> သီဟသူ [dot] blogspot [dot] com

Jan 31, 2014

လူငယ်တစ်ယောက်အကြောင်း - ၈

နေထိုင်ကောင်းတဲ့အရွယ်

သီချင်းအဆိုသန်တဲ့အရွယ်
အံဆွဲထဲက အတင်းခုန်ထွက်လာတယ်။
ရေးထားတဲ့စာရွက်များ
ကျွန်တော့်အခန်းထဲမှာ ပြည့်ကျပ်လာတယ်၊ လျှံထွက်လာတယ်။
ကိုယ့်ကျေနပ်မှုနဲ့ ကိုယ်
မိုးခြိမ်းသံများ
ချောင်းဆိုးသံများ၊ လေတိုးသံများ
ရေကန်၊ အနက်ရောင်ငှက်တော်များ
သစ်ပင်မှာ စွန်ငြိနေဟန်
သူငယ်ချင်းများ
ကျွန်တော်တို့ ရပ်ကွက်လေးရဲ့ အသက်ဝင်မှုများ
ပိုက်ဆံမရှိသော နေ့များ
ပိုက်ဆံရဖို့လည်း မရှိသော နေ့များ
ယနေ့များကို မျှော်ကြည့်သော နေ့များ
အဲသလို ကျွန်တော့် ကဗျာများ
အဲသလို ကျွန်တော့်ကိုပါ မြင်တွေ့နိုင်ပါတယ်။

အမေပေးထားတဲ့ ကျွန်တော့် အခန်းလေးနဲ့ ကျွန်တော်ဟာ
သီးခြား ပြည့်စုံတဲ့ကမ္ဘာ ဖြစ်ပါတယ်။
ဟီးနိုးကားနဲ့ သမ္မတရုံနဲ့
ခေတ်စားတဲ့အချိန် ဖြစ်ပါတယ်။

တိုင်းရင်းမေနဲ့ ဒေါင်းနွယ်ဆွေနဲ့
ခေတ်စားတဲ့အချိန် ဖြစ်ပါတယ်။

ကျွန်တော်နဲ့ ပုံနှိပ်စာလုံး မဖြစ်တဲ့ ကျွန်တော့် ကဗျာနဲ့
နေထိုင်ကောင်းတဲ့အချိန် ဖြစ်ပါတယ်။

အောင်ချိမ့်

လူငယ်တစ်ယောက်အကြောင်း - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ
Majestic စာပေ

Jan 30, 2014

လူငယ်တစ်ယောက်အကြောင်း - ၇

ငယ်က အလင်းရောင်

သီချင်းအဆိုသန်တဲ့အရွယ်
အံဆွဲထဲက အတင်းခုန်ထွက်လာတယ်။

ကောင်းကင်တွေ ပိုများလာ၊ ကွက်လပ်တွေ ပိုများလာ
ဖြည့်ရမှာတွေ ပိုများလာ
ဘဝတွေ ပိုများလာ
ကဗျာတွေ ပိုများလာ
ဇာတ်တွေ ပိုများလာ
ပိုများလာတဲ့ လောကကြီးအလယ်
လူငယ်တစ်ယောက်ဟာ ပိုကြီးပြင်းလာပါတယ်။

လမ်းမများ၊ သစ်ပင်များ
ပန်းပွင့်များ လန်းဆန်းကာ
ကမ္ဘာကြီးမှာ လူဟာ
လူမျှသာ ဖြစ်ပါတယ်။

မဖြစ်နိုင်တာတွေ အများကြီးနဲ့
မဖြစ်သေးတာတွေ အများကြီးနဲ့
နေ့ရက်တွေ အများကြီးနဲ့
လုပ်ချင်တာတွေ အများကြီးနဲ့
တကယ်မှာ
မတတ်နိုင်တာတွေ အများကြီးနဲ့
ဒါကြောင့်ပင်
ကျွန်တော်တို့ ဆက်လက်ရှင်သန်နေတာ။

