> သီဟသူ [dot] blogspot [dot] com

Dec 31, 2013

၂၀၁၃

သက်ရောက်မှုတိုင်းမှာ
တန်ပြန်သက်ရောက်မှု ရှိတယ်။

"အဟောသိကံ" ဆိုတာကလည်း ရှိသေးတယ်။

ဆုတောင်းကောင်းရင်တော့
သားရွှေအိုး ထမ်းလာတာ မြင်ရနိုင်ပါလိမ့်မယ်။
၂၀၁၄ မှာ အဟောသိကံများ ရွှေအိုးထမ်းလာတာ မြင်ရပါစေသား။ ။

သီဟသူ
၃၁-၁၂-၂၀၁၃

၂၀၁၃

ပြန်ပေးသမားလက်မှာ ရွေးစရာ လက်ဝတ်ရတနာမရှိ
သူမကြိုက်တဲ့ လင်္ကာအပြည့်

သုခမိန်လှိုင်
၃ ဇူလိုင် ၂၀၁၃


အမည်မရှိ ရေတံခွန် (စက်တင်ဘာ ၂၀၀၃ - ဇွန် ၂၀၀၄)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

မြန်မာ၊ ၂၀၁၃

အကြောင်းအရာက ခမ်းနားကြီးကျယ်
ကျွန်တော်တို့ကတော့ သေးသေးငယ်၊

ကျွန်တော်တို့ အသက်ရှူမဝခဲ့ပါ
ကျွန်တော်တို့ ဘယ်တော့မှ အသက် ဝ ဝ ရှူရမယ်
ကျွန်တော်တို့ အသက် ဝ ဝ ရှူနိုင်ပါရစေ။ ။

သီဟသူ
၃၀-၁၂-၂၀၁၃

Dec 30, 2013

လေးတင်ခန်း

ဘယ်နှယ့်
ငါ မတဲ့ သစ်ရွက်လေးမှာ
စကြဝဠာကြီးက ပါနေရတာလဲ
အချစ်များမှန်လျှင်
လေးပါစေသား။

သုခမိန်လှိုင်
အမည်မရှိ ရေတံခွန် (စက်တင်ဘာ ၂၀၀၃ - ဇွန် ၂၀၀၄)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Dec 29, 2013

ဒို ရေ မီ ဖာ

ချစ်သူရေ
မင်းဦးခေါင်းမှာ သက်တံ ထွက်ဖို့
အဲဒီသက်တံမှာ ငါတေးသီဖို့
အဲဒီတေးမှာ ကမ္ဘာကြီးပျော်ဖို့
အဲဒီ အပျော်မှာ နတ် လူ သာဓုခေါ်ဆိုဖို့။

သုခမိန်လှိုင်
အမည်မရှိ ရေတံခွန် (စက်တင်ဘာ ၂၀၀၃ - ဇွန် ၂၀၀၄)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Dec 28, 2013

သို့ မေမေ (၁၀)

သို့ မေမေ အာလုပ်စကားမှာ ဖေဖေ့ကိုပါ စိတ်ကညွှတ်တယ်
မေမ နေကောင်းလားမေးရင်း ဖေဖေ နေကောင်းဖို့ ဆုတောင်းတယ်
မေမေက ဆော့ဖ်ဝဲဆို ဖေဖေက ဟာ့ဒ်ဝဲ
သားတို့က နေကြာပန်းတွေ
မေ နဲ့ ဖေ နေမင်းကြီးဘက်ကို အမြဲ ဦးလှည့်တယ်။

မေမေရေ
၈၀ ခုနှစ်များက ဓာတ်ပုံတွေ ပျက်သွားတာ ဝမ်းနည်းဖွယ်ပါပဲ
ခုတော့
မြေးမလေး ဓာတ်ပုံတွေဟာ နံရံအဘက်ဘက်မှာ
ပျော်စရာပါလေ။ ။

သီဟသူ
၂၈-၁၂-၂၀၁၃

စနေ နေ့တစ်ဝက် (၂၁)

နှုတ်တိုက်ချပေးတာတောင်
အကျအပေါက် များလွန်းတယ်၊
များများညည်းပြီး မြန်မြန် ပြန်ရယ်နိုင်ဖို့၊
တက်တူးလို အရေပြားပေါ်မှာသာ ရေးကြေးဆို
ဒီလောက် များများ ရေးမိမယ်မထင်။ ။

သီဟသူ
၂၈-၁၂-၂၀၁၃

နှစ်ပါးသွား

စိန်တုံးများ တစ်တုံးပြီးတစ်တုံး
ပတ္တမြားခဲများ တစ်ခဲပြီးတစ်ခဲ
ရွှေဒင်္ဂါးများ တစ်ပြားပြီးတစ်ပြား
မင်းဟာတွေလား. . .
သူများဟာတွေပါ။

တွေးခေါ်စရာမလိုဘဲ တွေးခေါ်ခဲ့ရသော အမှားများ
လူပြက်ကြီးတွေရဲ့ ငိုအားထက် ရယ်အားများ
နှစ်ပါးသွားခဲ့ပြီ။ ။

သုခမိန်လှိုင်
အမည်မရှိ ရေတံခွန် (စက်တင်ဘာ ၂၀၀၃ - ဇွန် ၂၀၀၄)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Dec 27, 2013

၃၄" x ၄၂" ဆယ်ချပ်

၂၀၀၁ ခုနှစ်က
(ပန်းချီဆွဲဖို့) ဘောင်ကျပ်ထားတဲ
ကင်းဘတ်ဆယ်ချပ်
ဘာမှမဆွဲပဲထားတဲ့အရသာ
ဘာနဲ့မှ မလဲနိုင်ခဲ့ပါလား။

ဆွဲလိုက်ချိန်မှာ
ကမ္ဘာကျော်လိမ့်မယ်
ဒေါ်လာတွေရလိမ့်မယ်
(သေလွန်သည်အထိ)
အဓိပ္ပာယ်ဖွင့် ချီးကျူးကြလိမ့်မယ်
ထိုအချိန်မှာ
အရသာအားလုံး ဆုံးရှုံးသွားပြီဖြစ်ကြောင်း
ပြောပြခဲ့ပါတယ်။

သုခမိန်လှိုင်
အမည်မရှိ ရေတံခွန် (စက်တင်ဘာ ၂၀၀၃ - ဇွန် ၂၀၀၄)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Dec 26, 2013

အလွမ်း

၁၉၇၃ တုန်းက
ငတ်ငတ်ပြတ်ပြတ်နဲ့
ကျွန်တော့်မြို့ကလေးရဲ့
အောင်မင်္ဂလာစျေးလေးထဲမှာ
စားရတဲ့ကော်ရည်ခေါက်ဆွဲအရသာ
ဘယ်မှာမှမရတော့ဘူး။

လောကတစ်လွှား
အရသာဒီလောက်ရှားသလား
(ဆန်းဆန်းပြားပြားတွေကတော့
အများသားပေါ့။)

အဖြူရောင်ဝတ်စုံလေးကို
မီးပူမတိုက်နိုင်ဘဲ
ခေါင်းအုံးအောက်မှာ
ထားအိပ်ခဲ့တဲ့
အိပ်မက်တွေ
အခုထိအရသာရှိတုန်းပဲ။

သုခမိန်လှိုင်
အမည်မရှိ ရေတံခွန် (စက်တင်ဘာ ၂၀၀၃ - ဇွန် ၂၀၀၄)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။