> သီဟသူ [dot] blogspot [dot] com: November 2013

Nov 30, 2013

မောသူ့အိပ်မက်

အပြာရောင်ကောင်းကင်ဟာ ရှုမောမဆုံး
လူသားအားလုံး နတ်မြင်းပျံစီးလို့
အိပ်မက်ရဲ့ အပြင်
ပြန်မထွက်ချင်တော့ဘူး။

သုခမိန်လှိုင်
CD..2 - ဂျွန်လင်နွန် မဆိုခဲ့သော သီချင်းများ  (၂၀၀၃)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Nov 29, 2013

အနိစ္စတရားကိုသီဆိုခဲ့သောသီချင်း

နှင်းဆီပန်းများလည်း နီရဲခဲ့ပါသည်
ဒုက္ခတရားများလည်း နီရဲခဲ့ပါသည်
နှစ်တွေကြာခဲ့ပြီ။

နဂါဆာကီ
ဟီရိုရှီးမား
ဂျူးခြောက်သန်းဆိုတာ
ပုံပြင်မဟုတ်ပါဘူး
နှစ်တွေကြာခဲ့ပြီ။

မောင်စိန် မရှိတော့ဘူး
သန်းကြွယ် မရှိတော့ဘူး
မော်ဒန်ကာတွန်း မရှိတော့ဘူး
နှစ်တွေကြာခဲ့ပြီ။

ရှုမဝ ဦးကျော် မရှိတော့ဘူး
ရှုမဝမဂ္ဂဇင်း မရှိတော့ဘူး
နှစ်တွေကြာခဲ့ပြီ။

ဖော်ဝေး မရှိတော့ဘူး
မောင်လေးအောင် မရှိတော့ဘူး
မိုးဝေမဂ္ဂဇင်း မရှိတော့ဘူး
နှစ်တွေကြာခဲ့ပြီ။

ဗန်းမော်တင်အောင် မရှိတော့ဘူး
သိန်းဖေမြင့် မရှိတော့ဘူး
ဇဝန မရှိတော့ဘူး
ရွှေမန်းတင်မောင် မရှိတော့ဘူး
ကြယ်နီ မရှိတော့ဘူး
မခင်စိန် မရှိတော့ဘူး
ကျော်ဆွေ မရှိတော့ဘူး
ဝင်းဦး မရှိတော့ဘူး
ရွှေဘ မရှိတော့ဘူး
ရွှေပြည်အေး မရှိတော့ဘူး
ဒါရိုက်တာချစ်ခင် မရှိတော့ဘူး
ကောလိပ်ဂျင်နေဝင်း မရှိတော့ဘူး
မြတ်လေး မရှိတော့ဘူး
ကြည်ကြည်ဌေး မရှိတော့ဘူး .....

တွံ့တေးသိန်းတန်
မြသန်းတင့်
တက္ကသိုလ်ဘုန်းနိုင်
ခင်နှင်းယု
ခင်ဝမ်း
မင်းမင်းလတ်
မောင်ချောနွယ်
မရှိတော့ဘူး မရှိတော့ဘူး မရှိတော့ဘူး
( မောလိုက်တာ )
နှစ်တွေကြာခဲ့ပြီ။

'အောင်မင်း' ဆိုတဲ့ လမ်းမကြီးကို
'နိဗိန္ဒ'လို့
ဘယ်တုန်းကများ
အမည်ပြောင်းလိုက်ကြတာလဲ
နှစ်တွေကြာခဲ့ပြီ။

သုခမိန်လှိုင်
CD..2 - ဂျွန်လင်နွန် မဆိုခဲ့သော သီချင်းများ  (၂၀၀၃)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Nov 28, 2013

ခပ်စိမ်းစိမ်းကမ်းခြေ

အဲဒီမိုးဟာ
သူအပြင်ထွက်မှာကိုစောင့်ဆိုင်း
ဘယ်လိုအငြိုးနဲ့များ
သူ့ကိုရွာမလဲ။

ရေကန်ကြီးတစ်ကန်ထက်
နက်နဲသောကြံ့ကြံ့ခံမှုများ
အိုင်ထွန်းနေခဲ့ပြီးပါပြီ ။

ငရဲအိုးထဲ
စိတ်လိုလက်ရ
နေရာရွေးပြီးခုန်ချ
လူ့ပြည်က အပ်တစ်စင်း
ဗြဟ္မာ့ပြည်က အပ်တစ်စင်း
မြင်းစီးတတ်တယ်
ဒိုင်ဗင်ထိုးတတ်တယ်
ကဗျာစပ်တတ်တယ်
KISSပေးတတ်တယ်
မြစ်နံဘေးမှာတော့
အချစ်ရေး အဆင်မပြေဘူးတဲ့
ဖိနပ်ချွတ်ပြီးနေပါပြီ။