အလွန် စကားနည်းပြီး
ဘဝကို ယုတ္တိရှိရှိ နေထိုင်သွားသူ
(ကွယ်လွန်ခဲ့တာ ကြာပါပြီ)
ကျွန်တော်တို့က
'အစ်ကိုမောင်လေး' လို့ ခေါ်တဲ့
အစ်ကိုက
စာအုပ်တွေ
လိုချင်သလောက် လိုက်ဝယ်ပေးပါတယ်။

ဗန်းမော်တင်အောင် 'မုန်တိုင်းထဲကလူ'
မော် 'ယင်အန်မိန့်ခွန်း'
ဖူးချစ် 'မှတ်တမ်းများ'
နတ်နွယ် 'အပြာ'
'မြန်မာပြည်မြောက်ပိုင်း' ပထမတွဲ
စာအုပ်တွေ
(ဖတ်လိုက်တာများမြင်းကလေးတစ်ကောင်
နွေဦးမြက်နုလေးတွေ တအား လွှေးနေတဲ့အတိုင်းပါပဲ)
အဲဒီအတိုင်းပါပဲ။

'စာပေသဘောတရား
စာပေဝေဖန်ရေး
စာပေလှုပ်ရှားမှု' ဆရာဒဂုန်တာရာစာအုပ်
ဂူအတွင်း မီးတိုင်လို လင်းခဲ့တယ်။

ငယ်က အလင်းရောင်
စိန်နားကပ်ကဲ့သို့ ပြိုးပြက်လျက်။ ။

အောင်ချိမ့်

လူငယ်တစ်ယောက်အကြောင်း - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ
Majestic စာပေ

Jan 29, 2014

လူငယ်တစ်ယောက်အကြောင်း - ၆

ဓာတ်ပုံတွေလို

သီချင်းအဆိုသန်တဲ့အရွယ်
အံဆွဲထဲက အတင်းခုန်ထွက်လာတယ်။

အမေက ကျွန်တော်ဝတ်လာတဲ့ အင်္ကျီလုံချည်
ပြန်ပါလာတဲ့ အဝတ်အစားများ အကုန်
ဒန်ဇလုံကြီးထဲ ထည့်ပြီး
ပြုတ်လျှော်ပစ်ပါတယ်။

ကျွန်တော့်ကို ရေချိုးစေပါတယ်။
ခေါင်းလျှော်စေပါတယ်။

ညီနဲ့ညီမက
ဝမ်းသာမျက်ရည် ကျသတဲ့။
(ယခုအခါ တစ်နှစ်တစ်ခါတောင် မတွေ့ကြပါ)

အဖေက သူ နေနေကျအတိုင်း
ထောင့်လေးတစ်ခုမှာ ကုပ်ပြီး ထိုင်နေပါတယ်။
(လက်ကြား ဆေးပြင်းလိပ် ညှပ်လျက် ငြိမ်လျက်)

အစ်မက ပျာပျာ ပျာပျာ
စားစရာ တစ်ခုပြီး တစ်ခု လုပ်တယ်။
(အခု အဲဒီအစ်မက မှတ်ဉာဏ်ချွတ်ယွင်းနေရှာတယ်)

ကျွန်တော့်မှာ စိတ်လှုပ်ရှားမှု တလှပ်လှပ်
အရာရာကို တလှပ်လှပ်
ဓာတ်ပုံစာအုပ်ကို ပြန်ထုတ်ကြည့်သလို
ဓာတ်ပုံတွေလိုပါပဲ။

(ဘဝဆိုတာ အရင်က အရာတွေ၊ အဖြစ်အပျက်တွေ၊ နေ့ရက်တွေကို
အဲသလို အဲသလို ဓာတ်ပုံတွေလို ပြန်ပြန် ထုတ်ကြည့်လို့ရသေးတာ ကံကောင်းတာပဲ)
'အပျော်ဆုံး နေ့တစ်နေ့' ဆိုတာလည်း ဖြစ်နိုင်ပါတယ်
လောကထဲ ပြန်ရှင်ရတာမျိုး မဟုတ်လား။

