> သီဟသူ [dot] blogspot [dot] com: 2010

Dec 20, 2010

တရားဟောဆရာ

ငါသည် တရားဟောဆရာမဟုတ်။ သို့သော် ငါယခု တရားဟောရတော့မည်။ သို့သော် တရားဟောစင်မြင့်ပေါ်သို့ ငါရောက်နေပြီ။ ထို့ကြောင့် ငါတရားဟောရတော့မည်။ ငါဘာမျှမသိ။ ငါဘာမျှမသိကြောင်းကို စတင်ဟောမည်။ အမှားနှင့်အမှန်ကို ငါပြတ်သားစွာ မခွဲခြားတတ်။ အမှားနှင့်အမှန် ငါမခွဲခြားတတ်ကြောင်းကိုဟောမည်။ ထပ်ဆင့်၍ အမှားနှင့်အမှန်သည် အမြွှာညီအစ်ကိုသဖွယ် ခွဲရခက်ကြောင်း (သို့မဟုတ်) ရောပြွမ်းနေကြာင်း၊ ငါတို့၏ သိမှုကို အလုပ်ရှုပ်စေကြောင်း၊ ငါ့ထင်မြင်ချက်များကိုလည်း ထည့်ဟောမည်။ လူတစ်ယောက်အဖို့ အသက်ရှင်နေရခြင်းထက်ပို၍ တန်ဖိုးမြင့်မားသောအကြောင်းများ ရှိကောင်းရှိလိမ့်မည်။ သို့ရာတွင် ထိုသို့သော အကြောင်းများ တည်ရှိနေဖို့အတွက် အသက်ရှင်ခြင်းသည် အခြေခံလိုအပ်ချက်ဖြစ်ကြောင်း ငါဟောမည်။ သို့ရာတွင် ငါဘာမျှမသိ။ ငါ့ကိုယ်ငါ သိနေသည်ဟု ထင်မြင်ခြင်းများသာရှိသည်။ ထိုအကြောင်းကိုလည်း ငါဟောမည်။ စနေနေ့ကသောက်ခဲ့သော အရက်သည် တနင်္ဂနွေနေ့အထိ အမူးမပြေသေး။ ငါသည်ယခုအထိ အမူးမပြေသေးသောသူတစ်ယောက်ဖြစ်သည်။ နောက်ဘဝများ (ရှိသူဆိုလျှင်) ထိုသို့တိုင်အောင် ငါအမူးပြေလိမ့်မည်မထင်။ အကြောင်းမှာ ငါသောက်ခဲ့သောအရက်က ပြင်းလွန်း၍ ဖြစ်သည်။ တရားဟောခြင်းသည် ငါ့အသက်၏ ရှင်ခြင်းကိုဖြစ်စေသည်။ ထို့ကြောင့် တရားဟောရန်ငါရောက်လာခြင်းဖြစ်သည်။ ယခုတရားဟောစင်မြင့်ပေါ် ငါရပ်နေသည်။ ငါ့အတွက် လက်ခုပ်သြဘာသံမလို၊ ငါ့အတွက် သဘောတူညီမှုမလို၊ ငါ့အတွက် ချီးမွမ်းစကားမလို။ ငါတရားဟောဆရာမဟုတ်။ သို့သော် ငါ ယခု တရားဟောရလိမ့်မည်။ ငါ့အန္ဓအဖြစ်ကို ငါ ဟောမည်။

အကြောင်းမှာ ငါ့အသံက ကျယ်လောင်သောကြောင့် ဖြစ်သည်။ ငါ့ဟောပြောချက်ကို နားဆင်သူမရှိလည်း ငါဆက်ဟောရလိမ့်မည်။ လူတွေကို ငါမနှစ်သက်။ ငါ့ကိုယ်ငါလည်း မနှစ်သက်၊ ငါ့ကိုယ်ငါ မနှစ်သက်ရခြင်းမှာ ငါသည် လူတစ်ယောက်မျှသာဖြစ်နေခြင်းကြောင့် ဖြစ်ပေသည်။

နေမျိုး
၂၀၀၃၊ ၆၊ ၁၀

နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်

Dec 19, 2010

လှေ နေသော လူးလွန့် မှု အစဉ်

အနာတရ ဖြစ်နေတဲ့ ခွေးတစ်ကောင် ကိုတွေ့ခဲ့သလို တွေ့ခဲ့ခြင်းမဟုတ်ပါ။
အကောင်းပကတိ ကျန်းမာနေတာလည်း မဟုတ်ခဲ့ပါ။
စတွေ့ တာ ဘယ်အချိန် ကမှန်းမမှတ်မိ။ မှတ်မိတဲ့အချိန်မှာ သွက်သွက်ခါအောင် ရူးနေခဲ့ပြီ ဖြစ်ခဲ့သည်လား ၊ ဖြစ်ဆဲလား။
ခု ထိ ရူးနေတုန်းလို့ ဆိုရမလို ခဏနေ ကောက် ကောင်းသွားသည်။
အများကြီး ဆက်ဆံ ခဲ့ ကြဖူးသည်။ ပူးဝင် ဆန့်ထွက် ခဲ့ဖူးသည်။
ရူးလျှင် ကောင်း၍ ၊ ကောင်းလျှင် ရူးသည်။ ဆန့်ကျင်ဖက် ဖြစ်သည်။ တစ်ဖက်တည်း ရွေးမရပါ။
ညာတယ် ။
မညာပါဘူး။
ဒီအတိုင်းအများအပြားပဲ။
အဲ ဒါဖြားယောင်းတာ။
အမှန်က အမှန် က ဒီမှာလေ။
အမြဲ ရှိနေခဲ့သည်။ ပျောက်ချင်လျှင် ပျောက်သွားသည်။ အမြဲ ရှိနေသည် ဟုထင်သည်။
တစ်ခါတလေ ရှေ့က သွားသည်။ တခါတလေ နောက်ကလိုက်သည်။
တခါတလေ ရှိမနေလောက်အောင် အမြဲ ရှိနေခဲ့သည်။
ဘာပဲပြောပြော ရူးနေတာပဲ မဟုတ်လား။
ဒါဆို ကောင်းနေလို့ပဲ နေမယ်။
ဘယ်တုန်းကမှ မညာခဲ့ရဘူးလေ။
(ဒီအပိုဒ်မှာ ဇာတ်လမ်း က ၀င်လာတယ် ညာခဲ့ရတာလား မညာခဲ့ရတာလား။) (ဘယ်တုန်းကမှ ပါတယ်) (ဘာ မညာ ရမှာတုန်း)
အဲ့ဒါ ကောင်းလာအောင်လို့။
ပြောသမျှ လိုက်ပြောနေရမှာလား။
လုပ်သမျှ လိုက်လျောနေရမှာလား။
ပျောက်သွားပြန်သည်။
ပုံပြင်သည် အတို အရှည် မညီ တစ်ပုဒ်တည်းခွဲထွက်လာသည်။
ဇာတ်လမ်းဆင် ပြောသည်။ တခွန်းဟတာနဲ့ စ လိမ်ညာနေတော့သည်။
မရှက်ဘူးလား။
မညာစရာ ဒီ မုသားပဲရှိတယ်။
ဖြားယောင်းခံရခြင်းမှာ လမ်းဆုံးရှိတယ်ဆို ရင်
လမ်းဆုံးကို ဘယ်တော့မှ ရောက်လိမ့်မယ်မဟုတ်ဘူး။
ဇာတ်လမ်းသည် သည်နေရာတွင် မိုးကြီး ၏။ လေတိုက်၏။
အဲ့ ဘောလုံး လေးကိုလေ မပစ်လိုက်ပါနဲ့ မပစ်လိုက်ပါနဲ့။ ဘုရားသခင်ရေ။
ဘာ ဘုရားသခင် မရှက်ဘူးလာ။
ရွေးစရာများထဲတွင်ရွေးစရာ ပျောက်နေသည်။
အမှောင်ထဲတွင် အမည်း ပျောက်နေသည်။
အဖြူထဲတွင် အဖြူ ပျောက်နေသည်။
အဖြူထဲ မှ အမည်းကျတော့ မည်းသည်။
ဘာဖြစ်ချင်တာလဲ။
ဖြစ်ချင်တာဖြစ်လို့ရတယ်။
သတ္တိ ရှိစရာပဲလိုတယ်။
ပြေးရဲတာထက် လိုက်ရဲတာ သတ္တိ
မငိုနဲ့နော်။
မျက်ရည်ကျမှာ။
ပြောမရဘူးလား။
နောက်မှာ ၊ ရှေ့မှာ ၊ တောင်မှာ ၊ မြောက်မှာ ၊ အထက်မှာ ၊ အောက်မှာ
နေရာတကာရှိသည်။
ပျောက်သွားပြန်သည်။
လွမ်းရပြန်သည်။
ဒီနေရာမှာ မွန်းလိုက် ဆိုနာတာ လိုလို ဖာအီလိုက်လိုလို ပီယာနိုတေးသွားဝင်လာသည်။
ဝတ်စုံ အမည်းများ ၀တ်ထားသော များ မိုးမှောင်ကြီးထဲတွင် သံပြိုင်သီဆိုကြသည်။
တမာရွက်များ ကြွေကျလာတာမြင်ရသည်။
စိမ်း ခါးဖန့်ဖန့် အရွက်ပါ။
တမာရွက် ခေါ် သကွ။
လွယ်သားပဲ။ ဒီလိုပဲ ဖြစ်ရမည်။
ဟိုမှာ မြင်လား။ ဘာပြောမလဲ။
လိမ်ညာခြင်းဟာ အပြစ်မရှိပါလို့ ဘယ်သူပြောလဲ။
အပြစ်ရှိရင် ပြစ်ဒဏ်ပေးခြင်း ရှိတာပဲလား။
ဘယ်သူပေးလဲ။ ဘယ်ကရလဲ။ ဘယ်သူစီရင်သလဲ။
ကျားနာ တစ်ကောင်လို ခဲပလိုက်သည်။ ငါးမန်းတစ်ကောင်လို ရုန်း၍ ခဲလိုက်သည်။
မိကျောင်းတစ်ကောင်လို ရေနက်ထဲ ဆွဲနှစ်လိုက်သည်။
ထို အပြုံးကို ယုံကြည်လိုက်ပါ။ အနာဂတ် ကို အပြုံး ထဲ ထည့်၍ လိမ်ညာကြည့်သည်။
နေသာသားပဲ။ ပြစ်ဒဏ်ပေးခံရမယ်။ ဘယ်သူပေးမတဲ့တုန်း။
စတွေ့ စက မရူးပါ။ ဘာသာ စကား ဘယ်သူပေးသတဲ့တုံး ဘယ်တုန်းက။
အသံ ကင်းမဲ့စွာ အော်ငေါက်ပလိုက်သည်။
လေဟာနယ် ထဲ ပြေးဝင်သွားသည်။
မောနင်း ဟု မောနင်း ဟု မောနင်း ဟု သတိရပါတယ်ဟု သတိရလိုက်တာဟု
မောနေပြီ ပျင်းနေရင်။
လူဆိုတာ။
မင်း လူမှ မဟုတ်ဘဲ။ ဒါဆို အတောင်ပံများ ဖြန့်ထုတ်လိုက်သည်။
ညာဘက်ကြွက်သားများကို အားကုန်လှုပ်ကြည့်လိုက်မိသည်။ အနီးနားရှိ သစ်ရွက်များတစ်ချို့ လှုပ်ခတ်သွားသည်။
ညာရော ဘယ်ရောလှုပ်ကြည့်သည်။ ပေါ့ပါးသလိုလို စတင်ခံစားရတော့သည်။
ခြေပိုင်းကို အားစိုက်၍ ကန်ထုတ်လိုက်သည်။
ဂလောက်ကနဲ အသံတစ်ခုမြည်သွားသည်။
ထိုမှ သည်သို့ သည်မှ ထိုသို့ စည်းချက်များ စည်းကပ်သွားသည်။
အသံသည်ငြိမ်ကျလာသည်။
စက်ရုပ်ပဲ။ ဘာတဲ့။
ဘာသာစကားနဲ့ပဲ သိတဲ့ သိမှု နဲ့သာ လူဖြစ်မြောက်သည်။
စတွေ့စကတည်းက အကောင်းပကတိမဟုတ်ခဲ့ပါ။
ဟု စဆုံးက ဟာကို သိသလို လိမ်လိုက်သည်။
နာစူးနေသော ဘယ်ဖက်တောင်ပံကို စမ်းကြည့်လိုက်မိသည်။
လေဟာနယ်ထဲ ပြေးသွားမိသည်။
လွင့်ထွက်သွားသည်။
တကယ် ပျံနိုင်သည်ပဲ။


.
..
...
မရူးတော့ပါ။ မသိတော့ပါ။ ဟု သိချင်ယောင်ဆောင်လိုက်သည်။
ဒီ ဇာတ်လမ်းဆင်ရေးသားခြင်း ၊ လိမ်ညာခြင်း ပြီးသွားပြီ ဟု
တဆိတ် ထင်လိုက်မိသည်။ နေသာထိုင်သာရှိလာသည်။
ဒီ ဇာတ်လမ်းကို ဒီမှာ သိမ်းလိုက်သည်။



ထွန်းနွယ်

(၁၉.၁၂.၁၀)
http://godequaltox.blogspot.com/2010/12/blog-post_19.html

Dec 18, 2010

ကျွန်ုပ်၏ကိုယ်ပိုင်၂၀၁၀ကို ပြန်လည်ဆန်းစစ်ခြင်း

အရေးပါအရာရောက်ခဲ့တဲ့ နှစ်တစ်နှစ်။ လက်မတင်ကလေး လွတ်သွားတဲ့ အခွင့်အလမ်းများနဲ့ ဒုက္ခရောင်စုံများစာရင်း။ အနုပညာအသစ်၊ ချဉ်းကပ်ဖြေရှင်းနည်းအသစ်၊ ထပ်တိုးအချက်အလက်နှင့် သတင်းဆက်သွယ်ရေးဆိုင်ရာ တိမ်တိုက်သစ်များ■ ပိန်းပိန်းပိတ်အမှောင်ထုကြား လစ်ဘရယ် ဒီမိုကရက် အလင်းတစ်စ လက်ကနဲ မြင်လိုက်ရသည်■ ဖလော်ရီဒါဖက်မှာ ၇လပိုင်းလောက်တုန်းက ရေဆင်းကူးသူတစ်ယောက်ကတော့ ခုထိပြန်တက်မလာတော့ပါ (Sailing across the Atlantic ocean is my dream ဟု သူဆိုခဲ့သည်။) သို့ရာတွင် ဆုံးရှူံး / ကုန်ဆုံးခဲ့ပြီးသားဟု တွေးထားခဲ့သော အတိတ်မှ နှစ်လိုဖွယ် အော်ဟစ်ဆဲဆိုသံများသည် မော်နီတာလုံးဆိုင်ရာ ဖဘနှင့် တွစ်တာစာမျက်နှာများပေါ်ကတစ်ဆင့် ၀မ်းပန်းတသာ တိုးထွက်လာကြကာ အပြင်မှာပါ တကယ်ပြုံးပျော်စေမိတော့သည်■

အခြားသော မှတ်သားဖွယ် အခြင်းအရာ တစ်ခုမှာ အမိုးခုံးချင်းဆက်နေသော ရင်ခွင်ရပ်ဝန်းထဲသို့ ကုလားအုတ်ပုံပြင်တစ်ပုဒ်လို ၀င်ရောက်လာသော (ချစ်ခြင်း)မေတ္တာတရား ဖြစ်သည်။ ဆံပင်
-ရောင်ဆိုးထားသော မေတ္တာတရား စတင်ဝင်ရောက်လာသောအခါ ခန်းလုံးပြည့် ရှိနှင့်နေပြီးသားဖြစ်ကြသည့် ဒုက္ခ၊ ဒဏ်ရာ၊ သောကပရိဝေဒများနှင့် အခြားသော ဝေဒနာရပ်ဆိုင်ရာ အမာရွတ်များအာလုံး မတ်မတ်ရပ်၍ သောင်းသောင်းဖျဖျ ကြိုဆိုနှုတ်ခွန်းဆက်သခဲ့ကြလေသည်■

“မင်္ဂလာပါ”

Dec 17, 2010

တစ်ယောက်တည်း ထိုင်နေခြင်း

ရိုးရှင်းစွာ ၀ယ်ယူခဲ့တဲ့ အရာဝတ္ထုများ
မှတ်မှတ်မိမိ မမှတ်မိတော့တဲ့ ကောင်မလေး
လက်ဖက်ရည်တွေ အေးကုန်ပြန်ပြီ။

ရေ၀တီ
၁၂၊ နိုဝင်ဘာ၊ ၂၀၁၀

Dec 12, 2010

ငါ့ကိုတစ်ယောက်တည်း ပစ်ထားကြတယ်

ငါ့ကို တစ်ယောက်တည်း ပစ်ထားကြတယ်။ ငါ့အခန်းထဲမှာ ငါတစ်ယောက်တည်း။ စားပွဲပေါ်မှာ သူတို့ပေးပို့ထားတဲ့ ညစာကအေးစက်လို့။ ပိုးဟပ်တစ်ကောင်က ညစာပန်းကန်ပေါ် လျှောက်သွားနေတယ်။ သူတို့ တဝါးဝါးရယ်သံတွေ တစ်ချက်တစ်ချက် ငါ့အခန်းထဲကို ခပ်သဲ့သဲ့ ဝင်လာကြတယ်။ ငါဆီးသွားချင်တယ်။ ဒါပေမဲ့ ငါထလို့မရဘူး။ ဆီးအိုးကို သူတို့မသွန်ပဲထားတာ နှစ်ရက်တော့ရှိပြီ။ ငါဖတ်ချင်ရင် ဖတ်နိုင်အောင်လို့ စာအုပ်တွေ သူတို့ပို့ပေးထားတယ်။ ဒါပေမဲ့ ငါကြာကြာအာရုံမစိုက်နိုင်ဘူး။ စာအုပ်တွေကို ငါသိပ်ဖတ်ခဲ့တာပေါ့။ ဘယ်လောက်ဖတ်သလဲဆိုရင် ငါကိုယ်တိုင် စာအုပ်တစ်အုပ် ဖြစ်လာတဲ့အထိ ဖတ်ခဲ့တယ်။ ဒါပေမဲ့ ခုအချိန်မှာ ငါဟာ ဘယ်သူမှ မဖတ်ချင်တော့တဲ့ စာအုပ်ဟောင်းတစ်အုပ် ဖြစ်နေခဲ့ပြီ။ သူတို့ တဝါးဝါးရယ်သံတွေနဲ့အတူ လက်ခုပ်လက်ဝါးတီးသံတွေပါ ပိတ်ထားတဲ့ပြတင်းကိုဖြတ်ပြီး ငါ့အခန်းထဲဝင်လာပြန်တယ်။ ပိုးဟပ်က ညစာပန်းကန်ပေါ် လျှောက်သွားနေတုန်းပဲ။ အေးစက်နေတဲ့ညစာ မသိုးခင် ငါစားဖြစ်လိမ့်မယ်မထင်ဘူး။ ငါသူတို့ကို တစ်ခုခုပြောချင်တယ်။ အတွေးအခေါ်တွေ၊ ဖီလော်ဆော်ဖီတွေ အရေးပါအရာရောက်တဲ့ အချိန်ရှိတယ်ဆိုတာ ဖြစ်ဖြစ်၊ အတွေးအခေါ်တွေ၊ ဖီလော်ဆော်ဖီတွေ သုံးမရတဲ့အချိန်ရှိတယ်ဆိုတာဖြစ်ဖြစ်ပေါ့။ သူတို့ငါ့ကို ဖောင်တိန်နဲ့ စာရွက်တွေပေးထားတယ်။ ကံမကောင်းချင်တော့ ငါ့လက်က ဖောင်တိန်တစ်ချောင်းကို မြဲအောင် မကိုင်နိုင်ဘူး။ စာရွက်လွတ်တွေကိုကြည့်ရတာ စိတ်သက်သာရာ နည်းနည်းရလာသလိုပဲ။ ငါသိထားတာတွေဟာ လူနှစ်ယောက်စာလောက် သိထားတာဆိုတော့ ခုချိန်မှာ ငါ့ကိုဆွဲဆောင်နိုင်တာဟာ ဗလာစာရွက်တွေပဲဖြစ်လိမ့်မပေါ့။ ငါ့ကိုတစ်ယောက်ထဲ ပစ်ထားကြတယ်။ အခန်းထဲမှာ ငါရယ်၊ ပိုးဟပ်တစ်ကောင်ရယ်၊ ကြမ်းပိုးတွေရယ်၊ ပြီးတော့ ပင့်ကူနှစ်ကောင်ရယ်လေ။ ပိုးဟပ်က ညစာပန်းကန်ကိုစွန့်ခဲ့ပြီး၊ အခန်းထောင့်က ဆပ်ပြာခဲဆီရောက်သွားတယ်။ ဆပ်ပြာခဲကို ကိုက်ဝါးစားနေတယ်။ သူတို့ဆီက ရယ်သံတွေ အခန်းတံခါးကိုဖြတ်ပြီး ခပ်သဲ့သဲ့ဝင်လာပြန်တယ်။ ရယ်နေတာဟာ ငိုနေတာထက်စာရင် ပိုကောင်းမှာပေါ့လို့ ငါ့လည်း ဟိုတုန်းကတော့ ထင်ခဲ့ဖူးပါရဲ့။

နေမျိုး
၂၀၀၂၊ ၁၀၊ ၂
ည ၉း၂၅ နာရီ

နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်

Dec 11, 2010

စနေ နေ့တစ်ဝက် (၈)

ဒီနေ့မှာ ပြန်တွေးကြည့်တော့
နားထောင်ခဲ့ဖူးတဲ့ အိပ်ရာဝင် ပုံပြင်များကို
သတိမရတော့

ဒီနေ့မှာ ပြန်ဆိုကြည့်တော့
အရိုးစွဲခဲ့ဖူးတဲ့ သီချင်းများကိုလည်း
ပြန်လည် အမှတ်မရတော့

ဒီနေ့မှာ ငါ့ကို ငါ ပြန်ကြည့်မိတော့
မှန်ထဲက ငါ့ကို ငါ ပြန်မမှတ်မိတော့

ဒီလိုမိုးတွေသည်းနေတဲ့
စနေနေ့တစ်ရက်မှာပေါ့......

သီဟသူ
၁၁-ဒီဇင်ဘာ-၂၀၁၀

Dec 5, 2010

တစ်ဘီးထဲလိမ့်ခြင်း

မနက်စောစော ကျွန်တော် တောင်ပေါ်ကိုတက်ခဲ့တယ်။ သည်နယ်နိမိတ်က တောင်တွေဟာ ပျော့စိစိနဲ့။ ဒါပေမဲ့ ပျော့စိစိတောင်တွေပေါ်ကို တက်ရောက်ခဲ့ပါတယ်။ ကြိုးစားရတာပဲ။ မကြိုးစားလို့မရဘူးဗျာ။ တကယ်လို့ ခင်ဗျား ဘာတစ်ခုခုကိုမှ မကြိုးစားဘဲ ဒီအတိုင်းနေမယ်ဆိုပါတော့။ မကြိုးစားဘဲနေဖို့ ကြိုးစားရပြန်တာပဲမဟုတ်လား။ ဒါကြောင့် သည်နယ်နိမိတ်က တောင်တွေပေါ် ကျွန်တော်တက်ခဲ့တာပါ။ တောင်ရဲ့အမြင့်ပိုင်းကို ရောက်လေလေ ကျွန်တော့်အတွေးတွေ ဆန်းလာလေလေပဲ။ ကျွန်တော်က ကျွန်တော်တက်နေတာဟာ တောင်တစ်တောင်မဟုတ်ဘဲ ဧရာမမျှော့ကြီးတစ်ကောင်လို့ ထင်မိလာတယ်။ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ခြေဖဝါးအောက်မှာ ပျော့စိစိနဲ့။ မျှော့ကြီးက ကမ္ဘာမြေရဲ့အတွင်းသားထဲက အဆီအနှစ်တွေကို ဘာကြောင့်စုပ်ယူလို့ မဝနိုင်သေးတာလဲ။ ပျော့စိစိတောင်ပေါ်ကို ကျွန်တော် တက်ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ အလံကို ကျွန်တော် မစိုက်ခဲ့ဘူး။ ဧရာမမျှော့ကြီးတစ်ကောင်ရဲ့ အရေပြားပေါက်ပြဲသွားရင် ဘာတွေပန်းထွက်လာမလဲဆိုတာ ဘယ်သူမှ အတတ်မပြောနိုင်ကြဘူးလေ။

နေမျိုး
၂၀၀၂၊ ၉၊ ၁၆
ည ၉း၄၂ နာရီ

နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်

Dec 4, 2010

ရောင်နီ (၂)

ဟိုးဝေးဝေးမှာ မြင်နေရတာ
နှင်းဆီပွင့်လား ...
သွေးစက်လား ...

          အတိုက်စားခံ မိခင်လှေတွေနဲ့
          ဘယ်တော့မှ ပြန်မလာတော့မယ့်ရေတွေလို
          ချကျွေးလိုက်ရတဲ့ အနာဂတ်များ
          တစ်ချိန်က လှပဝေဆာစွာ အကွပ်မျက်ခံခဲ့ရဖူးသော
          နယ်ရုပ်များ၊ မြင်းများ၊ ဘုန်းကြီးများ၊
          ကိုယ့်ဘုရင်ကိုယ် သစ္စာဖောက်သော မြွှေဟောက်မ
          အသက်ငင်နေဆဲအချိန်တွင် ဖြတ်သန်းဝင်ရောက်လာသော
          အရဟံဂုဏ်တော်
          လူ့မှတ်ဥာဏ်ကိုပင် ပြောင်ပြောင်တင်းတင်း စိန်ခေါ်နေကြသည့်
          မူးယစ်ဆေးဝါးများကိုပင် မူးယစ်သွားစေနိုင်သော မူးယစ်ဆေးဝါးများ
          သီချင်းအလိုက် လေချွန်သံ၊
          သေနတ်မောင်းတင်သံ၊
          ဒိုင်းကနဲ သေနတ်မောင်းဖြုတ်လိုက်သံတို့အပြီးတွင်
          တဆစ်ဆစ် နာကျည်းခါးသီးစွာ အော်ဟစ်ညည်းညူနေခဲ့သော
          သီချင်းသံလည်း လုံးဝတိတ်ဆိတ်သွားပြီး
          အိပ်ခါနီးအထိ စီးကရက်မီးခိုးတွေ တလွင့်လွင့်
          အရေပြားတစ်ထောက်စာ စူးနစ်ဖောက်ဝင်သွားဦးမည့်
          “ကျောသားရင်သား ခွဲခြားနေဦးမှာလား” ဟူသော မေးခွန်းကို
          အာခေါင်ခြစ်၍ မေးလိုက်သံ
          အိမ်ကို သတိရနေတတ်သော
          အိုးမဲ့အိမ်မဲ့ တစ်ဦး၏ ရင်ထဲမှ
          တစ်ချိန်တုန်းက အိမ်အကြောင်း
          မေ့ထားလိုက် မေ့ထားလိုက်လေဟု ပြောမိနေကျ
          အမြဲမပြတ် အတိုက်ခတ်ခံခဲ့ရသဖြင့်
          ခံစားချက်ကင်းမဲ့စွာ ထုံကျင်အေးစက် ရက်စက်မာကျောလာသော
          ဘာမှန်းမသိသည့် အရာတစ်ခုခု ရှိခဲ့သည်မှာ ကြာမြင့်ခဲ့ပြီကို
          သူဘယ်တုန်းကမှ မသိခဲ့သော်လည်း ...

