> သီဟသူ [dot] blogspot [dot] com

Oct 6, 2013

ချစ်သူသို့

ဒီကောင့်ကဗျာ မဖတ်ဘူးလို့ တင်းထားတာ
တင်းထားလို့ရလား။

အောင်ချိမ့်
ချင်းတွင်းမဂ္ဂဇင်း၊ စက်တင်ဘာ - အောက်တိုဘာ၊ ၂၀၁၃။

Oct 5, 2013

နေ့စွဲ

ငါ့ကိုယူသွားဖို့
မိုးချုန်းသံတွေကြားရ။

နေ့စွဲများ
အဆန်းတကြယ်ဖိစီး၊
တစ်ကိုယ်ရည်
အစိတ်စိတ်အမွှာမွှာဖူးပွင့်စဉ်၊
နေ့နဲ့ညမြှုပ်နှံရာ
စိတ်မြေသားထုထဲ တရိပ်ရိပ်ပျံသန်း၊
လမ်းအားလုံး
ငါ့ကိုယူသွားဖို့
မိုးချုန်းသံတွေကြားရ။

တစ်မုဟုတ်ချင်း
ငါ့ကိုယူသွားဖို့
မိုးချုန်းသံတွေကြားရ။ ။

မောင်သိန်းဇော်
၁၉၉၁၊ မြန်အောင်
တောင်ကုန်းအဟောင်းများ၊ စိတ်ကူးချိုချိုစာပေ၊ ၂၀၁၃။

Oct 4, 2013

ရေချိုးဆိပ်

သစ်ပင်တွေ
အမှောင်ထဲရပ်ပြီ။

လရောင်က ညှီတာ လား။
ပင်လယ်က ညှီတာ လား။
နှလုံးသားတစ်ခုခုဆီက ညှီတာလား။

အုန်းသီးခွံ၊ ခရုတစ်ခြမ်းပဲ့နဲ့
ခြေရာများ . . . အားလုံးအိပ်ချိန်

တဝုန်းဝုန်းနဲ့
လာ အချစ်၊ ကျွန်တော် ခင်ဗျား
အားလုံးမြင်တယ်
ပင်လယ်မှာ စံပယ်တွေပွင့်လိုံ ။ ။

မောင်သိန်းဇော်
၁၉၈၉၊ သံတွဲ
တောင်ကုန်းအဟောင်းများ၊ စိတ်ကူးချိုချိုစာပေ၊ ၂၀၁၃။

Oct 3, 2013

နှစ်ထောင့်တစ်ဆယ့်သုံး

မေ - စက်တင်ဘာ
--------------------

ဒိုင်ယာရီမှာ
ဘာမှ မရေးဖြစ်ဘူး။

ဝယ်ထားတဲ့ စာအုပ်တွေ
ဘာမှ မဖတ်ဖြစ်ဘူး။

အိမ်ကို သတိရလည်း
ဖုန်း မဆက်ဖြစ်ဘူး။

ဘာဖြစ်ချင်နေတာလဲ ဆိုပြန်တော့
ဘာမှ မဖြစ်ချင်ဘူး။

သီဟသူ
၃၊ အောက်တိုဘာ၊ ၂၀၁၃

အသစ်တဖန်

အဲဒီမြူနှင်းတွေပေါ့၊
နှလုံးသားကို
ဆတ်ပိုင်းကျိုးကျစေတာ

လောကကိုရွှေဖြစ်အောင်
မပြုံးနိုင်တဲ့အဆုံး
နေလုံးလည်းကွယ်ပြီ။
ပြီး . . .
တစ်စက်ချင်းရွာတဲ့မိုးထဲ
ပထဝီမြေသားဟာ
ခြောက်သွေ့လွန်းရ၊

ကမ္ဘာတည်မယ့် ဇ နဲ့
ဘယ်သူလဲ?
လ ကို ယူဆောင်ခဲ့တာ
သူ အနုံညာတ မဟုတ်ပေဘူး။ ။

မောင်သိန်းဇော်
၁၉၈၉၊ ရန်ကုန်
တောင်ကုန်းအဟောင်းများ၊ စိတ်ကူးချိုချိုစာပေ၊ ၂၀၁၃။

Oct 2, 2013

တိတ်ဆိတ်နေသော ဇာတ်သဘင်

ဓာတ်ဆီကုန်လို့လား။
မိုးလင်းလို့လား။
စက်ချွတ်ယွင်းလို့လား။
ညဟာ
ကြည့်နေတဲ့မှန်ထဲပက်လက်လန်လဲကျ၊

