> သီဟသူ [dot] blogspot [dot] com

Feb 10, 2014

မေးသူ

တိတ်ဆိတ်၊ ပူလျှက်
မိုးဖွဲဖွဲရွာလျက်
မြို့တစ်ပတ်လျှောက်၊ ဆံပင်ညှပ်
လိုင်ချီး(အအေး)သောက်
မဆိုးပါဘူး။

နေ့တစ်နေ့ဟာလည်း
ကုန်တော့မည့်ဆဲဆဲ။
ကိုယ်ကအမေးခံရပေါင်းများတော့
ကိုယ်က ပြန်မေးခဲ့ပါတယ်
"နေကောင်းရဲ့လား . . .
ကျန်းမာလား" . . . ။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Feb 9, 2014

စ၍

သင်္ကြန်ပြီးနောက်
နောက်ထပ်ပွင့်သမျှ
နောက်ထပ်ဖြစ်သမျှ
နောက်ထပ်ကြုံသမျှ
နောက်ထပ်ကြားသမျှ
နောက်ထပ်မြင်သမျှ
နောက်ထပ်လာသမျှ
"အမျှဝေ" ၍ "သာဓုခေါ်" ရဘိသကဲ့သို့
ကောင်းစွ၊ ကောင်းစွ၊ ကောင်းစွ တည်စေသတည်း။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Feb 8, 2014

ပန်းလက်ဆောင်

ပေါ့ပေါ့ပါးပါး တွေးပြီး
လေးလေးနက်နက် ရေးပါတယ်။
လေးလေးနက်နက် တွေးပြီး
ပေါ့ပေါ့ပါးပါး ရေးပါတယ်။
အဆင်းနှင့်ရနံ့ ပြည့်စုံစွာ
ပန်းပွင့်ပါစေသတည်း။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ


Feb 7, 2014

လူငယ်တစ်ယောက်အကြောင်း - ၁၅

ကြားပါစေသား

သီချင်းအဆိုသန်တဲ့အရွယ်
အံဆွဲထဲက အတင်းခုန်ထွက်လာတယ်။
ကျွန်တော်တို့တွေဟာ တစ်ခါတစ်ခါ ဘီယာ
တစ်ခါတစ်ခါ ရုပ်ရှင်
ဆူးလေလမ်း၊ ဂလုပ်ရုံ
ဗိုလ်ချုပ်လမ်း၊ မီးရထားရုံးရှေ့ ရွိုင်ရယ်၊ ကာလ်တန်ရုံ
ဗိုလ်ချုပ်လမ်းနဲ့ ၃၃ လမ်းထောင့် အိပ်ဇယ်စီယာရုံ
အဲဒီမှာ နိုင်ငံခြား ကားကောင်းတွေ ပြပါတယ်
ကျွန်တော်တို့တွေ ကားကောင်းတိုင်း ကြည့်ဖြစ်ကြပါတယ်။

ဖော်ဝေးဟာ
နံနက်စာ စားပြီး ပိုတဲ့ ပိုက်ဆံကို
အင်းဝတိုက်က နိုင်ငံခြားကဗျာစာအုပ်တစ်အုပ်ဝယ်
ဝါဇီလက်ဖက်ရည်နဲ့ မြည်းလေ့ရှိပါတယ်။

ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက် ချစ်ခင်
တစ်ယောက်ကို တစ်ယောက် အနစ်နာခံ
ရန်ဖြစ်လည်း အတူတူဖြစ်
တစ်ယောက်ပိုက်ဆံ တစ်ယောက်မျှသုံး
လူ့ဘဝမှာ အဲဒီအနေအထားမျိုးနဲ့
အမှောင်ခေတ်မှာ လူဖြစ်ခဲ့ကြပါတယ်။

အဲဒီတုန်းမှာ
ကိုလေးအောင် ဆုံးပါတယ်
(ကျွန်တော်တို့၏ နောင်တော် ကဗျာဆရာ မောင်လေးအောင်)
နောက် ပန်းချီရွှေမောင်မောင်
(ကျော်ကြားတဲ့ ခရမ်းပြာ အဆောင်ကို ရောက်ခါစမှာပဲ ဆုံးပါတယ်)
နောက် ဖော်ဝေး
ကျွန်တော်တို့ရဲ့ ဖော်ဝေး ဆုံးပါတယ်
(ကျွန်တော်တို့တွေ လောကဓံ၏ အရှိုက်အထိုး ခံရခြင်းပါပဲ)
အဲသလိုနဲ့ ကျွန်တော်တို့ နှစ်များ
အဆုံးအရှုံးများတဲ့ နှစ်များ။

