> သီဟသူ [dot] blogspot [dot] com

Apr 28, 2015

ဖြစ်တည်မှု (၂)

လူတွေဟာ စိတ်ဝင်စားဖို့ ကောင်းတယ်။
သူတို့ရဲ့ သောက်တလွဲတွေက
ခင်ဗျားကို မပျင်းရိစေသေးတဲ့အထိ။

ကျုပ်တွေ့ခဲ့တဲ့ လူတစ်ယောက်၊
ယာကူဇာ
ဂိုဏ်းဝင်ဖို့ ကမ်းလှမ်းခံခဲ့ရတယ်၊
သူပြောတာပဲ။

နောက်တစ်ယောက်၊
ဘာလဲဆိုတာ
ကျုပ် မမှတ်မိတော့။

ဒါပေမဲ့
သောက်တလွဲတွေနဲ့ လူတွေဟာ
စိတ်ဝင်စားဖို့ကောင်းတယ်၊
ခင်ဗျား သူတို့ကို မငြီးငွေ့သေးသရွေ့။ ။

သီဟသူ
၂၇-၀၄-၂၀၁၅

ဖြစ်တည်မှု

ဂျင်း သုံးထည်
သိပ်များလား။
ကျွန်တော်တော့ မထင်ဘူး။
နှစ်ထည်က
ဂွမှာပါးနေ။
နှုတ်ခမ်းမွှေးရိတ်ဖို့လိုနေပြီ။
မနေ့က ရှပ်နှစ်ထည်
လျှော်လိုက်တော့
ဒီနေ့ဝတ်ထားတာက
နောက်ဆုံးသော လျှော်ပြီးသား
အင်္ကျီ။ စီးတဲ့ဖိနပ် ပေါ်လစ်တိုက်ဖို့ အထူးလိုအပ်။
ဖနောင့်တွေက တစ်ဖက်တည်းစားနေတော့
ခွာလဲဖို့လည်း လိုအပ်နေ။
အိမ်ကို ဖုန်းခေါ်တယ်၊
အဖေက ဖုန်းမြည်သံဆုံးတဲ့အထိ
အိမ်နောက်ဖေးခြံထဲ ပေါင်းနှုတ်နေ။
အခု ကျွန်တော်
သွားပိုးစားတာ ၅ပေါက် ရှိနေပြီ။
ကော်ဖီ လျှော့သောက်ဖို့လည်း
သတိပေးခံထားရ။
'၁၅မှာ အခုထိ
ကောင်းနေတာက
ခွင့်မဲ့ပျက်ကွက် ၂ရက်ရှိပေမဲ့
လခ အပြည့်ရတာပဲ။ တကယ်လို့
ပြင်သစ်ဝိုင် ကောင်းတယ်
ထင်ရင် ခင်ဗျား
သူတို့ရဲ့
ဘီယာ
သောက်ကြည့်သင့်တယ်။

သီဟသူ
၂၇-၀၄-၂၀၁၅

ရိုးရိုးသားသားကမ္ဘာ

ရိုးရိုးသားသားကမ္ဘာ-၁

ဖရဲသီးတစ်လုံးလုံး
တစ်ယောက်တည်း
စားရဖို့
အိပ်မက်ခဲ့ဖူး



ရိုးရိုးသားသားကမ္ဘာ-၂

ဘောလုံးပွဲမှာ
ဘောလုံးကောက် ကောင်လေးတစ်ယောက်
အဖြစ်နဲ့ ဘောပွဲကြည့်ရဖို့
အိပ်မက်ခဲ့ဖူး



ရိုးရိုးသားသားကမ္ဘာ-၃

စနေနေ့တွေမှာ
အမေကြော်တဲ့ ကြက်သားကြော်ဒယ်အိုးကနေ
ဦးဦးဖျားဖျားကျွေးတဲ့ ကြက်အရေပြားကြော်လေးတွေ အမြဲစားရဖို့
အိပ်မက်ခဲ့ဖူး



