> သီဟသူ [dot] blogspot [dot] com: March 2014

Mar 24, 2014

ဆီးချိုသီးများ ရှိတယ်

ဤသို့ဖြင့်
ဘဝတွင် ချိုမြိန်သောသူများအတွက်
ဆီးချိုသီးများ အမြဲရှိသည်ဟု
မှတ်သားခဲ့ရဖူးပေသည်။
ဟောဒါ အရင်းကျမ်းကို တွေ့ရှိခဲ့သူ 'ားလ်မတ်စ်'
ဒါ 'ရော့စတီးဝဒ်' ရမ္မက်အကြောင်း သီချင်းဆိုသူ
သူက ပန်းနုရောင်၊ ရွှေအိုရောင် 'ဒဂုန်တာရာ'
သူက အပြာရောင်စီးသူများ ပန်းချီဂိုဏ်းဝင် 'ကင်ဒင့်စကီး'
သူကိုယ်တိုင် သဘာဝတရားပါလို့ ရဲဝံ့စွာ ကြွေးကြော်ရဲသူ 'ဂျက်ဆန်ပူးလော့'
သူကတော့ ချင်းတွင်းမြစ်ကမ်းဘေးက ရိုးရိုးသားသား
ရေကြည်သမားလေး
သူက အခုအချိန်အထိ အနုပညာနဲ့ ကျော်ကြားမှုကို
ငွေနဲ့ ဝယ်နေရသေးသူ
သူကိုယ်တိုင် အနုပညာပုံစံတစ်ခုအဖြစ် နာမည်ကြီးသူ 'အင်ဒီဝါးဟိုး'
'မာဆယ်ဒူးရွှန့်' ဒါဒါအနုပညာဝါဒရဲ့ အရှင်သခင်
ရက်စက်ကြမ်းကြုတ်တဲ့ ကမ္ဘာကြီး၊ အနိဌာရုံများ၊ စစ်ပွဲများ
နံရံများကို ဖွဲ့နွဲ့တင်ပြတဲ့ 'ပင့်ဖလွိုက်'တေးဂီတ
ဤသို့
ဤသို့ဖြင့် ဆီးချိုသီးများသည်
ဘဝတွင် အမှန်တကယ် ချိုမြိန်သူများအတွက်
ဖြစ်ခဲ့ရပေသည်။

ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း

သော်ဒီဝေ
မြို့တစ်မြို့ ၊ လသုံးစင်း
ပထမအကြိမ်၊ ၂၀၁၃။
မြန်မာဧရာစာပေ။

Mar 23, 2014

ဒေါက်တာခမ်းလိတ်မှ သိမယ်

ကက်ဆက်ခလုတ်ကို ရှေ့ကို ရစ်တယ်
တစ်ခါ ကက်ဆက်ခလုတ်ကို
နောက်ကို ပြန်ရစ်တယ် . . .
ဒါဟာ အလုပ်ပဲ
ဒါတွေကို ဒေါက်တာခမ်းမလိတ်မှ သိမယ်
ဆဒ္ဒန်ဆင်မင်း အကြံနဲ့
ဘဝမှာ ဉာဏ်ပညာကြီးမားခဲ့ပေမယ့်
ကံနဲ့ စားရသူတွေထဲမှာ
ကိုယ်တစ်ယောက် မပါခဲ့
ငွေဆိုတာ ပိုက်ဆံနဲ့ရှာမှ ရတယ်
ဒါတွေကို
ဒေါက်တာခမ်းမလိတ်မှ သိမယ်
ပေးကား ပေး၏ မရတဲ့
မုတ်သုန်လေ မြောက်ပြန်လေတို့ထက်လည်း
အချိန်မှန်ခဲ့ရ
ထိုက်တန်တာထက်လည်း ပိုပြီး ရင်းနှီးခဲ့ရ
ဘဝရဲ့ လှည့်ကွက်တွေကြား
အနယ်ထိုင်အောင် စောင့်ခဲ့ပေမယ့်
ချယ်ရီပင်အောက် အခုချိန်ထိ
ရောက်မလာခဲ့သူ တစ်ယောက်အကြောင်းကို
ဒေါက်တာခမ်းမလိတ်မှ သိမယ်
ကက်ဆက်ခလုတ် ရှေ့ကို ရစ်တယ်
တစ်ခါ ကက်ဆက်ခလုတ် နောက်ကို ပြန်ရစ်တယ်
ဒါဟာ သီချင်းတစ်ပုဒ်ပဲ
ဒါ . . . ဒေါက်တာခမ်းမလိတ်မှ သိမယ်။

