> သီဟသူ [dot] blogspot [dot] com

Mar 24, 2014

ဆီးချိုသီးများ ရှိတယ်

ဤသို့ဖြင့်
ဘဝတွင် ချိုမြိန်သောသူများအတွက်
ဆီးချိုသီးများ အမြဲရှိသည်ဟု
မှတ်သားခဲ့ရဖူးပေသည်။
ဟောဒါ အရင်းကျမ်းကို တွေ့ရှိခဲ့သူ 'ားလ်မတ်စ်'
ဒါ 'ရော့စတီးဝဒ်' ရမ္မက်အကြောင်း သီချင်းဆိုသူ
သူက ပန်းနုရောင်၊ ရွှေအိုရောင် 'ဒဂုန်တာရာ'
သူက အပြာရောင်စီးသူများ ပန်းချီဂိုဏ်းဝင် 'ကင်ဒင့်စကီး'
သူကိုယ်တိုင် သဘာဝတရားပါလို့ ရဲဝံ့စွာ ကြွေးကြော်ရဲသူ 'ဂျက်ဆန်ပူးလော့'
သူကတော့ ချင်းတွင်းမြစ်ကမ်းဘေးက ရိုးရိုးသားသား
ရေကြည်သမားလေး
သူက အခုအချိန်အထိ အနုပညာနဲ့ ကျော်ကြားမှုကို
ငွေနဲ့ ဝယ်နေရသေးသူ
သူကိုယ်တိုင် အနုပညာပုံစံတစ်ခုအဖြစ် နာမည်ကြီးသူ 'အင်ဒီဝါးဟိုး'
'မာဆယ်ဒူးရွှန့်' ဒါဒါအနုပညာဝါဒရဲ့ အရှင်သခင်
ရက်စက်ကြမ်းကြုတ်တဲ့ ကမ္ဘာကြီး၊ အနိဌာရုံများ၊ စစ်ပွဲများ
နံရံများကို ဖွဲ့နွဲ့တင်ပြတဲ့ 'ပင့်ဖလွိုက်'တေးဂီတ
ဤသို့
ဤသို့ဖြင့် ဆီးချိုသီးများသည်
ဘဝတွင် အမှန်တကယ် ချိုမြိန်သူများအတွက်
ဖြစ်ခဲ့ရပေသည်။

ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း

သော်ဒီဝေ
မြို့တစ်မြို့ ၊ လသုံးစင်း
ပထမအကြိမ်၊ ၂၀၁၃။
မြန်မာဧရာစာပေ။

Mar 23, 2014

ဒေါက်တာခမ်းလိတ်မှ သိမယ်

ကက်ဆက်ခလုတ်ကို ရှေ့ကို ရစ်တယ်
တစ်ခါ ကက်ဆက်ခလုတ်ကို
နောက်ကို ပြန်ရစ်တယ် . . .
ဒါဟာ အလုပ်ပဲ
ဒါတွေကို ဒေါက်တာခမ်းမလိတ်မှ သိမယ်
ဆဒ္ဒန်ဆင်မင်း အကြံနဲ့
ဘဝမှာ ဉာဏ်ပညာကြီးမားခဲ့ပေမယ့်
ကံနဲ့ စားရသူတွေထဲမှာ
ကိုယ်တစ်ယောက် မပါခဲ့
ငွေဆိုတာ ပိုက်ဆံနဲ့ရှာမှ ရတယ်
ဒါတွေကို
ဒေါက်တာခမ်းမလိတ်မှ သိမယ်
ပေးကား ပေး၏ မရတဲ့
မုတ်သုန်လေ မြောက်ပြန်လေတို့ထက်လည်း
အချိန်မှန်ခဲ့ရ
ထိုက်တန်တာထက်လည်း ပိုပြီး ရင်းနှီးခဲ့ရ
ဘဝရဲ့ လှည့်ကွက်တွေကြား
အနယ်ထိုင်အောင် စောင့်ခဲ့ပေမယ့်
ချယ်ရီပင်အောက် အခုချိန်ထိ
ရောက်မလာခဲ့သူ တစ်ယောက်အကြောင်းကို
ဒေါက်တာခမ်းမလိတ်မှ သိမယ်
ကက်ဆက်ခလုတ် ရှေ့ကို ရစ်တယ်
တစ်ခါ ကက်ဆက်ခလုတ် နောက်ကို ပြန်ရစ်တယ်
ဒါဟာ သီချင်းတစ်ပုဒ်ပဲ
ဒါ . . . ဒေါက်တာခမ်းမလိတ်မှ သိမယ်။

