> သီဟသူ [dot] blogspot [dot] com

Jan 26, 2014

လူငယ်တစ်ယောက်အကြောင်း - ၃

စိမ်းစိုသောနေ့စွဲများ

သီချင်းအဆိုသန်တဲ့အရွယ်
အံဆွဲထဲက အတင်းခုန်ထွက်လာတယ်။

တိမ်တွေ အရောင် ပြောင်းသလို
ရက်၊ လ၊ နှစ်တွေ ပြောင်းခဲ့ပေါ့။

အပေါင်းအသင်း အသစ်အချို့ရ
အကြောင်းအရာအသစ်အချို့ ပြောဖြ်စပေါ့။

လက်ဖက်ရည်နဲ့ ဆေးလိပ်
တိတ်တိတ်သောက်ရာမှ
အိမ်မှာ လမ်းမှာ မုန့်စားဆင်းချိန်မှာ
ဗြောင် ခပ်တည်တည် သောက်လို့ပေါ့။

ကျောင်းနောက်ဘက် တောစပ်မှာ မုန့်စားချိန်တိုင်း
ငါတစ်ယောက်တည်း ဆေးလိပ်နဲ့ ထိုင်တယ်။
(ဆေးလိပ်ဟာ မကောင်းနိုင်ပါ။ ကဗျာထဲက
အချိန်ကာလာဟာ ၁၉၆၄-၆၅ လောက်ကပါ)

နောက်တော့ ထူးထူးဆန်းဆန်း ဒဏ္ဍာရီဆန်ဆန်
နားသံသီးလေး လှုပ်လှုပ်နဲ့
ဥစ္စာစောင့်မလေးတစ်ယောက်
မုန့်အချိုတွေယူလာပြီး ငါနဲ့အတူ လာထိုင်တယ်။

ဒီတုန်းက ဝါးထရံ ကာထားတဲ့ကျောင်း
ဆရာ၊ ဆရာမများ
နှစ်စ ကျောင်းသုံးစာအုပ်များ အနံ့နဲ့
နံရံကပ် စာစောင်နဲ့
အဲဒီ 'ဥစ္စာစောင့်မလေး' ကို မမေ့ပါ။

ရောင်စိမ်းိစုသော နေ့စွဲများ ရုတ်ခြည်း
ပွဲကြည့်ရသလို ပြည်ဖုံးကား ကျခဲ့ပါတယ်။

ကျွန်တော်ဟာ ကားကို ဆက်မောင်းတယ်ဆိုရင်
ရှေ့မှာ မသိနိုင်တဲ့ လမ်းခရီးဟာ ဘဝဖြ်စပါတယ်။ ။

အောင်ချိမ့်

လူငယ်တစ်ယောက်အကြောင်း - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ
Majestic စာပေ

Jan 25, 2014

လူငယ်တစ်ယောက်အကြောင်း - ၂

မလဲနိုင်တဲ့အရာ

သီချင်းအဆိုသန်တဲ့အရွယ်
အံဆွဲထဲက အတင်းခုန်ထွက်လာတယ်။
အငြိမ့်တွေနောက်
တကောက်ကောက် လိုက်တယ်။

ညဆို မအိပ်ဘူး
အငြိမ့်တွေနောက် လိုက်တယ်။

ရွှေလိပ်ပြာ မအေးကြည်
လင်းရောင်ခြည်၊ ရွှေမန်းသူညိုညိုဆန်း
ဆောင်းဝင်းဝင်းအေး
ငါတို့ညာသံ တဟေးဟေး
လန်ဒန်ဂိုးဖလိတ် တဖွားဖွား။

လောကကြီးကို အလောသုံးဆယ် သိချင်လို့
အကြောင်းမရှိဘဲ အိမ်ကထွက်ပြေးတယ် . . .

ငါနဲ့ မြင့်အောင်
မနေနိုင်တဲ့ နှစ်ကောင်
အဲဒီကောင် အပ်တန်းလန်းနဲ့ သေတာ
ကြာပေါ့။

ရပ်ကွက်ထြမှာတော့
စံရွှေဦး၊ ကြင်သိန်း၊ ဝင်းရွှေ
ဖိုးကောက်
ဖိုးကောက် မရှိတော့ဘူး။

ဖဲလည်ရိုက်။ ဘုရားတက်
ရွှေတိဂုံ တံမြက်လှည်းအသင်းဝင်
ဟုတ်တာရော မဟုတ်တာပါ
ဖြစ်ခဲ့ပါတယ်
ဟုတ်တဲ့ မှန်တဲ့ အရာကို မျှော်မှန်းပါတယ်။

