> သီဟသူ [dot] blogspot [dot] com: June 2011

Jun 13, 2011

ရွှေတွင်းကို ပိုင်ဆိုင်ပြီးနောက်

နောက်ဆုံးမှာတော့ ရွှေတွင်းကို သူပိုင်ဆိုင်ခဲ့တယ်။ ရွှေတွင်းကို သူပိုင်ဆိုင်ပြီးတဲ့နောက်မှာ သူဟာ ရွှေတွင်းဘေးမှာ တဲကလေးတစ်လုံး ထိုးတယ်။ အဲဒီတဲကလေးကနေ ရွှေတွင်းကို စောင့်ကြည့်တယ်။ အလုပ်သမားတွေ သူတို့မြို့ရွာဇာတိကို ပြန်သွားကြပြီ။ စက်ရုံတွေရှိရာ၊ လယ်ကွင်းတွေရှိရာကို ပြန်သွားကြပြီ။ ခြေတစ်ဖက်ပြတ်ပြီး မသန်မစွမ်းဖြစ်နေတဲ့ အလုပ်သမားအိုကြီးတစ်ယောက်သာ ကျန်ခဲ့တယ်။ အလုပ်သမားအိုကြီးဟာ ချိုင်းထောက်တစ်ဖက်နဲ့ ထောက်ကာထောက်ကာ သူ့အနားကို ရောက်လာတယ်။ ဆရာလေး သိပ်အေးလာပြီ ရော့ ... ကော်ဖီပူပူလေးတစ်ခွက်သောက်လိုက်ဦးဆိုပြီး သူ့ကိုပေးတယ်။ ဟုတ်တယ်။ ညနေစောင်းတာနဲ့ နှင်းတွေတဖွဲဖွဲ ကျဆင်းလာပြီလေ။ လေဟာညင်ညင်သာသာ တိုက်ခတ်နေပေမယ့် အေးစိမ့်လှတယ်။ စွန့်ခွာသွားခဲ့ကြတဲ့ အလုပ်သမားတွေရဲ့ သံခမောက်တွေ၊ ကာဗိုက်မီးခွက်တွေ၊ တောစီးဖိနပ်တွေဟာ နေရာအနှံ့ ပြန့်ကျဲနေတယ်။ ပြေးလမ်းပေါ်မှာ ထရော်လီတွေ ရပ်နေတယ်။ သံမဏိကြိုးတွေ တွဲလောင်း။ ပစ်ချထားတဲ့ ဂေါ်ပြားတစ်လက်ထဲမှာ ရွှေတွေ ဂေါ်တစ်ဂေါ်စာ ဝင်းလို့။ ရွှံ့စေးမီးဖိုထဲက မီးခိုတွေအူထပြီး၊ မိုးကောင်းကင်ဆီ တလွင့်လွင့်တက်သွားနေတယ်။ သူဟာ ဒီရွှေတွင်းရှိရာကို နှစ်များစွာ ကြိုးစားပြီး အရောက်လာခဲ့တယ်။ ပြင်းပြင်းထန်ထန် သူကြိုးစားခဲ့တယ်။ ယုံကြည်မှုအပြည့်နဲ့ မြေကြီးကို သူတူးခဲ့တယ်။ ယုံကြည်မှုအပြည့်နဲ့ မြေကြီးကို သူတို့တူးခဲ့တယ်။ ခုတော့ ရွှေတွင်းကို သူပိုင်ခဲ့ပါပြီ။ အလိုရှိသလောက်ရွှေတွေ သူထုတ်ယူနိုင်ပါပြီ။ ဒါကြောင့်လည်း အလုပ်သမားတွေ သူ့ကို စွန့်ခွာသွားခဲ့ကြတယ်။ နှင်းတွေ ဆက်ကာဆက်ကာ ကျလာပေါ့။ ရွှံ့စေးမီးဖိုကလေးက မီးခိုးငွေ့တွေဟာ တလွင့်လွင့်တက်ပြီး နှင်းတွေထဲမှာ ရောယှက်နစ်မြုပ်သွားတယ်။ သူဟာ ကော်ဖီတစ်ငုံ ငုံလိုက်တယ်။ ပြီးတော့ ရွှေတွင်းကို နှမြောတသစွာ စိုက်ငေးကြည့်နေလေရဲ့။

