> သီဟသူ [dot] blogspot [dot] com

Oct 1, 2013

မန္တလေး၊ ၂၀၁၃

ရတနာပုံမန္တလေး
မန္တလေး
ကျွန်မတို့ မန္တလေး
- လူထုဒေါ်အမာ

မန္တလေး
၂၀၁၃ မန္တလေးဟာ
ကျွန်တော် သိခဲ့၊
ထိတွေ့ခဲ့၊
နေထိုင်ခဲ့တဲ့ မန္တလေး
မဟုတ်တော့ပါ။

မန္တလေး (၂)
နေပူပူ
လမ်းပေါ်မှာ
ခေးအော့စ်နဲ့ ယဉ်ပါး
စက်ဘီး၊ ဆိုင်ကယ်နဲ့ မော်တော်ကား။

မန္တလေး (၃)
မန္တလေးဟာ ကျွန်တော့်ကို သူစိမ်းတစ်ယောက်လို
ကျွန်တော်ဟာ မန္တလေးမှာ ဧည့်သည်တစ်ယောက်လို
ထွက်ခွာခဲ့သူဆိုတော့
ကျွန်တော့မန္တလေးလို့
တိုးတိုးလေးသာ ကျူးရင့်ရုံ.,,

သီဟသူ
၁၊ အောက်တိုဘာ

အိမ်အပြန်၊ ၂၀၁၃

စိတ်ရှိတိုင်း
ဟောဟောဒိုင်းဒိုင်းတော့မဟုတ်။

ကြိုကြိုတင်တင်၊
ပြင်ပြင်ဆင်ဆင်။

ဖြစ်မလာတဲ့ ကြိုတင်စီစဉ်ထားမှုများ၊
ဖြစ်လာခဲ့တဲ့ မတော်တဆ ထိခိုက်မှု။

'မင်း သတိမထားလို့ မသိတာပါ၊
ငါကတော့ အမြဲ အနားမှာပါ'လို့ ဆိုတဲ့
လောကဓံ/ဒဏ်။

သွားနေကြ စာအုပ်ဆိုင်ဘက်
ခြေဦးမလှည့်ခဲ့မိပါ။

သီဟသူ
၁၊ အောက်တိုဘာ၊ ၂၀၁၃

Jun 4, 2013

ဇာတ်လမ်းအကျဉ်း

ပက်ကြားအက် မြေပြင် (၁၅မိနစ်)၊
ကြက်ခြေခတ်အပြည့် စာမျက်နှာများ
တစ်ရွက်ပြီးတစ်ရွက်ကျ (၁၅မိနစ်)၊
မီးတောက်မီးလျံများ (၅မိနစ်)၊
ကြက်ခြေခတ်အပြည့် စာမျက်နှာများ ပြာ အဖြစ်ပြောင်းသွား (၅မိနစ်)၊
မီးသင့် ပက်ကြားအက် မြေပြင်ပေါ် ပြန့်ကျဲနေသော စက္ကူပြာများ (၅မိနစ်)၊
နောက်ခံတေးဂီတ - ဟစ္စတီးရီးရ ရယ်သံ ၊ မွန်းလိုက်ဆိုနာတာ၊ နဂါးနီ (၁၅မိနစ်စီ)။

သီဟသူ
၃-၄၊ ၆၊ ၂၀၁၃

May 4, 2013

နှစ်ထောင့်တစ်ဆယ့်သုံး

ဧပြီ
----

တစ်စက္ကန့် မှ တစ်စက္ကန့်
ကူးပြောင်းဖို့ ကြာမြင့်ပုံ
နေ့ရက်များ မြန်မြန်ဆန်ဆန်
ကူးပြောင်းသွားပုံ
အားလုံး ပုံမှန်အတိုင်း
ပုံမမှန်တဲ့ စိတ်နဲ့
မှန်ပုံမပေါ်တော့တဲ့ အမှန်တရား
ဒီနွေမှာ
ငါ့လှေငါထိုး ဘယ်ပဲရောက်ရောက်
ကိုယ့်တရားနဲ့ ကိုယ်ဖြေပါတယ်
နေတတ်တတ်
မနေတတ်တတ်
ကျေနပ်ဖို့ပါပဲ။

သီဟသူ
၀၄-၀၅-၂၀၁၃

Apr 17, 2013

နှစ်သစ်ကူး ဆုံးဖြတ်ချက်များ


ဘယ်နေရာမှာ ဒီအချိုးအကွေ့မှားတွေကို ပြုလုပ်မိခဲ့သလဲ*
၂၀၁၂-၁၃
ဘယ်နေရာက လိပ်ပြာတွေအတောင်ခတ်လို့ ဒီစမ္ပါနဂိုရ်က နွားမပေါင်ပဲ
လာ လာ ကျိုးနေရတာလဲ
၁၃၇၄-၇၄
မသိခြင်းဟာ ကောင်းချီးပေးခံရခြင်းပဲ (သုံးကြိမ်ရွတ်)
ဘုရားသခင် သိတော်မူ၏
သို့သော်
သို့သော်..
သို့သော်...
ကိန်းဂဏန်းများ အသက်ကိုစား၏
ခရစ်သက္ကရာဇ်၊ ကောဇာသက္ကရာဇ်များ
မေ့လျော့ခြင်း မြစ်အတွင်း
အကြိမ်ကြိမ် ရေချိုးဆင်းကာ
အချိုးအကွေ့မှားများ ဆက်လက်ပြုလုပ်ရန်
တေးမှတ်ထားဆဲ

