> သီဟသူ [dot] blogspot [dot] com

Nov 3, 2012

နိဂုံး ၏ နောက်ဆက်တွဲ

ရေမြွေတစ်ကောင်လို နေနိုင်ခဲ့ရင်တော့ အကောင်းသား
မိကျောင်းတစ်ကောင်ဖြစ်နေတာက ခက်တယ်။

လောလောဆယ် နေ့ရက်တွေကတော့
ဗွက်အိုင်တွေထဲမှာပါပဲ
ဒါတောင်မှ သွေးမပျက်တတ်သေးတာ
မိုက်တွင်းနက်တယ် ဆိုမလားပဲ။

ကိုယ့်ပျော့ညံ့ချက်တွေအတွက်
ကိုယ့်ကိုယ်ကို ကန့်ကွက်
ဘာကိုမှ မိမိရရ မဆုပ်ကိုင်ဖြစ်သေးတဲ့ လက်ချောင်းတွေနဲ့
တစ်ရက်ပြီးတစ်ရက် ကြက်ခြေခတ်ခဲ့ရ
ညပေါင်းများစွာ...
စတေးရမယ်...
စတေးရမယ်...”
အဲဒီလိုတွေးမိပြန်တော့
လောင်းကစားသမားရဲ့ ပုံအောမှုမျိုးကို
ကိုးကွယ်သူတစ်ယောက်အနေနဲ့
နည်းနည်းချင်းတော့ ဖဲ့မပေးနိုင်။

မေ့လျော့ခြင်းကို အပြစ် မတင်ပါနဲ့
ဘဝကို နားကြည်း ငြီးငွေ့စွာ
တစ်ယောက်က ပြောတော့
ဘဝဟာ မသေချာတော့ဘူး...” တဲ့
ဒုက္ခတောအုပ်ထဲမှာ
မင်းဘဝလေး မိုးမချုပ်စေလိုတဲ့ စေတနာ
ခွင့်လွှတ်ပါကွာ...

စကားလုံးတွေကို အားပြုနေရတာ
ရွံစရာကောင်းလှပါတယ်
လောကရဲ့ ရွဲ့စောင်းမှု ထုသွင်ကြီးထဲမှာ
စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ်ဖတ်
မိမိရဲ့ ကြောင်တောင်ကန်း စိတ်ဓာတ်ကို ပျက်ရယ်ပြု
ယုံကြည်မှုဆိုတာ တစ်ခုထဲနဲ့
ဟောဒီ ကမ္ဘာကြီးပေါ်က
တစ်စုံတစ်ရာကို ရယူချင်မိတာပါ။

လှသန်း
ကျွန်တော်ရဲ့ ယခုအချိန်နှင့် အခြားမငြိမ်သက်မှုများ
ပထမအကြိမ်၊ ဧပြီ၊ ၂၀၁၂


Oct 28, 2012

ကျွန်တော့်ရဲ့ ယခုအချိန်

မိုးအုံ့ ညနေရဲ့ ရင်ခွင်ထဲက
လပ်ဟာမှုဝိညာဉ်
မေတ္တာတရားရဲ့ ဆွဲငင်မှုမှာ
သူ့ရဲ့ ယူကြုံးမရ ဟင်းလင်းပြင်
သက်ညှာစွာ စီရင်ချက် ချပါတော့။

တိုက်ဆိုင်မှုတွေ အလယ်မှာ
မမိုက်ကန်းရဲခဲ့ပါ
ဝမ်းနည်းရမှာကို သိပါတယ်
ခုလို ဖုံးကွယ်နေရတာကိုက
ပိုမို ကြေကွဲဖွယ်
ဘာမှမတတ်နိုင်ခြင်း ပင်လယ်။

အထီးကျန်
အထီးကျန်
အထီးကျန်... တဲ့
ဒီအသံက ကျယ်လွန်းအားကြီးတယ်
သွေးသားတောင်းဆိုမှု သက်သက်နဲ့တော့
အဲဒီ ဖန်ခွက်ထဲ ခုန်မဆင်းရဲပါဘူး။

ကိုယ့်စိတ်ကိုယ် အလိုလိုက်မိတဲ့
ခေါင်းငိုက်စိုက်နာရီတွေ
ဟောဒီ တစ်နွေလုံး
သူ့ခမျာ အရည်ပျော်နေရှာတယ်
လက်ဖက်ရည်ဆိုင်ရဲ့ ခပ်နိမ့်နိမ့် ထိုင်ခုံပေါ်မှာ။