ကျွန်တော်တို့ရဲ့ နှစ်များ
ကျွန်တော်တို့ရဲ့ နှစ်များ
ခင်ဗျား ကြားပါစေသား။ ။

အောင်ချိမ့်

လူငယ်တစ်ယောက်အကြောင်း - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ
Majestic စာပေ

Feb 6, 2014

လူငယ်တစ်ယောက်အကြောင်း - ၁၄

ရန်ကုန်မြို့ထဲ တလွှာလွှား

သီချင်းအဆိုသန်တဲ့အရွယ်
အံဆွဲထဲက အတင်းခုန်ထွက်လာတယ်။
တစ်နေ့လုံး ငှက်အုပ်ကြီး ရွေ့သလို
ကျွန်တော်တို့ ရွေ့နေကြပါတယ်။

'ကိုလှချို' ဆိုင်၊ ရွှေကြည်အေး၊ ပွင်းဦး၊ ဝါဇီ
(ဝါဇီက ဆိုင်သစ်ပါ၊ ဆိုင်ပိုင်ရှင် အစ်ကိုကြီး 'ဦးရီ" ဟာ ပြုံးပြုံး ပြုံးပြုံးနဲ့
ကျွန်တော်တို့ကို အလိုလိုက်ပါတယ်၊ အခု သောက်နေကြတဲ့
ရှယ် လက်ဖက်ရည်ဆိုတာ အဲဒီ ဝါဇီက စတာပဲ)

တစ်ခါတလေ ညနေများ
လှည်းတန်း 'အောင်ကဖီး' မှာ
ထိုင်ကြပါသေးတယ်။
အဲဒီအချိန်တွေက
ရန်ကုန်မြို့ လမ်းမကြီးတွေပေါ်
အော်သံတွေ
ခြေသံတွေ
မကြာမကြာ ပြည့်နှက်နေတတ်ပါတယ်။
ပြီးရင်တော့ ညမထွက်ရ
ပြီးတော့ နေဝင်မီးငြိမ်း ဖြစ်သွားပါတော့တယ်။
ပြီးသွားရင် မြို့တော်ဆီ
လူတွေ ပြန်ထွက်လာပါတော့တယ်။
ကျွန်တော်တို့လည်း မြို့ထဲဆီ
ပြန်ထွက်လာပါတော့တယ်။
ထွက်လာတဲ့ ကျွန်တော်တို့မှာ
အဖွဲ့သား တိုးလာပါတယ်.
မြေနီကုန်းမှ မောင်သစ်မင်း
တောင်ဥက္ကလာမှ ကိုကြူ  (ကြူကြီး)
ထပ်တိုးလာပါတယ်။
သူတို့လည်း ဆံပင်အရှည်ကြီးတွေနဲ့ပဲ။
(မောင်ချောနွယ်က ဧည့်သည်သွား ဧည့်သည်လာပေါ့)
ဆံပင်တွေထဲမှာ အဆီပြန်မျက်နှာများ
ရန်ကုန်မြို့ထဲ တလွှားလွှား။ ။

အောင်ချိမ့်

လူငယ်တစ်ယောက်အကြောင်း - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ
Majestic စာပေ

Feb 5, 2014

လူငယ်တစ်ယောက်အကြောင်း - ၁၃

အိပ်ကပ်ထဲ ပိုက်ဆံမပါသူများ

သီချင်းအဆိုသန်တဲ့အရွယ်
အံဆွဲထဲက အတင်းခုန်ထွက်လာတယ်။
ဖြစ်ချိန်တန် ဖြစ်ပြီး
ပျက်ချိန်တန် ပျက်ခဲ့ပါတယ်။

