> သီဟသူ [dot] blogspot [dot] com

Mar 28, 2009

အသံတစ်ခု

ဘယ်သူ့ကို ငြူစူရမလဲ
အချစ်
ကြမ်းပြင်ပေါ် စာရွက်လွတ်တွေကြည့်ကာ
ခပ်တိုးတိုး ခေါ်ဆိုမိတယ်။
လေဝင်လေထွက် မကောင်းတဲ့ အခန်းထဲ
ရောဂါဘယများနေတဲ့ ပိုးမွှားတစ်ကောင်ပါ။
ရနံ့မသင်းတော့တဲ့ အရေပြားဥယျာဉ်ထဲ
အရာရာ ဦးညွတ်နေတဲ့ ပန်းတစ်ပွင့်ပါ။
ငါ
ဘာမှ မမှားသေးဘူး။ ။

တင်ကိုလတ်
အမှတ် ၁၆၊ ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ ၀၈

ကော်ဖီတစ်ခွက်

ပူပူနွေးနွေးစိတ်ကူးများ
ကိုယ့်စကားနဲ့ကိုယ် အငွေပျံလို့
တနင်္ဂနွေနေ့ဟာ
ကိုယ်နဲ့မတော်တဲ့ ဂျင်းဘောင်းဘီ
ချောင်းဆိုးပျောက်ဆေးဟာ
ဇိမ်ခံပစ္စည်းလား
လက်မောင်းသွေးလာသောက်တဲ့ ခြင်ကို
သံခင်းတမန်ခင်း ဆက်ဆံလို့မဖြစ်
စီးကရက်ပြာမှအစ
စည်းကမ်းတကျ ခြွေချခဲ့ပါတယ်
ညည်းငွေ့မှုဟာ အဖော်မပါ
ကော်ဖီဆိုင်မှာ ထိုင်စောင့်လို့
ဒီနေ့ ဘယ်သူနဲ့မှ စကားမပြောလိုတော့ပါ။

ကြည်ဇော်အေး
ရိုးရိုးသားသားသစ်သီး

ငါက ငါ့ ကံကြမ္မာဆီကို သွားတာဖြစ်တယ်

ဝတ်စုံပြည့် လေ့ကျင့်ဖူးတဲ့
ဥရောပ ရုပ်ရှင်တစ်ကားစာ မရှိတရှိ
ငါ ကြီးပြင်းခဲ့။

အခု... ကြားနေရတာက
တရွ့ရွေ့အုပ်မိုးထားတဲ့
ရောင်စုံမိုးတိမ်တွေကြားက
ငါ့ ရင်ခုန်သံဖြစ်မယ်။

ဘာပဲဖြစ်ဖြစ်
သူရဲကောင်းတွေဟာ
ကိုယ့်လည်ပင်းကိုယ် ပြန်မလှီးဘူးဆိုရင်
ကိုယ့်အလောင်းကိုယ် အသုဘပြန်ပို့ရဲတယ် ဆိုရင်
ဒီလိုပဲ ပြောကြစို့။

ဒါဟာ နောက်ဆုံးခံကတုတ်ဖြစ်တယ်ဆိုရင်တောင်
ဘုရားသခင်ရဲ့ အထောက်အပံ့တွေကို ငြင်းကြ။

ကိုမှိုင်း
အမှတ် ၁၄၊ ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ ၀၇

ဂွါရာနီကား

ပီကာဆို ဆွဲသွားတာလို့ပြောတာပဲ
ကျွန်တောကတော့
ဘာရယ်မှန်းမသိဘူး... ဆိုတော့
ကမ္ဘာကြီးက ရယ်မောပြီးပြောတယ်
ဘယ်သိမှာလဲ
မင်းကိုယ်တိုင်က
အဲဒီပန်းချီကားထဲက တစ်ယောက်ပေါ့... တဲ့
ဂွါရာနီကား။

စံညိမ်းဦး
အမှတ် ၆၊ ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ ၀၆

ရယ်ရမောရ

အားတိုင်းယားတိုင်း ဒီဆံပင်ကိုပဲ
လက်နဲ့ ထိုးထိုးဖွ
လုပ်စရာက ဒါပဲရှိတာကိုးလို့ ပြောရတော့မလိုလို
ကြော်ငြာအစီအစဉ်မှာ
နုပျိုခြင်းရဲ့ လျှို့ဝှက်ချက်ဆေးဝါးတွေကတစ်မျိုး
မျိုးဆက်သစ်တို့ရဲ့ အရသာအချိုရည်တွေကတစ်မျိုး
ကိုယ့်ထက် အသက်ကြီးတဲ့အရက်ပုလင်းတွေကတစ်မျိုး
ပြောပြန်ရင်လည်း
ဓားကို လျှာပေါ်တင်သွေးရသလိုဖြစ်ဖြစ်နေ
ပါးပါးလေးဘဲ
အထူအပါးနားမလည်ဘူးလားဘာလားညာလား
ပလက်ဖေါင်းပေါ်ကစကားကို
ပလက်ဖေါင်းပေါ်ကလူပဲနားလည်တယ်
စိတ်ကူးတည့်ရာလုပ်တာဆိုလို့
အရူးနဲ့ ကလေးနှစ်မျိုးပဲရှိ
ဒဏ်ရာမကျက်သေးခင်မှာပင်
ချုပ်ရိုးအရင်ဆွေးဆွေးသွား
ဘာမှန်းလည်းမသိဘူး
ပြန်တွေးမိရင် ပြန်ရယ်ရတုန်းပဲ။