နေမျိုး
၂၀၀၂၊ ၉၊ ၂၇
ည ၁၁ နာရီ ၅ မိနစ်လို

နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်

Jun 5, 2011

မျက်နှာခွဲစိတ် ပြုပြင်ခြင်း

ဆေးခန်းကနေ သတင်းကောင်း ရှင် ကျွန်မဆီယူလာတယ်
ရှင့်ပိုးပဝါကို ဆတ်ခနဲဆွဲဖြုတ်
မမ္မီရုပ်အလောင်းပတ်တီးစဖြူဖြူကြပ်ကြပ်တွေကို လှပ်ဖော်ပြ
ပြုံးပြုံးကြီးနဲ့ပြောလို့ အခု ကောင်းသွားပြီတဲ့။
ကျွန်မ ကိုးနှစ်အရွယ်တုန်းက
သံပုရာသီးလိုစိမ်းတဲ့ မေ့ဆေးဆရာဝန်ပေါ့၊
ဖားမျက်နှာဖုံးစွပ်ကတစ်ဆင့်
ကျွန်မကို ငှက်ပျော်သီးဓါတ်ငွေ့ ကျွေးဖူးတယ်။
ပျို့အန်ချင်စရာကောင်းတဲ့ မြေအောက်ခန်းဟာ
အိပ်မက်ဆိုးတွေ၊
ခွဲစိတ်ဆရာဝန်တွေရဲ့-
နတ်ဘုံက စကားသံတွေလိုနဲ့
ပြီးတော့ အမေဟာ ကူးပြီးရောက်လာတယ်
သံဇလုံတစ်လုံးကိုင်လို့။
အဲဒီတုန်းက ကျွန်မ တော်တော် နေမကောင်းဖြစ်နေခဲ့တာလေ။

အဲဒါတွေကို သူတို့အကုန်လုံး ပြောင်းလဲပစ်လိုက်ပြီ။
သေချာပြုတ်ထားတဲ့
ကျွန်မရဲ့ ဆေးရုံအဝတ်အစားပါးပါးလေးအောက်မှာ
ကလီယိုပါထရာဘုရင်မလို ဝတ်လစ်စလစ်ခရီးထွက်၊
ထုံဆေးတွေနဲ့ အမြှုပ်တစီစီထ
သာမန်အခြေအနေမျိုးမဟုတ်တဲ့ ရွှင်ပျပျနဲ့
ခန်းမြှောင်တစ်ခန်းဆီ ကျွန်မ လိမ့်ဝင်သွားတယ်။
အဲဒီမှာ သနားကြင်နာတတ်တဲ့ လူတစ်ယောက်
ကျွန်မ လက်ချောင်းတွေကို လက်သီးဆုပ်ပေးတယ်
လက်ချောင်းတွေကြားကနေ
တန်ဖိုးရှိတဲ့အရာတစ်ခုခု ယိုစီးထွက်ကျနေတယ်လို့
ခံစားမိစေတယ်။ 'တစ်' ကနေ 'နှစ်' လို့ ရေလိုက်တာနဲ့
အမှောင်ထုဟာ ကျွန်မကို
သင်ပုန်းပေါ်က မြေဖြူတွေလို ဖျက်လိုက်တယ်
ကျွန်မ ဘာမှမသိတော့ဘူး။

ငါးရက်လုံးလုံး ကျွန်မ လျှို့ဝှက်စွာ အိပ်စက်
အရက်စည်ပိုက်ခေါင်း ဖွင့်လိုက်သလို
နှစ်ပရိစ္ဆေဒတွေဟာ ကျွန်မ ခေါင်းအုံးထဲ စီးဆင်းသွားကြတယ်။
ကျွန်မရဲ့ အခင်ဆုံးသူငယ်ချင်းတောင်
ကျွန်မ နယ်သွားနေတယ်လို့ ထင်ခဲ့တယ်။
အရေပြားမှာ ဘာအမြစ်မှ မရှိဘူး၊
စက္ကူစလို အလွယ်တကူ ခွာယူပစ်လိုက်လို့ရတယ်။
ကျွန်မ အားရပါးရ ပြုံးတဲ့အခါ
ချုပ်ရာတွေဟာ တင်းသွားတယ်။
ကျွန်မ အသက်ပြန်ငယ်သွားတယ်။
အခု ကျွန်မအသက် ၂၀
သုန်သုန်မှုန်မှုန်နဲ့
စကတ်ရှည်တွေဝတ်လို့
ပထမလင်ယောက်ျားရဲ့ ဆိုဖာပေါ်ထိုင်လို့၊
ကျွန်မရဲ့ လက်ချောင်းတွေကို
သေနေတဲ့ ပူဒယ်လ် အမွေးစုတ်ဖွားခွေးရဲ့
သိုးမွေးလို အမွေးထဲ နှစ်မြုပ်လို့။
အဲဒီတုန်းက ကျွန်မ ကြောင်မမွေးသေးဘူး။