သုခမိန်လှိုင်
CD..2 - ဂျွန်လင်နွန် မဆိုခဲ့သော သီချင်းများ  (၂၀၀၃)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Nov 27, 2013

အဲဒီမှာ

စကြဝဠာကြီးဟာ
အကြီးမားဆုံးသောသေတ္တာကြီးတစ်လုံး။
အဲဒီမှာ. . . မမျှော်လင့်သောပန်းများ
မတင်းတိမ်နိုင်ခဲ့သောဆည်းဆာများ
မဝခဲ့သောအချစ်များ။
အဲဒီမှာ. . . ပုံပြောဆရာကြီးအန်ဒါဆင်
ဂီတစာဆိုကြီး မြို့မငြိမ်း
ရုပ်ရှင်ဒါရိုက်တာကြီးကူရိုဆာဝါ။

အဲဒီမှာ
လက်ကိုင်ပဝါလေးတစ်ထည်
ကမ္ဘာကြီးတစ်ခု
ပျောက်ဆုံးသွားပုံအခမ်းအနား။

အဲဒီမှာ
မျက်လှည့်ဆရာကြီးရဲ့
ကရုဏာကြီးတဲ့အသံက
သင်တို့ ဘယ်တော့မှ
မျက်ရည် မကျရတော့ပါဘူး။

သုခမိန်လှိုင်
CD..2 - ဂျွန်လင်နွန် မဆိုခဲ့သော သီချင်းများ  (၂၀၀၃)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Nov 26, 2013

ချစ်သော ကမ္ဘာ

          ချစ်သော ကမ္ဘာ I

မာဆတ်က
အပေါစား ပေါင်ဒါမှုန့်နံ့ကိုလည်း ချစ်တယ်
ကျွန်တော်တို့ဘဝဟာ ပျော်စရာပါပဲ။

၂၁ ရက်၊ စက်တင်ဘာလ၊ ၂၀၁၃ ခုနှစ်

               ***

          ချစ်သော ကမ္ဘာ II

ဟော့ဒီ့ဘီယာတစ်ကျိုက်သာ ခင်ဗျားဆိုရင်
ကျွန်တော် တစ်သက်လုံး ချစ်နေတော့မှာပဲ။

၂၁ ရက်၊ စက်တင်ဘာလ၊ ၂၀၁၃ ခုနှစ်

               ***

          ချစ်သော ကမ္ဘာ III

ခင်ဗျားက ကျွန်တော့်ကို ကဗျာရွတ်ပြ
လက်ဖက်ရည်တစ်ခွက်စာ ခွေးခြေပေါ်မှာ ပစ္စတုပ်ထိုင်လို့
ညကို ဓါတ်ကူးနေပုံများ။

၂၁ ရက်၊ စက်တင်ဘာလ၊ ၂၀၁၃ ခုနှစ်

               ***

          ချစ်သော ကမ္ဘာ IV

အလုပ်မရှိရင် အတင်းတုပ်ပေါ့
ပေါင်မုန့်မရှိရင် ကိတ်မုန့်စားပေါ့
ဖိနပ်က အစ
လျှပ်စစ်ပစ္စည်း အလယ်၊
လူ အဆုံး၊
အဟောင်းတန်းမှာ ကြိုက်တာ ရနေတာပဲ
ပျော်စရာကြီး၊
ခေါင်းကိုက်ပျောက်ဆေးပြားလေးသာ ဆောင်ထားရုံ။

၂၆ ရက်၊ စက်တင်ဘာလ၊ ၂၀၁၃ ခုနှစ်

               ***

          ချစ်သော ကမ္ဘာ V

တစ်ခန်းပြီး နောက်တစ်ခန်း
နောက်တစ်ခန်းပြီး နောက်ထပ်တစ်ခန်း
အသွားကတော့ ဇာတ်ညွှန်းအတိုင်းပဲ၊

