> သီဟသူ [dot] blogspot [dot] com

Apr 8, 2009

ရန်သူမဲ့သော နေ့ရက်များ

မနက် မျက်နှာသစ်ဖို့ပြင်တိုင်း
သွားတိုက်သံပေါ်မှာ လွဲချော်မှုကို တွေ့ရ
မွှေးနံတွေနဲ့ ကြေကွဲ
ရာသီဥတုက ခြေပြတ်လက်ပြတ်အနေအထား
အရက်ဆိုင်မှာတောင် လူပါးသတဲ့
"နွား" ဆေးလိပ်တစ်လိပ်နဲ့ ခုခံထားရင်
ခံသာမယ် ထင်တယ်။

သွေ့ခြောက်ခြောက် သစ်ရိပ်စိမ်း...တဲ့
ဒါဟာ ပျက်ချော်မှုတစ်ခုပါ
မွတ်မွတ်သိပ်သိပ် ငြင်းဆန်ရဲ့
မြောက်မြားစွာ လမ်းချော်ပြီးခဲ့ပါပြီ။

တနင်္ဂနွေများ
အဖန်တလဲလဲ တနင်္ဂနွေများ
နာတာရှည် တနင်္ဂနွေများ
စေးနှဲသူသာ အစီအနင်းများ
ညည်းညူသံများ
ရွှင်လန်းဝမ်းမြောက်ကြပါစေ။

ဒီလိုနဲ့
ကျွန်းကို လွမ်းခဲ့
ကာလရေကြည်တစ်စက်မှာ
အသက်ရှုသံတွေ အငွေ့ပျံ
အသက်ခွက်ထဲ ဘဝကို ရေခံကြည့်သောအခါ
အသက်ရှင်ခွင့်က လွဲပြီး
အားလုံး ဖိတ်စင်ကွဲရှခဲ့ပေပြီ။

ညီမလေး မမမြင့်ရေ
* တို့နှလုံးသားတွေနဲ့သာ ထုဆစ်ခဲ့ကြတာပေါ့ကွယ်
(တို့နှလုံးသားတွေနဲ့သာ တို့ခေတ်ကို ထုဆစ်ခဲ့ကြတာပေါ့ကွယ်)
သေချာလွန်းတာက
မမြဲတဲ့ အနိစ္စတရားက မြဲလွန်း
တို့တွေ ရှုံးလွန်းလှတယ်ကွယ်။ ။

မောင်ချောနွယ်

ကဗျာ နှစ်ပုဒ်

ကျွန်တော် ကဗျာတိုလေးတွေကို ပိုကြိုက်ပါတယ်။ ဘလော့ဂ်မှာတင်ထားတာတွေမှာလည်း ကဗျာတိုတွေပိုများပါတယ်။ (စာရိုက်ရတာ နည်းလို့ :D ) ခု ကဗျာတိုနှစ်ပုဒ်ကို လမ်းညွှန်လိုက်ပါတယ်။ ဘလော့ဂ်မှာ ပြန် ကူးမတင်တော့ပါဘူး။

ကဗျာဆရာက မနော်ဟရီ ပါ။

တစ္ဆေမရှိတဲ့ တိုင်းပြည်
နှစ်လိုမိနေတဲ့ပင်လယ်

Apr 6, 2009

မျက်ရည်စစ်စစ်တွေ

ငါတို့အရိပ်တွေ တိုတိုလာခဲ့
ဟောဒီ
ကမ္ဘာမြေပေါ်
အရိပ်ကလေးတစ်ရိပ် ဖိတ်စဉ်မှာတောင်
ကြည်ကြည်လင်လင် မစီးခဲ့ရချေဘူး
ရှုံးလိုက်တာ။

လောကကြီးမှာ
သူ့နေရာနဲ့သူ စားရမယ့်အစားအစာ
ရှိနေကြမှာကိုပဲ
သူ့နေရာသူ့အစာ
ရှိကြတာကိုပဲ
ခုတော့... ဒီမှာ
ငါ့ပေါင်မုန့်တွေကို လာလာပြီးလုနေကြ

ဘယ်သူတွေတုန်း...
ဘယ်ဂြိုဟ်က ဂြိုဟ်သားတွေတဲ့တုန်း
ဘယ်ချောင်က ထွက်ထွက်လာနေတဲ့
နိတိအဆုံးအမတွေတဲ့တုန်း
ဘယ်လို ကံဇာတာဝတ်စုံတွေတုန်း
ဘယ်လိုမကောင်းဆိုးဝါးတွေတဲ့တုန်း

