> သီဟသူ [dot] blogspot [dot] com

Sep 25, 2014

အသက်ကယ်ခြွင်းချက်

သဗ္ဗံ
(အလုံးစုံ)
ဒုက္ခများ
ငါ မရွေးချယ်ဘဲ
ရခဲ့။

သဗ္ဗံ
(အလုံးစုံ)
အချစ်များ
ငါ ရွေးချယ်လျက်
လွဲခဲ့။

ကဗျာဆရာဘဝကတော့
ခြွင်းချက်။ ။

၁၉၉၁ ဇွန် ဟန်သစ် မဂ္ဂဇင်း

သုခမိန်လှိုင်
ပုစွန်တွေဖတ်ဖို့ကဗျာ
ပထမအကြိမ်၊ ၂၀၁၂၊ မတ်လ
အညာသား ယဉ်ကျေးမှု စာစဉ်

Sep 24, 2014

အရက်ပုလင်းများနဲ့ကြံခင်းများ

တာရာများ
ဒဏ္ဍာရီများ
သီချင်းများ
ကင်းမြီးကောက်များ
စက်တစ်ခုရဲ့ ဝက်အူများ
နေ့ခုနစ်နေ့သင်္ကေတ တိရစ္ဆာန်များ
အရာရာ
အံချော်မှုများ
ရင်းနှီးတွေ့ဆုံရ။

အရိပ်တွေ ရှည်လျား
ညနေမီးရထားဆန်သူ တစ်ဦးရဲ့
အိပ်မက်တစ်ချို့
ပုလင်းထဲက အရက်တွေက
ကြံခင်းတစ်ခင်း ပြန်ဖြစ်ပါ့မလား။ ။

၁၉၉၁ အောက်တိုဘာ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း

သုခမိန်လှိုင်
ပုစွန်တွေဖတ်ဖို့ကဗျာ
ပထမအကြိမ်၊ ၂၀၁၂၊ မတ်လ
အညာသား ယဉ်ကျေးမှု စာစဉ်

Sep 23, 2014

သောကြာနေ့ မနက်ခင်း

များလိုက်တဲ့စကားလုံးတွေ
ကိုင်ကြည့်ပြီး
တစ်ခုမှ မကြိုက်တာနဲ့
ပြန်ချ ထားလိုက်ရတယ်
ကြာပြီဆိုတော့
ပင်န်နယ်စလင်မတိုးတော့တဲ့ စကားလုံးတွေ
လှည့်ပတ်၊ ဆက်စပ်
ကျေနပ်ဖွယ်ဖြစ်အောင် နေထိုင်ကြရတဲ့ကမ္ဘာကို
ခုတော့ ငါစိတ်ပျက်နေပုံလေ ။ ။

၁၉၉၀ ဧပြီ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း

သုခမိန်လှိုင်
ပုစွန်တွေဖတ်ဖို့ကဗျာ
ပထမအကြိမ်၊ ၂၀၁၂၊ မတ်လ
အညာသား ယဉ်ကျေးမှု စာစဉ်

Sep 22, 2014

ဝိတ်မခြင်း

ငါ့ လေ့ကျင့်ခန်းက
မိုးတိမ်တွေကို မ တယ်
တီးလုံးတေးသွားချည်းသက်သက် မ တယ်
စာအုပ်တွေကို မ တယ်
ရုပ်ရှင်တွေကို မ တယ်
ပြီးတော့
ကမ္ဘာကြီးကို
ရေနဲ့ ဆွဲလိုက်
ဆီနဲ့ ဆွဲလိုက်
မ တယ်။

အမှိုက်ပုံလို
အဆင်မပြေမှုများစွာ
ကျွန်တော်ဟာ မ ရဦးမှာ မဟုတ်လား။
၁၆ နှစ်သားက
မူးမြစ်ကမ်းနဖူးမြို့ကလေးပေါ်မှာ
ကျော်တင့်
အေးဆွေ
ငယ်သူငယ်ချင်းတွေနဲ့
ဝိတ်မခဲ့တဲ့ နေ့ကလေးတွေ
လွမ်းမိတော့တယ်။ ။