အခု ဇာတ်သိမ်းခန်းရောက်နေတာ သူမပေါ့
ကျွန်မ ကြည့်နေတဲ့ ကြေးမုံထဲ တစ်ကြောင်းပြီးတစ်ကြောင်း
အနည်ထိုင်ကျလာတဲ့
အရေတွန့် အဘွားအိုကြီး
ခြေအိတ်မျက်နှာ အဘွားကြီး
လက်ချုပ်လိုက်တဲ့ ဖုလုံးပေါ်မှာ အရေခွံအိတွဲကျ။
စမ်းသပ်ခန်း ဖန်ပြွန်တစ်ခုခုထဲမှာ
သူမကို သူတို့ ချောင်ပိတ်ဖမ်းထားလိုက်ကြပြီ
သေပလေ့စေ အဲဒီမှာ သူမ
ဒါမှမဟုတ် နောက်အနှစ်ငါးဆယ်အတွင်း
အဆက်မပြတ် ရှုံ့တွလှီကျုံ့ သွားပလေ့စေ
ခေါင်းတဆတ်ဆတ်ညိတ် ကိုယ်ကို ရှေ့နောက်လွှဲနေပြီး
ပြောင်သလင်းခါတော့မယ့် ဆံပင်ကို လက်ချောင်းတွေနဲ့
ထိတွေ့ကိုင်နေတဲ့ မိန်းမအိုကြီး။
ကျွန်မကိုယ်တိုင်ရဲ့ မိခင်ပဲ ကျွန်မကတော့
တစ်ကိုယ်လုံး ပတ်တီးတွေပတ်လို့
ကျွန်မ သတိပြန်ရလာတယ်၊
မွေးကင်းစ ကလေးလေးလို
ပန်းနုရောင်

ဆစ်လ်ဗီယာ ပလာ့သ်
၁၅၊ ဖေဖော်ဝါရီ၊ ၁၉၆၁

ဆစ်လ်ဗီယာ ပလာ့သ် ဘဝ၊ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ
ဇေယျာလင်း
၂၀၀၃

ဆောင်းရာသီ ရှုမျှော်ခင်းနှင့် ကျီးအ များ

ကျောက်သားရေတံခါးကတစ်ဆင့်
ကြိတ်ဆုံထဲ စီးဆင်းတဲ့ရေစီး
အနက်ရောင် ရေကန်ထဲ ဒရဟောစီးဝင်တယ်။
အဲဒီရေကန်ပေါ်မှာ
ဆင်ခြင်တုံတရားနဲ့ ဆက်စပ်မရ
ရာသီလည်း လွဲနေတဲ့
တစ်ကောင်တည်းသော ငန်း
နှင်းလို အကျင့်သီလစင်ကြယ်စွာ ရေပေါ်မှာ ညင်သာရွေ့လျား။
အဲဒီ အဖြူရောင်ထင်ဟပ်မှုကို
ဆွဲချလိုစိတ် မွတ်သိပ်နေတဲ့
နောက်ကျိစိတ်ဟာ
ပို မခံချိမခံသာ ခံစား။

ခြိုးခြံလွန်းတဲ့ နေလုံးကြီး
စိမ့်မြေပေါ်မှာ ဝင်နေပေါ့။
လိမ္မော်ရောင် ဆိုက္ကလော့(ပ်) ဘီလူးမျက်လုံးတစ်လုံး
စိတ်ပျက်ညစ်ညူးရတဲ့ ဒီရှုခင်းကို
အထင်သေး
တာရှည်ကြည့်ချင်ပုံမရ။
ကိုယ်တိုင်ငှက်မွေးတွေခြုံ အတွေးနစ်လို့
ကျွန်မဟာ ကျီးအ တစ်ကောင်လို
ကြွစောင်းစောင်းနဲ့ တအုံနွေးနွေး၊
ဆောင်းည တဖြည်းဖြည်း ကျလာပေါ့။