သီဟသူ
ကောဇာသက္ကရာဇ် ၁၃၇၅ပြည့်နှစ် တခူးလဆန်း ၇ရက်
*Stephen Dobyns ၏ Lost ကဗျာမှ စာသား

Apr 15, 2013

နှစ်ထောင့်တစ်ဆယ့်သုံး


မတ်
---
၁ မှ ၃၁
မနက် ၈ မှ ည ၅
လမ်းပေါ်မှာက ၁၀ နာရီ ၄၀ မိနစ် ၄ စက္ကန့် ၊ ၆၄ ဒသမ ၅၅ မိုင်

ရှင်းလင်းချက် မပါဘဲ နားမလည်နိုင်ရင်
ရှင်းပြလည်း နားလည်မှာ မဟုတ်*

ရွှေ ဝတ္ထုများ
အမြန်သွား လမ်းမကြီးပေါ်က ဘီယာပုလင်းတွေတင်လာတဲ့ကားတစ်စီးရဲ့
ကြေကွဲဖွယ် ဖြစ်ရပ်မှန် ဇာတ်လမ်း

ပိုက်ဆံအတွက် မဟုတ်။ အသိပေးခြင်းသာဖြစ်။
အရာအားလုံး လောင်ကျွမ်း**

သီဟသူ
၁၂-၀၄-၂၀၁၃
* ဉီးကာဝါန ပြောစကား
** လူရွှင်တော် ပြောစကား`

Apr 3, 2013

ပုံဖျက်ခြင်း


သဘာဝရဲ့ ရွေးချယ်မှု။ အားကြီးသူတို့သာ ရှင်ကျန်မယ့်
တောရဲ့ ဥပဒေသ။ ပြောင်းလဲနေမှု။ ရောနှောပေါင်းစည်းမှု။
မျဉ်းဖြောင့် အချိန်။ မျဉ်းပြိုင် ဆင့်ကဲဖြစ်စဉ်။ ဒိုင်နိုဆောများ။
သဘာဝက ရွေးချယ်ခဲ့တာလား။
ဒိုင်နိုဆောများ ခေါင်းမာခဲ့တာလား။
အခြားတစ်ခုခုအဖြစ် ဆင့်ကဲ ပြောင်းလဲသွားတာလား။
ရှင်ကျန်ဖို့လား၊ ရှင်သန်ဖို့လား။
ဒါဝင်မပြောလည်း ရွေးချယ်ခဲ့တယ်။ မိမိတို့ အမှတ်အသား။
နေမလား၊ သေမလား။

ကွန်မန်ဒိုဇာတ်ကားတွေ ကြိုက်လား။

သီဟသူ
၃၊ ၄၊ ၂၀၁၃

Mar 28, 2013

တယ်လီဖုန်းစကား


အကွာအဝေး မိုင်တိုင်များ
တယ်လီဖုန်း တိုင်များ
လေလှိုင်းမှ တဆင့်
ကြေးနန်းကြိုးများမှ တဆင့်
အားလုံးပဲ အဆင်ပြေကြောင်း

သား ပျော်ရဲ့လား အမေးမှာ
ဆွံ့ အ သွား
အားလုံးပဲ အဆင်ပြေပါကြောင်း

သီဟသူ
၂၇၊ ၀၃၊ ၂၀၁၃

Feb 20, 2013

နှစ်ထောင့်တစ်ဆယ့်သုံး


ဇန်နဝါရီ
-----
ပြန်ခေါ်ကြည့်တော့
မှတ်ဉာဏ်မှာ ဘာမှ မကျန်ခဲ့၊
အလင်း အမှောင် ပုံရိပ်များသာ (MB အချို့)
ကျန်ရစ်ခဲ့။

ငါ့ ဓါတ်ပုံများ -
ဒါကြောင့် ငါဖြစ်သည်။


ဖေဖေါ်ဝါရီ
------
ပြည်ထောင်စုနေ့၊ ဗိုလ်ချုပ်မွေးနေ့ -
ကလေးများနေ့၊
ချစ်သူများနေ့၊
အဖေ့မွေးနေ့၊ အစ်မမွေးနေ့၊
တရုတ်နှစ်ကူးနေ့၊
တစ်နေ့
ပြီး
တစ်နေ့
ဒီ ကွန်ပျူတာ ဖန်သားပြင်ရှေ့။

သီဟသူ
၂၀-၀၂-၂၀၁၃

Dec 29, 2012

စနေ နေ့တစ်ဝက် (၁၈)


ဒီစနေဟာ ၂၀၁၂ ရဲ့ နောက်ဆုံး စနေ
အဲ ဒီ တော့ ?
ထူးခြားမသွားပါဘူး
မထူးခြားတော့ပါဘူး
ဒီလိုနဲ့ ၂၀၁၃ ရောက်လာ
မိတ်ဆွေများ
ဟက်ပီးနျူးရီးယားပါခင်ဗျာ။ ။

သီဟသူ
၂၉၊ ၁၂၊ ၂၀၁၂