> သီဟသူ [dot] blogspot [dot] com

Feb 25, 2011

လျှောမွေး

ဒီကဗျာတွေဟာ မရှင်သန်ဘူး
ဒါဟာ ဝမ်းနည်းဖွယ်ကောင်းတဲ့ ဆေးစစ်ချက်ပဲ။
သူတို့ခမျာ ခြေချောင်းလက်ချောင်းလေးတွေ ပါလာကြသား
သူတို့ရဲ့ နဖူးလေးတွေဟာ အာရုံစိုက်မှုနဲ့ ဖောင်းကား။
လူတွေလို ထသွား ထလာ လမ်းလျှောက်ခြင်းနဲ့ လွဲခဲ့ကြတာ
မိခင်မေတ္တာမရခဲ့လို့တော့ အပြစ်တင် မစောကြပါနဲ့။

သူတို့ ဘာဖြစ်သွားကြတယ်ကို ကျွန်မ နားကို မလည်နိုင်ဘူး။
သူတို့မှာ ပုံသဏ္ဌာန်၊ အရေအတွက်၊ အစိတ်အပိုင်း
မှန်ကန်ပြည့်စုံကြတာပဲ။
ဆားစိမ်ရည်ထဲမှာ သူတို့ ကောင်းမွန်စွာထိုင်လို့။
ကျွန်မကို သူတို့ ပြုံးပဲပြုံးပြနေကြတယ်။
အဆုပ်တွေတော့ ပြည့်မလာကြ
နှလုံးလည်း ဘယ်လိုလုပ်လုပ် မခုန်ဘူး။

သူတို့ဟာ ဝက်တွေမဟုတ်ဘူး။
ငါးကလေးတွေတောင် မဟုတ်ဘူး
ဝက်လိုလို ငါးလိုလို ဟန်ရှိရုံပါပဲ။
သူတို့ အသက်ရှိကြရင် ပိုကောင်းမှာပေါ့
အသက်လည်း ရှိခဲ့ကြတာပဲ။
ဒါပေမဲ့ အခုတော့ သက်မဲ့
သူတို့အမေဟာလည်း စိတ်သောကနဲ့ တစ်ပိုင်းသေ
အဲဒါတောင် သူတို့ဟာ ငထုံငအတွေလို စိုက်ကြည့်
သူတို့အမေအကြောင်း ဘာတစ်ခွန်းမှ မဟကြဘူး။

ဆစ်လ်ဗီယာ ပလာ့သ်
ဇူလိုင်၊ ၁၉၆၀

ဆစ်လ်ဗီယာ ပလာ့သ် ဘဝ၊ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ
ဇေယျာလင်း
၂၀၀၃

Feb 23, 2011

ပြဿဒါးများ

အပြန်လမ်းတစ်ခု အကြွေးပေးရမှာပဲ အဖတ်တင်တယ်
ဘယ်သူမှ တံခါးမခေါက်ချင်တဲ့ မြွေတွန်သံတွေကို
အကြိမ်ကြိမ် တွန်းဖွင့်နေမိခဲ့ ငါ့မှာ

သားကို မျှော်နေမယ့် အမေ့ရင်ရိပ်မှာပဲ မအိပ်စက်နိုင်သေးဘူး
ချစ်သူကို လွမ်းတနေမယ့် ညီမလေးရဲ့ ရင်ငွေ့ကိုလည်း
မလှုံနိုင်သေးဘူး
အဝေးပြေးကားကြီးတွေကို ငေးကြည့်ရင်မောနေရတယ်

မနက်ဖြန်မှာ ဘာဖြစ်မယ် မသေချာသေးဘူး
ကမ္ဘာကြီးကရော လည်နေဦးမှာပဲလား
အစာကိုမြင်လို့ ချိတ်ကို မကြောက်တဲ့ငါးတွေဟာ
မြို့ပြမှာနေထိုင်ကြတယ် ငါ့လို

စိတ်သွားတိုင်းတော့ ခရီးမပေါက်နိုင်ဘူးပေါ့
ယုံယုံကြည်ကြည် ရိုးသားခဲ့ပါတယ်
လူကို မောင်းနှင်နေတဲ့ လောင်စာဟာ ဆာလောင်မှုပဲ