ချောက်တွေ့ရင် ခုန်မယ်
ဆူးတွေ့ရင် ခုတ်မယ်
ရန်များကို ကိုယ်ရှင်းမယ်ပေါ့ ကိုဇော်ဝင်းထွဋ်ရယ်၊

ဘဝကြီးက နေပျော်စရာ
အခုထိတော့
ရန်သူဘက်က အကျအဆုံးအများတုန်း။

၂၆ ရက်၊ စက်တင်ဘာလ၊ ၂၀၁၃ ခုနှစ်

               ***

          ချစ်သော ကမ္ဘာ VI

လိုတိုင်း "တ" လို့ ရကြေးဆို
လောကကြီး အပျက်မသာသာဖြစ်သွားမှာပေါ့
ခင်ဗျားမျှော်လင့်သလို
ခင်ဗျား မမျှော်လင့်သလို
ဘုရားသခင်ရဲ့အံစာဟာ လိမ့်နေဦးမှာပဲ။

၂၆ ရက်၊ စက်တင်ဘာလ၊ ၂၀၁၃ ခုနှစ်

               ***

          ချစ်သော ကမ္ဘာ VII

ခါးက နာသလိုလို
ဇာတ်ကျောပဲ တက်သလိုလို
ညနေ၊
ဝီစကီလေး မဝင်သေးခင်အထိသာ။

၂၆ ရက်၊ စက်တင်ဘာလ၊ ၂၀၁၃ ခုနှစ်

               ***

          ချစ်သော ကမ္ဘာ VIII

FUN ကိုကျော်ပြီး
Call me maybe နဲ့ Carly Rae တက်သွားတော့
MTV Music Awards ကို ငါတို့ "တောက်" ခေါက်ခဲ့

အနုပညာဆိုတာ
ကိုယ့်အပင်နဲ့ ကိုယ့်အသီးနဲ့
မပျော်ဘူးကို ပျော်ပျော်ကြီး ပြောတတ်ကြရုံသာ...။   ။

၂ ရက်၊ အောက်တိုဘာလ၊ ၂၀၁၃ ခုနှစ်

               ***

          ချစ်သော ကမ္ဘာ IX

ဘုရားသခင်တောက်ချလိုက်တဲ့ စီးကရက်လို
ပျင်းရိပျင်းတွဲ တောက်လောင်ရင်း
ငါတို့ ဖြတ်သန်းကြတယ်
ဝီစကီလေးမြုံ့ရင်း
သံဝါသပြုရင်း
ပေါ့ပျက်ပျက် ပျော်ရွှင်ဖွယ်နေ့ရက်များ။   ။

၅ ရက်၊ အောက်တိုဘာလ၊ ၂၀၁၃ ခုနှစ်

               ***

          ချစ်သော ကမ္ဘာ X

ပေါင်ကြားက ဝဲကို
လူမမြင်အောင်ဖုံးပြီး မော်ကြွားခဲ့
လောက်တက်ရင်
ခိုးပြီး ဆေးသိပ်လိုက်ရုံပဲမဟုတ်လား။

၉ ရက်၊ အောက်တိုဘာလ၊ ၂၀၁၃ ခုနှစ်

               ***

          ချစ်သော ကမ္ဘာ XI

မန္တလေးမုန့်တီစားရသလို
ခပ်တိုင်းမှမပါပဲ ဘဝဆိုတာ...
အရက်၊ ဆေးလိပ် တီထွင်သူများကို
ကျွန်တော်တို့ ကျေးဇူးတင်ကြရုံ။

၉ ရက်၊ အောက်တိုဘာလ၊ ၂၀၁၃ ခုနှစ်

               ***

          ချစ်သော ကမ္ဘာ XII

အချိန်မတိုင်ခင်သာ နောင်တရကြေးဆို
ကျွန်တော်တို့ ကမ္ဘာကြီးဟာ...

၉ ရက်၊ အောက်တိုဘာလ၊ ၂၀၁၃ ခုနှစ်

               ***

ချစ်မင်းမောင်
http://www.cmmaung.me/

အနီရောင် အော်ပရာ

ဒိုင်း. . . ဂန္ဒီ
ဒိုင်း. . . ဗိုလ်ချုပ်အောင်ဆန်း
ဒိုင်း. . . ကနေဒီ
ဒိုင်း. . . မာတင်လူသာကင်း
ဒိုင်း. . . ဂျွန်လင်နွန်
ဒိုင်း. . . အန္ဒီရာဂန္ဒီ
ဒိုင်း. . . ရာဂျစ်ဂန္ဒီ
ဒိုင်း. . . ဒိုင်း. . . ဒိုင်း. . . ဒိုင်း. . .