လူ့ဘဝရဲ့
ဝါကျတစ်ကြောင်းက
ခေါင်းထဲမှာ ပါးပျဉ်းထောင်လို့၊
ပတ်စာ ခွာလိုက်တာနဲ့
အိပ်ပျော်သွားတဲ့ ဗုံတွေလို
ကံမကောင်းခဲ့။
ဒီလိုနဲ့
သက္ကရာဇ်ဖြိုသူပ၊
ကြိမ်ဖန်များစွာ သစ်ခဲ့တဲ့မျက်နှာ
(ကြိမ်ဖန်များစွာ) ပြန်ဟောင်းသွား

တိုင်ဖုံးကြားမှာ
ကားဆွဲလေးတစ်ယောက် ဖျားနေရဲ့။

သူအပြင်
ချုပ်ရိုးတွေပြေ
ဘော်ကြယ်တွေ တစ်ပွင့်ချင်းပြုတ်ကျနေတဲ့
လူစွမ်းလူစရှိ၊
သူအပြင်
အိပ်ချင်ယောင်ဆောင်နေတဲ့ အောင်မြင်ခြင်းရှိ၊
သူအပြင်
ဝါယာကြိုးတစ်ချောင်းလွတ်နေတဲ့ သစ္စာအဓိဌာန်ရှိ
သူအပြင်
ငယ်သွား လဲနေတဲ့ လောကဓံတရားရှိ
သူအပြင်
ပပ်ကြားအက်နေတဲ့ အိပ်မက်ရှိ၊
သူအပြင်
မျှော်လင့်ချက်ဟာ မျက်စိနာနေသတဲ့

အဲဒီအခါ
ပြန် မပြော နားမထောင် ကောင်လေးက
နှလုံးသားကို ဘီးကျိုးတစ်ချောင်းနဲ့ ဖြီးသင်ရင်း
(စိတ်ဆိုတာ လေးလံတဲ့အလင်းရောင်)
စိုထိုင်းထိုင်းဘဝ ကြိုးတန်းပေါ် လှမ်းတက်ရင်း
ဇာတ်သေတ္တာထဲက
ကြေးအလိမ်းလိမ်းတက်ညများ။ ။

မောင်သိန်းဇော်
၁၉၈၇၊ သာကေတ
တောင်ကုန်းအဟောင်းများ၊ စိတ်ကူးချိုချိုစာပေ၊ ၂၀၁၃။

Oct 1, 2013



ရိုးရိုးလေးနဲ့လှနေတာ
ခေါင်းဖြီးမထားဘူး၊
ပြောင်ပြောင်လက်လက်တွေ ဝတ်မထားဘူး၊

လသာပုံကအစ
ယဉ်ယဉ်လေးရယ်

အခါတိုင်းလို
ဗုံသံတွေထဲ ကျွံကျနေတဲ့
ညလည်း မဟုတ်ဘူး။
လေတဖြူးဖြူးနဲ့ ည
လကို တစ်ကိုယ်လုံးမြင်ရတဲ့ ည
ကြယ်တွေဆိုလည်း
မျက်စိနောက်စရာကောင်းလောက်အောင်
များများစားစားကြီး ရှိမနေဘူး၊
ယောက်ယက်ခတ်မနေဘူး၊

တစ်ပွင့်ချင်းနဲ့ တစ်ပွင့်ချင်း
ကင်းကင်းရှင်းရှင်းလေးထွန်းနေတာ
သိပ်ကို အချိုးအစားကျတဲ့ည

သဘာဝဖြစ်လျက်နဲ့
တစ်ခါတစ်ရံ
သဘာဝကျစွာ လှပခွင့် မရတဲ့
သဘာဝတရားဟာ
ဒီညထဲ
သဘာဝကျစွာလှပလို့၊

ဟိုယခင်
ရှောင်ပုန်းနေတဲ့ညတွေကို
အလင်းတစ်ဝက်၊ အလွမ်းတစ်ဝက်နဲ့
ကလဲ့စားခေျနေသလိုမျိုး၊