အခု ငါဝှက်ယူလာခဲ့တဲ့ ဘဝသစ္စာကို ပွတ်သပ်
တယုတယ ရိုက်ချကြည့်မိတော့ “ဘူဖဲ” ပဲ
အခုထိ ငါ့ဆီ ကြွေကျမယ့်ကြယ် မရှိဘူး
အိမ်မပြန်နိုင်တဲ့ စိတ်ကလေး အပြင်းဖျားတယ် ...။


ကိုသျှား
ပိတောက်ပွင့်သစ် မဂ္ဂဇင်း၊ အမှတ် (၃၇)၊ ဒီဇင်ဘာ၊ ၂၀၁၀

Feb 22, 2011

ဇန်နဝါရီတုန်းက မရေးဖြစ်ခဲ့တဲ့ ဒိုင်ယာရီ

(၁.၁.၂၀၁၁ - ၃၁.၁.၂၀၁၁)


မှန်ထဲပြန်ကြည့်လိုက်တိုင်း တွေ့တွေ့နေတာ ဘွန်ဆိုင်းပင်တစ်ပင်။
နေရောင်လည်းမရဘူး၊ ရေနဲ့ဝေးတဲ့ ရေသောက်မြစ်တွေနဲ့။

အမြစ်တွေရှိဖို့အရေးကြီးတယ်။
ပျော့ပျောင်းမှုရှိရတယ် (ဒါမှ လေပြင်းဒဏ်ကိုခံနိုင်မယ်)။
စိုက်တဲ့နေရာမှာ ကြီးထွားတယ်။*

ရောမကိုပဲရောက်ရောက်၊ နျူးယောက်ကိုပဲရောက်ရောက်
ဘွန်းဆိုင်းဟာ ဘွန်ဆိုင်းပဲ။ ။

သီဟသူ
၂၂.၂.၂၀၁၁

* 3 things I learnt from trees - Yeo Shih Yun

Feb 19, 2011

ကြေးမုံပြင်

ငါဟာ ငွေသားစစ်စစ်...
ငါဟာ တိကျတယ်။
ငါ့မှာ ကြိုတင်မှတ်ယူချက်တွေ မရှိဘူး။
ငါ မြင်မြင်သမျှ ချက်ချင်းစုတ်မြိုချလိုက်တယ်။
ချစ်ခြင်းမုန်းခြင်း မြူမရှိ၊
သူ့အတိုင်းပဲ ပကတိ။
ငါ မရက်စက်တတ်ပါဘူး။
ဖြောင့်မတ်မှန်ကန်ရုံပါပဲ
နတ်ဒေဝတာလေးရဲ့ မျက်လုံး၊ လေးထောင့်ကွက်။
များသောအားဖြင့်
ငါ့ရှေ့တူရူက နံရံကို ငါ ကမ္မဌာန်းရှုတယ်။
အဲဒီနံရံဟာ ပန်းနုရောင်၊ အစွန်းအကွက်တွေနဲ့။
ကြည့်ဖန်များလာတော့ အဲဒီနံရံဟာ
ငါ့နှလုံးသား အစိတ်အပိုင်းလို့တောင် ငါထင်နေပြီ။
ဒါပေမဲ့ မြင်ချည်ကွယ်ချည်နဲ့။
အဲဒီနံရံနဲ့ ငါ့ကို
မျက်နှာတွေနဲ့ အမှောင်ထုဟာ
ခဏခဏ ခွဲပစ်တယ်
ငါဟာ အခု ရေကန်တစ်ကန်။
ငါ့ပေါ်မှာ မိန်းမတစ်ယောက် ငုံ့ကိုင်း
သူ့အစစ်အမှန်ကို ငါ့ရေပြင်ထဲ ဖွေရှာတယ်။
ပြီးတော့ ဟိုဘက် သူလှည့်ပစ်လိုက်တယ်။
လူလိမ်တွေဘက်၊ ဖယောင်းတိုင်တွေဘက်၊
ဒါမှမဟုတ် လ ဘက်။
သူ့ကျောပြင်ကို ငါမြင်ရတယ်။
မြင်တဲ့အတိုင်း သစ္စာရှိရှိ ပြန်ပေးတယ်။
သူပြန်ပေးတဲ့ဆုကတော့ သူ့မျက်ရည်တွေ၊
ပြီးတော့ ဂဏှာမငြိမ်တဲ့ သူ့လက်တွေ။
ငါဟာ သူ့အတွက် အရေးကြီးတယ်။
ငါ့ဆီသူ ရောက်ရောက်လာတတ်တယ်။
ငါ့ဆီက သူပြန်ပြန်သွားတတ်တယ်။
မနက်တိုင်း မနက်တိုင်း
အမှောင်ထုကို အစားထိုးတာ သူ့မျက်နှာ။
ငါ့ထဲမှာ မိန်းမပျိုလေးတစ်ယောက်ကို
သူနှစ်သတ်ပစ်ခဲ့ဖူးတယ်လေ။

