> သီဟသူ [dot] blogspot [dot] com

Mar 10, 2014

အခြားကဗျာဆရာတစ်ယောက်သို့

ဝမ်းနည်းဖွယ်ရာတွေတွေ့တော့
စာမျက်နှာကျော်ပြီးလှန်ခဲ့တယ်။

သူတို့ကလိုအပ်လို့
ငါတို့က မလိုအပ်လို့
ဖြစ်ခဲ့မယ်၊ ပျက်ခဲ့မယ်၊ ခြားခဲ့မယ်၊ ခံစားရမယ်
ငါတို့မှာငြင်းလို့မရ။

ငယ်ရွယ်ချင်တယ်
ငယ်ရွယ်လို့မရတော့ဘူးမဟုတ်လား။

အချစ်ရေးဆိုတာမျိုး
ရှုပ်ထွေးလို့ရနိုင်သေးလို့လား။

ဒီစာမျက်နှာမှာ ပျော်စရာတွေ
ထားခဲ့ချင်သလို
ဒီစာမျက်နှာပေါ်မှာ ငါဟာအကောင်းများများ
မထားခဲ့နိုင်ဘူးဆိုတာ
အခု၊ ဖတ်နေရပြီ
ဖတ်နေရပြီမဟုတ်လား။

လူတစ်ယောက်ဟာ လူတစ်ယောက်အကြောင်း
ငါဟာ ဒီ့ထက်ကောင်းအောင် မရေးနိုင်ပါဘူး။

ပိုကောင်းအောင်
အခြားကဗျာဆရာများ ဆက်ရေးကြပါလိမ့်မယ်။

ကောင်းပါစေ
ပိုကောင်းပါစေ။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Mar 9, 2014

စားပွဲကလေးခင်း ဖုန်းဆိုင်ဖွင့်ထားပြီး

ဖုန်းဆိုင်မြင်တော့ တက္ကစီထိုးရပ်တယ်
အရေးကြီးတဲ့ စာရွက်စာတန်းတွေ မေ့ကျန်ခဲ့လို့
အိမ်ကိုဖုန်းဆက်မှာမလို့၊ တစ်ယောက်ယောက်ယူပြီး
လိုက်လာခဲ့ပါ။ ဒါပေမဲ့ မပြောရပါဘူး....
ဖုန်းဆိုင်ဖွင့်ထားပြီး သူချည်းပဲပြောနေတယ်
မိအိုဖအိုကြီးနှစ်ပါးကို ရှာကျွေးနေသူ၊ ခလေးမ
ဖုန်းပြောမယ်။ အရေးတကြီးဘဲ
ခြေတောင်အောင်ရပ်စောင့်တယ်။ ဒါပေမဲ့ မပြောရပါဘူး....
ဖုန်းဆိုင်ဖွင့်ထားပြီး သူချည်းပဲပြောနေတယ်
ဖုန်းဆိုင်ဖွင့်ထားပြီး သူချည်းပဲပြောနေတယ်
သတင်းစာထဲမှာပါတယ်....တဲ့။ အဲဒါသိရရင် ငါ့အတွက်
လမ်းတစ်ခုပွင့်သွားမယ်။ ဒါပေမဲ့ မပြောရပါဘူး....
ဖုန်းဆိုင်ဖွင့်ထားပြီး သူချည်းပဲပြောနေတယ်
ဖုန်းဆိုင်ဖွင့်ထားပြီး သူချည်းပဲပြောနေတယ်
ဖုန်းဆို်ငဖွင့်ထားပြီး သူချည်းပဲပြောနေတယ်
ငါမနက်ဖြန် မန္တလေးရောက်မှဖြစ်မယ်။
လက်မှတ်က....။
ဒါပေမဲ့ မပြောရပါဘူး....
ဖုန်းဆိုင်ဖွင့်ထားပြီး သူချည်းပဲပြောနေတယ်
ဖုန်းဆိုင်ဖွင့်ထားပြီး သူချည်းပဲပြောနေတယ်
ဖုန်းဆိုင်ဖွင့်ထားပြီး သူချည်းပဲပြောနေတယ်
ဖုန်းဆိုင်ဖွင့်ထားပြီး သူချည်းပဲပြောနေတယ်။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Mar 8, 2014

မုန်းတော်မူ

ငါတို့ကြိုက်ခဲ့တာတွေ
မကြိုက်ကြတော့ဘူး
မကြိုက်တော့ဘူး
မကြိုက်တော့၍ ကြိုက်ပါလို့ပြောလို့မရ
ပြောလို့မရတော့တဲ့အခြေ။

