> သီဟသူ [dot] blogspot [dot] com

Mar 27, 2015

ချာတိတ်ဘဝ-၅

အဲဒီတုန်းက မန္တလေး
ဆောင်းမနက်တွေမှာ ကျွန်တော်
ထရပ်စုဝတ်၊ ဝေါကင်းရှူးစီး၊ မြစ်ကြီးနားက
အဖေဝယ်လာခဲ့တဲ့ သားမွှေးဦးထုပ်ကိုဆောင်း၊
အဖေ့ဆိုင်ကယ်ရှေ့မှာ ထိုင်ပြီး
တိမ်မိုးလွင်ကို သွားကြတယ်။

မန္တလေးဆောင်းမှာ ဆိုင်ကယ်ရှေ့
ထိုင်စီးတဲ့အခါ ဘယ်လောက်အေးသလဲဆို
ဆယ်တန်းမှာသင်ရတဲ့
အချုပ်တန်းဆရာဖေရဲ့ မန်းတုန်အောင်
လမ်းဆုံကဟစ်ချင်တာကို ဆရာမ ရှင်းပြတာ
မလိုအောင် လုံလောက်စေခဲ့။

အဲဒီတုန်းက မန္တလေးတောင်
အနောက်ဖက် မြင်းပြိုင်ကွင်း မျက်နှာချင်းဆိုင်
တိမ်မိုးလွင်မှာ လက်ဖက်ရည်ကို
လက်ဖက်ရည်ပန်းကန်ပြားထဲ
ထည့်၊ အေးအောင်မှုတ်ပြီးသောက်၊
မလိုင် နံပြားစား။

ဒီတစ်ခေါက်
တိမ်မိုးလွင်ကို
ဖြတ်သွားရင်း
ထိုင်ဦးမလား
အဖေကမေးတော့
ဟင့်အင်းလို့သာ ဖြေမိ။

တိမ်မိုးလွင်ဟာ
ဆိုင်းဘုတ်မှာသာ တိမ်မိုးလွင်
ကျွန်တော် ထရပ်စုဝတ်၊
ဝေါကင်းရှူးစီးပြီး သွားခဲ့တဲ့
တိမ်မိုးလွင်
မဟုတ်တော့။ ။

သီဟသူ
၁၇/၀၃/၂၀၁၅

ချာတိတ်ဘဝ-၄

အဲဒီတုန်းက ကျွန်တော်စက်ဘီးစီးကျင့်ခဲ့တဲ့လမ်းဟာ အကျယ်ကြီး
အဲဒီလမ်းမှာ တော်တော်မတ်တဲ့ကုန်းတက်တစ်ခုရှိတယ်
အဲဒီကုန်းတက်မှာ နင်းရတာတော်တော်မောတယ်။ မှတ်ဉာဏ်
အလွှာအထပ်ထပ်မှာ ဒီအမှတ်ရမှုက ဟိုးအောက်ခြေနား
ဒါပေမဲ့ ကြည်လင်နေဆဲ။ ဓာတ်ပုံသက်သေမရှိဘူး
အဲဒီတုန်းက ဖလင်စျေးကြီးတယ်။

ပြီးခဲ့တဲ့နှစ် ကျွန်တော်ပြန်ရောက်ခဲ့တယ်/အရောက်ပြန်သွားခဲ့တယ်
ကျွန်တော့်အတွက် အကျယ်ကြီးကျယ်ခဲ့တဲ့လမ်းဟာ
ကားနှစ်စီးသွားစာပဲရှိတာပဲ။
တော်တော်မတ်တဲ့ ကုန်းတက်၊ ကျွန်တော်သိခဲ့
အကြိမ်ကြိမ်နင်းတက်ခဲ့တဲ့ မတ်စောက်သောကုန်းတက်ကြီးဟာ
နိမ့်နိမ့်လေးပါလား။ သားမှတ်မိသလိုလဲမဟုတ်ပါလား။

အဲလိုပြောမိတော့ အဖေကရယ်တယ်။
အဖေ့ရယ်သံမှာ/ဟာ
ကျွန်တော် ချာတိတ်
သေးသေးလေးတစ်ယောက်ဖြစ်ခဲ့ကြောင်း သက်သေခံနေတယ်။
ဓာတ်ပုံသက်သေမလိုဘူး။ အခု
ချာတိတ်တစ်ယောက် ကြီးပြင်းခဲ့ပြီ မေမေရယ်*

သီဟသူ
၂၄/၀၂/၂၀၁၅
* ကောင်းကင်မေမေ၊ သုခမိန်လှိုင် (ကလေးလေးတစ်ယောက် ကြီးပြင်းခဲ့ပြီ မေမေရယ် စာသားကို ယူသုံးပါတယ်)