ငါ့ထဲကပဲ
နေ့စဉ်နေ့တိုင်း
သူဆီတက်တက်ပေါ်လာတယ်။
ကြောက်ဖွယ်လိလိငါးကြီးတစ်ကောင်လို
အိုမင်းနေတဲ့ မိန်းမတစ်ယောက်။ ။

ဆစ်လ်ဗီယာ ပလာ့သ်
၂၃၊ အောက်တိုဘာ၊ ၁၉၆၁

ဆစ်လ်ဗီယာ ပလာ့သ် ဘဝ၊ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ
ဇေယျာလင်း
၂၀၀၃

Feb 18, 2011

၂၀၁၁၊ ဖေဖေါ်ဝါရီ

တစ်နှစ်ကျော် မေ့နေခဲ့တဲ့

ပိတောက်(ပွင့်သစ်) အမှတ်တမဲ့ ပြန်တွေ့ရှိ၊

ပျော်ရွှင်ခြင်းဟာ စီဒီအသွင်နဲ့ ရောက်ရှိ - 237 MB

တစ်နှစ်ပြည့်တော့မယ့် သမီးလေး

ထွားလာလိုက်တာ ဖိုးဖိုးကြီး မနည်းချီထားရတယ်

ဓါတ်ပုံထဲ။

အိမ်ပြန်နောက်ကျလာတယ်၊

စာပိုဖတ်ချင်လာတယ်၊

ကော်ဖီဆို စတားဘတ်ခ်၊

လိုက်ရင်း ပြေးရင်း လိုက်နေရဆဲ ငွေကြေး နဲ့

မင်းမရှိလည်း ဖြစ်နေပါပြီ ငါရဲ့ “မရှိမဖြစ် မိုး”၊

အိမ်လွမ်းစိတ် တငွေ့ငွေ့နဲ့

ညစဉ် မေတ္တာပို့တယ်

မေမေ

ကျန်းမာပါစေ။ ။



သီဟသူ

၁၈.၂.၂၀၁၁

Feb 13, 2011

ဘဝ အော်ပရာ

ဇာတ်ကွက်ထဲ မျောနေကြရပုံ
တစ်ယောက်တည်းက
ဘီလူးခေါင်းချွတ်ပြီး
မင်းသားဝတ်နဲ့ထွက်လာမယ်ဆိုတာ
သိရက်နဲ့တောင် မေ့ထားကြရတယ်
ငါတို့တွေ


သီဟသူ
၁၃.၂.၂၀၁၁

သို့ မေမေ (၈)

မေမေရေ
၁၉၉၉ခုနှစ်
သားနဲ့ မေမေကြည့်ခဲ့တဲ့ ရုပ်ရှင်
deep blue sea
ငါးမန်းတွေ အရမ်းကြောက်ဖို့ကောင်းတယ်နော်