အဲဒီအချိန်များ၊ အဲဒီနှစ်များ၊ အဲဒီခေတ်များ
လူတွေကလည်း တော်ပါတယ်။

အဲဒီ တော်တဲ့ နှစ်များဟာ
ကံမျက်နှာသာ အပေးခံရတာလို့ ဆိုလောက်တယ်။

အဲဒီတုန်းက မိုက်မဲမှုကို
အခု လိမ္မာယဉ်ကျေးမှုနဲ့ မလဲပါဘူး။
ဘာနဲ့မှလည်း
မလဲပါဘူး။

ကံမျက်နှာသာ ပေးမှုဟာ
အမေ့ရဲ့ အရိပ်ပမာ။

ရွှေဘရုပ်ရှင်က အစ
ကွမ်းယာဆိုင်က အစ
လမ်းသရဲစတိုင်က အစ
ခင်သန်းနုက အစ
ပွဲတော်ဖုန်လုံးများက အစ
မြန်မာ့အသံက အစ
လွမ်းရပါတယ်။

ငယ်ရွယ်စဉ် ဘဝရုပ်ပုံတွေထဲက
ငါ ခဏလေး သက်သာရာ ရလိုတာပါပဲ။ ။

အောင်ချိမ့်

လူငယ်တစ်ယောက်အကြောင်း - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ
Majestic စာပေ

Jan 24, 2014

လူငယ်တစ်ယောက်အကြောင်း - ၁

မဖတ်လောက်တဲ့ ကဗျာ

သီချင်းအဆိုသန်တဲ့အရွယ်
အံဆွဲထဲက အတင်းခုန်ထွက်လာတယ်။
စက်ဘီးစီး တတ်ခဲ့တယ်။
သင်္ကြန်မှာ အော်တယ်။

ကဗျာတွေ တအားရေးတယ်
စာအုပ်တွေ အများကြီး ဖတ်တယ်
ပန်းသီးလည်း ချိုတယ်
ကြက်ဟင်းခါးသီးလည်း ချိုတယ်
ကောင်းကင်ကြီးက လှတယ်
မြေကြီးပေါ်မှာ လမ်းလျှောက်တယ်
ငြိမ်းချမ်းရေး၊ လက်ဝဲ၊ လက်ယာ၊ ဘဝ
ကျွန်တော် ဖတ်တာပေါ့၊ ကျွန်တော် သိခဲ့ပေါ့။

အမေနဲ့ အမေပမာ အစ်မကြီး
ကျွန်တော့်ကို အလိုလိုက်ခဲ့
လက်ဖက်ရည်ကြိုက်ပြီး လက်ဖက်ရည် သောက်တယ်
တမေ့တမော ထိုင်တယ်
'ငါ၏ကဗျာ၊ ငါ့ဘာသာရေး
ဘာဖြစ်သေးလဲ' ခေတ်ကပေါ့။

ပြောချင်တာ အဲဒါတွေ မဟုတ်ပါဘူး
ကျွန်တော်လည်း အဲဒီ ကျွန်တော် မဟုတ်တော့ပါဘူး
မိတ်ဆွေ၊ ဒီကဗျာကို မဖတ်ပါနဲ့
ဒီကဗျာ ဖတ်လောက်လို့လား။ ။

အောင်ချိမ့်

လူငယ်တစ်ယောက်အကြောင်း - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ
Majestic စာပေ

Jan 23, 2014

ကပ်ဖ်ကာသို့ ၊၂၁၊

ကပ်ဖ်ကာ...
ငါဟာ မဖွံ့ဖြိုးသော အာရှနိုင်ငံတစ်ခုမှ
ကဗျာဆရာတစ်ယောက်ပါ။

တစ်ယောက်ယောက်ကို ယူကျုံးမရ ချစ်ခဲ့ပြီး
တုံ့ပြန်မှု မရခဲ့သူ
နာကျင်ခဲ့သူ
အပြစ်ဖြစ်ခဲ့သူပါ။
ခင်ဗျားကို ကျွန်တော် နည်းနည်းသိပါတယ်
ကျွန်တော့်ကို ခင်ဗျား လုံးဝ မသိပါဘူး။

နည်းနည်း သိသူက
လုံးလုံး မသိသူထံ
အသံပြုတဲ့ကဗျာပါ ကပ်ဖ်ကာ။

စိတ်ချမ်းသာပါစေ
ဘိုင့် ဘိုင်။ ။

အောင်ချိမ့်

ကပ်ဖ်ကာသို့ - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ မေလ
အညာသားယဉ်ကျေးမှုစာစဉ်၊၂၊