Feb 15, 2015

ချာတိတ်ဘဝ-၃

ချာတိတ်ဘဝဟာ
ဖြစ်နိုင်ခြေတွေအပြည့်နဲ့။

ကျနော့်ကမ္ဘာကြီး ပိုငြိမ်းချမ်းပြီး
ကျနော်ရှူတဲ့လေထု ပိုလတ်ဆတ်တယ်။

ကျနော့်အခန်းနံရံမှာ
အေကေ၄၇ နဲ့ အမ်၁၆ တစ်လက်စီရှိခဲ့တယ်။

လူကြီးတွေမေးလိုက်တိုင်း
တစ်နေ့ အင်ဂျင်နီယာလုပ်မယ်၊ နောက်တစ်နေ့ စစ်ဗိုလ်လုပ်မယ်။

အဲလို
အမျိုးမျိုးသော ဖြစ်နိုင်ခြေတွေနဲ့ အိပ်မက်

ကျနော်မက်ခဲ့၊
ပြန်မက်ချင်နေဆဲ။ ။

သီဟသူ
၁၄/၀၂/၂၀၁၅

Feb 14, 2015

မေးခွန်းများ

ငါရေကူးဖြစ်ခဲ့တဲ့နှစ်တွေတုန်းက ရေကူး
ကန်ကအပြန်လမ်းမှာ ပြေး
သူတို့ကိုမြင်တိုင်း တွေးမိတယ်။ ဘာလို့
သူတို့တွေ ပြေး
ကြသလဲ။

နောက်တော့ ငါလည်း ပြေးဖြစ်လာတယ်။

ခုတစ်ခါရေပြန်ကူးဖြစ်တော့ ရေကူး
ကန်ကအပြန် ပြေး
သူတို့ကိုမြင်ရင် မေးခွန်း
မထုတ်ဖြစ်တော့ဘူး။

ရောက်ရှိခဲ့၊ ပြုလုပ်ခဲ့ပြီး။

လက်ထဲက ဝီစကီ
လက်နှစ်လုံးကတော့ သောက်တိုင်း
ဘဝ၊ ချစ်ရမ္မက်၊ မိသားစု၊ အသက်ရှင်/သေမှု၊
စိတ်ခံစားချက်များ၊ မေးခွန်းများထုတ်လေ့ရှိတယ်။ အထပ်ထပ်
မေးတဲ့ မေးခွန်းကတော့ နောက်ထပ်
ယူဦးမလား လက်နှစ်လုံးစာ
ဝီစကီ။

သီဟသူ
၂၇/၀၁/၂၀၁၅

ဘား

သောက်ခဲ့တဲ့ခွက်
အရေအတွက် မမှတ်မိတော့ဘူး။
ဘီလ်မှာ တစ်ယောက် လက်မှတ်
ထိုးပေးလိုက်တယ်။
စာရင်း
မှန်တယ်လို့ တစ်ယောက်က
တော်တော်ကြာမှ
ဝင်ပြောတယ်၊ ခေါင်း
ငိုက်စိုက်ကျနေပြီ။ မဝသေးဘူး
တစ်ယောက်က ပြောတယ်။
"လမ်းအတွက် တစ်ခွက်"
မှာလိုက်တယ်။ မဝသေးဘူး။
ပြန်ဖို့ တက္ကစီပေါ်အတက်
ကားသမားကို အော်
ပြောလိုက်တယ်။ အနီးဆုံး
ဘား
သွားမယ်။

သီဟသူ
၂၇/၀၁/၂၀၁၅

ချာတိတ်ဘဝ-၂

အဲဒီတုန်းက ကျနော့်မှာ နားပေါက်၊
လီဗိုက် ၅၀၁၊ ဒါမှမဟုတ်
ဆေးလိပ်သောက်ကျင့်
မရှိဘူး။ ဆံပင်ရှည်
ရှိတယ်။

ကိုယ့်ကိုယ်ကို မိုက်တယ်
ထင်တယ်။ တကယ်တော့ မဟုတ်ဘူး။

နောက် ခင်ဗျားတို့လည်းတွေ့ရတဲ့
"၁၀နှစ်ကြာသော်"
ရုတ်တရက် စာတန်းထိုး။
အခု ဒီမှာ ကျနော်