မေမေရေ
လူတွေက ပိုကြောက်ဖို့ကောင်းပါတယ်


သီဟသူ
၁၃.၂.၂၀၁၁

Jan 30, 2011

စက္ကူမင်းသား

စက္ကူမင်းသားကို ကျွန်တော်မြင်တွေ့ခဲ့ရသည်မှာ ကန်ခွဲရွာကလေးတွင် ဖြစ်ပါသည်။ ကန်ခွဲရွာကလေး၏ ဆွမ်းကြီးလောင်းပွဲ အကြိုညနေခင်းတွင် စက္ကူမင်းသားကို ပထမဆုံးစတင်မြင်တွေ့ခဲ့ရပါသည်။ ဘုန်းကြီးကျောင်းပေါ်မှနေ၍ ကျောင်းပရိဝုဏ်အတွင်းသို့ မြိုင်ဆိုင်သောတီးမှုတ်သံများဆီ လှမ်းကြည့်လိုက်ရာ စက္ကူမင်းသားကို ဗြန်းခနဲ တွေ့လိုက်ရပါတော့သည်။ နွားနှစ်ကောင်ကထားသော လှည်းတစ်စီးပေါ်တွင် လော်စပီကာကြီးကို ဦးမော့မော့တင်ကာ တေးသံမြိုင်မြိုင်ကို ကျယ်လောင်စွာဖွင့်၍ ဘုန်းကြီးကျောင်းအတွင်းသို့ စက္ကူမင်းသားနှင့်အဖွဲ့ ဝင်ရောက်လာခဲ့ကြပါသည်။ လော်စပီကာကြီး၏ နောက်ဖက်ဆီတွင် ဝိုင်ယာကလစ်များဖြင့် ဖမ်းညှပ်တွယ်ဆက်ထားသော ဘက်ထရီအိုးရှိပါသည်။ ဘက်ထရီအိုးမှာ အားအပြည့်ဖြည့်ထားပုံရပါသည်။ လော်စပီကာမှ တေးသံမြိုင်မြိုင်က ဘုန်းကြီးကျောင်း ပရိဝုဏ်ကို လွှမ်းသွားသည်မဟုတ်ပါလော။ နွားလှည်း၏ ရှေ့ဆီတွင် ကွေးနေအောင် ခုန်ပေါက်ကနေသော စက္ကူမင်းသားကို ကျွန်တော်တို့ တွေ့မြင်ရပေသည်။ စက္ကူမင်းသားကို ကြည့်ပါ။ မည်းပြာပြာမျက်နှာထက် ဘေးတစ်ဖက်တစ်ချက်စီတွင် သနပ်ခါးပါးကွက်ကြီးနှစ်ခု။ အလယ်တွင် သနပ်ခါးတားထားသော နှာတံ၊ ကွမ်းတွေဝါးထားပုံရသော ပါးစပ်နှင့် သွားများက နီရဲလို့နေသည်။ စက္ကူမင်းသားသည် ဦးခေါင်းထဲတွင် စက္ကူခေါင်းပေါင်း၊ ရင်ဘတ်တွင် စက္ကူစလွယ်၊ လက်ကောက်ဝတ်ဆီတွင် စက္ကူအဆင်တန်ဆာတို့ဖြင့် ချစ်ခင်ဖွယ် တင့်တယ်နေလေသည်။ စက္ကူ လည်ဆွဲကြီးကိုလည်း အကျအနဆွဲထားပါသည်။ အဆင်တန်ဆာတို့၏ အောက်ဆီမှ အင်္ကျီနှင့်ပုဆိုးများမှာ သာမန်ကျေးတောသားတစ်ယောက်၏ ဝတ်စားဆင်ယင်မှုမျိုးသာဖြစ်ပါသည်။

