> သီဟသူ [dot] blogspot [dot] com

Sep 11, 2015

တနင်္ဂနွေ (အဖေနဲ့အမေသို့ တမ်းချင်း)

တနင်္ဂနွေညနေ
တံတားပေါ် လမ်းလျှောက်ထွက်
သက်ကြီးပိုင်းစုံတွဲ
သုံးတွဲ
ကျွန်တော် သတိထားမိခဲ့။

ပထမဆုံးက သူတို့
သမီးဖြစ်လိမ့်မယ်။
အဖေနဲ့ အမေ
ဟိုမှာရပ်၊ ဒီမှာရပ် ပြောပြီး
ဓာတ်ပုံရိုက်။
အဖိုးကြီးနဲ့ အဖွားကြီး
ကင်မရာရှေ့ မနေတတ်။
တည့်တည့်မကြည့်။
အမျိုးသမီး
သူ့အဖေနဲ့ အမေတို့ရဲ့ ပုံကောင်းကောင်းရဖို့
ကျွန်တော် ဆုတောင်းပါရဲ့။

ဒုတိယ
အဖိုးကြီးက အဖွားကြီးလက်ကိုဆွဲ
ဟိုမှာရပ်၊ ဒီမှာရပ်
ပြောပြီး ဓာတ်ပုံရိုက်။
အဖွားကြီး ကင်မရာရှေ့မနေတတ်။
တည့်တည့်မကြည့်။
သူတို့နှစ်ယောက်ကို
အတူတွဲ ဓာတ်ပုံရိုက်ပေးဖို့တော့
ကျွန်တော် အကူအညီမပေးမိခဲ့။

တတိယ
အဖိုးကြီးက ဓာတ်ပုံရိုက်ခါနီးတိုင်း
အဖွားကြီးကို ပြုံးဖို့ သတိပေး။
အဖိုးကြီးကလည်း ဓာတ်ပုံရိုက်တာ
ကုန်းလိုက် ကွလိုက်နဲ့ ကြိုးစားပမ်းစား။
အဖွားကြီး သဘောတွေကျ၊
အဖွားကြီး ပြုံးလို့။
ပုံတွေ ကြည့်ကောင်းမယ်ဆိုတာ
ကျွန်တော် လုံးဝ သံသယမရှိ။

ကျွန်တော်
အဖေနဲ့ အမေ
သတိရမိ။
ပထမ အဖိုးကြီးနဲ့ အဖွားကြီး
စုံတွဲကို တွေ့လိုက်ကတည်းက။

ဟိုဟိုဒီဒီ
ဓာတ်ပုံရိုက်ပြီး
ကျွန်တော်လည်း အိမ်ပြန်ခဲ့။
အဖေနဲ့ အမေ့အိမ်
အဝေးက အိမ်။

လမ်းမှာ ကျွန်တော် တွေးမိတယ်။

ဘဝနဲ့ သေခြင်း
အကြောင်း။

များသောအားဖြင်ကတော့
သေခြင်း။


သီဟသူ
၃၀၊ ၀၈၊ ၂၀၁၅

Aug 14, 2015

ဖြစ်တည်မှု (၅)

အခု မြေနီကုန်းမှာ၊ ဖတ်လက်စ စာအုပ်
၂၃.၃% ပြီးတော့ ၂၄%
လက်ကျန် ဘက်ထရီ
ညနေ ၁၉:၃၁

ရထားထဲ ဒီမျက်နှာတွေချည်း
ဒါပေမဲ့
ပြီးတော့ ကျွန်တော်လည်း အပါအဝင်

ဝတ်စုံမဝတ် ဂျင်းပင်ဝတ်
ဒါပေမဲ့ ကျွန်တော်လည်းပဲ လခစား

ဒီလိုနေ့တွေမှာ
ဘတ်စ်ကားဟာ အချိန်မှန်
ပြီးတော့ ရှေ့တည့်တည့်လာရပ်

လေယာဉ် ပထမတန်း
ကတော့ မစီးဖူးဘူး

အသက်၁၆နှစ်မှာ
အိမ်ကနေ ထွက်
မပြေး အဲဒီကတည်းကသိခဲ့
အမေ့အိမ်ထမင်း အိမ်ဟင်းသာ
အကောင်းဆုံး

ကဗျာ
ဖတ်တဲ့အခါ ဖတ်နေတာ
ကဗျာ
လို့ တင်ကူးစိတ်နဲ့
ဖတ်တယ်

ဒါဆို
ဒီဟာကော...