သုခမိန်လှိုင်
CD..2 - ဂျွန်လင်နွန် မဆိုခဲ့သော သီချင်းများ  [(၂၀၀၃)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Nov 25, 2013

လူ့ဘဝကြီးဟာ စုံထောက်ဝတ္ထုပဲ

မီးခံသေတ္တာတစ်လုံး
သုံးမကုန်သော ပိုက်ဆံများ
ဖြုန်းမကုန်သော ဆင်းရဲခြင်းများ
ဒါဟာ
လျှို့ဝှက်သည်းဖို ဇာတ်လမ်းတစ်ပုဒ်ရဲ့အစပဲ
ရေနွေးလိုအငွေ့ ဆူနေတာတောင်မှ
စူပါမင်းဖြစ်လိုက်
ဒိုင်နိုဆောဖြစ်လိုက်
အဲဒီအမှုတွဲမှာ
ရှားလော့ဟုမ်းရှုံးသွားတယ်။

သုခမိန်လှိုင်
CD..2 - ဂျွန်လင်နွန် မဆိုခဲ့သော သီချင်းများ  (၂၀၀၃)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Nov 24, 2013

ဝေလငါး၏မျက်ရည်များ

အမှန်တရားဆိုသောအမှားတရံ
ကျွန်တော့်မှာအင်္ကျီ အဝတ်အစားဆင်သလိုမြဲမြံ ။
ယုံကြည်စိတ်ချစွာပဲ
လက်ဖက်ရည်တစ်ခွက်မှာလိုက်တော့
သကြားအရသာစစ်စစ်နဲ့
ဒါဆို
ကျွန်တော်ဟာအစစ်တစ်ခုပေါ့ ။

ပင်လယ်ကြီးကိုလည်းခြေထောက်တင်နိုင်ခဲ့
လက်ပတ်နာရီကိုကြည့်လိုက်တော့ ၁၁ နာရီခွဲ
ကဲ . . . ကျွန်တော်အောင်မြင်စွာရှိနေကြောင်း
သက်သေပြချက်မှာ
နေ့လည်စာဝေလငါးဟင်း
မျက်ရည်တွေကျဆင်းလို့။

သုခမိန်လှိုင်
CD..2 - ဂျွန်လင်နွန် မဆိုခဲ့သော သီချင်းများ  (၂၀၀၃)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Nov 23, 2013

ရေနစ်တဲ့ရေ

ကိုယ့်အချစ်နဲ့ကိုယ်
ကိုယ့်အကြောင်းနဲ့ကိုယ်
ကိုယ့်ဆင်းရဲတွင်းနဲ့ကိုယ်
ကိုယ့်ငါးမျှားချိတ်ကိုကိုယ်တိုင်ပြုလုပ်ပြီး
ကိုယ့်အာခေါင်မှာချိတ်ခဲ့တဲ့နေ့က
စတော်ဘယ်ရီခင်းကြီးကလည်း
နီရဲလှပနေလိုက်တာ ။

သုခမိန်လှိုင်
CD..2 - ဂျွန်လင်နွန် မဆိုခဲ့သော သီချင်းများ  (၂၀၀၃)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

သို့ မေမေ (၉)

နားမလည်တဲ့ စာအုပ်တွေဖတ်ပြီး
အပါးမလည်စွာ လောကထဲထွက်တဲ့ သား အတွက်
ဂုဏ်တော်တစ်ထောင်ပွားထားတဲ့ မေမေ့စိတ်ပုတီးဟာ
အခု
နံရံမှာ
ချိတ်ပုတီးဖြစ်လို့နေ။

မေမေ
နေကောင်းလား မေမေ။*

သီဟသူ
၂၂၊ ၁၁၊ ၂၀၁၃။

*ကိုငှက်၏ မေမေ နေကောင်းလား မှ

စနေ နေ့တစ်ဝက် (၁၉)

ခြောက်ရက်ကြာ ဖန်တီးမှုအတွက်
ဖန်ဆင်းရှင်
တနင်္ဂနွေကို လိုအပ်ခဲ့။

မပြီးဆုံးနိုင်
မနက်ကိုး ညခြောက်များအတွက်
ကျွန်တော်
စနေ နေ့တစ်ဝက်ကိုပါ လိုအပ်နေဆဲ. . .