အဲဒီ တစ်ရက်လို နှစ်ရက်လို ရက်များဟာ
လကလည်း ပိုသာ
နေကလည်း ပိုလင်း
အဓိပ္ပာယ်များ၊ ချစ်ခင်မှုများ၊ မိသားစုများ လင်းလင်းချင်းချင်း
(ကျန်သော မိသားစုများသို့လည်း စိတ်က ရောက်ပါတယ်)။ ။

အောင်ချိမ့်

လူငယ်တစ်ယောက်အကြောင်း - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ
Majestic စာပေ


Jan 28, 2014

လူငယ်တစ်ယောက်အကြောင်း - ၅

သုံးဘီးကားလေးနဲ့

သီချင်းအဆိုသန်တဲ့အရွယ်
အံဆွဲထဲက အတင်းခုန်ထွက်လာတယ်။

သုံးဘီးကားလေးနဲ့
အိမ်ပြန်ခဲ့တယ်။
အုတ်တံတိုင်းနဲ့ အမှောင်ဟာ
နောက်ကျောမှာ
ကျန်ခဲ့ပါတယ်။

ရဲဘော်များ မိတ်ဆွေများ
ကျန်ခဲ့ပါတယ်။

သုံးဘီးကားလေးဟာ
လွမ်းစရာပါပဲ
မောင်ဒီရဲ့ 'သုံးဘီးကားလျှောက်စီးခြင်း' ပန်းချီကားလို
သုံးဘီးကားလေးဟာ
လွမ်းစရာပါပဲ။

သုံးဘီးကားလေးထဲမှာ
လာကြိုတဲ့ အဖေ ပါတယ်
အခြားတစ်ယောက် ပါတယ်
ကျွန်တော့် ပစ္စည်း၊ ကျွန်တော့် အဝတ်အစားတွေ ပါတယ်။

ကျွန်တော် ကျောင်းက ပြန်လာတယ်
ကျွန်တော် ဘဝတက္ကသိုလ်က ပြန်လာတယ်။

ဘဝတစ်ခုမှ ဘဝတစ်ခုသို့
နေ့ပေါင်းများစွာမှ လာမယ့်နေ့များသို့
အခြားနေရာမှ ကျွန်တော့် ရပ်ကွက်လေးသို့၊ အိမ်သို့
အခြား အိပ်ရာမှာ ကျွန်တော့် အိပ်ရာသို့
မိုးဥတုမှ သီတင်းကျွတ်သို့
အမှောင်မှ လင်းရာသို့
အမေ့ဆီသို့
သုံးဘီးကားလေးနဲ့
ကျွန်တော် ပြန်လာပါတယ်။ ။

အောင်ချိမ့်

လူငယ်တစ်ယောက်အကြောင်း - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ
Majestic စာပေ

Jan 27, 2014

လူငယ်တစ်ယောက်အကြောင်း - ၄

အဲဒီတုန်းက

သီချင်းအဆိုသန်တဲ့အရွယ်
အံဆွဲထဲက အတင်းခုန်ထွက်လာတယ်။

'သားမောင်' . . အစချီ အဖေ့ထံမှ စာများ
တစ်လတစ်စောင် ဖတ်ရခဲ့
ကျွန်တော်က အဖေအမေတို့ထံ
တစ်လတစ်ခါ စာပြန်ရေးရခဲ့။

