> သီဟသူ [dot] blogspot [dot] com

Jan 1, 2020


စက္ကူသီချင်း
(Robert Johnson ရဲ့ အပုဒ် ၃၀ မြောက် သီချင်း)

နွေအနမ်း၊ ဆောင်းမျက်ရည် တဲ့
မစ္စစပီမြစ်က မိုင်ပေါင်း သုံးထောင့်နှစ်ရာကျော် ရှည်လျားတယ်
ကိုယ်တို့ မသိနိုင်တဲ့ အခြားသော ဘဝတွေအကြောင်း
အသံတွေကတဆင့် ကြားရတယ်
ရေစက် ဆိုတာ ဒီလိုပါပဲ
မသိပေမယ့်လည်း ရှိနေတတ်တဲ့ သဘောပေါ့၊

Lego အရုပ်လေးတွေမှာ လက်ချောင်းလေးတွေ မပါဘူး၊ ဒါပေမယ့် ချစ်ဖို့ကောင်းတယ်
မနက်ဖြန်မှာ ကိုယ်တို့ နီးရမယ်၊ ဒါမှမဟုတ် ဝေးရမယ်
တခုသော မနက်ဖြန်မှာ ကိုယ်တို့ နီးရမယ်၊ ဒါမှမဟုတ် ဝေးရမယ်
အကြောင်းပြချက် မလိုတဲ့ အရာကို အချစ် လို့ ပြောလိုက်မိပြီးတော့မှ မရှိတဲ့ လက်ချောင်းလေးတွေ အေးလာတာ
တိုက်ဆိုင်တယ် ဆိုဦးမလား
ဒီ တဆောင်းက အအေးပိုလို့လား
ဒါမှမဟုတ် ကိုယ်တို့ချင်းက ဝေးနေကြလို့လား၊

အသက် နှစ်ဆယ့်ခုနှစ် နဲ့ ကွယ်လွန်ခဲ့တဲ့ မစ္စစပီနယ်သား Robert Johnson က သူ့ဘဝတလျှောက်လုံး သီချင်း နှစ်ဆယ့်ကိုးပုဒ်ပဲ အသံသွင်းခဲ့တယ်
အခု ကိုယ်တို့ နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရတဲ့ အလွမ်းအဆွေး နဲ့ အချစ်၊ ဝေဒနာ နဲ့ ဒုက္ခသုက္ခတွေက သူမရေးဖြစ်ခဲ့တဲ့ အပုဒ် သုံးဆယ်မြောက်ပေါ့။ ။

၁၆/၁၂/၂၀၁၉
တနင်္လာ




ဝင်းမင်းထွန်း

Jul 21, 2019

စက္ကူဖား

ဖား တော့ ဖား
အသံမပါဘူး
ရေစိုမခံဘူး။

၂၆၊ ၁၂၊ ၂၀၁၄



စက္ကူဝင်္ကဘာ

မပျော်ရွှင်မှုကို ကာလရှည်ကြာထမ်းပိုးသွားနိုင်သူကို သိရင်/တွေ့ရင် ငါ့ကို ပြပါ
သူ့ခွန်အားကို အားကျပါရစေ

မိကျောင်းသွား သွားပြီး တရွေ့ရွေ့ချီတက်
ငဲ့စောင်းကြည့်စရာ
တစ်ခုခု ရှိနေလေမလား
အမှတ်တရတန်ဖိုးထားသိမ်းဆည်းစရာ
တစ်ခုအပြည့်ရှိရင် ကျေနပ်နေပျော်ပေါ့
အခုတော့...၊

စက္ကူနဲ့ အရုပ်ချိုး
တည်ဆောင်ခြင်းအမှု ပြုတယ်ပေါ့
နွေတကျော့ ပြန်လာပြီ
မရည်ရွယ်ရာ တလွဲတချော် နောက်ထပ်ဝင်္ကဘာကာလတစ်ခု။ ။