ရိုးရိုးသားသားကမ္ဘာ-၄

လူပျိုဖြစ်ရင်
အပြင်ဘော်ဒါဆောင်မှာနေမယ်၊ ဘေးအခန်း
နှစ်ဖက်မှာ စာပေသမားတွေ (သူတို့မှာ လျှို့ဝှက်ထားတဲ့ အတိတ်နဲ့) ဖြစ်မယ်လို့
အိပ်မက်ခဲ့ဖူး


သီဟသူ
၄/၂၀၁၅

Apr 4, 2015

သို့/ ဗျူကောင်းစကီး (၅)

ဦးလေးကြီးရဲ့ ပေးစာအဟောင်းတွေကို
ကျွန်တော် ဖတ်နေတယ်။ အိုအိုး တော်တော်လည်း
စကားများတဲ့ အမူးသမား ဦးလေးကြီးပါလား။

စကားပြောဖို့ / စာရေးဖို့
လူတွေရှိနေတာ
ကောင်းတာပဲ။

ဒီမှာ ကျွန်တော်ကတော့
ဦးလေးကြီးဆီ စိတ်ကူးယဉ်ပေးစာတွေ
ရေးလို့။ စာတစ်စောင်မှ မပို့ဖြစ်ဘူး

ကျွန်တော့်ရဲ့ သူငယ်ချင်းတွေဆီ။
စကားစမြည်တော့ ပြောဖြစ်ရဲ့။ ဒါပေမဲ့
ကျွန်တော် ပျင်းအားကြီး၊

ဂျီတော့ခ်က ချက်လော့တွေ၊
ဖေ့ဘုတ်က မက်ဆေ့တွေ၊
ပြန်ရှာဖတ်ကြည့်ဖို့။ ဒီအတိုင်းဆို

ဦးလေးကြီးဆီ မကြာခင်အတွင်း
(မကြာခဏ) စာရေးဖြစ်ဦးမယ်ထင်တယ်။
ကျန်းမာရေး ဂရုစိုက်ပါ။ ။

သီဟသူ
၂၉/၀၃/၂၀၁၅

Mar 27, 2015

ချာတိတ်ဘဝ-၆

ဆူးလေဘုရားအနီး
မဟာဗန္ဓုလပန်းခြံနားက
စားသောက်ဆိုင်လေးထဲမှာ
ပထမဆုံး ဘီယာတစ်ကျိုက်ကို
"စ"သောက်ဖြစ်တော့ "ခါးလိုက်တာ"
လို့ သောက်ပြီးပြီးချင်း ခွက်ကို စားပွဲပေါ်ချ
ပြောမိတော့ ကျွန်တော့်သူငယ်ချင်း
ပြုံးပြုံးကြီးနဲ့ ကျွန်တော့်ခွက်ကို
ယူ"ရှင်း"လိုက်လေရဲ့။
ကျွန်တော်ကတော့
အမြည်း ကန်စွန်းရွက်ကြော်ကိုပဲ ဆက်မြည်းခဲ့။

အခု၊ ဆယ်စုနှစ်တစ်ခုအကြာမှာ
ကျွန်တော့်လျှာဟာ အရသာခံနိုင်စွမ်း
ဖွံ့ဖြိုးလာခဲ့၊ ခါးသက်မှု ချိုမြိန်မှု
ဆိုတာ ပုဂ္ဂလိကရွေးချက်မှုသက်သက်သာဖြစ်ကြောင်း
ကိုယ်သိ သိ။ နောက်ထပ်အကြိမ်ကြိမ်
ကူးလို့ရနိုင်တဲ့ အမျိုးမျိုးသော ဘီယာမြစ်ထဲ
ကျွန်တော်၊ ဆူးလေဘုရားအနီး
မဟာဗန္ဓုလပန်းခြံနားမှာ ရှိခဲ့ဖူးတဲ့
စားသောက်ဆိုင်လေးထဲက နေ့လည်ခင်းကို
ပြန်လည်
ရှာဖွေနေ။ ။