ဖက်ရှင်မဂ္ဂဇင်း၊ ဇန်နဝါရီ၊ ၂၀၁၃။

သော်ဒီဝေ
မြို့တစ်မြို့ ၊ လသုံးစင်း
ပထမအကြိမ်၊ ၂၀၁၃။
မြန်မာဧရာစာပေ။

Mar 22, 2014

မှတ်တမ်းမှတ်ရာများအရ

မှတ်တမ်းမှတ်ရာများအရ     မန္တလေးမြို့ ဝင်းလိုက်ရုပ်ရှင်ရုံမှာ
                                        'ဒေါက်တာဇီဗားဂိုး' ဇာတ်ကား ရုံတင်တဲ့နှစ်က
                                        သူ့ကို မွေးပါတယ်။
မှတ်တမ်းမှတ်ရာများအရ     (ရေနံချောင်း) ကုန်းစောင်းရွာကလေးမှာ ရုပ်ရှင်ရုံ
                                        ကောင်းကောင်းမရှိရှာခဲ့ဘူးလို့ တချို့က
                                        ဆိုတယ်။
မှတ်တမ်းမှတ်ရာများအရ     ကဗျာဆရာ 'မောင်ချောနွယ်'ဟာ ကျွန်တော်တို့
                                        ခေတ်ရဲ့ 'ပုသျှကင်'ပါလို့ တင်စားခံရသူဖြစ်တယ်။
မှတ်တမ်းမှတ်ရာများအရ     'ဖော်ဝေး'သာ သက်ရှိထင်ရှား ရှိနေသေးရင်
                                        မြန်မာ ကဗျာလောကဟာ
                                        တစ်မျိုးတစ်ဖုံ ဖြစ်သွားနိုင်တယ်လို့ ဆိုတယ်။
မှတ်တမ်းမှတ်ရာများအရ     သူ အသက် ၂၀ အရွယ်မှာ
                                        မန္တလေး ပန်းချီပန်းပုကျောင်းကို ရောက်တယ်။
မှတ်တမ်းမှတ်ရာများအရ     'ဒါဒါဝါဒ' 'မာဆယ်ဒူးရွှန့်'နဲ့ 'ဂျက်စ်ပါဂျွန်'တို့ရဲ့
                                        အနုပညာဖန်တီးမှုကို သူကြိုက်တယ်။
မှတ်တမ်းမှတ်ရာများအရ     ဒီနှစ်ဟာ လွတ်လပ်ရေးရတာ
                                        နှစ် ၆၀ ပြည့်နှစ် ဖြစ်တယ်။
မှတ်တမ်းမှတ်ရာများအရ     သူ ၈ နှစ်သားအရွယ်မှာ တော်လှန်ရေးကောင်စီ
                                        အစိုးရ တက်တယ်။
မှတ်တမ်းမှတ်ရာများအရ     သူ အကြိုက်ဆုံးက 'မန်ချက်စတာယူနိုက်တက်'
                                        ဘောလုံးအသင်း ဖြစ်ပါတယ်။ (မန်ယူရှုံးတဲ့ညဆို
                                        သူ အိပ်မပျော်ဘူးတဲ့)။
မှတ်တမ်းမှတ်ရာများအရ     သူ့ဘဝမှာ ချစ်သူ ၄-၅ ယောက် ထားခဲ့ဖူးတယ်တဲ့။
မှတ်တမ်းမှတ်ရာများအရ     အဲဒီထဲမှာမှ ကျွန်တော့်အနမ်းဟာ စွဲမက်စရာ
                                        အကောင်းဆုံးလို့ ပြောတော့
                                        တော်တော်နားထောင်လို့ ကောင်းပါတယ်။
                                        တကယ်တော့ မှတ်တမ်းမှတ်ရာများဟာ
                                        မှတ်တမ်းမှတ်ရာမျှသာ ဖြစ်ပါတယ်။

၆၊ ဇန်နဝါရီ၊ ၂၀၀၈။

သော်ဒီဝေ
မြို့တစ်မြို့ ၊ လသုံးစင်း
ပထမအကြိမ်၊ ၂၀၁၃။
မြန်မာဧရာစာပေ။

Mar 21, 2014

ဗလာ လေဟာနယ်များ

ဘာမှ စဉ်းစားမထားတဲ့ ဦးနှောက်ထဲမှာ
အနုပညာတစ်ခုခု ရှိလိမ့်မယ် သူထင်ပြီး
ဘာမှရေးမထားတဲ့ ရွက်ဖျင်ကင်းဘတ်စ်စထဲမှာ
ပို့စ်မော်ဒန်အယူဝါဒတစ်ခု ရှိမယ် သူထင်တယ်
ဘာမှခံစားချက်မရှိတဲ့ ကောင်မလေးတစ်ယောက်ဆီမှာ
အချစ်သီချင်းစာသားတချို့ ရှိမယ် သူထင်တယ်
ဘာမှတိတ်သားမပါတဲ့ စီ ဇီးရိုးခွေအလွတ်ထဲမှာ
ဘလူးစ်တေးသွားတစ်ခု ရှိမယ် သူထင်တယ်
ဒီလိုနဲ့ သူ့ကိုယ်သူ
နေကာမျက်မှန်အမည်းတစ်လက် တပ်ဆင်ထားတဲ့အခါ
ကွယ်လွန်သွားတဲ့ ကဗျာဆရာ မောင်ချောနွယ်အတုလို့ထင်ပြီး
ကဖီးဆိုင်တစ်ခုထဲ သူ့ကိုယ်သူ
ကြယ်သီးတပ်ထားတဲ့ စကားတွေအများကြီး ပြောနေချိန်မှာတော့
ကမ္ဘာပေါ်က၊ အကျယ်လောင်ဆုံး၊ အဆူညံဆုံး
ရော့ခ်ဂီတသမားတစ်ဦးဦးနဲ့
ဆင်ဆင်တူသူပေါ့။

