> သီဟသူ [dot] blogspot [dot] com: May 2012

May 11, 2012

ဒါမျိုးတွေ တွေ့ဖူးချင်မှ တွေ့ဖူးမယ်

ဘယ်ကမှ ရေမကျလာသေးတဲ့ နေ့ရဲ့တံစက်မြိတ်မှာ
ရေစောင့်နေသူဟာ ရေလိုနေသူပါပဲ။
တကယ်လို့ ဒါဟာ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ပုဂ္ဂလအယူအစွဲ တစ်မျိုးလို့ဆို
ရင်လည်း ခံစားမှုနဲ့ ပတ်သက်တဲ့ ဆွေးမြေ့ကြည်လင်ဖွယ် အရောင်အသွေးအမျိုးမျိုး
မှတစ်ဆင့် ကိုယ်ဖြည့်ချင်တဲ့ အနေအထား တစ်မျိုးမျိုးကို သဘာဝတရားထဲ
သွတ်သွင်းစီရင်ပြီး မှတ်တမ်းမှတ်ရာပြုခြင်းပါပဲ။
လူသုံးကုန်ပစ္စည်း ထုတ်လုပ်တဲ့ အလုပ်သမား လျှောက်ထားရေးဌာနရဲ့ ဘဝမှာ
ခဏတာပေါ့။
လှုပ်ရှားလိုက်တာနဲ့ ဝန်ထမ်းဖြစ်သွားကြတဲ့ အလုပ်သဘောမှာ သင်တစ်ခုခု တတ်
မြောက်ခဲ့ပြီး ဖြစ်တဲ့အတွက် တစ်ခုခုသင် တည်ဆောက် ပြုလုပ်မှုပြုရလိမ့်မယ်။
ကံပေးကံယူအရဒါကို မျက်ကွယ်ပြုပြင်ရင်လည်း သင်ခံစားရလိမ့်မယ်။
ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်ကို
ဖိုင်တွဲထဲ ဖြည့်စွက်ခြင်းနဲ့ လက်ရေးလက်သား အမှတ်တံဆိပ်ကိုပုံနှိပ်ခြင်းပြုလုပ်ပြီး
တဲ့နောက်၊ ဖြစ်ချင်ရာဖြစ်နဲ့ အကျွတ်တရား
သင့်လျော်ရာနဲ့ ရည်မှန်းချက်ပန်းတိုင်တွေကြားမှာ
ဒွိဟကွာခြားနေတဲ့ တစ်ရာတစ်ထောင်ထဲက တစ်ယောက်
သင်ဟာသင် တစ်ယောက်တည်း အလုပ်ဝင်သွားခဲ့ရင် ရှားရှားပါးပါး
ကျွန်ုပ်ရဲ့ ဟောပြောမှုအတွက် ဗွေမယူခြင်း။
တကယ်သာမှန်လို့ ပြန်လာခဲ့ကြရင် အထိနာလို့ပဲဖြစ်မယ်။
ဘယ်သူ့ဆရာဟာ အနာဂတ်ဟောတယ်ပေါ့၊ ဆိုလိုခြင်းက
ဒါဟာသည်လည်း အနာဂတ်ဟောတယ်ပေါ့။ ။

ဝင်းမြင့်
ကမ္ဘာ့ကဗျာနေ့ ၂၁၊ မတ်လ
ပကြိမ်၊ ၂၁၊ မတ်လ၊ ၂၀၁၂။
အိပ်မက်ရိပ်စာပေ

May 9, 2012

၂၀၁၂၊ စပါဂတ်တီလုပ်တဲ့နှစ်


အဆက်မပြတ်ဆူနေပြီး ဘယ်တော့မှမကျက်မယ့်
စပါဂတ်တီတစ်အိုးအကြောင်း
တွေးကြည့်မယ်ဆိုရင်
ကြေကွဲစရာပဲ။

အပြောင်းအလဲတွေများတယ်။ ဖုန်းတွေ ခဏ ခဏ မြည်တယ်၊
ကိုင်လိုက်တိုင်းလည်း လိုင်း ကျ ကျ သွားတာချည်းပဲ။
ခေါင်းကို ဆင် ခဏ ခဏ နင်းတယ် (ည ည အိပ်မက်ထဲ)
ငြင်းပယ်ခံရမှုတွေ(များများ)ကို
(မြန်မြန်)အသားကျလာခဲ့တယ်။
တာဝေးပြေးသမားရဲ့ အထီးကျန်မှုမျိုးနဲ့
ဆက်သွယ်မှုဧရိယာပြင်ပမှာ ဧကစာကျင့်တယ်။
ပျော်ပါတယ်၊ မပျော်ဘူး။
စောင့်ပါတယ် (အိမ် ပြန်လာမယ့်နေ့၊ အိမ် ပြန်ရမယ့်နေ့)
မဖြေနိုင်သေးတဲ့ မေးခွန်းက "ဘယ်မှာလဲ အိမ်?"