အမေက ရူးသွားသလို
လမ်းထိပ်ကို မျှော်ပြီး သီချင်း နေ့တိုင်း ဆိုသတဲ့။

အဲဒါကို ကျွန်တော် သိရလို့
ယခုတိုင် မျက်ရည်စို့ရ။

စေတီဖြူဖြူ
ပန်းနံ့ရှူ၍ . . . လို့ မှတ်မိတဲ့
လေးလုံးစပ်ကဗျာ
အဲဒီတုန်းက စပ်ခဲ့တယ်။

ပန်းနံ့မှာ
ဆိပ်ဖလူးပန်းနံ့ ဖြစ်ပါတယ်။

သရက်ပင်အုပ် စိမ်းစိမ်းများ
စိတ်ထဲ စိမ်းညှို့တယ်။

နာရီမောင်းခေါက်သံများ
စိတ်ထဲက ကြားနေတယ်။

စာဖတ်၊ ကဗျာရေး
စစ်တုရင်ထိုး၊ အားကစားလုပ်။

တွေးတာ၊ စဉ်းစားတာ
တွေတာ ဝေတာ ဖမ်းမမိတာ
စိတ်အလုပ်များ
များများလုပ်ခဲ့။

ညွန့်သစ်၊ သန်းအုန်း၊ ချစ်ဆွေ၊ ဗဖူးညွန့်
ကြည်တင်ဦး၊ သခွပ်နီ စသဖြင့်
ကျွန်တော်တို့အတွက်ဆို အဲဒီမှာ
တက္ကသိုလ်ကြီး ဖြစ်ပါသည်။

အဆောင်နေ အရိပ်ခိုသူများပမာ
ကျွန်တော်တို့၏ တက္ကသိုလ်ဖြစ်ပါသည်။

မျက်နှာချင်းဆိုင် အဆောင်မှာ
ဆရာ ဒဂုန်တာရာကို လှမ်း၍ မြင်ဖူးပါသည်။

ခင်ဗျား အဲဒီတုန်းက ဘယ်မှာလဲ
လူငယ်တစ်ယောက်က မေးလိုက်ပါရဲ့။

ရာဇဝင်၊ အသက်ရှူသံ
နံရံ
အမြန်ပြန်ရစ်တဲ့ ရုပ်ရှင်ကား
ရေငတ်သလို အမှန်တရား
ကျွန်တော် နားစွင့်နေပါရဲ့။ ။

အောင်ချိမ့်

လူငယ်တစ်ယောက်အကြောင်း - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ
Majestic စာပေ

Jan 26, 2014

လူငယ်တစ်ယောက်အကြောင်း - ၃

စိမ်းစိုသောနေ့စွဲများ

သီချင်းအဆိုသန်တဲ့အရွယ်
အံဆွဲထဲက အတင်းခုန်ထွက်လာတယ်။

တိမ်တွေ အရောင် ပြောင်းသလို
ရက်၊ လ၊ နှစ်တွေ ပြောင်းခဲ့ပေါ့။

အပေါင်းအသင်း အသစ်အချို့ရ
အကြောင်းအရာအသစ်အချို့ ပြောဖြ်စပေါ့။

လက်ဖက်ရည်နဲ့ ဆေးလိပ်
တိတ်တိတ်သောက်ရာမှ
အိမ်မှာ လမ်းမှာ မုန့်စားဆင်းချိန်မှာ
ဗြောင် ခပ်တည်တည် သောက်လို့ပေါ့။

ကျောင်းနောက်ဘက် တောစပ်မှာ မုန့်စားချိန်တိုင်း
ငါတစ်ယောက်တည်း ဆေးလိပ်နဲ့ ထိုင်တယ်။
(ဆေးလိပ်ဟာ မကောင်းနိုင်ပါ။ ကဗျာထဲက
အချိန်ကာလာဟာ ၁၉၆၄-၆၅ လောက်ကပါ)

နောက်တော့ ထူးထူးဆန်းဆန်း ဒဏ္ဍာရီဆန်ဆန်
နားသံသီးလေး လှုပ်လှုပ်နဲ့
ဥစ္စာစောင့်မလေးတစ်ယောက်
မုန့်အချိုတွေယူလာပြီး ငါနဲ့အတူ လာထိုင်တယ်။

ဒီတုန်းက ဝါးထရံ ကာထားတဲ့ကျောင်း
ဆရာ၊ ဆရာမများ
နှစ်စ ကျောင်းသုံးစာအုပ်များ အနံ့နဲ့
နံရံကပ် စာစောင်နဲ့
အဲဒီ 'ဥစ္စာစောင့်မလေး' ကို မမေ့ပါ။