ဟိုးဝေးဝေးမှာ မြင်နေရတာ
နှင်းဆီပွင့်လား ...
သွေးစက်လား ...
လက်ကို ငါလှမ်းလိုက်တယ်

ကြယ်ငေးသူ #၁၃
၂၀၀၄

Nov 25, 2010

ကျားကွက်သစ်၊ အဝိုင်းထိပ်၊ လှည်းတန်းမှသည် မှေးမှိန်သွားသော အတိတ် ခဲခြစ်ကောက်ကြောင်းများ

သတိရခြင်း

လေထဲက အမှုန်တွေကို ဖမ်းဆုပ်လို့ ရနိုင်ပါမလား
ကျားကွက်သစ်ဟာ အသက်ဝင်မြဲ၊ အသက်ဝင်နေဆဲ
ကျစိမ့်ဟာ ကျစိမ့်အရသာ အမြဲပေါ်ဖို့
နှုတ်မှ တဖွဖွ ရွတ်တယ်
“မင်းမရှိလည်း ဖြစ်တယ်”
“မင်းမရှိလည်း ဖြစ်တယ်... ငါ့ရဲ့ မရှိမဖြစ် မိုး”




သတိရခြင်း -၂

မြင်ကွင်းဟာ မရိုးနိုင်ဘူး
လှည်းတန်း - လူအုပ် နဲ့ ဘတ်စ်ကားများ




သတိရခြင်း -၃

ညနေဆို အဝိုင်းထိပ်မှာ ရှိမယ်
ညနေဆို အဝိုင်းထိပ်က ထိုင်နေကျဆိုင်မှာ ရှိမယ်
ညနေဆို ထိုင်နေကျ အဝိုင်းထိပ်ကဆိုင် ရှိသေးရဲ့လား





သတိရခြင်း -၎

ခဲခြစ်ကောက်ကြောင်းလို
ရေးဆွဲခဲ့
ဒိုင်ယာရီနေ့ရက်များ
အချိန်နဲ့အတူ
ခဲသားတို့ မှေးမှိန်သွားကြ
အတိတ်တို့ မှေးမှိန်သွားကြ
ချစ်ခြင်းတို့ အေးစက်သွားကြ
ခဲခြစ်ဒိုင်ယာရီ စာမျက်နှာများ

သီဟသူ
၂၅-နိုဝင်ဘာ-၂၀၁၀

Nov 22, 2010

လှည်းတန်း

အမေတွေ သားပျောက်ရှာနေကျ
သင်္ချိုင်းတစ်ဝက် ပန်းခြံတစ်ဝက်
တောမှောက်တတ်တဲ့နေရာ
ပေါက္ခရ၀ဿတိမ်တွေ ဆာနေတဲ့
ရေငတ်တောလေးရဲ့
ဖိနပ်ဗလာခြေရာလေးများ အထပ်ထပ်

လက်ပူတိုက်ထားတဲ့ မြို့လေးရဲ့
မျက်ရည်ဝနေတဲ့ စည်းရိုးကြီးနံဘေး
ယားယံတတ်တဲ့ လမ်းမများကျောပေါ်က
ခေါင်းစဉ်မတပ်နိုင်တဲ့ တေးတွေကို သီဆိုသူ
သူဖုန်းစားကြီး မဟတ္တမဂန္ဓီ ခွက်မှောက်တဲ့နေရာ
သူဖုန်းစားကြီး ဒေါက်တာရီဇော် ခွက်ပျောက်ခဲ့တဲ့နေရာ
မိုးမလင်းသေးတဲ့ အကျဉ်းသား ရပ်ကွက်လေး

ရိတ်သိမ်းခွင့်မရရှာတဲ့
စိုက်ပျိုးသူတို့လက်တွေရဲ့
လက်သီးများ ပွက်ပွက်ထရာ လယ်ယာမြေ
အစိမ်းကြွေတွေရဲ့ တလင်း

အသွေးအသားနဲ့ ခင်းကျင်းလို့
အနှစ်လေးဆယ်အဓမ္မ အိပ်ယာကြီးကို ကုတ်ခြစ်ခဲ့တဲ့
ငါတို့အစ်မရဲ့ လက်ရုံးကြောတွေ အဲဒီမှာ

အဲဒီမှာ
မာရ်နတ်တွေရဲ့ နှလုံးသားကို တောင်းခံနေရင်း
အဆုတ်ထဲက ဆဲရေးသံတွေဟာ
             မျက်ရည်ယဉ်ယဉ်လေး ဖြစ်သွားရှာတဲ့
ငါတို့ညီမလေးရဲ့ တော်လဲသံတွေလည်း ရှိတယ်

အဲဒီမှာ
ကိုယ့်အကိုင်းအခက်နဲ့ ကိုယ်မသီးနိုင်ရှာတဲ့
နှင်းခါးရိုက်ခံရတဲ့ အပွင့်တွေလည်းရှိတယ်

အဲဒီမှာ
ပရောဂအကိုက်ခံနေရဆဲ
ရောဂါသည်တွေရဲ့ ခြင်ဆီနဲ့ မျိုးဖောက်ထားတဲ့
မုန်တိုင်းရဲ့ လက်ဖျံရိုးတွေလည်း ရှိတယ်

အဲဒီမှာ
ကိုဗဟိန်းရဲ့ မြင်းခွာပေါက်သံတွေအောက်က
သွေးဖောက်ခံရတဲ့ မီးတောက်တွေလည်း ရှိတယ်
အဲဒီမှာ
ဘ၀များစွာရဲ့ ရုပ်ကြွင်းတွေကို ရှာနေရင်း
ကိုယ့်ဘ၀ကိုယ် ထိုးထည့်ထားရတဲ့
အိပ်တန်းပျက်လွယ်အိပ်ပေါက်တွေလည်း ရှိတယ်

ရှိတယ်
ဖြစ်တယ်
အ၀တ်တစ်ထည် ကိုယ်တစ်ခုဟာ
အမဲလိုက်ခွေးတွေရဲ့
ကျည်တစ်တောင့်ရဲ့
ပစ်မှတ်အပြော့ဖြစ်တယ်
အလံတစ်ပိုင်းဟာ သွေးတိတ်စေတဲ့ ပတ်တီးစ
ပုဝါတစ်ထည်ဟာ သွေးစွန်းနေတဲ့ အလံတစ်ခု ဖြစ်တယ်
ကံ့ကော်ပွင့်တွေ ကစော်ဖောက်သောက်လိုက်တဲ့
ဖုန်းဆိုးရာသီရဲ့
လိမ္မော်ရောင် ကြိုးဝိုင်းဖြစ်တယ်

အဲဒီမှာ
အရည်ပြားတွေပေါ်က ဗုံသံတွေ
ဗုံသံတွေကို တံစို့ထိုး“က”နေကြတဲ့
လမ်းလျှောက်သင်ခါစ စည်းချက်တွေ
ဗုံသံတွေ
စည်းချက်တွေ
ဒရွတ်တိုက်လဲလဲကျနေတဲ့
စည်းချက်တွေ
ဗုံသံတွေ

အဲဒီမှာ
အလင်းပျက်တွေ ချောက်ချား
ညဟာ တိတ်တဆိတ်အူပြီလားဆိုမှဖြင့်
လမ်းမများရဲ့ မွေးညင်းပေါက်တွေထဲက
အမှောင်ရဲ့ သင်္ချိုင်းဟာ ကုန်း ရုန်း ထ
အမှောင်ရဲ့ သင်္ချိုင်းဟာ
ကုန်း ရုန်း ထ

ဇော်လူစိမ်း
၁၉၉၉

Nov 20, 2010

ဆက်လက်ရေးသားဆဲကိစ္စ

တစ်ညတည်းနဲ့ အပြီးအပြတ် ကုသနိုင်ဖို့ဆိုတာ မရေရာတဲ့ကိစ္စ။ မနေ့က အကြောင်းတွေ၊ ပြီးတော့ တနေ့က အကြောင်းတွေ၊ လေးထောင့်ပုံစံ အရေးအသားတွေ ရင်ဘတ်ထဲမှာ လာလာပြီး ခိုဝင်နေတယ်။ လက်ညှိုးနဲ့ လက်ခလယ်ကြားက စီးကရက်ထိပ်ဖျားမှာ လာရောက် ခိုနားနေတယ်။ ထွေးပစ်လိုက် တဲ့ ကွမ်းသွေးတွေထဲ၊ မျိုချလိုက်ရတဲ့ ပူပြင်း ခါးသီးတဲ့ အရသာပျော်ရည်တွေထဲ မှာပါ စီးမျောနေတယ်။ ဒါပေမယ့် မပြီးနိုင်အောင်ပဲ ငါက ဆက်လက်ရေးသားနေ လို့၊ ကျယ်လောင်စွာ ထွက်ပေါ်လာတဲ့ ဂီတတွေက ငါ့ကို ဆက်လက်ရေးသားနေ လို့၊ ခဲကောက်ကြောင်းတွေက ငါ့အတ္တကိုပါ ကျူးကျော်ပြီးတော့ ဆက်လက်ရေး သားနေကြလို့။ ငါ ငါ ငါ ဘယ်သူမှ မပါဘဲ တစ်ယောက်တည်း ရန်ဖြစ်နေတယ်။ ဘယ်သူ့ကိုမှ စိန်မခေါ်ရဘဲ ငါ့ကိုယ်ငါ ကုန်းကိုက်နေတယ်။ သွေးတွေ၊ ကိုယ်ခန္ဓာ၊ အမှတ်သညာတွေကို ထွေးထုတ်လိုက်၊ မျိုချလိုက်၊ ဖြစ်တည်မှုကို ကျိတ်ခွဲလိုက်၊ ဖွဲ့စည်းစေလိုက်၊ လွန်းသွားတစ်ချောင်း၊ ပစ္စတင်တစ်ချောင်း။ အကောင်းစားတွေနဲ့ နေပေဦးတဲ့ … သေရာပါကိစ္စတွေက မသေသေးကြဘူး။ ဒီတော့ နောက်တစ်လ၊ နောက်တစ်ပတ်၊ နောက်တစ်ရက် ဆက်ပြီးဖတ်ရှုဖို့ စာညွှန်းတိုတိုလေး တပ် မထားရင်တောင်မှ အသက်ရှုနေတာကို ရပ်တန့်လိုက်ဖို့ကိုသာ စဉ်းစား၊ ဆက် လက်ရေးသားဆဲကိစ္စ။


ရေ၀တီ
၁၂၊ နိုဝင်ဘာ၊ ၂၀၁၀

Nov 17, 2010

ဆူးတွေနဲ့လူ

မြို့ထဲသို့ လူတစ်ယောက်ဝင်လာသည်။ သူ့ကိုယ်ပေါ်မှာ အင်္ကျီ အဝတ်အစားမပါ။ အင်္ကျီအဝတ်အစားမပါသော ကိုယ်ခန္ဓာပေါ်တွင် ဆူးချွန်ကြီးများ ပေါက်ရောက်နေသည်။ ဆူးချွန်ကြီးများက သူ့ကိုယ်ပေါ်မှ အရပ်မျက်နှာအသီးသီးသို့ ချိန်ရွယ်ဆန့်တန်းလျက်ရှိသည်။ သူ့တစ်ကိုယ်လုံး ဆူးတွေကိုးရိုးကားရားနှင့်။ ကလေးငယ်လေးတစ်ယောက်က ဆူးတွေနဲ့လူကို စတင်တွေ့မြင်ခဲ့သည်။ ဆူးတွေနဲ့လူကြီး၊ ဆူးတွေနဲ့လူကြီး၊ ကလေးငယ်သည် ဤသို့အော်ဟစ်ကာ လမ်းပေါ်မှာ ဆော့ကစားနေရာမှ အိမ်ထဲသို့ ကြောက်လန့်တကြား ပြေးဝင်သွားသည်။ အိမ်ထဲမှာ လူကြီးတွေရှိပုံမရ။ တိတ်ဆိတ်နေသည်။ ကလေးငယ်သည် အိမ်တံခါးမကို အမြန်ပိတ်ကာ ပြတင်းပေါက်မှ ချောင်းကြည့်နေသည်။ အကြောက်ကတော့ မပြေသေး။ ဆူးတွေနဲ့လူသည် ကလေးငယ်ပုန်းအောင်းနေသောအိမ်ကို တစ်ချက်လှည့်ကြည့်လိုက်သည်။ ပြီးတော့ လမ်းမအတိုင်း ခြေလှမ်းမှန်မှန်ဖြင့် ဆက်လျှောက်သွားသည်။ ဆူးတွေနဲ့လူသည် သူ့ကိုယ်သူ ကျေနပ်ဟန်ဖြင့် လမ်းကိုဆက်လျှောက်သွားနေသလား။ ဒါမှမဟုတ် မကျေမနပ်ဟန်ဖြင့် လမ်းကိုဆက်လျှောက်သွားနေသလား ခန့်မှန်း၍မရ။ အကြောင်းက သူ့မျက်နှာမှာ ခံစားချက် ကင်းမဲ့နေသူလို ထင်မှတ်ရသောကြောင့် ဖြစ်သည်။ ဆူးတွေနဲ့လူသည် လမ်းမကြီးကို ဖြတ်ကူးလိုက်သည်။ ထရပ်ကားကြီးတစ်စီးက သူ့ကို ဝင်တိုက်မိတော့မလိုဖြစ်ကာ ဘရိတ်ကို ကျယ်လောင်စွာ အုပ်လိုက်ရသည်။ ဒရိုင်ဘာ၏ဦးခေါင်းက ကားရှေ့ခန်းမှပေါ်လာကာ ကြမ်းတမ်းသောစကားဖြင့် ရေရွတ်ဆဲဆိုလိုက်သည်။ ဆူးတွေနဲ့လူက သူ့ကို ဆဲဆိုအော်ဟစ်သည့် ဒရိုင်ဘာကို ဘာမျှမဖြစ်သလိုလှမ်းကြည့်လိုက်သည်။ ဒရိုင်ဘာက ဆူးတွေနဲ့လူကို မြင်တွေ့သွားပြီ။ ဟာ ... တစ်ကိုယ်လုံးဆူးတွေပေါက်နေတဲ့ လူတစ်ယောက်။ ဒရိုင်ဘာသည် အံ့သြထိတ်လန့်စွာဖြင့် ထရပ်ကားကြီးကို အရှိန်မြှင့်မောင်းကာ ပြေးထွက်သွားတော့သည်။ ဆူးတွေနဲ့လူသည် လမ်းမပေါ်မှာဆက်၍ လျှောက်လာခဲ့သည်။ ရှေ့တွင်လူတွေတရုန်းရုန်း ဝိုင်းအုံကြည့်နေသော ရုပ်ရှင်ရိုက်ကွင်းတစ်ခုရှိသည်။ လူတွေက ဆူးတွေနဲ့လူကို မမြင်ကြ။ ရုပ်ရှင်ရိုက်ကွင်းမှာ ငေးမောကြည့်ရှုနေကြသည်။ ဆူးတွေနဲ့လူက ရုပ်ရှင်ရိုက်ကွင်းထဲ ဝင်ရောက်သွားသည်။ အဝတ်အစား မလုံမလဲနှင့် မင်းသမီးက စူးစူးရဲရဲ အထိတ်တလန့်အော်ကာ ထခုန်သည်။ ဗီလိန်တွေ နောက်ဆုတ်သွားကြသည်။ ရုပ်ရှင်ရိုက်ကွင်းကို ဝိုင်းအုံကြည့်နေကြသောလူတွေက မထင်မှတ်သောပြကွက်ကို တွေ့မြင်လိုက်ရသဖြင့် တအံ့တသြဖြစ်ကာ စိတ်ဝင်တစား ငေးမောကြည့်နေကြသည်။ ဆူးတွေနဲ့လူက ကင်မရာကို ဖြတ်ကျော်သွားသည်။ ထိုအချိန်မှာပင် အဝေးမှ ဝိုင်ယာလက်ဥသြဆွဲသံများကို စတင်ကြားလာရသည်။ ရုပ်ရှင်ရိုက်ကွင်းကို ဝိုင်းအုံကြည့်နေကြသော လူများ သဲသဲရုတ်ရုတ်ဖြစ်သွားသည်။ဆူးတွေနဲ့လူသည် လူစည်ကားသော မြို့ထဲသို့ တိုး၍ဝင်သွားသည်။ လူတွေက ဆူးတွေနဲ့လူကို အံ့သြထိတ်လန့်စွာ ကြည့်ရင်း ရှဲပေးကြသည်။ ဆူးတွေနဲ့လူ၏ ခြေလှမ်းများက မရပ်သေး။ အဝေးမှဝိုင်ယာလက်ကား၏ အရေးပေါ်ဥသြဆွဲသံများ တစ်စတစ်စ နီးကပ်လာသည်။ ရုပ်ရှင်ရိုက်ကွင်းမှာ ဖရိုဖရဲဖြစ်ကာကျန်ရစ်ခဲ့ပြီ။ ဝိုင်းအုံကြည့်နေသာလူများထဲမှ တစ်စုံတစ်ယောက်က ခဲဖြင့် ပေါက်လိုက်သည်။ ခဲလုံးသည် ဆူးတွေနဲ့လူကို ပြင်းစွာထိမှန်သွားသည်။ ဆူးတွေနဲ့ လူ၏ ခြေလှမ်းများ တုံ့ကနဲရပ်သွားသည်။ လူအုပ်ကြီးကို ခံစားချက်ကင်းမဲ့သော မျက်လုံးများဖြင့်ကြည့်လိုက်သည်။ လူအုပ်ကြီးကလည်း ဆူးတွေနဲ့လူကို အံ့သြထိတ်လန့်စွာ ကြည့်နေကြ၏။ သူတို့ဝိုင်းအုံကြည့်နေကြစဉ်မှာပင် စောစောက ခဲမှန်သွားသောနေရာ၌ ဆူးကြီးတစ်ချောင်း လူးလွန့်ကာ တလှုပ်လှုပ်နှင့် ထိုးထွက်ပေါက်ရောက်လာသည်။ လူအုပ်ကြီး နောက်သို့ ထပ်၍ ရှဲသွားကြပြန်သည်။ ဝိုင်ယာလက်ကားများ တဖြည်းဖြည်းနီးကပ်လာခဲ့ပြီ။ ထရပ်ကားကြီးကတော့ အဝေးကိုမနားတမ်း မောင်းနှင်သွားနေခဲ့ပြီ။ ဆူးတွေနဲ့လူက မြို့လယ်ကောင်မှာ။

နေမျိုး
၂၀၀၃၊ ၂၊ ၆

နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်

Nov 16, 2010

လွတ်လပ်သော လမ်းကလေး

သော့ခလောက်နှင့် တံခါးချက်တို့
ပါးစပ်ပေါက်ဖွင့်ဟ
သီချင်းဆိုကြလေပြီ။
ငှက်တို့ စိုးရိမ်ကင်းစွာ
ဝင်ရောက်ခိုနားသော သစ်ပင်။
သွေးစွန်းသော မြေပြင်ကို
ပြစ်မဲ့ခြေအစုံတို့ဖြင့်
မနင်းမထိစိမ့်သောငှာ
နတ်များက လက်တို့ဖြင့်
ပင့်မသယ်ဆောင်လေသော်
ကမ္ဘာမြေလည်း တုန်ဟည်းလေ၏။

ရေ၀တီ
၁၅၊ နိုဝင်ဘာ ၂၀၁၀
တက္ကသိုလ်ရိပ်သာလမ်း အမှတ်တရ

Nov 12, 2010

မိုးမရွာတဲ့ နေ့တုန်းက

ခင်ဗျား ရွေးချယ်ရမှာက
ဆိုးတဲ့ အတွေ့အကြုံတစ်ခုနဲ့
ကောင်းတဲ့ သတင်းစကားတစ်ခုကြား
အမှားများနဲ့ နံရံထူတစ်ချပ်
ကွဲအက်ရာတွေက ဆာလောင်မှုတွေ ယိုစီးလို့
ပျင်းတဲ့အရသာကို မြည်းစမ်းဖို့
အချိန်နဲ့ နေရာတွေဟာ မလွဲမသွေ လိုအပ်တယ်
ထကြွလုံ့လဟာ
မျက်စေ့ရှေ့မှာတင် အရိခံနေရ
သရော်စော်ကား ခံနေရ
လုပ်ကြံမှုနဲ့
ဆိုင်းမဆင့် ဗုံမဆင့် “အင့်ခနဲ”
ဝင်တိုက်မိပေါ့…

ရေ၀တီ
၁၂၊ နိုဝင်ဘာ၊ ၂၀၁၀

Nov 7, 2010

လေပြင်းတွေကျနေချိန်

အခုလို လေပြင်းတွေကျနေချိန်
အခုလို လေပြင်းတွေထဲ ဓာတုအဆိပ်ငွေ့တွေ ထုတ်လွှင့်နေချိန်
ငါ့အသံတွေ မင်းဆီကို ပေးပို့ချင်ပါရဲ့။

အကြောင်းကြောင်းနဲ့ စံပယ်ပန်းကုံးကလေးတွေ
ကတ္တီပါသေတ္တာထဲ သော့ခတ်သိမ်းဆည်းကာ ထားခဲ့တယ်
ငါတို့ဟာ ချစ်လို့ ဝေးကွာနေကြရတာပါကွာ။

မင်းထက်မောင်
၅၊ ဇူလိုင်၊ ၂၀၀၆။
ကဗျာပြောင်းပြန်/၂၀၀၆

Oct 31, 2010

မာရီယာ (၂)

မာရီယာ
မာရီယာ

အလွမ်းတွေနဲ့ ပြည့်နေတဲ့မျက်ဝန်း
ဆွဲ မိ ဆွဲရာ စွဲ ခဲ့ ကြရတာ မာ ရီ ယာ။

မင်း ဘာ ထပ်ပေးမှာလဲ

ငါတို့ မှာ ကြောက်ကြောက်လန့်လန့် နဲ့ တမ်းတ

ငါ့ဆီက မင်းတို့ ဘာတွေမျှော်လင့် နေတာလဲ တဲ့
လား မာရီယာ။

ငါတို့မှာ မမျှော်လင့်တတ်ခဲ့ပါ။

ငါတို့မှာ မျှော်လင့် တတ်ခဲ့တာ။

မင်းရက်စက်တတ်မှန်း သိပါတယ် မာရီယာ
ဒါပေမဲ့ မင်းရက်စက်တယ် မာရီယာ လို့
ခပ်တည်တည် နဲ့ ညည်းညူ မျှော်လင့်။

မင့် ရက်စက်မှုမှာ တို့တွေ
ညည်းတွားမှုတွေ အော်သံတွေ သွေးခန်းလုမတတ်
ချွေး တဒီးဒီး သေခြင်း ထိ တိုင်
မင့် မာယာ တွေ။

မင့် မာယာတွေ မာရီယာ
မင့် မာယာတွေ
မာယာကော့ခ်စကီး ကို သတ်ပစ်ခဲ့တာ
မြို့မငြိမ်းကို ကားဘီးအောက်ပို့ပစ်ခဲ့တာ
ဆယ်ဗီယာ ပလပ် ခမျာ၊ ကက်ကိုဘိန်း ခမျာ
ဒါဇိုင်းခမျာ ၊

အို မာရီယာ
ဘုရားသခင် တော် တွေ ကိုယ်တိုင်တောင်မှ
မင့်လက်ချက်က လွတ်ခဲ့လို့လား။

ဒါနဲ့များ မင့် က ပြောသေးတယ်
ဘုရားသခင် တကယ် ကြင်နာတတ်ရင်
လူသားတွေ ကို မကြင်နာမှ ဖြစ်မယ်လို့။

ဟေ တီမှာ ၊ အင်ဒိုမှာ ၊ နာဂစ်မှာ ၊ ကက်ထရီနာမှာ
အီရတ်မှာ ၊ အီရန်မှာ၊ ဆာယာယေဗိုမှာ ၊ ဟီရိုရှီးမားမှာ
နာဂါစကီမှာ
မင့် ခပ်ပြုံးပြုံး နဲ့ ထေ့ပြုံးလေးနဲ့
နောက် ၀မ်းနည်းမျက်ရည်နဲ့ နောက် ချွေး တဒီးဒီး
တကုပ်ကုပ် တလုပ်လုပ်
မာရီယာ မင့် သိပ်ကြင်နာတတ်တယ်ပေါ့လေ
မာရီယာ ဟ ဟား။

လူ အစုလိုက် အပြုံလိုက် သတ်ပွဲတွေ
မင်း ငိုယိုနေခဲ့ပါသလား မာရီယာ။
မင်း ရယ်မောနေခဲ့ပါသလား မာရီယာ။
မင်း ရဲ့ လှပတဲ့ မာယာတွေ
အတွက် မင်း ဘယ်လို ခံစားရပါသလဲ မာရီယာ
တစ်ဆိတ်လောက်။

တစ်ဆိတ်လောက်
မင့် မာယာ ကင်းပြီး ငါတို့ နေခဲ့ချင်ပါရဲ့။
ဒါပေမယ့် အဲ့တောင့်တမှုအတွက်
ငါတို့ ငိုကြွေးခဲ့ရတာ။

နေပါအုံး မာရီယာ
ဒီဟာက ဒီလိုရှိပြီး ဟိုဟာက ဟိုလိုရှိတာနဲ့ပဲ
ငါတို့တွေ ဘုရားသခင်ကို လိုအပ်ခဲ့ရတယ်ပေါ့။

ဒါဆို မာရီယာ
ငါ ဘုရား သခင် ကိုကျေးဇူးတင်ပါတယ်
မီး ထိန်ထိန်လင်းနေတဲ့ မြို့ပြကြီးကို ကျေးဇူးတင်ပါတယ်
ကလက်ရှနီကော့ခ် ကို ကျေးဇူးတင်ပါတယ်
ဖက်ဘွိုင်းကို ကျေးဇူးတင်ပါတယ်
ဆူနာမီကို ကျေးဇူးတင်ပါတယ်
နာဂစ်ကို ကျေးဇူးတင်ပါတယ်
ဟေတီငလျင်ကို ကျေးဇူးတင်ပါတယ်
ကမ္ဘာကြီးကိုလည်း ကျေးဇူးတင်ပါတယ်
ဒါပေမဲ့ မင့်ကိုတော့ ကျေးဇူးမတင်ပါရစေနဲ့ မာရီယာ။

ကိုချောလို မင့်ရက်စက်မှုဟာ ကမ္ဘာမှာ မရှိတော့ပါဘူးလို့လဲ
မညည်းတွား ရပါစေနဲ့။
ဖော်ဝေးလို နှလုံးအိမ်ထဲမှာလည်း ရေမငတ်ရပါစေနဲ့။
ကိုက်လမ်းကိုလည်း မလျှောက်ရ ပါစေနဲ့။
မနက် ၂ နာရီမှာ မထချင်လို့ မနက်၂ နာရီ မှာ မထ ရပါစေနဲ့။
လွှမ်းမိုးမှုအပြီး မှာ နုန်းများလည်း တင်မကျန်ခဲ့ရပါစေနဲ့။
အကောင်းဆုံးတွေကိုလည်း ရွေးမပြောရပါစေနဲ့။
ငါ့နာမည်လည်း ဂုဏ်သရေမရှိရပါစေနဲ့။
ခရေပန်းလည်း မခူးရပါစေနဲ့ လားကွယ် မာရီယာ။

ငါ အဲလို မင်းကို တောင်းပန်ချင်ပါတယ်
ဒါပေမဲ့ ငါ မတောင်းပန်ချင်ပါ။
မာယာကောခ့်စကီးရဲ့
ကိုယ့်ကိုရိုက်တဲ့လက်ကို
ပြန်လျက် နေမိတဲ့ ခွေးလိုပေါ့။

ဟော
ငါ မင်းအကြောင်းတွေ
ပြောနေမိပြန်ပါပကောလား ၊ မာရီယာ။ ။


ထွန်းနွယ်
(၃၁.၁၀.၂၀၁၀)

Oct 19, 2010

ကျီးကန်းအတု

ရွေ့လျားနိုင်တဲ့ သစ်ပင်အတုတွေရှိတယ်ဆိုတာ
ဝတ္တရားတွေကို မေ့လျော့တတ်တဲ့ အကောင်တွေနဲ့
တိရစ္ဆာန်ရုံအတု ရှိတယ်ဆိုတာ
သရသံနဲ့ ဗျည်းသံပေါင်းစပ်တတ်ရုံနဲ့
အသံထွက်လို့မရတဲ့ ဘာသာစကား ရှိတယ်ဆိုတာ
နောက်ဆုံးပိတ်ကျတော့ မသေချာခြင်းတွေပဲ ရှိတယ်ဆိုတာ
စပ်ဖြဲဖြဲအပြုံးတွေနဲ့ မိုက်ကန်းကန်း အကြည့်တွေဟာ
အချစ်မှာ မူးယစ်မေ့မြောနေတတ်သူတစ်ဦးရဲ့ ပိုင်ဆိုင်မှုဆိုတာ
ကွန်ပျူတာဝင်းဒိုးတက်သံတွေက ဘ၀အစအလယ်အဆုံးကို
ဆုံးဖြတ်တတ်တယ်ဆိုတာ

ခင်ဗျားမယုံတာတွေက အများသား။

ကောက်ချက်မချလိုပေမယ့်
ကျုပ်သော်လည်းကောင်း
ခင်ဗျားသော်လည်းကောင်း
ကျီးကန်းအတုတစ်ကောင် ဖြစ်ရမယ်ဆိုတာ
ခင်ဗျားယုံနိုင်မှာလား။

ရေ၀တီ

၃၊ အောက်တိုဘာ ၂၀၁၀

Oct 16, 2010

အဖေ

ကျွန်တော် မရေနိုင်တော့ဘူးအဖေ
ကျွန်တော်တို့ကို ထမ်းပိုးပြီး
အဖေ ကျော်ဖြတ်ခဲ့တဲ့
တောင်စဉ်တွေ

စောမိုး

Oct 14, 2010

အဖေ့ရဲ့ နေကြာခင်း

မျက်နှာမူရာ နေထွက်ရာ
မျက်နှာမူရာ နေ၀င်ရာ
မျက်နှာမူရာ နေရှိရာ
နေ့ ရှိသရွေ့ နေကိုကြည့်
နေခြည်ကိုနမ်း
နေမှာ မနွမ်း
အဖေ့ရဲ့ နေကြာခင်းက
နေကြာပန်းပွင့်တွေ
ဝါ..
လင်း..
လွင့်..
ယိမ်း..
နေသိမ်းတဲ့ အထိ။ ။

စောမိုး

Oct 9, 2010

တစ်ထောင့်ကိုးရာကိုးဆယ့် စနေ

စနေဂြိုဟ်သက်
အ၀င်ခတ်
အထွက်ခတ်သတဲ့
မယုံလှပေမယ့်
မိသားစုအလယ် တည့်တည့်များကျခဲ့သလား
လွင့်သွားရတာ တစ်ယောက်တစ်နေရာ။ ။

စောမိုး

Oct 8, 2010

ကျွန်တော်ဟာ ကာတွန်း

အိပ်မက်ဟောင်း ပုံကြမ်းတစ်ခုကို ချချပြီး
အမြဲထူးဆန်းအံ့သြဟန်နဲ့အကြည့်
ပါးစပ်ကလေး ဟလို့
စီးကရက်ကလေး ခဲလို့
ကြယ်တွေလတွေ မြင်လို့
သူတပါးရဲ့ မလုံခြုံမှုကိုကြည့်လို့
ကိုယ့်အတ္တရဲ့ အကာအကွယ်ရနေမှုတစ်ခုကို
ကျေနပ်စိတ်အခံ…
လက်တွေ့ပတ်ဝန်းကျင်ကြီးက ကင်းလွတ်
မြည်သံစွဲနဲ့ အာမေဋိတ်တွေ လွှမ်းမိုးလာ
အပြီးတိုင် စွန့်ခွာရမှုများ
ဘယ်တုန်းကမှ မငိုခဲ့ဘူး။

ရေ၀တီ

Oct 5, 2010

စီးကရက်

ကော်ဖီမစ်တစ်ခွက်နဲ့ ခပ်ညံ့ညံ့သကြားပလာတာ
မနက်စာအဖြစ် ဒီဆိုင်လေးမှာ ရနိုင်ပါတယ်။
ဘာမှ ထပ်ပေါင်းဖြည့်ဖို့မလိုတဲ့ အသင့်နေထိုင်မှုဘ၀တစ်ခုနဲ့
ခပ်ညံ့ညံ့ကံတရားကိုတော့ တစ်သက်စာအဖြစ် ဒီရှင်သန်မှုမှာ ရနိုင်ပါတယ်။
ကျေးဇူးပြု၍
သံယောဇဉ်တန်ဖိုးထားမှုကို ဒီဘက်ကမ်းလိုက်စမ်းပါဦး
ကျွန်တော့်ခံစားမှုကို မီးညှိရှိုက်ဖွာဖို့အတွက် ...

