> သီဟသူ [dot] blogspot [dot] com: နေမျိုး
Showing posts with label နေမျိုး. Show all posts
Showing posts with label နေမျိုး. Show all posts

Aug 10, 2024

ကျွန်တော်နာမည်ကြီးမလိုလိုဖြစ်တုန်းက

၁၉၉၀နှစ်တွေပါ
ကျွန်တော်နာမည်ကြီးမလိုလိုဖြစ်တုန်းက
"သံနဲ့လုပ်ထားတဲ့အိပ်မက်"ကိုရေးပြီး
ဆောင်းတွင်းညကြီးထဲမှာ
စာရွက်တွေနဲ့၊ဖောင်တိန်နဲ့
ညဉ့်နက်ခဲ့ပုံများ။
"မော်ဒန်နေမျိုး"
အဲသလိုအခေါ်အဝေါ်တစ်မျိုး
ရှိခဲ့ပြီးခဏနဲ့ပဲ
ပြန်ပျောက်သွားခဲ့တာ
ကျွန်တော်နာမည်ကြီးမလိုလိုဖြစ်တုန်းက။
ကျွန်တော်ကညညဆိုစာရေးတာပဲ
ထင်းရူးသေတ္တာစားပွဲမှာလေ
သေတ္တာထဲမှာရေးလက်စတွေ
အများကြီး
ပန်းချီပုံကြမ်း၊ကာတွန်းကွက်
ကဗျာတစ်ပိုဒ်နှစ်ပိုဒ်
ဖီလော်ဆော်ဖီနည်းနည်း
ဘဝထဲကအသံဗလံတချို့။
မဝင်းမေအိပ်စက်နေပုံကို
ညထဲ
စကက်ခ်ျ(ပုံကြမ်း)ရေးခဲ့သူပ
အညတရဖြစ်မှုနဲ့အထင်ကြီးခံရမှုအရောအနှော
ပြင်းထန်တဲ့သက်ရောက်မှု
ပြောရရင်ဒီလိုဗျာ
ကျွန်တော်နာမည်ကြီးမလိုလိုဖြစ်တုန်းက။
ပိုင်စိုးဝေက
တစ်ချိန်မှာလူတွေဟာ
သူ့အကြောင်းကိုပြဇာတ်ကပြကြလိမ့်မယ်
လို့ပြောခဲ့တယ်
ပိုင်စိုးဝေဟာ
ဘင်ခရာနဲ့အကြိုဆိုခံချင်သူပါတဲ့
ကျွန်တော်က
အစ်မမအေးကြည်ရဲ့
ဟင်းအိုးကိုလူးပြီးထမင်းနဲ့ကျွေးတာ
စားခဲ့ရ
စားမြိန်ခဲ့တဲ့တစ်နပ်ပါပဲ။
သူငယ်ချင်းဗေဒင်ဆရာဝမ်းဇော်ဦးက
မော်ဒန်နဲ့နေမျိုးက
ကက်ကင်းကွ
မင်းသေချာပေါက်အောင်မြင်မှာတဲ့
ကျွန်တော်နာမည်ကြီးမလိုလိုဖြစ်တုန်းက။
နို့ပေတဲ့
၁၉၉၃မှာ
ကျွန်တော်ရှော့ခ်ရသွားပြီး
(ဦးခေါင်းကိုသုံးခါရှော့ခ်ရိုက်ရ)
လူတွေဟာကွျန်‌ေတာ့်ကို
တဖြည်းဖြည်းမေ့သွားကြတယ်။
ကျွန်တော်စာရွက်တွေကိုကိုင်မကြည့်ဘဲ
နေခဲ့တာ
တစ်နှစ်လောက်ကြာသွားတယ်။
ကျွန်တော့်အဖို့၁၉၉၃ရဲ့
ဟိုဘက်နဲ့ဒီဘက်ဟာ
စဉ်းစားစရာတစ်ခုပါပဲ
ဒါကိုပဲကျွန်တော်မစဉ်းစားနိုင်ခဲ့ဘူးလေ။
နှစ်တွေဟာအဓိပ္ပာယ်နည်းနည်းစီ
စွန့်ထုတ်
လူတွေကိုသရုပ်ဖော်ခဲ့တယ်
ကျွန်တော်တစ်ယောက်ဟာ
စာပြန်ရေးပါတယ်
ပန်းချီပြန်ဆွဲပါတယ်
ကာတွန်းကွက်တွေရေး
ဆေးလဲမှန်မှန်သောက်ရတာပေါ့ဗျာ။
ကြာခဲ့ပါပြီ
တမ္ပဝတီကရေတွင်းနဲ့
အိမ်ကလေးမှာ
ပိုင်စိုးဝေက
အရက်ပုလင်းခွံနဲ့"ကဲကွာ"ဆိုပြီး
ကျွန်တော့်ဦးခေါင်းကိုရိုက်ခွဲခဲ့တာ
ပုလင်းသာကွဲခဲ့
(ဒါကိုဘိုစောကနေမျိုးနိုင်တယ်တဲ့)
ကျွန်တော်နာမည်ကြီးမလိုလိုဖြစ်တုန်းက။
သတိရတယ်ဗျာ
ဆောင်းတွင်းညကြီးထဲ
ရေနီစက္ကူတွေနဲ့
ညဉ့်နက်ထိမအိပ်ပဲစာရေးခဲ့တာ
အပြင်မှာ‌ေအးစက်နှင်းမှုံထုကြီးနဲ့။
နေမျိုး
၄.၈.၂၀၂၄
ည၈:၄၂နာရီ
(ကိုနေကြီး-ပိုင်စိုးဝေကိုအမှတ်တရရေးဖွဲ့ပါသည်။)
https://www.facebook.com/permalink.php?story_fbid=2715744225242055&id=100004195129090

 

Apr 3, 2012

စောင့်ပါ (ဘယ်ဘက်လက်နဲ့ ရေးတဲ့ကဗျာ)


ဒီညကို နံနက်ခင်းဖြစ်အောင် ငါ ပြုလုပ်မယ်
နည်းနည်းစောင့်ပါ
ဒီသစ်စေ့ကို သစ်တောကြီးဖြစ်အောင် ငါ ပြုလုပ်မယ်
နည်းနည်းစောင့်ပါ
ဒီသွေးစက်ကို မြို့တစ်မြို့ဖြစ်အောင် ငါ ပြုလုပ်မယ်
နည်းနည်းစောင့်ပါ
ဘယ်လိုလဲ
စောင့်ရတာများလို့ ပျင်းသွားပြီလား
အဲဒီပျင်းရိမှုကို ပျော်ရွှင်ခြင်းဖြစ်အောင်
ငါ ကဗျာရေးမယ်
နည်းနည်းစောင့်ပါ

နေမျိုး

နေမျိုး
မြွေကြီးပါခင်ဗျာ
ခေတ်ပေါ်ကဗျာ၊ ပုံဝတ္ထု၊ အတွေ့အကြုံ နှင့် ရယ်ရွှင်ဖွယ်များ
ဟစ်တိုင်စာပေ 
ဇန်နဝါရီ၊ ၂၀၁၂

Apr 2, 2012

နီတိများ


ငှက်များ မလာသည်မှာ ကြာမြင့်ခဲ့ပေပြီ။
သူ့ထံ၌ သမ္မာကျမ်းစာအုပ် မရှိတော့။
ပုလင်းခွံထဲတွင် ဘာမှမရှိ
ဘယ်တော့မဆို အမြဲတမ်း
ကျွန်ုပ်တို့၏ နွေဥတုများမှာ အမြဲတစေ ပူပြင်းလျက်
မီးရထားများ ခုတ်မောင်းစဉ်
လှေနာဝါများ ရွက်လွှင့်စဉ်
ထရပ်ကားများ မောင်းနှင်စဉ်
ပိုးကောင်များ အော်မြည်စဉ်
ပူနွေးသော ပေါင်မုန့်များ
အေးစက်သာေ ဝိုင်အရက်များ
ကြွပ်ရွသော ဝက်အူချောင်းများနှင့် ယင်းတို့၏
အခြားသော နေရာတစ်ခု
မိုးတိမ်ကို စေလိုက်ပါလေ
လူသူကင်းမဲ့သော လမ်းမကြီးတစ်ခုပေါ် လျှောက်နေစဉ်
ပျော်ရွှင်ခဲ့ဖူးပုံတွေ အမှတ်ရမိ
ဤအရာမှာ မြွေပွေးအသစ်တစ်ကောင် ဖြစ်သည်။
သ်၏ပြောကြားချက်ကို စတင်သည်ဖြစ်စေ
သို့မဟုတ် မစတင်သည်ဖြစ်စေ
ကျွန်ုပ်က ငြင်းပယ်လိုက်ပေသည်
ကျွန်ုပ်၏ပြောကြားချက်ကို
စတင်သည်ဖြစ်စေ
မစတင်သည်ဖြစ်စေ
သင်ငြင်းပယ်နိုင်ပေသည်။
သူ့ထံ၌ သမ္မာကျမ်းစာအုပ် မရှိ
ယခု ကြားနေရသော အသံမှာ
မှောင်ထဲက ကြာပွတ်ရိုက်သံနှင့် သူငိုသံဖြစ်သည်
အပြင်မှာ ရာသီဥတုဆိုးဝါးနေဆဲ။
ယနေ့ထုတ်သတင်းစာထဲ၌ ဝံပုလွေများအကြောင်း မပါရှိ။
နောက်ထပ် ()နာရီအကြာတွင် ကျွန်ုပ်ဝါကျတစ်ကြောင်း ရေးလိမ့်မည်။

နေမျိုး

နေမျိုး
မြွေကြီးပါခင်ဗျာ
ခေတ်ပေါ်ကဗျာ၊ ပုံဝတ္ထု၊ အတွေ့အကြုံ နှင့် ရယ်ရွှင်ဖွယ်များ
ဟစ်တိုင်စာပေ
ဇန်နဝါရီ၊ ၂၀၁၂

Mar 31, 2012

နီတိများ


နီတိဟာ အနီရောင်ရှိတယ်၊ တိလည်းတိကျတယ်၊ ဒါကြောင့် ဒီလိုခေါ်ကြတယ် နီတိလို့။ နီတိဆရာတစ်ယောက်က ပြောတယ် နီတိတွေကို အရမ်းမယုံနဲ့တဲ့။ ဒါဟာ နီတိတစ်ခုပါပဲ။၊ နီတိဟာ ဒီနေ့ မှန်နေပြီး မနက်ဖြန်မှာ မှားယွင်းနိုင်တယ်။ ဒါပေမဲ့ သန်ဘက်ခါကျတော့ မှန်ချင် မှန်လာပြန်ရော။ နီတိတွေကို မှားယွင်းရကောင်းလားလို့ ဘယ်တော့မှ အပြစ်မဆိုလေနဲ့ကွဲ့။ ငါတို့ခေတ်ရဲ့ကမ္ဘာကြီးဟာ ရှုပ်ထွေးပြီး နားလည်ရခက်လွန်းတော့ နီတိတွေဟာ အစိတ်အပိုင်းအားလုံးကို ခြုံငုံမိဖို့အခက်အခဲတော့ ရှိပေသပေါ့။ နီတိဆရာတစ်ယောက်ဟာ သူ့နီတိတွေကို ပြောပြဖို့ ကြိုးစားချင်တယ်။ ဒါပေမဲ့ နီတိဟာ ပေါင်မုန့်မဟုတ်လေတော့ သာမန်လူတွေ စိတ်ဝင်စားလို့ မလွယ်ဘူးကွယ်။ ဒါပေမဲ့ နီတိဟာ နီတိပါပဲ။ နီတိဟာ ပေါင်မုန့်မဟုတ်ပေမယ့် နီတိဟာ ပေါင်မုန့်ကို ပို၍အရသာ ရှိစေပါတယ်။ နီတိဆရာက ဒီလိုပြောတယ်။ ပေါင်မုန့်ကို စားဖို့ အကောင်းဆုံးအချိန်ဟာ သင် ဆာလောင်မွတ်သိပ်နေတဲ့ အချိန် ပါပဲတဲ့။ ဒါကြောင့်လည်း နီတိဆရာတွေကို ရှေးရှေးကတည်းက လေးစားလာကြတာပဲ။
နီတိတစ်ခုကို ငါပြောပြမယ်။ ပေါင်မုန့်တစ်လုံးကို လူနှစ်ယောက် ခွဲဝေစားတဲ့အခါ ပျော်ရွှင်ဖွယ်အရသာကို ရလိမ့်မှာလို့။

နေမျိုး

နေမျိုး
မြွေကြီးပါခင်ဗျာ
ခေတ်ပေါ်ကဗျာ၊ ပုံဝတ္ထု၊ အတွေ့အကြုံ နှင့် ရယ်ရွှင်ဖွယ်များ
ဟစ်တိုင်စာပေ
ဇန်နဝါရီ၊ ၂၀၁၂

Mar 30, 2012

ဝါကျဖြစ်သွားသော အက္ခရာများ (ဖတ်ရန်သက်သက်သာ)


သေခြင်းတရားဟာ ကျန်းမာရေးနဲ့ ညီညွတ်တယ်
ဝေဒနာတွေဟာ ဆေးဖက်ဝင်တယ်
ဒုက္ခတရားစာ ဇိမ်ခံပစ္စည်းတစ်ခု ဖြစ်တယ်
ဆာလောင်ခြင်းဟာ သိပ် အရသာရှိတယ်
အထီးကျန်ခြင်းဟာ အကောင်းဆုံးမိတ်ဆွေ ဖြစ်တယ်
စာမေးပွဲကျပြီးရင် ကိုယ်ပိုင်ဉာဏ် ပိုရှိမယ်
ငါ ပြောပြမယ်
ငိုသံတွေဟာ လာမယ့်နှစ်မှာ အရွှင်မြူးဆုံးကွဲ့။