ကြည်ဇော်အေး
အမှတ် ၂၊ ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ ၀၆

ပန်းချီ

ငါ့အူတွေက ခွေးလို သံရှည်ဆွဲအူလို့
ငါ့အစာအိမ်က စစ်လမ်းကြောင်းကျတဲ့ ရွာလေးတစ်ရွာလို။

ငါ့ကျောက်ကပ်တွေက
တဗွမ်းဗွမ်း ရေတွေလျှံလို့။

ငါ့အဆုတ်တွေက
ဖွတ်ချက်ဖွတ်ချက်နဲ့ မီးခိုးတအူအူ
ဘယ်လိုမှ စားသုံးလို့မရတော့ဘူး။

ငါ့အရိုးနဲ့အဆစ်တွေဂျွိုင်းထားတဲ့ ဂျွိုင်းနတ်တွေပြုန်းပေါ့
ငါ့ခန္ဓာ တာဘိုအင်ဂျင်သူရဲကောင်းကြီးလေ...
သူရဲကောင်းကြီးတဲ့...
ဘယ်လိုမှ ဆုတံဆိပ်တွေ မမျှော်မှန်း
ဘာဆုတံဆိပ်တွေမှ မရခဲ့တဲ့ သူရဲကောင်းကြီးပေါ့။

ငါဘယ်တော့မှ လက်နက်မချနိုင်ဘူးတဲ့
ဘာကြောင့်လဲဆိုတော့
ငါ့မှာ ချစရာလက်နက်မရှိလို့ပါကွယ်တဲ့။ ။

မောင်ချောနွယ်

မောင်ချောနွယ်အတွက် မနေနိုင်လို့ရေးတဲ့ကဗျာ

မိုးတွေရွာပေါ့
အဲသလို မိုးတွေရွာတုန်းတစ်နေ့မှာ
ဖော်ဝေးဟာ
ထွက်ခွာသွားပါတယ်။

အဲသလို မိုးရွာတုန်းမှာပဲ
ကိုလေးအောင်လည်း
ထွက်ခွာသွားခဲ့ပါတယ်။

ခုတစ်ခါ မောင်ချောနွယ်
သူငယ်ချင်း မောင်ချောနွယ်
နှစ်ပေါင်း သုံးဆယ်ကျော်
ငါတို့ ချီတက်ခဲ့ကြရာမှ
မင်းထွက်ခွာသွားပေါ့။

သူဟာ သူ့ကိုယ်သူ ရုပ်ရှင်မင်းသား
ဖြစ်မယ်လို့ တကယ်ထင်ခဲ့တယ်။

အဲဒါကြောင့်
ငါတို့ ရယ်ခဲ့ကြတယ်။

သူဟာ သူငယ်ချင်းတွေကို
အမြဲမနာလိုရှိခဲ့တယ်။

အဲဒါကြောင်းလည်း
ငါတို့ ရယ်ခဲ့ကြတယ်။

သူဟာ အများသိကဗျာဆရာပေါ့
ဒါပေမယ့် အဲဒီထက်မက
သူဖြစ်ချင်ခဲ့လို့
ကဗျာတွေ အများကြီး ရေးခဲ့တယ်။

ငါတို့ ကဗျာတွေအများကြီး
ဖတ်ခဲ့ရတယ်။

အဲသလို ရယ်စေ
ကဗျာတွေ ဖတ်ရစေတဲ့...
... အဲဒီ့နေရာမှာ
ငါ့ကဗျာဟာ ရပ်သွားတယ်။

ငါ ဘာဆက်ရေးရမလဲ
ဟိုရှေးရှေးက စာဆိုတော်ကြီးတွေလို
ငါ့ကလောင်ကို ခဏချ
ငေးတိငေးရာ ငေးရတယ်။