ရေ၀တီ
သြဂုတ် ၉၊ ၂၀၁၀

Oct 4, 2010

လက်ဖက်ရည်ဆိုင်

သေးငယ်သော ရှာဖွေတွေ့ရှိမှုများ
အတိုကောက်မီးညွန့်များ
အရင်ကထက် ပိုပိန်သွားတယ်
အရင်ကထက် ဆံပင်တွေ ပိုရှည်လာတယ်
စူးစမ်းမှုတွေကို
ထုံထိုင်းထူအမ်းနေတဲ့ မှတ်ဥာဏ်ပုံး
မှတ်ဥာဏ်အချောင်းအတံ (၀ါ) မင်မိုရီစတစ်ထဲ ထည့်ပါ
ဗိုင်းရပ်တွေသတ်ဖို့ မမေ့နဲ့
အမြဲတမ်းလိုက်လျောညီထွေ ပြောဆိုနေရ
အလုပ်သဘောဆန်ဆန် ဖွင့်လှစ်ပြသနေရ
အဝေးက လှမ်းကြည့်တဲ့အခါ အသက်ဓာတ်ပါ/မပါ
တစ်စုံတစ်ခုကနေ တစ်စုံတစ်ခုကို ကော်ပီကူးယူတယ်
ညိုဖန့်ဖန့်အရောင်တွေ
ပလိန်းတီး၊ ကျစိမ့်၊ ကော်ဖီနဲ့ စီးကရက်အစီခံ
(ဒီနေရာမှာ ၀ီစကီဟာ ခြွင်းချက်)
ဝဲလှည့်နေတဲ့ ရှုခင်းတစ်ခု၊ ရွေ့လျားမှုနဲ့ အသံ
ငြင်းဆိုမှု၊ လက်ခံမှု
ဟောဒီစားသောက်ဖွယ်ရာကို အလေးအပေါ့ပြင်ပေးပါ
ဟောဒီ ပန်းချီကားကို စုတ်ချက်ထပ်သွင်းပါ
ဟောဒီ ပန်းပုရုပ်ကို ကော်ပတ်စားပါ
ဒါက အကြမ်းထည်အတိုင်းထားခဲ့၊ ပြပွဲပို့ဖို့ အချိန်မမီတော့ဘူး
လေယူလေသိမ်းတွေကို ပြင်ဆင်အချောသတ်ပြီးရင်
ပြန်ယူလာခဲ့ (ဟောဒီမှာ ရှင်းမယ်ဟေ့)
ဒီလိုပဲ သီချင်းသံတွေကို တန်းလန်းကြီးထားပြန်ခဲ့ရပေမယ့်
သံသရာဆိုတာ အဖန်ထပ်ထပ် မပြတ်ကျင်လည်ရာ
ဘ၀အစဉ်တဲ့။

ရေ၀တီ
၇၊ သြဂုတ်၊ ၂၀၁၀ မနက် ၁၁း၀၀

Sep 30, 2010

ရေးဖြစ်ခဲ့သော ခြစ်ရာများ၊ ခြစ်ဖြစ်ခဲ့သော အရေးအသားများ

လုံလောက်ခဲ့ပါသလား၊ လိုအပ်ခဲ့ပါသလား၊
ဘုရားပေးသလောက်ပဲပေါ့

သီဟသူ
၂၈-စက်တင်ဘာ-၂၀၁၀

Sep 26, 2010

ငါတို့သီချင်း

ငါတို့ ယုံကြည်မှုရှိခဲ့သဖြင့်
ငါတို့ ပိုင်ဆိုင်မှုများအချို့အ၀က် စွန့်လွှတ်ဆုံးရှုံးခဲ့ရ၊
ငါတို့ အခဲအယဉ်းတွေကို ရင်ဆိုင်ကြရင်း
ငါတို့ ပိုမိုသန်မာလာကြ၊
ငါတို့မှာ ချစ်ခြင်းမေတ္တာနှင့် အမှန်တရာကိုမြတ်နိုးမှု ရှိနေသမျှ
ငါတို့ လောကဓမ္မကို ရင်ဆိုင်အန်တုခဲ့ကြ၊
အာဏာကိုင်စွဲသူများ တိုင်းတာနိုင်စွမ်းမရှိသော
အာဏာစက်များကို အာဏာမဲ့များထံမှာ တွေ့ရ၊
သစ္စာမှ နိုးထပေါက်ဖွားလာသော
အာဏာစက်ကို ငါတို့မြတ်နိုးခဲ့ကြ၊
တောက်ပလောင်ကျွမ်းနေသော မြစ်တစ်စင်းက
ငါတို့ ပခုံးသားများထက်မှာ စီးဆင်းသွား၊
တစ်သွင်သွင်းစီးဆင်းနေသော မီးလျံက
ငါတို့ နှလုံးသားတွေထဲမှာ တိုးပွား၊
နဂိုအတိုင်း လုံးဝမထား
ငါတို့ကား သူတောင်စင်များ မဟုတ်ကြ။
သို့တိုင် ငါတို့ကား သူယုတ်မာများလည်း မဟုတ်ကြ။
ဇာတိမီးလျံများနှင့် မရဏမီးလျံများကြား
ရုန်းကန်နေကြခြင်းသည်ပင် ငါတို့ဘ၀၏ အမြိုက်ရသာ။

ရေ၀တီ
(သြဂုတ် ၂၀၀၈)

Sep 24, 2010

မာရီယာ

မင်းကိုယ်မင်း
ဒီခေတ်ကြီးရဲ့ နိမိတ်ပုံလို့
ပြောတတ်တဲ့ မာရီယာ။

ဘ၀အဖော် ဆိုတာ
ကျွန်မအတွက် ကွန်ဒုံးနဲ့ တားဆေး
ပါပဲဆိုတဲ့ မာရီယာ။

မင်းရဲ့ အပြုံးတစ်ချက်နဲ့
သံခဲတွေကိုတောင် အရည်ပျော်
စေနိုင်တဲ့ မာရီယာ။

မင်းဟာ ပထမဆုံး
ယောင်္ကျားတွေကို တရားဝင်
လူကုန်ကူးသူ မိန်းမလှပဲ။

ကလီယိုပါထရာဟာ
နိုင်ငံအတွက် သူ့အလှကို
အကြိမ်ကြိမ် အသုံးပြုခဲ့တယ်
မင်းကတော့ ၊ မင်းအတွက်မင်း
မင့်အလှကို အကြိမ်ကြိမ်
စတေးပစ်ခဲ့တယ်။

`ခန္ဒာကိုယ် တစ်ခုလုံးဟာ
ခံစားစရာချည်းပဲ
ခံစား စံစား ရမယ့်အရာမှန်သမျှ
ကျွန်မ တပ်မက်တယ်´၊ ဆိုပါလား။

မူးရင် မင်းငါ့ကို
ဖုန်းဆက်ပြီး လှမ်းခေါ်မယ်၊
အမြဲ ရှိနေစေချင်တယ်၊
မင်း ပြောတာပဲ။

ချစ်ခြင်းမေတ္တာ ဆိုတာ
နှုတ်ခမ်းနီတစ်တောင့်
ဖိနပ်တစ်ရံလောက်
အရေးမကြီးပါဘူး ၊ ဟုတ်လား။

ကမ္ဘာပေါ်မှာ ဖြစ်ခဲ့တဲ့ စစ်ပွဲတွေ အားလုံး
အချစ်ကြောင့် ဖြစ်ခဲ့ပါတယ်ဆိုတာ
မင်းဘယ်လိုမှ မယုံနိုင်ဘူး ၊ မဟုတ်လား၊

ဟော..
မင်း အခု အမူးပြေသွားတော့
ငါ့ကို ငါးညှီနံ့လောက်တောင် မသတီ
ပြန်ပါဘူးတဲ့။

(ဟား ဟား)

မင်းအကြောင်းတွေ မပြောချင်လို့
ပြောနေရပြီ
.............`မာရီယာ´။ ။

ထွန်းနွယ်
godequaltox.blogspot.com

Sep 22, 2010

ပိုင်နက်ကျူးခြင်း

တံခါးကို သေချာခေါက်ပြီးမှ
ဝင်ခဲ့ပါ
အာရုံတွေက ထွေပြားမှားယွင်းနေတတ်ပြီး
ရှက်စရာတွေကို ကြုံရနိုင်တယ်
အမှိုက်ရှုပ်တွေ
ကြိုတင်ပြင်ဆင်မထားတဲ့
ကိုယ်ဟန်မူရာနဲ့
အတွင်းကျကျ စောင့်ဆိုင်းမျှော်လင့်မှုများ
ဟက် ဟက် ပက် ပက်
ကြည့်စမ်းပါ ဒီကို
လွှတ် . . . လွှတ် . . . လွှတ်ချလိုက်
ခင်ဗျား ကျွန်တော့်ကို ဈေးကြီးပေးပြီး
ဝယ်ယူနေပြီ။

ရေ၀တီ

Sep 20, 2010

ကိုယ်ပိုင် အရောအနှော

ဒီတစ်ခု သဘောကျသလိုလိုရှိ
ကောက်ထည့်
ဟိုတစ်ခု
မဆိုးဘူးဆိုပြီး ရွေးလိုက်
ပုဂံခေတ်နဲ့ ပန့်ခ်လည်း ရောပါစေ
သူများနှာခေါင်းနဲ့ အသက်ရှုတဲ့
အခါလည်း ရှိပါစေ
အစိမ်းရောင် ယာခင်းများ
အလုပ်စားပွဲပေါ်က ပရင့်ထုတ်
စာရွက်စာတမ်းများ
ကမ္ဘာကြီးကိုလည်း ချွေတာမနေနိုင်တော့ဘူး
သားရေခေါင်းစည်းကြိုးတစ်ကွင်း
ဘာသာရေးကျမ်းစာအုပ်များ
ပိုနိုဂရပ်ဖီ အရေးအသားတချို့
ပြီးတော့ သွေးသားတစ်ခုလည်း ကျွန်တော့်မှာရှိရဲ့
အပြုံးတွေကို ကွယ်မထားနဲ့
တံဆိပ်တွေကပ်နေတာ ရပ်တော့
ဒါတွေအားလုံးက
ပတ်ဝန်းကျင်ပေါ်မှာ ကြွပ်ကြွပ်အိတ်တစ်လုံးနဲ့
စုပေါင်းထိုးထည့် ငွေရှင်းရမယ့်
ပုဂ္ဂလိကဆန်ခြင်းများ။

ရေ၀တီ

Sep 18, 2010

မလောက်မင ပန်းချီကား

ငါဟာ ပန်းချီကားတစ်ချပ်ထဲ နေထိုင်လို့
ခိုများနှင့် ဖြူနီဝါစက္ကူထီးငယ်များ
နာရီပြင်ဆရာတစ်ဦး အလိုရှိသည်
လူကြပ်သောဘတ်စ်ကားနှင့် ခရီးသည် အချိုးအဆ
အပြစ်များက ထင်ရှား၍
အလင်းရောင် ပတ်တမ်(အသွေးအဆင်)များ
မှုန်ဝါး

မိုးပေါက်တချို့မှန်တော့ မျက်နှာလေးကွက်ခနဲ
ပန်းချီဆေးပွင့်များ
ကိုယ့်ကိုယ်ကို ကြိုးတွေတပ်ဆင်လိုက်တယ်
တီးခတ်စဉ်မှာ ဒီလိုပါပဲ ဒီလိုပါပဲလို့
ဖြေသံများ
အသံများက နှိုးနေကြ
အေးစက်ကြမ်းပြင်ထက် အိပ်မက်တွေပြေး
စိုထိုင်းဆများတဲ့ ကျောပိုးအိတ်ထဲ
မင်းကို စီးကရက်တစ်လိပ်လို သိမ်းဆည်းမိ

အလွမ်းဆိုင်ရာ ထိုင်းမှိုင်းလေးကန်မှုအချို့
အချစ်များကချွေးစက်တိုင်းမှာသီးပွင့် ဆိုလား
တွေးခေါ်ဥာဏ်၏ ဖောင်းပွခြင်းနှင့်
ခံစားမှု၏ သိပ်သည်းတတ်ခြင်းတရား
အတင်းရယ်မိလို့ရတဲ့ရောဂါ
…………………………….
……………………………

သင်၏ ချစ်လှစွာသော
သင်၏ သစ္စာမရှိသော
သင်၏ အမြဲတမ်း
သင်၏ သင်၏များ
ဝေးလံသော၊ သာ၍ ဝေးလံသော
အဝေးလံဆုံးအရပ်များဆီထိ
ဆန့်ထွက်နေသော သင်၏ ............... များ

မင်းကိုယ်တိုင် ဆက်လက်ဆွဲသားနိုင်တယ်
ပြည့်စုံသွားဖို့အထိတော့ မတောင်းဆိုရ
ငါပန်းချီကားထဲက လှမ်းထွက်မသွားခင်အထိ။ ။

ရေ၀တီ

Sep 15, 2010

သမီးလေး ၆လ

သမီးလေးအတွက်
ဖေဖေကော မေမေပါ
အိပ်ရေးတွေပျက်
ဘိုးဘိုးဘွားဘွားလည်း မနေရ
နို့ဆာချိန် နို့စို့ဖို့
အိပ်ချိန်ဆို အိပ်ဖို့
သမီးလေးအိပ်ချိန်ဆို ဗျိုင်းရှေ့ကပျံလို့
ဖေဖေက မိတ္ထီလာကန်တော်က ဖားကောက်ခဲ့ဖို့
မေမေ့သားချော့တေးလည်း သံသရာလည်လို့
ဒီလိုနဲ့
၆လတာ ကုန်လွန်
သမီးလေးက
နို့ဆာချိန် နို့စို့လို့
အိပ်ချိန်တန်ရင် အိပ်လို့..

သီဟသူ
၁၅-စက်တင်ဘာ-၂၀၁၀

Sep 8, 2010

ထိုင်ခုံသုံးလုံး

ကျွန်တော်သိတတ်စအရွယ်တည်းက
အဖိုးဟာ ထိုင်ခုံမှာ နေ့စဉ် ထိုင်နေခဲ့တယ်။
ထိုင်ခုံဘေးက စားပွဲလေးဆိုရင်
အဖိုးရဲ့ ရေဒီယို၊ ဆေးဘူးတွေနဲ့ ပြည့်လို့။
မှတ်မိသေးတယ်
အဖေ အလုပ်ကပြန်လာရင် အဖိုးထိုင်ခုံမှာ ဝင် ဝင် ထိုင်တတ်တော့
ကျွန်တော်တွေးမိတယ်။
“အဖေ ဘာလို့ ထိုင်ခုံ အသစ်တစ်လုံး မဝယ်ရတာလဲ” လို့။

အခုတော့
အဖိုးရဲ့ ထိုင်ခုံဟာ အဖေ နေ့စဉ် ထိုင်နေကျ ဖြစ်လာပြီ။
ထိုင်ခုံဘေးက စားပွဲလေးပေါ်ကို
အဖေ့ရဲ့ ရေဒီယို၊ သတင်းစာ၊ ဆေးဘူးအချို့ ရောက်လာပြီ။
ကျွန်တော် အလုပ်က ပြန်လာရင်
အဖေ့ထိုင်ခုံမှာ ဝင် ဝင် ထိုင်တတ်လာပြီ။
ကျွန်တော်တွေးမိတယ်။
“ထိုင်ခုံအသစ်တစ်လုံး မလိုအပ်ပါဘူး” လို့ . . .

သီဟသူ
၇-စက်တင်ဘာ-၂၀၁၀

Sep 6, 2010

ငါးမျှားထွက်ခြင်း

မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ ကြေညာချက်အရ
တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့နှင့် အနီးတဝိုက်
နေရာကွက်ကြား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဆိုသော်ငြား
နေသာသော နေ့တစ်နေ့သာဖြစ်ခဲ့သည်။
ကန်တော်ကြီးအတွင်း ငါးမမျှားရ ဆိုင်းဘုတ်နှင့် သုံးကိုက်အကွာ၊
ငါးမျှားတံနှစ်ချောင်းလုံး အဆင်သင့်ပြင်ဆင်ထားပြီး
ပလတ်စတစ်ထမင်းဘူးထဲတွင်
ပေါင်မုန့် အသားညှပ် ၂ချပ်။
မစားရသေး။
ဒိုင်ယာရီစာအုပ် နောက်ဆုံးစာမျက်နှာများတွင်
“လေကိုရှူရှိုက်ခြင်း ဒုတိယပုံစံ၊ ရေး-သစ္စာနီ” ဝတ္ထုတိုအား
လက်ရေးဖြင့် ကူးရေးထားခြင်းမှလွဲ၍
အခြား ရေးသွင်းချက် မတွေ့ရ။
ဖိနပ်နှစ်ဖက်ကို ညီညာစွာ ယှဉ်၍ ချွတ်ထားခဲ့သည်။ ။

သီဟသူ
၅-စက်တင်ဘာ-၂၀၁၀

Aug 28, 2010

သူငယ်ချင်းများ.. သို့..

တို့တစ်တွေဟာ
ကိုယ်တိုက်ပွဲနဲ့ကိုယ်
ရဲဘော်တွေ

တို့တစ်တွေဟာ
ကိုယ့်စစ်မျက်နှာကိုယ်
မဟာမိတ်တွေ

တို့တစ်တွေဟာ
လူစုံတယ် နေရာစုံတယ်
သဏ္ဍာန်စုံတယ်
`ပိုက်ဆံတော့ ငါလည်းပြတ်နေတယ်
ထမင်းချိုင့် တစ်ဝက်စားသွားကွာ´
ဆိုတဲ့ကောင်ပါတယ်
သူငယ်ချင်းအတွက်ဆို
ရေခဲကနေ မီးတောက်
ဖြစ်ပေးမယ့်ကောင်ပါတယ်
ထိုးပြီးမှ သနားလို့ဆိုပြီး
မျက်ရည်ဝဲလို့
အသည်းနုတဲ့ကောင်ပါတယ်
မူးရင်
သူငယ်ချင်းတွေတပြီး
ငိုတဲ့လူပါတယ်
မျိုးစုံ မျိုးစုံ မျိုးစုံ
မျိုးစုံတယ်။

ဒါတွေဟာ
မဆွဲထားပေမယ့်လည်း
မြဲသွားတော့မယ့် ပုံရိပ်တွေ။

ခွဲသွားပေမယ့်လည်း
ကွဲမသွားတော့မယ့် သူငယ်ချင်းတွေ။ ။

ထွန်းနွယ်
(ခေတ္တ-မော်လမြိုင်)
godequaltox.blogspot.com

Aug 27, 2010

လျှို့ဝှက်ထားကြပါ

တို့တစ်တွေ
ဥာဏ်ပညာတွေ
ချစ်ခြင်းတရားတွေ

(ရှုး.... တိုးတိုး)

လူအဖြစ်ဟာ
ဘာမှ မဟုတ်ဘူးဆိုတာ
ဘုရားသခင် မသိစေနဲ့။ ။

ထွန်းနွယ်
godequaltox.blogspot.com

Aug 15, 2010

ပိုးဖလံများ

အလင်းနဲ့ အမှောင်ရဲ့ လှည့်စားမှုတွေထဲ ပျော်ရွှင်စွာ
ဆော့ကစားကြ၊ အတ္တကိုယ်စီနဲ့ ကိုယ့်ကိုယ်ကိုယ်တော့
မဟာစွမ်းအားရှင်တွေပေါ့။ မွေးဖွား- ကြီးပြင်း
ချောက်နက်ထဲ ခုန်ဆင်းရင် သူရဲကောင်းလား။

ရာဇဝင်ကြီးတွေ၊ သမိုင်းကြီးတွေ၊ ဇာတ်လမ်းကြီးတွေက
ပိတ်ဆီးကာရံထား။ ကင်းဗတ်စ်သားပေါ်က အရုပ်နဲ့
အရောင်တွေ၊ သူတို့ အချုပ်အနှောင်ခံထားရသလိုလို
မဟုတ်ဘူး- အမြင်ကို အကျဉ်းချမယ့် ပြတင်းဝတွေပ။

သင်ကြားပို့ချသမျှ ရွှေတောင်တက်ဒဿနတဲ့လား။
သိမှုဗေဒတွေ ချဲ့ထွင်ခဲ့ကြ။ ပင်မရေစီးတွေဟာ
ကြောက်မက်ဖွယ် တန်ခိုးသြဇာ၊ နတ်ဆိုးရဲ့ ကျိန်စာများ။
အသက်ဇီဝရှင်သန်ရပုံတွေ ပိုရှုပ်ထွေး ပိုခက်ခဲ ပိုနက်ရှိုင်း။

သီအိုရီတွေက မဆုံးနိုင်ပါဘူး။ ဝါဒတရားတွေက
ဝါးပင်ပမာ၊ မိုးဦးလေဦးထဲ မိုးကြိုးမုန်တိုင်းထဲ
အတုံးအရုံးပြိုလဲသမျှ၊ မျှစ်စို့မျှစ်နုကလေးတွေလည်း
အလုအယက်ထွက်လာကြဦးမှာ သဘာဝဖြစ်စဉ်။

ညဥ့်နက်နက်တွေပါပဲ။ ရှေ့ကို ခရီးဆက်ခဲ့ကြ
မနက်လင်းရင် ရွာရောက်မယ် ဘာကြောင့်ယုံကြည်။
တည်ဆောက်ထားတာတွေအားလုံးဟာ ထင်ယောင်ထင်မှား
ဖြစ်မှုသက်သက်မျှ။ အနိုင်ရသူတွေ စီးဆင်းသွားကြရဲ့။

ရာစုနှစ်များတိုင်၊ ယှဉ်ပြိုင်မှုများ မရပ်တန့်ခဲ့။
တစ်ကန့်ချင်း တစ်လွှာချင်းစီမှာ ပညာသားအဖြာဖြာ။
အားထုတ်ကြ- ဆုတောင်းကြ- လွတ်မြောက်ရပါစေသားတဲ့
နံရံရဲ့ အခြားတစ်ဖက်ဆီသို့ အန္တိမမျှော်လင့်ချက်များ။

မင်းထက်မောင်
၃၀၊ စက်တင်ဘာ၊ ၂၀၀၆
ကဗျာပြောင်းပြန်/၂၀၀၆

Aug 13, 2010

ရေချိုးပြီးတော့လည်း ဘာထူးလဲ ဒီအဝတ်အစားကိုပဲ ပြန်ပြန်ဝတ်နေရ

မင်းအရောင်းအဝယ် ဘယ်လောက်ပါးဖူးသလဲ။ မင်း ငွေပြန်အမ်းတာ
မှားဖူးလား။ မင်းမှာ ရစရာ ဘယ်လောက်ရှိလဲ၊ မင်းမှာ ပေးစရာရော
ဘယ်လောက်ရှိလဲ။ မင်းမှာ ခရီးစရိတ် ဘယ်လောက်ကျန်သေးလဲ၊ မင်းမှာ
သွားစရာလမ်း ရှိသေးလို့လား၊ မင်းမှာ အင်္ကျီအသစ် ဘယ်နှထည်ရှိလဲ
မင်းမှာ ပွဲလမ်းသဘင် ဘယ်နှခုတက်ဖို့ရှိလဲ၊ မင်းမှာ သော့ဘယ်နှချောင်း
ရှိသလဲ၊ မင်းမှာ ဖွင့်စရာ သော့ခလောက်ရော ရှိလို့လား၊ မင်းမှာ
သိမ်းထားစရာ ပစ္စည်းဘယ်လောက်ရှိလဲ၊ မင်းမှာ
လူတွေ့မခံရလောက်မယ့်အဖြစ် ကြုံဖူးလား၊ မင်းမျက်မှန် အနီးအဝေး
ဘယ်လောက်ရှိသလဲ၊ မင်းမတွေ့ဖူးသေးတဲ့အရာ ဘယ်နှခုရှိသလဲ
မင်းမှာ အကုန်သိ အကုန်တတ် ပြောတတ်တဲ့အကျင့်ရှိလား၊ ခုမှတွေ့တယ်
... မင်းက ပါးစပ်ကြီးနဲ့ပဲ ...
               “ဟုတ်လို့လား”
        မင်းက ပါးစပ်ကြီးကို မြင်သွားပြီလား
ဒါဆိုအဲဒီပါးစပ်ကပဲ မင်းကိုမေးစရာ ဘယ်လောက်ရှိသေးလဲလို့မေးလိမ့်မယ်။
    ဖြေစရာအဖြေတစ်ခုခုရွေးဖို့ မင်းမှာ ဦးနှောက်ရှိလား။
               “ဟုတ်လို့လား”
        မင်းက ဦးနှောက်ကိုပါ တွေ့သွားပြန်ပြီလား
ဒါဆို အဲဒီဦးနှောက်ကပဲ မင်းကိုမေးစရာ ဘယ်လောက်ရှိသေးလဲလို့
    ထပ်ပြီးမေးလိမ့်ဦးမယ်။
မင်းမှာ ဖြေစရာ အဖြေတစ်ခုခုရွေးဖို့ ရွေးချယ်စရာ ကျန်သေးလား
               “ဟုတ်လို့လား”
               “ဟုတ်လို့လား”
               “ဟုတ်လို့လား”
               “ဟုတ်လို့လား”



အောင်ပြည့်စုံ
၂၊ ဇန်နဝါရီ ၂၀၀၅
တစ်ယောက်ချင်း
(မောင်ပြည့်မင်း၊ အောင်ပြည့်စုံ)
နှစ်ကာလများ၊ စက်တင်ဘာ၊ ၂၀၀၈။

Aug 12, 2010

ရွေးချယ်ရမယ့်လမ်း

ဒီမှာ . . .
                အမှန်လည်း မရှိ
                အမှားလည်း မရှိ
      ခင်ဗျား ဘာကို ငြိတွယ်နေမှာလဲ
ရှိခြင်းဟာ “ဒွိ”
      ခင်ဗျား ကိုယ့်ကိုယ်ကိုယ် သိအောင်ကြိုးစားပါ
      ခင်ဗျားနဲ့ ဆက်စပ်နေတာတွေကို သိအောင်ကြိုးစားပါ
                (ဒိုးပြားရမှာ အမှန်တကယ်လို့
                မထင်လေနဲ့ . . .)
ဖြစ်တည်မှု/ဖြစ်ရှိမှု
      ခင်ဗျားရဲ့ အစစ်အမှန်လောကနဲ့ အခြားသောအိပ်မက်များ
                (ခင်ဗျား ဘာဖြစ်ချင်တာလဲ
                ခင်ဗျား ဘာလုပ်ချင်တာလဲ
                ကိုယ့်ကိုယ်ကိုယ် အသေအချာပြန်မေး)
      (မဆိုင်တာတွေ မတွေးပါနဲ့
      ဆိုင်တာတွေ တွေးမယ်ဆိုရင်လည်း
      အသေးစိတ် အကုန်တွေး)
... ... ... ... ...
... ... ... ... ...
                မရေးချင်ပါဘူးလို့နေတာ
                “ကဗျာ”က သူ့အလိုလိုလာခဲ့တယ်။


မင်းထက်မောင်
၂၈၊ ဇွန်၊ ၂၀၀၆
ကဗျာပြောင်းပြန်/၂၀၀၆

Aug 11, 2010

မီးတောင်တစ်ခု အကြောင်း

သူမက မီးတောင်တွေကို စိတ်ဝင်စားတယ်
ကျွန်တော်က သူမကို စိတ်ဝင်စားတယ်
မီးတောင်တွေအကြောင်း သူမ လေ့လာသလို
သူမအကြောင်းကို ကျွန်တော် လေ့လာခဲ့တယ်
“မီးတောင်တွေဟာ အမျက်ကို တော်ရုံ အပြင် ထုတ်မပြကြဘူး”
သူမ အမြဲ ပြောခဲ့တယ်
ကျွန်တော့် လေ့လာချက်အရ
သူမဟာလည်း မီးတောင်တစ်ခုပေါ့
သူမရဲ့ ဒေါသချော်ရည်တွေထဲမှာ
ချစ်ခြင်းတစ်ခု
သက္ကရာဇ်တစ်ခု
အနာဂတ်တစ်ခု
ချိုမြိန်စွာ ပါဝင်နေခဲ့ဖူးတယ်
... ...
... ...
ကြာခဲ့ပါပြီ
အနာဂတ်တစ်ခု
သက္ကရာဇ်တစ်ခု
ချစ်ခြင်းတစ်ခုဟာ
မီးတောင်သေတစ်ခုရဲ့ ချော်ခဲတွေအောက်မှာ
အေးခဲ သေဆုံးလို့...