နေမျိုး

နေမျိုး
မြွေကြီးပါခင်ဗျာ
ခေတ်ပေါ်ကဗျာ၊ ပုံဝတ္ထု၊ အတွေ့အကြုံ နှင့် ရယ်ရွှင်ဖွယ်များ
ဟစ်တိုင်စာပေ
ဇန်နဝါရီ၊ ၂၀၁၂

Mar 29, 2012

မနက်ဖြန်ကျရင်


မနက်ဖြန်ကျရင် လခထုတ်မယ်
မနက်ဖြန်ကျရင် ငါနေကောင်းပြီ
မနက်ဖြန်ကျရင် အဖေပြန်လာတော့မှာ
မနက်ဖြန်ကျရင် အဖူးတွေဖူးပြီ
မနက်ဖြန်ကျရင် စာပို့သမားလာမယ်ထင်တယ်
မနက်ဖြန်ကျရင် ဒီပုစ္ဆာကို နောက်တစ်ခါ ပြန်မတွက်တော့ဘူး
မနက်ဖြန်ကျရင် စာရွက်ပေါ်မှာ ငါဆိုတဲ့စာလုံးရေးပြီး
ပြတင်းပေါက်ကနေ လွှတ်ချလိုက်မယ်
မနက်ဖြန်ကျရင် ငါ့ကိုမမေ့ပါနဲ့
မနက်ဖြန်ကျရင် ပဲစေ့ကလေးတွေအတိုင်း ငါလိုက်သွားမယ်
အားလုံးပြန်ဆုံကြမှာပါ။

နေမျိုး

နေမျိုး
မြွေကြီးပါခင်ဗျာ
ခေတ်ပေါ်ကဗျာ၊ ပုံဝတ္ထု၊ အတွေ့အကြုံ နှင့် ရယ်ရွှင်ဖွယ်များ
ဟစ်တိုင်စာပေ
ဇန်နဝါရီ၊ ၂၀၁၂

Mar 28, 2012

တစ္ဆေသင်္ဘော


ဥသြသံကြားရတဲ့အခါ ငါဘယ်လိုမှ မနေနိုင်ဘူး
သင်္ဘောပေါက်ပေါ် တက်လိုက်ခဲ့မိတယ်
သင်္ဘောပေါက်ဟာ အမှောင်ထဲခုတ်မောင်းတယ်
တစ်ယောက်ကိုတစ်ယောက် မမြင်ရတဲ့အမှောင်ထဲမှာပေါ့
သင်္ဘောပေါက်ဟာ ပို၍ နက်ရှိုင်းတဲ့ ရေပြင်ဆီ ခုတ်မောင်းတယ်
ဝေးလံပါစေ၊ နက်ရှိုင်းပါစေ၊ မှောင်မိုက်ပါစေ ငါဟာ သင်္ဘောပေါက်ပေါ်မှာ
တက်လိုက်ခဲ့မိပြီးပဲ။
အလင်းရောင်ကို ဘယ်တော့ မြင်ရမှာလဲ
မှောင်ထဲမှာ တွေးမိရဲ့။ အကြိမ်ကြိမ် ငါတွေးမိရဲ့
သင်္ဘောကတော့ ရွေ့မြဲရွေ့လျက်ပါပဲ။
အလင်းရောင်ကို ငါ မေ့သွားတဲ့အခါ မှောင်ထဲမှာ အရာရာကို မြင်လာရတယ်။
သင်္ဘောပေါက်ပေါ်မှာ ခရီးသည်တွေ ဟိုမှာတစ်ယောက်
ဒီနားမှာတစ်ယောက်၊ ဟောဟိုမှာတစ်ယောက်
မှောင်ထဲမှာ တစ်ယောက်ကိုတစ်ယောက် မြင်လာရတဲ့အခါ
ပျော်ရွှင်လာသလိုလို၊ ထိတ်လန့်လာသလိုလို
ဒီအချိန်မှာ သင်္ဘောဟာ ဥသြသံရှည်ကို ဆွဲလိုက်တယ်
ငါဘယ်လိုမှ နေလို့မရအောင် ဆွဲငင်လိုက်တဲ့အသံပေါ့
ဒီအသံက သူဟာ ရေအောက်ကြမ်းပြင်ဆီ ဦးတည်ခုတ်မောင်းနေပြီ ဖြစ်ကြောင်း
ကြေညာလိုက်တဲ့ သင်္ဘောရဲ့ သတင်းစကားလည်းဖြစ်ရဲ့။
ရေအောက်ကြမ်းပြင်မှာ မြို့ပြနိုင်ငံတစ်ခု ရှိနေသလား
သင်္ဘောပေါက်ဟာ ခုတ်မောင်းတယ်၊ နစ်ဝင်ရင်း တအိအိ နစ်မြုပ်ရင်း
အမှောင်ထဲမှာ၊ ပိန်းပိတ်မည်းမှောင်ထဲ အမှောင်ထုထဲမှာ တရွေ့ရွေ့။

နေမျိုး

နေမျိုး
မြွေကြီးပါခင်ဗျာ
ခေတ်ပေါ်ကဗျာ၊ ပုံဝတ္ထု၊ အတွေ့အကြုံ နှင့် ရယ်ရွှင်ဖွယ်များ
ဟစ်တိုင်စာပေ
ဇန်နဝါရီ၊ ၂၀၁၂

Mar 27, 2012

ဖားပြုပ်


ဖားပြုပ်တစ်ကောင် ခုန်ဆွခုန်ဆွနှင့် ရွေ့လာသည်။ မိုးဖွဲဖွဲကလေး ရွာနေသည်။ ကတ္တရာလမ်းတစ်ဖက် ရေမြောင်းထဲက တက်လာတဲ့ဖားပြုပ် ရပ်လိုက် ခုန်ဆွ ခုန်ဆွရွေ့လိုက်နှင့်။ ကတ္တရာလမ်းမက စွတ်စိုအေးမြနေသည်။ ဖားပြုပ်သည် ခုန်ဆွ ခုန်ဆွနှင့်။ မှောင်ရီရီ ညဦးပိုင်း ကတ္တရာလမ်းမပေါ်မှာ မော်တော်ကားတွေ မီးဖွင့်ကာ မောင်းနှင်သွားလာနေကြသည်။ ကားမီးအလင်းထဲမှာ မိုးစက်တွေ တဖွဲဖွဲမြင်ရသည်။ မော်တော်ဆိုင်ကယ်တစ်စီး ဝေါခနဲ မောင်းနှင်သွားသည်။ စက်ဘီးတစ်စီး နင်းလာပြန်သည်။ ဖားပြုပ်က ခုန်ဆွ ခုန်ဆွနှင့်။ ရပ်လိုက်ပြန်သည်၊ ဣန္ဒြေကြီးပါပေ့။ ကတ္တရာလမ်းမပေါ်မှာ ဖားပြုပ်ရောက်နေသည်။ ခုန်လိုက်သည်၊ ပြန်ကျသည်။ ငြိမ်သွားပြန်သည်။ မိုးစက်တို့ တဖွဲဖွဲ။ ကုန်တင်ကားကြီးတစ်စီး အော်မြည်ကာ ဖြတ်မောင်းသွားသည်။ ဖားပြုပ်သည် ကားဘီးများကြားမှ ခုန်ဆွခုန်ဆွနှင့် ရွေ့လာသည်။ နရီမှန်မှန် ရွေ့နေပုံမျိုး ဖြစ်သည်။ ဖားပြုပ် ထပ်ခုန်လိုက်ပြန်သည်။ ဝေါခနဲ ဆိုင်ကယ်တစ်စီး ဖြတ်မောင်းသွားသည်။ ဖားပြုပ်ရပ်နေသည်။ ခဏလေးပါပဲ။ ခုန်ဆွ ခုန်ဆွနှင့် ရွေ့ပြန်သည်။ မီးရောင်ဝင်းဝင်းနှင့် လေးဘီးကားတစ်စီး အရှိန်ဖြင့် ဖြတ်မောင်းလာသည်။ ဖားပြုပ်ဘယ်ရောက်သွားပြီလဲ။ မှောင်ရီရီ ကတ္တရာလမ်းမထက် မိုးစက်မှုန်မှုန်တွေထဲမှာ ဖားပြုပ်ရှိနေသည်။ ခုန်လိုက်သည်။ ကတ္တရာလမ်းမအစပ်သို့ သူရောက်လာပြီ။ ရပ်လို့၊ ဣန္ဒြေကြီးပါပေ့၊ မသိမှုနဲ့ ဣန္ဒြေကြီးပါပေ့။ စက်ဘီးတစ်စီးက ဘဲလ်သံ တလွင်လွင်နှင့် နင်းသွားသည်။ ကတ္တရာလမ်းပေါ်မှာ မီးရောင်ဝင်းဝင်း ထိုးလိုက်တိုင်း မိုးစက်မိုးမှုန်တွေ တဖွေးဖွေး။ ဖားပြုပ် ခုန်ဆွ ခုန်ဆွနှင့်။ လမ်းဟိုတစ်ဖက် ရောက်သွားပြီ။ မိုးအေးအေး ကျောက်တုံးတစ်တုံးရဲ့ ထောင့်ကွေးမှာ ဝပ်ရင်း တစ်ညလုံး အော်မြည်ပေရော့။

နေမျိုး

နေမျိုး
မြွေကြီးပါခင်ဗျာ
ခေတ်ပေါ်ကဗျာ၊ ပုံဝတ္ထု၊ အတွေ့အကြုံ နှင့် ရယ်ရွှင်ဖွယ်များ
ဟစ်တိုင်စာပေ
ဇန်နဝါရီ၊ ၂၀၁၂

Nov 19, 2011

မေးရိုး၏ပြောကြားချက်များ


ကျွန်ုပ်က သင့်ကို ဆာလောင်လျက် ရှိပါသည်။

သင်္ချိုင်းမြေသည် ဝိဉာဉ်တို့ကို ဆာလောင်၍ ခြောက်ခြားဖွယ် ညည်းတွားသံကိုပြု၏။ မီးသင်္ဂြိုဟ်စက်ကြီးက တဝေါဝေါမြည်ကာ နံနက်စာ စားနေပါပြီလား။ အသုဘခေါင်းလောင်းသံများ မြည်နေပြီ။ ကျွန်ုပ်က သင့်ကို ဆာလောင်လျက် ရှိပါသည်။ စစ်ပွဲသည် သူရဲကောင်းတို့ကို ဆာလောင်၍ ဟစ်အော်လျက်ရှိ၏။ သင်ကရော မည်သည့်အရာကို ဆာလောင်နေခဲ့ပါသလဲ။ အကျဉ်းထောင်သည် သံတံခါးကို ဟဖြဲကာ သစ္စာဖောက်များကို ဆာလောင်နေခဲ့၏။ ကမ္ဘာမြေကြီး သင်မည်သည့်အရာကို ဆာလောင်နေခဲ့ပါသလဲ။ မိန်းမပျိုသည် အချစ်ကို ဆာလောင်၍ နှုတ်ခမ်းသည် အနမ်းကို ဆာလောင်ကာ အိနြေ္ဒတစ်ခု၏ ချုပ်နှောင်ခြင်းကို ခံရသည့် အနမ်းများက ယနေ့ည ထောင်ဖောက်ပြေးကြလိမ့်မည်ထင်သည်။ နေမွန်းတိမ်းခဲ့ပြီ။ ကောင်းကင်ကြီးကို ဆာလောင်နေသူများအား နံနက်စာကျွေးရန် အဆင်သင့် ဖြစ်ပါပြီလား။ သားငယ်သည် မိခင်နို့ကို ဆာလောင်စွာ ငိုယိုနေ၏။ ကျောက်တုံးများ၌ ငိုယိုရန် အကြောင်းမရှိခေျ။

ကျွန်ုပ်အဖို့ ငိုယိုရန် မဖြစ်နိုင်သော်လည်း ကျွန်ုပ်သည် ကျောက်တုံးတစ်တုံး မဟုတ်ပါ။ မြစ်တို့၏ ပျံသန်းခြင်း အတတ်ပညာမှာ တိမ်တိုက်များသာ ဖြစ်လိမ့်မည်။ မြစ်တစ်စင်းသည် ကျောက်တုံးများကို ဆာလောင်လျက်ရှိ၏။ မြို့၏ ခေါင်မိုးပေါ်၌ တအိအိ ပျံသန်းသွားနေကြသည်မှာ ကျောက်တုံးမဟုတ်ပါ။ တိမ်တိုက်များသာ ဖြစ်ပါသည်။ မြစ်ထဲသို့ ကျောက်တုံးတစ်တုံး ဝုန်းခနဲ ကျသွားသည်ကို သင်တွေ့ဖူးပါသလား။ ကျောက်တုံးများ၏ ရှိုက်သံကိုမူ ကျွန်ုပ် ကြားဖူးခဲ့ပြီ။ ကျွန်ုပ်က သင့်ကို ဆာလောင်လျက် ရှိပါသည်။ ကမ္ဘာမြေကြီးသည် ဆာလောင်မှုထဲသို့ ခုန်ချသွားလိမ့်မည်ဟု မည်သူကမျှ မထင်မှတ်ခဲ့ကြခြင်းမှာ ခေတ်သစ်၏ ကြေကွဲဖွယ်ရာ ပုံပြင်တစ်ပုဒ် ဖြစ်လာလိမ့်မည်။ အော်စကာဆုကို ဆာလောင်နေခဲ့သော ကင်မရာများ အချင်းချင်း တဂျွမ်းဂျွမ်း ကိုက်ဝါးစားနေကြ၏။ ထိတ်လန့်သည်းဖို ဇာတ်လမ်းများ၏အနှစ်ချုပ်မှာ ရက်စက်ခြင်းနှင့် ကံကြမ္မာဖြစ်သည်။ ကဗျာဆရာသည် အလွန်အမင်း ဆာလောင်လျက်ရှိ၏။