၂၄၊ ဇူလိုင်၊ ၂၀၀၃။
အလင်္ကာမဂ္ဂဇင်း၊ စက်တင်ဘာ၊ ၂၀၁၃။

သော်ဒီဝေ
မြို့တစ်မြို့ ၊ လသုံးစင်း
ပထမအကြိမ်၊ ၂၀၁၃။
မြန်မာဧရာစာပေ။

Mar 20, 2014

ကျွန်တော့်အခန်း

ကျွန်တော်
ကျွန်တော့်အခန်းကို ပြန်ရောက်တော့
ပို့စ်ကဒ်တစ်ခု တွေ့ရတယ်
ဖန်တုံးတစ်ခုထဲမှာ အကျဉ်းချခံထားရတဲ့
ခရမ်းရောင် နှင်းဆီပန်းတစ်ပွင့် တွေ့ရတယ်
ပန်းအိုးများထဲမှာမှ
သူမရဲ့ သတိရခြင်းကို တွေ့ရတယ်
နောက်
အချစ်သီချင်း ကက်ဆက်ခွေတစ်ခွေ
သံယောဇဉ်နဲ့ ရက်လုပ်တဲ့
စကော့တလန် ရှပ်အင်္ကျီအကွက်တစ်ထည်
တွေ့ရတယ်
အိပ်ရာပေါ်မှာ ခပ်ငွေ့ငွေ့ ကျန်နေသေးတဲ့
သူမရဲ့ ကိုယ်သင်းရနံ့ကို တွေ့ရတယ်
နောက်တော့
သူမဟာ
အခန်းထဲမှာ ကျွန်တော့်ကို တစ်ယောက်တည်း
ပစ်ထားခဲ့တယ်
ကြေကွဲခြင်းတွေနဲ့

၇၊ ဖေဖေါ်ဝါရီ၊ ၁၉၉၇။
ရွက်နုဝေမဂ္ဂဇင်း

သော်ဒီဝေ
မြို့တစ်မြို့ ၊ လသုံးစင်း
ပထမအကြိမ်၊ ၂၀၁၃။
မြန်မာဧရာစာပေ။

Mar 19, 2014

အမေ

ရေငွေ့များများ ဇူလိုင်လ
တိမ်ထူထူ တစ်နေ့မှာ
ဟိုး တောင်ကုန်းမြင့်မြင့်လေးပေါ်
အမေ . . . ငါ့ကို ထားခဲ့တယ်
အမေ မသိတာတွေ အများကြီးနဲ့
အမေ . . . ငါ့ကို ထားခဲ့တယ်
အမေက တောသူ
ရိုးအတယ်
သူ့သား ခဏခဏ အသည်းကွဲတတ်တာ အမေ မသိဘူး
ကန္တာရလမင်း စီးရီးပေါက်တာ မသိဘူး
ဟယ်ရီလင်းကို မသိဘူး
ဂန္တဝင်မြောက် အိမ်အပြန်ထဲက သူ့သားရဲ့အသံကို မသိဘူး
လက်ဖက်ရည်ဆိုင်ထဲက ကောင်မလေးကို ဆယ်နှစ်တိတိ ချစ်ခဲ့ရပြီး
ပြန်အချစ်မခံရတာလည်း မသိဘူး
လမ်းပေါ်က ကောင်မလေးနဲ့လည်း သံယောဇဉ်တန်းဖြစ်ခဲ့တာ မသိဘူး
သူ့သား သူငယ်ချင်း ကုလားလေး ရာရှစ်ကို မသိဘူး
နာမည်နည်းနည်းကြီးတဲ့ သော်ဒီဝေကို မသိဘူး
နာမည်နည်းနည်းသေးတဲ့ ဝေချစ်ကိုကို မသိဘူး
အမေက ဂီတကို မသိဘူး ဒါပေမဲ့
ဆိုနီ စတီရီယိုကက်ဆက်တစ်လုံး ငါ့ကို ဝယ်ပေးရဲ့
အမေက ပီကာဆိုကို မသိဘူး ဒါပေမဲ့
ကင်းဘတ်စ်နဲ့ ဆေးတွေ ငါ့ကို ဝယ်ပေးရဲ့
အမေက သောကကို မသိဘူး ချစ်ခြင်းမေတ္တာ အလျှံပယ် ငါ့ကိုပေးရဲ့
ငါ ပြန်မပေးနိုင်တာအားလုံး အမေ ငါ့ကိုပေးရဲ့
ရေငွေ့များများ ဇူလိုင်လ၊ တိမ်ထူထူတစ်နေ့မှာ
ရိုဂျာဝါးတား၊ မဂ္ဂဇင်းဂေါ်ကီ၊ ဦးသုခ
စတိင်း၊ ဂျွန်လင်နွန်နဲ့ ဖီးလ်ကောလင်းတို့လိုပေါ့
ဘယ်တော့မှ ငါ ပြန်ရမှာမဟုတ်တဲ့ အမေ့ကို
ငါ ဖွဲ့ဆိုဖြစ်ရဲ့။