၂၃/၀၂/၂၀၁၇



စက္ကူမိုးတိမ်

ကိုယ့်ရှင်သန်ခြင်းမှာ အိမ်ဖွဲ့နေတဲ့ အကြောင်းအရာ အသေးအဖွဲလေးတွေ
ဘယ်တခုကမှ ထင်ရှားလှပနေတာမျိုး မရှိ၊
ဆိုပေမယ့် ဘယ်တခုကိုမှလည်း လျှော့ကြည့်လိုက်လို့ မရပြန်
ဘယ်ဆက်ထုံးကိုမှ ဖြတ်ချလိုက်လို့မရတဲ့ အသက်ကယ်ကြိုးတချောင်းပမာ သွယ်တန်းလို့နေတယ်

ဖြစ်နိုင်ခြေအားဖြင့် သိပ်မရှိပါဘူး
ကိုယ့်စိတ်ကိုယ်ကိုယ် ပြန်လှည့်စားပြီး
စက္ကူတိမ်ကနေ မိုးရွာချပေးနေရတဲ့ နောက်ထပ်နေ့တစ်နေ့။

၀၆/၀၆/၂၀၁၇



စက္ကူအိမ်

ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တယ် ဆိုတာ တကယ့်အပြစ်ကြီး မှန်း ငါသိတယ်
မပျှော်ရွှင်တဲ့ ဖြစ်တည်မှုကရော ဘာထူးလို့လဲ၊*
အဘား ကီရာရိုစတာမီ ဒါရိုက်တာ လုပ်တဲ့ Taste of Cherry ရုပ်ရှင်ထဲက ဇာတ်ကောင် ပြောတဲ့ စကားပေါ့၊
လူတွေ အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ကြတယ် (လို့ ထင်တယ်)
 လက်လှမ်းမှီသလောက် သိရသလောက်လည်း ဘာသာတရားတိုင်းက ဒီအချက်ကို တားမြစ်ထားတာချည်းပဲ
ဟဲမင်းဝေး မတိုင်ခင်ကလည်း လူသန်းပေါင်းများစွာ၊
ကတ်ကိုဘိန်း နောက်မှာလည်း လူသန်းပေါင်းများစွာ၊
ဆင်ခြင်တုံတရားရဲ့ ချိန်ခွင်လျှာကို ကစားဖို့ ခွန်အား ဘယ်လောက်လိုအပ်သလဲ
မီးစာကုန် ဆီခမ်း ဆိုတဲ့ စကားပုံဟာ အရွယ်နဲ့ ဆိုင်တယ် လို့ ကိုယ် မယူဆတာတော့ ကြာပြီ

ဘာပဲဖြစ်နေနေပါ သဘာဝတရားနဲ့ ယှဉ်လိုက်တိုင်း လူသားရဲ့ သေးငယ်တဲ့ သဘောက ငြင်းချင်ထုတ်မရနိုင်လောက်အောင်ပဲ
ကာလံဒေသံရဲ့ ညှို့ငင်မှုတွေ ဆိုတာလည်း စိတ်ကို တိမ်းမူးစေလောက်အောင် နောက်ကွယ်မှာ ရှိနေနိုင်တာပဲ
တရားကိုယ်အရ အင်မတန် အထိအခိုက်လွယ်လွန်းတဲ့ လူသားရဲ့ ဖြစ်တည်မှုဟာ မပျော်ရွှင်မှုကို ဘယ်လောက်ကြာကြာ သယ်ပိုးသွားနိုင်မှာတဲ့ လဲ။

၀၉/၀၇/၂၀၁၇



စက္ကူချားရဟတ်

ကံ ကံ ၏ အကျိုးကို ယုံကြည်သူတယောက်အဖို့ သံသရာ ဆိုတာ သူ့ ဆင်ခြင်တုံတရားထဲမှာ ရှိနေပြီးသား အခြေအနေတခု၊

ကွဲလွဲစွာ နည်းလည်သဘောပေါက်ထားမိတဲ့ ဝေဒနာနဲ့ စီးဆင်းနေသော ဘဝထံ မှန်မှန် ရောက်ရှိလာသော ညနေခင်းများ
အထဲမှာ ဗလာကို ဌာပနာထားတဲ့ မသေဆေးကို ရှာဖွေသူတစ်ဦးဟာ
သူ ဖြစ်နိုင်သလို
ကိုယ် ဖြစ်နေနိုင်တယ်။