ဓားတစ်လက်က ထိုသူ့အမည်ကို ထုတ်ဖော်ကာ သူစားသောက်ပါရစေဟု ခွင့်တောင်းလာ၏။ ကံကြမ္မာက ခေါင်းခါမပြလိုက်ဘူးလား။ ရိုးသားမှုက သူအစာကောင်းကောင်း မစားရသည်မှာ မမှတ်မိတော့လောက်အောင် ကြာမြင့်လာခဲ့ပြီဖြစ်ကြောင်း ထုတ်ဖော်ပြီ။ ဤသတ္တဝါ အလွန်ဝ၏။

ပစ်မှတ်ကို ဆာလောင်နေသော ရေဒါများက ပါးစပ်ကြီးများအစွမ်းကုန်ဟဖြဲကာ အသာငမ်းငမ်း ဖွေရှာနေကြသည်။ ဆာလောင်မှုကို မထိန်းချုပ်နိုင်သော ပင်လယ်က သင်္ဘောတစ်စင်းကို ခိုးစားထားလိုက်ပြန်ပြီ။ ဆာလောင်မှုက ပေါင်မုန့်တစ်လုံးကို ခုတ်မောင်းကာ သင့်ထံ ဆိုက်ရောက်လာပါလိမ့်မည်။ ပုံမှန်အနေအထားအရ ဤကဲ့သို့ပင် ဖြစ်ပွားရမည်ဆိုသော်လည်း ပရိုဂရမ်ထဲ၌ ဗိုင်းရပ်စ်ပိုးများ ကျရောက်နေခဲ့ပါက သင့်ထံ နောက်ကျနိုင်ပါသည်။ ပေါင်မုန့်တစ်လုံးက စစ်ပွဲများကို ဆာလောင်နေခဲ့သည်ဆိုလျှင် သင်ကရော မည်သည့်အရာများကို ဆာလောင်နေခဲ့ပါသလဲ။

ကျွန်ုပ်က သင့်ကို ဆာလောင်လျက်ရှိပါသည်။ အတိတ်သည် ပစ္စုပ္ပန်ကို ပြင်းစွာ ဆာလောင်နေခဲ့သည်။ ထို့ထက်ပို၍ ပစ္စုပ္ပန်က အနာဂတ်ကို ခြောက်ခြားဖွယ်ရာ ငတ်မွတ်နေခဲ့ပါသည်။ နာရီတစ်လုံးကို အော့အန်စေသူမှာ မည်သူပါလဲ။
သန့်ရှင်းရေးသမားများကို တင်ဆောင်ကာ အမှိုက်ကားကြီးတစ်စီးမောင်းဝင်လာပြီ။ နေရာတကာမှာ ယာဉ်ထိန်းရဲများ ဝီစီမှုတ်ရန်မလိုပါ။ လေးလံလှသော ခေါင်းတလားကြီးကို ဖွင့်ကြည့်မိသောအခါ မြို့ကြီးတစ်မြို့ကို အံ့သြဖွယ်ရာ တွေ့လိုက်ရသည်။

ပွန်ပီလား၊ နဂါစကီလား၊ ဟီရိုရှီးမားလား။ အကြိုက်ခြင်းတူသော သဘာဝတရားနှင့် သိပ္ပံပညာ ဆာလောင်ပုံခြင်းလည်း တူညီလာနိုင်သည်။ သင်မည်သည့်အရာကို ဆာလောင်နေခဲ့ပါသလဲ။ ကျွန်ုပ်က သင့်ကို ဆာလောင်လျက်ရှိပါသည်။ မိုက်မှောင်သောညများက အလင်းရောင်ကို မွတ်သိပ်ဆာလောင်နေခဲ့၏။ နက္ခတ္တပညာရှင်အဖိုးအိုသည် သူ့အမည်ပေးထားသောကြယ်တံခွန်ကို ဆာလောင်မွတ်သိပ်စွာ ရှာဖွေနေ၏။ ကောင်းကင်သည် မိမိ၏ အရပ်အမောင်းကို တိုင်းထွာပေးမည့်သူအား ကြာမြင့်စွာကပင် စောင့်စားလျက်ရှိ၏။ လှောင်အိမ်တွင်းမှ ငှက်တစ်ကောင်ကမူ ကောင်းကင်ကြီးကို ဆာလောင်ခဲ့ပုံရပါသည်။ သင်ကရော မည်သည့်အရာကို ဆာလောင်နေခဲ့ပါသလဲ။ သုညတစ်လုံး၏ ဆာလောင်မှုမှာ ကြောက်မက်ဖွယ်ကောင်း၏။ 

မိမိကိုယ်ကို သုညတစ်လုံးထဲသို့ ခုန်ချအဆုံးစီရင်သူမှာ ယန်းပေါဆတ်အစစ်လား။ သုည(သို့မဟုတ်) ဟဖြဲထားသော ကြောက်ဖွယ်လိလိ ပါးစပ်ကြီးထဲသို့ ကမ္ဘာကြီးကို တွန်းချဖို့ သင်တို့ စဉ်းစားထားပြီလား။ မွေးကင်းစကလေးလို တဝါးဝါး ငိုကြွေးနေသော မြို့ငယ်များက ချိုမြိန်သော တိမ်တိုက်များကို ဆာလောင်မွတ်သိပ်လျက်ရှိ၏။ မြစ်တို့သည် ပျံသန်းခြင်း အတတ်ပညာကို နွေရာသီ၌ လျှို့ဝှက်ထားလေ့ရှိပါသလား။ လျှို့ဝှက်ချက်က သော့တစ်ချောင်းကို ဆာလောင်နေခဲ့ကြ၏။၊ သင်၏အမည်မှာ ခွေးတစ်ကောင် မဟုတ်ဘူး မဟုတ်လား။ ကျွန်ုပ်၏အမည်မှာ လူဝီ(၁၆) မဟုတ်ပါ။ သူ၏ အမည်မှာ ခွေးတစ်ကောင်ဖြစ်၏။ ကျွန်ုပ်သည် သင်မဟုတ်ပါ။ သူသ် ကျွန်ုပ် ဖြစ်လိမ့်မည်။ ပြဒါးတိုင်တစ်ချောင်းက ရေခဲတုံးများကို ဆာလောင်လျက်ရှိ၏။

လွဲမှားမှုတစ်ခုက ဆာလောင်မွတ်သိပ်စွာဖြင့် သင့်ကို ခုန်အုပ်ရန် စောင့်ဆိုင်း ချောင်းမြောင်းနေသည်။ ကိုလံဘတ်၏ ဘွတ်ဖိနပ်မှာ အမေရိကတိုက်ကို အစောဆုံး ဆာလောင်ခဲ့သူဖြစ်သည်။ သင်၏ ဘွတ်ဖိနပ်ထဲ မြွေတစ်ကောင်လို မိုက်မဲမှုတစ်ခု ခွေမနေအောင် စစ်ဆေးပါ။ ဥရောပတိုက်က မက်ဒေါနား၏ ပူပူနွေးနွေး အတွင်းခံဘောင်းဘီကို ဆာလောင်နေခဲ့ပုံရ၏။ သူမ၏ ညစာစားပွဲသို့ ကျွန်ုပ်တို့ တက်ရောက်လိမ့်မည် မဟုတ်ပါ။ သို့ဆိုပါလျှင် သင်မည်သည့်အရာကို ဆာလောင်နေခဲ့ပါသလဲ။ အမှိုက်ကားကြီး ပြန်လည်ထွက်ခွာသွားပြီ။

ဒိုင်နိုဆော၏ မေးရိုးများက ဒုတိယကမ္ဘာဦးကို ဆာလောင်နေကြစဉ် ကျွန်ုပ်၏အခန်းထဲမှ ကြမ်းပိုးများက အာဒမ်၏ ဒုတိယနံရိုးတစ်ချောင်းကို ဆာလောင်နေခဲ့ကြပြီး ငရဲဘုံက ကမ္ဘာကြီးကို ဆာလောင်နေခဲ့ပုံရပါသည်။ သင်ကရော မည်သည့်အရာကို ဆာလောင်နေခဲ့ပါသလဲ။

မဖြစ်နိုင်ခြင်း တောင်ကုန်းထက်မှာ ဉာဏ်ပညာ အနည်းငယ်ရှိသော သစ်တစ်ပင် ပေါက်ရောက်လာပုံကို စောင့်ကြည့်နေမိသူမှာ ကျွန်ုပ်ဖြစ်ပြီး ကျွန်ုပ်က ထိုအပင်မှ သစ်သီးတစ်လုံးကို ဆာလောင်နေပါသည်။

နေမျိုး
စတိုင်သစ်မဂ္ဂဇင်း၊ ၁၉၉၉-နိုဝင်ဘာ
နေမျိုး
အအေးလွန်ရာစုနှစ် နှင့် အခြားဝတ္ထုတိုများ
ရတနာကောင်းကင်စာအုပ်တိုက်
ပထမအကြိမ် - ၂၀၀၇

Nov 18, 2011

ရေစိုနေတဲ့စကဿကူ


ကျွန်တော်ဟာ မအောင်မြင်သေးတဲ့ စာရေးဆရာတစ်ယောက်ပါ။ ကျွန်တော့် ဇာတ်ကောင်တွေဟာ အမြဲဆာလောင် ငတ်မွတ်နေသူတွေပဲ။ ငတ်မွတ်ဆာလောင်နေသူတွေကို ဇာတ်ကောင်အဖြစ် ရေးရတာ ကျွန်တော်ပိုပြီး နှစ်သက်အားရတယ်။ ဒါဟာ ကျွန်တော် ကျွမ်းကျင်တဲ့ ဘာသာရပ်တစ်ခုဖြစ်နေလို့ပါပဲ။ အဲဒီဘာသာရပ်ကို နှစ်ရှည်လများ ကျွန်တော် လိုက်စားခဲ့တယ်။


စားပွဲမှာ သူထိုင်နေတယ်။ သူ့ရှေ့မှာ ညကမိုးကြောင့် ရေစိုပြီး နူးပွနေတဲ့ စကဿကူတွေရှိတယ်၊ ပြီးတော့ ဗာဒံသီးအခွံတွေ စားပွဲအောင်မှာ ပြန့်ကျဲနေတယ်။ စားပွဲမှာ သူထိုင်နေတယ်။ မနေ့ညကတည်းက သူဆာလောင်နေခဲ့တယ်။ ခဲတံအတိုကလေးတစ်ချောင်းကို သူကောက်ကိုင်လိုက်တယ်။


ဟော... အဲဒီအချိန်မှာဘဲ အခန်းရှေ့မှာ စက်ဘီးဘီ(လ်)သံကို ကျွန်တော် ကြားလိုက်ရတယ်။ ရေးလက်စ စာရွက်ကို ခဏချထားလိုက်ပြီး အခန်းရှေ့ကို ထွက်သွားလိုက်တော့ စာပို့သမားကို တွေ့ရတယ်။ သူက ကျွန်တော့်ကို ကြင်နာစွာ ကြည့်နေပုံပါပဲ။ ကျွန်တော့်အတွက် မန်နီအော်ဒါစာရွက်ပေါ်မှာ လက်မှတ်ထိုးခိုင်းပြီး ငွေစနည်းနည်းကို ထုတ်ပေးလိုက်ပါတယ်။ ချမ်းမြေ့ပါစေဗျာဆိုလား ကျွန်တော် သူ့ကို ပြောလိုက်မိသေးတယ် ထင်တယ်။ မောင်မင်းကြီးသားက ကျွန်တော့်စကားကို အလေးမထားဘဲ စက်ဘီးပေါ်တက်ပြီး ဆက်လက် နင်းထွက်ခွာသွားပါတယ်။

ဆရာ ညကတည်းက ကျွန်တော် ဘာမှ မစားရသေးဘူး"

စာရေးစားပွဲမှာ ထိုင်လိုက်တော့ ကျွန်တော့်ဇာတ်ကောင်က ပြောတယ်။ ကျွန်တော့်အိတ်ထဲမှာ ပူပူနွေးနွေး ငွေစကဿကူတချို့ရှိနေပြီ။ ဒါပေမယ့် ဒီငွေစကဿကူတွေကို ဘာဆက်လိုပ်ရမယ်ဆိုတာ ကျွန်တော်ပဲသိတယ်ဗျာ။ စာတိုက်ကိုသွားပြီး ကျွန်တော့်ဇနီးဆီကို လှမ်းပို့ရမှာပါကလား။ ဝေးဝေးမြို့ကလေးမှာ ကျွန်တော့်ဇနီးဟာ ကျွန်တော် ပေးပို့လိုက်မယ့်ငွေကို စိတ်ရှည်ရှည်နဲ့ စောင့်မျှော်နေရှာလိမ့်မယ်။


ဗာဒံပင်က အသီးတွေ တုံးသွားပြီ။ သီးခဲ့သမျှက အကုန်ကြွေသွားခဲ့ပြီ။ ကြွေခဲ့သမျှက အခွံတွေ ဖြစ်သွားခဲ့ပြီလေ။ သူစားပွဲမှာ ထိုင်နေတယ်။ သူ့ရှေ့မှာ ညကမိုးကြောင့် စိုပြီးနူးပွနေတဲ့ စကဿကူတွေ ရှိတယ်။


ကျွန်တော် ဝါကျနည်းနည်း ထပ်ရေးပြီး စားပွဲက ထလိုက်တယ်၊ ဗာဒံသီးအခွံလေးတစ်ခုကို ကောက်ကိုင်လိုက်တယ်။ ညကမိုးကြောင့် ရေစိုပြီး နူးပွနေတဲ့ စကဿကူတွေကို ဒီအတိုင်း ပစ်ထားလိုက်တယ်။ စာတိုက်ကို သွားရဦးမယ်ဗျာ။