ဇူလိုင်၊ ၁၉၉၉၊ သွားလေသူ အမေသို့ . . .
ဇူလိုင်၊ ၂၀၁၃။

သော်ဒီဝေ
မြို့တစ်မြို့ ၊ လသုံးစင်း
ပထမအကြိမ်၊ ၂၀၁၃။
မြန်မာဧရာစာပေ။

Mar 18, 2014

မကျင်းပဖြစ်သော မွေးနေ့များ

အချစ်တဲ့ . . .
ကော်ဖီမစ် တစ်ခွက်စာပင်
ရင်ခုန်စရာ မကောင်းခဲ့
ဖြူစင်ချင်လို့ . . . တဲ့
ဘာကြောင့်များ သူမ
ငါ့ဘဝတစ်ခုလုံး ရှုပ်ထွေးနောက်ကျိခဲ့ရလဲ
ဒီလိုနဲ့
ကျွန်ုပ်ထံမှ အချိုရည်များ ကုန်ဆုံးပြီဟု
သူတို့ဘာသာ သူတို့
နောက်ဆုံး ယူဆပြီးချိန်မှာပဲ
သူတို့ဘာသာ သူတို့ နောက်ဆုံး
ထွက်ခွာသွားကြရဲ့
ဝဋ်ရှိလို့ပါ
လူတကာရဲ့ လက်ညှိုးနဲ့ တံတွေးတွေထက်
ကိုယ် မင်းကိုချစ်တယ်
ဘာတစ်ခုမှ မမှားခဲ့ကြတာက လွဲလို့
ဘာတစ်ခုမှ မမှန်ခဲ့တာ တစ်ခုပါ
မိန်းမတစ်ယောက်ရဲ့ ရင်ခွင်ထဲ
တော်လ်စတွိုင်းရဲ့ ဇာတ်ကောင်လို သင်
နေထိုင်ခဲ့ဖူးပါသလား
တစ်ခါက
ပင်လယ်ရေမျက်နှာပြင်ထက် ခပ်မြင့်မြင့်
ထင်းရှုးနံ့၊ ယူကလစ်နံ့တွေနဲ့
သူမရဲ့ ကိုယ်သင်းနံ့နဲ့လည်း တူတဲ့
မြို့ကလေးရဲ့ တောင်ကုန်းအနိမ့်အမြင့်များအတိုင်း
သူရဲကောင်း ဘီးကိုစီးလို့
ခုတော့လည်း . . . အားလုံး
ပြီးဆုံးသွားခဲ့ပါပြီ
ဒီလိုနဲ့
ဒီလိုပါပဲ မိတ်ဆွေ
(ဘဝဆိုတာ)
ခင်ဗျားတို့ ကျွန်တော်တို့ မစိုက်ပျိုးနိုင်ခဲ့တဲ့
ဗင်းဆင့်ဗန်ဂိုးရဲ့
အဝါရောင် နေကြာပန်းများဟာလည်း
ဟိုး . . . နေရာတော်တော်များများအထိ
လှပနေကြဦးမှာပါဲ . . .

၁၊ ဧပြီ၊ ၂၀၁၂။
ဗြူတီမဂ္ဂဇင်း၊ မေ၊ ၂၀၁၂။

သော်ဒီဝေ
မြို့တစ်မြို့ ၊ လသုံးစင်း
ပထမအကြိမ်၊ ၂၀၁၃။
မြန်မာဧရာစာပေ။

Mar 17, 2014

တနင်္လာနေ့ရဲ့ပုံတူ

မဖွင့်တာကြာပြီး ဖုန်တက်နေတဲ့
ဘီတဲလ်ဓာတ်ပြားအဟောင်း တစ်ချပ်
ဗီရိုအံဆွဲထဲမှာ . . .
ဖြစ်နိုင်ရင်
မျက်စိမှိတ်ပြီး အိပ်ပျော်နေရင်တောင်
ပိုက်ဆံတွေ လှိမ့်ဝင်နေသေးတဲ့
ဘီလ်ဂိတ်လို သူဌေးလည်း ဖြစ်ချင်တယ်
လူတိုင်း . . .
ကုန်ကျစရိတ် ခပ်နည်းနည်း
အတွေးအခေါ် ခပ်ရဲရဲနဲ့
စိတ်ကြီးဝင်သင့်တာပဲပေါ့
ဟာဗျာ . . . မဟုတ်တာ . . .
ဟာဗျာ . . . အနည်းဆုံး
ပေါလ်မက္ကာတနီ ရခဲ့တဲ့
အနုပညာကြေားမျိုးတော့
ခင်ဗျားလည်း ရသင့်သူပေါ့်
ဟာဗျာ . . .
ချက်နိုင်ငံသူ
ကိုယ်နဲ့ နက္ခတ်ချင်းလည်းတူတဲ့
ကယ်ရိုလိုင်းနားကာကိုဗာဆိုတဲ့
မော်ဒယ်လ်ကောင်မလေးနဲ့လည်း လက်ထပ်ချင်သူပါ။
ယခင် တနင်္လာနေ့များအတိုင်း
ဒီနေ့လည်း . . .
ဆားစ်ရောဂါနဲ့ ဘဂ္ဂဒက်စစ်ပွဲဟာ ရုပ်မြင်သံကြားပေါ်မှာ
ရှိနေဆဲပါပဲ။
ဆယ်စုများ တစ်ခုပြီး . . . နောက်တစ်ခု
၃၃ လမ်း ရွှေတူးသမားများအိပ်မက်
ကမ္ဘာမြေ တစ်နံတစ်လျား လတ်ဆတ်
မွှေးပျံကြပါစေသတည်း။

