> သီဟသူ [dot] blogspot [dot] com

Apr 21, 2012

ပျော်ပျော်တေး


မပျော်ဘူးဆိုတာကို တေးဆိုပြီ
ဟုတ်ပါ့မလား
မပျော်မှတော့ တေးဆိုပါ့မလား
မပျော်ဘူးဆိုတာကို တေးဆိုပြီ
မပျော်ဘူးဆိုတာကို ပျော်ပျော်ကြီးကို တေးဆိုပြီ
ရောက်အောင်လှော်ရမှာမို့

သုခမိန်လှိုင်
Idea, September 2009

တွေးစရာ အနုပညာ


အတွေးတွေ ရှင်းသွားအောင်
တွေးစရာမပါတဲ့ ကဗျာလေးတစ်ပုဒ်
ပေးချင်ခဲ့တာပါ။

တစ်ရက်ကြိုးစားခဲ့ပါတယ်
တစ်လကြိုးစားခဲ့ပါတယ်
တစ်နှစ်ကြိုးစားခဲ့ပါတယ်
ကျွန်တော့် တစ်သက်တာ ကြိုးစားခဲ့ပါတယ်။

သုခမိန်လှိုင်
Idea, August 2009

အာကာသလမ်း


ဘဝဆိုတာ
အရူးမောင်းလာတဲ့
လေယာဉ်ပျံကို စီးလာရတာပဲ။

ပိုပြီး
ပျော်ပျော်ရွှင်ရွှင်နေဖို့ စဉ်းစားတယ်
ပြန်ဆင်းလို့ မရတော့ဘူးကိုး။

သုခမိန်လှိုင်
Idea, July 2009

မျက်ရည်တွေကို ထုတ်မသုံးကြေး


အဏုမြူဗုံးမကြောက်ဘူး
ခွေးရူးမကြောက်ဘူး
ငါ ကြောက်တာ မျက်ရည်တွေ။

ကမ္ဘာကြီးဟာ
အိမ်မှာထိုင်နေရုံနဲ့
အားလုံးသိနိုင်တဲ့ ရွာကလေးပါကွာ
မျက်ရည်တွေကို ထုတ်မသုံးကြေး အချစ်ရယ်။

သုခမိန်လှိုင်
Idea, June 2009

တကယ့်ကဗျာ


ပြိုတော့မယ့် တိုက်အိုကြီးပေါ်မှာ
မပြိုပါဘူး တွေးပြီးနေတာ
ငါတို့ အရည်အသွေးပေါ့။

ဘုရားပန်းလဲတယ်
သောက်တော်ရေကပ်တယ်
ဆွမ်းတော်တင်တယ်
စိတ်ကို ချမ်းသာနေတာပဲ။

သုခမိန်လှိုင်
Idea, April 2009

ပီကေ


အမှောင်တွေ ပြီးသွားပြီ
ငှက်ကလေးတွေ အော်နေပြီ
အရုဏ်ကျင်းပြီ
အလင်းရောက်ပြီ
ကမ္ဘာသစ်ကို မြင်ရပြီ။

အော်... ကျွန်တော်လား
နတ်ပြည်နဲ့ အဝီစိကို
ပီကေလုပ်ပြီး ဝါးပြီးပြီ။

သုခမိန်လှိုင်
Idea, November 2008

ငါ့ကမ္ဘာ...


ငွေလို အားလုံး အသိအမှတ်ပြုတာမျိုး
ဗိုင်ယာဂရာလို တိတိကျကျစွမ်းတာမျိုး
နျူကလီယာလို သေသေချာချာ သေစေတာမျိုး
လူတွေ လိုချင်လာကြတယ်။
ငါ ဒီကဗျာရေးချိန်မှာ...