မိုးဝေမှ
တောင်ညွန့် ၁၀၁ လမ်းမှ
ကျွန်တော်တို့ ဝမ်းနည်းစွာ
ထွက်တော်မူ နန်းက ခွာခဲ့ပါတယ်။
လမ်းပေါ်၊ ပလက်ဖောင်းပေါ်
ရောက်သွားခဲ့ပါတယ်။
၃၃ လမ်းထိပ်၊ ခရေပင်အောက်
စုရပ်လုပ်ရာက
ရွှေကြည်အေး လက်ဖက်ရည်ဆိုင်
ထိပ်ဆုံးစားပွဲကို
မျက်စိကျပြီး နေရာယူခဲ့ပါတယ်။

(သုခမိန်လှိုင်၊ ဖော်ဝေး၊ သခွပ်နီ
ကျွန်တော် စသဖြင့် စသဖြင့်
(ရွှေကြည်အေးမှာ တရုတ်ကျောက်စားပွဲကြီး ရှိပါတယ်၊
အံအဆင့်ဆင့် ရေနွေးအိုးကြီးလည်း ရှိပါတယ်)
နံနက် ၉ နာရီများမှာတော့
ပန်းဆိုးတန်း 'ကိုလှချို' ဆိုင်မှာ
အိတ်ကပ်ထြ ပိုက်ဆံမပါဘဲ ထိုင်ကြပါတယ်
(ကျွန်တော်တို့ ရွေ့လျား ရုံးခန်းပေါ့၊ စက်မှုတက္ကသိုလ်က
ကိုသန်းလင်း (ဘုန်းနွယ်လင်း) ပါခဲ့တယ်)

ဆံပင်ရှည်ကြီးတွေ လက်ဖြင့်သပ်၍ သပ်၍
အားဖြည့်ခဲ့ကြတာပေါ့။
Note Book ကိုယ်စီနဲ့
ရေးကြခြစ်ကြတာပေါ့။
တစ်ယောက်နဲ့ တစ်ယောက် ပေးဖတ်
အထပ်ထပ် မီးတင်ကြတာပေါ့။
ဘယ်မဂ္ဂဇင်းကမှ လက်ခံမှာ မဟုတ်တဲ့ ကဗျာ
မော်ဒန်ထက်သန် ကဗျာတွေနဲ့ (အခုတော့ 'ခေတ်ပေါ်ကဗျာ' ခေါ်တာပေါ့လေ)
ပျော်ပျော်ရွှင်ရွှင် (ငွေမရှိဘဲ) တရွရွ
လှုပ်ရှားခဲ့ကြပုံ (ဘယ်က ရမှန်းမသိ သတ္တိ)
ယခုအခါ
ပြန်လည် အားကျမိပါသေး။ ။

အောင်ချိမ့်

လူငယ်တစ်ယောက်အကြောင်း - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ
Majestic စာပေ

Feb 4, 2014

လူငယ်တစ်ယောက်အကြောင်း - ၁၂

ဘယ်တော့မှ မေ့လို့မရ

သီချင်းအဆိုသန်တဲ့အရွယ်
အံဆွဲထဲက အတင်းခုန်ထွက်လာတယ်။
မိုးဝေမဂ္ဂဇင်း ၁၉၇၀ များမှာ
'မဲခေါင်မြစ်ကမ်းများ အောင်ပွဲသို့'

ဒုတိယ တစ်ခါ
'ချိန်းစာရောက်မှာ ကြောက်မိတယ်'