ဘာဖြစ်လို့ ရင်းနှင်းဖို့ ဝန်လေးနေတာလဲ
တစိမ်းဆန်ဆန် နေထိုင်ခြင်းဟာ
ပျင်းစရာကောင်းပါတယ်။

ကျေနပ်လောက်အောင် မဖန်တီးနိုင်တဲ့ အနေအထား
အဲဒီ တံတားက စိတ်မချရဘူး
အနိုင်မရခဲ့တဲ့ ပြိုင်ပွဲတွေ...
နေ့စွဲတွေ...
… … …

အဆုံးအစွန်အထိ စွဲလန်းခဲ့
အဆုံးအစွန်အထိ စွန့်လွှတ်ခဲ့
အစွန်းနှစ်ဘက်ကို ဆက်သွယ်ထားတဲ့ မျဉ်းတစ်ကြောင်း
ခေါင်းမာမှုတွေနဲ့ ပျော်ချင်ယောင်ဆောင်
မျှော်လင့်ချက်မဲ့ပုံက ဆန်းကြယ်လှပေရဲ့။

ခုတော့ ထွက်ပေါက်မဲ့စွာ
သူ့ဆာလောင်မှုကို ဘယ်သူကြားနိုင်မှာလဲ
အခွင့်အရေးနဲ့ အစွမ်းအစ
မညီမျှသေးခင်...
… … … …
… … …

ငှက်ပျောသီးတစ်ဖီးလောက်မှ
မကြီးကျယ်နိုင်သူတစ်ယောက်
ကိုယ့်ကိုယ်ကို သစ္စာဖောက်ဖို့ဆိုတာ
သိပ်နောက်ကျနေပြီ။


လှသန်း
ကျွန်တော်ရဲ့ ယခုအချိန်နှင့် အခြားမငြိမ်သက်မှုများ
ပထမအကြိမ်၊ ဧပြီ၊ ၂၀၁၂

Oct 2, 2012

နေပူထဲက ခွေးရူးတစ်ကောင် (အပိုင်း - ခ)

အဆင်သင့် မဖြစ်သေးတဲ့ ကာလ
ပိုက်ဆံ နည်းနည်းပါးပါးနဲ့ မိန်းမတစ်ယောက်ကို မျှော်လင့်
နောက်ထပ်တစ်ကြိမ် ယစ်မှုးခွင့်
အဲဒီ ပန်းပွင့် ဘယ်တော့ပွင့်မှာလဲ
အဲဒီ ပန်းပွင့် ဘယ်တော့ပွင့်မှာလဲ။

လက်ဖက်ရည် ဂါလံများစွာ
ဆာလောင်မွတ်သိပ်စွာ မြိုချ
တစ်လပြီး... … တစ်လ
နောက်တစ်လ
ရုန်းမရနိုင်တဲ့ ကျော့ကွင်း
ကိုယ့်ကိုယ်ကို ညှင်းဆဲနေရတာ
ဟေ့ကောင်! မင်း မပျင်းဘူးလား
နူးညံ့ပျော့ပျောင်းတဲ့ တေးဂီတတွေ
ငါ့ဘဝမှာ ရှိမှ ရှိပါ့မလားလို့ဆိုတဲ့
သံသယတွေနဲ့
ငါ မပြောဖြစ်သေးတဲ့ စကားတွေ...
ငါ မမက်ရဲသေးတဲ့ အိပ်မက်တွေ...
လျှို့ဝှက်စွာ သိမ်ငယ်ခဲ့ရ
မပြေလည်မှု နေ့ရက်များရဲ့
ကြေငြာချက်တစ်စောင် မထုတ်ပြန်မီ...
ခွင့်လွှတ်ပါကွာ
အခုလိုအခါမှာ ကိုယ့်အထုပ်ကိုယ် ဖြေပြရတာ
နည်းနည်းတော့ ရှက်စရာကောင်းပါတယ်။

သင်းခွေချပ်တစ်ကောင်လို
နေတတ်ခဲ့ရင်တော့ အကောင်းသား...