၁၂/၀၇/၂၀၁၇



စက္ကူကြိုးကြာ

ဘယ်လို အစိမ်းလဲ
မျက်ရည်စ လို မိုးရေစက်များ
ငုံ့ကိုင်းကြည့်ရှုစောင်မနေသော နတ်ဒေဝါများ စောက်တလွဲ ဖြစ် ဖြစ်နေတဲ့ မိုးရာသီ
ပိန်းကြာရွက်ပေါ် ရေ မတင် သကဲ့သို့ ဖိတ်စင်ကျကုန်သော မျှော်လင့်ခြင်းများသည်သာ ဗွက်အိုင်ဖြစ်ထွန်းကာ
ပျံသန်းလာသော စက္ကူကြိုးကြာ တစ်ထောင်
၄င်းဗွက်အိုင်သာသို့ တဖြုတ်ဖြုတ် ကြွေကာကျနေ။

၁၇/၀၇/၂၀၁၇



စက္ကူမှတ်တိုင်

မေတ္တာ ဆိုတာ အဒေါသ တဲ့
အိမ်ပြန်ရမယ့် ရာသီဥတု လို့ ကိုယ့်ဘာသာကိုယ် သတ်မှတ်လိုက်တယ်
အဝေးပြေး၊ အဝေးပြေး လို့ အော်ခေါ်နေတဲ့ ဘတ်စ်ကားတိုင်းကို
ငါ ငေးတယ်
ပြီးတော့
ဒါ အကုန်ပဲ။

၂၀/၀၇/၂၀၁၇



စက္ကူတံတား

ထပ်ခိုးကနေ လမ်းမပေါ်
စူးစိုက် ကြည့်မိနေရာ
မိုးများ ရွာသွန်းလာလို့
ပြတင်းပေါက်ကို အလျင်အမြန်ပိတ်
အိပ်ရုံပေါ့ တွေးခါရှိသေး
စိတ်သည် ပိုမိုပြန့်ကားလာ
မီးနီကို ဖြတ်မောင်းလာတဲ့ ကားတစ်စီးလို လှုပ်ရှားလာ
အခန်းက နှလုံးသားကျဉ်းနေချိန်ဆို ပိုမိုကျပ်တည်း ပိတ်လှောင်နေတာ
အထီးကျန်သန်းခေါင်ယံအကြောင်း မာကျူရီမီးရောင်အောက်မှာ တဖြောက်ဖြောက် ဆက်လက်ပြောဆိုနေဆဲ
ရှေ့မှာ လေဟာပြင်
မိုးပေါက်တွေလို ခုန်ဆင်းသွားရမှာလား
နံရံပေါ်က မီးခလုတ်လို ပိတ်လိုက်လို့ ရမှာလား
တံတားက နည်းနည်းဝေးသေးတယ်။

၂၂/၀၇/၂၀၁၇



စက္ကူသက်တံ့

ဝေဖာအကျိုးအကြေလေးတွေက နဂါးငွေ့တန်းထဲက ကြယ်တာရာတွေ
ခလေးငယ်ဟာ ပျော်ရွှင်စိတ်နဲ့ အရုပ်လုပ်တဲ့ ဂျုံလုံးကို သစ်သားစားပွဲပေါ် တဘုတ်ဘုတ်နဲ့ ပုတ်နေတယ်
ဂဏန်းသင်္ချာတွေ ရေတွက်နေပြီ လို့
အရောင်တွေ ခြယ်တတ်နေပြီ လို့
သိပ်မဝိုင်းသေတဲ့ သူ့ ဝ လုံးတွေက ကျောက်ခဲတွေ လို့
ကဗျာတွေ ရွတ်တတ်နေပြီ လို့

ငါ တွေးတယ်
တိတိကျကျ ပြောရရင် ခလေးငယ်ကို တွေးပြီး ကြည့်နေရင်း ငါ တွေးတယ်
အိပ်မက် မက်တယ် ဆိုတာ ဖြစ်စဉ်တစ်ခုပဲ
ကော်မြေကော်ကားရုပ်ထဲ သူ့စိတ်ကူးက ဝင်ထိုင်လိုက်တာ
ငါ အသေအချာမြင်လိုက်ရ
တကယ်ဆို ရွက်လွှင့်မယ့် ခရီးက သူ့မိုင်တိုင်တွေကို စရေတွက်နေပြီပဲ