သီဟသူ
၂၂၊ ၁၁၊ ၂၀၁၃

Nov 22, 2013

ရက်စက်သော အချစ်ဇာတ်လမ်း

ငြိမ်းချမ်းရေးရဲ့ နဖူးစာဟာ
စစ်ပွဲတွေနဲ့သာ ညားရရှာ။

စေ့စပ်လက်စွပ် မဝတ်ရဘဲ
ဇွတ်ဖြစ်ရတဲ့ မုဆိုးမ
အကြိမ်ကြိမ် နစ်နာကြေး ရရှိပုံမှာ
ညူကလီးယားများ
စကတ်ဒုံးကျည်များ
ပက်ထရီရော့များနှင့်
အနက်ရောင်ဝတ်စုံများ။

တကယ်တော့
သူမဟာ ဘာအစွမ်းအစမှ မရှိဘဲ
လူသားတွေ တမ်းတရည်စူးထားတဲ့
စိတ်ကူးထဲက
ချစ်သူတစ်ဦးမျှသာပါလား။

ငါ
ဘယ်တော့မှ မေ့နိုင်တော့မှာ မဟုတ်ဘူး။

သုခမိန်လှိုင်
CD..2 - ဂျွန်လင်နွန် မဆိုခဲ့သော သီချင်းများ  (၂၀၀၃)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Nov 21, 2013

ချစ်သောချစ်သူ

ငါ့ကိုစိတ်မနှံ့ဘူးပြောရင်
မငြင်းချင် ။
ကမ္ဘာကြီးကိုမြင်းပေါ်တင်
ရေကြည်ရာမြက်နုရာခေါ်သွားချင် ။

သုခမိန်လှိုင်
CD..1 - ဂျွန်လင်နွန် မဆိုခဲ့သော သီချင်းများ  (၂၀၀၃)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Nov 20, 2013

ချစ်သောထိုခရီး

ထိုပုလင်းထဲတွင်
သူ့ကိုယ်သူပြန်လွမ်းသောအရည်များ
ထိုပန်းခင်းထဲတွင်
သူ့ကိုယ်သူပြန်လည်ငေးမောလေ့ရှိသောအချစ်များ
ထိုဂြိုဟ်တုထဲတွင်
သူ့ကိုယ်သူဖမ်းယူနားဆင်လေ့ရှိသော
လောကဓံတရားများ

ထိုအရာများအား
သူသည်ကြယ်တံခွန်တစ်ခုအဖြစ်ဖန်ဆင်းပြီး
စီးဆင်းခဲ့ပါတော့သည် ။

သုခမိန်လှိုင်
CD..1 - ဂျွန်လင်နွန် မဆိုခဲ့သော သီချင်းများ  (၂၀၀၃)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Nov 19, 2013

ချစ်သောတွမ်အင်ဂျယ်ရီ

ငါဟာ
ငါမဖြစ်ခဲ့ဘူးဆိုရင်
တွမ်အင်ဂျယ်ရီဖြစ်ချင်တယ်။
ဘယ်သူကလိုက်လိုက်
ဘယ်သူကပြေးပြေး
အားလုံးကိုအပြုံးဆေးကျွေးနေရရင်
ပြတ်သွားတဲ့လက်တွေပြန်ဆက်မယ်
ကွဲသွားတဲ့ခေါင်းတွေပြန်ကောင်းမယ်
ဆယ်ပေါင်တူကြီးနဲ့ထုပြီး
ပုသွားတော့လည်းပြန်ရှည်မယ်။
နာကျင်ရလွန်းလို့
ထွက်သွားရတဲ့ကြယ်တွေလည်းပဲ
ပြန်လည်ချိတ်ဆွဲတောက်ပမယ်။

တွမ်အင်ဂျယ်ရီဆိုတာ
အမြှောက်ထဲထည့်ပစ်ခံရပြီး
ပြန်လာနိုင်ကြတဲ့သူရဲကောင်းတွေပဲ ။

သုခမိန်လှိုင်
CD..1 - ဂျွန်လင်နွန် မဆိုခဲ့သော သီချင်းများ  (၂၀၀၃)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Nov 18, 2013