၂၀၀၀ အောက်တိုဘာ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း

သုခမိန်လှိုင်
ပုစွန်တွေဖတ်ဖို့ကဗျာ
ပထမအကြိမ်၊ ၂၀၁၂၊ မတ်လ
အညာသား ယဉ်ကျေးမှု စာစဉ်

Sep 21, 2014

ရွှေကြည်အေးနှစ်များ

ဟိုတုန်းက
တရုတ်လက်ဖက်ရည်ဆိုင်
ကုလားလက်ဖက်ရည်ဆိုင်
ကျိုက်ကျိုက်ဆူနေတဲ့ ရေနွေးအိုးကြီးတွေ
ရွှေကြည်အေးမှာ
( ၁၉၇၂-၃-၄-၅-၆-၇ က )
ငါ နောက်ဆုံး တွေ့ဖူးခဲ့တာပဲ။

တစ်နေ့က
ငါ့ကိုယ်ထဲမှာ တစ်လုံး
ဗြုန်းခနဲ တွေ့လိုက်တော့
ငါ ပျော်သွားတယ်။

ကမ္ဘာကြီးကို ဖျော်တိုက်ချင်တဲ့ ငါ့ကဗျာ
ရေနွေးပွက်ပွက်ဆူမှပေါ့။ ။

၂၀၀၆ ဧပြီ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း

သုခမိန်လှိုင်
ပုစွန်တွေဖတ်ဖို့ကဗျာ
ပထမအကြိမ်၊ ၂၀၁၂၊ မတ်လ
အညာသား ယဉ်ကျေးမှု စာစဉ်

Sep 20, 2014

ရုပ်ရှင်

စိတ်မနိုင်သူ တစ်ဦးရဲ့
ကြည့်ရတဲ့ရုပ်ရှင်ဟာ
ချောက်ချားဖွယ်အတိ။

ဒဏ်ရာတွေဟာ
တောက်ပဝတ်စုံ
ထည်လဲဆင်လို့
အားလုံးဇာတ်လိုက်
စိတ်အိုက်တဲ့အခါ
ရုံအပြင်ပြန်ထွက်လို့လဲ မရတော့။ ။

၁၉၉၁ ဧပြီ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း

သုခမိန်လှိုင်
ပုစွန်တွေဖတ်ဖို့ကဗျာ
ပထမအကြိမ်၊ ၂၀၁၂၊ မတ်လ
အညာသား ယဉ်ကျေးမှု စာစဉ်

Sep 19, 2014

မွေးနေ့လက်ဆောင်များ

သူ့ရာသီ၊ သူ့ရပ်ဝန်းမှာ
သစ်ရွက်ကြွေတွေနဲ့
နွေရောက်ပြန်ပေါ့။

မိုးတိမ်တောင် အဆန်းတွေနဲ့
အလွမ်းတွေလဲ သယ်ခဲ့ပြီးပါပြီ။

လှည့်စားခြင်းတွေမှာ အနုပညာမြောက်လို့
အနုပညာမြောက်မှုမှာ လှည့်စားခြင်းတွေ။

ဒုက္ခတွေကိုတော့
ပြောင်ပြောင်လက်လက် စက္ကူများနဲ့ ထုပ်ပိုးပြီး
ဖဲကြိုးစည်း
ကျေနပ်စွာ ယူခဲ့ကြတာလေ။ ။

၁၉၉၇ နိုဝင်ဘာ တော်ဝင်ဂျာနယ်

သုခမိန်လှိုင်
ပုစွန်တွေဖတ်ဖို့ကဗျာ
ပထမအကြိမ်၊ ၂၀၁၂၊ မတ်လ
အညာသား ယဉ်ကျေးမှု စာစဉ်

Sep 18, 2014

မိုးဘွဲ့

အမှတ်တရ
သူ ကျလာပုံက
ကမ္ဘာမြေရဲ့ လွမ်းစရာတွေကိုယ်စား
မလုံတော့တဲ့ စာရိတ္တတွေနဲ့
အိမ်တံခါးတွေလုံအောင်ပိတ်ကြ
ကလေးတွေကို ငဲ့ညှာကြ
တတ်နိုင်သလောက် အမှားနည်းကြ
ဒါလောက်ပဲ ရမယ်ထင်ရဲ့။