သုခမိန်လှိုင်
Idea, October 2008

Apr 15, 2012

လူငယ်ရှိတယ် ကဗျာအကြောင်း ရောက်သွားတယ် ဆိုကြပါစို့-၁၀


လူတစ်ယောက်လျော့သွားတာကို
ခေတ်တစ်ခေတ်နဲ့ အစားထိုး။ ၁၀--၀၈
ငလျင်ကြောထဲမှာ ခုနှစ်လွှာ၊ နေ့စဉ် ဆင်းတက်နေရတာပဲဖြစ်ဖြစ်၊ မုန်တိုင်းထဲမှာ
ကုန်တင်ကုန်ချ သင်္ဘောကြီးတွေ ဝင်ရောက်ထွက်ခွာနေတာ၊ အငွေ့ တလူလူ
ရေခဲတင်ကားကြီးတွေ ဖြတ်အသွား ဆင်မင်း လမ်းတစ်လျှောက် ကိုယ်လည်း
အေးသွားတာ ကမ္ဘာ့အစိတ်အပိုင်း ရန်ကုန်လမ်း နှစ်လမ်း တစ်နည်းအားဖြင့်
ရှုခင်းနှစ်ခု နောက်ထပ်ထပ်ပြောရရင် သွေးကြော နှစ်ခု ဖြတ်ယူသွားတာ
ကမ္ဘာ့အရင်းအမြစ် လည်နေတော့ ခြေရာ ကောက်မိတော့ မြစ်ကူးချောင်းခြား
၃၃-လမ်းကို အဝေးက ကားကွက် ချထားတာ အစဉ်သဖြင့် အဆင့်ဆင့် ပန်းပွင့်
နောက်ကွယ်/လောက်ဖွယ် ဘယ်သူရောက်မှာလဲ ရန်ကုန်ဟာမော့မော့
ကြည့်ရတယ် အပေါ်ယံရှပ် အခုလဲကျ အမြစ်ပြတော့ သစ်ပင်ကြီးကြီး မြင့်မြင့်
အမြစ်မဝေး ရေခဲတောင်နဲ့ပြောင်းပြန် ရန်ကုန်သား/လား။ --၀၈
ဒီတော့ သာမာန် လူ့ဘဝနဲ့
စိတ်ကူးချိုချဉ်ဖြစ်ဖြစ်
လက်သီးချိုချိုလေးဖြစ်ဖြစ်။ --၀၈
အိမ်ထွက်စော အောင်ဇော်ဆီဝင် လက်ဖက်ရည်သောက်
အိမ်အပြန်မြစ်ထဲရောက်မှ ကိုစိုင်းစိုင်းဖုန်းဆက်
'ကျွန်တော်အခုမှ မြို့ထဲရောက်လို့' ဆိုလား။ --၀၈
ကိုမိုးဝေးဆီဝင်၊ မမမြင့်ရောက်လာ 'ဟိုဘက်ကမ်းကလူတွေ ဖမ်းနေတယ်နော်'
ကိုချောပုံဖမ်း၊ ကဗျာထဲမှာပဲလေ ကိုချောက အဲဒီထဲ ဆင်းမကြည့်ဘူး၊ လူဆန်း
မင်းလမ်းရှေ့ဆက်တိုးရင် ၂၀-နဲ့ ဘယ်လောက် ဆိုလား လူဆန်းက ၆၀-
နဲ့ဘယ်လောက် အဲသလောက်ပဲပေါ့ တစ်ညနေ လူဆန်းက အတင်းတား
ဘီယာတိုက်သောက်မှ ၃၀၀၀၊ မပေးရင်လည်း နေ မောင်နှမလို သားအမိလို
သောက်ချင်ယောင်ဆောင်ရ (နောက်ဆုံး တော့...)၊ မနက်ဖြန် ကိုချော ၆-
နှစ်ပြည့်အတွက် သတိရရင်လာကြ ပေါ့တဲ့။ ညနေကိုစိုးနိုင်ဆီရောက် သူအခု
ဘာတွေဆွဲနေသလဲ။ တစ်ရက် ကလေးများ တိုးပြီးပျော်မလားလို့။ --၀၈