ဘာလဲ
ဥက္ကလာဟိုးမားက အိုးမဲ့အိမ်မဲ့တွေလား။
ဟော်လန်က နို့ချက်သမားတွေလား။
ဘာလဲ
စကော့တလန်က အရက်ချက်သမားတွေလား
ဘာလဲ
အမရပူရက ရက်ကန်းသမားတွေလား
ဘာလဲ
ငါးတန်ချောင်းက ငါးဖမ်းသမားတွေလား
ဘာလဲ
မန်ကျီးပင်သုံးခွက ဆားချက်သမားတွေလား
ငါ့မှာဖြင့် ဆုံးရှုံးလိုက်ရတဲ့ ငါ့ပေါင်မုန့်တွေ။

မဟုတ်ဘူး
ဘယ်နတ်ဒေဝတာမှ လာမလုဘူး။
မဟုတ်ဘူး
ဘယ်ဂြိုဟ်သားမှ လာမလုဘူး။
မဟုတ်ဘူး
ဘယ်စုန်း ပြိတ္တာ တစ္ဆေမ ဖုတ်ဘီလူးမှ လာမလုဘူး
လူလူချင်းသာ လာလုယက်နေကြတာ။

ဒီအမှု
ဒီအမှုသာ
ဆေးသားရေးချယ် စီကုံးလို့ရရင်
ဒီအမှုသာ ဆင်ဖိုနီလယ်ဆွဲဖြစ်ခဲ့ရင်
ငါဆုံးရှုံးခဲ့ရ ငါ့ပေါင်မုန့်တွေ
ဟုတ်တယ်
ငါဆုံးရှုံးခဲ့ရ ငါ့ပေါင်မုန့်တွေ
အလုခံရတဲ့ ငါ့ပေါင်မုန့်တွေ
ငါဘာလို့များ နှမျောပေးတော့မှာလဲလေ။

ခုတော့ဖြင့်
ငါ့ တူရာသီမှာ မီးလာလာတောက်တောက်နေတယ်
ခုတော့ဖြင့်
ငါ့ ကန်ရာသီမှာ ကြာတွေလာလာပေါက်နေတယ်
ခုတော့ဖြင့်
ငါ့ သိဟ်ရာသီမှာ ခြင်္သေ့လာလာဟောက်ဟောက်နေတယ်
လှလိုက်တာ
သုခုမနှယ်မြောက်လိုက်တာ
ငါ့ပေါင်မုန့်တွေ ပျောက်ပြီးရင်း ပျောက်ပျောက်နေတော့ရဲ့။ ။

မောင်ချောနွယ်

မင်းမုန်းတဲ့နေ့ဟာ ငါအမှန်တရားကို တွေ့တဲ့နေ့ဖြစ်တယ်

မင်းရက်စက်မှုဟာ ကမ္ဘာမှာမရှိခဲ့ပါဘူး
ငါဟာ နာကျင်ကျိုးကျေပြီး
အိပ်ယာပေါ်မှာ အလူးလူးအလိမ့်လိမ့်
ဘာမှလည်း မတွေးခေါ်နိုင်
ဘာမှလည်း မခံစားပေးနိုင်
ပွဲတော်တွေနဲ့ ကင်းဝေးလို့
ပြာကျမသွားရုံအသက်ငွေ့ငွေ့ကလေးနဲ့
မင်းပက်စက်လိုက်တာကွယ်လို့တောင်မှ
ငါ့မှာ အသံမထွက်နိုင်ခဲ့ပါဘူး။

နေဝင်နေထွက်ချိန်တွေလဲ
ငါ့မှာမသိတော့ပါ...
ငါ့အနုပညာအရင်းအမြစ်ကလေးလည်း
ဘယ်ဆီဘယ်ဝယ်မှာလဲ
ငါမသိတော့ပါ...
ငါ့အဘိဓမ္မာတွေလည်း
ငါ့မှာမဆုပ်မိ မကိုင်မိတော့ပါ။

ငါဟာ
'ဝိမုတ္တိ'ကိုသာ ငေးမျှော်ရင်း
ခပ်မျှင်းမျှင်းအသက်ရှုခဲ့ရတယ်
တနင်္ဂနွေတရက်ထင်ပါရဲ့
စကြာဝဠာကြီးရယ်
ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ငါ့ဆီရောက်လာတယ်
အင်မတန် ပူနွေးလှတဲ့ သူ့လက်ကြီးနဲ့
လက်ဆွဲနှုတ်ဆက်တယ်
ပန်းသီး ချယ်ရီပန်းနဲ့ ရွှေရောင်ကလောင်တန်တစ်ချောင်း
လက်ဆောင်ပေးတယ်။

ပြီးတော့...
"မိတ်ဆွေကြီး ခရီးသစ်ထွက်တော့"တဲ့
အဲဒီလို ပြောအပြီးမှာ
စွတ်ဖါးလှည်းကလေးစီးကာ ထွက်သွားတော့တယ်။