ပြုံးနေတဲ့ ခလေးငယ်တစ်ယောက်
ပျော်နေတဲ့ ခလေးငယ်တစ်ယောက်က လူသားရဲ့ စံနှုန်းတစ်ခုလည်း ဖြစ်မယ်ထင်တယ်
ပီတိကို မုဒိတာ ပွားနိုင်တာလည်း လူသားရဲ့ ဂုဏ်သိက္ခာ ဖြစ်မယ်ထင်တယ်

၃၀/၀၇/၂၀၁၇


ဝင်းမင်းထွန်း

Mar 25, 2018

နွေအပြ နွေအပြော


နွေအပြ နွေအပြော

လွန်လေပြီးသော အဖြစ်
လွန်လေပြီးသော အချစ်
သိပ်မငိုနဲ့
သိပ်ပူတယ်
လမ်းထဲမှာ
ရင်ထဲမှာ
ဘယ်တစ်ခုနဲ့ လောင်မိမှာလဲ
ဘယ်တစ်ခုနဲ့ စွဲနေမှာလဲ
ငြိမ်းသတ်ဖို့ မတွေး
ငြိမ်းသတ်ဖို့ မတွေ့။


နွေအပြ နွေအပြော -

တစိမ့်စိမ့်နွေ
မောင့်မျက်ရည်ဝိုင်း နားထောင်
ဒီကောင့်ကို မတ်မတ်တည့်ထား
ကိုယ့်မေးရိုးကို လောကဓံက တအားထိုးချလိုက်
ပျော့တွဲကျနေနဲ့အလှတရားကို
သကြားအုပ်လို့
အချိုရှာ အချိုတွေ့ကြပါစေ။


နွေအပြ နွေအပြော -

သောက်လို့မရတာလား
သောက်လို့မဝတာလား
မခြောက်သေးတဲ့ အဝတ်အစားတွေက
ကိုယ့်စိတ်ကို ထိုင်းမှိုင်းစေလိုက်တာ
ကြိုးတန်းပေါ် တစ်ညလုံး တင်ထားခဲ့ရမှာ

ကိုယ့်အပူနဲ့ကိုယ် ခြောက်သယောင်းနေတော့
ဘာနဲ့ထိထိ မီးထတောက်လေမလား
ဒီလိုလည်း မဟုတ်သင့်သေးဘူးမလား
ကျစ်ထားတဲ့ လက်သီးဆုပ်ထဲ
ဘာမှရှိမနေတာ
ကိုယ် သိသားပဲ

ဒီတစ်ဆင့် ပြီးရင်
ဘာမှ မဖြစ်သေးဘူး

အိပ်မက်တွေက
မက်တုန်းခဏ
ဖမ်းစားနိုင်တဲ့ ရုပ်ရှင်အနှေးပြကွက်တွေပါ့
မျက်စိဖွင့်လိုက်တာနဲ့
ကိုယ် အမှတ်ရနေတာ
တကယ့်ကိုနည်းပါးလွန်းတယ်

နက်နက်တူးမိပြီလား
နက်နက်တွေမိပြီလား
လက်ဖဝါးကို ဖြန့်ကြည့်လိုက်
ကိုယ်ယုံကြည်နေတာ
ဘယ်နှစ်ခု ကျန်သေးလဲ
စိတ်အနှောင့်အယှက်ဖြစ်လောက်စရာထွေပြားခြင်းကို
ကိုယ့်လက်ရှိအားနဲ့
ငြင်းမှငြင်းနိုင်ပါ့မလား

လွတ်ထွက်
လွင့်ထွက်သွားရာ လမ်းကြောင်းတစ်လျှောက်
ကိုယ့်မျက်လုံးကို အရင်ပြန်ကောက်ရတယ်
တကယ်မမြင်နိုင်တော့ရင်လည်း
ငါ့မှ မျက်လုံးတွေ ရှိနေသေးတယ် ဆိုတာမျိုးဖြစ်ဖြစ်ပေါ့။


နွေအပြ နွေအပြော -

ကြိုက်သလို တွေး
ကြိုက်သလောက် ငေး
ဆိုင်ကယ်မီးများ
သွယ်တန်းထားသောကြိုးများ
လမ်းကို မြင်ရဖို့
ခေါင်းကို ငဲ့စောင်း
အဝိဇ္ဇာဟာ တကယ့်ကို မှောင်ပုံရပါတယ်။