ရောင်စိမ်းိစုသော နေ့စွဲများ ရုတ်ခြည်း
ပွဲကြည့်ရသလို ပြည်ဖုံးကား ကျခဲ့ပါတယ်။

ကျွန်တော်ဟာ ကားကို ဆက်မောင်းတယ်ဆိုရင်
ရှေ့မှာ မသိနိုင်တဲ့ လမ်းခရီးဟာ ဘဝဖြ်စပါတယ်။ ။

အောင်ချိမ့်

လူငယ်တစ်ယောက်အကြောင်း - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ
Majestic စာပေ

Jan 25, 2014

လူငယ်တစ်ယောက်အကြောင်း - ၂

မလဲနိုင်တဲ့အရာ

သီချင်းအဆိုသန်တဲ့အရွယ်
အံဆွဲထဲက အတင်းခုန်ထွက်လာတယ်။
အငြိမ့်တွေနောက်
တကောက်ကောက် လိုက်တယ်။

ညဆို မအိပ်ဘူး
အငြိမ့်တွေနောက် လိုက်တယ်။

ရွှေလိပ်ပြာ မအေးကြည်
လင်းရောင်ခြည်၊ ရွှေမန်းသူညိုညိုဆန်း
ဆောင်းဝင်းဝင်းအေး
ငါတို့ညာသံ တဟေးဟေး
လန်ဒန်ဂိုးဖလိတ် တဖွားဖွား။

လောကကြီးကို အလောသုံးဆယ် သိချင်လို့
အကြောင်းမရှိဘဲ အိမ်ကထွက်ပြေးတယ် . . .

ငါနဲ့ မြင့်အောင်
မနေနိုင်တဲ့ နှစ်ကောင်
အဲဒီကောင် အပ်တန်းလန်းနဲ့ သေတာ
ကြာပေါ့။

ရပ်ကွက်ထြမှာတော့
စံရွှေဦး၊ ကြင်သိန်း၊ ဝင်းရွှေ
ဖိုးကောက်
ဖိုးကောက် မရှိတော့ဘူး။

ဖဲလည်ရိုက်။ ဘုရားတက်
ရွှေတိဂုံ တံမြက်လှည်းအသင်းဝင်
ဟုတ်တာရော မဟုတ်တာပါ
ဖြစ်ခဲ့ပါတယ်
ဟုတ်တဲ့ မှန်တဲ့ အရာကို မျှော်မှန်းပါတယ်။

အဲဒီအချိန်များ၊ အဲဒီနှစ်များ၊ အဲဒီခေတ်များ
လူတွေကလည်း တော်ပါတယ်။

အဲဒီ တော်တဲ့ နှစ်များဟာ
ကံမျက်နှာသာ အပေးခံရတာလို့ ဆိုလောက်တယ်။

အဲဒီတုန်းက မိုက်မဲမှုကို
အခု လိမ္မာယဉ်ကျေးမှုနဲ့ မလဲပါဘူး။
ဘာနဲ့မှလည်း
မလဲပါဘူး။

ကံမျက်နှာသာ ပေးမှုဟာ
အမေ့ရဲ့ အရိပ်ပမာ။

ရွှေဘရုပ်ရှင်က အစ
ကွမ်းယာဆိုင်က အစ
လမ်းသရဲစတိုင်က အစ
ခင်သန်းနုက အစ
ပွဲတော်ဖုန်လုံးများက အစ
မြန်မာ့အသံက အစ
လွမ်းရပါတယ်။

ငယ်ရွယ်စဉ် ဘဝရုပ်ပုံတွေထဲက
ငါ ခဏလေး သက်သာရာ ရလိုတာပါပဲ။ ။

အောင်ချိမ့်

လူငယ်တစ်ယောက်အကြောင်း - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ
Majestic စာပေ

Jan 24, 2014

လူငယ်တစ်ယောက်အကြောင်း - ၁

မဖတ်လောက်တဲ့ ကဗျာ

သီချင်းအဆိုသန်တဲ့အရွယ်
အံဆွဲထဲက အတင်းခုန်ထွက်လာတယ်။
စက်ဘီးစီး တတ်ခဲ့တယ်။
သင်္ကြန်မှာ အော်တယ်။

