်အသက်ကို ကိုယ်ဖြတ်မိခဲ့လေခြင်း
မင်း...
မင်းဘာလို့ မငြင်းခဲ့တာလဲကွာ။

အခုတော့
ဖျပ်ဖျပ်လူးရင်းထ
ဘယ်လိုတရားဓမ္မနဲ့မှ ဖြေမရပေါ့။

ကမ္ဘာ့ဝင်ရိုးစွန်းနှစ်ဖက်
ရင်းခြင်းဆက် ခေတ်ကြီးမှာမှ
တစ်ယောက်ကို တစ်ယောက်
ရုပ်မမြင်ရ
အသံမကြားရ
အသံကုန်အော်ခဲ့သမျှ
အသံကုန်ခဲ့ရ။

ငါတို့ ညီညွတ်ခဲ့တဲ့ ဂစ်တာခြောက်ကြိုး
ငါတို့ဘဝကို ဘယ်သူရိုက်ချိုးတာလဲ
မင်းလည်းကြိုးလျော့ခဲ့ပြီ
ငါလည်း လက်ကွက်မေ့ခဲ့ပြီ။

ငါ့အေးစက် သွေးပျက်မှုနဲ့
တုန်လှုပ်ပျံ့လွင့်နှင်းလေ
အမှောင်ထဲ တစ်ဝက်ကျ
နေရောင်ထဲတစ်ဝက်လောက်ကျွမ်းနေတော့တယ်။

စိုင်းဝင်းမြင့်
ရုပ်ရှင်တေးကဗျာ၊ ဇွန်၊ ၂၀၀၁။

Apr 6, 2012

ဂီတ-၈


အိပ်တန်းပြန် ငှက်တစ်အုပ်က
ကိုယ့်အသက်ကို နုတ်ယူတော့မယ်။
ရုပ်ချည်းပဲ ကျန်ခဲ့ရသူကိုယ့်မှာ
ဝင်နေတဲ့နေကို ကျောပေးလိုက်ရ။
ချည်ချော်တစ်စလို
ထစ်အခဲ့တဲ့ ချစ်ခြင်းမေတ္တာ
ထမီခါ ဖုန်ခါ ထွက်ခွာသွားတဲ့
တစ်ခါတုန်းက သူမ မျက်နှာ။
ကိုယ့်မှာ
စိတ်တစ်စ ဘဝတစ်စ
လွှတ်ချမိတဲ့ အလွမ်းက
ဖျပ်ဖျပ်လူး
လွှတ်တင်မိတဲ့ စွန်က
လေမိ
မြစ်ထဲမှာလည်း
လှေနဲ့ ရေနဲ့ ငြိနေမယ်။
အချစ်ရယ်.,.
ကိုယ့်အသံကိုမှ
ကိုယ်ပြန်မစမ်းနိုင်တော့
ကိုယ့်စိတ် မြေမခအောင်
ကိုယ့်ခြေနဲ့ တော့တော့ပေးနရပေါ့ကွယ်။

စိုင်းဝင်းမြင့်

ဂီတ-၇


ကိုယ်က လင်းနေရင်
မင်းက အမှောင်ကျလို့...

မမြင်ရတဲ့တစ်ဖက်ကိုပဲ
ငါ တွေးမိတယ်။

ချစ်ခြင်းမေတ္တာဆိုတာ
လျှပ်ကူးတဲ့အလွှာ
တစ်ယောက်တည်း စကားပြောမိလို့လား
ရူးသွပ်ခြင်းရဲ့ လက္ခဏာ

သစ်ပင်ဝါးပင်လေးတွေတောင်မှ
လှုပ်ခတ်အသက်ဝင်ချင်တာပဲ။

စိုင်းဝင်းမြင့်

ဂီတ-၆


အဖြေမရှိခြင်းက
အိမ်တံစက်မြိတ်မှာ ထိုးကျနေတဲ့ ရေတံခွန်။

ဒီတစ်နေ့တော့ဖြင့်
အကုန်လွှတ်ချထားလိုက်။

ချစ်ခြင်းမေတ္တာဆိုတာ
အချက်အလက်ကို လိုချင်တာမဟုတ်ဘူး
အရေးအသားကို လိုချင်တာ။

အဖြူစွန်းတာလဲ စွန်းပေတာပဲ
နှလုံးသားကလည်း သေစကား သိပ်ပြောတာပဲ။

စိုင်းဝင်းမြင့်

ဂီတ-၅


မမြင်ရတဲ့ တစ်ယောက်က
သွေးကြောထဲ ရောက်တယ်။
မြင်ရတဲ့ တစ်ယောက်က
ငါ့သွေးနဲ့ဝေးရာ ရောက်တယ်။

စိတ်နဲ့ထိခတ်မိသမျှ ရွှေဖြစ်ပြီး
ရွှေနဲ့ထိခတ်မယ့်လက်က ပြတ်နေတယ်။

ငါ့ခန္ဓာကိုယ်က ပဲ့ထွက်သွားတဲ့အလွမ်းက
ငါ့ကို အလင်းပြန်တယ်
မင်းခန္ဓာကိုယ်က ပဲ့ထွက်လာတဲ့ အနမ်းက
ငါ့ကို တွင်းနက်လွန်းတယ်။

အသံမှုန် အသံစ ပြာကျတိတ်ဆိတ်
မင်းစကြာဝဠာ အိပ်စက်ခဲ့ပေမယ့်
ငါ့သွေး မတိတ်ခဲ့ဘူး။
ငါ့စိတ်ကို ငါမွှေးခဲ့တယ်။

ဒီမှာ
လက်က လက်ကို ဆက်မရတော့ဘူး။
စိတ်က စိတ်ကို ကုမရတော့ဘူး။

စိုင်းဝင်းမြင့်
ချယ်ရီ၊ ဒီဇင်ဘာ၊ ၂၀၀၁။

ဂီတ-၄


"ရေမကူးတတ်သူဟာ
ကျောက်တုံးပေါ့..."
သူ့အသံနဲ့ ရေချိုးဆိပ်တံတားလေး
သက်တံ့ညွတ်ကွေးလို့။

မြစ်ထဲ
ကျဲကျနေတဲ့ နေရောင်က
တလက်လက်ကူးခတ်
ကမ်းစပ်ကုက္ကိုပင်နဲ့ ကိုယ့်အရိပ်မှာ
ရင်ထဲ
ထိတ်ထိတ်ပျာပျာ။

အသားခုတ်တဲ့နေရာကို
စွန်ကသိတယ်
အဝေးကငါးမန်းရောက်ရှိလာတာ
မေတ္တာတရားသွေးစို့နေလို့ပေါ့။
ခန္ဓာကိုယ်ကို အပျက်ရှုတော့လဲ
ငုဝါပန်းလေးတွေပဲ ပွင့်တယ်
မနက်လင်းရင် ကိုယ်တို့သတင်းက
တစ်ရပ်ကွက်လုံး ပျံ့နေတော့မှာပဲ။

ဘာကြောင့်
အရှိန်နဲ့ပြင်းပြနေသလဲဆိုတော့
မျက်ရည်မှာ အဖြေမရှိဘူး။
ချွတ်ထားရတဲ့ ဖိနပ်လေးသာ
တွန့်လိမ်ကော့ပျံနေပေါ့ကွယ်။

စိုင်းဝင်းမြင့်
ချယ်ရီ၊ သြဂုတ်၊ ၂၀၀၁။