သီဟသူ
၁၁၊ ၀၈၊ ၂၀၁၀

Aug 10, 2010

လူစွမ်းကောင်း ကဗျာ (၂)

စူပါမင်း မကြည့်ချင်ဘူး
စပိုက်ဒါမင်း မကြည့်ချင်ဘူး
ဒီလုံး မဖတ်ချင်ဘူး
မောင်တီထွင် မဖတ်ချင်ဘူး
သူရို့ကယ်မှ ရမယ့် ကမ္ဘာမဟုတ်ဘူး
ပြောပြောဆိုဆို Neo ရောက်လာ
သူကယ်မှပဲ
The Matrix
သုံးကားနဲ့ ဇာတ်သိမ်းတော့တယ်။

သီဟသူ
၀၉၊ ၀၈၊ ၂၀၁၀။

Aug 9, 2010

သို့ မေမေ (၇)

မေမေရေ
ရေမကူးတတ်လို့လားမသိဘူး
ကိုယ်ဖော့ထားရတာလဲ
ပင်ပန်းလွန်းလှတယ်။

သီဟသူ
၀၈၊ ၀၈၊ ၂၀၁၀။

Aug 8, 2010

ရုတ်တရက်စီးဆင်းသွားသောအရာ

စလိုက်ရမှာလား
အစမရှိတော့ပြီလား
စာရွက်ဘယ်မှာလဲ ငါ လာနေပြီလား
ထမင်းဝဝစားလို့ ဗိုက်တင်းတဲ့အခါ ဒါမျိုးလား
သတ်မှတ်ထားတဲ့ ဘောင်တွေကို ကျော်ခဲ့ပြီလား
ခင်ဗျားတို့ ပြောစကား အားလုံးကြားတယ်
... တားတဲ့ကြားက ရူးရူးမိုက်မိုက် ... ...
... ကြိုက်တယ် ကြိုက်တယ် ကျုပ်တို့လိုအပ်နေတာ ... ...
... မလိုအပ်ဘဲ စကားလုံးတွေ တလွဲသုံးစွဲ ... ...
ဗြုန်းခနဲပါပဲ (ဗြုန်းခနဲဟာ မြည်သံစွဲအလင်္ကာမဟုတ်ဘူး)
ဆေးလိပ်ငွေ့တွေ ဝေ့ဝဲသွားလိုက်တာ ချောင်းတဟွတ်ဟွတ်
မီးနဲ့လောင်စာ၊ လောင်စာနဲ့မီး၊ ပြီးတော့တာပဲ
ရှေ့ခရီး ... ... ... ... ...
အနာဂတ်ဘူးသီးဟာ ဘယ်လိုဆက်ကြီးထွားမယ်
ခင်ဗျား စိတ်ဝင်စားတယ်ဆိုလည်း မှန်ဘီလူးကိုင်
အဝေးကြည့်မှန်ပြောင်းဟာ လမ်းကြောင်းအသွယ်သွယ်
အခုပြောနေတာ ပင်လယ်သေးသေးကလေးအကြောင်းမဟုတ်
ပင်လယ်ပေါင်း တစ်သိန်းတစ်သောင်းရှိတဲ့စကြဝဠာ
အနန္တစကြဝဠာ
ဘေးရန်ခပ်သိမ်း အေးငြိမ်းကြပါစေ
ပန်းကလေးများ လန်းဆန်းကြပါစေ
လိပ်ပြာကလေးတွေလည်း
ဘဝသုံးပါး ကာလသုံးပါး
အရင်အတိုင်း ပေါ့ပေါ့ပါးပါး ကျော်လွှားဖြတ်သန်းကြပါစေ
ရေကို ရေလို့ မမြင်ဘဲ
အသွင်သဏ္ဌာန်တစ်ခု
အလျင်တစ်ခု
ဒါမှမဟုတ်၊ စိတ်ကူးတစ်ခုလို့ မြင်ကြည့်ကြပါလား။

မင်းထက်မောင်
၎၊ ဇွန်၊ ၂၀၀၆။
ကဗျာပြောင်းပြန်/၂၀၀၆

Aug 7, 2010

စနေ နေ့တစ်ဝက် (၇)

ပြုံးပြနေတာလား
မချိသွားဖြဲပြတာလား
ငါကပဲ အဆိုးမြင်တတ်တာလား
ဒီနေ့ကျမှ နေရောင်ကလည်း စူးရှလွန်းတယ်။

သီဟသူ
၀၇၊ ၀၈၊ ၂၀၁၀

Aug 3, 2010

(၂၅) အတ္ထုပ္ပတ္တိ

(၁)          လမ်းရှိလို့ လျှောက်နေရတာပါ
(၂)          အမောင် တောင်၊ မြောက် မသိပါ။

(၃)          ဗမာ၊ ဗုဒ္ဓ
(၄)          မှတ်ပုံတင်မှာ ရေးသွင်းထားရဲ့
(၅)          ငါးပါးသီလ ကျိုးတစ်ခါ၊ ပေါက်တစ်လှည့်။

(၆)          လူပြက်တစ်ယောက်
(၇)          မအောင်မြင်တဲ့ ပြက်လုံးတွေ တစ်ပွေ့တစ်ပိုက်နဲ့။

(၈)          ငွေ၊ ငွေ၊ ငွေ၊ ကဗျာ၊ ငွေ၊ ငွေ။
(၉)          ဝီစကီ၊ ဝီစကီ၊ ကဗျာ၊ ဝီစကီ။

(၁၀)         နောက်ကျလွန်းတော့
(၁၁)         ကိုယ်ကပဲ ရှေ့ရောက်နေသလိုလို
(၁၂)         ကွင်းပတ်ပြေးပွဲမှာလေ

(၁၃)         ၂၅နှစ်သား
(၁၄)         သာမန်မျှပါပဲ၊ သာမန်ပါပဲ။

(၁၅)         ×××
(၁၆)          - - - - - -
(၁၇)         ဗလာ
(၁၈)          . . . . . . . . .
(၁၉)         ( )
(၂၀)         ×××
(၂၁)         စာမျက်နှာများ
(၂၂)          . . . . . . .
(၂၃)         ×××

(၂၄)         ဘုရားအဆူဆူ လွဲခဲ့ပြီးလေသော အမောင်
(၂၅)         တောင်၊ မြောက် မသိသေးပါ။

သီဟသူ
၀၃၊ ၀၈၊ ၂၀၁၀။

Jul 30, 2010

ကဗျာပျောက်

မနေ့က
ကဗျာတစ်ပုဒ် ငါ ရေးထားခဲ့တယ်။

ဒီနေ့မနက်
အဲဒီကဗျာကို ငါ လိုက်ရှာတော့ မတွေ့တော့ဘူး။

ထိုကဗျာ
ငါ ဘယ်မှာ ရေးသားခဲ့ပါလိမ့်
ငါ ဘယ်မှာ ထားရစ်ခဲ့ပါလိမ့်
စဉ်းစားလို့လည်း မရတော့။
[၁၊ ဇွန်၊ ၂၀၀၆]


ကဗျာအသစ်

ဒီနေ့
      ကဗျာအသစ်တစ်ပုဒ်
                  ငါ ရေးမယ်။

ဘာကြောင့်လဲဆိုတော့
မနေ့က ငါရေးထားတဲ့ကဗျာဟာ ပျောက်သွားလို့
လုံးဝ ပြန်ရှာမတွေ့အောင် ပျောက်သွားလို့။
[၁၊ ဇွန်၊ ၂၀၀၆]


ပြန်ရှာတွေ့တဲ့ ကဗျာ

မနေ့က ပျောက်ဆုံးသွားတဲ့ ငါ့ကဗျာ
ဒီနေ့မှာ ငါ ပြန်ရှာတွေ့တယ်။

ပြန်ရှာတွေ့တယ်
ဒီနေ့မနက် ရေးသားခဲ့တဲ့ ငါ့ကဗျာအသစ်တစ်ပုဒ်ထဲမှာ။

ကဗျာဟောင်းဟာ
ခြေရာလက်ရာမယွင်း
အပျင်းပြေ သီချင်းကလေးတစ်ပုဒ်ကို ညည်းလို့။
[၁၊ ဇွန်၊ ၂၀၀၆]


မနက်ဖြန်အတွက် ကဗျာ

မနက်ဖြန်အတွက်
                  ကဗျာတစ်ပုဒ်
        ငါ ကြိုလုပ်ထားရမှာလား။

ငါ ဘယ်လိုလုပ်မှာလဲ
ငါ ဘာကြောင့်လုပ်မှာလဲ
        အလကားအပိုအလုပ်တွေ
                  ရှုပ်တယ်။

ရှုပ်တယ်ဟာ မရှင်းဘူး
မရှင်းဘူးဟာ ရှင်းရှင်းကလေး
ရှင်းရှင်းကလေးဟာ မနက်ဖြန်အတွက်ကဗျာလား
ရှင်းရှင်းကလေးကိုယူပြီး ငါ ရှုပ်ထားလိုက်မယ်။

(သိပ်အလုပ်မဟုတ်ဘူး)
[၂၊ ဇွန်၊ ၂၀၀၆]

မင်းထက်မောင်
ကဗျာပြောင်းပြန်/၂၀၀၆

Jul 27, 2010

စနေ နေ့တစ်ဝက် (၆)

နံရံထဲက အုတ်တစ်ချပ်
စက်ကြီးထဲက ခွေးသွားစိတ်တစ်ခု
ပရိုဂရမ်ထဲက ဖန်ရှင်တစ်ခု
ကမ်းခြေက သဲမှုန်တစ်ပွင့်
သန်းခြောက်ထောင်ထဲက လူသားတစ်ယောက်
ခွင့်ပြုပါ
စနေနေ့မှာတော့
ကျနော် ပျက်ကွက်ပါရစေ

သီဟသူ
၂၆၊ ၀၇၊ ၂၀၁၀

Jul 25, 2010

ဥဒါန်း

ဒုက္ခတွေက ကိုယ့်အပေါ်
မိုးသီးကျသလိုကျတယ်။
ရေထု
လေထုနဲ့
မြေထုအပေါ်တော့
မြူတစ်မှုန်တောင် မကျရအောင်
အရာရာကိုယ်မျိုချခဲ့ရ
တစ်ဘဝလုံးရုန်းပြီးမှ
တစ်လက်မပဲရွေ့လည်း ဘာအရေးလဲ
မိုးထဲရေထဲမှာ ကိုယ့်သွေးသားတွေကဆူပွက်မြဲ
အဝေးကချစ်သူရေ
မင်းရယ်သံက ကိုယ့်ရင်မှာ နေခြည်ဖြာတောက်ပမြဲ။ ။

ဝေးခေါင်
[ရနံ့သစ်]
ကောက်နှုတ်- စမန ၁၁၂၊ ကဗျာအလုပ်ရုံကလေး၊ အောင်ဝေး၊ ၂၀၀၃။

အညတရ

မျှစ်စို့တစ်ချောင်းရဲ့ဘဝက
တစ်ကြိမ်တစ်ခါပဲ အချိုးခံရတယ်။
ငါက တစ်ကြိမ်မက
အချိုးခံရ
နင်းဖဲ့အခြွေခံရတဲ့
ပန်းတစ်ပွင့်ပါ
အနာဂတ်ဝန်ထုပ်ဝန်ပိုးကြီးကိုလည်း
ထမ်းထားရသေး။
ခုချိန်မှာတော့
အိပ်တန်းပြန်တဲ့
ငှက်ကလေးကို ကြည့်ရင်းသာ
ဝမ်းနည်းမှုတွေ
ဖြေဖျောက်နေရတယ်။
ငါလည်း
မင်းတို့လို
တစ်ကိုင်းတည်း နားချင်လိုက်တာလေ။ ။

ဟယ်မောင်ရီ
[မြားနတ်မောင်]
ကောက်နှုတ်- စမန ၁၀၂၊ ကဗျာအလုပ်ရုံကလေး၊ အောင်ဝေး၊ ၂၀၀၃။

Jul 23, 2010

ပုံတူ

ငါ့လက်ထဲက
မာခဲတဲ့ စုတ်တံတစ်ချောင်းနဲ့
ငါ့စိတ်ရဲ့ အခွံပါးပါးမှာ ရေးဆွဲနေခဲ့တာ
ကွဲအက်နေတဲ့ ကမ္ဘာမြေကြီးပေါ့
သူ့အပေါ်မှာ
ပြေးလွှားနေတဲ့ ခြေရာတွေ
အပ်ကြောင်းထပ် ရှုပ်ပွနေခဲ့တယ်
မိုက်မဲမှုကို ခြေရာခံရင်း
မထင်မှတ်တဲ့ နွံထဲမှာ
လမ်းပျောက်နေတဲ့ငါ
အခု ဟစ်အော်နေမိပေါ့။ ။

စေတ
[ဟန်သစ်]
ကောက်နှုတ်- စမန ၉၃၊ ကဗျာအလုပ်ရုံကလေး၊ အောင်ဝေး၊ ၂၀၀၃။

Jul 22, 2010

အိပ်မက်သီးစား

ကျွန်တော့်ဘဝ ယာခင်းထဲ
နက္ခတ်တွေ စီးချင်းထိုး တလိမ့်လိမ့်ကြွေကျ
ဒီလိုနဲ့
ကြွေမွနေတဲ့ အိမ်ပြန်ချိန်ညချမ်းများ။
မျှော်လင့်ခြင်းရဲ့ စားမြိန်ထုပ်ကလေးထဲမှာ
မေတ္တာသင်္ကေတအက္ခရာ စာလုံးတွေ
ကျွန်တော်တို့ လယ်တောလေးက
မသီးမပွင့်ခဲ့ဘူးလား။
တစ်ရာသီစာမက
နှစ်ရာသီစာမက
နောက်ကျနေသူ မိတဆိုးလေးအတွက်တော့
တောခြောက်သံတွေ တစ်ရင်လုံး ညံခဲ့ပြန်ပေါ့။
အမေရေ...
အမေရေ...
အမေရေ...
အဲဒီကျွန်တော့်အော်သံလေး
ကူကယ်သူဝေးတဲ့ တံလျှပ်လွင်ပြင်ကြီးထဲ
ငှက်စာကျေးစာဖြစ်စေတော့။ ။

နိုင်ဝင်းမိုရ် (တလုပ်မြို့)
[မဟေသီ]
ကောက်နှုတ်- စမန ၆၃၊ ကဗျာအလုပ်ရုံကလေး၊ အောင်ဝေး၊ ၂၀၀၃။

အလွမ်းတေး

ငါပဲ ကျန်ခဲ့ရင်တော့
မင်းတို့ကို လွမ်းရတာပေါ့
ငါအရင်သွားရရင်တော့
မင်းတို့ လွမ်း၊ မလွမ်း အရေးမကြီးတော့ပါ
ဒီ အလွမ်းတေး ငါရေးထားခဲ့ပြီးပြီလေ

သီဟသူ
၂၂၊ ၀၇၊ ၂၀၁၀

Jul 20, 2010

လူစွမ်းကောင်း ကဗျာ

ကိုယ်မှ မစွမ်းတော့လည်း
လူစွမ်းကောင်း ကာတွန်းတွေဖတ်
လူစွမ်းကောင်း ဝတ္ထုတွေဖတ်
လူစွမ်းကောင်း ရုပ်ရှင်တွေကြည့်
လူစွမ်းကောင်းတို့သာ ရှင်သန်မယ့်လောက
လူစွမ်းကောင်းတို့သာ ကယ်တင်မှ ရမယ့် ကမ္ဘာလောက
စူပါမင်းကယ်ပါ
စပိုက်ဒါမင်းကယ်ပါ
ဒီလုံးကယ်ပါ
မောင်တီထွင်ကယ်ပါ
ဒီနေ့ တွတ်ပီ ကံမကောင်းလို့ပါ။

သီဟသူ
၂၀၊ ၀၇၊ ၂၀၁၀

ဓါတ်ပုံထဲက ငါတို့

ဝေးခဲ့ရ
ဝေးနေကြ
ဝေးနေရဦးမယ့် ငါတို့

အကြောင်းကြောင့် အကျိုးဖြစ်တယ်ဆိုပေမယ့်
ဒါဟာ တစ် ညီမျှခြင်း တစ် ကိစ္စမျိုးမဟုတ်ပေဘူး
ငါတို့မတတ်နိုင်တာတစ်ချို့
အတိတ်ကံကိုသာ ပုံချစို့ရဲ့

ကမ္ဘာကြီး ပိုမို ပူနွေးလာရတာ
ငါတို့ ရှိုက် ရှိုက် ထုတ်လိုက်တဲ့
သက်ပြင်းများကြောင့်ပဲလား

မပြေလည်တာပြောရရင်
အချစ်က အစ
ခေတ်
စနစ် အထိ
ငါတို့

ဟိုးတုန်းက စုပေါင်းဓါတ်ပုံထဲမှာတော့
ငါတို့ အားလုံး ပြုံးနေခဲ့ကြတယ်။

သီဟသူ
၁၈၊ ၀၇၊ ၂၀၁၀

Jul 18, 2010

တစ္ဆေဖြစ်ကြောင်း ဖော်ပြချက်

ဒါဟာ ပြောပြချက်တစ်ခု၊ ဘယ်လို ပြောပြချက်မျိုးလဲဆိုတော့ တစ္ဆေတစ်ကောင်ဖြစ်ကြောင်း ပြောပြချက်တစ်ခုပါ။ ကျွန်တော်ဟာ တစ္ဆေတစ်ကောင်ပါ။ I am a ghost ။ အကြောင်းကတော့ ကျွန်တော်ဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်က သေဆုံးခဲ့ပြီးဖြစ်လို့ပါပဲ။ ဥာဏ်ကြီးသူတွေအလိုအရ လူတစ်ယောက်ဟာ မျှော်လင့်ချက်မှမရှိတော့ဘူးဆိုရင် သူ့ဘဝဟာ သေဆုံးသွားတာနဲ့ အတူတူပါပဲတဲ့။ ကျွန်တော့်မှာ ဘာမျှော်လင့်ချက်မှမရှိတော့ဘူးလေ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းကပေါ့။ ဒါကြောင့် ကျွန်တော်ဟာ သေဆုံးသွားခဲ့ပြီဖြစ်တဲ့ လူတစ်ယောက်နဲ့ အတူတူပါပဲ။ မျှော်လင့်ချက်မရှိတော့တဲ့ လူတစ်ယောက်ဟာ သူလုပ်ချင်ရာတွေကို လုပ်ဆောင်သွားမယ်ဆိုရင် ကြောက်စရာကောင်းလိမ့်မယ်။ သိလား။ ဒါကြောင့် ကျွန်တော်ဟာ တစ္ဆေတစ်ကောင်ဖြစ်နေခဲ့ပြီ။ လမ်းလျှောက်နေတဲ့ သေဆုံးပြီးသော သူတစ်ယောက်ဟာ သေခြင်းတရားကို ကြောက်ရွံ့မှာ မဟုတ်တော့ဘူးလို့ ကျွန်တော်ထင်တယ်။ သူဘယ်ကိုများ သွားမှာပါလိမ့်။ ဘာတွေကိုများ လုပ်မှာပါလိမ့်။ သူ့လက်မောင်းမှာ စီးဆင်းနေတဲ့ သွေးတွေဟာ အနက်ရောင်တွေလို့ ကွှန်တော် ထင်တယ်။ ဒါဆို အမှောင်ထုထဲကို တိုးဝင်ဖို့လည်း သူငြင်းပယ်လိမ့်မယ်မထင်ဘူး။ အမှောင်ထုထဲမှာ နှစ်ရှည်လများ သွားလာနေခဲ့ပြီဆိုရင် အမှောင်ထုထဲက နားလည်ဖို့ခက်ခဲမယ့် ဇာတ်လမ်းတွေကို တစ်ချိန်မှာ သူသိလာလိမ့်မယ်။ သူကိုယ်တိုင်လည်း အမှောင်ထုထဲက ဇာတ်ဆောင်တစ်ယောက်ဖြစ်လာမှာပဲ။ ဒါပေမဲ့ ကျွန်တော်ဟာ အမှောင်ထုကို ကြောက်ရွံ့သူဖြစ်သလို အလင်းရောင်ကိုလည်း ရင်မဆိုင်ရဲသူတစ်ယောက်ပါ။ ကျွန်တော်ဟာ ပျော့အိအိကျောက်တုံးတွေရှိတဲ့ ကမ္ဘာမှာ နေထိုင်သူပါ။ ရည်ရွယ်ချက်ကြီးမားသူတွေ၊ မျှော်လင့်ချက်နဲ့ သွေးရောင်လွှမ်းနေတဲ့သူတွေဟာ ကျွန်တော့်ကမ္ဘာကိုဖြစ်ပြီး နေစဉ်လှုပ်ရှားသွားလာနေကြတာကို မြင်ရတယ်။ အဲဒီအချိန်မှာ သူတို့ကျွန်တော့်ကို မမြင်အောင် ကျွန်တော်ပုန်းနေရလေ့ရှိပါတယ်။ များသောအားဖြင့် ကျွန်တော်ရှိကြောင်း သူတို့သတိပြုမိလေ့မရှိကြပါဘူး။ ပျော့အိအိကျောက်တုံးတစ်တုံးကို သာမန်လူတစ်ယောက်တွေ့နိုင်ဖို့ကလည်း အလွန်ခက်ခဲလှတယ် မဟုတ်ပါလား။ တစ်ခါတစ်လေ ထရပ်ကားကြီးတွေ ဖြတ်မောင်းသွားကြတယ်။ တစ်ခါတစ်လေ လူတွေတန်းစီပြီး ရွေ့လျားသွားကြတယ်။ တစ်ခါတစ်လေမှာတော့ အသက်အရွယ် ကြီးရင့်ပြီး အိုမင်းနေသူ အဘိုးကြီးနှစ်ယောက်ဟာ ဖြည်းလေးအေးဆေးစွာဖြတ်ပြီး စကားတပြောပြောနဲ့ လျှောက်သွားကြတယ်။ ပျိုမျစ်တဲ့ လူငယ်ကလေး တစ်ယောက်ကတော့ ညားကာစ ဇနီးအသစ်စက်စက်ကို လက်ဆွဲပြီး တရွေ့ရွေ့လျှောက်သွားရဲ့။ သူဟာ ဦးခေါင်းကိုမော့လို့ နေမင်းကြီးရှိရာကိုကြည့်ပြီး ရွေ့လျားနေတယ်။ သူ့ဇနီးရဲ့ ဆံစတွေဟာ လေထဲမှာ ညင်ညင်သာသာလှုပ်ယမ်းနေတယ်။ ဒါပေမဲ့ သူတို့အားလုံးဟာ ကျွန်တော့်ကို တွေ့ရှိမသွားကြပါဘူး။ မျှော်လင့်ချက်မရှိတော့သူ တစ်ယောက်မှာ ခွန်အားတွေကျန်ရှိနေသေးရင် ကြောက်မက်ဖွယ်ကောင်းနိုင်ပေမယ့် ကျွန်တော်ကတော့ နာမကျန်းနေသူတစ်ဦးပါ။ အဲဒီနာမကျန်းမှုကပဲ ကျွန်တော့်ကို ထာဝရ စောင့်ရှောက်ခဲ့လေပေါ့။