ဖက်ရှင်မဂ္ဂဇင်း၊ စက်တင်ဘာ၊ ၂၀၀၃။

သော်ဒီဝေ
မြို့တစ်မြို့ ၊ လသုံးစင်း
ပထမအကြိမ်၊ ၂၀၁၃။
မြန်မာဧရာစာပေ။

Mar 16, 2014

ဆေးရှူတဲ့မောင်

လမ်းပေါ်မှာ ငါတို့ တုန်တုန် တုန်တုန်
မြေပြိုမှာကြောက်သလိုမျိုး တုန်တုန်
ရာသီဥတုက
"နွေကြီးတော့ နွေနိုင်
မိုးကြီးတော့ မိုးနိုင်" စကားပုံထပ်တိုးရမလို
မိုးကြီးခဲ့တယ်။
မိုးကြီးတော့ ရန်ကုန်မြို့တော်မှာ
ငါတို့တွေ ခြေအေး
ငါတို့တွေ ဝမ်းယောင်
ငါတို့တွေ ချောင်းဆိုး
ငါတို့တွေ ရင်ကြပ်
ဒါကြောင့် 
ငါတို့ဆေးရှူ  VINTOLIN ရှူရတယ်။
ဒါကြောင့်
ဆေးရှူတဲ့မောင်။
ဘယ့်နှယ့် မကြီးမငယ်
ဆေးရှူတဲ့မောင်။
ဒီမလေ
ဆေးရှူတဲ့မောင်
လာပြီမောင်။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Mar 15, 2014

"၂၀၁၁" သို့

သတိရနေပါလိမ့်မယ်
သတိရနေပါစေ
သတိရစရာတါေ သတိရပါစေ
တစ်ခါတစ်ရံ ဟုတ်ရဲ့လား
"ဒါဟုတ်ရဲ့လား" ဆိုသလို
ဆိုသလိုပေါ့လေ
သတိရနေပါလိမ့်မယ်။
ငါတို့ရှိနေခဲ့တာလည်း သတိရဖို့ဆိုသလို
ငါတို့ကလည်း သတိရနေပါတယ်
သတိရနေပါတယ်
သတိရနေပါလိမ့်မယ်ပေါ့။
သတိရနေပါလိမ့်မယ်
ငါတို့ရဲ့လမ်းများသို့
အိမ်နံပါတ် (၄၁) သို့
သတိရနေပါလိမ့်မယ်
ဆင်ခြင်တုံတရားအပြင် မဆင်ခြင်နိုင်တာ
သတိရနေပါလိမ့်မယ်
တစ်ခါတစ်ရံ ဟက်ဟက်ပက်ပက် ရယ်မောခဲ့ရတာအတွက်
သတိရနေပါလိမ့်မယ်
တစ်ခါတုန်းက ခုံပုလေး
တစ်ခါတုန်းက ဝရန်တာ
သတိရနေပါလိမ့်မယ်
သူ့ကိုယ်နံ့ပြင်းပြင်း
သတိရနေပါလိမ့်မယ်
စိတ်လွှင့်ဖို့
စိတ်ထိန်းဖို့
သတိရနေပါလိမ့်မယ်
သတိရနေပါလိမ့်မယ်။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Mar 14, 2014

ကမ္ဘာကြီးအကြောင်း

ကမ္ဘာကြီးလုံးတယ်ဆိုတုန်းကလည်း
ကျွန်တော်ပြုံးမိပါတယ်။
တယ်လည်းလျှာရှည်တဲ့
ပညာတတ်တွေပဲလို့။

တစ်ခါ
ကမ္ဘာကြီးပြားပြန်ပြီတဲ့
ဘယ်လိုဖြစ်ရတာတုန်း။
အင်းပေါ့လေ။
တယ်လည်းလျှာရှည်တဲ့
ပညာတတ်တွေပဲကိုး?

ကမ္ဘာကြီးဟာ
သူတို့အလိုအရ လုံးရပြားရ။

သူတို့အလုပ်က
တော်တော်လည်းဟုတ်တယ်လို့
သူတို့ဘာသာသူတို့
သက်သေပြချက်ထုတ်ကြတယ်။

ကျွန်တော်ဟာ သာမန်ပြည်သူ
ကဗျာတို၊ စာတိုလေးတွေ
မရေးတတ် ရေးတတ်နဲ့ရေးနေတဲ့
ကဗျာရေးသူပါ။

ကမ္ဘာကြီးလုံးသည်ဖြစ်စေ
ကမ္ဘာကြီးပြားသည်ဖြစ်စေ
တရားမျှတသော ကမ္ဘာကြီးသာ
တောင့်တပါ၏။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Mar 13, 2014

နည်းနည်း

မများပါဘူး
စားစရာနည်းနည်း
သောက်စရာနည်းနည်း
ပိုက်ဆံနည်းနည်း။
နည်းနည်းပါပဲ
မများပါဘူး။
အဲဒီ ငါတို့နည်းနည်းဟာ
များနေသတဲ့
ဘယ်လိုလုပ်မလဲ
များနေသတဲ့
ဒုက္ခပါပဲ
များနေသတဲ့။

အသက်ရှူဖို့ နည်းနည်း
အသက်ရှင်ဖို့ နည်းနည်း
အချစ်မရှိ နည်းနည်း
အလိုမရှိ နည်းနည်း
နည်းနည်း
နည်းနည်းပါပဲ တော်ပါပြီ။

သင်တို့မလိုတဲ့ နည်းနည်း
နည်းနည်း နည်းနည်း။

လက်ပေါ်အလိုလို
ကြွေကျသလို နည်းနည်း။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Mar 12, 2014

ဒုံးပျံစီးသူ

ပါခဲ့သေးလား
ပြတ်ကျကျန်ခဲ့လား
ရိန်းဂျားလော်ရီကားကြီးစီးခဲ့တယ်
ဒုံးပျံကိုဖက်စီးသလို။

