> သီဟသူ [dot] blogspot [dot] com

Aug 27, 2014

လွန်ခဲ့တဲ့ ၁၅ မိနစ်


• လွန်ခဲ့တဲ့ ၁၅ မိနစ် ရုပ်မြင်သံကြားသတင်းမှာ
(နှလုံးရောဂါနဲ့) ရန်ကုန်မြို့
ပြည်သူ့ဆေးရုံကြီးမှာ
'သော်ဒီဝေ'ဟာ သေဆုံးသွားပါပြီ

• မောဟကင်းကင်း ခင်ဗျားကဗျာ . . . ကျွန်တော်
ဖတ်ဖို့ ကပ်ရောဂါကင်းရှင်း ကျွန်တော့်ကဗျာ . . .
ခင်ဗျားဖတ်ဖို့ . . .
၁၅ မိနစ်တိတိ . . . နောက်ကျသွားပြီ

• မန္တလေးမြို့ အနောက်ကျုံးလမ်းထောင့်ကွေး
အဆောက်အဦးများ
ကလေးငယ်တစ်ယောက်ရဲ့ 'ဒီချရီကို'
အိပ်မက် . . . နောက်ကျသွားပြီ

• ရိုးသားမှုလေးတစ်ခုပဲ လိုချင်ခဲ့တာပါ
တစ်ချိန်တုန်းက သူ့ကို ငါ သိပ်ချစ်ခဲ့တယ်
(ဖြူစင်ချင်လို့တဲ့ . . . ) . . . နောက်ကျသွားပြီ

• နေ့ပြန်တိုးပေးတဲ့ တရုတ်မကြီးမျက်နှာနဲ့
ခေတ်ပြိုင်အနုပညာ အလုပ်လုပ်ဖို့ . . .
နောက်ကျသွားပြီ 

• အာပတ်ဖြေဖို့ (ဒါမှမဟုတ်)
ခင်ဗျားအကျင့်စာရိတ္တကို ဖြောင့်ချက်ပေးဖို့
'ပေါလ်မက္ကာတနီ'ဟာ အဲဒီသီချင်းရေးခဲ့တာ
မဟုတ်ဘူး နောက်ကျသွားပြီ

• ခင်ဗျား ထုဆစ်ထားတဲ့ အရုပ်တွေအတိုင်း
အပေါက်တစ်ပေါက်ထဲ ကျွံဝင်သွားတဲ့
စကားလုံးတွေ
အနုတ်အသိမ်း မကောင်းခဲ့ဘူး . . .
နောက်ကျသွားပြီ

• 'ပါဖောမင့်စ်'သာ ကောင်းတာပါ
ပြီးပြည့်စုံတဲ့ ပန်းချီကားတစ်ချပ်
ဘယ်တုန်းကမှ
မရေးခဲ့ဖူးဘူး . . . နောက်ကျသွားပြီ

• မိန်းမတစ်ယောက်ရဲ့ နှုတ်ခမ်းမှာ
အဆိပ်သင့်ခဲ့ပြီး
အချစ်ကို ရှာမတွေ့ခဲ့(အဲဒါကိုပဲ
အနုပညာလို့ ထင်ခဲ့တဲ့)
သီချင်းသမား ချာတိတ် . . . နောက်ကျသွားပြီ

• တကယ်တော့ . . .
ခင်ဗျားဟာ'ဘရုတပ်စ်'လို လူမျိုးဆိုတာ
ကျွန်တော်သိခွင့်ရခဲ့တာ ၁၅ မိနစ်တိတိ
နောက်ကျခဲ့ရပြီ . . .
ကျွန်တော့်နောက်ကျော
ဓားနဲ့ထိုးဖို့ကိုတော့ . . . ခင်ဗျား
၁၅ မိနစ်တိတိ . . . နောက်ကျသွားပြီ။ ။