ငါ့ကြက်ဟင်းခါးတွေ
ငါ့ပေါင်မုန့်မီးကင်တွေ
ငါ့ဤလူ့ဘောင်တွင်တွေ
ငါ့ Bjork တွေ
ငါ့မေရှင်တွေ
ကုန်ပြီ။

အထက်ပါအရာတွေ အထက်ပါပုဂ္ဂိုလ်တွေ
ငါအားနာမိပါတယ်။

ငါ့ကို မကြိုက်တော့
ငါ၌ပင်မဆုံး၊ ငါ့ကဗျာကိုမုန်းသတဲ့။

မုန်းတော်မူ
မုန်းတော်မူပါတော့....
အမုန်းစုံလင်လှပါသဖြင့် မရုန်းတော့ပြီ
မုန်းတော်မူ။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Mar 7, 2014

တေး

[တေးသက်သက်မျှ]

ဒီအရွယ်ရောက်မှ
ဒီတေးဆိုရမယ်
ဒီတေးကိုဆိုခဲ့
ဆိုတော့။

မသိနိုင်တော့ပါဘူး
သိခဲ့တယ်ထင်ခဲ့တာတွေ
မြစ်ရေတွေ
မြစ်ရေချိုးခဲ့တာတွေ။

သစ်ပင်ကိုဓားနဲ့ထစ်မှတ်ခဲ့လဲ
သစ်ပင်ဟာ မရှိတော့ပြီ။

လက်ထဲမှာ
တစ်ပြားမှမကျန်။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Mar 6, 2014

ဇာတ်သမား

ငါတို့ရထား
ငါတို့နှစ်များ
ငါတို့ဘုရား
ငါတို့ဒေဝဒတ်
ငါတို့သိကြားမင်း
ငါတို့အချင်းချင်း
ငါတို့အသီးသီး
ငါတို့
လက်ညှိုးတစ်ထောင်
လည်ဆွဲကုံး
ငါတို့လင်းယုန်
ငါတို့တာရာ
ငါတို့မေခလာ
ငါတို့ဇူဇကာ
ငါတို့လီယာမင်းကြီး
ငါတို့ရောက်ပြီးသောနေရာ
ငါတို့မသိသောအရာ
ငါတို့အဆန်
ငါတို့အပြန်
ငါတို့စာသူငယ်ကြား
လဒနားသကဲ့သို့
ငါတို့နဲ့သူတို့
ဟောဒီမျက်မြင်ကြမ်းပြင်မှာ
ငါတို့။
ငါသည်ပင်လျှင်
သဘင်သည် ဇာတ်သမား ဖက်ခွက်စား
ငါဖာတ်က, နေသတတ်။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Mar 5, 2014

ဂါးလီးဗားတို့ ကိုလံဘတ်တို့ ငါတို့

အနိစ္စပဲ၊ အနတ္တပဲ
သင်္ခါရပဲ
ဓမ္မပဲ။

အဲသလို ငါအဘိုးကြီးဖြစ်လာ
ခါးကိုင်းလာ
မျက်စိသီလာ
ဒါငြင်းဆန်လို့မရဘူးလေ။

ဒီမှာတင်မရပ်ဘဲ မတော်မတည့်
ငါစဉ်းစားမိ။

ဂါးလီးဗားတို့
ကိုလံဘတ်တို့ ဘာတို့လဲ
ဒီအရွယ်မှာ ဒီလိုဖြစ်မှာမလွဲ။

အရေးထဲငါ့မှာမျက်မှန်ပေျာက်ခဲ့။

ဒီတော့တစ်ခါ
ငါဆက်စဉ်းစားပြန်ခဲ့
ဂါးလီးဗားရော၊ ကိုလံဘတ်ရော ငါ့လိုပဲ
သူတို့လည်း နမော်နမဲ့
မျက်မှန်ပျောက်ခဲ့ဖူးမှာပဲ
ဂါးလီးဗားတို့ ကိုလံဘတ်တို့ ငါတို့
မျက်မှန်ပျောက်ခဲ့တယ်။

ငါတို့မျက်မှန်ပျောက်ခဲ့
ကမ္ဘာထဲမှာ ကမ္ဘာပျောက်ခဲ့။ ။

အောင်ချိမ့်

အံ့သြစရာပဲ။ ၁၊ ၁၁၊ ၂၀၀၇ တဲ့။ စာရွက်အဟောင်းတစ်ရွက်မှာ ရှုပ်ယှက်ခတ်နေတြ့ အထက်ပါ စာမူအကြမ်းကို တွေ့ရှိ။ ကြိုက်သလိုလိုရှိတာနဲ့ ဖြတ်သင့်တာ ဖြတ်။ ဖြုတ်သင့်တာ ဖြုတ်၊ ဖြည့်သင့်တာဖြည့်ပြီး ကဗျာတစ်ပုဒ်လုပ်။ ကြိုက်သော်ရှိ မကြိုက်သော်ရှိ။

