တနင်္ဂနွေညနေ
တံတားပေါ် လမ်းလျှောက်ထွက်
သက်ကြီးပိုင်းစုံတွဲ
သုံးတွဲ
ကျွန်တော် သတိထားမိခဲ့။
ပထမဆုံးက သူတို့
သမီးဖြစ်လိမ့်မယ်။
အဖေနဲ့ အမေ
ဟိုမှာရပ်၊ ဒီမှာရပ် ပြောပြီး
ဓာတ်ပုံရိုက်။
အဖိုးကြီးနဲ့ အဖွားကြီး
ကင်မရာရှေ့ မနေတတ်။
တည့်တည့်မကြည့်။
အမျိုးသမီး
သူ့အဖေနဲ့ အမေတို့ရဲ့ ပုံကောင်းကောင်းရဖို့
ကျွန်တော် ဆုတောင်းပါရဲ့။
ဒုတိယ
အဖိုးကြီးက အဖွားကြီးလက်ကိုဆွဲ
ဟိုမှာရပ်၊ ဒီမှာရပ်
ပြောပြီး ဓာတ်ပုံရိုက်။
အဖွားကြီး ကင်မရာရှေ့မနေတတ်။
တည့်တည့်မကြည့်။
သူတို့နှစ်ယောက်ကို
အတူတွဲ ဓာတ်ပုံရိုက်ပေးဖို့တော့
ကျွန်တော် အကူအညီမပေးမိခဲ့။
တတိယ
အဖိုးကြီးက ဓာတ်ပုံရိုက်ခါနီးတိုင်း
အဖွားကြီးကို ပြုံးဖို့ သတိပေး။
အဖိုးကြီးကလည်း ဓာတ်ပုံရိုက်တာ
ကုန်းလိုက် ကွလိုက်နဲ့ ကြိုးစားပမ်းစား။
အဖွားကြီး သဘောတွေကျ၊
အဖွားကြီး ပြုံးလို့။
ပုံတွေ ကြည့်ကောင်းမယ်ဆိုတာ
ကျွန်တော် လုံးဝ သံသယမရှိ။
ကျွန်တော်
အဖေနဲ့ အမေ
သတိရမိ။
ပထမ အဖိုးကြီးနဲ့ အဖွားကြီး
စုံတွဲကို တွေ့လိုက်ကတည်းက။
ဟိုဟိုဒီဒီ
ဓာတ်ပုံရိုက်ပြီး
ကျွန်တော်လည်း အိမ်ပြန်ခဲ့။
အဖေနဲ့ အမေ့အိမ်
အဝေးက အိမ်။
လမ်းမှာ ကျွန်တော် တွေးမိတယ်။
ဘဝနဲ့ သေခြင်း
အကြောင်း။
များသောအားဖြင်ကတော့
သေခြင်း။
သီဟသူ
၃၀၊ ၀၈၊ ၂၀၁၅