ငါဟာ
ပန်းသီး ချယ်ရီပန်း
ရွှေရောင်ကလောင်တန်နဲ့
ငါ့အမှန်တရားဝတ်စုံကို ဝတ်ဆင်ကာ။ ။

မောင်ချောနွယ်

Apr 3, 2009

ကြိုးတွဲလောင်းနဲ့လူ

ငါ့ဆံပင်ရဲ့ အမြစ်တွေကနေ
နတ်ဘုရားတစ်ပါးပါးဟာ
ငါ့ကို ဆွဲမလိုက်တယ်။
သူ့ရဲ့ အပြာရောင်လျှပ်စစ်ဗို့အားထဲမှာ
ငါဟာ သဲကန္တာရထဲက ပုရောဟိတ်ဆရာလို
တရှဲရှဲကျက်သွားတယ်။

အမြင်အာရုံထဲကနေ ညတွေဟာ
ပုတ်သင်ညိုမျက်ခွံလို ပိတ်သွားကြတယ်၊
အရိပ်မဲ့ မျက်လုံးအိမ်ထဲမှာ
ပြောင်သလင်းခါ ဖြူဖွေးနေ့တွေကမ္ဘာ။

ဠင်းတဆန်ဆန် ပျင်းရိငြီးငွေ့မှုက
ဟောဒီအပင်မှာ
ငါ့ကို ချိတ်တွယ်ထားခဲ့တယ်။
အကယ်၍
သူသာ ငါ့နေရာမှာဆိုရင်
သူလည်း ငါ့လိုလုပ်မှာပါပဲ။

၂၇၊ ဇွန်၊ ၁၉၆၀
Sylvia Plath (1932-1963) ရေး The Hanging Man ကို ဇေယျာလင်းမြန်မာပြန်သည်။

လှိုင်သာယာ

ဘာထူးလဲ
လမ်းပေါ်ထွက်လိုက်တာနဲ့
ငါလည်း လက်လုပ်လက်စားပဲ
(အညှီနံက နောက်ကားပါလာတာကို သိတယ်)
ကျော်မတက်စေနဲ့တဲ့
စပယ်ယာအသံမှာ ဆူးတွေအပြည့်နဲ့
ခေတ်တစ်ခေတ်
လူရှစ်ဆယ်ကို
သစ်သားဘတ်(စ်)ကားကြီးထဲ ထည့်ပြီး ခလောက်တော့
၁၉၄၀ခုနှစ်တွေဆီ ပြန်ရောက်သွားကြတယ်
နေတတ်ရင် ဘဝဟာ ပျော်ရွှင်ဖွယ်ရာပါ
ပန်းခင်းကြီးမဖြစ်လည်း ခြုံပုတ်ကလေးပေါ့
ဒါပေမယ့် သတ္တိရှိတဲ့ခြုံပုတ်ကလေး...။ ။

မောင်ဖီလာ
ကျီးကန်းနဲ့ ဘိုဟီးမီယန်းများ ကဗျာစာအုပ်။

ကျီးကန်း

သူ့အသံက ဖမ်းဆုတ်ရခက်တဲ့ ပြဒါး
သမံတလင်းပေါ် လွတ်ကျသွားတဲ့ သေနတ်တစ်လက်
သူ ထပျံသွားတော့
ဝုန်းဒိုင်းကျဲပြီး ကျန်ခဲ့တဲ့သစ်ကိုင်း
သူ့အသားအရည်က
ပါးနပ်ဖျတ်လတ်ခြင်း
သူ့လက်မောင်းမှာ ထိုးထားတဲ့ဆေးမင်ကြောင်က
အမျိုးကိုထိရင် မချိအောင်နာတတ်သူ
သူ့အသည်းနှလုံးက
လူသွားလူလာများတဲ့ ပလက်ဖောင်း
သူပျံဝဲနေတဲ့ အနုပညာက
နေဆီ လွှင့်ပစ်လိုက်သော
အနက်ရောင် အဝတ်စတစ်စ။ ။

