> သီဟသူ [dot] blogspot [dot] com

Feb 14, 2015

ဘား

သောက်ခဲ့တဲ့ခွက်
အရေအတွက် မမှတ်မိတော့ဘူး။
ဘီလ်မှာ တစ်ယောက် လက်မှတ်
ထိုးပေးလိုက်တယ်။
စာရင်း
မှန်တယ်လို့ တစ်ယောက်က
တော်တော်ကြာမှ
ဝင်ပြောတယ်၊ ခေါင်း
ငိုက်စိုက်ကျနေပြီ။ မဝသေးဘူး
တစ်ယောက်က ပြောတယ်။
"လမ်းအတွက် တစ်ခွက်"
မှာလိုက်တယ်။ မဝသေးဘူး။
ပြန်ဖို့ တက္ကစီပေါ်အတက်
ကားသမားကို အော်
ပြောလိုက်တယ်။ အနီးဆုံး
ဘား
သွားမယ်။

သီဟသူ
၂၇/၀၁/၂၀၁၅

ချာတိတ်ဘဝ-၂

အဲဒီတုန်းက ကျနော့်မှာ နားပေါက်၊
လီဗိုက် ၅၀၁၊ ဒါမှမဟုတ်
ဆေးလိပ်သောက်ကျင့်
မရှိဘူး။ ဆံပင်ရှည်
ရှိတယ်။

ကိုယ့်ကိုယ်ကို မိုက်တယ်
ထင်တယ်။ တကယ်တော့ မဟုတ်ဘူး။

နောက် ခင်ဗျားတို့လည်းတွေ့ရတဲ့
"၁၀နှစ်ကြာသော်"
ရုတ်တရက် စာတန်းထိုး။
အခု ဒီမှာ ကျနော်

လက်ထဲမှာ သောက်စရာတစ်ခွက်၊
ပျောက်သွားတဲ့ ၁၀နှစ်အတွက်
အမှတ်ရစိတ်

သောကြာညနေတိုင်း။ ။

သီဟသူ
၁၃/၀၂/၂၀၁၅

ချာတိတ်ဘဝ

ဒီနေ့ကျနော်ဟာ ချာတိတ်ကျနော်
အသက်ကြီးလာတာ
ဒါကတော့ သေချာတယ်။
ဖတ်ခဲ့တဲ့ စာအုပ်တွေ၊
နားထောင်ခဲ့တဲ့ သီချင်းတွေ၊
ကြည့်ခဲ့တဲ့ ရုပ်ရှင်တွေ၊ သူငယ်ချင်းတွေ၊
ကြီးပြင်းခဲ့ ပတ်ဝန်းကျင်
အသိုင်းအဝိုင်း၊ နောက်ဆုံး
အမေနဲ့ အဖေ
ရန်ဖြစ်တာက အစ
ဒါတွေကို ပြန်ပြန်ပြီး သတိတရ။

ကျနော့်ချာတိတ်ဘဝဟာ သီးသန့်၊
ကျနော့်ချာတိတ်ဘဝဟာ သူများတွေထက် ထူးမခြားနား။

အခုကျနော်လုပ်နေတာ
ချာတိတ်ဘဝကအကျင့်အတိုင်း လုပ်ခဲ့ဖူးတာတွေ ထပ်ကျော့၊
နောက် ချာတိတ်ဘဝက မလုပ်ခဲ့ရတာတွေ အတိုးချလုပ်။

ဘဝမှာဖြစ်ချင်တာကလည်း
ချာတိတ်ဘဝကို ထပ်ပြန်ကျော့၊ မတူအောင် နောက်ထပ်
ပြန်ကျော့ချင်တာရယ်၊ ဘာမှ
မဖြစ်ချင်တော့တာရယ်။

သီဟသူ
၁၂/၀၂/၂၀၁၅

အိမ်ထောင်စုဇယား၊ အိမ်ခန်းဖွဲ့စည်းပုံနှင့် မိသားစုဓာတ်ပုံ

အိမ်လိပ်စာပြောင်းတိုင်း အိမ်ထောင်စု
ဇယားမှာ လိုက်ပြောင်းရတယ်။ ဒါပေမဲ့
လူတွေပြောင်းမသွားဘူး။ ဒါပေမဲ့ အိမ်ပြောင်းရတော့
အခန်းဖွဲ့စည်းပုံတွေ ပြောင်းသွားတယ်။ ဒါပေမဲ့
နံရံမှာ ဓာတ်ပုံတွေချိတ်မြဲ။ ဒါပေမဲ့
ကြာလာတော့ ဓာတ်ပုံတွေ
ဆေးသားပြယ်လာတယ်။ ဒါပေမဲ့ ပြောင်းမသွားဘူး
မိသားစု။ ။