ဪ...မောင်ချောနွယ်
သူဟာ အဆင်မပြေခဲ့ပါ
မတည်ငြိမ်မှုထဲမှာ
ဆောင်တည်ရာမရခဲ့ပါဘူး။

ဖန်ခွက်တစ်ခွက်နဲ့
အရက်တစ်ခွက်တစ်ခွက်နဲ့
သွေးတစ်စက်တစ်စက်နဲ့
ဘဝ တဆတ်ဆတ် ကတုန်ကယင်နဲ့
ငြင်းပယ်ခံရမှုနဲ့
လှည့်လည်တောင်းခံရမှုနဲ့
တစ်ကိုယ်လုံးထိုးအပ်လိုက်ရမှုနဲ့
နောက်ဆုံးတော့ ပါးလျားသေးသေးလေး
သေးသေးလေး အစက်လေးတစ်စက်
အစက်တစ်စက်။

အဲဒီအစက်လေးတစ်စက်အထိ
ကဗျာတွေ ရေးထွက်ခဲ့သေးတယ်။

ဪ... သူငယ်ချင်း
ခုလည်း
မိုးတွေမည်းလို့
မိုးတွေရွာပေါ့။

'သူငယ်ချင်းသေရင် ကိုယ်ငိုမှာပါ'ဆိုတဲ့
သူငယ်ချင်း
မင်းသေတော့ ငါငိုမထွက်ခဲ့ပါ
ငိုမယ်ဆို ငိုစရာတွေ မဆန့်မပြဲပဲ
ငါတို့ဘဝတွေမှာ
ငါတို့ရဲ့ ပက်ပက်စက်စက် ဘဝတွေမှာ။

အိမ်မှာ ပန်းချီကားတစ်ချပ်
တိမ်ပြာထဲ ခေါင်းအုံးတစ်လုံး
မင်း အပူအပင်ကင်းစွာ အိပ်စက်ရပါစေသား။

ရယ်စရာပါ သူငယ်ချင်း
ငိုစရာလည်း ပါပါလိမ့်မယ်
လူငယ်လေးတစ်ယောက် မူးတိုင်းရွတ်ပြတယ်
"မင်းတို့ပြောတော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း
ကွယ်လွန်ပြီဆို
ခု... ဘယ်မှာရှိတော့လို့တုန်း" တဲ့
ပြက်လုံးပါ။

ဟုတ်ပါတယ်
မောင်ချောနွယ် မရှိတော့ပါ။

ဪ... သူငယ်ချင်း
ခုလည်း
မိုးတွေမည်းလို့
မိုးတွေရွာပေါ့။ ။

အောင်ချိမ့်
စက်တင်ဘာ၊ ရနံ့သစ်၊ ၂၀၀၃

ခင်ဝမ်းအတွက်ကဗျာ

သူမပျော်ဘူးဆိုတာ
ငါသိခဲ့ပါရဲ့။

ငွေစရွှင်တဲ့ ပန်းချီဆရာအဖြစ်နဲ့တောင်
မပျော်ရွှင်ခဲ့ဘူးလား
ငါသိခဲ့ပါရဲ့။

'အဖေ့သွား ရေထဲမှာအိပ်တယ်'
ငါသိခဲ့ပါရဲ့။

'ပြည်မှာဆောင်း' 'ကောလိပ်နေ့ရက်များ'
ငါသိခဲ့ပါရဲ့။

နောက်ဆုံး 'မိုက်ကယ်ဖေးလ်'လို'စပရေး'ပက်ခဲ့တယ်
ငါသိခဲ့ပါရဲ့။

မောင်ဒီရဲ့သူငယ်ချင်း
ငါသိခဲ့ပါရဲ့။

ငါမပျော်ရွှင်ပုံ
သူရိပ်မိခဲ့သလို
သူမပျော်ရွှင်ခဲ့တာ
ငါသိခဲ့ပါရဲ့။

ငါတို့ဟာ မတိုင်ပင်ပဲအတူတူ
ကိုယ့်ထောင့်မှကိုယ်
မနေနိုင်မထိုင်နိုင် ရှာတွေ့ခဲ့ကြ
ကျွမ်းပြန်ခဲ့ကြ။

ငါတို့မေ့လျော့ခဲ့ကြတယ်
'သေမှု'ဟာ ရှုင်သန်နေပြီး
'ရှုင်မှု'ဟာ သေဆုံးနေတယ်
ငါတို့ မေ့လျော့ခဲ့ကြတယ်။

ခုတော့
ကြွေပေါ့။

ကျော်ကြားတဲ့ ၂၀၀၀ပြည့်နှစ်ထဲရောက်မှ
ကြွေပေါ့။

အလို၊ အဲဒီကြွေတဲ့ကြယ်ဟာ
'ခင်ဝမ်း'အမည်တပ်ရမှာပါလား။

ငါက ကဗျာဆရာ
ဒီတိုင်းပြည်မှာ ကဗျာဆရာ
အခက်အခဲများ
ခလုတ်ကန်သင်းအတိုက်များတဲ့ ကဗျာဆရာ ဒီကဗျာ
ငါ့အကြောင်းပါ ငါထည့်စပ်လိုက်ပါရဲ့။