ဒုံးပျံကိုဖက်စီးခဲ့တယ်
ရိန်းဂျားလော်ရီကားကြီးစီးသလို
ကျင်းများ ချိုင့် (ဂျိုင့်) များ
ချောက်များပေါ် လိမ်လိမ်လူးလူး။

ငါ့မြို့သစ်ရဲ့ ရှေ့ဆုံးနေ့များ
အာကာသသူရဲကောင်းပမာ ငါ့ကိုယ်ငါသွေးမြောက်မိ
ရိန်းဂျားလော်ရီကားကြီးစီးခဲ့တယ်။
ဒုံးပျံကို ဖက်စီးသလို။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Mar 11, 2014

[မြန်မာမှာ ပြဿဒါးလို့ခေါ်တဲ့နေ့လားမသိ] 'အဲဒီနေ့'

အဲဒီနေ့တိုင်း ဆုံကြမယ်ပြောပြီး
အဲဒီနေ့တိုင်း မရောက်ခဲ့တဲ့ ချိန်းဆိုချက်နေ့
မိုးကြီးမှောင်နေအောင်သည်းနေစဉ်
မိုးကာ၊ အနွေးအင်္ကျီ၊ ထီးကြီးကြီးဆောင်း
ရေလုံလည်ရှည်ဖိနပ်စီးပြီး
ကူညီသူတစ်ယောက်
ရောက်လာလိမ့်မယ်လို့
စိတ်ကူးယဉ်နေသူတစ်ယောက်သာ စိတ်ကူးယဉ်နေတဲ့
အဲဒီနေ့။

အဲဒီနေ့မှာ
မင်္ဂလာဆောင်မရှိ
အဲဒီနေ့မှာ
တနင်္ဂနွေမရှိ။
အဲဒီနေ့မှာ
အဲဒီနေ့မရှိ။
အဲဒီနေ့မှာ
နိုင်ငံခြားငွေလာဖို့မရှိ။

အဲဒီနေ့မှာ
ငါက သူ့ကိုကြည်မရဘဲ
သူကလည်း ငါ့ကိုကြည့်မရတဲ့
အဲဒီနှစ်ယောက်သာ၊ တစ်စားပွဲစီ ထိုင်နေတဲ့
အဲဒီနေ့။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Mar 10, 2014

အခြားကဗျာဆရာတစ်ယောက်သို့

ဝမ်းနည်းဖွယ်ရာတွေတွေ့တော့
စာမျက်နှာကျော်ပြီးလှန်ခဲ့တယ်။

သူတို့ကလိုအပ်လို့
ငါတို့က မလိုအပ်လို့
ဖြစ်ခဲ့မယ်၊ ပျက်ခဲ့မယ်၊ ခြားခဲ့မယ်၊ ခံစားရမယ်
ငါတို့မှာငြင်းလို့မရ။

ငယ်ရွယ်ချင်တယ်
ငယ်ရွယ်လို့မရတော့ဘူးမဟုတ်လား။

အချစ်ရေးဆိုတာမျိုး
ရှုပ်ထွေးလို့ရနိုင်သေးလို့လား။

ဒီစာမျက်နှာမှာ ပျော်စရာတွေ
ထားခဲ့ချင်သလို
ဒီစာမျက်နှာပေါ်မှာ ငါဟာအကောင်းများများ
မထားခဲ့နိုင်ဘူးဆိုတာ
အခု၊ ဖတ်နေရပြီ
ဖတ်နေရပြီမဟုတ်လား။

လူတစ်ယောက်ဟာ လူတစ်ယောက်အကြောင်း
ငါဟာ ဒီ့ထက်ကောင်းအောင် မရေးနိုင်ပါဘူး။

ပိုကောင်းအောင်
အခြားကဗျာဆရာများ ဆက်ရေးကြပါလိမ့်မယ်။

ကောင်းပါစေ
ပိုကောင်းပါစေ။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Mar 9, 2014

စားပွဲကလေးခင်း ဖုန်းဆိုင်ဖွင့်ထားပြီး

ဖုန်းဆိုင်မြင်တော့ တက္ကစီထိုးရပ်တယ်
အရေးကြီးတဲ့ စာရွက်စာတန်းတွေ မေ့ကျန်ခဲ့လို့
အိမ်ကိုဖုန်းဆက်မှာမလို့၊ တစ်ယောက်ယောက်ယူပြီး
လိုက်လာခဲ့ပါ။ ဒါပေမဲ့ မပြောရပါဘူး....
ဖုန်းဆိုင်ဖွင့်ထားပြီး သူချည်းပဲပြောနေတယ်
မိအိုဖအိုကြီးနှစ်ပါးကို ရှာကျွေးနေသူ၊ ခလေးမ
ဖုန်းပြောမယ်။ အရေးတကြီးဘဲ
ခြေတောင်အောင်ရပ်စောင့်တယ်။ ဒါပေမဲ့ မပြောရပါဘူး....
ဖုန်းဆိုင်ဖွင့်ထားပြီး သူချည်းပဲပြောနေတယ်
ဖုန်းဆိုင်ဖွင့်ထားပြီး သူချည်းပဲပြောနေတယ်
သတင်းစာထဲမှာပါတယ်....တဲ့။ အဲဒါသိရရင် ငါ့အတွက်
လမ်းတစ်ခုပွင့်သွားမယ်။ ဒါပေမဲ့ မပြောရပါဘူး....
ဖုန်းဆိုင်ဖွင့်ထားပြီး သူချည်းပဲပြောနေတယ်
ဖုန်းဆိုင်ဖွင့်ထားပြီး သူချည်းပဲပြောနေတယ်
ဖုန်းဆို်ငဖွင့်ထားပြီး သူချည်းပဲပြောနေတယ်
ငါမနက်ဖြန် မန္တလေးရောက်မှဖြစ်မယ်။
လက်မှတ်က....။
ဒါပေမဲ့ မပြောရပါဘူး....
ဖုန်းဆိုင်ဖွင့်ထားပြီး သူချည်းပဲပြောနေတယ်
ဖုန်းဆိုင်ဖွင့်ထားပြီး သူချည်းပဲပြောနေတယ်
ဖုန်းဆိုင်ဖွင့်ထားပြီး သူချည်းပဲပြောနေတယ်
ဖုန်းဆိုင်ဖွင့်ထားပြီး သူချည်းပဲပြောနေတယ်။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Mar 8, 2014