ဆရာ စားပွဲပေါ်က ရေစိုနေတဲ့စကဿကူတွေမှာ အရသာတစ်ခုခု ရှိမလား"

အခန်းထဲက ထွက်မယ်အလုပ်မှာ ကျွန်တော့်ဇာတ်ကောင်က မေးတယ်။ တကယ်တော့ သူဆိုလိုချင်တာက ဒီစကဿကူတွေကို ဝါးစားလိုက်ရမလားလို့ပေါ့။ ကျွန်တော် စာတိုက်ဆီ ထွက်ခဲ့တယ်။ ရေစိုနေတဲ့ စကဿကူတွေကို ဝါးမစားမိခင်ပေါ့။

နေမျိုး
အအေးလွန်ရာစုနှစ် နှင့် အခြားဝတဿထုတိုများ
ပထမအကြိမ် - ၂၀၀၇

Sep 4, 2011

ဟထားတဲ့ ပါးစပ်ကြီး

ငါ့ကို နည်းနည်းကျွေးပါ။ ဟထားတဲ့ပါးစပ်ကြီးက ပြောတယ်။ ကောင်လေးတစ်ယောက်က သူ့ဘောင်းဘီအိတ်ထဲက ချောကလတ်တွေထုတ်ပြီး ပါးစပ်ကြီးထဲကို ပစ်ထည့်လိုက်တယ်။ (၅)မိနစ်လောက်ကြာသွားတယ်။ ပါးစပ်ကြီးက ပြောပြန်တယ်။ ငါ့ကို နည်းနည်းကျွေးပါတဲ့။ ကောင်ကလေးက ဘောင်းဘီအိတ်ထဲကို ထပ်နှိုက်တယ်။ ချောကလက် (၃) တောင့် ထွက်လာသေးတယ်။ ပါးစပ်ကြီးထဲ ပစ်ထည့်လိုက်တယ်။ (၂)မိနစ်လောက် ကြာသွားတယ်။ ပါးစပ်ကြီးက ပြောပြန်တယ်။ ငါ့ကိုနည်းနည်းကျွေးပါ။ ဒီတစ်ခါ သူ့အသံက ပိုပြီး သာယာနာပျော်ဖွယ် ဖြစ်လာသလိုပဲ။ သတင်းထောက်တစ်ယောက် ရောက်လာပြီး ပါးစပ်ကြီးကို "ဖျတ်" ခနဲ ဓါတ်ပုံရိုက်လိုက်တယ်။ ဒီလိုဓါတ်ပုံရိုက်လိုက်တော့ ပါးစပ်ကြီးက ပြုံးနေလိုက်တယ်။ ဒါပေမဲ့ ခဏပါပဲ။ ပါးစပ်ကြီးဟပြီး ပြောပြန်တယ်။ ငါ့ကိုနည်းနည်းကျွေးပါ။ ကောင်လေးက သူ့ဘောင်းဘီအိတ်ထဲကို ကြိုးစားပမ်းစားနှိုက်တယ်။ မရှိတော့ဘူး။ ဘာမှထွက်မလာတော့ဘူး။ အော်... ပျံလို့မရတဲ့ အတောင်ပံနဲ့ ပိုးကောင်အသေတစ်ကောင် ထွက်လာသေးတယ်။ ကောင်လေးက ပါးစပ်ကြီးထဲ ပစ်ထည့်လိုက်တာပါပဲ။ သတင်းထောက်က ကောင်လေးကို မေးတယ်။ မင်းပါးစပ်ကြီးထဲ ထည့်ကျွေးခဲ့တာ အားလုံး ဘယ်နှစ်ခုလဲ။ (၈) ခုနဲ့ (၁) ကောင်လို့ ကောင်လေးကဖြေတယ်။ ကောင်းပြီ။ သတင်းထောက်ဟာ ဟထားတဲ့ပါးစပ်ကြီးကို နောက်တစ်ကြိမ် ဓါတ်ပုံရိုက်ပြန်တယ်။ "ဖျတ်" ခနဲ။ ဟထားတဲ့ ပါးစပ်ကြီးက ပြုံးနေလိုက်တယ်။ ပြီးတော့ ပါးစပ်ကြီးဟာ ပြန်ဟလာပြီး ပြောပြန်တယ်။ ငါ့ကိုနည်းနည်းကျွေးပါ။ အသံက ဂီတပိုဆန်လာတယ်။ အဲဒီအချိန် ကောင်လေးရဲ့အမေ ရောက်လာတယ်။ သားငယ် မင်းဒီမှာဘာလုပ်နေတာလဲ။ ဟိုမှာကြည့်စရာတွေ အများကြီးရှိသေးတယ်ဆိုပြီး ကောင်လေးလက်ကို ဆွဲခေါ်သွားတော့တယ်။ သတင်းထောက်က ခင်ဗျားပြောတာ မှန်ပါတယ်ခင်ဗျာတဲ့။ ငါ့ကို နည်းနည်းကျွေးပါ။ ဟထားတဲ့ပါးစပ်ကြီးက တိုးတိုးပြောရင်း ကျန်ရစ်ခဲ့တော့ရဲ့။

နေမျိုး
၂၀၀၂၊ ၉၊ ၂၅
ည ၁၀း၁၀ နာရီ


နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်

Aug 6, 2011

သစ်ရွက်တစ်ရွက်

ဒါဟာ သစ်ရွက်တစ်ရွက်ပါ။ ကြွေကျသွားတဲ့ သစ်ရွက်တစ်ရွက်ပါ။ သစ်ရွက်ဟာ မိခင်ပင်စည်ကြီးဆီက မခွဲခွာချင်သေးဘူးတဲ့။ မိခင်ပင်စည်ကြီးကို သံယောဇဉ်ကြီးလွန်းလှတယ်။ အဲဒီ သံယောဇဉ်ကြီးသူ သစ်ရွက်တစ်ရွက်ဟာ ဆောင်းလထဲမှာ ဖြုတ်ခနဲ ကြွေကျခဲ့ပေါ့။ သစ်ရွက်တစ်ရွက်ဟာ ဆောင်းနှင်းလမှာ ကြွေကျခဲ့ပြီး၊ နှင်းတွေထဲဆီ လွင့်ပါးသွားခဲ့ရှာပေါ့။ မိခင်ပင်စည်ကြီးဟာ ကြွေသွားတဲ့သစ်ရွက်တစ်ရွက်အတွက် မျက်ရည်စိုခဲ့တယ်။ သစ်ရွက်တစ်ရွက်ဟာ မိခင်ပင်စည်ကြီးရဲ့ ဝေးရာကို လွင့်ပါးသွားခဲ့ရပါတယ်။ နှင်းတွေ တအားကျတာပဲ။ ကျွန်တော် ဘယ်ကိုသွားရမှာလဲ ပြောပြစမ်းပါ။ ဆောင်းလေတစ်ချက်ဝှေ့တော့ သစ်ရွက်တစ်ရွက်ဟာ ဖလပ်ခနဲလန်သွားတယ်။ အခုသူရောက်နေတာက သူ့ကိုလူတွေ မတွေ့မြင်နိုင်တဲ့နေရာမှာပါ။ မြက်ပင်၊ ဖုန်မှုန့်နဲ့ နှင်းစက်တွေက သူ့ကိုလူတွေမတွေ့မြင်နိုင်အောင် ဝှက်ထားကြတယ်။ ကမ္ဘာမြေရဲ့ ကိုယ်ထည်ထဲကို သစ်ရွက်တစ်ရွက်ဟာ ဝင်ရောက်ရပေလိမ့်မယ်။ ဖုန်မှုန့်တွေအဖြစ်နဲ့ပေါ့။ ခုတော့ သူဟာ သစ်ရွက်တစ်ရွက်ပါ။ ဆောင်းလေဟာ သူ့ကို ကုတ်ခြစ်စုတ်ပြဲစေပြီး နှင်းစက်တွေဟာ တအိအိ ဆွေးမြည့်စေလိမ့်မယ်။ သူဟာ ဆောင်းလေထဲမှာ နေ့ရက်များစွာ ဝိညာဉ်မဲ့ တရွတ်တိုက် သွားလာနေခဲ့တယ်။ ပိုးပုရွက်တွေဟာ သူ့ကိုယ်ပေါ်မှာ တရွရွနဲ့ ဆင်းချည်တက်ချည် လုပ်ကြတယ်။ မြေထဲက ပိုးကောင်ငယ်ကလေးတွေဟာ နှင်းတွေထဲမှာ စိုစွပ်ပျော့ဖပ်နေတဲ့သူ့ကို တရိရိ ကိုက်ဖြတ်ကြတယ်။ ဖုန်မှုန့်တွေက အရိုးအကြော ပြိုင်းပြိုင်းသာကျန်တော့တဲ့ သူ့ခန္ဓာကိုယ်ကို တစ်စတစ်စ ဖုံးလွှမ်းလိုက်ကြပေါ့။ မြက်ပင်တွေဟာ သူ့ကိုယ်ထည်ကိုဖြတ်ပြီး ထိုးဖောက် ရှင်သန်လာကြတယ်။ သူဟာ တဖြည်းဖြည်း တရွေ့ရွေ့နဲ့ ဆွေးမြည့်ကာ မြေသားထဲကို ရောက်ရှိသွားပေါ့။ သစ်ရွက်တစ်ရွက်ဟာ ကမ္ဘာမြေရဲ့ကိုယ်ထည်ထဲကို ဆွေးဆွေးမြည့်မြည့် ဝင်ရောက်သွားခဲ့ပြီ။ ဖုန်မှုန့်တွေအဖြစ်နဲ့လေ။


နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်

Jul 24, 2011

ပဲစေ့လေးတွေ

ဇွန်လရဲ့နေ့လယ်ခင်းတစ်ခုထဲမှာ ပဲစေ့လေးတွေ သူမ ရွေးနေတယ်။ မနက်ခင်းက ဘူတာဈေးကလေးထဲက ဝယ်ယူလာတဲ့ ပဲစေ့ကလေးနှစ်ဘူးပါ။ ပန်းထဲမှာထည့်ပြီး ရွေးနေတယ်။ ပဲစေ့ကလေးတွေက ခရမ်းပြာရောင်လေးတွေ။ အဲဒီပဲစေ့ကလေးတွေထဲက အဖျင်းအပိန်အလိမ်လေးတွေ၊ မြေဆန်ခဲအစအနလေးတွေ၊ ကိုင်းဖျားကိုင်းနား အစအနလေးတွေကိုရွေးပြီး ပြတင်းပေါက်ကနေ လွှင့်ပစ်လိုက်တယ်။ အဆန်ပြည့်ဝတဲ့ ပဲစေ့တွေရပြီဆိုတော့ ပုလင်းထဲထည့်ပြီး အဖုံးပိတ်ထားလိုက်ပါတယ်။ လိုအပ်တဲ့အခါ ပြုတ်စားဖို့ပါ။ ဒီရက်တွေထဲမှာ မိုးက တစ်ကြိမ်နှစ်ကြိမ် ရွာချလိုက်တယ်။ မြေဟာ အစိုဓာတ်ရလို့ အေးမြနေလေရဲ့။ အဲဒီအချိန်တွေမှာ ပြတင်းပေါက်အောက်ဖက်ကြားကလေးထဲကို သူရောက်သွားတယ်။ အို... ကြည့်စမ်းပါ။ ပဲစေ့လေးတွေ အပင်ပေါက်ရှင်သန်ကြလို့။ သူမ စွန့်ပစ်ခဲ့တဲ့ ပဲစေ့လေးတွေ။ သူမအမှုမထားခဲ့တဲ့ ပဲစေ့လေးတွေ။ သူမ စွန့်ခဲ့တဲ့ ပဲစေ့လေးတွေ။ သည်တစ်မိုးနှစ်မိုးမှာ သူတို့အပင်ပေါက်ကာ ကမ္ဘာမြေပေါ်ထရပ်နေကြပေါ့။ သူတို့ကို အဖျင်းအမှော်တွေလို့ သူမသတ်မှတ်စွန့်ပစ်ခဲ့တယ်။ ဒါပေမဲ့ ခုသူတို့ ရှင်သန်နေကြပြီလေ။ စိမ်းမြတဲ့အရွက်ငယ်ကလေးတွေနဲ့။