စက္ကူမင်းသား၏ ထူးခြားချက်မှာ ခါးနောက်ပိုင်း လုံချည်ထဲတွင် သူ၏ဖိနပ်ကို ထိုးသွင်းထားခြင်းဖြစ်ပါသည်။ ဘုန်းကြီးကျောင်းထဲမှာ ခုန်ပေါက်ကနေစဉ် သူ၏ဖိနပ်ကို ဤသို့ခါးကြားတွင် ထိုးသွင်းထားခြင်းက စိတ်အချရဆုံးပင် မဟုတ်ပါလော။ ကန်ခွဲရွာ ဓမ္မရက္ခိတဘုန်းကြီးကျောင်းဝင်းထဲတွင် ရွာနီးချုပ်စပ်မှ ဆွမ်းတော်ပွဲပို့သူများဖြင့် ဖွေးဖွေးလှုပ်လို့နေသည်။ ပရိသတ်များက စက္ကူမင်းသားကိုကြည့်ကာ တပြုံးပြုံးနှင့်၊ နွားလှည်းပေါ်ရှိ လော်စပီကာမှ ထွက်ပေါ်နေသောတေးသံအလိုက် ကွေးနေအောင် ခုန်ပေါက်ကနေသူမှာ စက္ကူမင်းသားပင် ဖြစ်ပါသည်။ သူကခုန်လိုက်တိုင်း စက္ကူခေါင်းပေါင်းကလေးက လေထဲမှာ တဖျပ်ဖျပ်လှုပ်နေပါသည်။ ပါးစပ်မှလည်း သီချင်းတေးသွားအလိုက် သီဆိုဟန်ပြုကာ ကျော့ကျော့မော့မော့ ဖြစ်နေပါသည်။ သူ ကရင်းပြုံးရယ်လိုက်သောအခါ နီရဲနေသောသွားများ ပေါ်လာပါသည်။

“ကန့်လန့်ကာကြီးရယ်နေပါဦး ကလို့ကောင်းနေတုန်း
ရွာသားကြီးရယ်တီးပါဦး ဆိုလို့ကောင်းနေတုန်း”

စက္ကူမင်းသားသည် မြိုင်ဆိုင်သောတေးသံအလိုက် ခုန်ပေါက်ကနေပါသည်။ လက်ကိုကွေးလိုက်၊ ခြေကိုမြှောက်လိုက်၊ ကိုယ်ကိုတစ်ပတ်လည်လိုက်နှင့်။ ဤသို့ကခုန်နေရင်းမှပင် တစ်ချက်တစ်ချက် စက္ကူမင်းသား၏ လက်တစ်ဖက်က ခါးကြားတွင်ညှပ်ထားသော ဖိနပ်ကိုစမ်းကာ ပြန်လည်ထိုးသွင်း၍ သေသေသပ်သပ် စိတ်ချလက်ချဖြစ်အောင် ပြုလုပ်လိုက်ပါသေးသည်။ ကျွန်တော်သည် ဘုန်းကြီးကျောင်းပေါ်မှနေ၍ စက္ကူမင်းသားကို ကြည့်နေမိပါသည်။

“လေးစားစွာဖြင့် မွေးဖွားလာတဲ့ မင်းသားလေးနော်”

စက္ကူမင်းသား၏ တေးသံကမြည်နေသည်။ ကလေးတွ၊ ခွေးတွေနှင့် ရွာနီးချုပ်စပ်မှ ဧည့်ပရိသတ်များအကြားမှာ စက္ကူမင်းသားသည် ချွေးတစိုစိုနှင့် ကခုန်မြူးတူးလျက် .......... ။