သော်ဒီဝေ
မြို့တစ်မြို့ ၊ လသုံးစင်း
ပထမအကြိမ်၊ ၂၀၁၃။
မြန်မာဧရာစာပေ

Aug 22, 2014

ငါးနှစ်ကောင်၊ မြင်းတစ်ကောင်

ကျွန်တော့်မှာ
ငါးနှစ်ကောင်နဲ့ မြင်းတစ်ကောင် ရှိတယ်
တစ်ခုသော မိန်ရာသီမှာ
ကျွန်တော့်အမေက ကျွန်တော့်ကို မွေးပါတယ်

ပုရောဟိတ် ဆရာစံဇာဏီဘိုက
ကြာသပတေးဂြိုဟ်မှာ ငါးတစ်ကောင်နေပြီး
ပင်လယ်ထဲမှာ ငါးတစ်ကောင်နေတယ်လို့ ဟောပြောပါတယ်
ကျွန်တော်ရေးတဲ့ ရေဆေးပန်းချီကားတချို့
လူကြိုက်များခဲ့တာ အဲဒီငါးနှစ်ကောင်ကြောင့် ဖြစ်နိုင်ပါတယ်၊

တရုတ်ဗေဒင်အရ
တစ်ခုသော မြင်းနှစ်မှာ ကျွန်တော့်ကို မွေးပါတယ်
စာရေးဆရာတစ်ယောက်က
မြင်းဆိုတာ 'လဲပြီးရင် ပြန်ထနိုင်ရမယ်'လို့ ပြောပါတယ်၊

တစ်ခုသော ဒီဇင်ဘာနံနက်ခင်း
ကျွန်တော်နေထိုင်တဲ့ မြို့လေးရှိရာ
အမျိုးသမီးတစ်ဦး ရောက်လာပြီး
အင်္ဂလိပ်ခေတ်က ဗီရိုမြင်းလှည်းတစ်စီး လာဝယ်စဉ်
အမှတ်မထင် ကျွန်တော်နဲ့ ချစ်မိသွားကြတော့
သူမက 'မြင်းတစ်ကောင်ပါ အဆစ်ရတယ်'လို့
ဖွဲ့နွဲ့ပါတယ်၊

အခု သူမနဲ့ ကျွန်တော်
လမ်းခွဲခဲ့ကြတာ ကြာပါပြီ
မနှစ်က ထပ်ပြီး ကျွန်တော်
လေတစ်ခြမ်း အဖြတ်ခံရတယ်၊

အခု သူမကို ကျွန်တော်
ဆက်မချစ်နိုင်တော့ပေမယ့်
ပန်းချီကား နည်းနည်း၊ ကဗျာတချို့
ရေးလို့ ရနေပါသေးတယ်၊
ခင်ဗျား ပြောသလို
မြင်းဆိုတာ 'လဲပြီးရင် ပြန်ထနိုင်' ဖို့
လိုအပ်ပါလိမ့်မယ်။ ။

၃၀၊ ဧပြီ၊ ၂၀၀၈။

သော်ဒီဝေ
မြို့တစ်မြို့ ၊ လသုံးစင်း
ပထမအကြိမ်၊ ၂၀၁၃။
မြန်မာဧရာစာပေ

Jul 13, 2014

တနင်္ဂနွေစကား-၃

ပြန်မလာ ဒီအတိတ်
မိသားစု၊ အိမ်ခန်းငယ်နဲ့ မဆံ့
မေတ္တာတရား သီးသန်း ဘာသာစကား

သီးခြားဖြစ်တည်မှု၊
တစ်ခုခြင်း ပေါင်းစည်း
တည်ဆောက်ထားမှု

နီးခြင်း၊ ဝေးခြင်း
ဘာသာစကားရဲ့ အကန့်
အသတ်/အကွာအဝေး

ဘယ်လောက်ဝေးဝေး သွားရ/နိုင်မလဲ၊ လမိုက်ည
တစ်ကိုယ်ရေ/ရေး ကဗျာ
အာသာဖြေခြင်း

သတိရတုန်း ချရေးမိ
စကားလုံးများ

သီဟသူ
(၇-၇/၈-၇) ၂၀၁၄

Jul 10, 2014

ကျွန်တော့်မိတ်ဆွေ "ဩဂတ်စ်လင်း"