အောင်ချိမ့်
ယနေ့ခေတ်၊ ဖေဖေါ်ဝါရီ ၂၂၊ ၂၀၀၀

မြေချစ်သူကို လိုက်ပို့ကြခြင်း

တို့တွေ တစ်ယောက်နဲ့တစ်ယောက်ဝေးကြ
နီးပေမယ့် ဝေးကြ
ဝေးသော် ပို၍ဝေးကြ
နှစ်ယောက်အိပ်ခုတင်ပေါ် လင်မယားဝေးကြသလို
ခေတ်ကြီးတစ်ခေတ်လုံးခြားခဲ့သလို
ဝေးကြ။

အပေါ်ယံဆိုပေမယ့် အပေါ်ယံမှာပဲ ကျဆုံးခဲ့ကြတယ်
ယင်ကောင်တွေလိုအများအပြား
နှစ်တွေလက်ဆင့်ကမ်းခဲ့ကြရုံ
သေတော့
အံ့အားသင့်ရ
မသေခင် လှည့်မကြည့်နိုင်ကြ
သုတ်သီးသုတ်ပျာ ပျာယာခတ်ကြ။

စက်တွေ ခွေးသွားစိပ်ပွန်းသလို
ထစ်အခဲ့ကြ။

ငိုစရာ ရယ်စရာဟာ သိပ်မကွဲပြားတော့
ယောင်န ခဲ့ကြ။

သစ်ရွက်တစ်ရွက် ညှိုးနွမ်းစွာ တွားသွားခဲ့တယ်။
လူတစ်ယောက် အားနည်းစွာ ရှပ်တိုက်ခဲ့တယ်။

ရှင်ခဲ့တယ်
သေခဲ့တယ်
တစ်နေကုန်တစ်နေခန်း
လမ်းသလားခဲ့တယ်။

လမ်းသလားရင်း လမ်းမှာ
လမ်းပျောက်ခဲ့တယ်။

လမ်းသလားရင်း လမ်းမှာ
တောမှောက်ခဲ့တယ်။

လွဲမှား
အဖာ အစပ် အပြစ်များလှတဲ့
ဒီဘဝ ဒီခန္ဓာ ဒီရုပ်
ချုပ်ရိုးပြတ်ခဲ့ပေါ့။

သူသေခဲ့တယ်
လူသေခဲ့တယ်
၁၉၉၇ နွေကြီးမှာ
သူသေခဲ့ပါပေါ့။

ရုပ်ရှင်ကားတစ်ကားလို
ရုပ်ရှင်ကားတစ်ကားဟာပြီးခဲ့ပြီး
နောက်ထပ် ရုပ်ရှင်ကားတစ်ကား
ခေါင်းတိုင်ထိပ်မီးခိုးများ။

မနိုင်ဝန်ထမ်းထားတဲ့ ငါ့ရဲ့ လက်ဘက်ရည်ပူပူကို
နွေးအောင် သူ မှုတ်သောက်ခဲ့တယ်။

ဘဝကြီးရဲ့ တစ်ဖက်သတ် ရှုံးပွဲများအတွက်
သူထိုက်ထိုက်တန်တန် ဝေစုရခဲ့တယ်
အဲဒီဝေစုအတွက်ဖြင့်
သူ တာဝန်ကျေခဲ့ပါရဲ့။

အောင်ချိမ့်
စက်တင်ဘာ၊ ရနံ့သစ်၊ ၁၉၉၇

ကျွန်ုပ်ဘက်က ကိစ္စများ

ဒီအသီးကို ဘယ်အပင်က
ခူးသလဲလို့ သင်တို့ငါ့ကိုမေးကြ။

ဒီအင်္ကျီကိုဘယ်ဆိုင်က
ချုပ်ခဲ့သလဲလို့ သင်တို့ငါ့ကိုမေးကြ။

ဒီသရဖူကို ဘယ်သူက
ဆောင်းပေးခဲ့သလဲလို့ သင်တို့ငါ့ကိုမေးကြ။

မေခွန်းများဟာ
လျှာများကို အပျင်းပြေစေတယ်။

ငါ့မှာ...
ဝှက်ထားတဲ့ တောင်ပံတစ်စုံရှိတယ်။

ငါ့မှာ...
ဝှက်ထားတဲ့ ကောင်းကင်တစ်ခုရှိတယ်။

သစ္စာနီ၊ မိုးဝေ၊ ၁၉၈၇။
မိမိအရေပြားမှ လမ်းလျှောက်ထွက်ခြင်းကဗျာစာအုပ်၊ စာ ၁၆