နေမျိုး
၂၀၀၂၊ ၁၂၊ ၂၉

နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်

Jul 15, 2010

လေးလံသော အစိုင်အခဲများ

လေးလံသော အစိုင်အခဲများဟာ တဖြည်းဖြည်းချင်း နစ်မြုပ်နေကြတယ်။ သူတို့ဟာ လေးလံသော အစိုင်အခဲများဖြစ်တာကြောင့် ထမ်းပိုးထားရသူတွေကို တစ်နေ့မှာခါးကုန်းကြီးတွေ ဖြစ်လာစေတယ်။ ဒါ့အပြင် တစ်နေ့ထက်တစ်နေ့ ပိုမိုလေးလံလာတာကြောင့် ခုဆိုရင် အဲဒီအစိုင်အခဲကြီးတွေကို ထမ်းပိုးထာနိုင်သူ မရှိသလောက်ဖြစ်လာတယ်။ အဲဒီ ထမ်းပိုးထားနိုင်သူမရှိတဲ့ လေးလံသော အစိုင်အခဲများ တဖြည်းဖြည်း နစ်မြုပ်သွားရမှုဟာ ဖြစ်မြဲဓမ္မတာပါ။ တစ်ချိန်တုန်းကတော့ ကရိန်းကားကြီးတွေက လေးလံသော အစိုင်အခဲများကို မယူဖို့ ကြိုးစားခဲ့ကြဖူးတယ်။ နောက်ဆုံးမှာတော့ ကရိန်းကားကြီးတွေရဲ့ သံနဲ့လုပ်ထားတဲ့ မောင်းတံကြီးတွေဟာ ကွေးညွှတ်ကုန်ရတာပါပဲ။ လေးလံသောအစိုင်အခဲများဟာ ကရိန်းကားတွေက သူတို့ကို စွန့်ခွာသွားပြီးတဲ့နောက်မှာ တအိအိ နစ်မြုပ်လာခဲ့ကြတာပေါ့။ သင်ဟာ လေးလံသောအစိုင်အခဲများကို မြင်ဖူးပါစ။ လေးလံသောအစိုင်အခဲများအကြောင်းကို ကြားဖူးပါစ။ လေးလံသောအစိုင်အခဲများ ရှိခဲ့ဖူးတယ်ဆိုတာ အထောက်အထားခိုင်လုံစွာ ပြောပြနိုင်သူတွေ ကျန်ရှိနေပါသေးတယ်။ လေးလံသောအစိုင်အခဲများဟာ သူတို့အကြောင်းကို ကျွန်ုပ်တို့ စဉ်းစားတွေးတောခြင်း မပြုမိတဲ့အချိန်တွေမှာပဲ သူတို့ဟာတအိအိကျဆင်းနစ်မြုပ်မြဲ နစ်မြုပ်ဆဲ။ တကယ်တော့ လေးလံသော အစိုင်အခဲများဟာ ကျွန်ုပ်တို့ကမ္ဘာကို ပိုမိုလေးလံလာစေတာဖြစ်တယ်။ လေးလံသောအစိုင်အခဲများဟာ ကျွန်ုပ်တို့ကမ္ဘာရဲ့ လည်ပတ်လှည့်လည်မှုကိုလည်း နှေးကွေးလာစေတယ်ထင်ရရဲ့။ လေးလံသောအစိုင်အခဲများဟာ ကမ္ဘာပတ်လမ်းကြောင်းကို ပြောင်းလဲကောင်း ပြောင်းလဲစေလိမ့်မယ်။ သို့ပေမဲ့ နောက်ဆုံးတစ်နေ့မှာတော့ လေးလံတဲ့အစိုင်အခဲများဟာ မည်းမှောင်ပိတ်ပိန်းလဟာပြင်ထဲမှာ အဓိပ္ပယ်တစ်ခုနဲ့ ပေါလောမျောပါနေကြမှာပဲ။ မည်းမှောင်ပိန်းပိတ်တဲ့ လဟာပြင်ထဲမှာတော့ အားလုံးဟာ အဓိပ္ပာယ်တစ်ခုတည်း အားလုံး အတူတူပဲလေ။

နေမျိုး
၂၀၀၃၊ ၇၊ ၅

နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်

Jul 11, 2010

ကြယ်တွေငိုလျှင်

ကြယ်တွေငိုလျှင် ကျွန်တော်အိမ်ကို မပြန်ချင်တော့ပါ။ ကြယ်တွေငိုလျှင် ကျွန်တော်ဝမ်းနည်းသည်။ လမ်းများပေါ်မှာ ကျွန်တော် လျှောက်သွားမည်။ ခြေလှမ်းတွေရဲ့စေရာကို လိုက်ပါသွားတော့မည်။ ကောင်းကင်ဆီ မော့ကြည့်လိုက်လျှင် တရုတ်ဝတ္ထုတစ်ပုဒ်ထဲက ကြယ်တွေမှာ ဝမ်းနည်းဟန်ဖြင့် မှိုင်းရီနေကြသည် ဆိုသောစာသားကို အမှတ်ရလာတော့သည်။ ကြယ်တွေငိုလျှင် ကျွန်တော်ဝမ်းနည်းသည်။ ကျွန်တော့်ဇနီးသည် ကြယ်တစ်ခုဖြစ်သွားလျှင် မည်းမှောင်သော အာကာသဆီမှ ကျွန်တော့်ကို ငုံ့ကြည့်ကာ မျက်ရည်လည်နေပေလိမ့်မည်။ အကယ်၍ ဤစိတ်ကူး၏ ရူးနှမ်းမှုသာ မှန်ကန်ခဲ့ပါက ကျွန်တော်သည် ကလေးသုံးယောက်ကိုခေါ်ငင်ကာ အာကာသထဲသို့ လက်ညှိုးညွှန်၍ ဟိုမှာမြင်နေရတဲ့ကြယ်ဟာ သားတို့မေမေပေါ့ဟု ပြောမိပေလိမ့်မည်။ ခုတော့ကလေးတွေက သူတို့အဘိုးအဘွားနှင့် အိပ်မောကျနေရော့မည်။ ကြယ်တွေငိုလျှင် ကျွန်တော်အိမ်ကို မပြန်ချင်တော့ပါ။ ပြန်လာနိုင်မည့် ခရီးတစ်ခုဖြစ်လျှင် ကျွန်တော့်ဇနီးသည် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ကျွန်တော်တို့ထံ ပြန်လာပေလိမ့်မည်။ ဤသို့ပင် ကျွန်တော့်ကို ယုံကြည်စေသည်။ ညသည် မှိုင်းမှိုင်း ရီရီဝေဝေ။ လေတဟူးဟူးက ကျွန်တော့်ကိုယ်ခန္ဓာထဲနစ်ဝင်ကာ ထွင်းဖောက်တိုက်ခတ်သွားတော့သည်။ လမ်းများဟူသမျှ ဆုံးအောင်လျှောက်စမ်းချင်သည်။ နေ့များ၊ ညများ၊ သန်းခေါင်ယံများ၊ မွန်းတည့်များ ရောက်လာပေဦးမည်။ မြို့ဟောင်းဈေးဘက်သို့ ကျွန်တော့်ကို သယ်ဆောင်ပါ။ ထပ်၍ လိုက်စမ်းပါရစေ။ နှစ်များစွာ ....... ။

နေမျိုး
၂၀၀၃၊ ၆၊ ၂၄


နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်

Jul 10, 2010

သူအဝေးကို ပျံသန်းသွားတယ်

သူတို့အားလုံး ဝင်္ကပါထဲမှာ နေထိုင်ကြတယ်။ သူတို့ အဖေ၊ သူတို့ အဘိုး၊ အဘွား၊ သူတို့ဘိုးဘေးတွေလည်း ဝင်္ကပါထဲမှာပဲ နေထိုင်လာခဲ့ကြတယ်။ ဝင်္ကပါဆိုတာ ကျယ်ဝန်းကောက်ကွေ့ပြီး ဒီနေရာကိုပဲ ပြန်ပြန် ရောက်တတ်တယ်ဆိုတာ သူတို့ကလေးဘဝကတည်းက သိထားခဲ့ကြပြီ။ နောက်ထပ် သူတို့သိထားတဲ့ အသိတစ်ခုကတော့ ဝင်္ကပါဆိုတာ မြို့တစ်မြို့ရဲ့ အမည်ဖြစ်တယ်ဆိုတာပေါ့။ သူတို့ဟာ သူတို့မြို့ကို ချစ်ကြတယ်လေ။ သူတို့မြို့ဟာ အလွန်ထူထဲတဲ့ သတ္တုနံရံတွေနဲ့ တည်ဆောက်ထားတာပေါ့။ ဒါကိုသူတို့ ဂုဏ်ယူကြတယ်။ လူတစ်ယောက် သူ့အိမ်ကထွက်ပြီး လမ်းလျှောက်လိုက်တာနဲ့ ဝင်္ကပါထဲ ရောက်သွားတော့တာပဲ။ သူဟာ တော်တော်နဲ့ အိမ်ကို ပြန်မရောက်တော့ဘူး။ ဒီလို သာဓကတွေဟာ သူတို့မြို့မှာ အများကြီး ရှိခဲ့ဖူးတာပေါ့။ တချို့လူငယ်တွေက ဝင်္ကပါဟာ ဘယ်လောက်ကျယ်လေမလဲလို့ စူးစမ်းကြတယ်။ သူတို့ဟာ ကွန်ပါဘူးတွေ၊ အဝေးကြည့် မှန်ပြောင်းတွေ၊ သံလိုက်အိမ်မြှောင်တွေနဲ့ စူးစမ်းမှုခရီးစဉ်ကို စတင်ထွက်ခွာလာခဲ့ကြတယ်။ သူတို့ဟာလည်း ဝင်္ကပါထဲကို ရောက်သွားကြတာပါပဲ။ အကြောင်းက သူတို့ကိုယ်တိုင်ဟာ ဝင်္ကပါထဲမှာ နေထိုင်ကြတာကိုး။ စူးစမ်းစွန့်စားသူ လူငယ်တွေဟာ သူတို့အမည်တွေကို သတ္တုနံရံတွေမှာ ရေးထိုးထားခဲ့ကြတယ်။ သူတို့စူးစမ်းမှုဟာ အချက်အလက်တွေ ဘယ်လောက်ရပြီလဲ။ သူတို့စွန့်စားမှုဟာ ဘယ်လောက်အောင်မြင်ပြီလဲ။ သူတို့ဘယ်တော့ အိမ်ပြန်ရောက်ကြမလဲဆိုတာ ဘယ်သူမှ သေသေချာချာ ပြောမပြနိုင်ကြဘူး။ သတ္တုနံရံနဲ့ တည်ဆောက်ထားတဲ့ မြို့တစ်မြို့ဟာ လမ်းတစ်လျှောက်မှာ တိမ်းမူးဖွယ် ဆွဲဆောင်မှုတွေကလည်း များလှပေသကိုး။ မြို့ကိုကာရံထားတဲ့ သတ္တုနံရံကြီးရဲ့ အပြင်ဖက်မှာ ဘာတွေရှိမလဲလို့ လူငယ်တွေဟာ အသက် (၂၀) အရွယ်မှာ မေးလေ့ရှိကြတယ်။ ဒါပေမဲ့ သူတို့ ဒီထက်ပိုပြီး ကြီးပြင်းသွားကြတဲ့အခါ သူတို့မေးခွန်းကို သူတို့မေ့သွားကြတော့တာပဲ။ အဲဒီမေးခွန်းကို မေးရင် လူကြီးသူမတွေက မကြိုက်ကြဘူး။ မတတ်သာတဲ့အဆုံးမှ သူတို့ဖြေကြရဲ့။ သူတို့အဖြေကတော့ သတ္တုနံရံကြီးရဲ့ ဟိုတစ်ဖက်မှာ မည်းမှောင်ပြီး သိပ်နက်တဲ့ ချောက်ကမ်းပါးကြီးတွေသာ ရှိတော့သတဲ့။ တစ်နေ့မှာတော့ လူငယ်လေးတစ်ယောက်ဟာ ခွေးကလေးတစ်ကောင်နဲ့ ဝင်္ကပါထဲကို ရဲရဲတင်းတင်း ထွက်ခွာလာတယ်။ သတ္တုနံရံတွေပေါ်က အမည်နာမတွေကို ဖတ်တယ်။ သူ့မှတ်တမ်းစာအုပ်ထဲမှာ မြေပုံကြမ်းတွေ ရေးဆွဲတယ်။ ညအခါ အလွန်အမင်း အေးစက်လာတဲ့ သတ္တုနံရံကြီးတွေကို ပူနွေးလာအောင် သူ့ကိုယ်ခန္ဓာနဲ့ ပွတ်တိုက်တယ်။ သတ္တုနံရံကြီးရဲ့ ဟိုတစ်ဖက်မှာ သူပုံဖော်ထားတာထက် ပိုပြီးကောင်းမွန်ပြည့်စုံတဲ့ အသစ်တစ်ခုရှိမယ်လို့ သူက ယုံသူဖြစ်ပါတယ်။ တစ်ခါက လူငယ်လေးတစ်ယောက်ဟာ အတောင်ပံတွေပေါက်လာပြီး အဝေးကို ဟိုးအဝေးကြီးကို ပျံသန်းသွားတယ်လို့ လူကြီးသူမတွေက နောင်အခါမှာ ပြောစမှတ်ပြုကြတယ်။ သူ့ရဲ့ ခွေးကလေးကတော့ ဒီနေ့အထိ ဝင်္ကပါထဲမှာ မဆုံးနိုင်အောင် လှည့်လည်ရင်း ကျန်ရစ်တော့ရဲ့။

နေမျိုး
၂၀၀၂၊ ၁၀၊ ၁
ည ၁၀ နာရီ ၅ မိနစ်အလို

နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်

Jul 9, 2010

ဝါး

သမီးလေး
လောကကြီးကို စတင်နှုတ်ဆက်တော့
ဝါး

မေ့မေ့ကိုလှမ်းပြီး
သမီးလေးပြောတာ
ဝါး

ဖေဖေခေါ်တော့
သမီးလေးပြန်ပြောတာ
ဝါး

ဘွားဘွားကြီးမြူတော့
သမီးလေးပြုံးပြတာ
ဝါး

ဘိုးဘိုးကြီးကိုချီပါလို့
သမီးလေးပြောတာ
ဝါး

နို့နို့ဆာတော့
သမီးလေးပြောတာ
ဝါး

အနှီးမှာသေးစိုတော့
သမီးလေးပြောတာ
ဝါး

အိပ်ချင်ပြီဆိုရင်လည်း
သမီးလေးပြောတာ
ဝါး

စမ်းတဝါးဝါးခေတ်ကြီးထဲ
တဝါးဝါးအော်နေတဲ့သမီးလေးကို
တဝါးဝါးသမ်းနေတဲ့ဘွားဘွားကြီးက
လွှဲသိပ်ပေးနေရင်း
သမီးလေးရေ
တူ တူ ရေ
ဝါး

သီဟသူ
၎၊ ၇၊ ၂၀၁၀။

Jul 7, 2010

ငှက်

ကျွန်တော် အိပ်ပျော်နေစဉ်မှာပင် ငှက်ဟာ ကျွန်တော့်ကို ချီသွားတယ်။ လေတွေ တဟူးဟူးတိုက်ခတ်နေတာကို သိသိသာသာခံစားရတော့ ကျွန်တော်နိုးလာတယ်။ နိုးလာတော့ ကျွန်တော်ဟာ မြေပြင်ရဲ့ အမြင့်ထက်ဆီမှာရောက်နေလေတော့တယ်။ တိမ်တိုက်တွေက ကျွန်တော့်ဘေးကနေ ဖြတ်သွားကြတယ်။ ကျွန်တော့်ဦးခေါင်းကို ငဲ့စောင်းပြီး မော့ကြည့်လိုက်တော့ ငှက်ကို တွေ့ရတယ်။ သူဟာ ငှက်ပါ။ ဘာကြောင့်လဲဆိုတော့ သူ့မှာ အတောင်ပံနှစ်ဖက်နဲ့။ သူ့ဦးခေါင်းမှာ နှုတ်သီးပါရှိလို့ပါပဲ။ ငှက်ဟာ သိပ်တော့ အရွယ်အစားမကြီးဘူး။ အတောင်ပံတွေကတော့ သန်စွမ်းပုံပါပဲ။ ဒါကြောင့်လည်း သူဟာ ပြောပလောက်အောင် မကြီးထွားပဲနဲ့ ကျွန်တော့်ကို မချီသွားနိုင်တာပေါ့။ အတောင်ပံတွေက အစိမ်းရောင်ပါ။ အဲဒီအစိမ်းရောင်အတောင်ပံတွေဟာ လေထဲမှာ တအိအိနဲ့ ဖျပ်ခနဲဖျပ်ခနဲ လှုပ်ခတ်ကာ လေးလေးနဲ့မှန်မှန် ရွေ့လျားနေလေတယ်။ ကျွန်တော့်ခန္ဓာကိုယ်ကတော့ ငှက်ရဲ့မြဲမြံစွာကုပ်ထားတဲ့ မီးခိုးရောင် ခြေထောက်နှစ်ဖက်ထဲမှာပါ။ ကျွန်တော့်ခြေတွေလက်တွေဟာ လေထဲမှာလွတ်နေပြီး ကိုယ်ခန္ဓာကတော့ မှောက်လှက်အနေအထားနဲ့ ရွေ့ပါနေတာပေါ့။ ငှက်ဟာ သူ့ရဲ့ အတောင်ပံတွေကို ဖျပ်ခနဲ ဖျပ်ခနဲ လေးလေးနဲ့မှန်မှန်ခတ်ကာ ကျွန်တော့်ကို ချီယူသွားလျက်ပဲ။ ငှက်ဟာ တစ်ခါတစ်ခါ အောက်ကိုနိမ့်ဆင်းသွားလိုက်၊ အထက်ကို တအိအိပြန်တက်လိုက်နဲ့ ရွေ့လျားနေပါတယ်။ နှုတ်သီးကလည်း တစ်ချက်တစ်ချက် ဂဲ ... ဂဲ ... နဲ့ အော်မြည်သံ ထွက်ပေါ်လာတတ်ပါတယ်။ ငှက်ရဲ့ မြဲမြံလှတဲ့ခြေထဲမှာ ကျွန်တော်ဟာ ညင်သာစွာပါရှိနေလျက်ပါပဲ။ အောက်မှာဘုရားရှိခိုးကျောင်း ချွန်ချွန်ကလေးတွေ၊ မီးခိုးတလူလူထွက်နေတဲ့ စက်ရုံကလေးတွေ၊ နေရောင်ထိမှန်ပြီး တောက်ပစူးလက်နေတဲ့ စေတီငယ်တွေကို အပေါ်စီးကနေ မြင်နေရတယ်။ သစ်ပင်ကြီးတွေကိုလည်း ချုံပုတ်ပုပုလေးတွေလို မြင်ရတယ်။ ဟိုတစ်ဖက်မှာ မြစ်ဟာ ဖြူလဲ့လဲ့ မျဉ်းတွန့်ကလေးတစ်ခုလို မြင်ရတယ်။ တဖြည်းဖြည်းချင်းရွေ့နေတဲ့ သင်္ဘောလေးတစ်စင်းကိုလည်း မြင်ရတယ်။ သင်္ဘောလေးတစ်စင်းထဲမှာ အင်မတန် သေးကွေးတဲ့ လူကလေးတွေလည်း ပါရှိမှာပေါ့။ ဝေဟင်အမြင့်က မြင်တွေ့ရတာဆိုတော့ လူသားရဲ့ ခန္ဓာကိုယ်တည်ဆောင်မှုဟာ အလွန် သေးကွေးလှတယ်လို့ ထင်မှတ်ရပါတော့တယ်။ လေကတဟူးဟူး တိုက်ခတ်နေလျက်ပဲ။ ဝေဟင်ခရီးဟာ ရင်ဖိုစရာကောင်းပြီး လေကောင်းလေသန့်ကို တဝကြီး ရှူသွင်းခွင့်ရခဲ့တယ်။ ငှက်ဟာ ဂဲ ... ဂဲ ... နဲ့ အော်မြည်လိုက်ပြန်တယ်။ သူ့အတောင်ပံတွေကို တအိအိ လှုပ်ရှားကာ ဖျပ်ခနဲ ဖျပ်ခနဲ ခတ်ရင်း ပျံသန်းလျက်ပဲ။ အစိမ်းရောင် အတောင်ပံကြီးတွေ ဖြန့်ကားသွားတဲ့အခါ ကျွန်တော့်ကို အရိပ်မိုးပေးထားသလိုဖြစ်ပြီး အေးမြသွားစေတယ်။ စေတီ၊ ဘုရားရှိခိုးကျောင်း၊ စက်ရုံအဆောက်အအုံတွေကို လွန်မြောက်လာတဲ့အခါ အောက်ဖက်မှာ ပင်လယ်ကြီးတစ်ခု ပေါ်လာလေတော့တယ်။ ပင်လယ်ကြီးဟာ စိမ်းလို့၊ မှိုင်းလို့၊ ညို့လို့။ ထိုးကျနေတဲ့ နေရောင်ထဲမှာ လှိုင်းတွေဟာ တောက်ပနေကြတယ်။ အဲဒီတောက်ပနေတဲ့ လှိုင်းတွေထက်မှာ ငှက်ရဲ့ အရိပ်ဟာ ထင်ဟပ်ပြီး ရွေ့လျားနေလေရဲ့။ ငှက်ဟာ ပျံသန်းရင်း အောက်ဖက်ကို နိမ့်ဆင်းလာခဲ့တယ်။ ပင်လယ်ရေပြင်အထက် ခပ်ဝေးဝေးဆီကနေ တရိပ်ရိပ် နိးကပ်လာခဲ့တာပေါ့။ အဲဒီမှာ ရေသူမနဲ့ ကျွန်တော် ဆုံခဲ့ရတာပေါ့။ ရေသူမဟာ မဟူရာဆံပင်ကို ဖားလျားချထားတယ်။ အသားအရေက ဝင်းလဲ့စိမ်းဖန့်ပြီး ခန္ဓာကိုယ်သွင်ပြင်က စိတ်လှုပ်ရှားဖွယ်အတိ ပြီးပါတယ်။ ကျွန်တော် တွေ့ကြုံခဲ့ရတာတွေကို ဒီလောက်ပဲ ပြန်ပြောပြနိုင်ပါတယ်။ ကြာခဲ့ပါပြီ။ ကျွန်တော်ဟာ ငှက်ကို မကြာမကြာ သတိရနေမိတုန်းပဲ။

နေမျိုး
၂၀၀၃၊ ၄၊ ၅


နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်

Jul 6, 2010

အိမ်ပြေး

ကျွန်တော် အိမ်ကို မပြန်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်အိမ်ကို မပြန်ချင်တော့လို့ပါပဲ။ ကျွန်တော်အိမ်ကို မပြန်တော့ဘူး။ ဒီနေရာဟာ သိပ်ကောင်းတာပဲ။ ကမ္ဘာကြီးကို အပေါ်စီးကနေမြင်ရတယ်။ ချောကလက်နဲ့ ကုလားအုတ်နို့တွေလည်း လတ်လတ်ဆတ်ဆတ်ရတယ်။ ကျွန်တော်အိမ်ကိုမပြန်တော့ဘူး။ ဒီလိုမှန်အိမ် အလင်းပျပျကို ကျွန်တော်သိပ်ကြိုက်တာပဲ။ ကြည့်ပါဦး ညနေခင်းဆည်းဆာပင်လယ်ထဲမှာ ငါးမန်းတွေကူးခပ်လူးလာလုပ်နေကြတာကို မှန်ပြောင်းကနေမြင်နေရတယ်။ အာကသထဲမှာ နက္ခတ်ကြယ်တာရာတွေ လှည့်လည်နေကြပုံကိုလည်း မြင်ရတယ်။ ကျွန်တော်အိမ်ကိုမပြန်တော့ဘူး။ ဒီမှာရှိတဲ့ဓားတွေဟာ အားလုံးသိပ်ထက်ကြတာပဲ။ ဘယ်လောက်ကျေနပ်ဖို့ကောင်းသလဲ။ ပျားရည်အိုးထဲမှာ ပျားရည်ဟာ အဖိုးတန်သတ္တုရည်လို စေးပိုင်ပျစ်နှစ်လို့။ ပြတင်းပေါက်ကိုဖွင့်လိုက်ရင် သန့်စင်တဲ့လေဟာ ဒီနေရာမှာ တဟူးဟူး တိုက်ခတ်လို့။ ဥယျာဉ်ထဲက သစ်သီးတွေဟာ ဒီနေရာကို နေ့စဉ်နံနက်တိုင်း ရောက်ရောက်လာခဲ့ကြတယ်။ ကျွန်တော်ကြိုက်နှစ်သက်တဲ့ စွန်ပလွံသီးတွေ အပါအဝင်လေ။ လေ့ကျင့်ထားတဲ့ သိမ်းငှက်ကြီးတွေဟာ ဟိုးအောက်တစ်ခုခုပါလာနိုးနဲ့ ငေးချင်ငေးနေပေလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်အိမ်ကို မပြန်တော့ဘူး။ မေမေ့အတွက် ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ မေမေကလည်း ကျွန်တော့်အတွက် ဆုမွန်ကောင်းတွေတောင်းနေတယ် မဟုတ်လား။ တစ်ခါတုန်းက လူပေလူတေလေးတစ်ယောက် သူ့အိမ်ကနေအဝေးကြီးဆီ ထွက်ခွာသွားခဲ့တယ်ဆိုတာ သတိရတိုင်းပြောနေကြမှာပဲ။ မေမေ ကျွန်တော်အိမ်ကိုမပြန်တော့ဘူး။ ခွင့်လွှတ်ပါ။ ဓားလှံအတတ်၊ လေးမြားအတတ်၊ စစ်လက်နက်အတတ်တို့ကို ကျွန်တော်တတ်မြောက်ခဲ့ပြီ။ ညအခါ လပြည့်ဝန်းရဲ့ပေါ်ထွက်ရာကို ကျွန်တော်သိခဲ့ပြီ။ ရှေးသူဟောင်းတို့ရဲ့ လင်္ကာပုံဝတ္ထုတွေကို ကျွန်တော်ဖတ်ရှုခဲ့ပြီ။ ဝိုင်အရက်ရဲ့အရသာကို ခံစားတတ်ခဲ့ပြီ။ ဟောဒီ အမိုးခုံးကမ္ဘာမြေအဝှမ်းမှာ လူသားဟာ အစွမ်းအထက်ဆုံးဆိုတာ ကျွန်တော်သိခဲ့ပြီ။
            လာလော့ ... လုလင်
            ဧကရီထိပ်ထားသည် အတွင်းဆောင်မှနေ၍ လက်ဆန့်တန်းကာ ခေါ်ငင်လိုက်သည်။ အတွင်းဆောင်မှာ ဆီမီးငြိမ်းခဲ့ပြီ။ နံ့သာသင်းခဲ့ပြီ။ ညဥ့်ဝတ်ရုံလွှာမှာ နူးညံ့လွန်းရကား ကော်ဇောကြမ်းပြင်ထက်သို့ တအိအိလျောကျသွားသံကို ကျွန်ုပ်တို့ မကြားလိုက်ရဘူးမဟုတ်လား။

နေမျိုး
၂၀၀၃၊ ၃၊ ၃၀


နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်

Jul 5, 2010

အစပြုခြင်း

အစပြုခြင်းဟာ သူ့ရှေ့မှာ ဘာမှမရှိဘူး။ တကယ်တော့ သူဟာ ရေမြှုပ်ကလေး တစ်ခုပါပဲ။ သူဟာ ရေမြှုပ်ကလေးတစ်ခုအဖြစ်နဲ့ ကမ္ဘာသစ်စေဖို့ ရောက်ရှိလာခဲ့တယ်။ အစပြုခြင်းဟာ သူ့ရှေ့မှာ ဘာမှမရှိဘူး။ သူဟာ ရေမြှုပ်ကလေးတစ်ခုမျှ။ ရေထဲမှာ နိမ့်ချည်မြင့်ချည်နဲ့ တလှုပ်လှုပ်။ အံ့ဖွယ်အသက်ဇီဝဟာ သူ့ဆီမှာ ကိန်းဝပ်တော်မူလေတယ်။ ဆဲလ်တစ်ခုထဲရှိတဲ့ သက်ရှိကလေးဟာ ရေထဲမှာရွေ့မျောရင်း ကမ်းစပ်မှာ မတော်တဆ တွယ်ငြိမိတယ်။ ကမ္ဘာမြေပေါ်မှာ သေခြင်းတရားရယ်လို့ မရှိသေးတဲ့ အချိန်မှာလေ။ သူဟာ ကမ်းစပ်မှာ တွယ်ငြိခဲ့တယ်။ သူဟာ အပင်လား။အကောင်လား ခွဲခြားလို့မရသေးဘူး။ ဒါပေမဲ့ သူဟာ အသက်ဇီဝကို ပထမဆုံးပိုင်ဆိုင်ခွင့် ရခဲ့သူပါကွာ။ သူဟာ ရှင်သန်ခြင်း အသက်ဓာတ်ကို ယူဆောင်နိုင်ခဲ့တယ်။ ကမ္ဘာသစ်စေဖို့။ အသက်ဓာတ်တွေနဲ့ ကမ္ဘာမြေကြီးနိုးထလာစေဖို့။ ပြောင်ချောချော ကျောက်တုံးတွေနား သူရောက်သွားလိုက်၊ စိုစွတ်စွတ်မြေသားနား သူရောက်သွားလိုက်၊ ရေစီးထဲမှာ မျောပါသွားလိုက်နဲ့ပေါ့။ သူဟာ ကမ်းစပ်မှာငြိတွယ်ခဲ့တယ်။ ဓာတ်ကြီးလေးပါးဟာ သူ့နံဘေးမှာ ဝန်းရံခဲ့တယ်။ ဒါဟာ လွန်ခဲ့သောနှစ်ပေါင်း အသိန်းအသန်းက ပုံပြင်တစ်ပုဒ်ပါ။ ရေမြှုပ်ကလေးတစ်ခု ရှိခဲ့တယ်။ သူဟာ ကမ္ဘာကိုသစ်စေဖို့ အစပြုခဲ့တာပေါ့။ သူ့ကိုယ်ခန္ဓာတစ်ဝက်က ကုန်းမြေပေါ်ကို တက်ရောက်လာပြီး၊ သူ့ကိုယ်ခန္ဓာကိုယ် တစ်ဝက်က ရေထဲမှာ ဆက်လက်ကူးခပ်လာခဲ့တယ်။ ကမ္ဘာမြေပေါ်မှာ သေခြင်းတရားရယ်လို့ မရှိသေးတဲ့အချိန်ကလေ။