မုန်းတော်မူ

ငါတို့ကြိုက်ခဲ့တာတွေ
မကြိုက်ကြတော့ဘူး
မကြိုက်တော့ဘူး
မကြိုက်တော့၍ ကြိုက်ပါလို့ပြောလို့မရ
ပြောလို့မရတော့တဲ့အခြေ။

ငါ့ကြက်ဟင်းခါးတွေ
ငါ့ပေါင်မုန့်မီးကင်တွေ
ငါ့ဤလူ့ဘောင်တွင်တွေ
ငါ့ Bjork တွေ
ငါ့မေရှင်တွေ
ကုန်ပြီ။

အထက်ပါအရာတွေ အထက်ပါပုဂ္ဂိုလ်တွေ
ငါအားနာမိပါတယ်။

ငါ့ကို မကြိုက်တော့
ငါ၌ပင်မဆုံး၊ ငါ့ကဗျာကိုမုန်းသတဲ့။

မုန်းတော်မူ
မုန်းတော်မူပါတော့....
အမုန်းစုံလင်လှပါသဖြင့် မရုန်းတော့ပြီ
မုန်းတော်မူ။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Mar 7, 2014

တေး

[တေးသက်သက်မျှ]

ဒီအရွယ်ရောက်မှ
ဒီတေးဆိုရမယ်
ဒီတေးကိုဆိုခဲ့
ဆိုတော့။

မသိနိုင်တော့ပါဘူး
သိခဲ့တယ်ထင်ခဲ့တာတွေ
မြစ်ရေတွေ
မြစ်ရေချိုးခဲ့တာတွေ။

သစ်ပင်ကိုဓားနဲ့ထစ်မှတ်ခဲ့လဲ
သစ်ပင်ဟာ မရှိတော့ပြီ။

လက်ထဲမှာ
တစ်ပြားမှမကျန်။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Mar 6, 2014

ဇာတ်သမား

ငါတို့ရထား
ငါတို့နှစ်များ
ငါတို့ဘုရား
ငါတို့ဒေဝဒတ်
ငါတို့သိကြားမင်း
ငါတို့အချင်းချင်း
ငါတို့အသီးသီး
ငါတို့
လက်ညှိုးတစ်ထောင်
လည်ဆွဲကုံး
ငါတို့လင်းယုန်
ငါတို့တာရာ
ငါတို့မေခလာ
ငါတို့ဇူဇကာ
ငါတို့လီယာမင်းကြီး
ငါတို့ရောက်ပြီးသောနေရာ
ငါတို့မသိသောအရာ
ငါတို့အဆန်
ငါတို့အပြန်
ငါတို့စာသူငယ်ကြား
လဒနားသကဲ့သို့
ငါတို့နဲ့သူတို့
ဟောဒီမျက်မြင်ကြမ်းပြင်မှာ
ငါတို့။
ငါသည်ပင်လျှင်
သဘင်သည် ဇာတ်သမား ဖက်ခွက်စား
ငါဖာတ်က, နေသတတ်။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Mar 5, 2014

ဂါးလီးဗားတို့ ကိုလံဘတ်တို့ ငါတို့

အနိစ္စပဲ၊ အနတ္တပဲ
သင်္ခါရပဲ
ဓမ္မပဲ။

အဲသလို ငါအဘိုးကြီးဖြစ်လာ
ခါးကိုင်းလာ
မျက်စိသီလာ
ဒါငြင်းဆန်လို့မရဘူးလေ။

ဒီမှာတင်မရပ်ဘဲ မတော်မတည့်
ငါစဉ်းစားမိ။

ဂါးလီးဗားတို့
ကိုလံဘတ်တို့ ဘာတို့လဲ
ဒီအရွယ်မှာ ဒီလိုဖြစ်မှာမလွဲ။

အရေးထဲငါ့မှာမျက်မှန်ပေျာက်ခဲ့။

ဒီတော့တစ်ခါ
ငါဆက်စဉ်းစားပြန်ခဲ့
ဂါးလီးဗားရော၊ ကိုလံဘတ်ရော ငါ့လိုပဲ
သူတို့လည်း နမော်နမဲ့
မျက်မှန်ပျောက်ခဲ့ဖူးမှာပဲ
ဂါးလီးဗားတို့ ကိုလံဘတ်တို့ ငါတို့
မျက်မှန်ပျောက်ခဲ့တယ်။