ပျောက်သွားတဲ့ ကြောင်လေးကို
ပြန် မတွေ့ရတော့ပါ။

သီဟသူ
၀၉၊ ၀၅၊ ၂၀၁၂
၁။ စပါဂတ်တီလုပ်တဲ့နှစ် (စင်ကြယ်ငြိမ်း)
၂။ ၃။ စိုင်းဝင်းမြင့်
၄။ မင်းထက်မောင်

May 8, 2012

ငွေကြေးကို သုံး၍ ရပိုင်ခွင့်များ ပြန်လည်ယူငင်ခြင်း


မရွေ့လျားလိုပဲ ရွေ့လျားနေရခြင်းနေ့တစ်နေ့
နောက်ဆုံးဟု ခေါ်ဆိုရနိုင်သော မျှော်လင့်ချက်ကလေးကို ကောက်ရမိတယ်
ပျော်သလိုလို ဝမ်းနည်းနေရတယ်
မျက်ရည်တစ်စက်တစ်ပေါက် ရောက်တတ်ရာရာ
မျက်ဝန်းတံခါးမှာ တွယ်ကပ်ချိတ်ပါနေလျက် ပျော်ရွှင်နေပါတယ်
ငါမဖန်တီးလိုသော ရှေ့ဘဝ၊ ရှေ့ကမ္ဘာ
ငါဟာ အဖော်မင်သော လူညံ့၊
တစ်ကိုယ်တည်း မရပ်တည်ရဲသော မိုက်မှောင်ခြင်း
ရည်ညွှန်းချက်မဲ့နေသော မနက်ဖြန်၊
မာတိကာပါဝင်ခြင်းမရှိသော black book
ဝမ်းနည်းလွယ်ခြင်းများ အရပ်လေးမျက်နှာမှာ အုံ့ဆိုင်းညှို့မှိုင်းလို့
ရယ်မောသံလေး တစ်စတလေ ရှင်သန်နေနိုင်ရင်ကောင်းမယ်လို့ တွေးတယ်
ဒီနေရာလေးကနေ ဘယ်ကိုမှ မရွေ့လျားလိုခြင်း စိတ္တဇ
ထုံကျင်နေတယ်၊ မှိုင်းမိနေတယ်၊
အရွက် အခက် အလက် ပဲ့ကျ စွန်းထင်နေတယ်
ဆက်ဆက်လာခဲ့မယ် ကတိပျက်ရခြင်းနေ့များ ဆက်တိုက်
အလေ့ကျပေါက်ရောက်သလို နေထိုင်ခြင်းများ ပိုးစိုးပက်စက်
ဘယ်ကိုမှ ဆက်သွယ်လို့မရဘူး၊ အင်တာနက် မသုံးဖြစ်ဘူး
ကဗျာလည်းရေးလို့မရတော့တာ လွန်ခဲ့သော လပေါင်းများစွာ
စိတ်ပျက်နေတယ်၊ စိတ်လေနေတယ်၊ စိတ်ကျနေတယ်
ဒီမမြင်အာရုံကိုမှ ဘာလို့ လာလာပိတ်ဆို့နေရတာလည်းကွာ
မင်းရှိနေမှာလားလို့ တယ်လီဖုန်းကို မ ယူလိုက်တယ်
ခဏအကြာ တယ်လီဖုန်းကို လာကိုင်ဟန်ပြတယ်
ကံကောင်းခြင်း နံပါတ် ၇ လက်ဖက်ရည်ဆိုင်မှာ ထိုင်မိတယ်
ငါအလုပ်ရမှဖြစ်မယ်လို့ တစ်ယောက်မက ပြောချင်ပြောနေမိလိမ့်မယ်
အဆင်ပြေမှာလားလို့ အဝေးကြီးကတိမ်ကို မြေကြီးနဲ့တူတဲ့ ငါက မေးမိလိမ့်မယ်
ချစ်ခြင်းမေတ္တာကလည်း မကြာခဏ မီးညှိနေရသော ဆေးပေါ့လိပ်
အပိုင်းအစများ
နောက်တစ်ခါများ လူ့ဘဝကို မတော်တဆရောက်မိခဲ့မယ်ဆို
"မလွယ်ကူသော ခက်ခဲခြင်းကိုပဲ ရရှိလိုပါတယ်" ဆုကိုပဲ
ရွေးချယ်တောင်းယူဖြစ်မယ်
ဒီနေ့လည်း အရင်နေ့တွေလို
ပေါ့ပေါ့ပျက်ပျက် အိပ်စက်အနားယူဖြစ်မယ် ထင်ပါတယ်။