ချစ်သောဇာတ်ညွှန်း

သင်လိုချင်တာတွေကို
သင်မလိုချင်သလိုရရှိပြီး
သင်မလိုချင်တာတွေကို
သင်လိုချင်သလိုရရှိတော့
ချစ်သူ့ခေါင်းမှာ ပန်းကလေး
ပန်ပေးနေပုံရဲ့ နောက်အခန်းမှာ
လူဆိုးတွေလာတော့မယ်ဆိုတာ
သိနေကြပါပြီ။

သုခမိန်လှိုင်
CD..1 - ဂျွန်လင်နွန် မဆိုခဲ့သော သီချင်းများ  (၂၀၀၃)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Nov 17, 2013

ချစ်သောရေတံခွန်

ရေတံခွန်ထဲက ထွက်ခဲ့တဲ့သက်တံ
မိုးကို ပျံတယ်။
ငါသည် မြေကြီးနဲ့မကွဲမကွာ
အချစ်စိတ်များ ပြည့်ခဲ့သောနေ့က။

သစ်ရွက်လို ကြွေသောဘဝများ
လိုက်လံကောက်ယူထွေးပွေ့ခြင်းငှာ
မစွမ်းသာခဲ့။

ခြေဦးတည့်ရာလည်း မသွားနိုင်
ဤတောမြိုင်အတွင်း၌
သားရဲတိရစ္ဆန်များ
ငှက်ကျေးသာရကာများ
ဝင်္ကပါကွေ့များ
ဒဏ္ဍာရီနေ့များ
အားလုံး ရေတံခွန်ထဲမှာ ရှိတယ်။

သုခမိန်လှိုင်
CD..1 - ဂျွန်လင်နွန် မဆိုခဲ့သော သီချင်းများ  (၂၀၀၃)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Nov 16, 2013

အိပ်မက်များ

ကမ်းခြေကိုလာခဲ့တာ
သဲ ရဲတိုက်လေး ဆောက်ကြည့်လိုစိတ်နဲ့သာ။

ဒီရေအတက်မှာ
တည်ဆောက်ခဲ့သမျှ ပြိုကျသွားမယ်ရယ်လို့တော့
မတွေးထားခဲ့မိပါ။

သီဟသူ
၁၅၊ ၁၁၊ ၂၀၁၃

ချစ်သောသံသရာ

လူသားထက် အိမ်သည် ကြီးမား
အိမ်ထက် မြစ်သည် ကြီးမား
မြစ်ထက် ပင်လယ်သည် ကြီးမား
ပင်လယ်ထက် စကြဝဠာသည် ကြီးမား
စကြဝဠာထက် ဒုက္ခသည် ကြီးမား
ဒုက္ခထက် လူသားသည် ကြီးမား ။

သုခမိန်လှိုင်
CD..1 - ဂျွန်လင်နွန် မဆိုခဲ့သော သီချင်းများ  (၂၀၀၃)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Nov 15, 2013

ချစ်သောကမ္ဘာကြီး

မျက်ရည်တွေနဲ့နေ ငိုခဲ့တာ
သမီးလေးလား?
သားငယ်လား?
ကမ္ဘာကြီးဖြစ်နေခဲ့တဲ့အခါ
ကျွန်တော်, မချော့တတ်တော့ဘူး။

သုခမိန်လှိုင်
CD..1 - ဂျွန်လင်နွန် မဆိုခဲ့သော သီချင်းများ  (၂၀၀၃)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Nov 14, 2013

ချစ်သောမေးခွန်းများ

ဘယ်လိုဆပ်ပြာမျိုးနဲ့
ရေမိုးချိုးလိုပါသလဲ
ညစ်ပေသွားတဲ့ နှလုံးသားလေး
ပြန်လည်ဖြူစင်လာသည်အထိ။

ဘယ်လိုမှန်နဲ့များ
ကြည့်ရှုချင်ပါသလဲ
အပိုအလိုရေးထားတဲ့ အတ္ထုပ္ပတ္ထိ
မိမွေးတိုင်းဖမွေးတိုင်း တွေ့သည်အထိ။

ဘယ်လိုဘီးမျိုးနဲ့
ဖီးသင်ချင်ပါသလဲ
ဝေဒနာအမွှေးအမျှင်များ
ရာဇဝင်မှာဖြန့်ခင်း
လှေကားထစ်များ နင်းသွားနိုင်သည်အထိ။

သုခမိန်လှိုင်
CD..1 - ဂျွန်လင်နွန် မဆိုခဲ့သော သီချင်းများ  (၂၀၀၃)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Nov 13, 2013

