> သီဟသူ [dot] blogspot [dot] com: April 2011

Apr 23, 2011

စနေ နေ့တစ်ဝက် (၁၀)

အထူးအဆန်းတွေပဲ ကြုံကြုံလာတော့
ထူးဆန်းတယ်ဆိုတာလည်း မထူးဆန်းတော့

မျှော်လင့်ထားတဲ့ မမျှော်လင့်ထားတာတွေရယ်
ပြန်မလာတော့တဲ့ ပျော်ရွှင်ခြင်းများရယ်

မရေးဖြစ်သေးတဲ့ အရေးအသားတွေရယ်
ဗလာဖြစ်နေဆဲ အတွေးများရယ်

နာကျင်မှုကိုမှ သာယာခြင်းတွေရယ်

ဘာကြောင့် စနေ ဆိုတဲ့ အကြောင်းပြချက်မလိုတဲ့
ရောက်မြဲ ရောက်လာဆဲ
စနေနေ့တွေရယ်

သီဟသူ
၂၃-၀၄-၂၀၁၁

Apr 20, 2011

တွင်းနက်

ဒီလိုခေတ်ကြီးထဲ
လွယ်လွယ်
မြန်မြန်ပဲ
ကျ
ပျောက် သွား နိုင်ပါတယ်။

ပဲ့တင်ထပ်ဖို့ နံရံများအား
ငါ့ အော်သံ ရှာမတွေ့သေးပါ။


သီဟသူ
၂၀-၀၄-၂၀၁၁

Apr 4, 2011

ကဗျာကို ကဗျာလိုရေး

ကဗျာကို ကဗျာလိုရေး
အနုပညာကို အနုပညာလိုရေး။

အချစ်ရယ်
မင်းကို ကိုယ်က သိပ်လိုအပ်လှတာမဟုတ်ပါဘူး
ကိုယ့်ပျော်ရွှင် မှုပဲ ကိုယ်က ဆာလောင်ခဲ့သူပါ။

တစ်ပါးသူကို မထိခိုက်ဘဲ အသက်ရှင်လို့ရခဲ့လို့လား
အချစ်ရယ်။
တောင်းပန်ပါတယ်
ပျော်ရွှင်မှု ဆိုတာမှာ၊ အချစ်ဆိုတာမှာ
အချစ်ပဲ ထိခိုက်ရတာရယ်မလား။

လောကမှာ ကိုယ့်သာယာမှု ပျော်ရွှင်မှု လောက်
အရေးကြီးတာ ရှိအုံးမလားကွဲ့။
ဒါနဲ့များ မင်းကိုယ့်ကို ချစ်တယ်တဲ့။

လူတွေက ဆန့်ကျင်ဘက် လိင်ရယ်။ ဆာလောင်မှုရယ် ၊ သာယာမှုရယ်
အဲ့ဒါတွေ စုံသွားတော့ အချစ်တဲ့။

ကိုယ် မငြင်းဆိုလိုပါ။

တကယ်ပါ လှလှပပ ၀န်ခံလိုက်စမ်းပါ
ကိုယ့် ရဲ့ အတ္တစိတ် ထကြွသောင်းကျန်းမှုကို

လောကမှာ ဘာကို မှ မမျှော်လင့်တာပဲ အေးတယ်တဲ့
ဘယ်သူများ ပြောခဲ့တာလဲလို့၊
ဟုတ်ကဲ့၊ မျှော်လင့်ချက် မဲ့မှု ကို လည်းပဲ
မျှော်လင့် ရတာပဲ မဟုတ်လား။

နောက်တခါ များ လူပြန်ဖြစ်ခွင့်ရခဲ့ရင်
ဆိုတဲ့ မျှော်လင့်ချက် ကတောင် အနာတရပါ။
အမြဲတမ်း အနာတရ တွေပါ။

အနာတရ တွေကိုပဲ။
လှလှပပ သိပ်ဟန်ဆောင်ကောင်းရတာ။
လှလှပပ သိပ်ဖွဲ့နွဲ့ခွင့်ရခဲ့တာ။
လှလှပပ ဆိုပြခဲ့ကြရတာ။
လှလှပပ ဖုံးဖိခဲ့ကြတာ။

အမှန်အတိုင်းပြောလိုက်စမ်းပါ ၊ အချစ်ရယ်
ငါ ပျော်ရွှင်မှု လိုအပ်တယ်၊ သာယာမှု လိုအပ်တယ်
ဆန့်ကျင်ဘက် လိင် လိုအပ်တယ်လို့။

ဒါနဲ့များ...