ရင်တုန်လက်တုန် ဖတ်ရတယ် (နတ်ပူးသလို
ဇောချွေးတွေပြန် တစ်ကိုယ်လုံး တုန်လျက်)။
ဒီရှေ့နားမှာ
'နွေဦးညနေခင်း'
မရှေးမနှောင်းမှာပဲ
'ဘတ်စ်မှတ်တိုင်' ' နွေဦးဝိုင်'
မောင်ချောနွယ်တွေ ဖတ်ရတယ်။
ရှားရှားပါးပါး ဒီတစ်ပုဒ်ပဲလား မသိ
'ရေလယ်မီးပြ' ဖော်ဝေးကို ဖတ်ရပြန်ပေါ့။
ကျွန်တော်တို့ရဲ့ ဇာတ်အစပေါ့။
သူငယ်ချင်းများရဲ့ ဇာတ်အစပေါ့။
အခြားသူများအတွက် ဘာမှ မဟုတ်ပါဘူး။
ကျွန်တော်တို့တွေ အဲဒီ 'မိုးဝေ' တပိုက်ပိုက်နဲ့ပေါ့။
အဲဒီ မိုးဝေမှာ စင်တက်ခွင့်ရ
အဲဒီ မိုးဝေမှာ အရိပ်ခိုခွင့်ရ
အဲဒီ မိုးဝေမှာ စုဝေးခွင့်ရ
အဲဒီ မိုးဝေကို လွမ်းလျက် ကျေးဇူးတင်လျက်။
(အထူးသဖြင့် 'ဆရာနတ်နွယ်' (ကိုကြီးနတ်) ကို
အထူးသတိရ။ အထူး ကျေးဇူးတင်။ မေ့လို့မရ။
ကျွန်တော်တို့ အဲသလိုဘဝကို ပြန်ရမှာ မဟုတ်တော့ပါဘူး။
ဦးနတ်နွယ်ကို အထူးကျေးဇူးတင်ရှိကြောင်း ဖော်ပြလိုပါတယ်)
ဆရာနတ်နွယ်ကို ကျေးဇူးတင်ပါတယ်။
မိတ္ထီလာမှ၊ မြင်းခြံမှ၊ မန္တလေးမှ၊ မြစ်ကြီးနားမှ
တောင်ကြီးမှ၊ တောင်တွင်းကြီးမှ၊ မကွေးမှ
ပျဉ်းမနားမှ၊ တောင်ငူမှ၊ ခေျာက်မှ
မြိတ်မှ၊ ကော့သောင်းမှ
ရှမ်းပြည်နယ်တောင်ပိုင်းမှ၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှ
မြစ်ဝကျွန်းပေါ်မှ
မြန်မာပြည်တစ်ဝန်းမှ ကဗျများ
မြန်မာပြည်တစ်ဝန်းမှ ကဗျာရေးသူများ
ထက်သန်ခဲ့ရာ
နုပျိုခဲ့ရာ
ဘယ်တော့မှ မေ့လို့မရ။ ။

အောင်ချိမ့်

လူငယ်တစ်ယောက်အကြောင်း - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ
Majestic စာပေ

Feb 3, 2014

လူငယ်တစ်ယောက်အကြောင်း - ၁၁

ဒီစာမျက်နှာ ဒီကဗျာ

သီချင်းအဆိုသန်တဲ့အရွယ်
အံဆွဲထဲက အတင်းခုန်ထွက်လာတယ်။
ကမ္ဘာကြီးဟာ လှုပ်ယမ်းနေတယ်
ကောင်းကင်ကြီးဟာ လှုပ်ယမ်းနေတယ်
အဲဒါကြောင့်ပဲ ကဗျာဟာ လှုပ်ယမ်းနေတယ်
အဲဒါကြောင့်ပဲ ကဗျာဟာ အသံမြည်နေတယ်။
အဲဒါကြောင့်ပဲ ကဗျာပါပဲ။
ခင်ဗျား မှတ်မိပါစ 'ဒီဇင်ဘာ ၂၀ တမ်းချင်း'
'ဝေပွန်ကို အလိုရှိဦးမည်လော' (မောင်လေးအောင်)
'သေသူနှင့် ရန်ဖြစ်ခြင်း' (မင်းလှညွန့်ကြူး)
'အိပ်မက်ထဲက ဆပ်ပြာ'၊
'နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း' (တင်မိုး)
'စျာပနမိန့်ခွန်း' (မောင်လှဝင်း - မြင်းခြံ)၊ 'နေ့နှင့် ညနှင့်' (သခွပ်နီ)
'သားကိုရိုက်တဲ့လက်' (သထုံ မောင်လှိုင်းပြာ)၊ 'စစ်အတွင်းအိပ်မက်' (သစ္စာနီ)
'ကားပျက်ကြီး သမိုင်း' (မောင်လူမှိန်)၊ 'ရေမှုံများ' (အောင်သိန်းဦး)
'နွေသဘင်' (တင်မော်)၊ 'ရှပ်တိုက်ပြေးလွှားနေသူများ' (မောင်လေးမွန် - ပျဉ်းမနား)
'ထလော့ ဗော်လဂါ' (မောင်သင်းခိုင်)
၁၉၇၀ ပြည့်နှစ် ဝန်းကျင် 'မိုးဝေကဗျာများ'။
အခြားသော မဂ္ဂဇင်း စာစောင် 'ရှုမဝ'။ 'သွေးသောက်'
'ရုပ်ရှင်ပဒေသာ'၊ 'ရုပ်ရှင်မျက်မှန်'
'လျှို့ဝှက်သဲဖို'၊ 'ရှုဒေါင့်'
သူ့ထောင့်နဲ့သူ လှခဲ့တယ်။
လူငယ်တွေဟာ ခေတ်ကို ဖြတ်သန်း
တလှပ်လှပ် ဖြတ်သန်း
ကဗျာနဲ့ ဖြတ်သန်းခဲ့ကြ။
ကဗျာကပဲ ခေတ်ကို ဖြတ်သန်းသလို
ကျွန်တော်တို့ကို ဖြတ်သန်းစေပါတယ်။
အဲဒါကြောင့် ဘယ်အရာ ဘယ်ဆုလာဘ်ကိုမှ ပြန်မရပါ။
ဒီစာမျက်နှာ ဒီကဗျာဟာ
အသက်မွေး ဝမ်းစာမျှ ပြန်မရတဲ့ အနုပညာ
ကဗျာရေးသူများအား
ကျွန်တော်၏ သတိရခြင်း
မရှိတော့သော သူများအား
ကျွန်တော်က အလေးပြု သတိရခြင်း။
ကဗျာဆရာဆိုတာ ခေတ်ကို ဖြတ်သန်းခြင်း အလုပ်
အလုပ်တစ်လုပ်လို လုပ်ရပါတယ်။ ။