ဖက်ရှင်မဂ္ဂဇင်း၊ ဇန်နဝါရီ၊ ၂၀၁၃။

သော်ဒီဝေ
မြို့တစ်မြို့ ၊ လသုံးစင်း
ပထမအကြိမ်၊ ၂၀၁၃။
မြန်မာဧရာစာပေ။

Mar 22, 2014

မှတ်တမ်းမှတ်ရာများအရ

မှတ်တမ်းမှတ်ရာများအရ     မန္တလေးမြို့ ဝင်းလိုက်ရုပ်ရှင်ရုံမှာ
                                        'ဒေါက်တာဇီဗားဂိုး' ဇာတ်ကား ရုံတင်တဲ့နှစ်က
                                        သူ့ကို မွေးပါတယ်။
မှတ်တမ်းမှတ်ရာများအရ     (ရေနံချောင်း) ကုန်းစောင်းရွာကလေးမှာ ရုပ်ရှင်ရုံ
                                        ကောင်းကောင်းမရှိရှာခဲ့ဘူးလို့ တချို့က
                                        ဆိုတယ်။
မှတ်တမ်းမှတ်ရာများအရ     ကဗျာဆရာ 'မောင်ချောနွယ်'ဟာ ကျွန်တော်တို့
                                        ခေတ်ရဲ့ 'ပုသျှကင်'ပါလို့ တင်စားခံရသူဖြစ်တယ်။
မှတ်တမ်းမှတ်ရာများအရ     'ဖော်ဝေး'သာ သက်ရှိထင်ရှား ရှိနေသေးရင်
                                        မြန်မာ ကဗျာလောကဟာ
                                        တစ်မျိုးတစ်ဖုံ ဖြစ်သွားနိုင်တယ်လို့ ဆိုတယ်။
မှတ်တမ်းမှတ်ရာများအရ     သူ အသက် ၂၀ အရွယ်မှာ
                                        မန္တလေး ပန်းချီပန်းပုကျောင်းကို ရောက်တယ်။
မှတ်တမ်းမှတ်ရာများအရ     'ဒါဒါဝါဒ' 'မာဆယ်ဒူးရွှန့်'နဲ့ 'ဂျက်စ်ပါဂျွန်'တို့ရဲ့
                                        အနုပညာဖန်တီးမှုကို သူကြိုက်တယ်။
မှတ်တမ်းမှတ်ရာများအရ     ဒီနှစ်ဟာ လွတ်လပ်ရေးရတာ
                                        နှစ် ၆၀ ပြည့်နှစ် ဖြစ်တယ်။
မှတ်တမ်းမှတ်ရာများအရ     သူ ၈ နှစ်သားအရွယ်မှာ တော်လှန်ရေးကောင်စီ
                                        အစိုးရ တက်တယ်။
မှတ်တမ်းမှတ်ရာများအရ     သူ အကြိုက်ဆုံးက 'မန်ချက်စတာယူနိုက်တက်'
                                        ဘောလုံးအသင်း ဖြစ်ပါတယ်။ (မန်ယူရှုံးတဲ့ညဆို
                                        သူ အိပ်မပျော်ဘူးတဲ့)။
မှတ်တမ်းမှတ်ရာများအရ     သူ့ဘဝမှာ ချစ်သူ ၄-၅ ယောက် ထားခဲ့ဖူးတယ်တဲ့။
မှတ်တမ်းမှတ်ရာများအရ     အဲဒီထဲမှာမှ ကျွန်တော့်အနမ်းဟာ စွဲမက်စရာ
                                        အကောင်းဆုံးလို့ ပြောတော့
                                        တော်တော်နားထောင်လို့ ကောင်းပါတယ်။
                                        တကယ်တော့ မှတ်တမ်းမှတ်ရာများဟာ
                                        မှတ်တမ်းမှတ်ရာမျှသာ ဖြစ်ပါတယ်။