လက်ထဲမှာ သောက်စရာတစ်ခွက်၊
ပျောက်သွားတဲ့ ၁၀နှစ်အတွက်
အမှတ်ရစိတ်

သောကြာညနေတိုင်း။ ။

သီဟသူ
၁၃/၀၂/၂၀၁၅

ချာတိတ်ဘဝ

ဒီနေ့ကျနော်ဟာ ချာတိတ်ကျနော်
အသက်ကြီးလာတာ
ဒါကတော့ သေချာတယ်။
ဖတ်ခဲ့တဲ့ စာအုပ်တွေ၊
နားထောင်ခဲ့တဲ့ သီချင်းတွေ၊
ကြည့်ခဲ့တဲ့ ရုပ်ရှင်တွေ၊ သူငယ်ချင်းတွေ၊
ကြီးပြင်းခဲ့ ပတ်ဝန်းကျင်
အသိုင်းအဝိုင်း၊ နောက်ဆုံး
အမေနဲ့ အဖေ
ရန်ဖြစ်တာက အစ
ဒါတွေကို ပြန်ပြန်ပြီး သတိတရ။

ကျနော့်ချာတိတ်ဘဝဟာ သီးသန့်၊
ကျနော့်ချာတိတ်ဘဝဟာ သူများတွေထက် ထူးမခြားနား။

အခုကျနော်လုပ်နေတာ
ချာတိတ်ဘဝကအကျင့်အတိုင်း လုပ်ခဲ့ဖူးတာတွေ ထပ်ကျော့၊
နောက် ချာတိတ်ဘဝက မလုပ်ခဲ့ရတာတွေ အတိုးချလုပ်။

ဘဝမှာဖြစ်ချင်တာကလည်း
ချာတိတ်ဘဝကို ထပ်ပြန်ကျော့၊ မတူအောင် နောက်ထပ်
ပြန်ကျော့ချင်တာရယ်၊ ဘာမှ
မဖြစ်ချင်တော့တာရယ်။

သီဟသူ
၁၂/၀၂/၂၀၁၅

အိမ်ထောင်စုဇယား၊ အိမ်ခန်းဖွဲ့စည်းပုံနှင့် မိသားစုဓာတ်ပုံ

အိမ်လိပ်စာပြောင်းတိုင်း အိမ်ထောင်စု
ဇယားမှာ လိုက်ပြောင်းရတယ်။ ဒါပေမဲ့
လူတွေပြောင်းမသွားဘူး။ ဒါပေမဲ့ အိမ်ပြောင်းရတော့
အခန်းဖွဲ့စည်းပုံတွေ ပြောင်းသွားတယ်။ ဒါပေမဲ့
နံရံမှာ ဓာတ်ပုံတွေချိတ်မြဲ။ ဒါပေမဲ့
ကြာလာတော့ ဓာတ်ပုံတွေ
ဆေးသားပြယ်လာတယ်။ ဒါပေမဲ့ ပြောင်းမသွားဘူး
မိသားစု။ ။

သီဟသူ
၁၁/၀၂/၂၀၁၅

Jan 3, 2015

တနင်္ဂနွေစကား-၄

ပြန်မလာ ဒီအတိတ်
ဘီယာဟာ အရက်တော့မဟုတ်ပါ ရီဝေညများ

ထပ်ခိုးလေးပေါ်က ရီဝေညများ
နိုင်တီတူး နှပ်ဆေး ရီဝေညများ

အချစ်ရွာ၊ လမ်းနဲ့အလွမ်း၊
လက်ဖက်ရည်ရိုးရိုး၊ ကျောက်မြောင်းရီဝေညများ

ဘီယာဟာ အရက်တော့မဟုတ်ပါ
ဘီယာဟာ အရင်လို မခါးသက်တော့ပါ

သတိရတုန်း ချရေးမိ
စကားလုံးများ

သီဟသူ
၀၇-၁၂-၂၀၁၄

Jan 1, 2015

ဒိုင်ယာရီ ၂၀၁၄

သွားမတိုက်ပဲ အိပ်ပျော်သွားခဲ့ရင် အပြစ်ရှိသလို အမြဲခံစားရတယ်။
လူ့မျက်စိဟာ ကင်မရာမှန်ဘီလူးဆို ၄၃မမ ဖြစ်လိမ့်မယ်။ ငါ့ဖုန်းက ကင်မရာမှန်ဘီလူးက ၂၈မမတဲ့။
နေ့လည်စာစားပြီး ရုံးစားပွဲပေါ်မှောက်မအိပ်ခင် ပြက္ခဒိန်ပေါ်က ဒီနေ့နေ့စွဲကို ကြက်ခြေခတ်လိုက်တယ်။
ရိုက်ပြီးသား ဖလင်လိပ်များ ဆေးဖြစ်ရန် မသေချာသေး။

သီဟသူ
၀၇-၁၂-၂၀၁၄