ခုတော့ ငါ့ကိုယ်ငါ ပိတ်လှောင်ထားတာပဲ
ပိုချစ်စရာ ကောင်းမလားလို့။
 
လှသန်း
ကျွန်တော်ရဲ့ ယခုအချိန်နှင့် အခြားမငြိမ်သက်မှုများ
ပထမအကြိမ်၊ ဧပြီ၊ ၂၀၁၂

Oct 1, 2012

နေပူထဲက ခွေးရူးတစ်ကောင် (အပိုင်း - က)

ရူးသွပ်မိုက်မဲမှုလို့ ထင်ရတဲ့
မိမိကိုယ်ကို ကဲ့ရဲ့ခြင်းများ
အရေပြားများ ယားယံ
လက်ဖက်ရည်သောက်သလို သာမန်ကိစ္စ
တစ်ကိုယ်ကောင်းဆန်တယ်ဆိုတာ
လွယ်တာမှတ်လို့။

လျှပ်တစ်ပြတ် ပြောင်းလဲခြင်းမှာ
အလောင်းတစ်လောင်းလို အေးစက်တောင့်တင်း
မဖြောင့်မတ်ပေမယ့်
အတ္တစင်ရုံမျှ
ဘယ်တုန်းကမှ မရှိခဲ့တဲ့ လူသားတစ်ဦး
တိုးလျှိုးပေါက်နယ်ထဲကို ပူးကပ်ဝင်ရောက်ခဲ့။

နားထောင်နေရတဲ့ သီချင်းတွေကလည်း
လည်ပင်းကို လာစွပ်တဲ့ ကြိုးကွင်းတွေလို
ကိုယ့်တွင်းကိုယ်တူးပြီးပါပြီ
ကိုယ့်တွင်းကိုယ်တူးပြီးပါပြီ

ခံတင်းပျက်နေတဲ့ ကြောင်နဲ့
အတောင်ပံ ကျိုးနေတဲ့ ဇရက်
တကယ့်အဖြစ်အပျက်တွေလို ပြင်းထန်
သံသယတွေခြောက်လှန့်
လက်ဝါးဖြန့်ဖို့ကို စဉ်းစား
ရိုးသားမှုနဲ့ အချိန်ကာလက
ဘဝတွေကို ပြုပြင်မွမ်းမံပေးနိုင်မလား။

ခုတော့
တစ်ယောက်က ဘဝမှာ နောက်ကျောမလုံသူ
တစ်ယောက်က ဘဝမှာ နောက်ကျောဓားထိုးခံရဖူးသူ

နေ့စဉ် မြင်ကြမှာပါ
ဟောဒီ ကားစင်ပေါ်မှာ
အရှင်လတ်လတ် မီးတင်ရှို့ခံနေရတာ
ငါပဲ။

လှသန်း
ကျွန်တော်ရဲ့ ယခုအချိန်နှင့် အခြားမငြိမ်သက်မှုများ
ပထမအကြိမ်၊ ဧပြီ၊ ၂၀၁၂

Sep 30, 2012

ယစ်မူးခြင်းများ

မြင့်သထက် ပိုမြင့်မား
လေရဲ့ မြှောက်စားမှုမှာ
ကလေးငယ်တစ်ယောက် လက်မှ လွတ်သွားသော
မိုးပျံဘောလုံးတစ်လုံး။

ဗြုန်းဆို ညနေခင်းရွဲ့စောင်း
ခေါင်းလောင်းသံများဖိတ်စင်
အမှောင်ရိပ်တွေဝင်လာပြီ
ငါ့ရဲ့ တိတ်ဆိတ်မှုတွေကြောင့်
ငါ စောင့်နေရပြန်ပေါ့။

ရွံစရာ ဝန်စည်စလယ်တွေနဲ့
ခေတ်ကြီးတစ်ခုလို ပျက်ခဲ့ပြီလား
အချစ် ပလ္လင်ပေါ်
လည်စင်းပေးချင်တဲ့ သိုးငယ်
ခပ်လွယ်လွယ် ဘာသာရပ်တော့ မဟုတ်ဘူး။

မာကြောတဲ့ ဝေဖန်ရေးတွေကြား
အလေးချိန်မဲ့စွာ
ပမာဏမဲ့စွာ
ပုံသဏ္ဌာန်မဲ့စွာ
အသံမဲ့ ဒေသတစ်ခုသို့ အရောက်
ကြောက်စိတ်တစ်ခုထဲနဲ့
နေရဲခဲ့ပါပြီ။