၆၊ ဇန်နဝါရီ၊ ၂၀၀၈။

သော်ဒီဝေ
မြို့တစ်မြို့ ၊ လသုံးစင်း
ပထမအကြိမ်၊ ၂၀၁၃။
မြန်မာဧရာစာပေ။

Mar 21, 2014

ဗလာ လေဟာနယ်များ

ဘာမှ စဉ်းစားမထားတဲ့ ဦးနှောက်ထဲမှာ
အနုပညာတစ်ခုခု ရှိလိမ့်မယ် သူထင်ပြီး
ဘာမှရေးမထားတဲ့ ရွက်ဖျင်ကင်းဘတ်စ်စထဲမှာ
ပို့စ်မော်ဒန်အယူဝါဒတစ်ခု ရှိမယ် သူထင်တယ်
ဘာမှခံစားချက်မရှိတဲ့ ကောင်မလေးတစ်ယောက်ဆီမှာ
အချစ်သီချင်းစာသားတချို့ ရှိမယ် သူထင်တယ်
ဘာမှတိတ်သားမပါတဲ့ စီ ဇီးရိုးခွေအလွတ်ထဲမှာ
ဘလူးစ်တေးသွားတစ်ခု ရှိမယ် သူထင်တယ်
ဒီလိုနဲ့ သူ့ကိုယ်သူ
နေကာမျက်မှန်အမည်းတစ်လက် တပ်ဆင်ထားတဲ့အခါ
ကွယ်လွန်သွားတဲ့ ကဗျာဆရာ မောင်ချောနွယ်အတုလို့ထင်ပြီး
ကဖီးဆိုင်တစ်ခုထဲ သူ့ကိုယ်သူ
ကြယ်သီးတပ်ထားတဲ့ စကားတွေအများကြီး ပြောနေချိန်မှာတော့
ကမ္ဘာပေါ်က၊ အကျယ်လောင်ဆုံး၊ အဆူညံဆုံး
ရော့ခ်ဂီတသမားတစ်ဦးဦးနဲ့
ဆင်ဆင်တူသူပေါ့။

၂၄၊ ဇူလိုင်၊ ၂၀၀၃။
အလင်္ကာမဂ္ဂဇင်း၊ စက်တင်ဘာ၊ ၂၀၁၃။

သော်ဒီဝေ
မြို့တစ်မြို့ ၊ လသုံးစင်း
ပထမအကြိမ်၊ ၂၀၁၃။
မြန်မာဧရာစာပေ။

Mar 20, 2014

ကျွန်တော့်အခန်း

ကျွန်တော်
ကျွန်တော့်အခန်းကို ပြန်ရောက်တော့
ပို့စ်ကဒ်တစ်ခု တွေ့ရတယ်
ဖန်တုံးတစ်ခုထဲမှာ အကျဉ်းချခံထားရတဲ့
ခရမ်းရောင် နှင်းဆီပန်းတစ်ပွင့် တွေ့ရတယ်
ပန်းအိုးများထဲမှာမှ
သူမရဲ့ သတိရခြင်းကို တွေ့ရတယ်
နောက်
အချစ်သီချင်း ကက်ဆက်ခွေတစ်ခွေ
သံယောဇဉ်နဲ့ ရက်လုပ်တဲ့
စကော့တလန် ရှပ်အင်္ကျီအကွက်တစ်ထည်
တွေ့ရတယ်
အိပ်ရာပေါ်မှာ ခပ်ငွေ့ငွေ့ ကျန်နေသေးတဲ့
သူမရဲ့ ကိုယ်သင်းရနံ့ကို တွေ့ရတယ်
နောက်တော့
သူမဟာ
အခန်းထဲမှာ ကျွန်တော့်ကို တစ်ယောက်တည်း
ပစ်ထားခဲ့တယ်
ကြေကွဲခြင်းတွေနဲ့

