> သီဟသူ [dot] blogspot [dot] com

Nov 10, 2013

ချစ်သောကျေးဇူးများ

ဘဂျမ်း
အောင်ရှိန်၊ မောင်စိန်
သန်းကြွယ်၊ ဘကြည်
ဝေါ့ဒ်ဒစ္စနေတို့ဟာ
ကျွန်တော့်ရဲ့ ရှေးဦးအစ
ဇာတ်လိုက်ကြီးတွေပေါ့။

ရှုံ့မဲ့ပြီး အောက်စိုက်နေသော နှုတ်ခမ်းများ
ပုံမှန်နေသားတကျပြုံးလို့ရအောင်
သူတို့ပြုပြင်ပေးသွားကြတာလေ။

သုခမိန်လှိုင်
CD..1 - ဂျွန်လင်နွန် မဆိုခဲ့သော သီချင်းများ  (၂၀၀၃)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Nov 9, 2013

ချစ်သောမင်းနဲ့ငါ

မင်းနဲ့ငါဆိုတဲ့ လက်ဖက်ရည်ဆိုင်မှာ မင်းနဲ့ငါ
မင်းနဲ့ငါဆိုတဲ့ အဝေးပြေးလမ်းမကြီးပေါ်မှာ မင်းနဲ့ငါ
မင်းနဲ့ငါ အမည်ရတဲ့ ငရဲမှာလည်း မင်းနဲ့ငါ
ပန်းသီးစားရဦးမယ်
မြွေကိုက်ခံရဦးမယ်
စစ်တိုက်ကြရဦးမယ်
တစ်ယောက်အနာကိုတစ်ယောက်က
လျှာနဲ့လျက်ပေးကြရဦးမယ် မင်းနဲ့ငါ။

သုခမိန်လှိုင်
CD..1 - ဂျွန်လင်နွန် မဆိုခဲ့သော သီချင်းများ  (၂၀၀၃)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Nov 8, 2013

ဂိုးသမား ၂

ကမ္ဘာကြီးကိုပိုက်လို့
ပွေ့လို့
တရှုပ်ရှုပ်နမ်းလို့
ကိုယ်လွမ်းတဲ့အရာတွေ ပါရဲ့လား?
ဒဏ်ရာမပါသောဘဝ
ဒဏ်ရာရပါစေ
ငါဖမ်းပါရစေ။

သုခမိန်လှိုင်
အစိမ်းရောင် ဘောလုံးအသင်း (၂၀၀၀)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Nov 7, 2013

အနုပညာ

ဪ. . . အမှားအပြည့် လောကီအပေါ်
နေပျော်သော လူ့ရွာ
ငါ ရှာကြံခဲ့မိလေသလော။

ကြိုးစားပါတယ်
စွမ်းဆောင်ပါတယ်
တိုင်ထိပြီး ထွက်လာတဲ့ ဘောလုံးပါ
ဂိုးမရပါဘူး။

ကျေးဇူးတရားတို့ဝိုင်းရံ
ခန္ဓာကိုယ်နဲ့ အသက်ရဲ့ ဖြစ်တည်မှုမှာ
မြဲမြံခဲ့ရပြန်။

သုခမိန်လှိုင်
အစိမ်းရောင် ဘောလုံးအသင်း (၂၀၀၀)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Nov 6, 2013

အသက်ရှူခြင်းသံခိပ်

ကန်တင်လိုက်တယ် တနင်္ဂနွေတစ်ခု
ကန်တင်လိုက်တယ် ငါ့ကို
ကနတင်လိုက်တယ် အိုက်စကရင်တစ်ခွက်
ကန်တင်လိုက်တယ် ကိုဆိုဗိုစစ်ပွဲများ
ကန်တင်လိုက်တယ် ဘလက်မိုးနိုက်တေးများ
ကန်တင်လိုက်တယ် အမျိုးအမည်မတူ
ဒုက္ခချင်းတူတဲ့ အနာတရများ

ကန်တင်လိုက်စမ်းပါ့
အလှတရားလင်းလက်
လွတ်လွတ်ကျွတ်ကျွတ် သယ်ဆောင်လာတဲ့
ကမ္ဘာကြီးကို။

သုခမိန်လှိုင်
အစိမ်းရောင် ဘောလုံးအသင်း (၂၀၀၀)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Nov 5, 2013

ကာရန်

အောင်မြင်ခြင်းဟာ ပျင်းဖို့ကောင်းတယ်
အနုပညာနဲ့ ကမ္ဘာကြီးကို
ကိုယ့်ဘက်ကပဲ ချစ်ရတာ ကောင်းတယ်။

ဒီလိုနဲ့ပဲ
တေးတစ်ပုဒ်ဆိုတိုင်း
ဂါထာအစွမ်း ရှိခဲ့တယ်။

သုခမိန်လှိုင်
အစိမ်းရောင် ဘောလုံးအသင်း (၂၀၀၀)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Nov 4, 2013

So So Close

So So Close
ဘောလုံးပွြ ကြေညာသူရဲ့အသံ
ဘာသာပြန်ရင် ပျက်သွားမှာစိုးလို့။

So So Close
ပိတ်ဆို့မှုတွေကြားမှာ
သွင်းသွားတဲ့ဂိုးကို
ကြေညာရင်း သုံးသွားတာပါ။

So So Close
ငါ လှပစွာ သွင်းမယ်။

သုခမိန်လှိုင်
အစိမ်းရောင် ဘောလုံးအသင်း (၂၀၀၀)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Nov 3, 2013

ဂြိုဟ်သား

ကမ္ဘာကြီးက
ကုလားကားပဲ။

မြို့တက်
စိတ်ညစ်
တောပြန်။

မြို့တက်
စိတ်ညစ်
တောမပြန်
မြို့ထက်မြို့တွေ ဆက်တက်မယ့်ငါ့ကိုတော့
ဘယ်ဂြိုဟ်သားစာရင်းသွင်းမလဲ။

သုခမိန်လှိုင်
အစိမ်းရောင် ဘောလုံးအသင်း (၂၀၀၀)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Nov 2, 2013

နိဗိန္ဒ

မာယာကော့စကီ
ဂျက်လန်ဒန်
ဗင်ဂိုး
မာရီလင်မွန်ရိုး
မြို့မငြိမ်း
ကတ်ကိုဘိန်း
စာအုပ်အထူကြီး ၆ အုပ်
မှတ်သားစရာက တစ်ကြောင်းတည်း
ကမ္ဘာကြီးကို ငြီးငွေ့ခဲ့ကြတယ်။

သုခမိန်လှိုင်
အစိမ်းရောင် ဘောလုံးအသင်း (၂၀၀၀)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Nov 1, 2013

ဆုကြေး

ဘဏ်တိုက်ကြီးထဲက
ငွေတွေကိုသာ
လိုချင်ခဲ့တဲ့ ဓားပြ။

တန်ရာတန်ကြေးကတော့
ကျည်ဆန်တွေသာ ရခဲ့ရ။

သုခမိန်လှိုင်
အစိမ်းရောင် ဘောလုံးအသင်း (၂၀၀၀)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။