သူက
မိုးရွာနေတာတောင် မသိလိုက်ဘူး လို့
စ ပြောတယ်။
ကျွန်တော်က
မေမေတို့အိမ်မှာ မိုးရွာ တာကို
ပြတင်းပေါက်က နေငေးကြည့်
ကဗျာတွေ စပ်ခဲ့ဖူးကြောင်း
ယဉ်ကျေးခဲ့ ဖူးကြောင်း
မိုးရွာထဲ က လူတွေကို
ကိုယ်ချင်းစာဖူးကြောင်း
နွေးထွေးခဲ့ဖူးကြောင်း
အိမ်အပြန် မိုးရွာထဲ သွားချင်လို့
ထီးကို သူများဆီ ပေးပစ်ခဲ့ဖူးကြောင်း
ဆက်ပြောတယ်။
တကယ်တော့ အပြင်မှာ
မိုးတွေ တော်တော် သည်းတာပဲနော် မေမေ
လေတွေလည်း တအား တိုက်တာပဲ။
မေမေတို့အိမ်လေး တအား ခိုင်တယ်နော်။
ဒီမှာ သားတစ်ကိုယ်စာတောင်
သား မနွေးထွေး နိုင်ပုံများ။
သားတစ်ကိုယ်စာတောင်
သား နွေးထွေးနေရပုံများ။
ငယ်ငယ်က မိုးစိုချင်လို့
ထီးပေးပစ်ခဲ့ဖူးသူက
ခု
သူများထီး လုဆောင်းချင်နေပြန်ပါသတဲ့လေ။
မေမေရေ............
သားလူကြီးဖြစ်လာပြီ ထင်တယ်နော်။
ထွန်းနွယ် (၂၃.၃.၂၀၁၁)
Mar 24, 2011
Mar 23, 2011
မိုး
မိုးတစိမ့်စိမ့် ရွာနေတယ်။ သူမ နိုးလာတော့ မိုးတွေရွာနေပြီ။ တစိမ့်စိမ့် ရွာသွန်းနေတဲ့မိုးဟာ မတိတ်တော့ဘူး။ မိုးစက်တွေဟာ ကမ္ဘာမြေပေါ်က ကိန်းဂဏန်းတွေထက် များပေလိမ့်မယ်။ ခေါင်မိုးတွေပေါ်မှာ၊ လမ်းမကြီးတွေပေါ်မှာ၊ သစ်ပင်တွေပေါ်မှာ၊ ရေမြောင်းတွေပေါ်မှာ၊ ဦးထုပ်တွေ ထီးတွေပေါ်မှာ၊ မိုးကာအင်္ကျီတွေပေါ်မှာ၊ မီးသတ်မျှော်စင်ကြီးပေါ်မှာရောပေါ့။ မိုးစက်တွေ ရွာသွန်းကျဆင်းနေလေရဲ့။ ခေါင်မိုးတွေပေါ် မိုးစက်တွေကျတော့ တဗြောင်းဗြောင်းမြည်တယ်။ လမ်းမကြီးတွေပေါ်မှာ မိုးစက်တွေကျတော့ မိုးစက်တွေ လမ်းပေါ်မှာ ခုန်နေကြတယ်။ သစ်ပင်တွေပေါ်မှာ မိုးစက်တွေကျတော့ စိမ်းစိုလန်းဆန်းလာတယ်။ ရေမြောင်းတွေပေါ် မိုးစက်တွေကျတော့ တဝေါဝေါစီးတယ်။ ဦးထုပ်တွေ၊ ထီးတွေ၊ မိုးကာအင်္ကျီတွေက မိုးစက်ပေါက်တွေကို ကြာရှည်ခုခံနိုင်စွမ်း မရှိတော့သလိုပဲ။ လူတွေဟာ ကုပ်ချောင်းချောင်းနဲ့ တံစက်မြိတ်အောက် ဝင်ခိုကြတယ်။ မီးသတ်မျှော်စင်ပေါ်က တာဝန်ကျအစောင့်ဟာ မှန်ပြောင်းတစ်လက်နဲ့ မြို့ကိုကြည့်နေတယ်။ သူ့တစ်ကိုယ်လုံးလည်းရွှဲလို့။ တစိမ့်စိမ့်ရွာသွန်းနေတဲ့မိုးဟာ မတိတ်တော့ဘူး။ မြို့ဟာစောစောစီးစီး မှောင်လာခဲ့ပြီ။ လမ်းမီးတွေက မလင်းသေးဘူး။ ဘယ်နေရာမှာပဲဖြစ်ဖြစ် ရေစီးသံတဝေါဝေါနဲ့ မိုးပေါက်ကျသံတွေကိုသာ ကြားရတယ်။ လမ်းမီးတိုင်တွေဟာ မိုးရေထဲမှာ အေးစက်တောင့်တင်းလို့။ ခွေးကလေးတစ်ကောင် မီးဖိုချောင်နောက်ထဲမှာ ကုပ်ကုပ်ကလေးဝပ်လို့။ တအီအီမြည်လို့။ မိုးရေစိုစွတ်နေတဲ့သစ်ကိုင်းက ပြတင်းမှန်ကို ကုတ်ခြစ်နေတယ်။ အခန်းထဲမှာ မှန်အိမ်ထွန်းထားတယ်။ ဝါကြင့်ကြင့် အလင်းပူပူထဲမှာ အရာဝတ္ထုတွေဟာ တိတ်ဆိတ်မြဲ တိတ်ဆိတ်နေတယ်။ မိုးသံလေသံဟာ တဝေါဝေါအော်မြည်နေဆဲ။ ခြံထဲမှာထိကရုံးပင်တွေ စွင့်ကားစိမ်းစိုနေတယ်။ တစိမ့်စိမ့်မိုးဟာ မြေသားထဲကို ယိုစီး ကျဆင်းသွားနေတယ်။ မိုးစက်မိုးပေါက်တွေဟာ ကမ္ဘာမြေရဲ့ အနက်ရှိုင်းဆုံးကိုယ်ထည်ကို ဖြတ်သန်းပြီး ဟိုးအောက်မှာရှိတဲ့ ငရဲဘုံဆီထိ ရောက်အောင်ကျဆင်းကာ ငရဲမီးတောက်တွေကို ငြိမ်းအောင်ရွာသွန်းတော့မယ်လို့ သူမက ထင်နေမိတော့တယ်။
နေမျိုး
၂၀၀၂၊ ၁၀၊ ၁၆
နေမျိုး
၂၀၀၂၊ ၁၀၊ ၁၆
နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်
Mar 10, 2011
စနေ နေ့တစ်ဝက် (၉)
ရုတ်တရက်
လင်းပွင့်မှု ရလိုက်သလိုမျိုး....
ငါနဲ့ ကဗျာကြား ကမ္ဘာခြားနေဆဲပါ...
သီဟသူ
၀၅.၀၃.၁၁
Mar 5, 2011
နီယွန်မီး ရဲ့ သားကောင်များ
ဒီ နှိုးစက် နာရီသံကို ပဲ
တစ်ညလုံး စောင့်အိပ်ခဲ့ ရတာ။
နိုးတာနဲ့ ခေါင်းပေါ်မှာ
နီယွန်မီးကြီး သာနေတာ။
လေးဘက်လေးတန် ပိတ်နေတဲ့
မနက်ခင်း ကို
ဝေ နေတဲ့ မျက်လုံးတွေနဲ့
လေးနေတဲ့ စိတ်ကြီး တွေနဲ့
ငါဟာ ငါနဲ့ ချွတ်စွတ်တူလာတာကို