သီဟသူ
၁၁/၀၂/၂၀၁၅

Jan 3, 2015

တနင်္ဂနွေစကား-၄

ပြန်မလာ ဒီအတိတ်
ဘီယာဟာ အရက်တော့မဟုတ်ပါ ရီဝေညများ

ထပ်ခိုးလေးပေါ်က ရီဝေညများ
နိုင်တီတူး နှပ်ဆေး ရီဝေညများ

အချစ်ရွာ၊ လမ်းနဲ့အလွမ်း၊
လက်ဖက်ရည်ရိုးရိုး၊ ကျောက်မြောင်းရီဝေညများ

ဘီယာဟာ အရက်တော့မဟုတ်ပါ
ဘီယာဟာ အရင်လို မခါးသက်တော့ပါ

သတိရတုန်း ချရေးမိ
စကားလုံးများ

သီဟသူ
၀၇-၁၂-၂၀၁၄

Jan 1, 2015

ဒိုင်ယာရီ ၂၀၁၄

သွားမတိုက်ပဲ အိပ်ပျော်သွားခဲ့ရင် အပြစ်ရှိသလို အမြဲခံစားရတယ်။
လူ့မျက်စိဟာ ကင်မရာမှန်ဘီလူးဆို ၄၃မမ ဖြစ်လိမ့်မယ်။ ငါ့ဖုန်းက ကင်မရာမှန်ဘီလူးက ၂၈မမတဲ့။
နေ့လည်စာစားပြီး ရုံးစားပွဲပေါ်မှောက်မအိပ်ခင် ပြက္ခဒိန်ပေါ်က ဒီနေ့နေ့စွဲကို ကြက်ခြေခတ်လိုက်တယ်။
ရိုက်ပြီးသား ဖလင်လိပ်များ ဆေးဖြစ်ရန် မသေချာသေး။

သီဟသူ
၀၇-၁၂-၂၀၁၄

Dec 30, 2014

ညီမလေး

#1
ကို့ အသေကောင်ကို
မြေသားကတုတ်ကျင်းတွေထဲ
လိုက်ရှာတော့ ညီမလေး။
စစ်ဟာ မြို့ပြမှာလည်း
ရှိတယ်။
ရှိတယ်။ သေချာတယ်။


#2
ငရဲဆီသွားတဲ့လမ်းကို
စေတနာနဲ့ခင်းပေးထားတယ် တဲ့ စကားရှိတယ်။
စေတနာနဲ့ခင်းပေးထားတဲ့ လမ်းတွေကို သတိထားပေါ့ ညီမလေး
ရှင်သန်ခြင်းဆိုတာ
နတ်သမီးပုံပြင် မဟုတ်ဘူး။
စီစီဖတ်စ်ရဲ့ တောင်တက်ခရီး။


#3
အဲဒါတွေကို နားမလည်ဘူး
ဒါပေမယ့် ဆက်ရေးပေးနော်လို့ပြောတဲ့
ညီမလေး..
ကို့အနာတွေက
ကဗျာပေါ် ကျတဲ့တုတ်လိုပဲကွယ်။


#4
နှုတ်ခမ်းတွေက ခြောက်ကပ်နေတုန်း
နှလုံးသားက ပူနွေးစိုစွတ်နေတာ
ပြဿနာမရှိပါဘူး ညီမလေး
တေးသံတွေဟာ နှုတ်ခမ်းက ထွက်လာတာမဟုတ်ဘူး
နှုတ်ခမ်းတွေ စိုပြေနီတျာနေချိန်
ရင်ဘတ်ထဲ အမှောင်တိုက်ဖုံးနေတာ ခက်မယ်
ခါးသီးတဲ့စကားလုံးတွေဟာ
နှလုံးသားရဲ့ ထုတ်ကုန်တွေမဖြစ်ဖို့သာ လိုအပ်တာ


#5
လမ်းတွေက သိပ်ဖြူးနေတာ့
ချော်ကျမှာ စိုးရတယ်
တို့က တောင်ကုန်းတွေပေါ်က ဆင်းလာတာလေ
ခဲလေးတွေရှိတော့ ခြေကုပ်ရတာပေါ့ ညီမလေး


#6
သူစိမ်းပြင်ပြင်ဖြစ်မှုဟာ
မြူဆွယ်ဖြားယောင်းစရာမလိုဘဲ
နေရာတကာပြန့်နှံ့ပါတယ် ညီမလေး
ဒီတော့ ခက်ခက်ခဲခဲလေး
နွေးထွေးကြစို့ရဲ့။


#7
ကံဆိုးသူ
======
ကျွန်တော်ဟာ
ညီမလေးကြိုက်မယ့်
ကဗျာတွေ
မရေးတတ်သေးဘူး


#8
ရိုးအီနေတဲ့ စာသားတွေကို
ကဗျာဆရာတွေက မကြိုက်ဘူးကွယ်
ကိုတို့ စာသားအသစ်တွေ ရှာကြမယ်


#9
ညီမလေး
တိုက်ဆိုင်မှုများစွာထဲမှာ
ဒီအမြတ်တနိုးခေါ်ဆိုမှုက
တခြားသူတွေရဲ့ သုံးစွဲမှုတွေနဲ့
ထပ်တူနေခဲ့သည် ရှိတဲ့အခါ
ငါ့တစ်ဦးတည်းကို ခေါ်တာပဲလို့
သတိရလိုက်ပါ။