ဘဝတံတိုင်းထဲက အုတ်ချပ်တိုင်းကို
ကိုယ့်လက်နဲ့ကိုယ် ပြီးမြောက်စေခဲ့ပြီးမှ
လွတ်လပ်မှုကို
ငတ်မွတ်ရပြန်သတဲ့
ဘွန်ဇိုင်းတစ်ပင်တွေ့တိုင်း
ငါ မျက်နှာလွှဲတယ်
ရှောင်လို့မလွတ်တဲ့ ကျည်ဆံက
ထုတ်ချင်းပေါက်သွားတော့မှ
ဘဝ ဆိုတာ
ဒါပါလား လို့ အသိ တကယ်မရဘဲ ရချင်ယောင်ဆောင်ဉာဏ်နည်းရပြန်ပေါ့။

လှေကားထစ်အတိုင်း
တက်လာခဲ့
လှေကားအိမ်တစ်ခုလုံးက
ဆင်းသက်နေတာ မသိခဲ့ဘူး
အိပ်မက်လား
အရေးမကြီးဘူး
ကိုယ့်အယူသည်းမှုမှာ ကိုယ့်အသက်ပါသွားနိုင်တယ်။

မြစ်တစ်စင်း ဖြစ်ခဲ့မယ်ဆို
ဘယ်အထိ စီးဆင်းကြရမှာလဲ။
ကမ်းပါး ဖြစ်ခဲ့မယ်ဆို
ဘယ်အထိ တည်မြဲကြရမှာလဲ။

မေတ္တာတရားအကြောင်း သိသလား
ကိုယ်တော့ လူကြားထဲ
ယောင်လို့ ပါးစပ်မဟရဲ
တစ်ချို့တွေ သိပ်ရဲကြတယ်။

တတ်နိုင်သမျှ
အရိုးရှင်းဆုံး ပြောတယ်
အရိုးရှင်းဆုံး ရှင်သန်တယ်
နောက်ဆုံးတစ်ကြောင်းကို ဘယ်လိုရေးဖြစ်မလဲ။

အတိတ်က
စားပွဲပေါ်မှာ လက်ဖက်ရည်တစ်ခွက် တင်ထားတဲ့ လက်ရှိထက်
ပိုအရောင်စုံတယ်
ဆွဲချလိုက်သော မျဉ်းကြောင်းများ
ယိုင်ထိုးနေသလား
အစကတည်းက အကုန်ဖြောင့်တန်းဖို့
မရည်ရွယ်ခဲ့ရိုးအမှန်
မိတ်ဆွေများကို
အဖန်ရည်ခွက်ထဲမှာ လွယ်လွယ်မမြင်ရတော့။


နွေအပြ နွေအပြော -

မော် နဲ့ စတာလင်တို့ကို ဗိုလ်ချုပ်ဈေးဘေးမှာ
ပခုံးချင်းယှဉ်သွားတာတွေ့လိုက်ရတယ်
ခပ်လှမ်းလှမ်းထပ်လျှောက်မိတော့
ဟိန္ဒူဘုရားကျောင်းရဲ့ မျက်စောင်းထိုးလမ်းတစ်ဖက်မှာ
ငါးပါးသီလသီချင်းဖွင့်ထားတဲ့အလှူခံမဏ္ဍပ်။


နွေအပြ နွေအပြော -

ဟောဒီဆေးတောင့်သေးသေးထဲမှာ
လူအတွက် လိုအပ်တဲ့
ဗီတာမင်များ
အာဟာရများ
လုံလောက်စွာ ပါဝင်သတဲ့
လေးနက်သိပ်သည်းလှပါလား
နတ် လည်း နတ် အလျောက်
အာဟာရသိဒ္ဓိပြီးမြောက်ချင်တယ်
လူ လည်း လူ အလျောက်
အာဟာရသိဒ္ဓိပြီးမြောက်ချင်တယ်
ပုထုဇဉ်အချင်းချင်းပဲ
မျှပါတယ်