မောင်ဖီလာ
ကျီးကန်းနဲ့ ဘိုဟီးမီးယန်းများ ကဗျာစာအုပ်။

Apr 2, 2009

နေရောင်အောက်က ကဗျာများ

အကာလည မှောင်လှချည့်
စာဖတ်မရ
အေးလှချည့်

------

အိမ်ထဲ
စာဖတ်လျက် တစ်ကိုယ်တည်း
အဖန်ရည်တစ်အိုးနဲ့ပဲ။

------

တောကို ငါသွားခဲ့
ကမ္မဌာန်းထိုင်ဖို့ကွဲ့
ဒါပေတဲ့ အေးလွန်းရဲ့။

------

ခွေးအူတဲ့အထဲ
ကျုပ်ပရိတ်သံ
ကွယ်သွားတာပါပဲ

------

ချုပ်ညရီပြီ
နေဝင်ပေတော့မည်
ကျုပ်ရဲ့ မျှော်လင့်ချက်ရောင်ခြည်

------

ကော်ဖီပူပူ
ဆေးလိပ်တစ်လိပ်
ဘာကြောင့် ကမ္မဌာန်းထိုင်မတုန်း

------

မုန်တိုင်း
ဒေါ့စတိုယက်ဗစကီးလိုပဲ
အလိုများရင် ဖြစ်လာတာပဲ

------

နေ့ရက်တွေ ရွေ့သွား
ရပ်မနေပါကလား
ကျုပ်မသိသား ဆိုးရွား

------

သော်တလ
မျက်စိကန်းတဲ့
ရှောက်သီးပ

------

အား... ပုရစ်များ
လကို
အော်နေတာလား

------

စားပွဲခုံ
စာတွေနဲ့ ရှုပ်ထွေးသလေ
ကျုပ်စိတ် တည်ငြိမ်နေ

------

နိုးတော့ကွယ်
ညနေခင်း ထင်းရှုးပင်များ
လေနဲ့ကစား

------

အား... ငှက်တွေပ
နေ့နုပျိုစ
ကျုပ်အမေနဲ့ အဖေ သတိရ

------

နှင်းဆီနီတို့ တိမ်ဖြူတို့
ကောင်းကင်ပြာနေတယ် ဟရို့
ကျုပ်မွေးနေ့မို့

------

ကိုတာ (မြန်မာပြန်)
နေရောင်အောက်က ကဗျာများ ကဗျာစာအုပ်။

Apr 1, 2009

ဂျပန်ကဗျာဆရာတစ်ရာရဲ့ ကဗျာတစ်ရာ

မိုးကမစဲ
အလှပန်းလည်း ကြွေစမြဲ
ငယ်က အလှ ကျွန်မကိုယ်လည်း
စောင့်ရင်း မျှော်ရင်း အိုခဲ့တယ်။

စာ ၉။
------

ခွဲရမယ်လို့ဆိုသေး ကြာကြာမလွမ်းရပါဘူးတဲ့
ဟို(ကမ်းစောင်းက မိုးမခ)ပင်လို
ငါ့ကို တ သ နေမယ်ဆိုရင်
ငါ အပြေးပြန်ခဲ့မယ်။

စာ ၁၆။
------

တောင်ရိုးပေါ်က တို့ကျေးရွာ
ဆောင်းအခါ ချောက်ချိချောက်ချက်၊
ဧည့်လည်းမရောက် မြက်မပေါက်
ငြီးငွေ့ပါရဲ့ ကတောက်ကတက်။

စာ ၂၈။
------

သူ့သစ္စာ သူဖျက်လို့
ကျမကို မေ့မယ်ဆိုလည်း မေ့ပါစေ၊
သူ့သစ္စာ သူ့ကိုစူးမှာ
စိုးပါရဲ့လေး။

စာ ၃၈။
------

မယုံလို့မထင်နဲ့
လူ့မနော ပြောမရလို့
မင်းမမုန်းခင်
ငါ သေချင်။

စာ ၅၄။
------

လွမ်းသလို ဆွေးသလို စိတ်နွမ်းလို့
လမ်းလျှောက်ထွက်ခဲ့ပါ့။
ဆောင်းဦးဆည်းဆာဖြစ်လေတော့
ဟိုမည်းမည်း ဒီမည်းမည်းနဲ့ ပိုလို့သာ စိတ်ဆင်းရဲ။

စာ ၇၀။
------

သေစမ်းပါစေ ငါမမှု၊
ရှင်နေလည်း ချစ်ဒုက္ခ မြင့်သထက်မြင့်
အသက်ရှုဆဲ
နှလုံးသေပြီးပြီပဲ။

စာ ၈၉။
------

သဗ္ဗေသတ္တာ ဝေနေယျာအတွက်
သိပ် သိပ် ကျေနပ်တယ်၊
ဆင်းရဲလှတဲ့ ငါ၊ ဘုန်းကြီးဆိုပေမယ့်
တောင်ရိုးတစ်နေရာက မေတ္တာပို့ခွင့်ရတယ်။

စာ ၉၅။
------

ဒေါက်တာ သန်းထွန်း (မြန်မာပြန်)

ပုံပြောသူ ၁၃

ပျဉ်းမပွင့်ပြီ သခွပ်ပွင့်ပြီ
ကသစ်ပွင့်ပြီ ပိတောက်ပွင့်ပြီ
သင်္ကြန်လာပြီ ဒိုးသံလာပြီ
မိုးရွာတော့မယ် သူငယ်ချင်းတို့။ ။

အောင်ချိမ့်
ပုံပြောသူ ကဗျာစာအုပ်၊ စာ ၃၁။