ဟောဒီမှာ သေခြင်းတရားနဲ့ လဲလှယ်ဖို့
သက္ကရာဇ် နည်းနည်းပါးပါးနဲ့
စားကြွင်းစားကျန်တွေပဲ ရှိပါတယ်။
အခုတော့ ကမ္ဘာ့ ဆွဲငင်အားမှ
ခေတ္တ ကင်းလွတ်သွားသော...
… … … … …
… … … …

လှသန်း
ကျွန်တော်ရဲ့ ယခုအချိန်နှင့် အခြားမငြိမ်သက်မှုများ
ပထမအကြိမ်၊ ဧပြီ၊ ၂၀၁၂


Sep 29, 2012

ရင်ထဲက လက်ဖက်ရည်ဆိုင်

မနက်မိုးလင်တော့
သီချင်းတစ်ပုဒ် ဝင်လာတယ်
သူ့ကိုယ်ပေါ်မှာ နာရေးကြော်ငြာကိုတပ်ဆင်
အာရုံမြင်ဂီတ
ဒါဟာ ဇာတ်ရဲ့အစ
နှင်းတွေ တဖွဲဖွဲ ကျလို့ရယ်...

သုံးနှစ်ကျော်ကျော် လွဲချော်မှု
ကိုယ့်ကိုယ်ကို ကုန်းကိုက်ချင်လောက်အောင် ဒေါသဖြစ်
လက်နက်ကိုင် စစ်တပ်တွေထက်
ကြောက်မက်ဖွယ်ကောင်းတဲ့ အချစ်
ကမ္ဘာစစ်ကြီး နှစ်ခုထက်
ကြောက်မက်ဖွယ်ကောင်းတဲ့ အချစ်
ဟောဒီခေတ်ရဲ့ ရာဇဝင်ကောင်။
ငါ ကျယ်လောင်မိခဲ့တယ်
ငါ ကျယ်လောင်မိခဲ့တယ်
ငါ ကျယ်လောင်မိခဲ့တယ်
ဟန်မဆောင်တတ်တာ အားနည်းချက်ပဲ
ဆုံးရှုံးမှုမျိုးဆက်ထဲက
အကွပ်မျက်ခံ လူငယ်တစ်ယောက်
သူ့ကို သမ ဘယ်လောက် သဘောပေါက်သလဲ
တိုးလျှိုပေါက် မြင်နိုင်ပါ့မလား
ကိုးကွယ်စရာ ဘာသာတရားအသစ်ကို မျှော်လင့်
အသစ်စက်စက် ဦးနှောက်တွေကို မျှော်လင့်
မီးလျှံကြားက ပင့်ကူတစ်ကောင်
ခိုးကြောင်ခိုးဝှက် ကတိတွေ ပေးနေမိရဲ့။

ရင်ထဲက သူလျှိုမရယ်
ဝေခွဲမရမှုတွေဟာ ငါ့ကို ဆွံ့အစေပါတယ်
ပြောစရာ စကားတစ်ခွန်းအတွက်
တွန်းအားက ဘာများပါလဲ
ဇွန်းတစ်ခေျာင်း ယူခဲ့စမ်းပါ။

အလေးချိန်ရှိတဲ့လူ
သူ့ကိုယ်သူ တာဝန်ယူနိုင်ပါစ
ဟောဒီ နွံအိုင်ထဲမှာ
ဘယ်လောက်ကြာကြာ ကိုယ်ဖော့နေနိုင်မှာလဲ
တည်းတည်းလေးပဲ ကျန်တော့တယ်...
လက်ဖက်ရည်ဆိုင်ရဲ့ ဟာလာဟင်းလင်း စားပွဲများ...
ပေါ့ပျက်ပျက် သတ္တုရေနွေးခရားများ...
အသံမဲ့ ဘာသာစကားများ...
… … … …
… … …
အား! … … …

ဒီလိုနဲ့ ညနေခင်းတ်ခု ကျွံကျသွားတယ်
မစွန့်စားရဲသေးတဲ့
အသည်းကွဲ ရဲဘော်တစ်ယောက်
လက်ဖက်ရည်ကျကျတစ်ခွက် သောက်မိပြန်ပေါ့။

လှသန်း
ကျွန်တော်ရဲ့ ယခုအချိန်နှင့် အခြားမငြိမ်သက်မှုများ
ပထမအကြိမ်၊ ဧပြီ၊ ၂၀၁၂

Sep 28, 2012

ဆောင်းရာသီရဲ့ နောက်နေ့များ (အပိုင်း - ခ)