တစ်ခါတစ်ခါ
ဒီလို အသည်းကွဲရတာ . . .
ကောင်းပါတယ်
ကျွန်တော့်မိတ်ဆွေ
ဩဂတ်စ်လင်းကို သတိရတယ်။

ဒဏ်ရာ အနာတရများ အဖေးမတက်ခင်
ယဉ်ကျေးမှု ခပ်မြင့်မြင့်
ကျွန်တော်နဲ့ ဩဂတ်စ်လင်း
မိုးစင်စင်လင်းတဲ့အထိ
စကားထိုင်ပြောချင်လည်း ရတယ်။

ဆို့နင့်နင့်
၁၂ နှစ် ကြာပြီဖြစ်တဲ့ အလွမ်းကို
သက်တမ်းခပ်ရင့်ရင့်
၁၂ နှစ်ကြာ မြေအောက်မြှုပ်ပြီး ဖောက်ထားတဲ့
ဝီစကီပုလင်းထဲ
သွန်းချလိုက်ပြီ။

ဟဲ့ . . . ဝေကြီးရဲ့
ဝီစကီဆိုတာ မူးတာမဟုတ်ဘူးဟဲ့
ရီဝေတာ Romance ဖြစ်တာ . . .

ဒီလိုနဲ့ ကျွန်တော်တို့နှစ်ယောက်
တစ်ပက်ပြီး နောက်တစ်ပက်

ဒီလိုနဲ့ စီးကရက်တွေ
တစ်လိပ်ပြီး နောက်တစ်လိပ်

ဒီလိုနဲ့ ဩဝါဒတွေ
ခင်ဗျား ကျွန်တော့်ကို
ပြာချွေသလို ချွေပြရဲ့။

ဒီလိုနဲ့ ဘတကို
ဒီလို Romance ဖြစ်လိုဖြစ်ငြား . . .
ဒီလို လူသားဆန်ဆန်ပြောတတ်တဲ့ . . .
သီရိခေတ္တရာ ပြန်သွားတဲ့
မိတ်ဆွေ ဩဂတ်စ်လင်းကို သတိရရဲ့။

၂၀၀၈။

သော်ဒီဝေ
မြို့တစ်မြို့ ၊ လသုံးစင်း
ပထမအကြိမ်၊ ၂၀၁၃။
မြန်မာဧရာစာပေ

Jul 9, 2014

မုဒိတာညများ

ဘဝအား
၉၀ ဒီဂရီအပြည့် မတ်မတ်မရပ်နိုင်ကြသူများ
လယ်ကွင်းများအားဖြတ်၍
အသက်ရှူကျပ်ကျပ် ဘတ်စ်ကားကြီးဖြင့်
ပဲခူးမြစ်နံဘေးက
သက်တမ်းနုနု မြို့ကလေးရှိရာ
ပြန်ကြပြီ
ရေမိုးချိုး . . . ပြီးရင်
ခုနစ်နာရီ ကိုရီးယားကားကို ကြည့်မယ်
ပြီးရင် (အပျိုကြီးမညို ကြိုက်တဲ့) ဒါရိုက်တာရင်နဲ့ လွမ်းမယ်
မီးမလာရင် အဝိုင်းဘက်ထွက်
ကတ္တရာနံ့ ဂျင်နရေတာမီးစက် ညှော်နံ့တွေမပါတဲ့
လေကောင်းလေသန့် ရှူမယ်
ဆူးလေ အနော်ရထာလမ်းမှာ မရှိတဲ့
တစ်မျှော်တစ်ခေါ် ရှုခင်းများနဲ့
ဟောဒါက သန်လျင်တံတား၊ ဒါ ကျိုက်ခေါက်စေတီ
ဟိုမှာ မှုံပျပျ ရွှေတိဂုံ
လရောင် ပါးပါးလေးအောက်
ဘဝအမောတွေ ပျောက်သွားတဲ့အထိ
ရင်ခုန်ချင်ရင်လည်း ရတယ်။
မနာလို မရှိကြပါနဲ့ . . . သူတို့ဟာ
ဘဝကို သူတို့ဘာသာ ရွေးချယ်ခဲ့ကြတာ မဟုတ်ဘဲ
ဘဝက သူတို့ကို ရွေးချယ်ခဲ့ခြင်းမျှသာ
တို့လူသားတွေ တစ်နေ့တခြား
မုဒိတာအား ကောင်းနိုင်ကြပါစေ
သော်ဒီဝေ . . . ယုဇနမှာ နေသည်။