နေမျိုး
၂၀၀၂၊ ၃၊ ၁၆

နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်

Dec 20, 2010

တရားဟောဆရာ

ငါသည် တရားဟောဆရာမဟုတ်။ သို့သော် ငါယခု တရားဟောရတော့မည်။ သို့သော် တရားဟောစင်မြင့်ပေါ်သို့ ငါရောက်နေပြီ။ ထို့ကြောင့် ငါတရားဟောရတော့မည်။ ငါဘာမျှမသိ။ ငါဘာမျှမသိကြောင်းကို စတင်ဟောမည်။ အမှားနှင့်အမှန်ကို ငါပြတ်သားစွာ မခွဲခြားတတ်။ အမှားနှင့်အမှန် ငါမခွဲခြားတတ်ကြောင်းကိုဟောမည်။ ထပ်ဆင့်၍ အမှားနှင့်အမှန်သည် အမြွှာညီအစ်ကိုသဖွယ် ခွဲရခက်ကြောင်း (သို့မဟုတ်) ရောပြွမ်းနေကြာင်း၊ ငါတို့၏ သိမှုကို အလုပ်ရှုပ်စေကြောင်း၊ ငါ့ထင်မြင်ချက်များကိုလည်း ထည့်ဟောမည်။ လူတစ်ယောက်အဖို့ အသက်ရှင်နေရခြင်းထက်ပို၍ တန်ဖိုးမြင့်မားသောအကြောင်းများ ရှိကောင်းရှိလိမ့်မည်။ သို့ရာတွင် ထိုသို့သော အကြောင်းများ တည်ရှိနေဖို့အတွက် အသက်ရှင်ခြင်းသည် အခြေခံလိုအပ်ချက်ဖြစ်ကြောင်း ငါဟောမည်။ သို့ရာတွင် ငါဘာမျှမသိ။ ငါ့ကိုယ်ငါ သိနေသည်ဟု ထင်မြင်ခြင်းများသာရှိသည်။ ထိုအကြောင်းကိုလည်း ငါဟောမည်။ စနေနေ့ကသောက်ခဲ့သော အရက်သည် တနင်္ဂနွေနေ့အထိ အမူးမပြေသေး။ ငါသည်ယခုအထိ အမူးမပြေသေးသောသူတစ်ယောက်ဖြစ်သည်။ နောက်ဘဝများ (ရှိသူဆိုလျှင်) ထိုသို့တိုင်အောင် ငါအမူးပြေလိမ့်မည်မထင်။ အကြောင်းမှာ ငါသောက်ခဲ့သောအရက်က ပြင်းလွန်း၍ ဖြစ်သည်။ တရားဟောခြင်းသည် ငါ့အသက်၏ ရှင်ခြင်းကိုဖြစ်စေသည်။ ထို့ကြောင့် တရားဟောရန်ငါရောက်လာခြင်းဖြစ်သည်။ ယခုတရားဟောစင်မြင့်ပေါ် ငါရပ်နေသည်။ ငါ့အတွက် လက်ခုပ်သြဘာသံမလို၊ ငါ့အတွက် သဘောတူညီမှုမလို၊ ငါ့အတွက် ချီးမွမ်းစကားမလို။ ငါတရားဟောဆရာမဟုတ်။ သို့သော် ငါ ယခု တရားဟောရလိမ့်မည်။ ငါ့အန္ဓအဖြစ်ကို ငါ ဟောမည်။

အကြောင်းမှာ ငါ့အသံက ကျယ်လောင်သောကြောင့် ဖြစ်သည်။ ငါ့ဟောပြောချက်ကို နားဆင်သူမရှိလည်း ငါဆက်ဟောရလိမ့်မည်။ လူတွေကို ငါမနှစ်သက်။ ငါ့ကိုယ်ငါလည်း မနှစ်သက်၊ ငါ့ကိုယ်ငါ မနှစ်သက်ရခြင်းမှာ ငါသည် လူတစ်ယောက်မျှသာဖြစ်နေခြင်းကြောင့် ဖြစ်ပေသည်။