ချစ်သောမာရ်နတ်

ဒုက္ခဆိုတာ မာရ်နတ်ပဲ
အောင်ခြင်းရှစ်ပါးဟာ
သူပါရမီဖြည့်တာပဲ။

သုခမိန်လှိုင်
CD..1 - ဂျွန်လင်နွန် မဆိုခဲ့သော သီချင်းများ  (၂၀၀၃)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Nov 12, 2013

ချစ်သောပန်းချီကား

ကျီးကန်းရောင်သောကများထာဝရပျံသန်းလျက်
နွားနို့က ဖြူစင်
ရေက ကြည်လင်
ပျော်ရွှင်မှုမှာ အရောင်စုံ
လူတို့ဇာတ်ခုံသည်
ပန်းချီကားတစ်ချပ်ဆိုလျှင်
ကျွန်တော် မော့သောက်ပစ်လိုက်ပါတော့မည်။

သုခမိန်လှိုင်
CD..1 - ဂျွန်လင်နွန် မဆိုခဲ့သော သီချင်းများ (၂၀၀၃)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Nov 11, 2013

ချစ်သောစာအုပ်

ငါဟာ . . .
ငါမဖြစ်ခဲ့ဘူးဆိုရင်
ဟစ်တလာ မဖြစ်ချင်ဘူး
မူဆိုလိုနီ မဖြစ်ချင်ဘူး
စာအုပ်တစ်အုပ်ဖြစ်ချင်တယ်။
(အရှုံးတွေထဲက ထူ - ထ
အန်နာဖရန့် ဒိုင်ယာရီ)

သုခမိန်လှိုင်
CD..1 - ဂျွန်လင်နွန် မဆိုခဲ့သော သီချင်းများ  (၂၀၀၃)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Nov 10, 2013

ချစ်သောကျေးဇူးများ

ဘဂျမ်း
အောင်ရှိန်၊ မောင်စိန်
သန်းကြွယ်၊ ဘကြည်
ဝေါ့ဒ်ဒစ္စနေတို့ဟာ
ကျွန်တော့်ရဲ့ ရှေးဦးအစ
ဇာတ်လိုက်ကြီးတွေပေါ့။

ရှုံ့မဲ့ပြီး အောက်စိုက်နေသော နှုတ်ခမ်းများ
ပုံမှန်နေသားတကျပြုံးလို့ရအောင်
သူတို့ပြုပြင်ပေးသွားကြတာလေ။

သုခမိန်လှိုင်
CD..1 - ဂျွန်လင်နွန် မဆိုခဲ့သော သီချင်းများ  (၂၀၀၃)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Nov 9, 2013

ချစ်သောမင်းနဲ့ငါ

မင်းနဲ့ငါဆိုတဲ့ လက်ဖက်ရည်ဆိုင်မှာ မင်းနဲ့ငါ
မင်းနဲ့ငါဆိုတဲ့ အဝေးပြေးလမ်းမကြီးပေါ်မှာ မင်းနဲ့ငါ
မင်းနဲ့ငါ အမည်ရတဲ့ ငရဲမှာလည်း မင်းနဲ့ငါ
ပန်းသီးစားရဦးမယ်
မြွေကိုက်ခံရဦးမယ်
စစ်တိုက်ကြရဦးမယ်
တစ်ယောက်အနာကိုတစ်ယောက်က
လျှာနဲ့လျက်ပေးကြရဦးမယ် မင်းနဲ့ငါ။

သုခမိန်လှိုင်
CD..1 - ဂျွန်လင်နွန် မဆိုခဲ့သော သီချင်းများ  (၂၀၀၃)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Nov 8, 2013

ဂိုးသမား ၂

ကမ္ဘာကြီးကိုပိုက်လို့
ပွေ့လို့
တရှုပ်ရှုပ်နမ်းလို့
ကိုယ်လွမ်းတဲ့အရာတွေ ပါရဲ့လား?
ဒဏ်ရာမပါသောဘဝ
ဒဏ်ရာရပါစေ
ငါဖမ်းပါရစေ။

သုခမိန်လှိုင်
အစိမ်းရောင် ဘောလုံးအသင်း (၂၀၀၀)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Nov 7, 2013