၇၊ ဖေဖေါ်ဝါရီ၊ ၁၉၉၇။
ရွက်နုဝေမဂ္ဂဇင်း

သော်ဒီဝေ
မြို့တစ်မြို့ ၊ လသုံးစင်း
ပထမအကြိမ်၊ ၂၀၁၃။
မြန်မာဧရာစာပေ။

Mar 19, 2014

အမေ

ရေငွေ့များများ ဇူလိုင်လ
တိမ်ထူထူ တစ်နေ့မှာ
ဟိုး တောင်ကုန်းမြင့်မြင့်လေးပေါ်
အမေ . . . ငါ့ကို ထားခဲ့တယ်
အမေ မသိတာတွေ အများကြီးနဲ့
အမေ . . . ငါ့ကို ထားခဲ့တယ်
အမေက တောသူ
ရိုးအတယ်
သူ့သား ခဏခဏ အသည်းကွဲတတ်တာ အမေ မသိဘူး
ကန္တာရလမင်း စီးရီးပေါက်တာ မသိဘူး
ဟယ်ရီလင်းကို မသိဘူး
ဂန္တဝင်မြောက် အိမ်အပြန်ထဲက သူ့သားရဲ့အသံကို မသိဘူး
လက်ဖက်ရည်ဆိုင်ထဲက ကောင်မလေးကို ဆယ်နှစ်တိတိ ချစ်ခဲ့ရပြီး
ပြန်အချစ်မခံရတာလည်း မသိဘူး
လမ်းပေါ်က ကောင်မလေးနဲ့လည်း သံယောဇဉ်တန်းဖြစ်ခဲ့တာ မသိဘူး
သူ့သား သူငယ်ချင်း ကုလားလေး ရာရှစ်ကို မသိဘူး
နာမည်နည်းနည်းကြီးတဲ့ သော်ဒီဝေကို မသိဘူး
နာမည်နည်းနည်းသေးတဲ့ ဝေချစ်ကိုကို မသိဘူး
အမေက ဂီတကို မသိဘူး ဒါပေမဲ့
ဆိုနီ စတီရီယိုကက်ဆက်တစ်လုံး ငါ့ကို ဝယ်ပေးရဲ့
အမေက ပီကာဆိုကို မသိဘူး ဒါပေမဲ့
ကင်းဘတ်စ်နဲ့ ဆေးတွေ ငါ့ကို ဝယ်ပေးရဲ့
အမေက သောကကို မသိဘူး ချစ်ခြင်းမေတ္တာ အလျှံပယ် ငါ့ကိုပေးရဲ့
ငါ ပြန်မပေးနိုင်တာအားလုံး အမေ ငါ့ကိုပေးရဲ့
ရေငွေ့များများ ဇူလိုင်လ၊ တိမ်ထူထူတစ်နေ့မှာ
ရိုဂျာဝါးတား၊ မဂ္ဂဇင်းဂေါ်ကီ၊ ဦးသုခ
စတိင်း၊ ဂျွန်လင်နွန်နဲ့ ဖီးလ်ကောလင်းတို့လိုပေါ့
ဘယ်တော့မှ ငါ ပြန်ရမှာမဟုတ်တဲ့ အမေ့ကို
ငါ ဖွဲ့ဆိုဖြစ်ရဲ့။