အောင်ပိုင်စိုး
ကမ္ဘာ့ကဗျာနေ့ ၂၁၊ မတ်လ
ပကြိမ်၊ ၂၁၊ မတ်လ၊ ၂၀၁၂။
အိပ်မက်ရိပ်စာပေ

May 7, 2012

မမေ့လျော့ခြင်း

အလို ...
ထူးဆန်းလိုက်တဲ့ ရင်ခွင်
အလွမ်းတွေ ပွင့်ဝေပြီး
နိုးထလာခဲ့တယ်။

မထူးဆန်းပါဘူး အချစ်ရယ်
ဟောဒီကမ္ဘာကြီးမှာ
အလွမ်းတွေကလွဲ
ဘာများရှိလို့လဲ။ ။
 
သုခမိန်လှိုင်
မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ မတ်လ၊ ၁၉၉၇ ခုနှစ်
[mirrored from Dr. Lun Swe]

ငါတို့ရဲ့ လှုပ်ရှားမှုတိုင်းဟာ လျှပ်စစ်ဓာတ်တွေ ထွက်နေစေရမယ်


လောင်စရာမရှိတော့ စိတ်ကိုလောင်တယ်
ခန္ဓာကိုလောင်တယ် ဆံပင်တွေဟာ
သစ်ရွက်ကြွေသလို ကြွေကျကုန်တယ်
တနင်္ဂနွေကနေ စနေအထိလောင်တယ်
ဒီဇင်ဘာကနေ နိုဝင်ဘာအထိလောင်တယ်
အတွေးဟာ အငွေ့တလူလူနဲ့ မဆုံးနိုင်
အစာအိမ်ထဲကို ရေမောင်းထည့်ဖို့ကြံတာ မအောင်မြင်သေးဘူး
ငါတို့အမြဲတမ်း ဘာလုပ်နေကြသလဲ၊ အဆက်မပြတ်၊ အမြဲ၊ နေ့ည၊ အချိန်နဲ့အမျှ
အိပ်၊ စား၊ ကာမလား၊ ငွေရှာတာလား
ပညာ၊ ကုသိုလ်၊ အကုသိုလ်၊ တစ်ခုခုလား၊ အမြဲတမ်းလေ၊ အမြဲတမ်းပေါ့
အဆက်မပြတ်ပေါ့၊ တရစပ်ပေါ့၊ လမ်းလျှောက်နေတာလား
တွေးနေတာလား၊ စိတ်ကူး၊ ကြံစည်၊ အခြားသောအရာ
ဓာတု၊ ရူပ အစရှိသော ဗေဒများလား
ခလုတ်တွေလည်း ဖွင့်တိုင်းမလင်းတော့ဘူး မဟုတ်လား
စိတ်ဟာ တဖျပ်ဖျပ်လောင်လို့
လျှပ်စစ်ကို ဓာတ်လိုက်ဖို့ လိုက်နေတော့တာပဲ
ငါတို့အလှုပ်တွေက လျှပ်စစ်ဓာတ်ထုတ်ယူမယ်
လှမ်းလိုက်တဲ့ ခြေလှမ်းတိုင်းဟာ လျှပ်စစ်ဓာတ်ထွက်ရမယ်
မြင်စရာနဲ့ အမြင်အာရုံထိတွေ့တာနဲ့ လျှပ်စစ်ဓာတ်ထွက်ရမယ်
အသံနဲ့ အကြားအာရုံ ထိတွေ့တာနဲ့ လျှပ်စစ်ထွက်ရမယ်
အဲဒီလို အာရုံငါးပါးကနေ လျှပ်စစ်ဓာတ်ထုတ်ယူရမယ်
ကဗျာရေးရင် စာလုံးတွေက လျှပ်စစ်ဓာတ်ထွက်မယ်
ပန်းချီဆွဲရင် ဆေးစက်တွေက လျှပ်စစ်ဓာတ်ထွက်မယ်
အောဟစ်ဆဲဆိုရင်၊ ငြင်းခုန်ရင်၊ သဘောမတူရင်