နေမျိုး
၂၀၀၂၊ ၉၊ ၂၈
ည ၁၀း၀၅ နာရီ

နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်

Jun 30, 2010

ဟယ်လိုမေမေ

သူသည် တယ်လီဖုန်းစကားပြောခွက်မှတစ်ဆင့် လှမ်း၍ခေါ်လိုက်သည်။ တစ်ဖက်မှထူးသံ မကြားရသေး။ သူက ထပ်မံ၍ ခေါ်လိုက်ပြန်သည်။ မေမေ ... ဟယ်လိုမေမေ ... ။ သူ့အသံသည် တယ်လီဖုန်းဝိုင်ယာကြိုးမှတစ်ဆင့် အခြားတစ်ဖက်သို့ ရောက်ရှိသွားခဲ့ပေပြီ။ ဘယ်သူလဲ။ တစ်ဖက်မှ ထူးသံကြားရ၏။ ဟယ်လိုမေမေလား ... ကျွန်တော်ပါ။ သူကအားတက်သရော ပြန်ပြောလိုက်သည်။ သူ့အသံက နူးညံ့နေသည်။ ဘယ်ကကျွန်တော်လဲ။ မင်းဘယ်သူ့ဆီ ဆက်နေတာလဲ။ ငါမင်းမေမေ မဟုတ်ဘူး။ တစ်ဖက်မှ စကားသံကို သူသေသေချောချာကြားလိုက်ရသည်။ ဒါပေမဲ့ သူအားမလျှော့ပါ။ မေမေ ... ကျွန်တော်ပါ။ မေမေနဲ့စကားပြောဖို့ ကျွန်တော် စောင့်မျှော်နေခဲ့တာ ဘယ်လောက်ကြာမြင့်ခဲ့ပြီ ထင်သလဲ။ မေမေ ... နေကောင်းရဲ့လား။ သူသည် စကားပြောခွက်ကိုကိုင်ကာ အငမ်းမရပြောချလိုက်သည်။ တစ်ဖက်မှ စကားသံ တိတ်သွားပြန်သည်။ သူက တယ်လီဖုန်း စကားပြောခွက်ကို ကိုင်ကာ တစ်ဖက်မှစကားသံကို ငံ့လင့်နေသည်။ မေမေ ကျွန်တော်ပြောနေတာကြားရဲ့လား ပြောပါဦး။ သူက ထပ်မံ၍ပြောလိုက်ပြန်သည်။ မေမေ ကျွန်တော့်ကို စိတ်ဆိုးနေတုန်းပဲလား။ ဤတစ်ကြိမ်တွင်တော့ တစ်ဖက်မှ စကားသံ ပြန်လည်စီးဝင်လာခဲ့သည်။ ဘယ်က မေမေလဲ။ မင်းဖုန်းမှားနေပြီကွ။ ငါဟာဘယ်တုန်းကမှ ဘယ်သူ့ မေမေမှ မဖြစ်ခဲ့ဖူးဘူး။ မင်းကို ရှင်းအောင်ပြောရရင် ငါဟာ ဘဝမှာ တစ်ကြိမ်တစ်ခါမှလည်း အိမ်ထောင်မပြုခဲ့ဖူးဘူး။ ဒါပဲ။ သူသည် စိတ်ပျက်လက်ပျက်ဖြင့် ဦးခေါင်းကို ခါယမ်းလိုက်သည်။ မေမေညာနေတာ ... သူက အော်ပြောလိုက်သေးသည်။ သို့သော် သူ့စကားသံကို တစ်ဖက်မှ မကြားနိုင်တော့ပါ။ ဖုန်းချသွားပြီဖြစ်သည်။ သူသည် တီးတိုးရေရွတ်ကာ ဖုန်းကို ပြန်ချလိုက်သည်။ ဒီတစ်ယောက်ကလည်း မေမေမဟုတ်ဘူးတဲ့။ ဖုန်းချသွားပြန်ပြီ။ သူသက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။ တယ်လီဖုန်းအစောင့်က သူ့ကို နားမလည်နိုင်သလိုကြည့်နေသည်။ ကျွန်တော်နောက်တစ် Call ခေါ်မယ်။ သူက စိတ်အားထက်သန်လာဟန်ဖြင့် တယ်လီဖုန်းအစောင့်ကို ပြောလိုက်သည်။ တယ်လီဖုန်းအစောင့်က ဘယ်ကိုလဲ မြို့တွင်းလား၊ နယ်ဝေးလားဟု မေးမြန်းလိုက်သည်။ နယ်ဝေး ... ဟုတ်တယ် နယ်ဝေးခေါ်မယ်။ သူ့အဖြေကိုကြားတော့ တယ်လီဖုန်းအစောင့်က ဘယ်နံပါတ်လဲဟုမေးလိုက်သည်။ သူကစိတ်ရှုပ်သွားဟန်ဖြင့် ဘာလို့ဒီလို ကျွန်တော့်ကိုမေးရတာလဲ။ ဒါဟာ ကျွန်တော်ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး ပြဿနာပဲဆိုတာ ခင်ဗျားသိဖို့ ကောင်းတာပေါ့။ ဒီမှာခင်ဗျာ ... ဒီဖုန်းကနေခေါ်လို့ရမယ့် နယ်ဝေးဖုန်းနံပါတ်တွေ ဘယ်လောက်များများ ရှိမလဲ။ ကျွန်တော် အားလုံးကို ခေါ်မယ်။ ကျွန်တော့်မေမေနဲ့ စကားပြောရမှဖြစ်မှာ။ မေ့မေ့ကို ကျွန်တော် အဆုံးအရှူံးခံလို့မဖြစ်ဘူး။ လုပ်စမ်းပါဗျာ။ မေမေ နယ်ဝေးမြို့တစ်မြို့ ရောက်နေတာဖြစ်မယ်။ ခင်ဗျားခေါ်လို့ရမယ့် နံပါတ်တစ်ခုခု အရင်မြန်မြန်ခေါ်ပေးပါ။ ကျွန်တော့်မှာ အချိန်သိပ်မကျန်တော့ဘူး။ (သူနာရီကို တစ်ချက်ငုံ့ကြည့်လိုက်သည်။) မေမေ့ကို အရေးကြီးတဲ့စကား ပြောစရာတွေရှိတယ်။ သူသည် မရပ်မနားပြောချလိုက်သည်။ တယ်လီဖုန်းအစောင့်က သူ့ကိုကြည့်ကာ ဖုန်းနံပါတ်တစ်ခုကို နှိပ်လိုက်ပါသည်။ ထိုဖုန်းနံပါတ်မှာ ကျွန်ုပ်တို့ သိဖို့ မလိုပါ။ ဆေးရုံတစ်ရုံ သို့မဟုတ် ရဲစခန်း သို့မဟုတ် မီးသတ်ဌာနတစ်ခု သို့မဟုတ် ရုပ်ရှင်ရုံတစ်ရုံ သို့မဟုတ် ဘုရားရှိခိုးကျောင်းတစ်ကျောင်း သို့မဟုတ် ဟောလီးဝုဒ်က ဖုန်းနံပါတ်တစ်ခုခု ဖြစ်ချင်ဖြစ်မှာပေါ့။ ဟယ်လို မေမေ ... ။

နေမျိုး
၂၀၀၃၊ ၃၊ ၂၂

နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်

Jun 29, 2010

အပေါင်ဆိုင်

နေ့လယ်ခင်းက တိတ်ဆိတ်ငြိမ်သက်၍ ပူပြင်းနေပေသည်။ ယခု အချိန်တွင် သစ်ရွက်ကလေးတစ်ရွက်ဖြစ်စေ လှုပ်နေဖို့ကောင်းသည်။ သို့ရာတွင် ပူပြင်းငြိမ်သက်သော လေထုထဲ၌ အရာအားလုံးရပ်တန့်နေသလိုပင် ထင်မှတ်ရပါသည်။ မျဉ်းဖြောင့်သဏ္ဌာန်ငြိမ်သက်နေသော ဓာတ်တိုင်များ၊ မျဉ်းလဲသဏ္ဌာန် သွယ်တန်းသွားသောဝိုင်ယာကြိုးများ။ ကဖေးဆိုင် မီးခိုးခေါင်းတိုင်မှာ ငေါငေါကြီးထိုးထွက်ကာ ယနေ့မှမီးခိုးငွေ့ပျံ့လွင့်ခြင်းမရှိ ဖြစ်နေသည်။ (မှတ်ချက်-အကြောင်းတစ်စုံတစ်ရာကြောင့် ကဖေးဆိုင်ပိတ်ထားပါသည်။) ငြိမ်သက်နေသော လမ်းမပူပူ၏တစ်ဖက်တွင်ရှိ အပေါင်ဆိုင်ကလည်း ငြိမ်သက်လျက်။ ယုတ်စွအဆုံး ခွေးတစ်ကောင်ပင်လျှင် ငြိမ်သက်လျက် ယုတ်စွအဆုံး အပေါင်ဆိုင်ကောင်တာပေါက်၏ အောက်ခြေတွင် ဝပ်နေသောခွေးတစ်ကောင်ပင်လျှင် ငြိမ်သက်လျှက်။ ငြိမ်သက်ခြင်းသည် ကျင့်သားရလာကာ ပို၍ငြိမ်သက်လာသလိုပင်။ အပေါင်ဆိုင်၏ အတွင်းပိုင်း ခပ်မှောင်မှောင်အခန်းထဲတွင် အပေါင်ဆိုင်ပိုင်ရှင်သည် ကုလားထိုင်တစ်လုံးပေါ်တွင် သူ၏ ဝဖိုင့်ဖိုင့်ခန္ဓာကိုယ်ကြီးကို ပုံတင်ကာ ငြိမ်သက်နေလေသည်။ ခပ်မှောင်မှောင်အတွင်းခန်းထဲမှာပင် ဖြစ်လင့်ကစား သူ့ဦးခေါင်းထက်ဆီတွင် သက္ကလတ်ဦးထုပ်ကို ဆောင်းထားလေသည်။ မည်သည့်နေရာ မည်သည့်အချိန်ပင်ဖြစ်စေ သူ့အနေနှင့် ဦးထုပ်ကို ဆောင်းထားဖို့လိုအပ်သည်။ အကြောင်းမှာ သူ၏ ထိပ်ပြောင်ပြောင်ပေါ်တွင် ဆံပင်တချို့ ကျိုးတိုးကျဲတဲပေါက်ကာ အရုပ်ဆိုးသောဦးခေါင်းကို လူတွေမတွေ့မြင်နိုင်ရန်ဖြစ်သည်။ ထိုသို့ ငြိမ်သက်နေသောနေ့လယ်ခင်း၊ ငြိမ်သက်နေသောလမ်းမ၊ ငြိမ်သက်နေသော အပေါင်ဆိုင်ရှေ့တွင် ခွာသံတခွပ်ခွပ်နဲ့အတူ ရထားလုံးတစ်စီး ထိုးဆိုက်လာခဲ့ပါသည်။ ငြိမ်သက်ခြင်းသည် အသွင်ပြောင်းကာ သက်ဝင်လှုပ်ရှားမှုတစ်ခု ဖြစ်လာခဲ့ပေသည်။ ရထားလုံးသည် အပေါင်ဆိုင်ရှေ့တည့်တည့်တွင်ရပ်ပြီး ရထားလုံးအတွင်းမှ သတို့သမီးဝတ်စုံနှင့် မိန်းမတစ်ယောက် ထွက်လာသည်။ ရထားလုံးမောင်းသူက မြင်းဇက်ကြိုးကို ဖြေလျော့ကာ အရုပ်တစ်ရုပ်လို ငြိမ်သက်နေလေသည်။ သတို့သမီးဝတ်စုံနှင့် မိန်းမသည် အပေါင်ဆိုင်အတွင်းသို့ ဝင်ရောက်သွားကာ အပေါင်ဆိုင်ရှင်ရှေ့သို့ ရောက်ရှိသွားပါသည်။ အပေါင်ဆိုင်ပိုင်ရှင်သည် ကုလားထိုင်ပေါ်မှ သူ့ခန္ဓာကိုယ်ကို ထူမတ်ကာ ဝင်လာသူကိုတစ်ချက်ကြည့်လိုက်သည်။ ဘာများပေါင်ချင်လို့ပါလဲ (မေးခွန်း)။ အပေါင်ဆိုင်ပိုင်ရှင်၏ စကားအဆုံးတွင် သူမသည် သတို့သမီးဝတ်စုံကို ကြမ်းပြင်သို့ ချွတ်ချလိုက်လေသည်။ ကျွန်မ ဒီဝတ်စုံကို ပေါင်ချင်လို့ပဲရှင် (အဖြေ)။ ရောင်းခြင်း၊ ဝယ်ခြင်း၊ ပေါင်ခြင်း၊ နှံခြင်း ကိစ္စရပ်များတွင် တစ်ဦးအကျိုးကို တစ်ဦးကဆောင်၍ အပြန်အလှန် ယုံကြည်မှုမျိုးလည်း ရှိကြဖို့လိုအပ်ပေလိမ့်မည်။ ရောင်းချပေါင်နှံသော ပစ္စည်း၏အမျိုးအစား အရည်အသွေးကိုကြည့်ကာ ဝယ်ယူသူ၊ အပေါင်ခံသူတို့ ကြေးဖြတ်ကြမြဲဖြစ်သည်။ ၄င်းပစ္စည်း၏ အမျိုးအစား အရည်အသွေးက ပြောင်းလဲလေ့သိပ်မရှိသော်လည်း အခြေအနေ အချိန်အခါကိုလိုက်၍ တန်ဖိုးမှာမူ ပြောင်းလဲနိုင်ပေသည်။ တိုက်ရိုက်ကုန်ဖလှယ်စနစ်ကို ကျင့်သုံးခဲ့ကြစဉ်ကမူ တစ်ဦး၏ အပိုပစ္စည်းသည် တစ်ဦး၏ အလိုပစ္စည်းဖြစ်ရန် လိုအပ်ခဲ့ပေသည်။ သို့ရာတွင် နားလည်ရန်ခက်ခဲသော အကြောင်းတစ်ခုမှာ ဤမြို့ကလေး၏ အပေါင်ဆိုင်တိုင်းတွင် သတို့သမီးဝတ်စုံများ ရောက်ရှိနေခြင်းပင် ဖြစ်ပေသည်။


နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်

Jun 28, 2010

စန္ဒရားတီးခြင်း

မြို့ငယ်လေးတစ်မြို့ရဲ့ အစွန်အဖျားမှာ လူသူအရောက်အပေါက် နည်းလှတဲ့ ဘုရားရှိခိုးကျောင်းတစ်ခုရှိတယ်။ ဘုရားရှိခိုးကျောင်းထဲမှာ စန္ဒရားအိုကြီးတစ်လုံးရှိရဲ့။ စန္ဒရားအိုကြီးဟာ ဆေးရောင်တွေမှိန်ဖျော့ပြီး ဖုန်မှုန့်တွေ အထပ်ထပ်တင်နေတယ်။ စန္ဒရားအိုကြီးရဲ့ ခန္ဓာကိုယ်ထဲမှာ ပင့်ကူတွေအိမ်ဖွဲ့နေကြတယ်။ အမျိုးအမည်မသိရတဲ့ ပိုးကောင်ငယ်ငယ်ကလေးတွေဟာ စန္ဒရားအိုကြီးထဲမှာ ပုန်းခိုနေတတ်ကြပြီး ညအခါမှာ အပြင်ကိုထွက်ကာ ဘုရားရှိခိုးကျောင်းအနှံ့ လျှောက်သွားကြတယ်။ ဘုရားရှိခိုးကျောင်းထဲမှာ ဓမ္မဆရာမရှိတော့တာကြာပါပြီ။ စန္ဒရားအိုကြီးကိုလည်း တီးခတ်သူမရှိခဲ့တာ ကြာပါပြီ။ တစ်နေ့မှာတော့ လူငယ်လေးတစ်ယောက်ဟာ ပင်လယ်ရပ်ခြားခရီးဝေးကနေ ဘုရားရှိခိုးကျောင်းဆီကို ဝင်ရောက်ခဲ့ပြီး စန္ဒရားအိုကြီးရှေ့ကို ရောက်သွားတယ်။ သူဟာ စန္ဒရားအိုကြီးကိုမြင်တော့ သီချင်းတစ်ပုဒ်လောက် တီးခတ်ဦးမယ်လို့ ဆန္ဒဖြစ်ပေါ်လာတယ်။ လူငယ်လေးက ဖုန်မှုန့်တွေကို ခါထုတ်လိုက်ပြီး စန္ဒရားအိုကြီးရဲ့အဖုံးကို ဖွင့်လိုက်တယ်။ ကျွီ .. ခနဲမြည်သံရဲ့အဆုံးမှာ လူငယ်လေးရဲ့ သွေးရောင်လွှမ်းပြီး သွယ်လျတဲ့ လက်ချောင်းလေးတွေဟာ စန္ဒရားအိုကြီးရဲ့ ခလုတ်တွေပေါ် ရောက်သွားတယ်။ စန္ဒရားအိုကြီးဆီက အံ့ဖွယ်တေးသံ ထွက်ပေါ်လာရဲ့။
                     “ငါ့ကို မတီးခတ်ကြပါနဲ့ကွာ၊ ငါနေမကောင်းပါ ... အို ... ငါ့ကို မတီးခတ်ကြပါနဲ့ကွာ၊ ငါနေမကောင်းပါ ...” တဲ့။

နေမျိုး
၂၀၀၂၊ ၉၊ ၁၇
ညနေ ၅း၂၄ နာရီ

နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်

အကြံသမား

သူ ငြိမ်နေတယ်။ သူငြိမ်နေရင် ကြောက်စရာကောင်းတယ်လို့ နားလည်သူတွေက ပြောကြတယ်။ လမ်းပေါ်မှာ လူတွေ တရုန်းရုန်း ပွက်ပွက်ထပြီး ရွေ့လျားနေကြတယ်။ မော်တော်ကားတွေ ဟွန်းသံရှည်ရှည် မြည်ပြီး တဝုန်းဝုန်းမောင်းနှင်နေကြတယ်။ တိရစ္ဆာန်ရုံထဲက လှောင်အိမ်တွေအားလုံးပွင့်သွားခဲ့ပြီ။ မြစ်ဟာတဝေါဝေါ အော်မြည်စီးဆင်းနေတယ်။ တိရစ္ဆာန်ရုံထဲက လှောင်အိမ်တွေ အခွံဖြစ်သွားပြီ။ ရုပ်ရှင်ရုံတွေ၊ ကပွဲရုံတွေထဲမှာ လူတွေမရှိကြတော့ဘူး။ ဝက်ဝံကြီးတစ်ကောင် ရုပ်ရှင်ရုံထဲကို ရောက်နေတယ်။ လမ်းပေါ်မှာ ထရပ်ကားကြီးတစ်စီးက ပေါင်မုန့်တွေကို လူအုပ်ထဲ ပစ်ကြဲပေးနေတယ်။ သူငြိမ်နေတယ်။ ဒါမှမဟုတ် သူငြိမ်နေတယ်လို့ ထင်ရတယ်လေ။

နေမျိုး
၂၀၀၂၊ ၁၀၊ ၁၆
ညနေ ၅ နာရီ

နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်

Jun 27, 2010

သောကရောက်ခြင်း

စိတ်ပူပင်သောကရောက်တယ်ဆိုတာဟာ အခြေအနေတစ်ရပ်ရပ်ကို တစ်နည်းတစ်ဖုံ နားလည်သဘောပေါက်ခြင်းပဲ။ ဒါဆို သူနားလည်သဘောပေါက်ခြင်းတွေ သိပ်များ များနေပြီလား။ စနစ်မကျသေးခင်မှာတော့ ဒီအတိုင်းပဲပေါ့လေ။ သွေးကြောထဲမှာ လျှောက်မောင်းနေတဲ့ ထရပ်ကားအရှိန် သိပ်မြန်လာခဲ့ရင် အိမ်တိုင် ဒါမှမဟုတ် စားပွဲခုံကိုဖြစ်ဖြစ် ကိုင်ထားလိုက်ရုံသာ။ ပြီးရင် ရေအိုးထဲက ရေအေးအေးတစ်ခွက်ကို ခပ်သောက်လိုက်မယ်လေ။ ထရပ်ကားစက်နှိုးနေသံကို ကြားရသလား။ ဟိုးဝေးဝေးက ယာဉ်ထိန်းရဲရဲ့ ဝီစီမှုတ်သံကို သူကြားတယ်။ သူရပ်ပြီးနားစွင့်တယ်။ ခိုတွေကတော့ ဝီစီမှုတ်သံကို နားမလည်ကြဘူးလေ။ တဝုန်းဝုန်း ထပျံတယ်။ သူရပ်ပြီး သူထပ်ပြီး နားစွင့်တယ်။ မိုးပျံပူဖောင်းတွေ ကောင်းကင်ဆီ အတားအဆီးမရှိ လွင့်မျောပျံတက်နေကြတယ်။ သူဟာ ဟိုက်ဒရိုဂျင်လူသားမဟုတ်ဘူး။ အောက်ဆီဂျင်လူသားပါ။ ဒါကြောင့် မြေသားပေါ်မှာရပ်တည်နေရင်း မြေသားကဖြစ်တဲ့ သောကတွေနဲ့ ဖက်တွယ်နေခဲ့တာပေါ့။ ကြာခဲ့ပြီ။ သူနဲ့သောကတွေ ယဉ်ပါးစပြုပြီ။ သူရပ်ပြီး သူထပ်ပြီး နားစွင့်တယ်။ ဝီစီသံ။

နေမျိုး
၂၀၀၂၊ ၉၊ ၁၆

နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်

မီးသတ်ကား

လမ်းပေါ်မှာ မီးသတ်ကားတွေ အော်မြည် ပြေးလွှားနေတယ်။ မီးသတ်ကားဥသြသံတွေက မြို့လူထုရဲ့ အသည်းနှလုံးကို သိမ်းကျုံးဆွဲငင်ယူလိုက်တယ်။ အချိန်က နွားရိုင်းသွင်းချိန် မှောင်ရီဖျိုးဖျ၊ ဟိုမှသည်မှ သွားလာနေတဲ့ယာဉ်တွေဟာ အော်မြည်ပြေးလွှား ဝင်ရောက်လာတဲ့ မီးသတ်ကားတွေကို အလျင်အမြန် လမ်းဖယ်ပေးကြတယ်။ မီးသတ်ကားဥသြသံဟာ ထိတ်လန့်ဖွယ်ဆွဲဆောင်မှု ရှိပေတယ်။ လူတွေလမ်းမပေါ် ပြိုဆင်းလာကြပြီး ဟိုဟိုသည်သည် ကြည့်ကြတယ်။ သံချောင်းတွေ တဒေါင်ဒေါင်ခေါက်ကြတယ်။ မြို့ရဲ့အရှေ့မြောက်ထောင့်မှာ ကောင်းကင်ဟာ တစ်မုဟုတ်ချင်း နီရဲတက်လာတယ်။ မီးခိုးလုံးတွေ ပွက်ပွက်ထလာတာကိုလည်း မြင်ရတယ်။ လူတွေရှုပ်ယှက်ခတ်ပြီး ဣနြေ္ဒမရ ဖြစ်နေတာကိုတွေ့ရတော့ ခွေးတွေလည်း တအီအီနဲ့ ဟိုပြေးသည်ပြေး ဖြစ်နေကြတယ်။ နီရဲနေတဲ့ကောင်းကင်ကြီးဟာ ပိုပြီးလင်းထိန်လာနေတယ်။ အဆက်အပြတ်ထွက်ပေါ်လာတဲ့ မီးသတ်ကားဥသြသံတွေကို ကျွန်တော် နားစိုက်ထောင်နေမိတယ်။ ကျွန်တော်ဟာ ဘာကြောင့်များ မီးသတ်ကား ဥသြသံတွေကို စွဲလမ်းနေခဲ့မိပါလိမ့်။ မီးသတ်ကား ဥသြသံတွေဟာ အဖျားမှာ တဖြည်းဖြည်း သေးသွယ်ချွန်မြသွားသလိုပဲ။ ပြီးတော့ အဝေးဆီ ရောက်သွားတယ်။ အစိုးရိမ်ကြီးတတ်တဲ့ မိန်းမတွေကတော့ အထုပ်အပိုးတွေထုပ်၊ သေတ္တာတွေကို ဆွဲထုတ်နေကြရဲ့။ ဒီအဖြစ်အပျက်ဟာ တစ်နာရီနီးပါးလောက် ကြာမြင့်ခဲ့တယ်။ မြို့ရဲ့ အရှေ့မြောက်ထောင့်မှာ နီရဲနေတဲ့ ကောင်းကင်ဟာ တဖြည်းဖြည်းဖျော့တော့လာတယ်။ မီးညွန့်ကျိုးသွားပြီ။ မီးသတ်ကားတွေရဲ့ ကလိုင်သံကို စိတ်အေးချမ်းဖွယ် ကြားလာရပါပြီ။ လူတွေဟာ ကိုယ့်အိမ်ထဲကိုယ်ပြန်ဝင်ပြီး တဖြည်းဖြည်း ငြိမ်သက်သွားကြတယ်။ အဲဒီညက ညဥ့်နက်နက်မှာ ကျွန်တော်အိပ်ပျော် သွားတော့ အိပ်မက်ထဲမှာ မီးသတ်ကားတစ်စီး ကျွန်တော့်ဆီ ရောက်လာတယ်။ မီးသတ်သမားတွေ ကားပေါ်ကဆင်းလာပြီး ကျွန်တော့်ဆီ ဝင်ရောက်လာကြတယ်။ သူတို့ကပြောကြတယ်။ “ခင်ဗျားကိုယ်ထဲမှာ မီးလောင်နေတဲ့ အမာရွတ်တွေရှိတယ်။ ကျွန်တော်တို့က ငြိမ်းသတ်ဖို့ပါ” တဲ့။