ရေမဝတဲ့ သစ်ပင်ငယ်တစ်ပင်
အရောင်မထွက်နိုင်ဘူး
လောင်စာအပြည့်နဲ့ ထွက်ခွါသွားတဲ့ ဟီးနိုးကားတန်းကြီး
မီးခိုးတွေ၊ ဖုန်လုံးတွေ
ရောထွေး
နောက်ဆံတင်းနေကြတဲ့ အကြည့်တွေ
မီးခိုးတွေကြားမှာကို
သိသိသာသာမြင်နိုင်တယ်

အဲဒီတုန်းက သိခဲ့တယ်မဟုတ်လား။


နွေအပြ နွေအပြော -

ဝါးကပ်ထရံမှာ လာစွဲတဲ့ မီးက
နွေမကုန်သေးကြောင်း
အချက်ပြတယ်
ခဲနေတဲ့ တရား
အကုန်ပျော်
မြဲနေတဲ့ အစွဲတော့
အမြဲ မြဲ။


နွေအပြ နွေအပြော -

ချောက် ခြားလို့
ခြောက်ခြားတဲ့
အပြ
မှုန်ပျပျ
ငြိမ်ငြိမ်နေဖို့ ပြော
ခေါင်းပြန်ညိမ့်ပြ
ဝုန်း ကနဲ
ပြာများ
ရုတ်တရက်
ပျာသွား
အဆောတလျင် လို့ပြောရင် တစ်မျိုးဖြစ်နေမလား
နေဝင်သွားပုံကို
စောစောက မြင်လိုက်သင့်
လုံးလုံးမမှောင်သေး
လမ်းမီးတိုင်များ
ဝဲဘက်ကလမ်းပေါ် ဖြာကျ
ညာဘက်မှာ ကန်ရေပြင်
လေငြိမ်
အမှတ်တမဲ့ဆို ကျောက်ဖျာတစ်ချပ်အတိုင်း
ရေပြင်မှာ လှိုင်းသေးသေးလေးတွေ
ပြင်လိုက်၊ ပျက်လိုက်။


နွေအပြ နွေအပြော -

မှန်ရောင်ဟပ်ပြီး စူးနေသော အိပ်မက်
ကိုယ် ဘယ်လို သေသေချာချာမြင်နိုင်မှာလဲ
အတိအကျရည်ရွယ်ပြီး အိပ်ရာဝင်ခဲ့တာ သိစေချင်တယ်
အတိအကျရည်ရွယ်
သေသေချာချာ
အိပ်ရာဝင်
မြင်နိုင်မှာလဲ
သိစေချင်
ကိုယ် ဘယ်လို
အိပ်မက်။


နွေအပြ နွေအပြော - ၁၀

ဒုက္ခကို သိလျက်နဲ့ တဒင်္ဂသာသာချင်ဇောအတွက် အနာတရအဖြစ်ခံတာ ပုထုဇဉ်သဘောပဲ ဖြစ်မှာပါ။ အကြောင်းပြချက် ရှာတတ်လေ ဒုက္ခကို ကြည့်ပျော်ရှုပျော် အရောင်ဆိုးတတ်လေ။ သံသရာက ဆုံးမှာလည်း မဟုတ်ပါဘူး။


ဝင်းမင်းထွန်း
၂၀၁၆

Jul 9, 2016

ချာတိတ်ဘဝ-၉

အဲဒီတုန်းက
စီဒီ၊ အမ်ပီသရီး
မလွယ်ကူဘူး။
ဝေါ့ခ်မန်းလည်း
ကိုယ့်မှာ လွယ်လွယ်ကူကူ
မကိုင်နိုင်ခဲ့ဘူး။
ကက်ဆက်တိပ်ခွေ
တွေနဲ့ပဲ ဂီတကို
ရင်းနှီးရ။
မြူးဇစ်ပလပ်က
တိပ်ခွေတွေနဲ့
နိုင်ငံခြားဂီတ
ရင်းနှီးရ။
အင်တာနက်ကမရှာ၊
အခွေကာဗာ
အထဲမှာပါတဲ့
သီချင်းစာရွက်နဲ့
ကက်ဆက်ကြီးရှေ့ထိုင်
အလွတ်ရတဲ့အထိ
သီချင်းကျက်၊
ဂီတနဲ့ယဉ်ပါးအောင်
အားထုတ်ခဲ့ရ
အဲဒီတုန်းက
ချာတိတ်ဘဝ။ ။ 