အောင်ချိမ့်

လူငယ်တစ်ယောက်အကြောင်း - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ
Majestic စာပေ

Feb 2, 2014

လူငယ်တစ်ယောက်အကြောင်း - ၁၀

ထင်းရှူးပင်ရိပ်သို့

သီချင်းအဆိုသန်တဲ့အရွယ်
အံဆွဲထဲက အတင်းခုန်ထွက်လာတယ်။
၁၉၆၈ တစ်နေ့သား၊ ဗိုလ်ချုပ်စျေးမှာ လှိုက်ခနဲ
ထင်းရှူးပင်ရိပ်ကို တွေ့မိလိုက်
တန်ဖိုး ၆/- ကျပ်
ငါ့မှာ လက်မလွှတ်နိုင်တော့။
ကျွန်တော်တို့ရဲ့ ကဗျာတွေ အလန့်တကြား ထအော်ခဲ့
အရင် သိမှတ်ခဲ့ဖူးတဲ့ ဥရောပ ကဗျာတွေကပဲ
(ရှယ်လီ၊ ဂျွန်ကိ၊ ဒီလန်တောမတ်၊ အီလိယော့၊
လော်ရကာ၊ နီရူဒါ၊ မာယာကော့်ဖ်စကီး)
ယခုအခါ အသက်ဓာတ်အသစ်
ကဗျာခေတ်သစ်အဖြစ် မူးမော်ရတာပဲ။
(ဒါပေမဲ့ ကျွန်တော်တို့ရေးတဲ့ ကဗျာတွေ ခေတ်သစ် ခေတ်ပေါ်သို့
ချက်ချင်း မရောက်ခဲ့ပါ။ ရေးမြဲပုံစံက အနည်းအကျဉ်း တိုးထွက်ခဲ့။
ခေတ်သစ် ခေတ်ပေါ် ရဖိုး သုံးလေးငါးနှစ် ကြိုးစားခဲ့ရပါတယ်)
ဆက် သွားရမယ်
ဆက် သွားခဲ့ပါတယ်။
ဆရာကြီး သခင်ကိုယ်တော်မှိုင်းမှ ဇော်ဂျီ၊ မင်းသုဝဏ်
ဇော်ဂျီ၊ မင်းသုဝဏ်မှ ဒဂုန်တာရာ
ဒဂုန်တာရာမှ ကျွန်တော်တို့
ကျွန်တော်တို့တွေ ဖြတ်သန်းခဲ့ပါတယ်။
(အဲဒီ 'ကျွန်တော်တို့' ဟာ ဆရာဒဂုန်တာရာရဲ့ လှိုင်းတွန့်ဆံပင်ခေတ်
ဘန်ကောက်လုံချည်ခေတ်ကို တွေ့မီခဲ့တဲ့ နောက်အကျဆုံး မျိုးဆက် ဖြစ်ပါတယ်)
ဒီကဗျာဟာ ကဗျာအဖြစ်ကနေ သွေဖည်သွားပလား
ဒီကဗျာရဲ့ အပိတ်လိုင်းကိုလည်း အောက်ပါအတိုင်း ပိတ်လိုပါတယ်။
(ဝင်းဝါသော ပိတောက်ရွှေဝါရိပ်မှ နှင်းခဲများ ပေကျံနေသော
ထင်းရှူးပင်ရိပ်နားသို့ ရောက်သွားသည်။
ရွှေရာင်အဖူးများ မသီး၊ သို့သော် စိမ့်စိမ့် မှိုင်းဖြူသော
အာရုံသစ်ကို ပေးသည်)
ဒဂုန်တာရာ၏ 'ဒဂုန်တာရာ'
(မူရင်းဝါကျ မူရင်းသတ်ပုံအတိုင်း
ကူးယူဖော်ပြပါသည်)