လွှတ်မချရဲပေမယ့်
ဘယ်နှစ်ခါ လွတ်ကျခဲ့ပြီလဲ။

လွှတ်မချရဲပေမယ့်
ဘယ်နှစ်ခါ လွတ်ကျခဲ့ပြီလဲ။

နွေးထွေးလုံခြုံတဲ့ တွင်းတစ်တွင်း
ပြင်းပြစွာ တောင့်တ
စောင့်နေရတာ မပျင်းဘူးလား
မစဉ်းစားရဲတာကိုက
အားနည်းချက်တစ်ခုပဲ။

ချစ်ခြင်း" ကို မျှော်လင့်
တရားသဖြင့် တွေးခေါ်
ပျော်ရွှင်မှုတွေဟာ အသေအချာ ရှိခဲ့ပါတယ်။

ဒီလိုနဲ့ ညနေဆို
လက်ဖက်ရည်ဆိုင်ထဲ ဝင်ခွေနေတတ်တဲ့
မြွေပွေးတစ်ကောင် အဆိပ် မရှိချင်ယောင်ဆောင်လို့။
မိုးတိမ်တွေအောက်မှာ
တစ်ယောက်နဲ့တစ်ယောက် စိုးရိမ်မကင်းဖြစ်နေရတာ
ရှက်စရာ မကောင်းဘူးလား။

လောကကြီးကလဲ
သူမရဲ့ ပေါင်တံလှလှပေါ်မှာ
ဟန်ဆောင်မှုတွေကိုတင်လို့
သူကလည်း သူ့ကိုယ်သူ ဖုံးကွယ်လို့
ငါကလည်း ငါ့ကိုငါ ဖုံးကွယ်လို့
ရှုံးမယ်ဆိုတာ သိပြီးသားပါ။

ညကတော့
ပြည့်လုဆဲဆဲ လရောင်အောက်မှာ
ကိုယ့်အရိပ်ကိုယ် ကြေကွဲစွာ တိမ်းရှောင်ရင်း
ကြေကွဲစွာ တိမ်းရှောင်ရင်း …
တိမ်းရှောင်ရင်း ...
 
လှသန်း
ကျွန်တော်ရဲ့ ယခုအချိန်နှင့် အခြားမငြိမ်သက်မှုများ
ပထမအကြိမ်၊ ဧပြီ၊ ၂၀၁၂

Sep 27, 2012

ဆောင်းရာသီရဲ့ နောက်နေ့များ (အပိုင်း - က)

ရင်ကွဲနာကျနေတဲ့
ဂစ်တာတစ်လက်ရဲ့ သက်ပြင်းချသံ
(အရင်ကလိုပဲ) သန်မာပူနွေးဆဲပါပဲ။

အရေခွံအဟောင်းတွေကြောင့်
ရွဲ့စောင်းမှု ပိုမိုပြင်းထန်
ဟောဒီ ကန္တာရကောင်းကင်မှာ
အထီးကျန်ပျံသန်း
ခံနိုင်ရည်က ဆုံးဖြတ်ပါလိမ့်မယ်။

မမျှော်လင့်တဲ့ တွေ့ဆုံမှု
သူမရဲ့ ရုတ်တရက် အပြုံး
ခြေလှမ်းတွေ အသက်ရှူနှုန်းတွေလွဲမှား
အားနာလိုက်တာ ညနေခင်းရယ်။

နားလည်နိုင်ပါ့မလား
ရိုးသားစွာ သေချာ
မှန်ကန်စွာ ရောင့်ရဲ
ကြေကွဲစွာ ပွင့်လင်း
မျဉ်းကြောင်း တစ်ကြောင်းပေါ်မှာ...

လူတစ်ယောက်ရဲ့ ဖြောင့်ချက်ထက်
ငွေစက္ကူတစ်ရွက်က ပိုအရေးကြီးသလား
ကျွန်တော် လက်နက်ချမိတော့မလို့။

သင်္ချာညံ့တဲ့ သာမန်လူ
အဲဒီ မာကြောမှုတွေနဲ့ပဲ
လောကကို ဆုပ်ကိုင်
ဘယ်နေရာကို "အောင်လံ" စိုက်နိုင်ခဲ့ပါသလဲ
ခံတပ်တွေ တစ်ခုပြီးတစ်ခု ပြိုလဲကျခဲ့ရတယ်။