ဇူလိုင်၊ ၁၉၉၉၊ သွားလေသူ အမေသို့ . . .
ဇူလိုင်၊ ၂၀၁၃။

သော်ဒီဝေ
မြို့တစ်မြို့ ၊ လသုံးစင်း
ပထမအကြိမ်၊ ၂၀၁၃။
မြန်မာဧရာစာပေ။

Mar 18, 2014

မကျင်းပဖြစ်သော မွေးနေ့များ

အချစ်တဲ့ . . .
ကော်ဖီမစ် တစ်ခွက်စာပင်
ရင်ခုန်စရာ မကောင်းခဲ့
ဖြူစင်ချင်လို့ . . . တဲ့
ဘာကြောင့်များ သူမ
ငါ့ဘဝတစ်ခုလုံး ရှုပ်ထွေးနောက်ကျိခဲ့ရလဲ
ဒီလိုနဲ့
ကျွန်ုပ်ထံမှ အချိုရည်များ ကုန်ဆုံးပြီဟု
သူတို့ဘာသာ သူတို့
နောက်ဆုံး ယူဆပြီးချိန်မှာပဲ
သူတို့ဘာသာ သူတို့ နောက်ဆုံး
ထွက်ခွာသွားကြရဲ့
ဝဋ်ရှိလို့ပါ
လူတကာရဲ့ လက်ညှိုးနဲ့ တံတွေးတွေထက်
ကိုယ် မင်းကိုချစ်တယ်
ဘာတစ်ခုမှ မမှားခဲ့ကြတာက လွဲလို့
ဘာတစ်ခုမှ မမှန်ခဲ့တာ တစ်ခုပါ
မိန်းမတစ်ယောက်ရဲ့ ရင်ခွင်ထဲ
တော်လ်စတွိုင်းရဲ့ ဇာတ်ကောင်လို သင်
နေထိုင်ခဲ့ဖူးပါသလား
တစ်ခါက
ပင်လယ်ရေမျက်နှာပြင်ထက် ခပ်မြင့်မြင့်
ထင်းရှုးနံ့၊ ယူကလစ်နံ့တွေနဲ့
သူမရဲ့ ကိုယ်သင်းနံ့နဲ့လည်း တူတဲ့
မြို့ကလေးရဲ့ တောင်ကုန်းအနိမ့်အမြင့်များအတိုင်း
သူရဲကောင်း ဘီးကိုစီးလို့
ခုတော့လည်း . . . အားလုံး
ပြီးဆုံးသွားခဲ့ပါပြီ
ဒီလိုနဲ့
ဒီလိုပါပဲ မိတ်ဆွေ
(ဘဝဆိုတာ)
ခင်ဗျားတို့ ကျွန်တော်တို့ မစိုက်ပျိုးနိုင်ခဲ့တဲ့
ဗင်းဆင့်ဗန်ဂိုးရဲ့
အဝါရောင် နေကြာပန်းများဟာလည်း
ဟိုး . . . နေရာတော်တော်များများအထိ
လှပနေကြဦးမှာပါဲ . . .

၁၊ ဧပြီ၊ ၂၀၁၂။
ဗြူတီမဂ္ဂဇင်း၊ မေ၊ ၂၀၁၂။

သော်ဒီဝေ
မြို့တစ်မြို့ ၊ လသုံးစင်း
ပထမအကြိမ်၊ ၂၀၁၃။
မြန်မာဧရာစာပေ။

Mar 17, 2014

တနင်္လာနေ့ရဲ့ပုံတူ

မဖွင့်တာကြာပြီး ဖုန်တက်နေတဲ့
ဘီတဲလ်ဓာတ်ပြားအဟောင်း တစ်ချပ်
ဗီရိုအံဆွဲထဲမှာ . . .
ဖြစ်နိုင်ရင်
မျက်စိမှိတ်ပြီး အိပ်ပျော်နေရင်တောင်
ပိုက်ဆံတွေ လှိမ့်ဝင်နေသေးတဲ့
ဘီလ်ဂိတ်လို သူဌေးလည်း ဖြစ်ချင်တယ်
လူတိုင်း . . .
ကုန်ကျစရိတ် ခပ်နည်းနည်း
အတွေးအခေါ် ခပ်ရဲရဲနဲ့
စိတ်ကြီးဝင်သင့်တာပဲပေါ့
ဟာဗျာ . . . မဟုတ်တာ . . .
ဟာဗျာ . . . အနည်းဆုံး
ပေါလ်မက္ကာတနီ ရခဲ့တဲ့
အနုပညာကြေားမျိုးတော့
ခင်ဗျားလည်း ရသင့်သူပေါ့်
ဟာဗျာ . . .
ချက်နိုင်ငံသူ
ကိုယ်နဲ့ နက္ခတ်ချင်းလည်းတူတဲ့
ကယ်ရိုလိုင်းနားကာကိုဗာဆိုတဲ့
မော်ဒယ်လ်ကောင်မလေးနဲ့လည်း လက်ထပ်ချင်သူပါ။
ယခင် တနင်္လာနေ့များအတိုင်း
ဒီနေ့လည်း . . .
ဆားစ်ရောဂါနဲ့ ဘဂ္ဂဒက်စစ်ပွဲဟာ ရုပ်မြင်သံကြားပေါ်မှာ
ရှိနေဆဲပါပဲ။
ဆယ်စုများ တစ်ခုပြီး . . . နောက်တစ်ခု
၃၃ လမ်း ရွှေတူးသမားများအိပ်မက်
ကမ္ဘာမြေ တစ်နံတစ်လျား လတ်ဆတ်
မွှေးပျံကြပါစေသတည်း။