သီဟသူ
၂၈၀၇၂၀၁၅

Jul 18, 2015

အဲဒါ/အတွက်/တစ်ခွက်

အဲဒါ
အတွက်
တစ်ခွက်


ချင်းတွင်း
တစ်အုပ်
တစ်လေ
ရလို့
ကောက်ဖတ်
ယခင်
လမှ
အဆက်
ဆိုတာ
တွေ့လိုက်
ရတဲ့
အခါ
အဲဒါ
အတွက်
တစ်ခွက်။
ပန်းဆိုး
တန်းစာ
အုပ်ဆိုင်
သတိ
ရတဲ့
အခါ
အဲဒါ
အတွက်
တစ်ခွက်။
ကျစိမ့်
ကျောက်မြောင်း
သတိ
ရတဲ့
အခါ
အဲဒါ
အတွက်
တစ်ခွက်။
ကျွန်တော့်
အမှတ်
ရခြင်း
အများ
အပြား
အဲဒါ
တွေ

တွက်
...


သီဟသူ
၂၀၁၅၀၇၁၇

Jul 11, 2015

ဖြစ်တည်မှု (၄)

မနေ့က ကျွန်တော် အင်္ကျီအသစ်တစ်ထည်ရတယ်။
စာအုပ်တွေ၊ ကျွန်တော်ကြိုက်တဲ့ စာအုပ်တွေဟာ
ကျွန်တော့်အတိတ်နဲ့ စပ်ဟပ်လို့ရတာမျိုးတွေ။
ကျွန်တော် ဘာကိုကြိုက်မိမယ်
လုံးဝမတွေးတတ်ဘူး

အနာဂတ်မှာ။ နာမည်
ကို မမေ့ဘူး။
ဒါပေမဲ့ သူမရဲ့မျက်နှာ
လုံးဝဗလာ
အခု၊ ကျွန်တော့်မှတ်ဉာဏ်ထဲမှာ။

ကျွန်တော့်ရဲ့ ပီစီကို ဖောမတ်မချခင်
ဘက်ကပ်လုပ်တော့
ဖိုင်တွေ
အများကြီး
လုံးဝအရေးမကြီး

ကျွန်တော့်အတွက်။ ဒါတောင်မှ
အချိန်အကြာကြီး
ကျွန်တော်သိမ်းထားခဲ့။
ပြီးတော့ ဖြုန်းတီးခဲ့
မှတ်ဉာဏ်

နေရာတွေ။ ဒီနေ့၊ ကျွန်တော်
နေလို့ထိုင်လို့ကောင်း
ကျွန်တော့်မှတ်ဉာဏ်ကို
ဖောမတ်ချခဲ့ပြီး ဆံပင်ညှပ်ခဲ့ပြီး
မနေ့ကအင်္ကျီအသစ်ကို ဝတ်ဆင်ခဲ့။

သီဟသူ
၂၀၁၅၀၇၀၃

ငါ့လူငယ်ဘဝကို ဖော်ပြမယ့် တီရှပ်

-၁-
ငါကြိုက်တဲ့ သေနတ်များနဲ့ နှင်းဆီပန်းများ
ဒါမှမဟုတ်
ခပ်မိုက်မိုက် စာသားနဲ့
ဒါမှမဟုတ်
'ချေ'
ဒါမှမဟုတ်
'ကတ်'
ဒါမှမဟုတ်
ပလိန်းသက်သက်

ဒါပေမဲ့
အနက်ရောင်။ ။


-၂-
 လျှော်တာများပြီး အရောင်လွင့်
စတစ်ကာလည်း သိပ်မကျန်

"နင့်အင်္ကျီက အရောင်တောင်မပေါ်၊
စုတ်တီးစုတ်ဖတ်နဲ့"

အမေက မဝတ်ဖို့ပြောလည်း
ပြန်ပြန်ဝတ်

ငါ့အတွက်တော့
ဆေးသားအပြည့်နဲ့
အနက်။ ။


-၃-
အနက်ရောင်
တီရှပ်ပေါ်
အဖြူရောင်
သင်္ဘောဆေး
ΝIИ
လိုဂို
စပရေးဖျန်း
ကိုယ်တိုင်လုပ်
တီရှပ်
ငါဝတ်ခဲ့။

ငါအိမ်ကထွက်လာတော့
အဲဒီတီရှပ်
ငါနဲ့အတူ ပါမလာခဲ့။

ဒီတစ်ခေါက်
အိမ်အပြန်
ငါ့အဖေ
အရောင်မရှိတော့တဲ့
ငါ့ ΝIИ တီရှပ်
ကိုဝတ်ပြီး ကားရေဆေးနေတာ
ငါတွေ့ခဲ့ရ။