ဖက်ရှင်မဂ္ဂဇင်း၊ မေ၊ ၂၀၁၄။

သော်ဒီဝေ
မြို့တစ်မြို့ ၊ လသုံးစင်း
ပထမအကြိမ်၊ ၂၀၁၃။
မြန်မာဧရာစာပေ

Jul 8, 2014

ပြီးခဲ့တဲ့နှစ်ဟာ ခရမ်းရောင်ဖြစ်တယ်

ဒီလိုနဲ့ ၂၀၀၈ ဟာ
ဖြူရော်နေတဲ့ သူ့ဆံပင်ကို အနက်ရောင်ဆေးဆိုး
ခပ်တည်တည် ရုပ်ဖျက်ပြီး
'Happy New Year' လို့တောင်
နှုတ်မဆက်ဘဲ ရောက်လာခဲ့ပြန်တယ်။
အမှန်တရားလို့ ယုံကြည်ထားတာတောင်
အမှန်တရားနဲ့ တစ်ဘဝစာ လွဲခဲ့ရလို့တဲ့
၁၉၅၂ ဖွား စာရေးဆရာတစ်ယောက်
၁၉၅၂ ထုတ် စာအုပ်တစ်အုပ်အကြောင်း
ဟောပြောပို့ချနေရဲ့။
အနည်းဆုံးတော့ . . . ဒီလိုပါပဲ (ဘယ်သူဖြစ်ဖြစ်)
အနည်းဆုံးတော့ . . . ခင်ဗျားချစ်ခြင်းမေတ္တာ
အနည်းဆုံးတော့ . . . ခင်ဗျားတော်လှန်ရေး
သားလျှောခဲ့ဖူးပေမယ့်
နောက် . . . ခင်ဗျားအိပ်မက်
နောက် . . . ခင်ဗျားအနုပညာ
ဩော် . . . ဒါနဲ့ ကျွန်တော့်ကို
နောက် (တစ်ပက်လောက်)
နေ့စဉ် ခေါက်ရိုးကျိုးဘဝထဲ နေထိုင်
ဒီလူ ခေါက်ရိုးမကျိုးဘူးလို့ မပြောပါနဲ့
ကျွန်တော့်အတ္တကို မီးပူမတိုက်ဘဲ
ပစ်ထားခဲ့တာ ကြာပြီ။
အနည်းဆုံး 'ရိုးသားမှု' ဆိုတာလေးတောင်
မရနိုင်ခဲ့တော့လည်း နောက်ထပ်
ဘာကိုမှ ထပ်မရချင်တော့ပါ
(ဘာမှ ရစရာမရှိအောင် လုပ်ထားခဲ့လို့တဲ့)
ဒီလိုနဲ့ လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က
လမ်းခွဲခဲ့ကြတဲ့ ချစ်သူကိုလည်း
နောက်ထပ် ဆက်ထုံးတစ်ခု
ထပ်ထုံးဖြစ်ပြန်ပေါ့။