နေမျိုး
၂၀၀၂၊ ၉၊ ၁၇
ညနေ ၅း၁၀ နာရီ

နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်

Jun 26, 2010

မီးရထား

ကျွန်ုပ်တို့အားလုံး အိပ်ပျော်နေချိန်တွင် မီးရထား ခုတ်မောင်းဝင်ရောက်လာခဲ့သည်။ မီးရထားသည် ဥသြသံရှည်ကို ဆွဲလိုက်သည်။ ကျွန်ုပ်တို့ မကြားကြရပါ။ မြို့သည် ဖျော့တော့သောလရောင်ထဲတွင် ငြိမ်သက်စွာ လဲလျောင်းနေပါသည်။ အဆောက်အအုံများ အားလုံးသည် အမှောင်နှင့် အလင်းဖျော့ဖျော့ ရောထွေးနေသော မှုန်မှိုင်းမှိုင်းအဆင်းထဲတွင် တိတ်ဆိတ်နေကြသည်။ ထိုအချိန်တွင် မီးရထားခုတ်မောင်းဝင်လာခဲ့သည်။ မီးရထား၏ စက်ခေါင်းထဲတွင် မည်းနက်သောကျောက်မီးသွေးတုံးများ နီရဲတောက်ပကာ လင်းထိန်နေသည်ဟု ကျွန်ုပ်တို့ကြားဖူးကြသည်။ ခေါင်းတိုင်မှ မီးခိုးလုံးကြီးများက တဝုန်းဝုန်းပွက်ထကာ မြို့၏ငြိမ်သက်သောလေထုထဲတွင် ရောနှောပြန့်ကားသွားပါသည်။ မီးရထားသည် ပင်လယ်ကိုဖြတ်ကာ တဂျုံးဂျုံးတဂျက်ဂျက် ခုတ်မောင်းလာခြင်းဖြစ်သည်။ မြို့ထဲသို့ မီးရထားဝင်ရောက်လာချိန်တွင် ကျွန်ုပ်တို့အိပ်ပျော်နေလေ့ရှိကြသည်။ ယခုအခါတွင် မီးရထားသည် ကတ္တရာလမ်းမများပေါ်မှာ တရွေ့ရွေ့ ခုတ်မောင်းသွားလာနေသည်။ မြို့၏လမ်းများမှာ အသွားအလာမရှိ လူသူရှင်းလင်းနေသည်။ မီးရထားသည် လူသူကင်းမဲ့သောလမ်းများပေါ်မှာ ညင်ညင်သာသာ ခုတ်မောင်းလာခဲ့သည်။ မီးရထားသည် အချက်ပေးဥသြသံကို စူးရှစွာဆွဲလိုက်ပြန်သည်။ ကျွန်ုပ်တို့မကြားနိုင်ပါ။ မီးပွားမီးပွင့်များ ဖျတ်ကနဲ ဖျတ်ကနဲ ခုန်ထွက်လာသည်ကိုလည်းကောင်း၊ ကျောက်မီးသွေးများကို ဂေါ်တစ်လက်ဖြင့်ကျုံးကာ စက်ခေါင်းအတွင်းသို့ လူတစ်ယောက်က လောင်းထည့်ပေးလျက်ရှိသည်ကိုလည်းကောင်း၊ တစ်ခါတစ်ရံတွင် သံဘီးကြီးများသည် မြေပြင်သို့ပင်မထိပဲ လည်ပတ်နေကြသည်ဟူ၍လည်းကောင်း ကျွန်ုပ်တို့ကြားဖူးနားဝ ရှိခဲ့ကြသည်။ မည်သည့်အလံချိုးသမားမဆို မီးရထားကြီးကို အလံချိုးပေးရလေ့ရှိကြောင်းကိုလည်း အစဉ်အဆက် မှတ်သားခဲ့ကြရပေသည်။ မီးရထားသည် မြို့၏နံရံကို တအိအိနှင့် ညင်သာစွာ တိုးဝင် ခုတ်မောင်းသွားပေသည်။ အမှန်ပင်ဘီးများသည် မြေသို့မထိပဲလည်သွားခဲ့ကြသည်။ မီးရထားသည် ပင်လယ်ပြင်ကို ဖြတ်ခဲ့သော်လည်း သံဘီးများသည် ရေစွတ်စိုလိမ့်မည် မဟုတ်ပါ။ မီးရထားသည် ဗာဒံပင်တစ်ပင်အောက်မှ ငုံလျှိုးကာ ခုတ်မောင်းသွားသည်။ ဗာဒံပင်သည် ညအချိန်တွင် အရွက်တွေကြွေနေသည်။ မီးရထားသည် ကျွန်ုပ်တို့ မကြားနိုင်သော ဥသြသံကို ဆွဲလိုက်ပြန်သည်။ အချို့က ဤမီးရထားတွင် မီးထိုးသမားတစ်ဦးသာပါရှိသည်ဟု ဆိုကြသည်။ မီးရထားတွဲများတွင် မည်သည့်အရာများကို တင်ဆောင်ထားကြောင်း ကျွန်ုပ်တို့ မသိနားမလည်ကြပါ။ ထို့ကြောင့် ကျွန်ုပ်တို့တစ်ခုပြောနိုင်သည်မှာ မီးရထားသည် ကျွန်ုပ်တို့နားမလည်နိုင်သောအရာများကို တင်ဆောင်ကာ ညအချိန်တွင် လှည့်လည်ခုတ်မောင်းတတ်ကြောင်းပင် ဖြစ်သည်။ ဝေးလံသောအရပ်မှ ပင်လယ်ကိုဖြတ်ကာ မီးရထားခုတ်မောင်းလာလေ့ရှိကြောင်းကို ကျွန်ုပ်တို့ တစ်နေ့နေ့တွင် သိရှိလာကြမြဲဖြစ်သည်။ နံနက်လင်းလျှင် မီးရထားသည် ပျောက်ကွယ်သွားမြဲဖြစ်သည်။ မီးရထားသည် စူးရှဥသြသံကို ဆွဲလိုက်သည်။ ကျွန်ုပ်တို့အားလုံး အိပ်ပျော်နေချိန်မှာ။

နေမျိုး
၂၀၀၃၊ ၃၊ ၁၇
ည ၉း၀၇

နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်

Jun 22, 2010

နှစ်ဦးသဘောတူ လက်ထပ်ပြီးစီးခြင်း

စောက်ထိုးဖြစ်နေရင် ပိုကောင်းတယ်
ဘယ်ဟာ အတည့်မှန်းမသိရင် ငါ။ ငါ
ငါမြန်မြန်သွားတော့
ငါပဲညောင်းမယ်၊
ငါပိုလို့မြန်မြန်သွားရင်၊ ငါပိုလို့ညောင်းပေါ့။
ငါ့ကျန်းမာရေး ဂရုစိုက်ဖို့
ငါနေပူထဲ လျှောက်မသွားဖို့
ငါ ယင်နားစာ မစားမိဖို့အထိ
အကြောင်းကြောင်းနဲ့ လူလိမ်မခံရဖို့ ငါ
လမ်းတွေဟာ မြန်မြန်မြန် ငါ မြန်နေပြီ၊
ငါတစ်ယောက်က မြို့ထဲတစ်ဝိုက်
ငါတစ်ယောက်က ဘယ်/ညာနင်းရန်လိုမလို
ငါတို့တွေဟာ မီးပွင့်တွေတဖွားဖွား
            - အကြောက်အကန်၊ ထွေရာလေးပါးနဲ့ ဘဝအဆက်ဆက်
ငါဟာ သစ်ပင်မစိုက်ဘဲ တစ်သက်လုံးပျော်ရန်လိုမလို
ငါဟာ ဘောက်ချာစာရွက်ပြရန် လိုမလို၊(ရှင်းပြီး)
“ဟို”
ငါဟာ အိမ်ထောင်ပြုရန် လိုမလို။ (ရှင်းပြီး)
----------အထိ ငါဟာ လိုမလို “တွေး . .”
ငါ့ကျောပေါ်မှာ ငါကုတ်တွယ်ကပ်ရင်း မျှော့လို ငါတစ်ကောင်ဟာ/ငါးတစ်ကောင်ဟာ
ငါ့ရဲ့သွေးကို လိုမလို။ ငါ့လက်မောင်းသားကို ဖောက်ကြည့်တယ်
ကြိုဆိုပါ၏ ။ ငါ
မီးပွိုင့်ကို မော့ကြည့်။ ငါ
ဓာတ်ကြိုးတွေကို ငုံ့ကြည့်။ ငါ
ငုံ့ကြည့်ခြင်း
မော့ကြည့်ခြင်းနှင့် အတည့်များ၊ ငါ
အတည့်များ၊ အတည့်များ အတည့် . . . ။ ငါလိုမလို
အိမ်ထဲပြန်ဝင်။ တုံးနေတဲ့ငါ့အားကို ပြန်ချွန်
မကျက်သေးသော ငါ့အားပြန်ချက်
ငါတစ်ယောက်ဟာ ငါ့တစ်ယောက်ကို တိုးတိုးကပ်
ငါမေးရန် ငါလိုအပ်သလို/မလိုအပ်သလို။ နားကြပ်နှင့်
စကားပြောခွက်၊ ငါ့စကားသံ အချို့တစ်ဝက်. . .
ငါမျက်စိမျက်နှာပျက်ပြီး
            မျက်နှာဖုံးပြုလုပ်ရခြင်းမှာ-
            ငါကွေ့ကောက်လိန်တွန့်သွားရခြင်းမှာ-


အောင်ပြည့်စုံ
ဖေဖေါ်ဝါရီ ၂၀၀၆
တစ်ယောက်ချင်း
(မောင်ပြည့်မင်း၊ အောင်ပြည့်စုံ)
နှစ်ကာလများ၊ စက်တင်ဘာ၊ ၂၀၀၈။

Jun 21, 2010

ဘာအရောင်တွေ ရှိလို့လဲ

သည်လိုပါ
သင့်လိုပါ။


သင့်လိုပါ။
ဘာမှမထူးပါဘူး၊ လေးလံထိုင်းမှိုင်းနေသော
ကျင့်သားရခဲ့ပြီးသော အဖုအထစ်များနဲ့လုပ်သောစက္ကူမျက်နှာဖုံးတစ်ခုပါ
မျက်စိပေါက်အတွက် နှစ်ပေါက်၊ ပါးစပ်ထားရန် အပေါက်တစ်ပေါက်
နှာတံအရာ၊ မကြောက်ပါနဲ့ (ကစားစရာ မဟုတ်ပါ)
တကယ့်အကောင်းစား နာမည်တစ်လုံးပါ။
မြက်ရိတ်စက်ကို ထိဖူးသလား၊ သည်လိုပဲနေမှာပါ
မြက်ရိတ်စက်က မြက်ရိတ်နေတာတော့ ကြားဖူးမှာပါ
သင်ဖတ်နိုင်သော ဝါကျကိုလည်း
ကိုယ်က မဖတ်နိုင်ဘူးလေ။
ကိုယ်နဲ့
ဘယ်လိုလဲ သင်နဲ့တူတယ်မဟုတ်လား
ကဲ အဲသလိုဆိုတော့လည်း ကြည့်ကောင်းပါတယ်
သင်က ခေါင်းမှ မဖြီးတာ
မနေ့ ပိတ်ရက်ပဲလေ သင်ဘာလုပ်နေသလဲ
အသက်ကြီးမယ့်အထဲ အတင်းတိုးဝင်နေတယ်မဟုတ်လား
သင့်နာရီက မှန်မပါဘူး မဟုတ်လား
ကိုယ့်မြို့လိုပါပဲ။ သူ့နာရီစင်မှာ မှန်မရှိဘူး
အမှန်မရှိဘူး။ ကိုယ့်သံပတ်ရေနဲ့ကိုယ် ကိုက်ပြီးသား
ကရွတ်ခွေကို သင် လက်နဲ့စမ်းဖူးလား၊ သည်လိုပဲ
သင် ငွေစက္ကူကို ဘယ်လိုလုပ်ပြီး အမျိုးအစားခွဲသလဲ
ကရွတ်ခွေရော ငွေစက္ကူရော မတူဘူးလား
ချိန်သီးတစ်ခုကို လက်နဲ့စမ်းကြည့်ပါ။ သင့်လိုနေမှာပဲ
သင်ကရော အဲဒီချိန်သီးရဲ့ ရမ်းသမ်းတဲ့အဖြေကို ယုံတာပဲမဟုတ်လား
သင် ဘာမှမမြင်ဖူးရင် နေပလေ့စေ။
မှန်အနက်နဲ့ မျက်လုံးကိုတပ်ပြီး လမ်းလျှောက်ရသော သင်က
မြက်ရိတ်စက်ထက် သာပါမယ်
ချိန်သီးတစ်ခုထက် သာပါမယ်
အဆင်သင့်ဖြစ်ပြီလား
ကရွတ်ခွေထက် သာပါမယ်
ငွေစက္ကူ ပိုပိုသာသာ ပါလာသလား
လမ်းခင်းတဲ့ကျောက်ရော သိပါသလား။
သင့် တုတ်ကောက်နဲ့စမ်းပါ
ထွားမလာဘူး သူ့အမျိုးက ဒီအတိုင်း
သစ်ပင်တွေလို မြင့်တက်မလာဘူး
အခြေခံသင်ခန်းစာ (၂)။ လမ်းခင်းကျောက်များအကြောင်း
အတည့်အတိုင်း ကြည့်မယ်
စောက်ထိုးထား ကြည့်မယ်။
မြင်ရတော့ ဘာထူးသလဲ
သင်ဘာမှ မရှုံးသေးပါဘူး။ အခုအနေနဲ့ဆို အကောင်းဆုံးပါ။ ။

အောင်ပြည့်စုံ
၃၀၊ ဇန်နဝါရီ ၂၀၀၅
တစ်ယောက်ချင်း
(မောင်ပြည့်မင်း၊ အောင်ပြည့်စုံ)
နှစ်ကာလများ၊ စက်တင်ဘာ၊ ၂၀၀၈။

Jun 20, 2010

သက်တောင့်သက်သာ နေမှုထိုင်မှုစနစ်

လူ့အဖြစ်ကို ရနေပြီးမှ
တခြားထပ် ယုတ္တိရှိပြစရာ မလို၊
ဥပမာ
ရေကန်တူးသူတစ်ယောက်
အဲဒီရေကန်မှာ ရေနစ်ပိုင်ခွင့်ရှိတယ်၊
နောက်က ဆောင့်တွန်းခံရသူ
အရေးပေါ်ထွက်ပေါက်ကို
လျှောကနဲ ရောက်သွားပိုင်ခွင့်ရှိတယ်၊
"တော်ပြီအစ်ကိုကြီး
နောက်လက စပြီး အိမ်အသုံးစရိတ်ကို အစ်ကိုကြီးမကိုင်နဲ့တော့၊
အစ်ကိုကြီးကပိုက်ဆံကို နှလုံးသားနဲံ့သုံးနေတာ၊ မရဘူး"
နျူးယောက်က မာဖီးယားတွေရှိ
နျူးယောက်က မီးသတ်သမားတွေလည်း ရှိတယ်
နည်းပညာသစ်ပရိုဂရမ်မာတွေရှိ
နည်းပညာသစ်ဟက်ကာတွေလည်းရှိတယ်၊
"ဒီတစ်ပုလင်းလုံးကြီး ကုန်တော့မှ ဒီတစ်ကြောင်းပဲ ရတာလားကွာ၊
ဒုက္ခပဲ"
မိုးတိမ်များအုံ့ဖွဲ့
ရွာချင်တဲ့နေရာသာ ရွာချပါလိမ့်
သူ့အခွင့်အရေးရှိတယ်။
"ရော့ အဲဒါတွေယူပြီး
အကုန်ပြန်ဆပ်လိုက်နောက်လည်းထပ်မလုပ်နဲ့တော့၊ ကြားလား"
ဘယ်တုန်းကမှ ဘာမှမရွေးချယ်ခဲ့သူ
အရွေးချယ်မခံရနိုင်ဘူးလေ။ ။

မောင်ပြည့်မင်း
တစ်ယောက်ချင်း
(မောင်ပြည့်မင်း၊ အောင်ပြည့်စုံ)
နှစ်ကာလများ၊ စက်တင်ဘာ၊ ၂၀၀၈။

မွေးနေ့

အဖေ၊ အမေ၊
သမီး၊ သား၊
မိသားစု
ပြည်ထောင်စု။

ပြည်ထောင်စု မိသားစု

မွေးနေ့မှာ
ကွဲကွာနေသူ မိသားစုဝင်တို့ ပြန်လည်ဆုံတွေ့ကြစေ

မွေးနေ့မှာ
ဤကမ္ဘာမြေကို ကောင်းချီးပေးပါစေ

မွေးနေ့မှာ
ချိုးငှက်တို့ လွတ်လပ်စွာ ပျံသန်းနိုင်ကြစေ

သဗ္ဗေသတ္တာဝေနေယျာ ကျန်းမာကြပါစေ။

လောကသုံးပါးကို မေတ္တာပို့သူ
မွေးနေ့ရှင်လည်း
လွတ်လပ်စွာ ကျန်းမာနိုင်ပါစေ။


သီဟသူ
၂၀၊ ၀၆၊ ၂၀၁၀။

Jun 18, 2010

နတ်သမီးပုံပြင်

နတ်သမီးလေးက ပြောတယ်
ယုံကြည်ပါတဲ့
ယုံကြည်ဖို့ကို မမေ့ပါနဲ့တဲ့
ဘာကို ယုံကြည်ရမလဲ မမေးလိုက်ရသေးခင်
ပုံပြင်လေးကတော့
ဒါပါပဲကွယ်တဲ့


သီဟသူ
၁၇၊ ၀၆၊ ၂၀၁၀။

Jun 10, 2010

လက်တစ်ဖက်ကို မြဲနေအောင်ကိုင်ထား

မင်းနေ နေတဲ့ကမ္ဘာကြီးက လည်တယ်
မထင်ရတဲ့ကောင်တွေက လည်တယ်
ဟိုသွားဒီလာသမားတွေ လည်တယ်
ကံအကြောင်းတရားတွေ လည်တယ်
လက်တစ်ဖက်ကို မြဲနေအောင် ကိုင်ထား၊
ဟိုဘက်တိုးလိုက် ဒီဘက်တိုးလိုက်
တိုးရင်းနဲ့ ကလိုက် ကရင်းနဲ့ တိုးလိုက်
လက်တစ်ဖက်ကိုတော့ မြဲနေအောင်ကိုင်ထား၊
ဂါတွေက ဘလပ်ထက် ပိုနူးနေတယ်
အရပ်သားတွေက ဇာတ်သမားတွေထက် ပိုလည်နေတယ်
လက်တစ်ဖက်ကို အပြင်မထုတ်နဲ့
တစ်ခုခုကို မြဲနေအောင် ကိုင်ထား၊
လက်တစ်ဖက်ကို တန်ဖိုးရှိရှိအသုံးချ
ကောင်းကင်ပြာကြီးကို မြဲနေအောင် ကိုင်ထား၊
လက်တစ်ဖက်ကို စိန်လက်စွပ်အပြည့်ဝတ်
အသက်ကယ်ဘောကွင်းကို မြဲနေအောင်ကိုင်ထား၊
လက်တစ်ဖက်ကို သူ့ပခုံးဖက်လိုက်
ဝှက်ယူလာတဲ့ ဓားကို မြဲနေအောင်ကိုင်ထား၊
လက်တစ်ဖက်ကို ဖက်ရွက်လိုသဘောထား
ကိုယ့်အသက်ကို မြဲနေအာင်ကိုင်ထား၊
လက်တစ်ဖက်ကို အလိုမလိုက်နဲ့
“နားညည်းလိုက်တာ”ကို မြဲနေအောင်ကိုင်ထား၊
လက်တစ်ဖက်ကို ခက်သွက်သွက်လှုပ်ရှား
အရောင်းအဝယ်စာချုပ်ကို မြဲနေအောင်ကိုင်ထား၊
လက်တစ်ဖက်ကို လက်တစ်ဖက်အလျော်ပြန်ပေး
ချစ်စွာသော ဇနီးလေးကို မြဲနေအောင်ကိုင်ထား၊
လက်တစ်ဖက်ကို သူမြင်အောင် မြှောက်ပြလိုက်
ရေဘူးနဲ့ဖိနပ်ကို မြဲနေအောင်ကိုင်ထား၊
လက်တစ်ဖက်ကို လက်တစ်ဖက်လိုပဲ ဆက်ဆံ
ကိုယ့်လမ်းကိုယ်သွားကို မြဲနေအောင်ကိုင်ထား၊
မှတ်ထား
လက်တစ်ဖက်ကို မြဲနေအောင်ကိုင်ထား။ ။

မောင်ပြည့်မင်း
ဖက်ရှင်မဂ္ဂဇင်း၊ နိုဝင်ဘာ၊ ၂၀၀၅။

Jun 4, 2010

နေ့များ

တနင်္လာ၊ အင်္ဂါ
အစရှိသဖြင့်
နေ့များ။

နေ့တာတိုသော နေ့များ၊ နေ့တာရှည်သော နေ့များ
ပူအိုက်သော နွေနေ့များ၊
စိုစွတ်သော မိုးနေ့များ၊
နှင်းဝေသော ဆောင်းနေ့များ၊
တစ်နေ့ပြီး တစ်နေ့ ရောက်လာခဲ့/မယ့်
အဟောသိကံ နေ့များ။

ကဗျာဆန်သော နေ့များ၊
ဘဝဆန်သော နေ့များ၊
အဟောသိကံ နေ့များ။

မင်းကို ချစ်တဲ့နေ့များ၊
မင်းက ပြန်မချစ်တဲ့နေ့များ၊
မင်း မုန်းလိုက်တဲ့နေ့များ၊
မင်းကို မုန်းတဲ့နေ့များ၊
အဟောသိကံ နေ့များ။

ပျော်မြူးခဲ့ နေ့များ၊
ထုံထိုင်းခဲ့ နေ့များ၊
နေသာ လေလာတဲ့ နေ့များ၊
မိုးမီးလောင်တဲ့ နေ့များ၊
မုန်တိုင်းထန်တဲ့ နေ့များ၊
သဘောင်္မှောက်တဲ့ နေ့များ၊
အဟောသိကံ နေ့များ။

အိမ်ပြန်စောတဲ့ နေ့များ၊
အိမ်မပြန်ဖြစ်တဲ့ နေ့များ၊
အိမ်ပြန် လမ်းပျောက်တဲ့ နေ့များ၊
အဟောသိကံ နေ့များ။

အမေ့အိမ်က နေ့များ၊
အမေ့အိမ်နဲ့ဝေးတဲ့ နေ့များ၊
အမေ့အိမ်ကပြေးတဲ့ နေ့များ၊
လူငယ်ဘဝ နေ့များ၊
အဟောသိကံ နေ့များ။

ရွှင်လန်းတဲ့ နေ့များ၊
နာမကျန်းတဲ့ နေ့များ၊
နာကျင်ခဲ့ နေ့များ၊
ကြင်နာခဲ့ နေ့များ၊
ရင်နာခဲ့ နေ့များ၊
အဟောသိကံ နေ့များ။

ဘီယာဟာ အရက်တော့ မဟုတ်ပါ နေ့များ၊
ဘီးအီး နေ့များ၊
ဂရင်းရွိုင်ရယ် နေ့များ၊
ရွှေအိုရောင် နေ့များ၊
ပြဲကွဲခဲ့ နေ့များ၊
အဟောသိကံ နေ့များ။

မြေနီကုန်း နေ့များ၊
စမ်းချောင်း နေ့များ၊
လှည်းတန်း နေ့များ၊
ဆူးလေလမ်းမပေါ်က နေ့များ၊
ပန်းဆိုးတန်းလမ်းပေါ်က နေ့များ၊
အဟောသိကံ နေ့များ။

စပျစ်သီးချဉ်တဲ့ နေ့များ၊
ဆတ်ဆတ်ထိမခံ နေ့များ၊
မတုန်မလှုပ် ကျောက်ရုပ် နေ့များ၊
အဟောသိကံ နေ့များ။

ကျွဲပါး စောင်းတီး နေ့များ၊
ပိုးသာကုန် မောင်ပုံ စောင်းမတတ် နေ့များ၊
အဟောသိကံ နေ့များ။

ကဗျာရေးတဲ့ နေ့များ
ကဗျာမရေးတဲ့ နေ့များ
ကဗျာနဲ့ဝေးတဲ့ နေ့များ
အဟောသိကံ နေ့များ။

မောင်ချောနွယ် ဆန်သွားတဲ့ နေ့များ။

တရား ဓမ္မနဲ့ နေ့များ၊
အဓမ္မတရား လွှမ်းမိုးတဲ့ နေ့များ၊
အဟောသိကံ နေ့များ။

အမှတ်တရ နေ့များ၊
အမှတ်တမဲ့ ကျော်ဖြတ်ခဲ့/မယ့် နေ့များ၊
အဟောသိကံ နေ့များ။

တနင်္လာ၊ အင်္ဂါ
အစရှိသဖြင့်
တစ်နေ့ပြီး တစ်နေ့ ရောက်လာဦးမယ့်
အဟောသိကံ နေ့များ။

သီဟသူ
၀၄၊ ၀၆၊ ၂၀၁၀။

Jun 3, 2010

ဘာ ဘာ ဘာမှ မသိဘူး

ဘယ်သူတွေ ဘာတွေလုပ်နေလဲ
ဘာ ဘာ ဘာမှ မသိဘူး

ဘယ်သူတွေ ဘာတွေ ရေးနေလဲ
ဘာ ဘာ ဘာမှ မသိဘူး

ကမ္ဘာ/ကဗျာကြီး ဘာတွေဖြစ်နေလဲ
ဘာ ဘာ ဘာမှ မသိဘူး

ရေတွေပြတ်၊ နေတွေပူ၊ မိုးတွေရွာ၊ မီးတွေလောင်
ရေ၊ မြေ၊ လေ၊ မီး
ဆီ၊ ရေ၊ လေ၊ ဝိုင်
ဘာ ဘာ ဘာမှ မသိဘူး

ပျော်တော့လောဘ
မောတော့ဒေါသ
ဘာ ဘာ ဘာမှ မသိဘူး

ငါ့မောဟ ဥခွံလေးထဲမှာပဲ
ဘာ ဘာ ဘာဆို ဘာမှ
မသိချင်ဘူး
ဘာ ဘာ
ဘာ ဘာ
ဘာ
မှ
မသိ
ဘူး...