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Mar 4, 2014

ထိုနောက်

တေ ဇ သု နေ မ
ဘူ စံ နာ ဝိ ဝေ
တေမိအစ
ဝေသန္တရာအဆုံး
ငါတို့ ဖတ်ခဲ့ရပါတယ်။

ဟိုးတစ်နေ့က
တစ်နေ့က
မနေ့က
ငါတို့ဖတ်ခဲ့ရပါတယ်။

ငါတို့နေခဲ့ရ
ငါတို့မနေလို့မရ
ငါတို့နေခဲ့ကြ
ငါတို့ဖတ်ခဲ့ရပါတယ်။
ထိုနောက်
ခေတ်များ၊ ခေတ်များ
ခေတ်များ၊ ထိုနောက်
မီးရထား
ငါတို့ဖတ်ခဲ့ရပါတယ်။
ငါတို့ဖတ်ခဲ့ကြပါတယ်။
ဝဋ်ရှိသလို
ငါဇွဲသန်ခဲ့ပါတယ်။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Mar 3, 2014

ရာဇဝင်မူးသူ

လမ်းအကျယ်ကြီးနဲ့
သစ်ပင်အကြီးကြီးများနဲ့
သံဇကာ တစ်ထပ်
ခြံစည်းရိုး တစ်ထပ်
ရုပ်ပုံများပဲ တင်ထပ်လာခဲ့တာ
တစ်ခါတစ်ရံ ငါမြင်ရ ငါကြားရ။
နီလျက်၊ ရဲလျက်။
ကြီးကျယ်လျက်။
အိန္ဒြေကြီးလျက်။
အသံမြည်လျက်။

ဒေါင့်က သတင်းစာတိုက်ဟာ
'သူရိယ' သတင်းစာတိုက်ပါလား။

အာဏာရှင်လှရွှေ၊ ဒေါက်တာလှရွှေ၊ သူ့အသံ
ဒဂုန်တာရာ သူ့စာဟန်
တစ်ဖန်၊ မြင်းခွာသံ
တစ်ဖန်၊ ဗိုလ်ချုပ်အောင်ဆုံးတို့ ကျဆုံးခဲ့ပြန်
တစ်ဖန် ....
၁၉ .... ဇွန်လသို့ရောက်ခဲ့ပြန်။

ရာဇဝင်နားကပ်လျက်
ငါထိုင်မိခဲ့
ကော်ကုလားထိုင်နဲ့ ငါထိုင်မိခဲ့။
၁၉၁၂ သည် ရောက်ရှိခဲ့။

ယူကြမလား
အိပ်မက်လိုလို တကယ်လိုလို
တကယ်က ရာဇဝင်ပါတကား
အလို သင်ယုံပါရဲ့လား။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Mar 2, 2014

သန်းအုန်းအတွက်ကဗျာ

အသက်ရှူမဝရာမှ
အသက်ရှူမရာရာမှ
မင်းလွတ်ထွက်သွားပြီပေါ့
မင်းသက်သာရာရခဲ့ပြီပေါ့။

ဖိုးပုရေ၊ ခွေးပုရေ
ဘာကိစ္စအရေးကြီးလို့ ဒီလောက်မြန်မြန်ထွက်သွားခေျ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Mar 1, 2014

အာလပ သလ္လာပ

ငါတို့ကြည့်ကြရမယ်
ကိုယ့်ရုပ်ကိုယ်ကြည့်ကြရမယ်
မှန်ကြည့်ရမယ်
ခွတီးခွတကို ကြည့်ရမယ်။

ငါတို့ကြည့်ကြရမယ်
သမိုင်းရာဇဝင်ကိုကြည့်ရမယ်
"အလှအပလေးများသည် လူကိုနုပျိုစေသည်တကား"ကို ကြည့်ရမယ်
ကမ္ဘာ့မြေပုံကို ခါးထောက်ကြည့်ရမယ်။

ငါတို့ကြည့်ကြရမယ်
လူကိုကြည့်ကြရမယ် (တချို့ကတော့ 'မူ' ကိုပါကြည့်ရမယ်ပြောတယ်)
အရင်းရှင်စနစ်ကောင်းလာလို့လားလို့ ကြည့်ရမယ်
ရှားလော့ဟုမ်း ဆေးတံကိုကြည့်ရမယ်။

အင်း၊ မသေချာဘူးထင်ရင်တော့
ဗေဒင်လေးဘာလေးကြည့်ပေါ့လေ။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