#10
ညီမလေး
ခေါင်းမြီးခြုံအောက်က
လူသတ် စိတ်သတ်
ခပ်ထက်ထက် လက်နက်တွေ
ဆောင်ကြတဲ့ခေတ်အခါ
ပန်းကလေးတစ်ပွင့်ပန်ပါ
ရိုးစင်းစွာ ဝတ်စားနေထိုင်ပါ
ဘာဟာ တည်တံ့သလဲ
ကိုတို့ရဲ့ လွတ်လပ် လုံခြုံမှုကလွဲလို့


#11
ညီမလေး
အဝေးကြီးမှာကျန်ခဲ့တာတွေရယ်
ရောက်လာဖို့ အဝေးကြီးလိုသေးတာတွေရယ်
ဒီနှစ်မျိုးက ခုလက်ရှိ နာရီပေါ်က စက္ကန့်တံလေးကို
ဝါးမြိုတယ်
ကိုအမှားတွေ လုပ်ခဲ့မိတယ်
အဲဒီထဲမှာ ညီမလေးတော့ မပါခဲ့ဘူး
ညီမလေးက အမှားတွေ များများမရှိခဲ့ဘူး
တစ်ခုပဲ
ကို့ကိုရွေးမိခဲ့တယ်
ကိုတို့ တစ်စက္ကန့်ချင်း ဆက်သွားကြမယ်


#12
ပြဇာတ်လေးတစ်ပုဒ်ရေးမယ်
ဆောင်းပါးလေးတစ်ပုဒ်လက်စသတ်မယ်
နှစ်တစ်နှစ်ကုန်တယ်ဆိုတာ ပြက္ခဒိန် လဲတာပါပဲ။
မမြဲခြင်းအနိစ္စထဲမှာ မြှုပ်ထားတဲ့ ရတနာအိုးကြီးထက်
အိပ်မက်တွေက စျေးပိုကောင်းတယ်
ညီမလေးရေ
နံနက်ခင်း မျက်နှာသစ်ပြီးချိန်ကစလို့
နေ့စဉ်ရယ်မောပါကွယ်

ရေဝတီ



Dec 7, 2014

၂၄/၇

၂၄/၇
(ကဗျာ ၇ပုဒ်)

၂၄-၁
ဒီလိုနေ့တွေမှာ
ကော်ဖီဟာ အသက်ဆက်ဆေး
Slipknot သီချင်းတွေဟာ စိတ်ငြိမ်ဆေး
မိုးက မတိတ်တော့ဘူးလား

၂၄-၂
ဒီလိုနေ့တွေမှာ
ကိုယ့်လက်သည်း ကိုယ်ပြန်ဆိတ်
နာကျင်မှုနဲ့ ဖြစ်ရှိမှုကို အတည်ပြု
မိုးက မတိတ်တော့ဘူးလား

၂၄-၃
ဒီလိုနေ့တွေမှာ
နှုတ်ဆိတ် တိတ်တိတ်
အသံမဲ့ အော်သံ
မိုးက မတိတ်တော့ဘူးလား

၂၄-၄
ဒီလိုနေ့တွေမှာ
အေးစက်ထုံကျင် ဟားတိုက်ရယ်
မော
မိုးက မတိတ်တော့ဘူးလား

၂၄-၅
ဒီလိုနေ့တွေမှာ
အကောင်းမြင် ဒီဂရီများ
အနှုတ်လက္ခဏာပြ
မိုးက မတိတ်တော့ဘူးလား

၂၄-၆
ဒီလိုနေ့တွေမှာ
ဆေးသားပြယ် မိသားစု ဓာတ်ပုံဟာ
ငွေ့ရည်ဖွဲ့
မိုးက မတိတ်တော့ဘူးလား

၂၄-၇
ဒီလိုနေ့တွေမှာ
အိမ်အပြန်လမ်းမှာ
ပြန်စရာ အိမ်ဘယ်မှာ
မိုးက မတိတ်တော့ဘူးလား

သီဟသူ
၂၁-၂၃၊ ၁၁၊ ၂၀၁၄

အိပ်မက်မှာနေထိုင်၊ ရှင်သန်မှုကို အိပ်မက်

ကားပိတ်လို့ နောက်ကျနေတဲ့ ဂိုဒေါ့
ရှေ့နေငှားမှ ထောင်လုံးလုံးကျတဲ့ ကေ
ကတ္တား ကံ ကြိယာ ပါပြီး သဒ္ဒါမှားတဲ့ ဝါကျ
ဘူတာမှာ ပုဒ်မ မချပဲ အတိတ်ဆီ ရထားထွက်ခွာရန် ၅မိနစ်အလို

သီဟသူ
၀၈-၁၀-၂၀၁၄

မှတ်စု (၄)

အတိတ်
ဓာတ်ပုံတွေအားလုံးကို
အဖြူအမည်း ပြန်ပြောင်းရမယ်။

မိသားစု
ဖြေရှင်းမရ ပဟေဠိ
ခဏ ခဏ ရန်မဖြစ်ကြရင် ကောင်းမယ်။

အမှတ်ရမှု
နာကျင်စရာပေးနိုင်တာ
ဒါတွေပဲပေါ့

သီဟသူ
၁၂-၀၈-၂၀၁၄