သ၊ ဟ၊ သူ
၂၈၊ ၀၅၊ ၂၀၁၀။

May 27, 2010

အဝါရောင်

လမ်းပေါ်မှာ
လူအုပ်ကြီး ရှုပ်ပွလို့။

လူအုပ်ထဲ ဖြတ်ပြီး
သူမ လမ်းလျှောက်လာတယ်။

သူမ ဝတ်ဆင်ထားတဲ့ ဝတ်စုံဟာ
ငြိမ်းအေးတဲ့ အပြာရောင်။

အပြာရောင် နောက်ခံပေါ်မှာက
အဖြူရောင် ပန်းပွင့်များ။

ပန်းပွင့်တိုင်းရဲ့ အလယ်ဗဟိုဆီမှာ
အဝါရောင်ဝတ်ဆံတွေ တောက်ပလျက်။

မင်းထက်မောင်
၂၁၊ ဧပြီ၊ ၂၀၀၆။
ကဗျာပြောင်းပြန်/၂၀၀၆

အနက်ရောင်ကို ဝတ်ဆင်လာမိတဲ့နေ့

မိုးလည်းမရွာဘူး လေလည်းမတိုက်ဘူး
အိုက်စပ်စပ်ပူလောင် ခြောက်သွေ့ ဒီနေ့ဟာ ဘာနေ့လဲ။
တချို့လူတွေက ကိုယ့်မွေးနေ့ မွေးရက်ကို မေ့လို့
တချို့လူတွေက စကားပြောဖို့ မေ့နေကြတယ်။

နံရံပေါ်က ပန်းချီကားဟာ အရောင်တွေ မေ့ပျောက်လွင့်ပြယ်
အိမ်ငယ်လေးထဲ တစ်ယောက်တည်း နေနေရတာ အားငယ်စရာလား။
လမ်းပေါ်ကို ထွက်ကြည့်လိုက်တော့ လူတွေက ဥဒဟိုသွားလာလို့
ဘတ်စ်ကားတွေက နောက်ပြန်ကြီး မောင်းနှင်နေကြသလိုလို။

ရာသီဥတုသာသာယာယာနဲ့ ကောင်းကင်ဟာ ကြည်လင်နေသယောင်ယောင်
တိမ်ပုပ်တွေ မြောက်မှတောင် ရွေ့လျား အဆန်းတကြယ်။
ဘာများမှားသွားသလဲ လက်ဖက်ရည်ဆိုင်ထဲ အသံတစ်စုံတစ်ရာမကြားရ
ဒီနေ့မှာမှ သူက အနက်ရောင်ကို ဝတ်ဆင်လာခဲ့မိတယ်။

မင်းထက်မောင်
၈၊ သြဂုတ်၊ ၂၀၀၆
ကဗျာပြောင်းပြန်/၂၀၀၆

တွယ်ငြိသူ

ဒီရာသီကြမ်းထဲမှာ
ပထမတန်းစား ကဗျာတစ်ပုဒ်လောက်
ရေးချင်စမ်းပါဘိ။
(၂၀၀၄)


နေ့တာတို၍ ညတာရှည်သော အလွမ်းများ
အဆောင်ဆောင် အခန်းခန်း ဖြတ်သန်းရင့်ရော် ကျော်မဆုံး
ငါ့အသက်ဓာတ်ဟာ
ငါ့ကို ရွံမုန်းလို့နေပြီလား မသိ။
(၂၀၀၆)


မင်းထက်မောင်
၁၅၊ စက်တင်ဘာ၊ ၂၀၀၆
ကဗျာပြောင်းပြန်/၂၀၀၆

အဆက်မပြတ်

အလိုအလျောက်ပါပဲ အလိုမတူလည်း အိမ်ခေါင်မိုးပေါ်ကို
မိုးစက်တွေ တဖျောဖျောလာကျနေတယ် အဆက်မပြတ်
စစ်အတွင်းကာလကြီးထဲ စက်သေနတ်ကျည်ဆန်တွေဟာလည်း
မင်းဆီကို အဆက်မပြတ် တဖျောဖျောကျလာမှာပဲ လောလောဆယ်
ပိုဆိုးနေတာက အစ္စရေးလ်ဘက်က ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေ
လက်ဘနွန်ထဲကို အဆက်မပြတ် တဝေါဝေါလာကျနေတာ
ဘာထူးလို့လဲ အမေဇုံသစ်တောထဲက သစ်ပင်တွေဟာလည်း
နေ့စဉ်နဲ့အမျှ အဆက်မပြတ် ခုတ်လှဲခြင်းခံနေကြရတာပဲလေ
အဆက်မပြတ် အိပ်ခ်ျအိုင်ဗီဗိုင်းရပ်စ်တွေ မျိုးပွားသလို
ပေါက်ကွဲလွင့်စဉ် အင်တာနက်ဟာလည်း အဆက်မပြတ် မျိုးပွား
နည်းပညာအသစ်အသစ်တွေ အဆက်မပြတ် ပေါ်ထွန်းလာတာနဲ့အမျှ
ယဉ်ကျေးမှုအသစ်အသစ်တွေ တစ်ခုပြီးတစ်ခု အဆက်မပြတ်တိုးပွား
အဲဒီတော့ ထိန်းသိမ်းထားရမယ့် ယဉ်ကျေးမှုအဟောင်းတွေလည်း
တစ်ခုပြီးတစ်ခု အဆက်မပြတ် ပျက်သုဉ်းကွယ်ပျောက်သွားရပေါ့
ဒါတွေဟာလည်း အိမ်ခေါင်မိုးပေါ်ကို မိုးစက်တွေ တဖျောဖျော
လာကျသလိုပဲ မဟုတ်လား ဘာမှမဆိုင်သလိုလိုနဲ့ ဆိုင်နေတဲ့
လေထဲမှာ အဆက်မပြတ် ဝှေ့ယမ်းနေတဲ့ မင်းလက်သီးတွေဟာလည်း
ငါ့မေးရိုးတွေပေါ်ကို အဆက်မပြတ် တသောသောလာကျနေကြ
ဒါဟာ အဆက်မပြတ် တရားလွန်နေမှုကြီးဆိုတာ သိကြရဲ့လား
စိတ်ဓာတ်နဲ့ တန်ဖိုးသတ်မှတ်ချက်စံတွေကတော့ တစ်ဟုန်ထိုး
ထိုးကျနေလိုက်ကြတာ အဆက်မပြတ် အဆက်မပြတ် အဆက်မပြတ်
အဆက်မပြတ်ပါပဲ ငါ့အသက်ဟာလည်း တစ်စက္ကန့်တိုင်း တစ်စက္ကန့်တိုင်း
တဟောဟော တချောချော မောလျပန်းဟိုက် တိုက်စားပါးရှပ်
သွားနေလိုက်တာ အဆက်မပြတ်ပဲပေါ့ ငါ့ကဗျာရေးလက်ခမျာလည်း
သနားစဖွယ် တလျှောလျှော ထိုးကျနေ ထိုးကျနေ ထိုးကျနေ
ထိုးကျနေ ထိုးကျနေ ထိုးကျနေ အဆက်မပြတ် ဘယ်လိုတတ်နိုင်မှာလဲ
မတတ်နိုင်မှုတွေဟာ ငါ့မှာရော ကမ္ဘာကြီးမှာပါ အဆက်မပြတ်
ဘယ်လောက်တောင် အဆက်မပြတ်ဖြစ်ပျက်နေခဲ့ကြရသလဲဆို
ငါနဲ့ ကမ္ဘာကြီးတောင် အဆက်ပြတ်နေတာ အဆက်မပြတ်ပဲ။

မင်းထက်မောင်
၁၅၊ သြဂုတ်၊ ၂၀၀၆
ကဗျာပြောင်းပြန်/၂၀၀၆

May 26, 2010

အဖြစ်အပျက်တစ်ခု

အရိုးမှာထိုးတဲ့ တက်တူးလို
ကမ္ဘာဦးတီထွင်မှု မီးတောက်တစ်ခုလို
ဘဝထဲ ကျွမ်းလောင်။
အစွဲအလမ်းတစ်ခု
အသည်းကွဲခန်းတစ်ခု
ခရမ်းရောင် ငရဲပန်းတစ်ခု။
သွေးကြောထဲ မျောနေတဲ့ ဆူးတစ်ချောင်းလို
ထောက်မမီတဲ့ အနက်အရှိုင်းထဲက
ကျောက်ခဲလေးတစ်လုံးလို
အတိတ်တစ်ခု ထထခုန်။

ညီမွန်
၁၆-၃-၀၈

တစ်နှစ်စာ

စိတ်ဓာတ်က ဓာတ်လှေကားလို
တက်လိုက် ဆင်းလိုက်
တိုက်တစ်လုံးရဲ့အပေါ်ဆုံးလွှာမှာ
ပညာလိုလို ရှာတယ်
အောက်ဆုံးထပ်မှာ ဘဝကို ငေးသလိုလို
လက်ဖက်ရည်ဆိုင် ထိုင်တယ်။
တရားရသလိုလို
သူရဲဘောကြောင်သလိုလို
ခေတ်ကနေ ရှောင်ခွာတယ်
သူရဲကောင်းလိုလို
လူမိုက်လိုလို
ခေတ်ကို ရင်ဆိုင်တယ်။
စိတ်ဓာတ်ကို စွန်လို
ကြိုးလျှော့လိုက် ကြိုးတင်းလိုက်။
မီးရောင်တွေ လင်းထိန်တဲ့ ခန်းမကြီးအလယ်
တစ်ယောက်တည်း ရပ်နေရသလို
ပွဲခင်းက အမေပျောက်ကလေးလို
မေတ္တာတရားရဲ့အဝေးမှာ
မြို့ကြီးထဲ အထီးကျန်
ခေတ်ကြီးထဲ ယောင်ချာချာ။ ။

ညီမွန်
ပိတောက်မြေ ၂၀၀၅

May 23, 2010

ပင်လယ်လူရိုင်း

ငါတို့ရဲ့လည်ပင်းမှာချိတ်ဆွဲထားတာ
သားကောင်အရိုးတွေလား
ဆွေစဉ်မျိုးဆက်အရိုးတွေလား
ဟောဒီ ပင်လယ်ကြီးဟာ
ငါတို့ရဲ့အချစ်
ငါတို့ရဲ့သင်္ချိုင်း
ငါတို့ရဲ့ညစာ
ငါတို့ရဲ့လျှို့ဝှက်ချက်
ငါတို့ရဲ့ဂျစ်ပဆီတွေ
ငါတို့ဟာ သွေးဆာကောက်ကျစ်ကိုးကွယ်မှုတွေ
ငါတို့ရဲ့မှိန်းတွေက ငါတို့ရဲ့စကားလုံးတွေ
ငါတို့ရဲ့လှေတွေက ငါတို့ရဲ့အိမ်ရာတွေ
ငါတို့ရဲ့တိုက်ခိုက်မှုတွေဟာ ငါတို့ရဲ့ကပွဲတွေ
ငါတို့အတွက် ဟောဒီ ပင်လယ်ကြီးက ဗုံ
ငါတို့ဟာ ပင်လယ်ဗုံတီးမှ သီချင်းဆိုလို့ရတဲ့ လူမျိုး။ ။

ပိုင်
သည်းထိတ်ရင်ဖို၊ ဂျူလိုင်၊ ၂၀၀၈။

May 15, 2010

ဝိညာဉ်မဲ့သော...

မင်းသွေးကြောထဲ စိမ့်ဝင်သွား
ငါ့မျက်လုံးတွေ ထားခဲ့ရ
ငါ့မျက်လုံးတွေ ထားခဲ့ရ -
မင်းကျောပိုးအိတ်ထဲ ပိတ်မိကာ
ငါ့မနက်ခင်းတွေသေဆုံးသွား
ငါ့မနက်ခင်းတွေသေဆုံးသွား -
သိပ်ချစ်တဲ့ မင်းဆံပင်တွေကြား
ငါ့စိတ်ဓာတ်တွေကွဲအက်ကျ
ငါ့စိတ်ဓာတ်တွေကွဲအက်ကျ -
မင်းအနမ်းထဲ ရောက်တဲ့ည
ငါ့ရဲ့ နှုတ်ခမ်း ငါရှာလို့မရ
ငါ့ရဲ့ နှုတ်ခမ်း ငါရှာလို့မရ -
ငါ့အိပ်မက်နဲ့ တီရှပ်များ
မင်းရဲ့ညတွေ ထုတ်ဝတ်သွား
မင်းရဲ့ညတွေ ထုတ်ဝတ်သွား -
မင်းဆုံးဖြတ်ချက်လက်ချောင်းများ
ငါ့ရဲ့ ဝိညာဉ်လာဖြုတ်သွား
ငါ့ရဲ့ ဝိညာဉ်လာဖြုတ်သွား . . . ။ ။

အေးဘကျော်
မြားနတ်မောင်၊ ဧပြီ။ ၂၀၀၃
စမန ၇၃၊ မြန်မာခေတ်ပြိုင်ကဗျာ လျှပ်တစ်ပြက် ရုပ်ပုံလွှာ

Apr 21, 2010

Untitled-(...)

တကယ်ဆို
လှိုင်းလာတာ ဖွဖွကလေးပါ
သဲနဲ့ ဆောက်တဲ့ အိမ်ကလေးမို့ သာ....။

ဂဏန်းကလေးတစ်ကောင်ကတော့ ဘာမှမသိ
ပင်လယ်ဆီ တရွေ့ ရွေ့ 
အတင့်ရဲစွာ။ ။


လူလင်း
၂၀၀၉ အေပရယ်

Apr 18, 2010

အရိပ်

တစ်ချိန်လုံး မင်းငါ့ကိုလိုက်နှောင့်ယှက်တယ်။
နေမွန်းတည့်တော့လည်း မင်းကိုငါလွမ်းရပြန်ရော။ ။


လူလင်း
၂၀၀၉၊ ဂျူလိုင် ၂၂

Apr 16, 2010

အချစ်သီချင်း (၅)

သင်္ဘောပျက်ပြီပဲ ရေငတ်ပြီပဲ ဒီရေမသောက်လို့  ဘယ်ရေသောက်ရမလဲ
ဆိုတော့....သောက်တာပေါ့၊ သောက်ရတာပေါ့၊ ဒီပင်လယ်ရေပဲ သောက်ရတာပေါ့
လူ့ ဘ၀ရဲ့ ကိုယ်လုံးတီးအဖြစ်ကို သင်္ဘောပျက်မှပဲ ကွင်းကွင်းကွက်ကွက် မြင်ရ
ဘာတတ်နိုင်မလဲ ဒီပင်လယ်ရေပဲ သောက်ရတာပေါ့
Survival Craft ပေါ်မှာဆိုတော့ ဒီပင်လယ်ရေပဲသောက်ရတာပေါ့
လူအများနဲ့ မတူချင်လို့ မရ ဒီပင်လယ်ရေပဲ သောက်ရတာပေါ့
သောက်လို့ မရဘူးဆိုလည်း ဒီပင်လယ်ရေပဲ သောက်ရတာပေါ့
လာကယ်မယ့်သင်္ဘောလာမှပဲ ပါတီပွဲတွေပြန်တက်၊ လည်စီးတွေပြန်တပ်ပြီး လူကြီးလူကောင်းပြန်ဆန်ရမှာပေါ့
အခုတော့ ရူးချင်ရူး သေချင်သေ ဒီပင်လယ်ရေပဲ မျက်စိမှိတ် သောက်နေရတာပေါ့။ ။


လူလင်း
၂၀၀၉၊ စက်တင်ဘာ ၁၉

Apr 10, 2010

စိတ်ဒဏ်

အလိုမကျမှုများ
ခေါင်းထဲယာဉ်ကြောပိတ်ဆို့လို့
ငါ့စိတ်ကူးလေးတောင် မလွတ်မလပ်
ပြတ်လုခမန်း ကြပ်ညပ်မိပေါ့
စိတ်ရဲ့အသံတိတ်အော်သံဟာ
ခေါင်း မိုးကြိုးခွင်းသလို
ထင်းခနဲ။ ။

ဆောင်းခူးလက်

Apr 8, 2010

ဂီတ

နှလုံးသွေးကို အက္ခရာထဲထည့်လိုက်
အက္ခရာကို ဒဏ်ရာအတိုင်းပုံဖော်လိုက်
ဒဏ်ကိုအသံပေါ်တင်ထားလိုက်
အသံကို အတတ်ပညာနဲ့ဂျက်ပင်ထိုးလိုက်
အတတ်ပညာကိုအနုပညာနဲ့ဂျွိုင်းလိုက်။
ပြီး..... အဲဒီထဲခုန်ချလိုက်
ရင်ခုန်သံတွေသစ်လာမယ်။
ပန်းတွေပွင့်လာမယ်။
ရနံ့တွေပေါ်မှေးစက်ဒူးနှံ့လို့
နှလုံးသား လမ်းလျှောက်ထွက်ခဲ့ပြီ
ဦးနှောက်ကို ခလုတ်ပိတ်ထားလိုက်။ ။

ဆောင်းခူးလက်

Apr 5, 2010

အမေက နတ်မောက်မှာ ကဗျာရှည်တစ်ပုဒ်နဲ့

ခင်ဗျားက ကဗျာဆရာပဲ
ကဗျာတစ်ပုဒ်မှ မရေးတဲ့ ကဗျာဆရာပဲ
ခင်ဗျား ကဗျာရေးခဲ့တယ်။

ခင်ဗျားပါးစပ်ထဲ တမာပင်တွေ သွားကြားထိုးလို့
ခင်ဗျားခြေထောက်ကို
ယင်းချောင်းထဲ တွဲလောင်းချလို့
ခင်ဗျားက ရှေ့နေရဲ့သားဆိုတော့ ရှေ့ကနေခဲ့တယ်
အခြားသူတွေရဲ့အနားမှာ ခင်ဗျား ဝင်ဖျားပေးခဲ့သမျှ
အခု ခင်ဗျားက တစ်ရွာလုံးရဲ့အောင်လက်မှတ်ပဲ
တစ်ရွာလုံးရဲ့ သောက်ရေအိုးစင်ပဲ
တစ်ရွာလုံးရဲ့ စာကြည့်တိုက်ပဲ
ခင်ဗျားအသက် “သုံးဆယ့်နှစ်နှစ်”ထိ
ရေးခဲ့တဲ့ ကဗျာတွေ
အခု လည်နေတဲ့ကမ္ဘာထဲ နေ့တိုင်းချိတ်ပါနေတယ်။

ခင်ဗျားကဗျာကို စာရွက်ထဲ ချရေးဖို့
ကမ္ဘာမှာရှိတဲ့ စာရွက်တွေနဲ့ ဘယ်လောက်ပါ့မလဲ
ခင်ဗျား ခုံဖိနပ်သံက
ရန်ကုန်တက္ကသိုလ်ထဲ တဂွပ်ဂွပ်မြည်နေတယ်
ခင်ဗျား ကမ္ဘာ့ခေါင်းဆောင်မဟုတ်ဘူး
အောက်စ်ဖို့ကျောင်းဆင်းမဟုတ်ဘူး
ဒါပေမယ့် နောက်လိမ့်ဆင်းသွားတဲ့ ခေတ်ကြီးတစ်ခုလုံး
ခင်ဗျား မ,တင်နိုင်ခဲ့တယ်
ခင်ဗျား လမ်းလျှောက်သိပ်မြန်တာပဲ
ရွှေစက်တော်ဘုရားလည်း ဖျပ်ခနဲ
မကွေးမြသလွန်လည်း နေ့ချင်းပြန်ပဲ
ခင်ဗျားက တောသူတောင်သားပဲ မြို့ကြီးသားပဲ
ခင်ဗျားက မြေကြီးပဲ လေပဲ
ခင်ဗျားက ညတိုင်းရွာနေတဲ့ လရောင်ပဲ
ခင်ဗျားက သမိုင်းစာအုပ်ထဲစိုက်ဝင်နေတဲ့ မြှားပဲ
ခင်ဗျားက ကဗျာဆရာပဲ
ကဗျာတစ်ပုဒ်မှ မရေးတဲ့ ကဗျာဆရာပဲ။ ။

ဆောင်းဝေ (နတ်မောက်)

လူငယ်တစ်ယောက်

ကျွန်တော် ကြယ်တစ်ပွင့်မဟုတ်ပါဘူး
ကျွန်တော့်ကို
အများကြီးမျှော်လင့်မထားကြပါနဲ့။
အဲဒီအပွင့်ထဲမှာ
ခရေပင်ကြီးရှိတယ်။
ကျွန်တော် ခရေတစ်ပွင့်ပါ
ကျွန်တော့်ကို
အများကြီးမေ့မထားကြပါနဲ့။

ညီမွန်
ဗြူတီ၊ ဒီဇင်ဘာ၊ ၂၀၀၀။

Mar 10, 2010

သို့ မေမေ

သို့ မေမေ

မေမေရေ
ဒီတစ်ခါ စနေနေ့မှာ
ကောင်းကင်ကြီးလည်း ကြည်လင်လို့
လေပြည်ညင်းလေးလည်း သာသာညင်းညင်းတိုက်ခတ်လို့
ရေဒီယိုဟောင်းလေးလည်း သီချင်းလေးတွေ ညည်းလို့
သား ပျော်ပါတယ်မေမေ
သား ပျော်တယ်လို့ထင်ပါတယ် မေမေ
သား ပျော်ချင်ပါတယ် မေမေ
ပျော်တယ်ဆိုတာ ဘာပါလိမ့် မေမေ…

၂၃၊ ၀၂၊ ၂၀၁၀


သို့ မေမေ (၂)

မေမေရေ
ဒီအချိန်ဆို
ဘဂ္ဂဒက်မှာ လမ်းဘေးဗုံးတစ်လုံးတော့ ပေါက်ပြီးရောပေါ့
မေမေရေ
ဒီအချိန်ဆို
ဂင်ဇာလမ်းမကြီးမှာ လူတွေ ဖွေးဖွေးလှုပ် ကြိတ်ကြိတ်တိုးလို့နေရောပေါ့
မေမေရေ
ဒီအချိန်ဆို
အာဖဂန်မှာ အသေခံဗုံးခွဲမှုတစ်ခုလည်း ဖြစ်ပြီးရောပေါ့
မေမေရေ
ဒီအချိန်ဆို
ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းလေးပေါ်မှာ နွေးနွေးထွေးထွေးနေရောင်ခြည်တို့ကျနေရောပေါ့
မေမေရေ
ဒီအချိန်ဆို
အာဖရိကမှာ ထမင်းစား/ဆာ ပြီးရောပေါ့
မေမေရေ
ဒီအချိန်ဆို ဟော်တယ်ကြီးတွေမှာ စားပွဲ သောက်ပွဲတွေ စလောက်ရောပေါ့
မေမေရေ
ဒီအချိန်ဆို
မစ္စတာ အိုဘားမားလည်း ဘဲဥပုံရုံးခန်းထဲ အချိန်ပိုဆင်းနေရောပေါ့
မေမေရေ
ဒီအချိန်ဆို
မေမေ့မြေးလေးလည်း အိပ်နေရောပေါ့
မေမေရေ
ဒီအချိန်ဆို
မေမေလည်း မေတ္တာပို့ အမျှဝေ ပြီးရောပေါ့
မေမေရေ
ဒီအချိန်ဆို
ပျော်ရွှင်စွာ ဇာတ်သိမ်းကြရောပေါ့
မေမေရေ
ဒီအချိန်ဆို
သားလည်း မေတ္တာပို့ အမျှဝေပြီး အိပ်ရာဝင်တော့မှာပေါ့
ဂွတ်နိုက်ပါမေမေ။

၂၃၊ ၀၂၊ ၂၀၁၀


သို့ မေမေ (၃)

မေမေရေ
ပင်လယ်ဟာ သားကို ဆွဲဆောင်ခဲ့တယ်
ပင်လယ်ရောက်ပြန်တော့ ကမ်းကို လွမ်းရပါတယ်
ဒီလိုနဲ့ပဲ
သား
ဆယ်လ်မွန်ငါးတို့အပြန် သီချင်းကို ညည်းတတ်လာတယ်
အမေ့အိမ် သီချင်းကို ညည်းတတ်လာတယ်
ကြိမ်မီးအုံးသလို တငွေ့ငွေ့လောင်တတ်တဲ့
စိတ္တဇနာမ်ရဲ့ အကောင်အထည်ကို မြင်/ကြုံတွေ့/ခံစားလာရတယ်
ဒီလိုနဲ့ပဲ
ဒီအကြောင်းတွေကို
မေမေ့ဆီ သား စာရေးလိုက်ပါတယ်…

၂၃၊ ၀၂၊ ၂၀၁၀


သို့ မေမေ (၄)

မေမေရေ
သီချင်းတွေကိုလည်း ငြီးငွေ့လာတယ်၊ ရုပ်ရှင်တွေကိုလည်း ငြီးငွေ့လာတယ်၊ စာအုပ်တွေကိုလည်း ငြီးငွေ့လာတယ်၊ လူတွေကိုလည်း ငြီးငွေ့လာတယ်၊ မေမေ့ဆီ စာရေးရတာကိုတော့ သား (ဘယ်တော့မှ) မငြီးငွေ့ဘူး မေမေရယ်။
သား
သီဟသူ

၂၃၊ ၀၂၊ ၂၀၁၀


သို့ မေမေ (၅)

မေမေရေ
ဒီလကုန်ရင်
သားဖုန်းဆက်လိုက်မယ်

ရေးလိုက်တဲ့စာတိုင်း
အဲ့လိုအဆုံးသတ်သတ်နေရတာ
ဘယ်နှစ်လ/နှစ်များ ကြာခဲ့ပြီလဲ

ရေးလိုက်တဲ့စာတိုင်း
ဖတ်ပြီး
မေမေ မျှော်နေရတာ
ဘယ်နှစ်လ/နှစ်များ ကြာခဲ့ပြီလဲ

မေမေရေ
ဒီလကုန်ရင်တော့
သား
ဖုန်းဆက်လိုက်ပါ့မယ်…

၂၃၊ ၀၂၊ ၂၀၁၀


သို့ မေမေ (၆)

မေမေရေ
ဒီမှာတော့
အန္တရာယ်က နေရာတိုင်းမှာမို့
ဦးထုပ်လည်းဆောင်းထားရတယ်
ဖိနပ်လည်းစီးထားရတယ်

မေမေရေ
ဒီမှာတော့
ရာသီဥတုပူပြင်းသမို့
ဦးထုပ်လည်းဆောင်းထားရတယ်
ဖိနပ်လည်းစီးထားရတယ်

မေမေရေ
ဒီမှာတော့
လှိုင်းလုံးကြီးတွေ တဝုန်းဝုန်းမို့
ဦးထုပ်လည်းဆောင်းထားရတယ်
ဖိနပ်လည်းစီးထားရတယ်

မေမေရေ
ဒီမှာ
အရာရာတိုင်းအတွက်
ဘေးကင်းလုံခြုံရေးသတိ အမြဲရှိစွာဖြင့်
သား နေထိုင်နေပါတယ်။

၂၈၊ ၀၂၊ ၂၀၁၀

သီဟသူ

စနေ နေ့တစ်ဝက် (၅)

သီချင်းဟောင်းတွေ ပြန်နားထောင်မယ်
ရုပ်ရှင်ဟောင်းတွေ ပြန်ကြည့်မယ်
စာအုပ်ဟောင်းတွေ ပြန်ဖတ်မယ်
အဲဒီအိပ်မက်ဟောင်းကိုပဲ
ဒီတစ်ခါ ထပ်မက်တယ်
လေထဲ တိုက်အိမ်ဆောက်မိတယ်

သီဟသူ
၂၈၊ ၀၂၊ ၁၀

Feb 13, 2010

စနေ နေ့တစ်ဝက် (၄)

အိပ်မက်ကနေ တစ်ဝက်တစ်ပျက်နိုးလာပြီး
ရုပ်ရှင်ကြည့်တော့လည်း တစ်ဝက်တစ်ပျက်
သီချင်းနားထောင်တော့လည်း တစ်ဝက်တစ်ပျက်
စာဖတ်တော့လည်း တစ်ဝက်တစ်ပျက်
ကဗျာရေးမယ်ဆိုတော့လည်း…

သီဟသူ
၆၊ ၂၊ ၁၀။

အချိန်သိပ်မရှိဘူး

ခေါင်းကိုတစ်ချက်ကုတ်
အချိန်သိပ်မရှိဘူး။
ကာတွန်းအရင်၊ ပြီး အားကစားသတင်း
အချိန်သိပ်မရှိဘူး။
စတော့ဈေးကွက်အခြေအနေ၊ အလုပ်အကိုင်အခွင့်အလမ်း
နိုင်ငံတကာမှကူညီမှုများ၊ ကမ္ဘာကြီးဘာတွေပြောင်းလဲသွားပြီလဲ
ရုပ်ရှင်သုံးသပ်ချက်၊ ကြယ်ဘယ်နှစ်ပွင့်ပြထားသလဲ
အချိန်သိပ်မရှိဘူး။
လူတစ်ယောက်၊ ပူမှုရယ်တဲ့ တစ်ရာ နှစ်ရာ
သန်းတစ်ထောင်၊ အများလို အနည်းစားခြေ
ကမ္ဘာကြီးပူနွေးလာမှု၊
အိမ်ကကြောင်ကို ရေချိုးပေးရဦးမယ်
အချိန်သိပ်မရှိဘူး။
ရေဆွဲချ၊ သတင်းစာကိုချိုင်းကြားညှပ်
သလိပ်တစ်ချက်ဟပ်
အချိန်သိပ်မရှိဘူး။

သီဟသူ
၂၊ ၂၊ ၁၀။

စနေ နေ့တစ်ဝက် (၃)

ဒီတစ်ခါလည်း ဒီအဖွဲ့အနွဲ့ပဲ
ငါ မသွားနိုင်တော့ဘူး။
ဒီတစ်ခါလည်း ဒီနိမိတ်ပုံပဲ
ငါ မသွားနိုင်တော့ဘူး။
ဒီတစ်ခါလည်း ဒီကဗျာပဲ
ငါ မသွားနိုင်တော့ဘူး။
ဒီတစ်ခါစနေလည်း အချည်းအနှီးပဲ
ငါ မသွားနိုင်တော့ဘူး…
ငါမသွားနိုင်တော့ဘူး၊ ငါဆက်သွားဦးမယ်။

သီဟသူ
၂၊ ၂၊ ၁၀။

Jan 19, 2010

စနေ နေ့တစ်ဝက် (၂)

ဂြိုဟ်သိမ် ဂြိုဟ်မွှား ဂြိုဟ်ပဲ့ကနေ အလင်းအထိ
အငမ်းမရ
စုပ်ယူထားခဲ့တဲ့
တွင်းနက်တစ်ခုလို ငါ

အပေါ်ယံ ငြိမ်သက်နေပေမယ့်
အတွင်းမှာ လှိုက်
ဆူပွက် လောင်ကျွမ်းနေတဲ့
မီးတောင်တစ်ခုလို ငါ

စုပ်ယူ လောင်ကျွမ်းထားခဲ့သမျှ
ပြန် အန်ထုတ်လိုက်တဲ့အခါ
ငါ့ ဂစ်တာလေး
ကြိုးပြတ်သွားခဲ့ရ...

သီဟသူ
၂၊ ၁၊ ၂၀၁၀