နေမျိုး
၂၀၀၃၊ ၆၊ ၁၀

နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်

Dec 19, 2010

လှေ နေသော လူးလွန့် မှု အစဉ်

အနာတရ ဖြစ်နေတဲ့ ခွေးတစ်ကောင် ကိုတွေ့ခဲ့သလို တွေ့ခဲ့ခြင်းမဟုတ်ပါ။
အကောင်းပကတိ ကျန်းမာနေတာလည်း မဟုတ်ခဲ့ပါ။
စတွေ့ တာ ဘယ်အချိန် ကမှန်းမမှတ်မိ။ မှတ်မိတဲ့အချိန်မှာ သွက်သွက်ခါအောင် ရူးနေခဲ့ပြီ ဖြစ်ခဲ့သည်လား ၊ ဖြစ်ဆဲလား။
ခု ထိ ရူးနေတုန်းလို့ ဆိုရမလို ခဏနေ ကောက် ကောင်းသွားသည်။
အများကြီး ဆက်ဆံ ခဲ့ ကြဖူးသည်။ ပူးဝင် ဆန့်ထွက် ခဲ့ဖူးသည်။
ရူးလျှင် ကောင်း၍ ၊ ကောင်းလျှင် ရူးသည်။ ဆန့်ကျင်ဖက် ဖြစ်သည်။ တစ်ဖက်တည်း ရွေးမရပါ။
ညာတယ် ။
မညာပါဘူး။
ဒီအတိုင်းအများအပြားပဲ။
အဲ ဒါဖြားယောင်းတာ။
အမှန်က အမှန် က ဒီမှာလေ။
အမြဲ ရှိနေခဲ့သည်။ ပျောက်ချင်လျှင် ပျောက်သွားသည်။ အမြဲ ရှိနေသည် ဟုထင်သည်။
တစ်ခါတလေ ရှေ့က သွားသည်။ တခါတလေ နောက်ကလိုက်သည်။
တခါတလေ ရှိမနေလောက်အောင် အမြဲ ရှိနေခဲ့သည်။
ဘာပဲပြောပြော ရူးနေတာပဲ မဟုတ်လား။
ဒါဆို ကောင်းနေလို့ပဲ နေမယ်။
ဘယ်တုန်းကမှ မညာခဲ့ရဘူးလေ။
(ဒီအပိုဒ်မှာ ဇာတ်လမ်း က ၀င်လာတယ် ညာခဲ့ရတာလား မညာခဲ့ရတာလား။) (ဘယ်တုန်းကမှ ပါတယ်) (ဘာ မညာ ရမှာတုန်း)
အဲ့ဒါ ကောင်းလာအောင်လို့။
ပြောသမျှ လိုက်ပြောနေရမှာလား။
လုပ်သမျှ လိုက်လျောနေရမှာလား။
ပျောက်သွားပြန်သည်။
ပုံပြင်သည် အတို အရှည် မညီ တစ်ပုဒ်တည်းခွဲထွက်လာသည်။
ဇာတ်လမ်းဆင် ပြောသည်။ တခွန်းဟတာနဲ့ စ လိမ်ညာနေတော့သည်။
မရှက်ဘူးလား။
မညာစရာ ဒီ မုသားပဲရှိတယ်။
ဖြားယောင်းခံရခြင်းမှာ လမ်းဆုံးရှိတယ်ဆို ရင်
လမ်းဆုံးကို ဘယ်တော့မှ ရောက်လိမ့်မယ်မဟုတ်ဘူး။
ဇာတ်လမ်းသည် သည်နေရာတွင် မိုးကြီး ၏။ လေတိုက်၏။
အဲ့ ဘောလုံး လေးကိုလေ မပစ်လိုက်ပါနဲ့ မပစ်လိုက်ပါနဲ့။ ဘုရားသခင်ရေ။
ဘာ ဘုရားသခင် မရှက်ဘူးလာ။
ရွေးစရာများထဲတွင်ရွေးစရာ ပျောက်နေသည်။
အမှောင်ထဲတွင် အမည်း ပျောက်နေသည်။
အဖြူထဲတွင် အဖြူ ပျောက်နေသည်။
အဖြူထဲ မှ အမည်းကျတော့ မည်းသည်။
ဘာဖြစ်ချင်တာလဲ။
ဖြစ်ချင်တာဖြစ်လို့ရတယ်။
သတ္တိ ရှိစရာပဲလိုတယ်။
ပြေးရဲတာထက် လိုက်ရဲတာ သတ္တိ
မငိုနဲ့နော်။
မျက်ရည်ကျမှာ။
ပြောမရဘူးလား။
နောက်မှာ ၊ ရှေ့မှာ ၊ တောင်မှာ ၊ မြောက်မှာ ၊ အထက်မှာ ၊ အောက်မှာ
နေရာတကာရှိသည်။