ဖက်ရှင်မဂ္ဂဇင်း၊ စက်တင်ဘာ၊ ၂၀၀၃။

သော်ဒီဝေ
မြို့တစ်မြို့ ၊ လသုံးစင်း
ပထမအကြိမ်၊ ၂၀၁၃။
မြန်မာဧရာစာပေ။

Mar 16, 2014

ဆေးရှူတဲ့မောင်

လမ်းပေါ်မှာ ငါတို့ တုန်တုန် တုန်တုန်
မြေပြိုမှာကြောက်သလိုမျိုး တုန်တုန်
ရာသီဥတုက
"နွေကြီးတော့ နွေနိုင်
မိုးကြီးတော့ မိုးနိုင်" စကားပုံထပ်တိုးရမလို
မိုးကြီးခဲ့တယ်။
မိုးကြီးတော့ ရန်ကုန်မြို့တော်မှာ
ငါတို့တွေ ခြေအေး
ငါတို့တွေ ဝမ်းယောင်
ငါတို့တွေ ချောင်းဆိုး
ငါတို့တွေ ရင်ကြပ်
ဒါကြောင့် 
ငါတို့ဆေးရှူ  VINTOLIN ရှူရတယ်။
ဒါကြောင့်
ဆေးရှူတဲ့မောင်။
ဘယ့်နှယ့် မကြီးမငယ်
ဆေးရှူတဲ့မောင်။
ဒီမလေ
ဆေးရှူတဲ့မောင်
လာပြီမောင်။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

Mar 15, 2014

"၂၀၁၁" သို့

သတိရနေပါလိမ့်မယ်
သတိရနေပါစေ
သတိရစရာတါေ သတိရပါစေ
တစ်ခါတစ်ရံ ဟုတ်ရဲ့လား
"ဒါဟုတ်ရဲ့လား" ဆိုသလို
ဆိုသလိုပေါ့လေ
သတိရနေပါလိမ့်မယ်။
ငါတို့ရှိနေခဲ့တာလည်း သတိရဖို့ဆိုသလို
ငါတို့ကလည်း သတိရနေပါတယ်
သတိရနေပါတယ်
သတိရနေပါလိမ့်မယ်ပေါ့။
သတိရနေပါလိမ့်မယ်
ငါတို့ရဲ့လမ်းများသို့
အိမ်နံပါတ် (၄၁) သို့
သတိရနေပါလိမ့်မယ်
ဆင်ခြင်တုံတရားအပြင် မဆင်ခြင်နိုင်တာ
သတိရနေပါလိမ့်မယ်
တစ်ခါတစ်ရံ ဟက်ဟက်ပက်ပက် ရယ်မောခဲ့ရတာအတွက်
သတိရနေပါလိမ့်မယ်
တစ်ခါတုန်းက ခုံပုလေး
တစ်ခါတုန်းက ဝရန်တာ
သတိရနေပါလိမ့်မယ်
သူ့ကိုယ်နံ့ပြင်းပြင်း
သတိရနေပါလိမ့်မယ်
စိတ်လွှင့်ဖို့
စိတ်ထိန်းဖို့
သတိရနေပါလိမ့်မယ်
သတိရနေပါလိမ့်မယ်။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