ကဗျာတွေ တအားရေးတယ်
စာအုပ်တွေ အများကြီး ဖတ်တယ်
ပန်းသီးလည်း ချိုတယ်
ကြက်ဟင်းခါးသီးလည်း ချိုတယ်
ကောင်းကင်ကြီးက လှတယ်
မြေကြီးပေါ်မှာ လမ်းလျှောက်တယ်
ငြိမ်းချမ်းရေး၊ လက်ဝဲ၊ လက်ယာ၊ ဘဝ
ကျွန်တော် ဖတ်တာပေါ့၊ ကျွန်တော် သိခဲ့ပေါ့။

အမေနဲ့ အမေပမာ အစ်မကြီး
ကျွန်တော့်ကို အလိုလိုက်ခဲ့
လက်ဖက်ရည်ကြိုက်ပြီး လက်ဖက်ရည် သောက်တယ်
တမေ့တမော ထိုင်တယ်
'ငါ၏ကဗျာ၊ ငါ့ဘာသာရေး
ဘာဖြစ်သေးလဲ' ခေတ်ကပေါ့။

ပြောချင်တာ အဲဒါတွေ မဟုတ်ပါဘူး
ကျွန်တော်လည်း အဲဒီ ကျွန်တော် မဟုတ်တော့ပါဘူး
မိတ်ဆွေ၊ ဒီကဗျာကို မဖတ်ပါနဲ့
ဒီကဗျာ ဖတ်လောက်လို့လား။ ။

အောင်ချိမ့်

လူငယ်တစ်ယောက်အကြောင်း - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ
Majestic စာပေ

Jan 23, 2014

ကပ်ဖ်ကာသို့ ၊၂၁၊

ကပ်ဖ်ကာ...
ငါဟာ မဖွံ့ဖြိုးသော အာရှနိုင်ငံတစ်ခုမှ
ကဗျာဆရာတစ်ယောက်ပါ။

တစ်ယောက်ယောက်ကို ယူကျုံးမရ ချစ်ခဲ့ပြီး
တုံ့ပြန်မှု မရခဲ့သူ
နာကျင်ခဲ့သူ
အပြစ်ဖြစ်ခဲ့သူပါ။
ခင်ဗျားကို ကျွန်တော် နည်းနည်းသိပါတယ်
ကျွန်တော့်ကို ခင်ဗျား လုံးဝ မသိပါဘူး။

နည်းနည်း သိသူက
လုံးလုံး မသိသူထံ
အသံပြုတဲ့ကဗျာပါ ကပ်ဖ်ကာ။

စိတ်ချမ်းသာပါစေ
ဘိုင့် ဘိုင်။ ။

အောင်ချိမ့်

ကပ်ဖ်ကာသို့ - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ မေလ
အညာသားယဉ်ကျေးမှုစာစဉ်၊၂၊

Jan 22, 2014

ကပ်ဖ်ကာသို့ ၊၂၀၊

ပျော်ခဲ့သလား
မပျော်ခဲ့ဘူးလား
ဒီလိုဆို
အရက်ကောင်း သောက်ရာမှ
အရက်ညံ့ သောက်ရသလို
အရက်ညံ့ သောက်ရာမှ
အရက်ကောင်း သောက်ရသလို
ရှောင်လွှဲလို့ မရခဲ့
ဘဝဆိုတာ အဲသလိုရှိခဲ့။

ခါးတာ ချိုတာ
ပြင်းတာ၊ ပျော့တာ
မူးတာ၊ မမူးတာ
"အင်း" တာ "ဟင့်အင်း" တာ
ဒါပဲ မဟုတ်လား
ဒါပဲ မဟုတ်လား။ ။

အောင်ချိမ့်

ကပ်ဖ်ကာသို့ - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ မေလ
အညာသားယဉ်ကျေးမှုစာစဉ်၊၂၊