၁၉၉၀နှစ်တွေပါ
ကျွန်တော်နာမည်ကြီးမလိုလိုဖြစ်တုန်းက
"သံနဲ့လုပ်ထားတဲ့အိပ်မက်"ကိုရေးပြီး
ဆောင်းတွင်းညကြီးထဲမှာ
စာရွက်တွေနဲ့၊ဖောင်တိန်နဲ့
ညဉ့်နက်ခဲ့ပုံများ။
"မော်ဒန်နေမျိုး"
အဲသလိုအခေါ်အဝေါ်တစ်မျိုး
ရှိခဲ့ပြီးခဏနဲ့ပဲ
ပြန်ပျောက်သွားခဲ့တာ
ကျွန်တော်နာမည်ကြီးမလိုလိုဖြစ်တုန်းက။
ကျွန်တော်ကညညဆိုစာရေးတာပဲ
ထင်းရူးသေတ္တာစားပွဲမှာလေ
သေတ္တာထဲမှာရေးလက်စတွေ
အများကြီး
ပန်းချီပုံကြမ်း၊ကာတွန်းကွက်
ကဗျာတစ်ပိုဒ်နှစ်ပိုဒ်
ဖီလော်ဆော်ဖီနည်းနည်း
ဘဝထဲကအသံဗလံတချို့။
မဝင်းမေအိပ်စက်နေပုံကို
ညထဲ
စကက်ခ်ျ(ပုံကြမ်း)ရေးခဲ့သူပ
အညတရဖြစ်မှုနဲ့အထင်ကြီးခံရမှုအရောအနှော
ပြင်းထန်တဲ့သက်ရောက်မှု
ပြောရရင်ဒီလိုဗျာ
ကျွန်တော်နာမည်ကြီးမလိုလိုဖြစ်တုန်းက။
ပိုင်စိုးဝေက
တစ်ချိန်မှာလူတွေဟာ
သူ့အကြောင်းကိုပြဇာတ်ကပြကြလိမ့်မယ်
လို့ပြောခဲ့တယ်
ပိုင်စိုးဝေဟာ
ဘင်ခရာနဲ့အကြိုဆိုခံချင်သူပါတဲ့
ကျွန်တော်က
အစ်မမအေးကြည်ရဲ့
ဟင်းအိုးကိုလူးပြီးထမင်းနဲ့ကျွေးတာ
စားခဲ့ရ
စားမြိန်ခဲ့တဲ့တစ်နပ်ပါပဲ။
သူငယ်ချင်းဗေဒင်ဆရာဝမ်းဇော်ဦးက
မော်ဒန်နဲ့နေမျိုးက
ကက်ကင်းကွ
မင်းသေချာပေါက်အောင်မြင်မှာတဲ့
ကျွန်တော်နာမည်ကြီးမလိုလိုဖြစ်တုန်းက။
နို့ပေတဲ့
၁၉၉၃မှာ
ကျွန်တော်ရှော့ခ်ရသွားပြီး
(ဦးခေါင်းကိုသုံးခါရှော့ခ်ရိုက်ရ)
လူတွေဟာကွျန်ေတာ့်ကို
တဖြည်းဖြည်းမေ့သွားကြတယ်။
ကျွန်တော်စာရွက်တွေကိုကိုင်မကြည့်ဘဲ
နေခဲ့တာ
တစ်နှစ်လောက်ကြာသွားတယ်။
ကျွန်တော့်အဖို့၁၉၉၃ရဲ့
ဟိုဘက်နဲ့ဒီဘက်ဟာ
စဉ်းစားစရာတစ်ခုပါပဲ
ဒါကိုပဲကျွန်တော်မစဉ်းစားနိုင်ခဲ့ဘူးလေ။
နှစ်တွေဟာအဓိပ္ပာယ်နည်းနည်းစီ
စွန့်ထုတ်
လူတွေကိုသရုပ်ဖော်ခဲ့တယ်
ကျွန်တော်တစ်ယောက်ဟာ
စာပြန်ရေးပါတယ်
ပန်းချီပြန်ဆွဲပါတယ်
ကာတွန်းကွက်တွေရေး
ဆေးလဲမှန်မှန်သောက်ရတာပေါ့ဗျာ။
ကြာခဲ့ပါပြီ
တမ္ပဝတီကရေတွင်းနဲ့
အိမ်ကလေးမှာ
ပိုင်စိုးဝေက
အရက်ပုလင်းခွံနဲ့"ကဲကွာ"ဆိုပြီး
ကျွန်တော့်ဦးခေါင်းကိုရိုက်ခွဲခဲ့တာ
ပုလင်းသာကွဲခဲ့
(ဒါကိုဘိုစောကနေမျိုးနိုင်တယ်တဲ့)
ကျွန်တော်နာမည်ကြီးမလိုလိုဖြစ်တုန်းက။
သတိရတယ်ဗျာ
ဆောင်းတွင်းညကြီးထဲ
ရေနီစက္ကူတွေနဲ့
ညဉ့်နက်ထိမအိပ်ပဲစာရေးခဲ့တာ
အပြင်မှာေအးစက်နှင်းမှုံထုကြီးနဲ့။
နေမျိုး
၄.၈.၂၀၂၄
ည၈:၄၂နာရီ
(ကိုနေကြီး-ပိုင်စိုးဝေကိုအမှတ်တရရေးဖွဲ့ပါသည်။)
https://www.facebook.com/permalink.php?story_fbid=2715744225242055&id=100004195129090