အောင်ချိမ့်

လူငယ်တစ်ယောက်အကြောင်း - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ
Majestic စာပေ

Feb 1, 2014

လူငယ်တစ်ယောက်အကြောင်း - ၉

ပါရီလို ရင်ခုန်တက်ကြွ

သီချင်းအဆိုသန်တဲ့အရွယ်
အံဆွဲထဲက အတင်းခုန်ထွက်လာတယ်။
ထိုနေ့မှာ တစ်လတစ်ခါ ကျွန်တော် မြို့ထဲထွက်
ထိုနေ့မှာ စာမူ လည်ပို့သောနေ့ ဖြစ်ပါတယ်။
ထိုနေ့မှာ စာမူပို့ရန်
ထိုနေ့မှာ စာအုပ်တန်း မွှေရန်
ထိုနေ့မှာ လူရောင်စုံ ငေးရန်
ထိုနေ့မှာ ကျွန်တော့် အလုပ်တစ်ခု ဖြစ်ပါတယ်။
ထိုနေ့မှာ (ဒိန်ချဉ်၊ ပါပလာလေး သင်းသင်းနဲ့) ချစ်တီး သက်သတ်လွတ်ထမင်း
စားပါတယ်
ထိုနေ့မှာ ပန်းဆိုးတန်း၊ ၃၃ လမ်း စာအုပ်တန်း လျှောက်ပါတယ်
ထိုနေ့မှာ ရွှေကြည်အေး၊ ပွင်းဦး လက်ဖက်ရည်သောက် ထိုင်ပါတယ်
ထိုနေ့မှာ မိုးဝေ၊ ရုပ်ရှင်ပဒေသာ၊ ရုပ်ရှင်မျက်မှန်၊ သွေးသောက်၊ ရှုမဝ
မဂ္ဂဇင်းတိုက်တွေ ရောက်ပါတယ်။
ပန်းချီ ညိုလှနဲ့ ထိုနေ့မှာ
ပန်းချီ ဝသုန်နဲ့ ထိုနေ့မှာ (ဝသုန်က ငယ်သူငယ်ချင်း အခုမှပြန်တွေ့)
ကာတွန်း သော်ကနဲ့ ထိုနေ့မှာ
မောင်သင်းခိုင် (ပျဉ်းမနား) နဲ့ ထိုနေ့မှာ
ကျွန်တော် ဒိုင်ယာရီရေးဖြစ်တဲ့ ထိုနေ့မှာ။
ထိုနေ့မှာ မိုးကောင်းကာင်ဟာ ပြာချင်ပြာ ဖြူချင်ဖြူ
ထိုနေ့မှာ ရာသီဥတုဟာ မိုးမည်းချင်မည်း နေပူချင်ပူ
ထိုနေ့မှာ လှလှ မလှလှ
ထိုနေ့မှာ ရန်ကုန်မြို့ကြီးကို ကျွန်တော်ဟာ ပါရီလို ရင်ခုန်တက်ကြွ။ ။

အောင်ချိမ့်

လူငယ်တစ်ယောက်အကြောင်း - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ
Majestic စာပေ