သီဟသူ
၁၉/၀၃/၂၀၁၅

ချာတိတ်ဘဝ-၅

အဲဒီတုန်းက မန္တလေး
ဆောင်းမနက်တွေမှာ ကျွန်တော်
ထရပ်စုဝတ်၊ ဝေါကင်းရှူးစီး၊ မြစ်ကြီးနားက
အဖေဝယ်လာခဲ့တဲ့ သားမွှေးဦးထုပ်ကိုဆောင်း၊
အဖေ့ဆိုင်ကယ်ရှေ့မှာ ထိုင်ပြီး
တိမ်မိုးလွင်ကို သွားကြတယ်။

မန္တလေးဆောင်းမှာ ဆိုင်ကယ်ရှေ့
ထိုင်စီးတဲ့အခါ ဘယ်လောက်အေးသလဲဆို
ဆယ်တန်းမှာသင်ရတဲ့
အချုပ်တန်းဆရာဖေရဲ့ မန်းတုန်အောင်
လမ်းဆုံကဟစ်ချင်တာကို ဆရာမ ရှင်းပြတာ
မလိုအောင် လုံလောက်စေခဲ့။

အဲဒီတုန်းက မန္တလေးတောင်
အနောက်ဖက် မြင်းပြိုင်ကွင်း မျက်နှာချင်းဆိုင်
တိမ်မိုးလွင်မှာ လက်ဖက်ရည်ကို
လက်ဖက်ရည်ပန်းကန်ပြားထဲ
ထည့်၊ အေးအောင်မှုတ်ပြီးသောက်၊
မလိုင် နံပြားစား။

ဒီတစ်ခေါက်
တိမ်မိုးလွင်ကို
ဖြတ်သွားရင်း
ထိုင်ဦးမလား
အဖေကမေးတော့
ဟင့်အင်းလို့သာ ဖြေမိ။

တိမ်မိုးလွင်ဟာ
ဆိုင်းဘုတ်မှာသာ တိမ်မိုးလွင်
ကျွန်တော် ထရပ်စုဝတ်၊
ဝေါကင်းရှူးစီးပြီး သွားခဲ့တဲ့
တိမ်မိုးလွင်
မဟုတ်တော့။ ။

သီဟသူ
၁၇/၀၃/၂၀၁၅

ချာတိတ်ဘဝ-၄

အဲဒီတုန်းက ကျွန်တော်စက်ဘီးစီးကျင့်ခဲ့တဲ့လမ်းဟာ အကျယ်ကြီး
အဲဒီလမ်းမှာ တော်တော်မတ်တဲ့ကုန်းတက်တစ်ခုရှိတယ်
အဲဒီကုန်းတက်မှာ နင်းရတာတော်တော်မောတယ်။ မှတ်ဉာဏ်
အလွှာအထပ်ထပ်မှာ ဒီအမှတ်ရမှုက ဟိုးအောက်ခြေနား
ဒါပေမဲ့ ကြည်လင်နေဆဲ။ ဓာတ်ပုံသက်သေမရှိဘူး
အဲဒီတုန်းက ဖလင်စျေးကြီးတယ်။

ပြီးခဲ့တဲ့နှစ် ကျွန်တော်ပြန်ရောက်ခဲ့တယ်/အရောက်ပြန်သွားခဲ့တယ်
ကျွန်တော့်အတွက် အကျယ်ကြီးကျယ်ခဲ့တဲ့လမ်းဟာ
ကားနှစ်စီးသွားစာပဲရှိတာပဲ။
တော်တော်မတ်တဲ့ ကုန်းတက်၊ ကျွန်တော်သိခဲ့
အကြိမ်ကြိမ်နင်းတက်ခဲ့တဲ့ မတ်စောက်သောကုန်းတက်ကြီးဟာ
နိမ့်နိမ့်လေးပါလား။ သားမှတ်မိသလိုလဲမဟုတ်ပါလား။

အဲလိုပြောမိတော့ အဖေကရယ်တယ်။
အဖေ့ရယ်သံမှာ/ဟာ
ကျွန်တော် ချာတိတ်
သေးသေးလေးတစ်ယောက်ဖြစ်ခဲ့ကြောင်း သက်သေခံနေတယ်။
ဓာတ်ပုံသက်သေမလိုဘူး။ အခု
ချာတိတ်တစ်ယောက် ကြီးပြင်းခဲ့ပြီ မေမေရယ်*