။မတင်မကျ။မကျေမနပ်။လွမ်းလွမ်းဆွေးဆွေး။တက်တက်ကြွကြွ။
ပြီး
လည်နေတဲ့ စက်ကြီးထဲ
တစ်ခေါင်းလုံး ပြေးဝင်ထိုးစိုက်လို့
ဂျပန်ပြည် က ၁၇ နှစ်သား
စူဆိုက်သမားလေး ကို သတိရလို့
အမဲလိုက် အက ကို သတိရလို့
တစ်ခါစားခဲ့ဖူးတဲ့
အောင်သေ အောင်သား ကို သတိရလို့
အဲ့သတိရမှု အကုန်လုံး ကို
သတိရဖို့ ကို သတိမရလို့
နီယွန်မီးတွေအောက်မှာ
အပန်ဖြေ အနားယူနိုင်ဖို့
နီယွန်မီးတွေ ထွန်းရင်း
။ကိုယ်၊ စိတ် ၊ နှလုံး သုံးပါးလုံး(လုံး)။
ပင်ပန်းလိုက်ကြတယ်။ ။
ထွန်းနွယ်
(၆.၂.၂၀၁၁)
Mar 2, 2011
၀၉:၂၀
သေခြင်းဟာ စိတ်ဝင်စားဖွယ်ပါ။
ကျွန်တော့်မှာ ရှင်သန်လိုစိတ်
ပြင်းပြင်းပြပြ ရှိနေလို့
ပိုပြီး စိတ်ဝင်စားဖွယ်ပါ။
သီဟသူ
၀၂-၀၃-၁၁ (၀၉:၂၀)
Feb 25, 2011
လျှောမွေး
ဒီကဗျာတွေဟာ မရှင်သန်ဘူး
ဒါဟာ ဝမ်းနည်းဖွယ်ကောင်းတဲ့ ဆေးစစ်ချက်ပဲ။
သူတို့ခမျာ ခြေချောင်းလက်ချောင်းလေးတွေ ပါလာကြသား
သူတို့ရဲ့ နဖူးလေးတွေဟာ အာရုံစိုက်မှုနဲ့ ဖောင်းကား။
လူတွေလို ထသွား ထလာ လမ်းလျှောက်ခြင်းနဲ့ လွဲခဲ့ကြတာ
မိခင်မေတ္တာမရခဲ့လို့တော့ အပြစ်တင် မစောကြပါနဲ့။
သူတို့ ဘာဖြစ်သွားကြတယ်ကို ကျွန်မ နားကို မလည်နိုင်ဘူး။
သူတို့မှာ ပုံသဏ္ဌာန်၊ အရေအတွက်၊ အစိတ်အပိုင်း
မှန်ကန်ပြည့်စုံကြတာပဲ။
ဆားစိမ်ရည်ထဲမှာ သူတို့ ကောင်းမွန်စွာထိုင်လို့။
ကျွန်မကို သူတို့ ပြုံးပဲပြုံးပြနေကြတယ်။
အဆုပ်တွေတော့ ပြည့်မလာကြ
နှလုံးလည်း ဘယ်လိုလုပ်လုပ် မခုန်ဘူး။
သူတို့ဟာ ဝက်တွေမဟုတ်ဘူး။
ငါးကလေးတွေတောင် မဟုတ်ဘူး
ဝက်လိုလို ငါးလိုလို ဟန်ရှိရုံပါပဲ။
သူတို့ အသက်ရှိကြရင် ပိုကောင်းမှာပေါ့
အသက်လည်း ရှိခဲ့ကြတာပဲ။
ဒါပေမဲ့ အခုတော့ သက်မဲ့
သူတို့အမေဟာလည်း စိတ်သောကနဲ့ တစ်ပိုင်းသေ
အဲဒါတောင် သူတို့ဟာ ငထုံငအတွေလို စိုက်ကြည့်