အရောင်မရှိတော့တဲ့
ငါ့ ΝIИ တီရှပ်ဟာ

ငါ့မျက်စိထဲမှာ
ငါ့လူငယ်ဘဝ၊
ဟုန်းဟုန်းတောက်
အနက်ရောင်တွေနဲ့။ ။

သီဟသူ
၂၀၁၅၀၇၀၁

သို့/ ဗျူကောင်းစကီး (၄)

လွန်ခဲ့တဲ့ များမကြာသေးမီကာလအထိ
ဦးလေးကြီးကို ကျွန်တော်
မသိဘူး။ ဘယ်သူလဲ

ဗျူကောင်းစကီးဆိုတာ။ အခု
ကြည့်လိုက်ပါဦး ဒီမှာ
ကျွန်တော် ဦးလေးကြီးဆီ

စာတွေဘာတွေရေးလို့။
ပြောချင်တာက ဒီနေ့
ကျွန်တော် အခမဲ့ညစာ၊

ဝိုင်တစ်ပုလင်း
လက်ဆောင်အဖြစ် ရခဲ့တယ်။
ချီးယားစ် ဦးလေးကြီး၊

များမကြာသေးမီကာလအထိ
ကျွန်တော်မသိခဲ့တဲ့
ဗျူကောင်းစကီး။

သီဟသူ
၁၄/၀၃/၂၀၁၅

သို့/ ဗျူကောင်းစကီး (၃)

ဘီယာ ၄ပိုင့်
အကုန် ဆိုင်ကပြန်
ပိုက်ဆံအိတ်ထဲ ရထား
လက်မှတ်ကတ်၊ ၂ဒေါ်လာ၊ နောက်ဆုံးအိမ်
အပြန် ရထားပေါ် ကောင်မလေး
ပေါင်၊ ခြေသလုံး - ခြေထောက်နှစ်ဖက်လုံး
အမာရွတ်တွေ

၀၀၂၃နာရီ
ဦးလေးကြီးလို ခြေထောက်
စိတ်ဝင်စားသူ
ဘာရေးဖြစ်မယ်
ကျွန်တော်
မသေချာ

"ကောင်လေးရ၊
အမာရွတ်တွေအကြောင်း ငါ
ရေးပါ့မလားကွ။"လို့ ပြောမှာ
သေချာ

၀၀၂၃နာရီ
ဦးလေးကြီး ထပ်သောက်ဖို့လုပ်ဦးမယ်
အသေအချာ။ ။

သီဟသူ
၂၆/၀၂/၂၀၁၅

သို့/ ဗျူကောင်းစကီး

မနေ့ကသောက်ခဲ့တဲ့ ဘီယာ
၂.၆လီတာရဲ့
ကယ်လိုရီပမာဏကို
တွက်ချက်ပြပါ။

ဒါမှမဟုတ်

"ကောင်လေးရ၊
မင်းသောက်တာ
နည်းလွန်းသကွ။"လို့
ပြောလိုက်စမ်းပါ။

သီဟသူ
၀၆/၀၂/၂၀၁၅

သို့/ ဗျူကောင်းစကီး (၂)

နောက်တစ်ဆိုင်ပြောင်းတော့ ဘီယာ
အမည်ပြောင်းသွားတယ်
စားပွဲထိုးကောင်မလေး ပြောင်းသွားတယ်။
မပြောင်းလဲတာကတော့. . .

ဒီအနေအထားရောက်လာရင်
"ကောင်လေးရ၊
သိပ်မတွေးနဲ့ကွ
သောက်သောက်။"လို့
လာပြောလှည့်ပါ။ ။

သီဟသူ
၀၇/၀၂/၂၀၁၅

မွေးနေ့သီချင်း

တစ်ခါတစ်လေ ဝမ်းနည်းဖို့ကောင်းစရာဖြစ်ပေမဲ့
ဒါမျိုးကလည်း
ဖြစ်တတ်ပါတယ်

မဖန်တီးနိုင်တဲ့အခါ
ဘာသာပြန်တယ်

ကဗျာနဲ့
ဝန်ဆောင်မှုပေးဖို့ကို
ငြင်းဆန်ပိုင်ခွင့် ကျုပ်မှာရှိတယ်

သီဟသူ
၃၁/၀၅/၂၀၁၅
ရန်ကုန်