သီဟသူ
၂၄/၀၂/၂၀၁၅
* ကောင်းကင်မေမေ၊ သုခမိန်လှိုင် (ကလေးလေးတစ်ယောက် ကြီးပြင်းခဲ့ပြီ မေမေရယ် စာသားကို ယူသုံးပါတယ်)

Feb 15, 2015

ချာတိတ်ဘဝ-၃

ချာတိတ်ဘဝဟာ
ဖြစ်နိုင်ခြေတွေအပြည့်နဲ့။

ကျနော့်ကမ္ဘာကြီး ပိုငြိမ်းချမ်းပြီး
ကျနော်ရှူတဲ့လေထု ပိုလတ်ဆတ်တယ်။

ကျနော့်အခန်းနံရံမှာ
အေကေ၄၇ နဲ့ အမ်၁၆ တစ်လက်စီရှိခဲ့တယ်။

လူကြီးတွေမေးလိုက်တိုင်း
တစ်နေ့ အင်ဂျင်နီယာလုပ်မယ်၊ နောက်တစ်နေ့ စစ်ဗိုလ်လုပ်မယ်။

အဲလို
အမျိုးမျိုးသော ဖြစ်နိုင်ခြေတွေနဲ့ အိပ်မက်

ကျနော်မက်ခဲ့၊
ပြန်မက်ချင်နေဆဲ။ ။

သီဟသူ
၁၄/၀၂/၂၀၁၅

Feb 14, 2015

မေးခွန်းများ

ငါရေကူးဖြစ်ခဲ့တဲ့နှစ်တွေတုန်းက ရေကူး
ကန်ကအပြန်လမ်းမှာ ပြေး
သူတို့ကိုမြင်တိုင်း တွေးမိတယ်။ ဘာလို့
သူတို့တွေ ပြေး
ကြသလဲ။

နောက်တော့ ငါလည်း ပြေးဖြစ်လာတယ်။

ခုတစ်ခါရေပြန်ကူးဖြစ်တော့ ရေကူး
ကန်ကအပြန် ပြေး
သူတို့ကိုမြင်ရင် မေးခွန်း
မထုတ်ဖြစ်တော့ဘူး။

ရောက်ရှိခဲ့၊ ပြုလုပ်ခဲ့ပြီး။

လက်ထဲက ဝီစကီ
လက်နှစ်လုံးကတော့ သောက်တိုင်း
ဘဝ၊ ချစ်ရမ္မက်၊ မိသားစု၊ အသက်ရှင်/သေမှု၊
စိတ်ခံစားချက်များ၊ မေးခွန်းများထုတ်လေ့ရှိတယ်။ အထပ်ထပ်
မေးတဲ့ မေးခွန်းကတော့ နောက်ထပ်
ယူဦးမလား လက်နှစ်လုံးစာ
ဝီစကီ။

သီဟသူ
၂၇/၀၁/၂၀၁၅

ဘား

သောက်ခဲ့တဲ့ခွက်
အရေအတွက် မမှတ်မိတော့ဘူး။
ဘီလ်မှာ တစ်ယောက် လက်မှတ်
ထိုးပေးလိုက်တယ်။
စာရင်း
မှန်တယ်လို့ တစ်ယောက်က
တော်တော်ကြာမှ
ဝင်ပြောတယ်၊ ခေါင်း
ငိုက်စိုက်ကျနေပြီ။ မဝသေးဘူး
တစ်ယောက်က ပြောတယ်။
"လမ်းအတွက် တစ်ခွက်"
မှာလိုက်တယ်။ မဝသေးဘူး။
ပြန်ဖို့ တက္ကစီပေါ်အတက်
ကားသမားကို အော်
ပြောလိုက်တယ်။ အနီးဆုံး
ဘား
သွားမယ်။

သီဟသူ
၂၇/၀၁/၂၀၁၅