ငါနဲ့ပဲ ပျော်ရွှင်ရမယ် တခြားသူနဲ့မပျော်ရွှင်ရဘူးဆိုတာ
တရားရော တရားရဲ့လား အချစ်ရဲ့။
ပြောပါအုံး။

ရီ စရာကြီးပါ။

အဲ့ဒါ့ ကိုများ၊
ကိုယ်ကလည်း မင့်တွေ့တိုင်း ချစ်တယ်ချည်း ပြောပြောနေတာပဲ။

ကိုယ်ပြောခဲ့တယ်မလား
ကဗျာကို ကဗျာလိုရေး
အနုပညာ ကို အနုပညာလိုရေးလို့။

တကယ်ပါ
ရီ စရာကြီးရယ်ပါ။

ကို ဘာပြောစရာ ကျန်သေးလဲ ဆိုတော့
ချစ်တယ်တဲ့။

မင်း ကစားခဲ့ဖူးတဲ့ အာရုံကြောများက တခုတ်တရ။


ထွန်းနွယ်

Apr 2, 2011

ညကဖေး

ညကဖေးမှာ ကျွန်တော်တို့ ထိုင်နေတယ်။ ညကဖေးဆိုတာ ညဘက်မှာဖွင့်တဲ့ ကဖေးဆိုင်ပေါ့။ ညဘက်မှာဖွင့်တဲ့ ကဖေးဆိုင်ဆိုတော့ ညဘက်မှာ ကျင်လည်တဲ့သူတွေထိုင်ကြတဲ့ နေရာတစ်ခုလေ။ ညကဖေးမှာ ကျွန်တော်တို့ ထိုင်နေတယ်။ ညကဖေးဟာ မီးကျီခဲတွေရဲလို့။ ရေနွေးငွေ့တွေ ဆူလို့။ လူသံသူသံ၊ ယာဉ်ရထားသံတွေတိတ်လို့။ လမင်းကသာလို့။ နီယွန်မီးတွေထိန်လို့။ ကျွန်တော်ဟာ ညလူတစ်ယောက်အဖြစ်နဲ့ ညကဖေးမှာ ရောက်နေတယ်။ ကျွန်တော် ညဘက်ဆင်းရတဲ့အလုပ်က သန်းခေါင်လောက်မှာ ပြီးသွားတယ်။ ညကဖေးမှာ တစ်ခုခုသောက်ဖို့ ရောက်လာခဲ့တာပေါ့။ တိတ်တိတ်ဆိတ်ဆိတ် ညကဖေးမှာ မိတ်ဆွေတစ်ယောက်နဲ့ ထိုင်နေမိတယ်။ ညကဖေးမှာ ထိုင်သူတွေဟာ ငြိမ်ငြိမ်သက်သက်နဲ့ တချို့စကားကို တီးတိုးသံနဲ့ပြောလို့။ အရူးကြီးတစ်ယောက်၊ အပေါစား ပြည့်တန်ဆာတစ်ယောက်၊ လေလွင့်နေတဲ့ အိမ်ပြေးတစ်ယောက်၊ ဒုက္ခိတတစ်ယောက် ညကဖေးမှာ ရောက်နေကြတယ်။ သူတို့ တစ်နေရာစီမှာ ငြိမ်ငြိမ်သက်သက်ထိုင်လို့။ ကျွန်တော်သိပ်စိတ်ဝင်စားဖူးတဲ့သူတွေပါ။ စာတွေထဲမှာသာ သူတို့အကြောင်းကိုဖတ်ခဲ့ဖူးရဲ့။ ခုတော့ ညကဖေးမှာ တွေ့နေရပြီ။ ပြည့်တန်ဆာမဟာ စီးကရက်တစ်လိပ်ကိုဖွာနေတယ်။ သူ့ဆံပင်တွေဟာ ဖြစ်သလိုနဲ့ ကျောဘက်မှာ ဖရိုဖရဲကျနေတယ်။ သူ့နှုတ်ခမ်းတွေဟာ ခြောက်သွေ့နေတယ်။ သူ့မျက်လုံးတွေဟာ နာကျင်မှုနဲ့ အံ့ဖွယ် အဓိပ္ပါယ်ကို ဆောင်တယ်။ သူဟာလည်း တစ်ချိန်က အပျိုစင်ဖြစ်ခဲ့ဖူးသူပါပဲကွာ။ သူ့မှာ ရွှေရောင်တောက်ပတဲ့ အဖိုးထိုက်နေ့ရက်တွေ ရှိခဲ့တယ်ဆိုရင်ဖြင့် အဲဒီနေ့ ရက်တွေဟာ ကုန်ဆုံးလွတ်မြောက်သွားခဲ့ပြီ။ အရည်တွေညှစ်ထုတ်ထားတဲ့ ပျားလပို့တစ်ခုနှယ် အချည်းအနှီးနေ့ရက်တွေကိုသာ ခုအခါဖြတ်သန်းနေရတာပဲ။ လိုချင်သူမဲ့တဲ့ စွန့်ပစ်ခံ အရုပ်တစ်ရုပ်နှယ်သာသာပါ။ သူ့ကိုယ်ခန္ဓာဟာ ပိုးမွှားတွေသိုလှောင်ထားတဲ့ အသားစိုင်ကြီးတစ်ခုမျှာသာဖြစ်နေပေါ့။ အရူးကြီးက စားပွဲမှာ သူ့ဦးခေါင်းကို ငုံ့ကိုင်းပြီးထိုင်နေတယ်။ သူ့နှုတ်ခမ်းမွေးတွေဟာ ရိုင်းကြမ်းစွာပေါက်နေကြတယ်။ ဘယ်ကိုမှမကြည့်၊ ဘာကိုမှလည်း မပြောပဲ သည်အတိုင်းငြိမ်သက်လို့။ သူ့ဦးခေါင်းထဲမှာ အတွေးတစ်ခုဟာ မြွေပွေးတစ်ကောင်လို ခွေနေမလား။ မီးကျီခဲတစ်ခုလို တရိပ်ရိပ်လောင်ကျွမ်းနေမလား။ သိချင်မိတယ်။ သူကရော တစ်ချိန်က ပျော်ရွှင်ရယ်မောနေတဲ့ လူငယ်ဘဝကို ရဖူးပါစ။ လေလွင့်နေတဲ့ အိမ်ပြေးကလေးကတော့ ကျောပိုးအိတ်ကို ဘေးမှာချလို့ စာအုပ်တစ်အုပ်ကို သဲသဲမဲမဲဖတ်နေတယ်။ ဒါဟာ သူ့ဘဝပဲ။ သူဖတ်နေတဲ့စာအုပ်က လူကလေးသို့ ပေးစာများတဲ့။ သူ့ရဲ့ မျက်လုံးတွေဟာ အရောင်တောက်ပနေတယ်။ သူဟာ ဘယ်မြို့တွေကို ဖြတ်သန်းခဲ့ပြီလဲ။ ဘယ်မြို့တွေကို ဖြတ်သန်းဦးမှာလဲ။ သူ့အိတ်ထဲမှာ ပိုက်ဆံဘယ်လောက်ကျန်သေးသလဲ။ ကျွန်တော်နဲ့ မိတ်ဆွေဟာ ညကဖေးမှာ ထိုင်နေကြတယ်။ ညကဖေးဟာ ပလက်ဖောင်းဘေးမှာပါ။ တစ်ဖက်မှာ ဘဏ်တိုက်ကြီးတစ်ခု၊ တစ်ဖက်မှာ အထူးကုဆေးရုံတစ်ရုံ၊ ဟိုးတစ်ဖက်မှာတော့ မြို့ရဲ့အထင်ကရဈေးကြီး။ အားလုံးတိတ်ဆိတ်လို့။ ကတ္တရာလမ်းနှစ်ခုက တစ်ခုကိုတစ်ခု ဖြတ်လို့။ ညကဖေးဆိုင်ရှင်ဟာ သူ့ဆိုင်ထဲဝင်ရောက်လာသူတွေကို ဧည့်ဝတ်ကျေလို့။ ရေနွေး၊ စီးကရက်၊ ကော်ဖီ၊ ချာပါတီ အာလုး လိုအပ်တာ လိုက်ချပေးစေတယ်။ ဒုက္ခိတ တစ်ယောက်ကတော့ သူ့ချိုင်းထောက်ကို စားပွဲပေါ်မှာထောင်ပြီး ချာပါတီအာလူးကို မြိန်ရှက်စွာ စားသောက်နေတယ်။ (၂၈)လမ်းနဲ့ (၈၂)လမ်းမကြီးနှစ်ခုဟာ ညကဖေးအနီးမှာ တစ်ခုကိုတစ်ခု ကန့်လန့်ဖြတ်သွားကြတယ်လေ။ ခုတော့ လမ်းမကြီးနှစ်ခုပေါ်မှာ လူတွေရှင်းလို့လင်းလို့။ ဟိုးခပ်လှမ်းလှမ်းရပ်နေတဲ့ သစ်ပင်အောက်မှာ ခွေးတစ်ကောင် တရွေ့ရွေ့ လျှောက်သွားနေတယ်။ ညကဖေးက လူတွေဟာသန်းခေါင်ယံကျော်ရင် ညကဖေးနဲ့အတူ ပျောက်ကွယ်သွားကြမှာပဲ။ ဒါပေမဲ့ နေဝင်ရီတရော ညအမှောင်ဝင်လာခဲ့ရင်တော့ ညကဖေးနဲ့အတူ သူတို့ ပြန်ရောက်လာကြဦးမှာပေါ့။

နေမျိုး
၂၀၀၃၊ ၄၊ ၃

နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်