သီဟသူ

Jul 8, 2016

ချာတိတ်ဘဝ-၈

ဒီအမေနဲ့အဖေရှိလို့သာပဲ
အမေ အဖေကို
ကလန်ကဆန်လုပ်နိုင်တဲ့ချာတိတ်
ဘဝကိုရခဲ့။

ဘယ်လိုဖြစ်ဖြစ်
ချစ်နေဦးမယ့်
လူနှစ်ဦး
ရခဲ့၊ ရှိနေဆဲ။

အဆုံးမရှိ
မေတ္တာနဲ့။ ။

သီဟသူ

Jul 7, 2016

ချာတိတ်ဘဝ-၇

အဲဒီတုန်းက
ကျွန်တော်
ချာတိတ်ဘဝ
ညဘက်
ကျကျနန
စ ထိုင်ဖြစ်တဲ့
လက်ဖက်ရည်ဆိုင်
'အချစ်ရွာ' ကနေ
ညသန်းခေါင်
အိမ်ကို စက်ဘီး
စီးပြန်လေ့ရှိတယ်။

ဒီည
သန်းခေါင်မှာ အိမ်အပြန်
'အချစ်ရွာ' မှာ နားထောင်ခဲ့တဲ့
'လမ်းနဲ့အလွမ်း' ကို တိုးတိတ်ညည်းမိ။
ဒီညသန်းခေါင်
အိမ်အပြန်လမ်းမှာ
ကျွန်တော့် ပျိုရွယ်မှု
ကျွန်တော့် ချာတိတ်ဘဝ
ဟိုး ပြန်မလာအတိတ်ကို
ကျွန်တော် တိုးတိုးလေး
ညည်းခဲ့။ ။

သီဟသူ
၁၇/၀၂/၂၀၁၆

Oct 4, 2015

ဝိုင်ဂျီအန် '၁၅ (ဖျတ်ခနဲ ရန်ကုန်)

ရက်အနည်းငယ်မျှသာ
မိုင်ထောင်အနည်းငယ်
အဝေး
အဲဒီသောက်မီးခိုးငွေ့တွေရဲ့
အဝေး
ဒါပေမဲ့ ဒီမှာ သောက်လမ်းတွေ
ပိတ်တာကို ကျွန်တော် သောက်ရမ်းမုန်း
အနည်းငယ် စိတ်ကျဖို့ကောင်း
အနည်းငယ် ဈေးပိုသက်သာ
ဒါပေမဲ့ ပန်းသီး
ဟာ အပင်ရဲ့ဝေးဝေးကို ကြွေမကျဘူး
လူတွေဟာ ပြောင်းလဲသွားကြ
ဒါပေမဲ့ များသောအားဖြင့် ပိုလို့တော့ ကောင်းမလာ
ဒါတွေအားလုံး
မလုံလောက်ဘူး
အခု လူတိုင်း ပျံသန်းလို့ရနိုင်ပါပြီ။ ။


သီဟသူ
၂၄၊ ၀၉၊ ၂၀၁၅

ဓာတ်ပုံတွေ စကားပြောနိုင်လား။ မလုံလောက်ဘူး။ အဲဒါကြောင့် ဒီဟာကို ကျွန်တော်ရေး

ဓာတ်ပုံတွေ စကားပြောနိုင်လား။
မလုံလောက်ဘူး။
အဲဒါကြောင့် ဒီဟာကို ကျွန်တော်ရေး။



ပါ့စ်ပို့
ဓာတ်ပုံရိုက်ဖို့သွားခဲ့တိုင်း
အဖြူအမည်း
ပဲ ရိုက်ခဲ့။
ဆံပင်အရှည်၊
အမေဒေါသထွက်ရုံမျှ အရှည်၊
ကိုယ့်ကိုယ်ကို ဂေါ်တယ်
အထင်ရောက်ရုံမျှ အရှည်၊
ဒါပေမဲ့ မလုံလောက်ဘူး။
ဒါပေမဲ့ နေ့တွေကတော့
နာကျင်ရမှုကို လုံလုံလောက်လောက်
ပေးခဲ့တယ်။
လိုတာထက်ပိုခဲ့။
ဆယ်စုနှစ်
တစ်ခုကြာပြီးနောက်
ကျွန်တော်
ပိုပြီးတော့ နေလို့ကောင်း
မလာ။
ဒါပေမဲ့ အဖြူအမည်း
ပါ့စ်ပို့ဓာတ်ပုံ
ကာလာ ပါ့စ်ပို့
ဓာတ်ပုံ
ခွဲ ပြောမနေတာ့ဘူး။