အနုပညာ

ဪ. . . အမှားအပြည့် လောကီအပေါ်
နေပျော်သော လူ့ရွာ
ငါ ရှာကြံခဲ့မိလေသလော။

ကြိုးစားပါတယ်
စွမ်းဆောင်ပါတယ်
တိုင်ထိပြီး ထွက်လာတဲ့ ဘောလုံးပါ
ဂိုးမရပါဘူး။

ကျေးဇူးတရားတို့ဝိုင်းရံ
ခန္ဓာကိုယ်နဲ့ အသက်ရဲ့ ဖြစ်တည်မှုမှာ
မြဲမြံခဲ့ရပြန်။

သုခမိန်လှိုင်
အစိမ်းရောင် ဘောလုံးအသင်း (၂၀၀၀)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Nov 6, 2013

အသက်ရှူခြင်းသံခိပ်

ကန်တင်လိုက်တယ် တနင်္ဂနွေတစ်ခု
ကန်တင်လိုက်တယ် ငါ့ကို
ကနတင်လိုက်တယ် အိုက်စကရင်တစ်ခွက်
ကန်တင်လိုက်တယ် ကိုဆိုဗိုစစ်ပွဲများ
ကန်တင်လိုက်တယ် ဘလက်မိုးနိုက်တေးများ
ကန်တင်လိုက်တယ် အမျိုးအမည်မတူ
ဒုက္ခချင်းတူတဲ့ အနာတရများ

ကန်တင်လိုက်စမ်းပါ့
အလှတရားလင်းလက်
လွတ်လွတ်ကျွတ်ကျွတ် သယ်ဆောင်လာတဲ့
ကမ္ဘာကြီးကို။

သုခမိန်လှိုင်
အစိမ်းရောင် ဘောလုံးအသင်း (၂၀၀၀)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Nov 5, 2013

ကာရန်

အောင်မြင်ခြင်းဟာ ပျင်းဖို့ကောင်းတယ်
အနုပညာနဲ့ ကမ္ဘာကြီးကို
ကိုယ့်ဘက်ကပဲ ချစ်ရတာ ကောင်းတယ်။

ဒီလိုနဲ့ပဲ
တေးတစ်ပုဒ်ဆိုတိုင်း
ဂါထာအစွမ်း ရှိခဲ့တယ်။

သုခမိန်လှိုင်
အစိမ်းရောင် ဘောလုံးအသင်း (၂၀၀၀)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Nov 4, 2013

So So Close

So So Close
ဘောလုံးပွြ ကြေညာသူရဲ့အသံ
ဘာသာပြန်ရင် ပျက်သွားမှာစိုးလို့။

So So Close
ပိတ်ဆို့မှုတွေကြားမှာ
သွင်းသွားတဲ့ဂိုးကို
ကြေညာရင်း သုံးသွားတာပါ။

So So Close
ငါ လှပစွာ သွင်းမယ်။

သုခမိန်လှိုင်
အစိမ်းရောင် ဘောလုံးအသင်း (၂၀၀၀)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Nov 3, 2013

ဂြိုဟ်သား

ကမ္ဘာကြီးက
ကုလားကားပဲ။

မြို့တက်
စိတ်ညစ်
တောပြန်။

မြို့တက်
စိတ်ညစ်
တောမပြန်
မြို့ထက်မြို့တွေ ဆက်တက်မယ့်ငါ့ကိုတော့
ဘယ်ဂြိုဟ်သားစာရင်းသွင်းမလဲ။

သုခမိန်လှိုင်
အစိမ်းရောင် ဘောလုံးအသင်း (၂၀၀၀)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Nov 2, 2013

နိဗိန္ဒ

မာယာကော့စကီ
ဂျက်လန်ဒန်
ဗင်ဂိုး
မာရီလင်မွန်ရိုး
မြို့မငြိမ်း
ကတ်ကိုဘိန်း
စာအုပ်အထူကြီး ၆ အုပ်
မှတ်သားစရာက တစ်ကြောင်းတည်း
ကမ္ဘာကြီးကို ငြီးငွေ့ခဲ့ကြတယ်။

သုခမိန်လှိုင်
အစိမ်းရောင် ဘောလုံးအသင်း (၂၀၀၀)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

Nov 1, 2013

ဆုကြေး

ဘဏ်တိုက်ကြီးထဲက
ငွေတွေကိုသာ
လိုချင်ခဲ့တဲ့ ဓားပြ။

တန်ရာတန်ကြေးကတော့
ကျည်ဆန်တွေသာ ရခဲ့ရ။

သုခမိန်လှိုင်
အစိမ်းရောင် ဘောလုံးအသင်း (၂၀၀၀)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။