ပျောက်သွားပြန်သည်။
လွမ်းရပြန်သည်။
ဒီနေရာမှာ မွန်းလိုက် ဆိုနာတာ လိုလို ဖာအီလိုက်လိုလို ပီယာနိုတေးသွားဝင်လာသည်။
ဝတ်စုံ အမည်းများ ၀တ်ထားသော များ မိုးမှောင်ကြီးထဲတွင် သံပြိုင်သီဆိုကြသည်။
တမာရွက်များ ကြွေကျလာတာမြင်ရသည်။
စိမ်း ခါးဖန့်ဖန့် အရွက်ပါ။
တမာရွက် ခေါ် သကွ။
လွယ်သားပဲ။ ဒီလိုပဲ ဖြစ်ရမည်။
ဟိုမှာ မြင်လား။ ဘာပြောမလဲ။
လိမ်ညာခြင်းဟာ အပြစ်မရှိပါလို့ ဘယ်သူပြောလဲ။
အပြစ်ရှိရင် ပြစ်ဒဏ်ပေးခြင်း ရှိတာပဲလား။
ဘယ်သူပေးလဲ။ ဘယ်ကရလဲ။ ဘယ်သူစီရင်သလဲ။
ကျားနာ တစ်ကောင်လို ခဲပလိုက်သည်။ ငါးမန်းတစ်ကောင်လို ရုန်း၍ ခဲလိုက်သည်။
မိကျောင်းတစ်ကောင်လို ရေနက်ထဲ ဆွဲနှစ်လိုက်သည်။
ထို အပြုံးကို ယုံကြည်လိုက်ပါ။ အနာဂတ် ကို အပြုံး ထဲ ထည့်၍ လိမ်ညာကြည့်သည်။
နေသာသားပဲ။ ပြစ်ဒဏ်ပေးခံရမယ်။ ဘယ်သူပေးမတဲ့တုန်း။
စတွေ့ စက မရူးပါ။ ဘာသာ စကား ဘယ်သူပေးသတဲ့တုံး ဘယ်တုန်းက။
အသံ ကင်းမဲ့စွာ အော်ငေါက်ပလိုက်သည်။
လေဟာနယ် ထဲ ပြေးဝင်သွားသည်။
မောနင်း ဟု မောနင်း ဟု မောနင်း ဟု သတိရပါတယ်ဟု သတိရလိုက်တာဟု
မောနေပြီ ပျင်းနေရင်။
လူဆိုတာ။
မင်း လူမှ မဟုတ်ဘဲ။ ဒါဆို အတောင်ပံများ ဖြန့်ထုတ်လိုက်သည်။
ညာဘက်ကြွက်သားများကို အားကုန်လှုပ်ကြည့်လိုက်မိသည်။ အနီးနားရှိ သစ်ရွက်များတစ်ချို့ လှုပ်ခတ်သွားသည်။
ညာရော ဘယ်ရောလှုပ်ကြည့်သည်။ ပေါ့ပါးသလိုလို စတင်ခံစားရတော့သည်။
ခြေပိုင်းကို အားစိုက်၍ ကန်ထုတ်လိုက်သည်။
ဂလောက်ကနဲ အသံတစ်ခုမြည်သွားသည်။
ထိုမှ သည်သို့ သည်မှ ထိုသို့ စည်းချက်များ စည်းကပ်သွားသည်။
အသံသည်ငြိမ်ကျလာသည်။
စက်ရုပ်ပဲ။ ဘာတဲ့။
ဘာသာစကားနဲ့ပဲ သိတဲ့ သိမှု နဲ့သာ လူဖြစ်မြောက်သည်။
စတွေ့စကတည်းက အကောင်းပကတိမဟုတ်ခဲ့ပါ။
ဟု စဆုံးက ဟာကို သိသလို လိမ်လိုက်သည်။
နာစူးနေသော ဘယ်ဖက်တောင်ပံကို စမ်းကြည့်လိုက်မိသည်။
လေဟာနယ်ထဲ ပြေးသွားမိသည်။
လွင့်ထွက်သွားသည်။
တကယ် ပျံနိုင်သည်ပဲ။


.
..
...
မရူးတော့ပါ။ မသိတော့ပါ။ ဟု သိချင်ယောင်ဆောင်လိုက်သည်။
ဒီ ဇာတ်လမ်းဆင်ရေးသားခြင်း ၊ လိမ်ညာခြင်း ပြီးသွားပြီ ဟု
တဆိတ် ထင်လိုက်မိသည်။ နေသာထိုင်သာရှိလာသည်။
ဒီ ဇာတ်လမ်းကို ဒီမှာ သိမ်းလိုက်သည်။



ထွန်းနွယ်

(၁၉.၁၂.၁၀)
http://godequaltox.blogspot.com/2010/12/blog-post_19.html