ဒေါသဖြစ်ရင်၊ စိတ်ဆင်းရဲရင်၊ ရန်ပွဲတွေ၊ စစ်ပွဲတွေ၊ မျက်လှည့်ပွဲတွေ
ချစ်သူခြင်းတွေ့ကြတဲ့အခါ၊ လင်နဲ့မယားချစ်ခန်းဖွင့်တဲ့အခါ
စိတ်ပျော်ရွှင်တဲ့အခါ၊ စိတ်ငြိမ်းချမ်းတဲ့အခါ
တရားဓမ္မနှလုံးသွင်းတဲ့အခါ၊ ရပ်နေမယ်၊ ထိုင်နေမယ်
လျောင်းနေမယ်၊ ဘယ်လိုဣတ္ထိယပုဒ်နဲ့ဖြစ်ဖြစ်ပေါ့
လျှပ်စစ်ဓာတ်တွေ ထွက်နေရမယ်
လျှပ်စစ်ဓာတ်တွေကို ငါတို့ သိမ်းထားမယ်၊ ထုတ်သုံးမယ်
ဝေငှမယ်၊ ဖြန့်ဖြူးမယ်၊ ဖလှယ်မယ်
ဘယ်သူ ဘယ်လောက်လိုနေသလဲ၊ ဘယ်သူဘယ်လောက်ပိုနေသလဲ
ဒါတွေဟာ အဖြစ်အပျက်တွဟာ ငါတို့ဟာ
လျှပ်စစ်ဓာတ်ထုတ်လုပ်ရာဌာနတွေ လောင်စာတွေပဲ
ကမ္ဘာကျော်လက်ဝှေ့သမားရဲ့ လက်သီးတစ်ချက်ဟာ
မြို့ကြီးတစ်မြို့လုံးကို ညတိုင်းလင်းလက်ထားနိုင်ရမယ်
ကမ္ဘာကျော်ဘောလုံးသမား ခရစ်စတီယာနိုရော်နယ်ဒိုရဲ့ ကန်ချက်ဟာ
ကမ္ဘာ့နေရာအနှံ့အပြားကို လက်ခုပ်သံအဖြစ်ရောက်သွားမယ်
အဲဒီလက်ခုပ်သံတွေက လျှပ်စစ်ဓာတ်တွေ ထွက်လာမယ်
သတင်းတစ်ပုဒ်ဖြစ်စေ သီချင်းတစ်ပုဒ်ဖြစ်စေ လျှပ်စစ်ဓာတ် ထုတ်လုပ်နိုင်ရမယ်
ဘော့စနီးယားက ဘာသာမတူတဲ့ ချစ်သူနှစ်ဦး
အချစ်နဲ့ ငြိမ်းချမ်းရေးအတွက် အသက်ပေးသွားကြတယ်
ဒီအလင်းက လူတိုင်းကို လက်သွားစေခဲ့တယ်
ဖိလစ်ပိုင်လက်ဝှေ့ကျော် ပြိုင်ပွဲဝင်တဲ့နေ့က
ပြည်တွင်းစစ်ကို ရပ်တန့်ထားကြတယ်တဲ့
ဒါဟာ သတင်းကနေ အလင်းထုတ်လုပ်လိုက်တာပဲ
ဒါဟာ အလင်းကိုလမ်းဖွင့်လိုက်တာပဲ၊ လျှပ်စစ်ဓာတ်ထုတ်လုပ်လိုက်တာပဲ
ငါတို့လမ်းထဲက လူတွေက ဟိုဘက်လမ်းမှာ ပညာသွားရှာကြတယ်
ဟိုဘက်လမ်းက လူတွေက ငါတို့လမ်းမှာ စီးပွားလာရှာကြတယ်
အလင်းကို သွယ်ယူကြတယ်၊ လျှပ်စစ်ဓာတ်ထွက်နေစေရမယ်
ဒီလိုနဲ့ ငါတို့ဦးခေါင်းတွေ အမြဲတမ်းလင်းနေစေရမယ်
ဘာပဲဖြစ်ဖြစ် ငါတို့ဦးခေါင်းတွေ ဘယ်တော့မှ အမှောင် မကျရောက်စေရဘူး
ဘာပဲဖြစ်ဖြစ်ပေါ့၊ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့...