နေမျိုး
၂၀၀၂၊ ၇၊ ၁၈
ည ၁၀း၃၀ နာရီ

နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်

Jul 15, 2011

သတိချို့ယွင်းခြင်း

ညဥ့်နက်နက် သန်းခေါင်ကျော်လောက်မှာ သူနိုးလားတယ်။ သူနိုးလာတော့ ခုတင်ပေါ်ကဆင်းတယ်။ ရေအိုးစင်ကိုမြင်တော့ ရေတစ်ခွက် ခပ်သောက်တယ်။ ပြီးတော့ ရပ်နေတယ်။ တစ်စက္ကန့် ... နှစ်စက္ကန့်၊ တစ်မိနစ် ... နှစ်မိနစ် ... သုံးမိနစ် ... သူရပ်နေတယ်။ ငါဘာလုပ်မလို့ပါလိမ့်။ သူစဉ်းစားမိသလိုလိုပဲ။ ခုတင်ပေါ်မှာ မိန်းမတစ်ယောက် (ခပ်ဝဝ) အိပ်နေတယ်။ ဘယ်ကမိန်းမလဲ၊ မြင်ဖူးသလိုလိုပဲ။ အိပ်နေပုံက စိတ်ပျက်စရာကောင်းတယ်။ သူတစ်ဖက်ကို လှည့်လိုက်တယ်။ နံရံမှာဓာတ်ပုံတစ်ပုံ ချိတ်ထားတယ်။ ယောက်ျားတစ်ယောက်(ပြုံးလို့) ခန့်ညားတဲ့အနောက်တိုင်းဝတ်စုံနဲ့။ ဒါကရော ဘယ်သူပါလိမ့်။ သူစဉ်းစားလို့မရတော့ မစဉ်းစားတော့ဘူး။ သူအခုရောက်နေတဲ့အခန်းထဲမှာ ဘာဆက်လုပ်ရမလဲ။ ရပ်နေရမလား။ တံခါးဖွင့်ပြီး အပြင်ကိုထွက်သွားရမလား။ မသေချာဘူး။ စားပွဲပေါ်မှာ စီးကရက်အတိုတစ်ခုတွေ့တယ်။ သူကောက်ယူလိုက်တယ်။ ဘေးမှာမီးခြစ် သူကောက်ယူလိုက်တယ်။ ပြီးတော့ ဘာဆက်လုပ်ရမလဲ။ သူစဉ်းစားလို့မရဘူး။ စားပွဲပေါ်ကို စီးကရက်နဲ့မီးခြစ် နှစ်ခုစလုံး ပြန်ချထားလိုက်တယ်။ စားပွဲပေါ်မှာ သတင်းစာတစ်စောင်၊ သူဖွင့်ဖတ်တယ်။ ဒါပေမဲ့ ဖတ်လို့မရချင်သလိုလိုဖြစ်နေတယ်။ ဘယ်နေ့ကသတင်းစာပါလိမ့်။ စစ်ပွဲတွေပြီးသွားပြီလား။ လူတွေဟာ စစ်ပွဲတွေဖြစ်ပွားနေရလောက်အောင် မိုက်မဲနေကြတုန်းပဲလား။ ခုထိမိုက်မဲလို့ အားမရကြသေးဘူးလား။ ဟစ်တလာအခုထိ အသက်ရှင်နေတုန်းပဲလား။ နပိုလီယံက ဘာလုပ်နေသလဲ။ စစ်ပွဲကြီးတွေ ဖြစ်ပွားရင် သူကဘာလုပ်ရမလဲ။ ရပ်ကြည့်နေရမှာလား။ ဝင်တိုက်ရမှာလား။ ဝင်တိုက်ရရင် ဘယ်လိုဝင်တိုက်ရမှာလဲ။ သူ့အသိဥာဏ် ခဏနွေးကနဲ ဖြစ်သွားတယ်။ ဟာ... စစ်ပွဲကြီးပြီးခဲ့တာ နှစ်ပေါင်း (၅၀)လား ကျော်ခဲ့ပြီပဲ၊ မဟုတ်ဘူး၊ နှစ်ပေါင်း (၆၀)ကျော်ခဲ့တာဖြစ်မယ်။ အင်း နှစ်ပေါင်း(၆၀)ဆိုရင် ငါကဘယ်အရွယ်ပါလိမ့်။ ခုငါ့အသက်က ဘယ်လောက်လဲ။ သူဟာ သူ့အသက်ကို စဉ်းစားလို့မရဘူး။ သူစဉ်းစားလို့မရတာနဲ့ သူမမှတ်မိတာတွေက များလှတယ်။ အခန်းထဲမှာရပ်နေရင်း စစ်ပွဲကြီးတွေ သူမေ့သွားခဲ့ပြီ။ ဘယ်တော့မှ သူမမေ့လျော့တဲ့အကြောင်းတစ်ခု ရှိနေပြန်ရဲ့။ မီးဖိုဆောင်က စားပွဲပေါ်မှာ လဲလျောင်းနေတဲ့ ပေါင်မုန့်ကို စားသောက်ပစ်ဖို့ပဲပေါ့။ အစားအစာတစ်ခုကို စားသောက်ဖို့ အကောင်းဆုံးအချိန်ဟာ ဆာလောင် နေချိန်ပါပဲ။ အဲဒီအချိန်ဟာ နေ့ဖြစ်ချင်ဖြစ်မယ်၊ ညဖြစ်ချင်ဖြစ်မယ်။ နံနက်ခင်းဖြစ်ချင်ဖြစ်မယ်၊ ညနေခင်း ဖြစ်ချင်ဖြစ်မယ်လေ။ မီးဖိုဆောင်က စားပွဲပေါ်မှာ လဲလျောင်းနေတဲ့ပေါင်မုန့်ကို သူတစ်ဖဲ့ ဖဲ့လိုက်တော့ တစ်ခုခုကို သူအမှတ်ရလာတယ်။ ဒီလိုအပြုအမူမျိုးကို သူကြိမ်ဖန်များစွာ ပြုမူဆောင်ရွက်ခဲ့ဖူးသလိုလို ထင်မြင်လာမိတယ်။ သူ့အစွမ်းကြောင့် ငါးမိနစ်အတွင်း လဲလျောင်းရင်းနေတဲ့ပေါင်မုန့်ဟာ ကုန်သွားတယ်။ သူအာသီသတစ်ခု ပြေသွားတယ်။ ထူးဆန်းတာက မီးဖိုဆောင်စားပွဲပေါ်မှာ ညစဉ်ညစဉ် ပေါင်မုန့်တစ်လုံး လဲလျောင်းခြင်းပဲ။ သူနည်းနည်းလန်းလာသလိုပဲ။ မီးဖိုဆောင်ကနေ တခြားအခန်းဖက်ကို သူရောက်လာတယ်။ အခန်းထဲမှာ မီးတွေလင်းနေတယ်။ စင်တွေ၊ ဗီရိုတွေနဲ့ စာအုပ်တွေ အများကြီးလည်းရှိတယ်။ ဒါဟာစာဖတ်ခန်းပဲ။ သူက စားပွဲပေါ်မှာရှိတဲ့ စာအုပ်ကို ဖွင့်ဖတ်တယ်။ ပါကင်ဆန်၊ အယ်လ်ဇိုင်းမား ဆိုတဲ့ ကြယ်ပွင့်လေးတွေပြထားတဲ့ ခေါင်းစဉ်အောက်မှာ မှတ်စုတွေကိုတွေ့တယ်။ ဘယ်သူ့မှတ်စုလဲလို့ စဉ်းစားနေမိရင်း လက်ရေးဟာ သူအရင်းနှီးဆုံးလက်ရေးပဲလို့ ထင်မြင်လာမိပြန်တယ်။ စာအုပ်ကို သူပိတ်ပစ်လိုက်တယ်။ သူစာ မဖတ်ချင်ဘူး။ သူစာဖတ်ခဲ့ရင် တစ်ခုတစ်ခုသိလာမယ်။ ဒါပေမဲ့ အဲဒီသိမှုတစ်စုံတစ်ခုကို သူလက်ခံနိုင်စွမ်း မရှိတော့ဘူး။ နောက်ထပ် လေနည်းနည်းမှုတ်သွင်းလိုက်ရင် ကွဲထွက်သွားနိုင်လောက်တဲ့ ပူဖောင်းတစ်လုံးလိုပေါ့။ ဒါပေမဲ့ ဒီဥပမာဟာ သူ့အတွက် မှန်ချင်မှမှန်မှာပါ။ ဆိုလိုတာက သူ့ဆင်ခြင်သိမှတ်မှုဟာ လွန်ခဲ့တဲ့နှစ်တွေကတည်းက လေမရှိတော့တဲ့ ပျော့စိစိရော်ဘာပူဖောင်းခွံတစ်ခု။ ဒါမှမဟုတ် ပူဖောင်းအပိုင်းအစတွေလို ဖြစ်ချင်လည်း ဖြစ်နေခဲ့မှာမို့လို့ပေါ့။ စာဖတ်ခန်းထဲက နီယွန်မီးရောင်အလင်းထဲမှာ သူငြိမ်ငြိမ်သက်သက်ထိုင်နေတယ်။ ထိုင်နေရင်း ဟိုဖက်ခန်းက အိပ်ပျော်နေတဲ့ (ခပ်ဝဝ)မိန်းမတစ်ယောက်ရဲ့ တစ်ချက်တစ်ချက် ထွက်ပေါ်လာတဲ့ဟောက်သံကို သူနားထောင်နေမိတယ်။

နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်

Jul 2, 2011

ဖြန့်ထားတဲ့လက်ဝါးကြီး

ဖြန့်ထားတဲ့လက်ဝါးကြီး မြို့ထဲမှာ လျှောက်သွားနေတယ်လို့ သတင်းဖြစ်ပေါ်နေတယ်။ ကျွန်တော်က မယုံပါဘူး။ ကျွန်တော် မယုံဘူးဆိုတာ အဖြစ်အပျက်ကို မယုံတာမဟုတ်ပါဘူး။ တစ်ဆင့်ခံသတင်းတွေကို မယုံတာပါ။ ဒီခေတ်ဒီအခါမှာ ဘယ်အဖြစ်မပျက်မဆို ဖြစ်ပျက်နိုင်တယ်လို့ ကျွန်တော် လက်ခံထားပြီးသားပါ။ ဖြန့်ထားတဲ့လက်ဝါးကြီး မြို့ထဲမှာ လျှောက်သွားနေတယ်တဲ့။ လူတွေဟာ ကဖေးဆိုင်မှာ ဒီသတင်းကို ပြောဆိုနေကြတယ်။ ဘတ်စ်ကားမှတ်တိုင် လူစုစုမှာလည်း ဒီသတင်းကို ပြောဆိုနေကြတယ်။ ပြီးခဲ့တဲ့သီတင်းပတ် တနင်္ဂနွေည သန်းခေါင်လောက်မှာ ဖြန့်ထားတဲ့လက်ဝါးကြီး နိုက်ကလပ်ထဲကိုဝင်သွားပြီး ခန်းမလယ်မှာရပ်နေတယ်တဲ့။ ဖြန့်ထားတဲ့လက်ဝါးကြီးဟာ နိုက်ကလပ်ထဲမှာ တော်တော်ကြာကြာ ရပ်နေခဲ့သတဲ့။ နိုက်ကလပ်ရဲ့ သန်းခေါင်ကျော်ခဲ့ချိန်မှာ အထဲကလူတွေဟာ သူတို့ခံစားမှုကလွဲလို့ ဘာကိုမှ အရေးမလုပ်ကြတော့ဘူး။ ဖြန့်ထားတဲ့လက်ဝါးကြီးကိုလည်း စိတ်မဝင်စားကြဘူးတဲ့။ ဒါပေမဲ့ ဖြန့်ထားတဲ့လက်ဝါးကြီးဟာ နိုက်ကလပ်ထဲမှာ ဖြန့်ထားလျက်ပါပဲ။ ဖြန့်ထားတဲ့လက်ဝါးကြီးနဲ့ နိုက်ကလပ်ထဲက လူတွေအကြောင်းကို တွေ့သိမြင်ခဲ့သူတစ်ဦးက ခုလိုပြောပြပါတယ်။ ဖြန့်ထားတဲ့လက်ဝါးကြီးဟာ နိုက်ကလပ်ထဲမှာ အချိန်တော်တော်ကြာအောင် ရှိနေခဲ့သတဲ့။ နံနက်လင်းအားကြီးအချိန်လောက်မှ ဖြန့်ထားတဲ့လက်ဝါးကြီးဟာ နိုက်ကလပ်ထဲကနေ အပြင်ကို နောက်ပြန်ရွေ့လျားပြီး ထွက်ခွာသွားပါတယ်တဲ့။ ဖြန့်ထားတဲ့လက်ဝါးကြီး တစ်ခုခုမရပဲ တစ်နေရာရာက ဘယ်တော့မှ မထွက်ခွာဘူးတဲ့။ ဖြန့်ထားတဲ့လက်ဝါးကြီး နိုက်ကလပ်ထဲကနေ သီချင်းတစ်ပုဒ် (ငါတို့ အမှောင်ထဲမှာ ဆုံကြမည်) ဘီယာတစ်ဖန်ခွက်၊ အပျိုစင်နောက်ဆုံးညတစ်ည၊ နှုတ်ခမ်းနီတစ်တောင့်နဲ့ ဂိတ်စောင့်အဖိုးကြီးရဲ့ တုတ်ကောက်တစ်ချောင်းကို ယူဆောင်သွားခဲ့ပါတယ်တဲ့။ ဖြန့်ထားတဲ့လက်ဝါးကြီးဟာ မြို့ထဲမှာ လျှောက်သွားနေတယ်လို့ လူတွေပြောနေကြလျက်ပဲ။ ဒါတွင်သာမက လူတစ်ယောက်ဟာ မြို့ပြင်က မြစ်ကမ်းတစ်ခုမှာ ငါးထိုင်မျှားနေသတဲ့။ သူဟာ ငါးသုံးလေးကောင်ကိုလည်း မိထားပြီတဲ့။ သူဟာ ငါးမျှားတံမှာ ငါးစာကိုတပ်ပြီး ငြိမ်သက်မှုနဲ့ ငါးကို မျှားနေတာပေါ့။ အဲဒီ့အချိန်မှာပဲ သူ့နောက်ကျော်ဘက်ကို ဖြန့်ထားတဲ့လက်ဝါးကြီး ရောက်လာတော့တယ်။ သူဟာ ဖြန့်ထားတဲ့လက်ဝါးကြီး သူ့နောက်မှာ ရောက်နေတာကို မသိဘူးတဲ့။ ငါးစာကို ငါးက ဟပ်လိုက်တဲ့အချိန်မှာ သူဟာ ဆတ်ခနဲ ဆွဲတင်လိုက်တယ်။ ငါးဟာ ငါးမျှားချိတ်မှာမိပြီး လေထဲမှာကိုင်းညွတ်ကာ နောက်ဖက်ကိုကျသွားတယ်။ သူ လှည့်ကြည့်လိုက်တော့ ဖြန့်ထားတဲ့လက်ဝါးကြီးနဲ့ ဖြန့်ထားတဲ့လက်ဝါးကြီးထဲမှာ ဖျပ်ဖျပ်လူးနေတဲ့ငါးကို တွေ့ရတော့တာပါပဲ။ သူက တစ်ခုခုပြုမူဖို့ ကြံရွယ်နေစဉ်မှာပဲ ဖြန့်ထားတဲ့လက်ဝါးကြီးဟာ နောက်ပြန်ဆုန်ပြီး မြို့ဘက်ကို ထွက်ခွာသွားတော့တယ်တဲ့။ ဖျပ်ဖျပ်လူးနေတဲ့ ငါးဟာ ဖြန့်ထားတဲ့လက်ဝါးကြီးထဲ ပါသွားတော့တာပေါ့။ တစ်ရက်ကလည်း မနက်စောစောစီးစီး ဈေးထဲမှာ ဖြန့်ထားတဲ့လက်ဝါးကြီး လျှောက်သွားနေတယ်တဲ့။ လူတွေက သူတို့ကြားရောက်လာတဲ့ ဖြန့်ထားတဲ့လက်ဝါးကြီးကို တိုးတိုးဝှေ့ဝှေ့ ရှောင်ရှောင်တိမ်းတိမ်း သွားနေကြသတဲ့။ ဖြန့်ထားတဲ့လက်ဝါးကြီးဟာ ဝက်သားဆိုင်၊ ဆိတ်သားဆိုင်၊ ဆူးပုပ်ရွက်ဆိုင်၊ ပုစွန်ခြောက်ဆိုင်၊ ငံပြာရည်ဆိုင်၊ သံပုရာသီးဆိုင်တို့ကို တရွေ့ရွေ့ဖြတ်လာသတဲ့။ အားလူးဆိုင်ရှေ့မှာ ဖြန့်ထားတဲ့လက်ဝါးကြီးဟာ ခဏရပ်လိုက်သေးတယ်။ ပြီးတော့ ရှေ့ကိုထွက်ခွာပြီး ဈေးပေါက်က သူတောင်းစားတစ်ယောက်ဆီမှာ ဖြန့်ထားတဲ့လက်ဝါးကြီး ရပ်သွားတော့တယ်တဲ့။ သူတောင်းစာက အဝါးရခက်တဲ့ ပေါင်မုန့်တစ်လုံး ထည့်ပေးလိုက်မှ ဖြန့်ထားတဲ့လက်ဝါးကြီးဟာ ဈေးကနေ ထွက်ခွာသွားတော့တယ်တဲ့။ ဖြန့်ထားတဲ့လက်ဝါးကြီးအကြောင်း တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး ပြောလာကြတယ်။ ဆေးရုံကြီးဝင်းထဲက ကင်ဆာဆောင်ရှေ့မှာ ဖြန့်ထားတဲ့လက်ဝါးကြီးကို တွေ့လိုက်ကြသတဲ့။ မြို့ရဲ့မြင့်မားလှတဲ့ အဆောက်အအုံတစ်ခုဖြစ်တဲ့ မီးသတ်မျှော်စင်ထိပ်မှာလည်း ဖြန့်ထားတဲ့လက်ဝါးကြီးကို တွေ့မြင်မိကြသတဲ့။ ဆုတောင်းပြည့်ဘုရားရဲ့ မုခ်ဝတစ်ခုမှာလည်း ဖြန့်ထားတဲ့လက်ဝါးကြီး ရောက်နေတာကို ဘုရားဖူးသူတွေ မြင်လိုက်ကြသတဲ့။ မြို့ရဲ့ လူစည်ကားလှတဲ့ရုပ်ရှင်ရုံတွေ တစ်ဝိုက်မှာလည်း ဖြန့်ထားတဲ့လက်ဝါးကြီး ရွေ့လျားနေတာကို တွေ့ခဲ့ကြသတဲ့။ နာရီစင်အောက်မှာ ဖြန့်ထားတဲ့လက်ဝါးကြီး ရပ်နေတာကိုလည်း အတော်များများ တွေ့ခဲ့ကြကြောင်း ပြောဆိုနေကြတယ်။ ကိုယ်တွေ့ကြုံဆုံရမှုဟာ သတင်း တစ်ခုကို တစ်ကယ့်အဖြစ်အပျက်အဖြစ် လက်ခံ ယုံကြည်လိုက်ရပါပြီ။ အကြောင်းကတော့ မနေ့ညက အချိန်းထဲမှာ ကျွန်တော်စာဖတ်နေစဉ် ဖြန့်ထားတဲ့လက်ဝါးကြီး ရောက်ရှိလာခဲ့လို့ပဲ။ ဖြန့်ထားတဲ့လက်ဝါးကြီးဟာပိတ်ထားတဲ့အခန်းပြတင်းနံရံကို တအိအိတိုးဝင်ဖြတ်သန်းပြီး ကျွန်တော် စာဖတ်နေတဲ့စားပွဲနားကို ရောက်လာပါတယ်။ ဖြန့်ထားတဲ့လက်ဝါးကြီးဟာ အရွယ်အစား အတော်ကြီးပါတယ်။ အရောင်က ကြေးညိုရောင်ပါ။ မွန်ဂိုလွိုက်အနွယ်တွေရဲ့ အသားအရေမျိုးနဲ့လည်း ခပ်ဆင်ဆင်ပါ။ ဖြန့်ထားတဲ့လက်ဝါးကြီးထဲမှာ ဥာဏလေခ၊ အာယုလေခတို့ဟာ သိသာထင်ရှားစွာ ဖြစ်ပေါ်နေပြီး အားကောင်းလှတယ်လို့လည်း ထင်မှတ်မိပါတယ်။ ဖြန့်ထားတဲ့လက်ဝါးကြီးထဲမှာ ဟဒယလေခကိုတော့ တိုတောင်းတဲ့မျဉ်းဖြောင့်တစ်ကြောင်းသဏ္ဌာန်သာ တွေ့ရပါတယ်။ ဖြန့်ထားတဲ့လက်ဝါးကြီးပေါ်က အရေးအကြောင်းတွေနဲ့ ပတ်သက်လို့ သည့်ထက်ပိုပြီး ကျွန်တော်လည်း မသိပါဘူး။ ထူးခြားတာကတော့ ဖြန့်ထားတဲ့လက်ဝါးကြီးဟာ ပြည့်အိဖြိုးမောက်တဲ့ အသားအရေတွေနဲ့ ဖွဲ့စည်းထားတာပါပဲ။ ဖြန့်ထားတဲ့လက်ဝါးကြီးနဲ့ပတ်သက်ပြီး ကျွန်တော်ကြားဖူးတာတွေ သတိရလာတယ်။ ဖြန့်ထားတဲ့လက်ဝါးကြီးဟာ တစ်ခုခုထည့်မပေးမချင်း မထွက်ခွာဘူးဆိုပဲ။ ကျွန်တော်ဟာ စာဖတ်နေရာကနေ စာအုပ်ကို စားပွဲပေါ်ချ ဦးခေါင်းကိုငဲ့ပြီး ဖြန့်ထားတဲ့လက်ဝါးကြီးကို ကြည့်လိုက်မိတယ်။ ဖြန့်ထားတဲ့လက်ဝါးကြီးဟာ ခပ်ကြီးကြီးစကောတစ်ချပ်အရွယ်တော့ ရှိလိမ့်မယ်။ ကြမ်းပြင်အထက် လေထဲမှကြွပြီး တည်ကာ ငြိမ်သက်နေပါတယ်။ ဖြန့်ထားတဲ့လက်ဝါးကြီးဟာ တစ်နေ့နေ့မှာ တစ်ယောက်ယောက်ဆီက တစ်ခုခုယူဖို့ ရောက်လာစမြဲပဲဆိုတာ ယုံတမ်းစကားမဟုတ်ပါဘူးလို့ ကျွန်တော်ပြောခဲ့ချင်ပါတယ်။ ဖြန့်ထားတဲ့လက်ဝါးကြီးဟာ ကျွန်တော့်ဆီက ဘာကိုယူဖို့အလိုရှိသလဲ။ ကျွန်တော်က ကုလားအုတ်တံဆိပ်စီးကရက်ကို ဖြန့်ထားတဲ့လက်ဝါးကြီးထဲ ထည့်လိုက်ပါတယ်။ ဖြန့်ထားတဲ့လက်ဝါးကြီးဟာ ကျွန်တော်ထည့်ပေးလိုက်တဲ့ စီးကရက်ကိုကောက်ယူပြီး လက်ညှိုးနဲ့ လက်မကြားမှာ ဖိညှပ်ကာ ခြေမွပစ်လိုက်ပါတော့တယ်။ ဘယ်သူ့ဆီက ဘယ်အချိန်မှာ ဘာကိုယူရမယ်ဆိုတာ ကျွမ်းကျင်ပုံရတဲ့ လက်ဝါးကြီးဟာ စီးကရက်အကြွေတွေကို ခါချပြီးရပ်နေပါတယ်။ လေထဲမှာ ကြွနေလျက်နဲ့ပါပဲ။ ကျွန်တော်ဟာ အံဆွဲထဲက ဓားမြှောင်ကိုထုတ်ယူပြီး ဖြန့်ထားတဲ့လက်ဝါးကြီးရဲ့ အလက်ကောင်တည့်တည့်ကို စိုက်ချလိုက်ရမလား။ မဖြစ်နိုင်ပါဘူး။ ဖြန့်ထားတဲ့လက်ဝါးကြီးဟာ ကြီးမားသန်စွမ်းပါတယ်။ ပြီးတော့ သူ့မှာ အလွန်ကြွယ်ဝတဲ့ အတွေ့အကြုံလည်းရှိပုံပါ။ ကျွန်တော်ဟာ ဖြန့်ထားတဲ့လက်ဝါးကြီးထဲကို ကျွန်တော်ပိုင်ဆိုင်သမျှထဲက အဖိုးအထိုက်တန်ဆုံးအရာတစ်ခုခုကို ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ ကျွန်တော်ပိုင်ဆိုင်သမျှထဲက အဖိုးအထိုက်တန်ဆုံးအရာတွေကတော့ -၁။ လူငယ်ဘဝ ၂၊ ကဗျာတွေ ၃၊ ထွန်ယက်ထားတဲ့ဝိညာဉ် ၄။ ယုံကြည်ချက်နဲ့ ၅။ ကိုယ်ကျင့်တရားတို့ပါပဲ။

အဲဒီနေ့ကစပြီး ဖြန့်ထားတဲ့လက်ဝါးကြီးဟာ ကျွန်တော့်ဆီကို နောက်တစ်ခေါက် ပြန်ရောက်မလာတော့ပါဘူး။ ဖြန့်ထားတဲ့လက်ဝါးကြီးမြို့ထဲမှာ လျှောက်သွားနေတယ်ဆိုတဲ့သတင်းဟာ တဖြည်းဖြည်းမှိန်ဖျော့တိုးတိတ်သွားပါပြီး။ အဲဒီသတင်းကိုပြောသူ တစ်စတစ်စနဲ့ မရှိသလောက် ဖြစ်သွားပါပြီ။ လူတွေ မေ့သွားကြပါပြီ။ ဖြန့်ထားတဲ့လက်ဝါးကြီးဟာ ဝေးလံလှတဲ့ နိုင်ငံရပ်ခြားတိုင်းပြည်များမှာ လှည့်လည်နေမလားလို့ ကျွန်တော်စဉ်းစားမိတယ်။ ကျွန်တော့်ဆီက အဖိုးအထိုက်တန်ဆုံး အရာတစ်ခုကိုလည်း သူယူဆောင်သွားခဲ့ပြီ။ ခုချိန်မှတော့ ကျွန်ုပ်ဟာ အရက်စွဲနေတဲ့ အဘိုးအို တစ်ယောက်ဖြစ်နေပါပြီ။ ကျွန်ုပ်ခါးတွေ ကိုင်းခဲပါပြီ။ ကျွန်ုပ်နားတွေ ထိုင်းခဲ့ပါပြီ။ ကျွန်ုပ်မျက်စိတွေ မှုန်မှိုင်းခဲ့ပါပြီ။ ကျွန်ုပ်ဆံစတွေလည်း ဖြူခဲ့ပေါ။ ကျွန်ုပ်လက်တွေဟာ အမြဲလိုလို တုန်ယင်နေကြတယ်။ အိမ်အိုဟောင်းကလေးထဲကနေ အပြင်ကိုငေးလို့ ကျွန်ုပ်စောင့်ကြည့်နေမိတယ်။ ဖြန့်ထားတဲ့လက်ဝါးကြီး နောက်တစ်ကြိမ် ရောက်လာမယ့်နေ့ကိုလေ။

နေမျိုး
၂၀၀၃၊ ၄၊ ၁၉
နေ့လယ် ၂နာရီ (၅မိနစ်အလို)

နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်

Jun 13, 2011

ရွှေတွင်းကို ပိုင်ဆိုင်ပြီးနောက်

နောက်ဆုံးမှာတော့ ရွှေတွင်းကို သူပိုင်ဆိုင်ခဲ့တယ်။ ရွှေတွင်းကို သူပိုင်ဆိုင်ပြီးတဲ့နောက်မှာ သူဟာ ရွှေတွင်းဘေးမှာ တဲကလေးတစ်လုံး ထိုးတယ်။ အဲဒီတဲကလေးကနေ ရွှေတွင်းကို စောင့်ကြည့်တယ်။ အလုပ်သမားတွေ သူတို့မြို့ရွာဇာတိကို ပြန်သွားကြပြီ။ စက်ရုံတွေရှိရာ၊ လယ်ကွင်းတွေရှိရာကို ပြန်သွားကြပြီ။ ခြေတစ်ဖက်ပြတ်ပြီး မသန်မစွမ်းဖြစ်နေတဲ့ အလုပ်သမားအိုကြီးတစ်ယောက်သာ ကျန်ခဲ့တယ်။ အလုပ်သမားအိုကြီးဟာ ချိုင်းထောက်တစ်ဖက်နဲ့ ထောက်ကာထောက်ကာ သူ့အနားကို ရောက်လာတယ်။ ဆရာလေး သိပ်အေးလာပြီ ရော့ ... ကော်ဖီပူပူလေးတစ်ခွက်သောက်လိုက်ဦးဆိုပြီး သူ့ကိုပေးတယ်။ ဟုတ်တယ်။ ညနေစောင်းတာနဲ့ နှင်းတွေတဖွဲဖွဲ ကျဆင်းလာပြီလေ။ လေဟာညင်ညင်သာသာ တိုက်ခတ်နေပေမယ့် အေးစိမ့်လှတယ်။ စွန့်ခွာသွားခဲ့ကြတဲ့ အလုပ်သမားတွေရဲ့ သံခမောက်တွေ၊ ကာဗိုက်မီးခွက်တွေ၊ တောစီးဖိနပ်တွေဟာ နေရာအနှံ့ ပြန့်ကျဲနေတယ်။ ပြေးလမ်းပေါ်မှာ ထရော်လီတွေ ရပ်နေတယ်။ သံမဏိကြိုးတွေ တွဲလောင်း။ ပစ်ချထားတဲ့ ဂေါ်ပြားတစ်လက်ထဲမှာ ရွှေတွေ ဂေါ်တစ်ဂေါ်စာ ဝင်းလို့။ ရွှံ့စေးမီးဖိုထဲက မီးခိုတွေအူထပြီး၊ မိုးကောင်းကင်ဆီ တလွင့်လွင့်တက်သွားနေတယ်။ သူဟာ ဒီရွှေတွင်းရှိရာကို နှစ်များစွာ ကြိုးစားပြီး အရောက်လာခဲ့တယ်။ ပြင်းပြင်းထန်ထန် သူကြိုးစားခဲ့တယ်။ ယုံကြည်မှုအပြည့်နဲ့ မြေကြီးကို သူတူးခဲ့တယ်။ ယုံကြည်မှုအပြည့်နဲ့ မြေကြီးကို သူတို့တူးခဲ့တယ်။ ခုတော့ ရွှေတွင်းကို သူပိုင်ခဲ့ပါပြီ။ အလိုရှိသလောက်ရွှေတွေ သူထုတ်ယူနိုင်ပါပြီ။ ဒါကြောင့်လည်း အလုပ်သမားတွေ သူ့ကို စွန့်ခွာသွားခဲ့ကြတယ်။ နှင်းတွေ ဆက်ကာဆက်ကာ ကျလာပေါ့။ ရွှံ့စေးမီးဖိုကလေးက မီးခိုးငွေ့တွေဟာ တလွင့်လွင့်တက်ပြီး နှင်းတွေထဲမှာ ရောယှက်နစ်မြုပ်သွားတယ်။ သူဟာ ကော်ဖီတစ်ငုံ ငုံလိုက်တယ်။ ပြီးတော့ ရွှေတွင်းကို နှမြောတသစွာ စိုက်ငေးကြည့်နေလေရဲ့။

နေမျိုး
၂၀၀၂၊ ၉၊ ၂၇
ည ၁၁ နာရီ ၅ မိနစ်လို

နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်

Apr 2, 2011

ညကဖေး

ညကဖေးမှာ ကျွန်တော်တို့ ထိုင်နေတယ်။ ညကဖေးဆိုတာ ညဘက်မှာဖွင့်တဲ့ ကဖေးဆိုင်ပေါ့။ ညဘက်မှာဖွင့်တဲ့ ကဖေးဆိုင်ဆိုတော့ ညဘက်မှာ ကျင်လည်တဲ့သူတွေထိုင်ကြတဲ့ နေရာတစ်ခုလေ။ ညကဖေးမှာ ကျွန်တော်တို့ ထိုင်နေတယ်။ ညကဖေးဟာ မီးကျီခဲတွေရဲလို့။ ရေနွေးငွေ့တွေ ဆူလို့။ လူသံသူသံ၊ ယာဉ်ရထားသံတွေတိတ်လို့။ လမင်းကသာလို့။ နီယွန်မီးတွေထိန်လို့။ ကျွန်တော်ဟာ ညလူတစ်ယောက်အဖြစ်နဲ့ ညကဖေးမှာ ရောက်နေတယ်။ ကျွန်တော် ညဘက်ဆင်းရတဲ့အလုပ်က သန်းခေါင်လောက်မှာ ပြီးသွားတယ်။ ညကဖေးမှာ တစ်ခုခုသောက်ဖို့ ရောက်လာခဲ့တာပေါ့။ တိတ်တိတ်ဆိတ်ဆိတ် ညကဖေးမှာ မိတ်ဆွေတစ်ယောက်နဲ့ ထိုင်နေမိတယ်။ ညကဖေးမှာ ထိုင်သူတွေဟာ ငြိမ်ငြိမ်သက်သက်နဲ့ တချို့စကားကို တီးတိုးသံနဲ့ပြောလို့။ အရူးကြီးတစ်ယောက်၊ အပေါစား ပြည့်တန်ဆာတစ်ယောက်၊ လေလွင့်နေတဲ့ အိမ်ပြေးတစ်ယောက်၊ ဒုက္ခိတတစ်ယောက် ညကဖေးမှာ ရောက်နေကြတယ်။ သူတို့ တစ်နေရာစီမှာ ငြိမ်ငြိမ်သက်သက်ထိုင်လို့။ ကျွန်တော်သိပ်စိတ်ဝင်စားဖူးတဲ့သူတွေပါ။ စာတွေထဲမှာသာ သူတို့အကြောင်းကိုဖတ်ခဲ့ဖူးရဲ့။ ခုတော့ ညကဖေးမှာ တွေ့နေရပြီ။ ပြည့်တန်ဆာမဟာ စီးကရက်တစ်လိပ်ကိုဖွာနေတယ်။ သူ့ဆံပင်တွေဟာ ဖြစ်သလိုနဲ့ ကျောဘက်မှာ ဖရိုဖရဲကျနေတယ်။ သူ့နှုတ်ခမ်းတွေဟာ ခြောက်သွေ့နေတယ်။ သူ့မျက်လုံးတွေဟာ နာကျင်မှုနဲ့ အံ့ဖွယ် အဓိပ္ပါယ်ကို ဆောင်တယ်။ သူဟာလည်း တစ်ချိန်က အပျိုစင်ဖြစ်ခဲ့ဖူးသူပါပဲကွာ။ သူ့မှာ ရွှေရောင်တောက်ပတဲ့ အဖိုးထိုက်နေ့ရက်တွေ ရှိခဲ့တယ်ဆိုရင်ဖြင့် အဲဒီနေ့ ရက်တွေဟာ ကုန်ဆုံးလွတ်မြောက်သွားခဲ့ပြီ။ အရည်တွေညှစ်ထုတ်ထားတဲ့ ပျားလပို့တစ်ခုနှယ် အချည်းအနှီးနေ့ရက်တွေကိုသာ ခုအခါဖြတ်သန်းနေရတာပဲ။ လိုချင်သူမဲ့တဲ့ စွန့်ပစ်ခံ အရုပ်တစ်ရုပ်နှယ်သာသာပါ။ သူ့ကိုယ်ခန္ဓာဟာ ပိုးမွှားတွေသိုလှောင်ထားတဲ့ အသားစိုင်ကြီးတစ်ခုမျှာသာဖြစ်နေပေါ့။ အရူးကြီးက စားပွဲမှာ သူ့ဦးခေါင်းကို ငုံ့ကိုင်းပြီးထိုင်နေတယ်။ သူ့နှုတ်ခမ်းမွေးတွေဟာ ရိုင်းကြမ်းစွာပေါက်နေကြတယ်။ ဘယ်ကိုမှမကြည့်၊ ဘာကိုမှလည်း မပြောပဲ သည်အတိုင်းငြိမ်သက်လို့။ သူ့ဦးခေါင်းထဲမှာ အတွေးတစ်ခုဟာ မြွေပွေးတစ်ကောင်လို ခွေနေမလား။ မီးကျီခဲတစ်ခုလို တရိပ်ရိပ်လောင်ကျွမ်းနေမလား။ သိချင်မိတယ်။ သူကရော တစ်ချိန်က ပျော်ရွှင်ရယ်မောနေတဲ့ လူငယ်ဘဝကို ရဖူးပါစ။ လေလွင့်နေတဲ့ အိမ်ပြေးကလေးကတော့ ကျောပိုးအိတ်ကို ဘေးမှာချလို့ စာအုပ်တစ်အုပ်ကို သဲသဲမဲမဲဖတ်နေတယ်။ ဒါဟာ သူ့ဘဝပဲ။ သူဖတ်နေတဲ့စာအုပ်က လူကလေးသို့ ပေးစာများတဲ့။ သူ့ရဲ့ မျက်လုံးတွေဟာ အရောင်တောက်ပနေတယ်။ သူဟာ ဘယ်မြို့တွေကို ဖြတ်သန်းခဲ့ပြီလဲ။ ဘယ်မြို့တွေကို ဖြတ်သန်းဦးမှာလဲ။ သူ့အိတ်ထဲမှာ ပိုက်ဆံဘယ်လောက်ကျန်သေးသလဲ။ ကျွန်တော်နဲ့ မိတ်ဆွေဟာ ညကဖေးမှာ ထိုင်နေကြတယ်။ ညကဖေးဟာ ပလက်ဖောင်းဘေးမှာပါ။ တစ်ဖက်မှာ ဘဏ်တိုက်ကြီးတစ်ခု၊ တစ်ဖက်မှာ အထူးကုဆေးရုံတစ်ရုံ၊ ဟိုးတစ်ဖက်မှာတော့ မြို့ရဲ့အထင်ကရဈေးကြီး။ အားလုံးတိတ်ဆိတ်လို့။ ကတ္တရာလမ်းနှစ်ခုက တစ်ခုကိုတစ်ခု ဖြတ်လို့။ ညကဖေးဆိုင်ရှင်ဟာ သူ့ဆိုင်ထဲဝင်ရောက်လာသူတွေကို ဧည့်ဝတ်ကျေလို့။ ရေနွေး၊ စီးကရက်၊ ကော်ဖီ၊ ချာပါတီ အာလုး လိုအပ်တာ လိုက်ချပေးစေတယ်။ ဒုက္ခိတ တစ်ယောက်ကတော့ သူ့ချိုင်းထောက်ကို စားပွဲပေါ်မှာထောင်ပြီး ချာပါတီအာလူးကို မြိန်ရှက်စွာ စားသောက်နေတယ်။ (၂၈)လမ်းနဲ့ (၈၂)လမ်းမကြီးနှစ်ခုဟာ ညကဖေးအနီးမှာ တစ်ခုကိုတစ်ခု ကန့်လန့်ဖြတ်သွားကြတယ်လေ။ ခုတော့ လမ်းမကြီးနှစ်ခုပေါ်မှာ လူတွေရှင်းလို့လင်းလို့။ ဟိုးခပ်လှမ်းလှမ်းရပ်နေတဲ့ သစ်ပင်အောက်မှာ ခွေးတစ်ကောင် တရွေ့ရွေ့ လျှောက်သွားနေတယ်။ ညကဖေးက လူတွေဟာသန်းခေါင်ယံကျော်ရင် ညကဖေးနဲ့အတူ ပျောက်ကွယ်သွားကြမှာပဲ။ ဒါပေမဲ့ နေဝင်ရီတရော ညအမှောင်ဝင်လာခဲ့ရင်တော့ ညကဖေးနဲ့အတူ သူတို့ ပြန်ရောက်လာကြဦးမှာပေါ့။