စိုင်းဝင်းမြင့်

လူငယ်ရှိတယ် ကဗျာအကြောင်း ရောက်သွားတယ် ဆိုကြပါစို့-၉


ရခဲ့တယ် ခန္ဓာကိုယ်နဲ့ အနွေးဓာတ်ရအောင် လုပ်ပေးခဲ့သူလည်း
ရရာနဲ့ အနွေးဓာတ် လုပ်ပေးခဲ့သူဆိုတော့ မင်း
စာအုပ်တွေ မီးရှို့မလို့လား
ဒါပဲရှိတာလေ ဟိုးတလောက ရန်ကုန်ထဲတွေ့တွေ့နေရတာ
အခုကားတွေလား
ဝိုင်းဝိုင်း။ ဖေဖေလေယာဉ်ပျံကြီးနဲ့ ပါသွားပြီ
ပြည့်ပြည့်။ ရေထဲပြုတ်ကျသွားပြီ
ဒီမှာ အခွံ/ခွန် စာအုပ်ကြီး ရသမျှမီးရှို့ပြီး ဂူတင်ဘတ်စာအုပ်လည်း
သွား
ပထမဆုံးပုံနှိပ်ထုတ်ဝေဖြစ်ြဖစ် စာအုပ်တွေထပ်ထည့် မီးမသေစေနဲ့
ABCD ABCD မလွယ်ပါဘူး မလွယ်ပါဘူး (ဝိုင်းဝိုင်းပြည့်ပြည့်)
ကျွန်တော်တို့ မောင်နှမတတွေ ငယ်ငယ်တုန်းကပေါ့ အဖေဟာ အိမ်တိုင်မှာ
ချိတ်ထားတဲ့ခြင်းထဲ ဆေးလိပ်စည်းတွေ ပစ်ပစ်ထည့်ပြီးတစ်နေ ကုန်
တစ်လိပ်ပြီးတစ်လိပ် ယူယူသောက် ဆေးလိပ်ဖင်စီခံတွေ ဟိုပစ် ဒီပစ်
ကျွန်တော်တို့မောင်နှမတတွေ ကျောင်းကပြန်လာတဲ့အခါ ဟိုနေရာ ဒီနေရာ
တစ်အိမ်လုံးလိုက်လိုက်ကောက် အမေ့ကို စုစုပေးရတယ်
အမေက ဆေးလိပ်ဖင်စီခံတွေကို ဒီဇယ်ခွက်ထဲထည့်စိမ်စိမ်ထားပြီးမီး
မွှေးတဲ့အခါလှမ်း လှမ်းယူ။
ကျွန်တော်နဲ့ အလုပ်လုပ်ရတာ ပျော်ရဲ့လား
လမ်းလျှောက်ထွက်ခြင်းကို ထွင်သူကတစ်ယောက်
လမ်းလျှောက်သူကတစ်ယောက်
ကျွန်တော် ဒီကို/လို ရောက်ခဲ့ပါတယ်
ဒီမိုးမှာ မိုးရေထဲလမ်းလျှောက်ရတာ ဝါသနာ/အရသာ
အိမ်က ပန်းချီကားတွေ သမီးတွေကို ပေးပေးဆော့ထားတာ ပြန်သိမ်းမှ
ပန်းသီးတစ်စိပ်လောက်တော့ ရရင်ရမှာပေါ့
ဟဲလို...ဟဲလို...ဆိုတာနဲ့ ဒီမိုးမှာ ငါးပုစွန်ပြောင်းမွေးမလား
သည်မိုးထဲကျွန်တော် ရေဆေးဆက်ဆွဲနေတာ စာအုပ်ဖြန့်နေတာ
အိမ်အပြန်ဒီမိုးမှာ သမီးလေးတွေကို သတိရ
ရေခဲမုန့်ဝယ်မိရက်သားဖြစ်နေတာ
စွေနေတဲ့မိုးမှာကျွန်တော်လည်း ဆက်လက်ဆွေးရမှာ
ဒီမိုးမှာမြစ်ကိုကူး ဖြတ်ဆဲ
ဟုတ်ကဲ့ ဟုတ်ကဲ့ ကိုသောင်းဦး မမြင်ရတဲ့ငါးကို ဘယ်မွေးမလဲခင်ဗျား
နွားတွေ၊ စပါးတွေပဲ မြင်ရတဲ့စီးပွား ခင်ဗျားစိုက်မှာပေါ့
ရေးထားသည့်အတိုင်း မဖတ်ရဆိုရင် ဒီနေ့ဘာနေ့လဲ၊
ဘယ်နှစ်ခုနှစ်မှာ သင် သင်နေမှာလဲ
ဥပမာ ဇာတ်ကားတစ်ကားလုံး လိုက်လိုက်ရှင်းရှင်းပြနေရတာ
ဘာမှ လာရှင်းပြမနေနဲ့တွေနဲ့ပဲတွေ့တွေ့နရတာ
ကဗျာတစ်ပုဒ်ရဖို့ ခုနှစ်ဘဝ ခုနှစ်ဆက်အချိန်ယူထားရတာ
ချက်ချင်းမီးရှို့လိုက် မင်းရောက်တဲ့အခါ တည်သွားတဲ့မျက်နှာတွေပေါ့
ကလေးတွေကိုလည်း မင်းနာမည်ပေးကြမှာမဟုတ်ဘူး
လမ်းကိုရောပေါ့ အရုပ်ဖြစ်ရတာ ကောင်းတယ်ဆိုတဲ့ငါ
ဘာလုပ်ရမလဲ လူ ငါမလိုချင်ဘူး
အိုမယ်၊ ဖျားနာမယ်၊ သေမယ်
နောက်ထပ်လည်း ဘာမှမရနိုင်ဘူး
အဖေ့ရဲ့ပဲ့နေတဲ့ သစ်တုံးလေးပါ
ပါရမီအစုံရှိတဲ့သားရယ် တော်လိုက်တဲ့သား ငါ့ကိုခုတ်ပိုင်းလိုက်တဲ့အခါ
အထီးလည်းမကျန်တော့ဘူး ထူးလည်းမထူးဆန်းတော့ဘူး
ဘယ်က ပို့လိုက်မှန်းမသိတဲ့ အထုပ်တစ်ထုပ်ရောက်လာပြန်ပြီ
ဖွင့်ကြည့်လိုက်ရင် လက်တစ်ဖက် ရှုပ်ရှက်ခတ်နေတာချည်းပဲ
မင်းဘေးကြည့်လိုက် အရူးတွေ
လူကောင်းအရုပ်ပဲဖြစ်ချင်တယ် ပထမလူက ကဗျာဆရာ (ဆိုရင်) ဒုတိယလူက
ငတုံးပေါ့။
ငါ မကျော်ကြားချင်ဘူး ယာဉ်/ယင် မောင်းမဖြစ်ချင်ဘူး။

