> သီဟသူ [dot] blogspot [dot] com

Aug 12, 2021

 အပြာဖျော့ဖျော့ ဂျင်းဦးထုပ်တလုံးရဲ့ နောက်ဆုံးညနေ

(ချိမ့် သို့)

============================


လွယ်လွယ်မျက်ရည်ကျရတဲ့ ဩဂတ်စ် လ ရဲ့ နေ့ခင်းတခု မှာ ရွာတော့မလိုလိုနဲ့ မိုးက လုံးဝ မရွာခဲ့ပါဘူး။ "မိုးက မတိတ်တော့ဘူး / ဟောဒီ လောကမှာ" လို့ ပွင့်အံ့ခဲ့သူကို အဆုံးသတ် နှစ်သိမ့်ခြင်းလား...။  အရောင်လွင့်နေပြီဖြစ်တဲ့ အပြာရောင်ဂျင်းဦးထုပ်တလုံး ဟာ ပိုင်ရှင်ရဲ့ လောကဓံ နဲ့ သက္ကရာဇ်များကို အတိုင်းအတာတခုအထိ ပြောပြနေသလိုပဲ။ ဒုက္ခတွေ အနှံအပြား ပေါက်ရောက်ရာ နေရာ မှာ ကိုယ့်မှတ်ဉာဏ်နဲ့ ကိုယ်၊ ကိုယ့်အလွမ်းနဲ့ ကိုယ် ငြိမ်နေမိတယ်။ 


"ကျွန်တော်ဟာ အရူးအမူးသမား

ခံစားမှုပဲ ယုံတယ်။"


ကျောက်ပြား အနီရောင်ပေါ်မှာ အဖြူစာလုံးနဲ့၊


အကြောင်းအရာ မျိုးစုံနဲ့ ဖြတ်သန်းမိခဲ့တဲ့ ဆုံမှတ်ဟောင်းတခုမှာ ပြန်လည်ဆုံမိတဲ့ မျဉ်းကြောင်းတွေလို အချင်းချင်း မသိပေမယ့် ဆုံမှတ်က တူနေတယ်။ တချို့ တိတ်တဆိတ်၊ တချို့ ဆူဆူလောင်လောင်။ 


လေငြိမ်နေတာကြောင့်လည်း ဖြစ်မယ်ထင်တယ်။ Mask တပ်ထားပေမယ့် သုသာန်ရဲ့ ရနံ့ က ထင်ရှားနေတယ်။ မြက်ရိုင်းတွေရဲ့ အလယ်မှာ အစီစီ အရီရီ အုတ်ဂူ အသစ်တွေ၊ ထောင့်အကျဆုံး နေရာမှာတော့ သူ့အတွက် နေရာ။ အောက်မေ့ခြင်းများစွာနဲ့ ပို့သလိုက်တဲ့ ပန်းခြင်းများ မမွှေးမြနိုင်တော့ပါ။ ကျနေရောင်အောက်မှာ အိုက်စပ်စပ် ဖြစ်လာပြီး မျက်ရည် နဲ့ ချွေးရောထွေးကုန်တဲ့ မျက်နှာတွေ။ ဆရာတော်တပါး ရဲ့ လက်ထဲမှာ သစ်သားပက်လက်ကုလားထိုင်ပေါ်မှာ ကျောမှီပြီး ကင်မရာဆီ ခေါင်းငဲ့ ကြည့်နေတဲ့ ဆံပင် ရော မုတ်ဆိတ်ပါ ဖွေးနေတဲ့ အဖြူအမည်းဓါတ်ပုံ နဲ့ ကဗျာ တကြောင်း။


"ဦးခိုက်ရှိခိုးပါ၏ဘုရား

တပည့်တော်ဟာ ဘယ်သူပါလဲ"


ကိုယ့် ယူလာတဲ့ အဝါရောင် ပန်းစည်းကို အုတ်ဂူပေါ် တင်လိုက်ပြီး ကိုယ်တပိုင်းပေါ်တဲ့အထိ ဖွင့်ထားတဲ့ ပန်းတွေအပြည့်နဲ့ ခေါင်းတလားကို ကြည့်မိတော့ မျက်ရည်မဆယ်နိုင်တော့ပါ။ သေခြင်းတရားမှာ အရောင် ရှိမယ်ဆို အဝါ ၊ အသံ ရှိမယ်ဆို D-minor ပဲ။ 


ကံ ဖြတ်ရင် ဘယ်သူမှ နေလို့မရဘူး ဆိုပေမယ့် ၇၃ ဆိုတာ ကျန်ရစ်သူတွေ မချိတင်ကဲ ဖြစ်သင့်သေးတဲ့ အရွယ်ပဲ မဟုတ်လား။ 


" ရူးမတတ်ပါဘဲ ကိုကို

    ကိုကို ကောင်းရာသုဂတိလားပါစေ

                                        ညီမလေး" တဲ့


အားလုံးတုန်လှုပ်ခဲ့ရပါတယ်

ကောင်းရာသုဂတိမှာ ငြိမ်းချမ်းပါတော့ ဦးချိမ့်....။




#ဝင်းမင်းထွန်း

၁၁/၀၈/၂၀၂၁

ဗုဒ္ဓဟူးနေ့

No comments:

Post a Comment