ငါတို့မျက်မှန်ပျောက်ခဲ့
ကမ္ဘာထဲမှာ ကမ္ဘာပျောက်ခဲ့။ ။

အောင်ချိမ့်

အံ့သြစရာပဲ။ ၁၊ ၁၁၊ ၂၀၀၇ တဲ့။ စာရွက်အဟောင်းတစ်ရွက်မှာ ရှုပ်ယှက်ခတ်နေတြ့ အထက်ပါ စာမူအကြမ်းကို တွေ့ရှိ။ ကြိုက်သလိုလိုရှိတာနဲ့ ဖြတ်သင့်တာ ဖြတ်။ ဖြုတ်သင့်တာ ဖြုတ်၊ ဖြည့်သင့်တာဖြည့်ပြီး ကဗျာတစ်ပုဒ်လုပ်။ ကြိုက်သော်ရှိ မကြိုက်သော်ရှိ။

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Mar 4, 2014

ထိုနောက်

တေ ဇ သု နေ မ
ဘူ စံ နာ ဝိ ဝေ
တေမိအစ
ဝေသန္တရာအဆုံး
ငါတို့ ဖတ်ခဲ့ရပါတယ်။

ဟိုးတစ်နေ့က
တစ်နေ့က
မနေ့က
ငါတို့ဖတ်ခဲ့ရပါတယ်။

ငါတို့နေခဲ့ရ
ငါတို့မနေလို့မရ
ငါတို့နေခဲ့ကြ
ငါတို့ဖတ်ခဲ့ရပါတယ်။
ထိုနောက်
ခေတ်များ၊ ခေတ်များ
ခေတ်များ၊ ထိုနောက်
မီးရထား
ငါတို့ဖတ်ခဲ့ရပါတယ်။
ငါတို့ဖတ်ခဲ့ကြပါတယ်။
ဝဋ်ရှိသလို
ငါဇွဲသန်ခဲ့ပါတယ်။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Mar 3, 2014

ရာဇဝင်မူးသူ

လမ်းအကျယ်ကြီးနဲ့
သစ်ပင်အကြီးကြီးများနဲ့
သံဇကာ တစ်ထပ်
ခြံစည်းရိုး တစ်ထပ်
ရုပ်ပုံများပဲ တင်ထပ်လာခဲ့တာ
တစ်ခါတစ်ရံ ငါမြင်ရ ငါကြားရ။
နီလျက်၊ ရဲလျက်။
ကြီးကျယ်လျက်။
အိန္ဒြေကြီးလျက်။
အသံမြည်လျက်။

ဒေါင့်က သတင်းစာတိုက်ဟာ
'သူရိယ' သတင်းစာတိုက်ပါလား။

အာဏာရှင်လှရွှေ၊ ဒေါက်တာလှရွှေ၊ သူ့အသံ
ဒဂုန်တာရာ သူ့စာဟန်
တစ်ဖန်၊ မြင်းခွာသံ
တစ်ဖန်၊ ဗိုလ်ချုပ်အောင်ဆုံးတို့ ကျဆုံးခဲ့ပြန်
တစ်ဖန် ....
၁၉ .... ဇွန်လသို့ရောက်ခဲ့ပြန်။

ရာဇဝင်နားကပ်လျက်
ငါထိုင်မိခဲ့
ကော်ကုလားထိုင်နဲ့ ငါထိုင်မိခဲ့။
၁၉၁၂ သည် ရောက်ရှိခဲ့။

ယူကြမလား
အိပ်မက်လိုလို တကယ်လိုလို
တကယ်က ရာဇဝင်ပါတကား
အလို သင်ယုံပါရဲ့လား။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Mar 2, 2014

သန်းအုန်းအတွက်ကဗျာ

အသက်ရှူမဝရာမှ
အသက်ရှူမရာရာမှ
မင်းလွတ်ထွက်သွားပြီပေါ့
မင်းသက်သာရာရခဲ့ပြီပေါ့။

ဖိုးပုရေ၊ ခွေးပုရေ
ဘာကိစ္စအရေးကြီးလို့ ဒီလောက်မြန်မြန်ထွက်သွားခေျ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Mar 1, 2014

အာလပ သလ္လာပ

ငါတို့ကြည့်ကြရမယ်
ကိုယ့်ရုပ်ကိုယ်ကြည့်ကြရမယ်
မှန်ကြည့်ရမယ်
ခွတီးခွတကို ကြည့်ရမယ်။

ငါတို့ကြည့်ကြရမယ်
သမိုင်းရာဇဝင်ကိုကြည့်ရမယ်
"အလှအပလေးများသည် လူကိုနုပျိုစေသည်တကား"ကို ကြည့်ရမယ်
ကမ္ဘာ့မြေပုံကို ခါးထောက်ကြည့်ရမယ်။

ငါတို့ကြည့်ကြရမယ်
လူကိုကြည့်ကြရမယ် (တချို့ကတော့ 'မူ' ကိုပါကြည့်ရမယ်ပြောတယ်)
အရင်းရှင်စနစ်ကောင်းလာလို့လားလို့ ကြည့်ရမယ်
ရှားလော့ဟုမ်း ဆေးတံကိုကြည့်ရမယ်။

အင်း၊ မသေချာဘူးထင်ရင်တော့
ဗေဒင်လေးဘာလေးကြည့်ပေါ့လေ။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