ဟန်ချက်ပျက် နေ့ရက်တွေအတွက်
ဘယ်သူ့ကိုမှ စွဲချက်မတင်လို
နေ့စဉ် မြိုချခံနေရတဲ့ လူ့သက်တမ်း
ခေျာက်ကမ်းပါးစွန်း ရောက်နေခဲ့ပြီ။

လှသန်း
ကျွန်တော်ရဲ့ ယခုအချိန်နှင့် အခြားမငြိမ်သက်မှုများ
ပထမအကြိမ်၊ ဧပြီ၊ ၂၀၁၂


Sep 24, 2012

ကိုယ့်အတ္တပေါ် ကိုယ်ပြန်ချော်လဲခြင်း

အတောင်ညောင်းနေတဲ့ လင်းတတစ်ကောင်
အရက်ဆိုင်မှာ ထိုင်ဟောင်နေတယ်
ရှောင်ပြေးလို့ လွတ်မတဲ့လား
ရှောင်ပြေးလို့ လွတ်မတဲ့လား
ရှောင်ပြေးလို့ လွတ်မတဲ့လား
ကိုယ့်ကိုယ်ကို လွှတ်မချချင်စမ်းပါနဲ့။

ယမကာတစ်ခွက်ကို တပ်မက်နှစ်ခြိုက်
အကြီးစား မိုက်မဲမှုတစ်မျိုး
ငါက
ကမ္ဘာ့ဝင်ရိုးစွန်းတွေကို ဖြတ်ကျော်သွားမယ့်
အာကာသလွန်းပျံယာဉ်တစ်စင်း
မင်းက
အဆိပ်ပြင်းတဲ့ နှင်းဆီတစ်ပွင့်
ပါးပြင်းထောင်တတ်တဲ့
ဟန်ဆောင်မှုတွေကြားထဲ
ကျယ်လောင်စွာ အပြုစားခံခဲ့ရတယ်။

ဘာကိုယုံရမှာလဲ
လုံခြုံမှု...” တဲ့
ဘဝ အာမခံချက်...” တဲ့
လူတစ်ယောက်ရဲ့ ဘဝကို
ဘယ်လိုအရာမျိုးက
အာမခံချက်ပေးနိုင်မှာလဲ။

အချစ်ကို ယုံလို့
မြစ်ထဲ ခုန်ချခဲ့တာပဲ
ဒါ စုံလုံးကန်း ဝါဒတဲ့လား
ဖြေရှင်းမပြနိုင်တာ ခွင့်လွှတ်ပါ။

မရှိတဲ့တရားကို
အသိမှားတွေနဲ့
မဟားဒယား တွန်းရှာ
အဆုံးမှာ ကိုယ့်အမည် ကိုယ် ပြန်သတိရ
ဒီ့ထက် စိတ်ချရတာ ဘာရှိသေးလို့လဲ။

ဒီလိုနဲ့ သူဟာ
သီချင်းတွေကို ချစ်ခဲ့တယ်
သူငယ်ချင်းတွေကို ချစ်ခဲ့တယ်
လက်ဖက်ရည်ကို ချစ်ခဲ့တယ်
“.......” ကို ချစ်ခဲ့တယ်။

လှသန်း 
ကျွန်တော်ရဲ့ ယခုအချိန်နှင့် အခြားမငြိမ်သက်မှုများ
ပထမအကြိမ်၊ ဧပြီ၊ ၂၀၁၂



Sep 1, 2012

စနေ နေ့တစ်ဝက် (၁၇) - မပျော်နိုင်တဲ့ လူရွှင်တော်သို့ အမှတ်ရချက်


ပြန့်ကားထွက်နေတဲ့စကြာဝဠာ အယူအဆကို လက်ခံထားလို့
အတွင်းထဲက ဗလာကျင်းမှုဟာလည်း နေ့စဉ်အမျှ ကြီးမားလာတယ် - လူရွှင်တော်က ပြောတယ်။

လူရွှင်တော် ပြောရင် ရယ်ရမှာပေါ့။
ကျွန်တော်တို့ ရယ်လိုက်ကြတယ်။
လူရွှင်တော်လည်း လိုက် ရယ်တယ်။
မပျော်နိုင်ရှာတဲ့ လူရွှင်တော်၊
အပျော်မရှာနိုင်တဲ့ ပရိသတ်တွေဆိုတော့
ရယ်သံတွေဟာလည်း
ခြောက်ကပ်နိုင်လွန်းတယ်။

သီဟသူ
၀၁၊ ၀၉၊ ၂၀၁၂