သီဟသူ
၂၀၁၅၀၉၂၁

Sep 11, 2015

ဒီညနေ

မိုးရွာအပြီး
၉ကနေ၅အပြီး
အိမ်
အပြန်
လမ်းမှာ
လေချွန်
လမ်းလျှောက်ခဲ့၊
ဘယ်သူ့ကိုမှ
ဂရုမစိုက်၊
သူတို့တွေလည်း
နားကြပ်ကိုယ်စီတပ်
မျက်စိတွေလည်း
စမတ်ဖုန်းတွေကိုစိုက်ကြည့်၊
အဲဒီလိုဆိုတော့လည်း
ကျယ်နိုင်သမျှ
ကျယ်ကျယ်
လေချွန်ခဲ့။


သီဟသူ
၀၉၊ ၀၉၊ ၂၀၁၅

တနင်္ဂနွေ (အဖေနဲ့အမေသို့ တမ်းချင်း)

တနင်္ဂနွေညနေ
တံတားပေါ် လမ်းလျှောက်ထွက်
သက်ကြီးပိုင်းစုံတွဲ
သုံးတွဲ
ကျွန်တော် သတိထားမိခဲ့။

ပထမဆုံးက သူတို့
သမီးဖြစ်လိမ့်မယ်။
အဖေနဲ့ အမေ
ဟိုမှာရပ်၊ ဒီမှာရပ် ပြောပြီး
ဓာတ်ပုံရိုက်။
အဖိုးကြီးနဲ့ အဖွားကြီး
ကင်မရာရှေ့ မနေတတ်။
တည့်တည့်မကြည့်။
အမျိုးသမီး
သူ့အဖေနဲ့ အမေတို့ရဲ့ ပုံကောင်းကောင်းရဖို့
ကျွန်တော် ဆုတောင်းပါရဲ့။

ဒုတိယ
အဖိုးကြီးက အဖွားကြီးလက်ကိုဆွဲ
ဟိုမှာရပ်၊ ဒီမှာရပ်
ပြောပြီး ဓာတ်ပုံရိုက်။
အဖွားကြီး ကင်မရာရှေ့မနေတတ်။
တည့်တည့်မကြည့်။
သူတို့နှစ်ယောက်ကို
အတူတွဲ ဓာတ်ပုံရိုက်ပေးဖို့တော့
ကျွန်တော် အကူအညီမပေးမိခဲ့။

တတိယ
အဖိုးကြီးက ဓာတ်ပုံရိုက်ခါနီးတိုင်း
အဖွားကြီးကို ပြုံးဖို့ သတိပေး။
အဖိုးကြီးကလည်း ဓာတ်ပုံရိုက်တာ
ကုန်းလိုက် ကွလိုက်နဲ့ ကြိုးစားပမ်းစား။
အဖွားကြီး သဘောတွေကျ၊
အဖွားကြီး ပြုံးလို့။
ပုံတွေ ကြည့်ကောင်းမယ်ဆိုတာ
ကျွန်တော် လုံးဝ သံသယမရှိ။

ကျွန်တော်
အဖေနဲ့ အမေ
သတိရမိ။
ပထမ အဖိုးကြီးနဲ့ အဖွားကြီး
စုံတွဲကို တွေ့လိုက်ကတည်းက။

ဟိုဟိုဒီဒီ
ဓာတ်ပုံရိုက်ပြီး
ကျွန်တော်လည်း အိမ်ပြန်ခဲ့။
အဖေနဲ့ အမေ့အိမ်
အဝေးက အိမ်။

လမ်းမှာ ကျွန်တော် တွေးမိတယ်။

ဘဝနဲ့ သေခြင်း
အကြောင်း။

များသောအားဖြင်ကတော့
သေခြင်း။


သီဟသူ
၃၀၊ ၀၈၊ ၂၀၁၅