ပြီးခဲ့တဲ့ နွေရာသီရဲ့ ကျူပင်တွေ
ရေခဲထဲမှာ ထွင်းထားသလို
ရှင့်ရုပ်ပုံဟာလည်း ကျွန်မမျက်လုံးထဲမှာ အဲသလိုအတိုင်း။
နှင်းခါးခြောက်တွေဟာ
ကျွန်မ နာကျင်မှုရဲ့ ပြတင်းပေါက်က မှန်သားပေါ့။
နှလုံးသားရဲ့ ကောမြေ
ပြန်လည်စိမ်းလန်းစိုပြေရေးလား၊
ကျောက်သားထဲက
ဘာ သက်သာစရာ ထွင်းယူရရှိနိုင်မှာလဲ။
မျှော်လင့်ချက်တွေ ခြောက်သယောင်းသွားတဲ့
ဟောဒီအရပ်မှာ
ဘယ်သူ လျှောက်လှမ်းချင်မှာလဲလေ။ ။

ဆစ်လ်ဗီယာ ပလာ့သ်
၁၉၅၆

ဆစ်လ်ဗီယာ ပလာ့သ် ဘဝ၊ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ
ဇေယျာလင်း
၂၀၀၃

အဆောက်အအုံပျက်ကြားမှာ စကားပြောခြင်း

ကျက်သရေရှိလှတဲ့
ကျွန်မအိမ်ရဲ့ ဆင်ဝင်အောက်ကနေ
ရှင်ဟာ ရှင့်အရိုင်းအစိုင်းဒေါသတွေနဲ့
အမြဲလို ချောင်းမြောင်း။

သစ်သီးပန်းကုံးတွေ
သာယာနာပျော်ဖွယ်ရာ တူရိယာတွေ
ဥဒေါင်းငှက်တွေကို
လိုက်လံနှောင့်ယှက်တယ်။

လေဆင်နှာမောင်း
လေဆင်နှာမောင်းကို ဟန့်တားထားတဲ့
တင့်တောင်းတင့်တယ် နေထိုင်မှု ကန့်လန့်ကာကို
ရှင်ဆုတ်ဖြဲပစ်လိုက်တယ်။

အခု.. ကြွယ်ဝခမ်းနားတဲ့
စည်းစနစ်ကျမှုနံရံ
ပြိုလဲခဲ့ရပြီ။

ကြောက်လန့်ဖို့ကောင်းတဲ့
အဆောက်အဦရဲ့ အယိုအယွင်းတွေပေါ်မှာ
ကျီးအ တွေ အာလို့။

ရှင့်ရဲ့ မုန်တိုင်းထန်မျက်လုံးထဲက
မသာမယာ အေးခဲအလင်းထဲမှာ
နေ့စစ်စစ်တွေ ထွက်လာတဲ့အခါ
ရဲတိုက်ကနေ
စိတ်ပျက်လက်ပျက်ထွက်ခွာသွားတဲ့
စုန်းမလို
မှော်ပဉ္စလက်ဟာ
ထွက်ခွာရှောင်တိမ်းပြေးသွားပြီ။

အပိုင်းပိုင်းအပြတ်ပြတ်
ကျောက်တိုင်တွေဟာ
ကျောက်သားမြင်ကွင်းကို
ဘောင်ခတ်ပစ်လိုက်ပြီ။

ကုတ်အင်္ကျီနဲ့ လည်စည်းနဲ့
ရှင်ဟာ
ပီဘိသူရဲကောင်းကြီးလို မတ်တတ်ရပ်နေခိုက်
ကျွန်မဟာ
ဂရိကိုယ်ကျပ်အင်္ကျီနဲ့
နှောင်တည်းခံဝိညာဉ်နဲ့
ရှင့်ရဲ့အကြည့်မဲကြီးထဲ
မလှုပ်ဝံ့မယှက်ဝံ့
သေသေဝပ်ဝပ်ကလေးထိုင်လို့။

ဇာတ်လမ်းဟာ
အော့နှလုံးနာဖွယ်ရာဖြစ်ခဲ့ပြီ။

ဘာဆိုဘာမှမရှိတော့တဲ့
ကျွန်မတို့ရဲ့ အခြေအနေအပေါ်
ဒီလောက်အပျက်ကိန်းကြီး
ထပ်ဆိုက်ပြီးမှတော့
ဟောဒီ အပျက်အယွင်းကြီးတစ်ခုလုံးကို
ဘာတခမ်းတနား စကားလုံးတွေနဲ့
ရှင် ပြန်ဖာထေးလို့ ရနိုင်တော့မှာလဲ။ ။

ဆစ်လ်ဗီယာ ပလာ့သ်
(၁၉၅၆)

ဆစ်လ်ဗီယာ ပလာ့သ် ဘဝ၊ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ
ဇေယျာလင်း
၂၀၀၃