နေမျိုး
၂၀၀၃၊ ၄၊ ၃

နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်

Mar 23, 2011

မိုး

မိုးတစိမ့်စိမ့် ရွာနေတယ်။ သူမ နိုးလာတော့ မိုးတွေရွာနေပြီ။ တစိမ့်စိမ့် ရွာသွန်းနေတဲ့မိုးဟာ မတိတ်တော့ဘူး။ မိုးစက်တွေဟာ ကမ္ဘာမြေပေါ်က ကိန်းဂဏန်းတွေထက် များပေလိမ့်မယ်။ ခေါင်မိုးတွေပေါ်မှာ၊ လမ်းမကြီးတွေပေါ်မှာ၊ သစ်ပင်တွေပေါ်မှာ၊ ရေမြောင်းတွေပေါ်မှာ၊ ဦးထုပ်တွေ ထီးတွေပေါ်မှာ၊ မိုးကာအင်္ကျီတွေပေါ်မှာ၊ မီးသတ်မျှော်စင်ကြီးပေါ်မှာရောပေါ့။ မိုးစက်တွေ ရွာသွန်းကျဆင်းနေလေရဲ့။ ခေါင်မိုးတွေပေါ် မိုးစက်တွေကျတော့ တဗြောင်းဗြောင်းမြည်တယ်။ လမ်းမကြီးတွေပေါ်မှာ မိုးစက်တွေကျတော့ မိုးစက်တွေ လမ်းပေါ်မှာ ခုန်နေကြတယ်။ သစ်ပင်တွေပေါ်မှာ မိုးစက်တွေကျတော့ စိမ်းစိုလန်းဆန်းလာတယ်။ ရေမြောင်းတွေပေါ် မိုးစက်တွေကျတော့ တဝေါဝေါစီးတယ်။ ဦးထုပ်တွေ၊ ထီးတွေ၊ မိုးကာအင်္ကျီတွေက မိုးစက်ပေါက်တွေကို ကြာရှည်ခုခံနိုင်စွမ်း မရှိတော့သလိုပဲ။ လူတွေဟာ ကုပ်ချောင်းချောင်းနဲ့ တံစက်မြိတ်အောက် ဝင်ခိုကြတယ်။ မီးသတ်မျှော်စင်ပေါ်က တာဝန်ကျအစောင့်ဟာ မှန်ပြောင်းတစ်လက်နဲ့ မြို့ကိုကြည့်နေတယ်။ သူ့တစ်ကိုယ်လုံးလည်းရွှဲလို့။ တစိမ့်စိမ့်ရွာသွန်းနေတဲ့မိုးဟာ မတိတ်တော့ဘူး။ မြို့ဟာစောစောစီးစီး မှောင်လာခဲ့ပြီ။ လမ်းမီးတွေက မလင်းသေးဘူး။ ဘယ်နေရာမှာပဲဖြစ်ဖြစ် ရေစီးသံတဝေါဝေါနဲ့ မိုးပေါက်ကျသံတွေကိုသာ ကြားရတယ်။ လမ်းမီးတိုင်တွေဟာ မိုးရေထဲမှာ အေးစက်တောင့်တင်းလို့။ ခွေးကလေးတစ်ကောင် မီးဖိုချောင်နောက်ထဲမှာ ကုပ်ကုပ်ကလေးဝပ်လို့။ တအီအီမြည်လို့။ မိုးရေစိုစွတ်နေတဲ့သစ်ကိုင်းက ပြတင်းမှန်ကို ကုတ်ခြစ်နေတယ်။ အခန်းထဲမှာ မှန်အိမ်ထွန်းထားတယ်။ ဝါကြင့်ကြင့် အလင်းပူပူထဲမှာ အရာဝတ္ထုတွေဟာ တိတ်ဆိတ်မြဲ တိတ်ဆိတ်နေတယ်။ မိုးသံလေသံဟာ တဝေါဝေါအော်မြည်နေဆဲ။ ခြံထဲမှာထိကရုံးပင်တွေ စွင့်ကားစိမ်းစိုနေတယ်။ တစိမ့်စိမ့်မိုးဟာ မြေသားထဲကို ယိုစီး ကျဆင်းသွားနေတယ်။ မိုးစက်မိုးပေါက်တွေဟာ ကမ္ဘာမြေရဲ့ အနက်ရှိုင်းဆုံးကိုယ်ထည်ကို ဖြတ်သန်းပြီး ဟိုးအောက်မှာရှိတဲ့ ငရဲဘုံဆီထိ ရောက်အောင်ကျဆင်းကာ ငရဲမီးတောက်တွေကို ငြိမ်းအောင်ရွာသွန်းတော့မယ်လို့ သူမက ထင်နေမိတော့တယ်။

နေမျိုး
၂၀၀၂၊ ၁၀၊ ၁၆

နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်

Jan 30, 2011

စက္ကူမင်းသား

စက္ကူမင်းသားကို ကျွန်တော်မြင်တွေ့ခဲ့ရသည်မှာ ကန်ခွဲရွာကလေးတွင် ဖြစ်ပါသည်။ ကန်ခွဲရွာကလေး၏ ဆွမ်းကြီးလောင်းပွဲ အကြိုညနေခင်းတွင် စက္ကူမင်းသားကို ပထမဆုံးစတင်မြင်တွေ့ခဲ့ရပါသည်။ ဘုန်းကြီးကျောင်းပေါ်မှနေ၍ ကျောင်းပရိဝုဏ်အတွင်းသို့ မြိုင်ဆိုင်သောတီးမှုတ်သံများဆီ လှမ်းကြည့်လိုက်ရာ စက္ကူမင်းသားကို ဗြန်းခနဲ တွေ့လိုက်ရပါတော့သည်။ နွားနှစ်ကောင်ကထားသော လှည်းတစ်စီးပေါ်တွင် လော်စပီကာကြီးကို ဦးမော့မော့တင်ကာ တေးသံမြိုင်မြိုင်ကို ကျယ်လောင်စွာဖွင့်၍ ဘုန်းကြီးကျောင်းအတွင်းသို့ စက္ကူမင်းသားနှင့်အဖွဲ့ ဝင်ရောက်လာခဲ့ကြပါသည်။ လော်စပီကာကြီး၏ နောက်ဖက်ဆီတွင် ဝိုင်ယာကလစ်များဖြင့် ဖမ်းညှပ်တွယ်ဆက်ထားသော ဘက်ထရီအိုးရှိပါသည်။ ဘက်ထရီအိုးမှာ အားအပြည့်ဖြည့်ထားပုံရပါသည်။ လော်စပီကာမှ တေးသံမြိုင်မြိုင်က ဘုန်းကြီးကျောင်း ပရိဝုဏ်ကို လွှမ်းသွားသည်မဟုတ်ပါလော။ နွားလှည်း၏ ရှေ့ဆီတွင် ကွေးနေအောင် ခုန်ပေါက်ကနေသော စက္ကူမင်းသားကို ကျွန်တော်တို့ တွေ့မြင်ရပေသည်။ စက္ကူမင်းသားကို ကြည့်ပါ။ မည်းပြာပြာမျက်နှာထက် ဘေးတစ်ဖက်တစ်ချက်စီတွင် သနပ်ခါးပါးကွက်ကြီးနှစ်ခု။ အလယ်တွင် သနပ်ခါးတားထားသော နှာတံ၊ ကွမ်းတွေဝါးထားပုံရသော ပါးစပ်နှင့် သွားများက နီရဲလို့နေသည်။ စက္ကူမင်းသားသည် ဦးခေါင်းထဲတွင် စက္ကူခေါင်းပေါင်း၊ ရင်ဘတ်တွင် စက္ကူစလွယ်၊ လက်ကောက်ဝတ်ဆီတွင် စက္ကူအဆင်တန်ဆာတို့ဖြင့် ချစ်ခင်ဖွယ် တင့်တယ်နေလေသည်။ စက္ကူ လည်ဆွဲကြီးကိုလည်း အကျအနဆွဲထားပါသည်။ အဆင်တန်ဆာတို့၏ အောက်ဆီမှ အင်္ကျီနှင့်ပုဆိုးများမှာ သာမန်ကျေးတောသားတစ်ယောက်၏ ဝတ်စားဆင်ယင်မှုမျိုးသာဖြစ်ပါသည်။

စက္ကူမင်းသား၏ ထူးခြားချက်မှာ ခါးနောက်ပိုင်း လုံချည်ထဲတွင် သူ၏ဖိနပ်ကို ထိုးသွင်းထားခြင်းဖြစ်ပါသည်။ ဘုန်းကြီးကျောင်းထဲမှာ ခုန်ပေါက်ကနေစဉ် သူ၏ဖိနပ်ကို ဤသို့ခါးကြားတွင် ထိုးသွင်းထားခြင်းက စိတ်အချရဆုံးပင် မဟုတ်ပါလော။ ကန်ခွဲရွာ ဓမ္မရက္ခိတဘုန်းကြီးကျောင်းဝင်းထဲတွင် ရွာနီးချုပ်စပ်မှ ဆွမ်းတော်ပွဲပို့သူများဖြင့် ဖွေးဖွေးလှုပ်လို့နေသည်။ ပရိသတ်များက စက္ကူမင်းသားကိုကြည့်ကာ တပြုံးပြုံးနှင့်၊ နွားလှည်းပေါ်ရှိ လော်စပီကာမှ ထွက်ပေါ်နေသောတေးသံအလိုက် ကွေးနေအောင် ခုန်ပေါက်ကနေသူမှာ စက္ကူမင်းသားပင် ဖြစ်ပါသည်။ သူကခုန်လိုက်တိုင်း စက္ကူခေါင်းပေါင်းကလေးက လေထဲမှာ တဖျပ်ဖျပ်လှုပ်နေပါသည်။ ပါးစပ်မှလည်း သီချင်းတေးသွားအလိုက် သီဆိုဟန်ပြုကာ ကျော့ကျော့မော့မော့ ဖြစ်နေပါသည်။ သူ ကရင်းပြုံးရယ်လိုက်သောအခါ နီရဲနေသောသွားများ ပေါ်လာပါသည်။

“ကန့်လန့်ကာကြီးရယ်နေပါဦး ကလို့ကောင်းနေတုန်း
ရွာသားကြီးရယ်တီးပါဦး ဆိုလို့ကောင်းနေတုန်း”

စက္ကူမင်းသားသည် မြိုင်ဆိုင်သောတေးသံအလိုက် ခုန်ပေါက်ကနေပါသည်။ လက်ကိုကွေးလိုက်၊ ခြေကိုမြှောက်လိုက်၊ ကိုယ်ကိုတစ်ပတ်လည်လိုက်နှင့်။ ဤသို့ကခုန်နေရင်းမှပင် တစ်ချက်တစ်ချက် စက္ကူမင်းသား၏ လက်တစ်ဖက်က ခါးကြားတွင်ညှပ်ထားသော ဖိနပ်ကိုစမ်းကာ ပြန်လည်ထိုးသွင်း၍ သေသေသပ်သပ် စိတ်ချလက်ချဖြစ်အောင် ပြုလုပ်လိုက်ပါသေးသည်။ ကျွန်တော်သည် ဘုန်းကြီးကျောင်းပေါ်မှနေ၍ စက္ကူမင်းသားကို ကြည့်နေမိပါသည်။

“လေးစားစွာဖြင့် မွေးဖွားလာတဲ့ မင်းသားလေးနော်”

စက္ကူမင်းသား၏ တေးသံကမြည်နေသည်။ ကလေးတွ၊ ခွေးတွေနှင့် ရွာနီးချုပ်စပ်မှ ဧည့်ပရိသတ်များအကြားမှာ စက္ကူမင်းသားသည် ချွေးတစိုစိုနှင့် ကခုန်မြူးတူးလျက် .......... ။

နေမျိုး
၂၀၀၂၊ ၃၊ ၁၆

နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်

Dec 20, 2010

တရားဟောဆရာ

ငါသည် တရားဟောဆရာမဟုတ်။ သို့သော် ငါယခု တရားဟောရတော့မည်။ သို့သော် တရားဟောစင်မြင့်ပေါ်သို့ ငါရောက်နေပြီ။ ထို့ကြောင့် ငါတရားဟောရတော့မည်။ ငါဘာမျှမသိ။ ငါဘာမျှမသိကြောင်းကို စတင်ဟောမည်။ အမှားနှင့်အမှန်ကို ငါပြတ်သားစွာ မခွဲခြားတတ်။ အမှားနှင့်အမှန် ငါမခွဲခြားတတ်ကြောင်းကိုဟောမည်။ ထပ်ဆင့်၍ အမှားနှင့်အမှန်သည် အမြွှာညီအစ်ကိုသဖွယ် ခွဲရခက်ကြောင်း (သို့မဟုတ်) ရောပြွမ်းနေကြာင်း၊ ငါတို့၏ သိမှုကို အလုပ်ရှုပ်စေကြောင်း၊ ငါ့ထင်မြင်ချက်များကိုလည်း ထည့်ဟောမည်။ လူတစ်ယောက်အဖို့ အသက်ရှင်နေရခြင်းထက်ပို၍ တန်ဖိုးမြင့်မားသောအကြောင်းများ ရှိကောင်းရှိလိမ့်မည်။ သို့ရာတွင် ထိုသို့သော အကြောင်းများ တည်ရှိနေဖို့အတွက် အသက်ရှင်ခြင်းသည် အခြေခံလိုအပ်ချက်ဖြစ်ကြောင်း ငါဟောမည်။ သို့ရာတွင် ငါဘာမျှမသိ။ ငါ့ကိုယ်ငါ သိနေသည်ဟု ထင်မြင်ခြင်းများသာရှိသည်။ ထိုအကြောင်းကိုလည်း ငါဟောမည်။ စနေနေ့ကသောက်ခဲ့သော အရက်သည် တနင်္ဂနွေနေ့အထိ အမူးမပြေသေး။ ငါသည်ယခုအထိ အမူးမပြေသေးသောသူတစ်ယောက်ဖြစ်သည်။ နောက်ဘဝများ (ရှိသူဆိုလျှင်) ထိုသို့တိုင်အောင် ငါအမူးပြေလိမ့်မည်မထင်။ အကြောင်းမှာ ငါသောက်ခဲ့သောအရက်က ပြင်းလွန်း၍ ဖြစ်သည်။ တရားဟောခြင်းသည် ငါ့အသက်၏ ရှင်ခြင်းကိုဖြစ်စေသည်။ ထို့ကြောင့် တရားဟောရန်ငါရောက်လာခြင်းဖြစ်သည်။ ယခုတရားဟောစင်မြင့်ပေါ် ငါရပ်နေသည်။ ငါ့အတွက် လက်ခုပ်သြဘာသံမလို၊ ငါ့အတွက် သဘောတူညီမှုမလို၊ ငါ့အတွက် ချီးမွမ်းစကားမလို။ ငါတရားဟောဆရာမဟုတ်။ သို့သော် ငါ ယခု တရားဟောရလိမ့်မည်။ ငါ့အန္ဓအဖြစ်ကို ငါ ဟောမည်။

အကြောင်းမှာ ငါ့အသံက ကျယ်လောင်သောကြောင့် ဖြစ်သည်။ ငါ့ဟောပြောချက်ကို နားဆင်သူမရှိလည်း ငါဆက်ဟောရလိမ့်မည်။ လူတွေကို ငါမနှစ်သက်။ ငါ့ကိုယ်ငါလည်း မနှစ်သက်၊ ငါ့ကိုယ်ငါ မနှစ်သက်ရခြင်းမှာ ငါသည် လူတစ်ယောက်မျှသာဖြစ်နေခြင်းကြောင့် ဖြစ်ပေသည်။

နေမျိုး
၂၀၀၃၊ ၆၊ ၁၀

နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်