ကိုရွေး
ကမ္ဘာ့ကဗျာနေ့ ၂၁၊ မတ်လ
ပကြိမ်၊ ၂၁၊ မတ်လ၊ ၂၀၁၂။
အိပ်မက်ရိပ်စာပေ

May 6, 2012

စိတ်က အပုံလိုက်၊ လူက လင်းပစ်လိုက်

ခေတ်ပေါ်ဒီဇိုင်းနဲ့ စတီးလ်ထိုင်ခုံပေါ်
ကျွန်တော် ငြိမ်သက်စွာ ထိုင်နေပါတယ်။
ခါးကတော့ အလိုက်သင့်၊ ကျောကလည်း နောက်မှီလို့
လျော့လျော့လျဲလျဲပါ။
စိတ်တွေကို အပုံလိုက် ဖြည်ချထားရတဲ့ အရသာဟာ
ဘာနဲ့မှ မတူပါလား ကိုယ့်ဆရာတို့။

လက်နှစ်ဖက်ကတော့ သူတို့ကို အာရုံမထားမိတော့
ပေါင်ပေါ်မှာ ပြားချပြီး ရှိနေလောက်ပါတယ်။
မျက်လုံးတွေကလည်း
ဖွင့်ထားပေမယ့် ဘာမှတော့ မမြင်နေပါဘူး။
ဒီကနေ့ သတင်းထူးများလည်း
ကျွန်တော် မသိပါဘူး။
စောစောရောက်လာခဲ့တဲ့ စာစောင်တွေလည်း
မဖတ်ဖြစ်လိုက်ဘူး။
အချပ်ပိုတွေလည်း တစ်နေရာ လွင့်ပါသွားပြီပေါ့။

ခြေထောက်တွေကိုတော့ နည်းနည်း လှုပ်မိသွားတယ်ထင်ရဲ့။
အေးအေးလူလူရှိတဲ့အခါ ခြေကို နန့်တတ်တဲ့အကျင့်က
ပါနေတုန်းပါလားဗျာ။
အခုခြေကို ထိမိတဲ့ စူးရှရှအစဟာ
ကျွန်တော့်ထိုင်ခုံမှာ လာငြိနေတဲ့ ဝါယာစ၊
ဒါကို အစောကြီးကတည်းက ကျွန်တော် မဖယ်ဖြစ်ခဲ့ဘူး။
မကြာခင်ဆို ဒီအခန်းထဲ
လျှပ်စစ်ဓာတ်အားလိုင်း ပြန်ဝင်လာမယ်လို့
ဒီမတိုင်ခင်က ကြားလိုက်မိသားပဲ။
လင်းဖို့ရာ မီးသီးမရှိသေးတဲ့
ဒီကြိုးစမှာ
ကျွန်တော်ကိုယ်တိုင် လင်းပစ်လိုက်ဖို့ပါ။ ။

စန်းဦး
ကမ္ဘာ့ကဗျာနေ့ ၂၁၊ မတ်လ
ပကြိမ်၊ ၂၁၊ မတ်လ၊ ၂၀၁၂။
အိပ်မက်ရိပ်စာပေ

စနေ နေ့တစ်ဝက် (၁၆)


ကဗျာကား သေလေပြီ

နေ့စဉ်ဘဝအမှတ်ရချက်များ
မပျော်မွေ့စိတ်
တွယ်ငြိရပါသော ငြီးငွေ့ခြင်း
စိတ်ကျခြင်း စိတ်ကြွခြင်း
အလိုမပြည့်နိုင်ရမှုနှင့် မလိုချင်တော့မှု
ကိုယ်တိုင် သတ်မှတ်ထားသော
ကဗျာ?

ကဗျာကား သေလေပြီ
ကဗျာ သက်တော်ရာကျော် ရှည်ပါစေသော်ဝ်။ ။

သီဟသူ
၀၅၊ ၀၅၊ ၂၀၁၂