Jan 22, 2014

ကပ်ဖ်ကာသို့ ၊၂၀၊

ပျော်ခဲ့သလား
မပျော်ခဲ့ဘူးလား
ဒီလိုဆို
အရက်ကောင်း သောက်ရာမှ
အရက်ညံ့ သောက်ရသလို
အရက်ညံ့ သောက်ရာမှ
အရက်ကောင်း သောက်ရသလို
ရှောင်လွှဲလို့ မရခဲ့
ဘဝဆိုတာ အဲသလိုရှိခဲ့။

ခါးတာ ချိုတာ
ပြင်းတာ၊ ပျော့တာ
မူးတာ၊ မမူးတာ
"အင်း" တာ "ဟင့်အင်း" တာ
ဒါပဲ မဟုတ်လား
ဒါပဲ မဟုတ်လား။ ။

အောင်ချိမ့်

ကပ်ဖ်ကာသို့ - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ မေလ
အညာသားယဉ်ကျေးမှုစာစဉ်၊၂၊

Jan 21, 2014

ကပ်ဖ်ကာသို့ ၊၁၉၊

အတုံးလှလှ အမြင်လှလှ အသားတုံးကြီး
ဇတ်ခနဲ အပိုင် ခပ်ယူလိုက်ပြီး
ထမင်းပန်းကန်ထဲ လက်နဲ့ ကိုင်မိမှ
အလိုလေး၊ ကြက်လည်ချောင်းရိုးကြီး။

ဖြစ်ရလေနှယ်
ငါ့လက်ထဲရောက်ခဲ့ ကြက်လည်ချောင်းရိုးကြီး။ ။

အောင်ချိမ့်

ကပ်ဖ်ကာသို့ - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ မေလ
အညာသားယဉ်ကျေးမှုစာစဉ်၊၂၊

Jan 20, 2014

ကပ်ဖ်ကာသို့ ၊၁၈၊

"ရှေ့လာပြီး
မခေကြောင်း လာပြနေပြန်ပြီ"ဟု၊
ငါက ပြောလိုက်ရာ။

နောက်တစ်နေ့မှာ
ထိုသူ လာပြီး
"ကျွန်တော့်နာမည် မောင်ခေပါ ခင်ဗျာ့" တဲ့
လာရောက် ရှင်းပြပါသည်။ ။

အောင်ချိမ့်

ကပ်ဖ်ကာသို့ - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ မေလ
အညာသားယဉ်ကျေးမှုစာစဉ်၊၂၊

Jan 19, 2014

ကပ်ဖ်ကာသို့ ၊၁၇၊

အင်္ကျီ ဝတ်တာ
အင်္ကျီ ချွတ်တာ
နောက်၊ အင်္ကျီ ပြန်ဝတ်တာ
အတော် ပြောင်းလဲသွားတာပဲ။ ။

အောင်ချိမ့်

ကပ်ဖ်ကာသို့ - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ မေလ
အညာသားယဉ်ကျေးမှုစာစဉ်၊၂၊

Jan 18, 2014

ကပ်ဖ်ကာသို့ ၊၁၆၊

ကိုယ့်ကိုယ်ကိုယ် မေ့
ကိုယ့်ဘဝကိုယ် မေ့၊ မေ့နေတာ
ငါ မေ့နေတာကို
နမ်းမလိုနဲ့ စော်ကားပြီး သတိပေးတဲ့
မင်းကို
ငါ ဘယ်တော့မှ မမေ့တော့ပါဘူးကွယ်။ ။

အောင်ချိမ့်

ကပ်ဖ်ကာသို့ - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ မေလ
အညာသားယဉ်ကျေးမှုစာစဉ်၊၂၊

Jan 17, 2014

ကပ်ဖ်ကာသို့ ၊၁၅၊

စကားလုံးတွေ ရွှေ့ရာ
ငါတို့ ရွေ့နေရ။

အလို စကားလုံးများ
ဟုတ်လှချည်လား။

ဒါကြောင့် စကားလုံးတွေ
စကားလုံးတွေ၊ စကားလုံးတွေ...။

"ငါတို့ ရှာဖွေလော့
တီထွင်လော့
တည်ဆောက်လော့
အရေးတော်ပုံ အောင်ရမည်"။ ။

အောင်ချိမ့်

ကပ်ဖ်ကာသို့ - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ မေလ
အညာသားယဉ်ကျေးမှုစာစဉ်၊၂၊