နဂိုကလှပြီးသား ည
စိတ်လွတ်ကိုယ်လွတ်နဲ့
လှချင်တိုင်း လှထွက်သွား
ညငတ်နေတဲ့သူ
ဒီညကို မေတ္တာသက်ဝင်မဆုံးပေါ့။

နှလုံးသား ဖမ်းဆီးချုပ်နှောင်မထားတဲ့


လရောင်မှန်သမျှ အလဟဿမဖြစ်စေရတဲ့


သန်းခေါင်းယံပင်ဖြစ်လင့်ကစား
ပန်းရနံ့တွေကို ဝှက်မထားတဲ့
ကြယ်ပေါင်း ရံ ခ
ကွန်ထဲက လွတ်ထွက်လာတဲ့ညရယ်
ငါ ချက် မစားရက်ပါဘူး။ ။

မောင်သိန်းဇော်
၁၉၈၆၊ မြောင်းမြ
တောင်ကုန်းအဟောင်းများ၊ စိတ်ကူးချိုချိုစာပေ၊ ၂၀၁၃။

မန္တလေး၊ ၂၀၁၃

ရတနာပုံမန္တလေး
မန္တလေး
ကျွန်မတို့ မန္တလေး
- လူထုဒေါ်အမာ

မန္တလေး
၂၀၁၃ မန္တလေးဟာ
ကျွန်တော် သိခဲ့၊
ထိတွေ့ခဲ့၊
နေထိုင်ခဲ့တဲ့ မန္တလေး
မဟုတ်တော့ပါ။

မန္တလေး (၂)
နေပူပူ
လမ်းပေါ်မှာ
ခေးအော့စ်နဲ့ ယဉ်ပါး
စက်ဘီး၊ ဆိုင်ကယ်နဲ့ မော်တော်ကား။

မန္တလေး (၃)
မန္တလေးဟာ ကျွန်တော့်ကို သူစိမ်းတစ်ယောက်လို
ကျွန်တော်ဟာ မန္တလေးမှာ ဧည့်သည်တစ်ယောက်လို
ထွက်ခွာခဲ့သူဆိုတော့
ကျွန်တော့မန္တလေးလို့
တိုးတိုးလေးသာ ကျူးရင့်ရုံ.,,

သီဟသူ
၁၊ အောက်တိုဘာ

အိမ်အပြန်၊ ၂၀၁၃

စိတ်ရှိတိုင်း
ဟောဟောဒိုင်းဒိုင်းတော့မဟုတ်။

ကြိုကြိုတင်တင်၊
ပြင်ပြင်ဆင်ဆင်။

ဖြစ်မလာတဲ့ ကြိုတင်စီစဉ်ထားမှုများ၊
ဖြစ်လာခဲ့တဲ့ မတော်တဆ ထိခိုက်မှု။

'မင်း သတိမထားလို့ မသိတာပါ၊
ငါကတော့ အမြဲ အနားမှာပါ'လို့ ဆိုတဲ့
လောကဓံ/ဒဏ်။

သွားနေကြ စာအုပ်ဆိုင်ဘက်
ခြေဦးမလှည့်ခဲ့မိပါ။

သီဟသူ
၁၊ အောက်တိုဘာ၊ ၂၀၁၃

Jun 4, 2013

ဇာတ်လမ်းအကျဉ်း

ပက်ကြားအက် မြေပြင် (၁၅မိနစ်)၊
ကြက်ခြေခတ်အပြည့် စာမျက်နှာများ
တစ်ရွက်ပြီးတစ်ရွက်ကျ (၁၅မိနစ်)၊
မီးတောက်မီးလျံများ (၅မိနစ်)၊
ကြက်ခြေခတ်အပြည့် စာမျက်နှာများ ပြာ အဖြစ်ပြောင်းသွား (၅မိနစ်)၊
မီးသင့် ပက်ကြားအက် မြေပြင်ပေါ် ပြန့်ကျဲနေသော စက္ကူပြာများ (၅မိနစ်)၊
နောက်ခံတေးဂီတ - ဟစ္စတီးရီးရ ရယ်သံ ၊ မွန်းလိုက်ဆိုနာတာ၊ နဂါးနီ (၁၅မိနစ်စီ)။

သီဟသူ
၃-၄၊ ၆၊ ၂၀၁၃