မပြင်းထန်ရဲတော့တဲ့ မျှော်လင့်ရိပ်တွေ
ခေါင်မိုးတွေရဲ့ အော်သံအောက်မှာ တိုးတိတ်
လမ်းတွေ နစ်မြုပ်ကုန်ပြီလေ
နည်းနည်းလောက် အားထပ်ထည့်နိုင်ရင်တော့
ရှင်ပြန်ထမြောက်သူတွေလိုအပ်
အရပ်ရှစ်ခွင်မှာ
(အတွေးနယ်ချဲ့ဖို့)
သူ အစွမ်းပြပါစေတော့. . . ။ ။

၁၉၉၀ ဇူလိုင် ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း

သုခမိန်လှိုင်
ပုစွန်တွေဖတ်ဖို့ကဗျာ
ပထမအကြိမ်၊ ၂၀၁၂၊ မတ်လ
အညာသား ယဉ်ကျေးမှု စာစဉ်

Sep 17, 2014

မီးရထား

ဘီတယ် သီချင်းတွေ ကိုယ်ကြိုက်ခဲ့တယ်
မင်းကို ကိုယ်ချစ်ခဲ့တယ်။

အမေရိကန်နဲ့
ဗီယက်နမ် စစ်ပွဲကြီး တကယ်ဖြစ်ခဲ့တယ်
မင်းကို ကိုယ်ချစ်ခဲ့တယ်။

မာရီလင်မွန်ရိုး
အသက်ရှင်ခြင်းကို
သူ တစ်မျိုး ရွေးချယ်ခဲ့တယ်
မင်းကို ကိုယ်ချစ်ခဲ့တယ်။

ခုတော့
(မီးလျှံများနဲ့)
၂၀၀၀ ခုနှစ် နားကပ်
ငါ့ဆံပင်တွေ ဖြတ်ခဲ့
နောက်မှာ ဘူတာရုံတွေ ကျန်ခဲ့
အဆိုး၊ အကောင်း၊ အလွမ်း
မြို့အသီးသီး ကျန်ခဲ့
ဒဏ်ရာများနဲ့သာ ယူထားရတဲ့
သံလမ်းနှစ်ကြောင်းပေါ်မှာ
ဆက်လက် ခုတ်မောင်းဆဲ
မင်းကို ကိုယ်ချစ်ဆဲလေ ....။ ။

၁၉၉၇ ဖေဖော်ဝါရီ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း

သုခမိန်လှိုင်
ပုစွန်တွေဖတ်ဖို့ကဗျာ
ပထမအကြိမ်၊ ၂၀၁၂၊ မတ်လ
အညာသား ယဉ်ကျေးမှု စာစဉ်

Sep 16, 2014

မမေ့လျော့ခြင်း

အလို....
ထူးဆန်းလိုက်တဲ့ရင်ခွင်
အလွမ်းတွေပွင့်ဝေပြီး
နိုးထလာခဲ့တယ် ။

မထူးဆန်းပါဘူး
အချစ်ရယ်
ဟောဒီကမ္ဘာကြီးမှာ
အလွမ်းတွေကလွဲ
ဘာများရှိလို့လဲ ။ ။

၁၉၉၇ မတ် မြားနတ်မောင် မဂ္ဂဇင်း

သုခမိန်လှိုင်
ပုစွန်တွေဖတ်ဖို့ကဗျာ
ပထမအကြိမ်၊ ၂၀၁၂၊ မတ်လ
အညာသား ယဉ်ကျေးမှု စာစဉ်