စိုင်းဝင်းမြင့်
၁၊ ၈၊ ၂၀၀၈

လူငယ်ရှိတယ် ကဗျာအကြောင်း ရောက်သွားတယ် ဆိုကြပါစို့-၈


အဲဒီခွက်ဟာ
အပူခံ အအေးခံ
အရသာလည်းမှန်တယ်။
မျက်စိတစ်ထောင် နားတစ်ထောင်
ဇင်ယော်တွေရဲ့ ဦးခေါင်းဟာ
ဆောင်းရောက်တော့မယ် ဆိုတာ
မိုးကျတော့မယ် ဆိုတာ
နေ့စဉ် မှန်မှန်ပြတယ်
တည့်မတ်ထားတဲ့ ဦးခေါင်း
အိပ်ပျော်သွားတဲ့ ပုံစံအဆင့်ဆင့်
ငါပြန်ရချင်တာ ဒီည
အခုခေါင်းချရမယ့် အရပ်မဟုတ်သလို
ပျံသန်းနေဆဲ ဦးခေါင်း
ပျက်ကျသွားတဲ့ပုံ ပုံသေကိုမြေဖြူနဲ့ တားပြီးရင်
အဝတ်ဖြူနဲ့ထုတ်ယူသွားလို့ ရပါပြီလေ
ဘယ်အရာမဆို ဖောက်ခွဲဖို့ အချစ်သွေးကြွဆိုင်ကယ်
တကယ့်တကယ် ကယ်ယူထားတဲ့ မြို့အပြင်ထဲ
မနက်ဖြန်ထဲ သွားသွားနေမိတာလည်း
မင်းကိုမတွေ့ချင်လို့ ဆိုချင်ဆို
၁၉ ရာစု ပါရီပုံစံ ပါရမီရှင် တောဘဲကြီး
နောက်ထပ်ဘာရေးနေသလဲ ဆိုရင်
မိသားစုကျဆုံးခန်း ကဗျာရှည်ကြီး ရေးနေသည်ဟု
ခပ်တည်တည် တည်ချင်တည်
သူက တောတော်များများ ကြယ်လုပြေး ကျော်မွှေး
ခေါင်းနဲ့နံရံလိုပေါ့
ဖိနပ်ဟာ တစ်ဖက်တည်းဆိုရင် ဘာအသုံးကျမှာလဲ
ငါဒဏ်ရာ ရခဲ့တဲ့နေရာ ငါပြန်လာရမှာပေါ့။

စိုင်းဝင်းမြင့်