သူတို့အမေအကြောင်း ဘာတစ်ခွန်းမှ မဟကြဘူး။
ဆစ်လ်ဗီယာ ပလာ့သ်
ဇူလိုင်၊ ၁၉၆၀
ဆစ်လ်ဗီယာ ပလာ့သ် ဘဝ၊ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ
ဇေယျာလင်း
၂၀၀၃
Feb 23, 2011
ပြဿဒါးများ
အပြန်လမ်းတစ်ခု အကြွေးပေးရမှာပဲ အဖတ်တင်တယ်
ဘယ်သူမှ တံခါးမခေါက်ချင်တဲ့ မြွေတွန်သံတွေကို
အကြိမ်ကြိမ် တွန်းဖွင့်နေမိခဲ့ ငါ့မှာ
သားကို မျှော်နေမယ့် အမေ့ရင်ရိပ်မှာပဲ မအိပ်စက်နိုင်သေးဘူး
ချစ်သူကို လွမ်းတနေမယ့် ညီမလေးရဲ့ ရင်ငွေ့ကိုလည်း
မလှုံနိုင်သေးဘူး
အဝေးပြေးကားကြီးတွေကို ငေးကြည့်ရင်မောနေရတယ်
မနက်ဖြန်မှာ ဘာဖြစ်မယ် မသေချာသေးဘူး
ကမ္ဘာကြီးကရော လည်နေဦးမှာပဲလား
အစာကိုမြင်လို့ ချိတ်ကို မကြောက်တဲ့ငါးတွေဟာ
မြို့ပြမှာနေထိုင်ကြတယ် ငါ့လို
စိတ်သွားတိုင်းတော့ ခရီးမပေါက်နိုင်ဘူးပေါ့
ယုံယုံကြည်ကြည် ရိုးသားခဲ့ပါတယ်
လူကို မောင်းနှင်နေတဲ့ လောင်စာဟာ ဆာလောင်မှုပဲ
အခု ငါဝှက်ယူလာခဲ့တဲ့ ဘဝသစ္စာကို ပွတ်သပ်
တယုတယ ရိုက်ချကြည့်မိတော့ “ဘူဖဲ” ပဲ
အခုထိ ငါ့ဆီ ကြွေကျမယ့်ကြယ် မရှိဘူး
အိမ်မပြန်နိုင်တဲ့ စိတ်ကလေး အပြင်းဖျားတယ် ...။
ကိုသျှား
ပိတောက်ပွင့်သစ် မဂ္ဂဇင်း၊ အမှတ် (၃၇)၊ ဒီဇင်ဘာ၊ ၂၀၁၀
Feb 22, 2011
ဇန်နဝါရီတုန်းက မရေးဖြစ်ခဲ့တဲ့ ဒိုင်ယာရီ
(၁.၁.၂၀၁၁ - ၃၁.၁.၂၀၁၁)
မှန်ထဲပြန်ကြည့်လိုက်တိုင်း တွေ့တွေ့နေတာ ဘွန်ဆိုင်းပင်တစ်ပင်။
နေရောင်လည်းမရဘူး၊ ရေနဲ့ဝေးတဲ့ ရေသောက်မြစ်တွေနဲ့။
အမြစ်တွေရှိဖို့အရေးကြီးတယ်။
ပျော့ပျောင်းမှုရှိရတယ် (ဒါမှ လေပြင်းဒဏ်ကိုခံနိုင်မယ်)။
စိုက်တဲ့နေရာမှာ ကြီးထွားတယ်။*
ရောမကိုပဲရောက်ရောက်၊ နျူးယောက်ကိုပဲရောက်ရောက်
ဘွန်းဆိုင်းဟာ ဘွန်ဆိုင်းပဲ။ ။
သီဟသူ
၂၂.၂.၂၀၁၁
* 3 things I learnt from trees - Yeo Shih Yun
Feb 19, 2011
ကြေးမုံပြင်
ငါဟာ ငွေသားစစ်စစ်...