၁၊ ဇန်နဝါရီ၊ ၂၀၀၈။

သော်ဒီဝေ
မြို့တစ်မြို့ ၊ လသုံးစင်း
ပထမအကြိမ်၊ ၂၀၁၃။
မြန်မာဧရာစာပေ

Jul 7, 2014

တနင်္ဂနွေစကား-၂

ပြန်မလာ ဒီအတိတ်
ပျော်ရွှင်မှု၊ ကောက်ရိုးမီးပွင့်

အမြဲတမ်း ဒီအိပ်မက်
ထင်ထင်ရှားရှား၊ ညများ

ဘာမှ
ထူးထူးခြားခြား မဖြစ်ခဲ့ပါ။

ဒီအလင်းရောင်အောက်မှာကို
အေးစက် ခြောက်ခြား ညများ

သတိရတုန်း ချရေးမိ
စကားလုံးများ

သီဟသူ
(၄-၇/၇-၇) ၂၀၁၄

တနင်္ဂနွေစကား

ပြန်မလာ ဒီအတိတ်
ပျိုရွယ်မှု၊ ဝိုးတဝါး ဓါတ်ပုံ

ကျကျန်ခဲ့
အမည်များ၊ ဘဝ
ဒီလမ်းပေါ်

အရိုးထဲက အေးစက်မှု
ကိုယ့်ဇာတ်လမ်းမှာတောင် ကိုယ်က လူကြမ်း

အိပ်မက်ကို ဘာသာပြန်လို့ မပြီးခင်မှာပဲ
လန့်လန့်နိုး

သတိရတုန်း ချရေးမိ
စကားလုံးများ

သီဟသူ
(၂၉-၆/၄-၇) ၂၀၁၄

Jun 28, 2014

စနေ နေ့တစ်ဝက် (၂၂)

ရောက်လာခဲ့သော စနေ
(တစ်ဝက်များ)
ရလာခဲ့သော မ-ပျော်
-ရွှင်-မှု
ရူးသွပ်ရပါသော ကဗျာ
ဖြစ်တည်မှုမှာ အချိန်မှန်

စိတ်
ကျ
ခြင်း။

ကော်ဖီ ပြန်သောက်ဖြစ်နေပြီ။


သီဟသူ
၁၈-၀၆-၂၀၁၄

May 20, 2014

ဗင်းဆင့်ဗန်ဂိုးရဲ့ဆက်သွယ်ရေးလုပ်ငန်း

တစ်ခါတုန်းက
ခင်ဗျားကိုင်ထားတဲ့ 'ဟန်းဖုန်း'မျိုး
ဗင်းဆင့်ဗန်ဂိုးမှာ မရှိခဲ့ဖူးဘူး
ဒါပေမဲ့
သူချစ်တဲ့ သူ့ကောင်မလေး ပြောချင်ရာ ပြောဖို့ဆိုပြီး
သူ့နားရွက်လေး တစ်ဖက်ကိုတော့
လက်ဆောင်အဖြစ် ဖြတ်ပေးခဲ့ဖူးရဲ့
တစ်ခါတုန်းက
ခင်ဗျားစီးနေတဲ့ မော်တော်ကားလှလှေလေးတစ်စီးမျိုး
ဗင်းဆင့်ဗန်ဂိုးမှာ မရှိခဲ့ဖူးဘူး
ဒါပေမဲ့
ခင်ဗျားစိတ်ကူးတွေ လမ်းလျှောက်နိုင်အောင်လို့ဆိုပြီး
ဆိုက်ပရပ်ပင်တွေနဲ့လမ်း ပန်းချီကားကိုတော့
(လက်ဆောင်အဖြစ်)
ခင်ဗျားအိမ်ရဲ့ နံရံဖြူဖြူပေါ်မှာ
ရေးခြစ်ထားခဲ့လေရဲ့။

၆၊ မတ်၊ ၂၀၀၄
ဟန်သစ်မဂ္ဂဇင်း၊ ဇွန်၊ ၂၀၀၄။

သော်ဒီဝေ
မြို့တစ်မြို့ ၊ လသုံးစင်း
ပထမအကြိမ်၊ ၂၀၁၃။
မြန်မာဧရာစာပေ