ငါဟာ တိကျတယ်။
ငါ့မှာ ကြိုတင်မှတ်ယူချက်တွေ မရှိဘူး။
ငါ မြင်မြင်သမျှ ချက်ချင်းစုတ်မြိုချလိုက်တယ်။
ချစ်ခြင်းမုန်းခြင်း မြူမရှိ၊
သူ့အတိုင်းပဲ ပကတိ။
ငါ မရက်စက်တတ်ပါဘူး။
ဖြောင့်မတ်မှန်ကန်ရုံပါပဲ
နတ်ဒေဝတာလေးရဲ့ မျက်လုံး၊ လေးထောင့်ကွက်။
များသောအားဖြင့်
ငါ့ရှေ့တူရူက နံရံကို ငါ ကမ္မဌာန်းရှုတယ်။
အဲဒီနံရံဟာ ပန်းနုရောင်၊ အစွန်းအကွက်တွေနဲ့။
ကြည့်ဖန်များလာတော့ အဲဒီနံရံဟာ
ငါ့နှလုံးသား အစိတ်အပိုင်းလို့တောင် ငါထင်နေပြီ။
ဒါပေမဲ့ မြင်ချည်ကွယ်ချည်နဲ့။
အဲဒီနံရံနဲ့ ငါ့ကို
မျက်နှာတွေနဲ့ အမှောင်ထုဟာ
ခဏခဏ ခွဲပစ်တယ်
ငါဟာ အခု ရေကန်တစ်ကန်။
ငါ့ပေါ်မှာ မိန်းမတစ်ယောက် ငုံ့ကိုင်း
သူ့အစစ်အမှန်ကို ငါ့ရေပြင်ထဲ ဖွေရှာတယ်။
ပြီးတော့ ဟိုဘက် သူလှည့်ပစ်လိုက်တယ်။
လူလိမ်တွေဘက်၊ ဖယောင်းတိုင်တွေဘက်၊
ဒါမှမဟုတ် လ ဘက်။
သူ့ကျောပြင်ကို ငါမြင်ရတယ်။
မြင်တဲ့အတိုင်း သစ္စာရှိရှိ ပြန်ပေးတယ်။
သူပြန်ပေးတဲ့ဆုကတော့ သူ့မျက်ရည်တွေ၊
ပြီးတော့ ဂဏှာမငြိမ်တဲ့ သူ့လက်တွေ။
ငါဟာ သူ့အတွက် အရေးကြီးတယ်။
ငါ့ဆီသူ ရောက်ရောက်လာတတ်တယ်။
ငါ့ဆီက သူပြန်ပြန်သွားတတ်တယ်။
မနက်တိုင်း မနက်တိုင်း
အမှောင်ထုကို အစားထိုးတာ သူ့မျက်နှာ။
ငါ့ထဲမှာ မိန်းမပျိုလေးတစ်ယောက်ကို
သူနှစ်သတ်ပစ်ခဲ့ဖူးတယ်လေ။
ငါ့ထဲကပဲ
နေ့စဉ်နေ့တိုင်း
သူဆီတက်တက်ပေါ်လာတယ်။
ကြောက်ဖွယ်လိလိငါးကြီးတစ်ကောင်လို
အိုမင်းနေတဲ့ မိန်းမတစ်ယောက်။ ။
ဆစ်လ်ဗီယာ ပလာ့သ်
၂၃၊ အောက်တိုဘာ၊ ၁၉၆၁
ဆစ်လ်ဗီယာ ပလာ့သ် ဘဝ၊ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ
ဇေယျာလင်း
၂၀၀၃
Feb 18, 2011
၂၀၁၁၊ ဖေဖေါ်ဝါရီ
တစ်နှစ်ကျော် မေ့နေခဲ့တဲ့
ပိတောက်(ပွင့်သစ်) အမှတ်တမဲ့ ပြန်တွေ့ရှိ၊
ပျော်ရွှင်ခြင်းဟာ စီဒီအသွင်နဲ့ ရောက်ရှိ - 237 MB
တစ်နှစ်ပြည့်တော့မယ့် သမီးလေး
ထွားလာလိုက်တာ ဖိုးဖိုးကြီး မနည်းချီထားရတယ်
ဓါတ်ပုံထဲ။
အိမ်ပြန်နောက်ကျလာတယ်၊
စာပိုဖတ်ချင်လာတယ်၊
ကော်ဖီဆို စတားဘတ်ခ်၊
လိုက်ရင်း ပြေးရင်း လိုက်နေရဆဲ ငွေကြေး နဲ့
မင်းမရှိလည်း ဖြစ်နေပါပြီ ငါရဲ့ “မရှိမဖြစ် မိုး”၊
အိမ်လွမ်းစိတ် တငွေ့ငွေ့နဲ့
ညစဉ် မေတ္တာပို့တယ်
မေမေ
ကျန်းမာပါစေ။ ။
သီဟသူ
၁၈.၂.၂၀၁၁
Subscribe to:
Posts (Atom)