> သီဟသူ [dot] blogspot [dot] com: March 2009

Mar 30, 2009

မှတ်စု

ကမ္ဘာကြီး
လည်တယ်။

သမိုင်း
တစ်ပတ်ပြန်လည်တယ်။

သံသရာကလည်း လည်တယ်။

အသစ်တွေ ဘယ်လောက်ကောင်းကောင်း
အဟောင်းပဲ တလည်လည်။ ။

သီဟသူ

လှေ

လှိုင်းကြီးလှေအောက်တဲ့
တက်နဲ့ရွက်ပါရင်
သမုဒ္ဒရာကိုပါဖြတ်မယ်
ငါ...
စက္ကူနဲ့လုပ်ထားတာကိုတောင်မှ
မေ့ နေ ခဲ့ တယ် . . .။ ။

သီဟသူ
(ဟုတ်ပါတယ်၊ ကျွန်တော်ရေးထားတာကိုလည်း ရောပြီးတင်လိုက်ပါတယ်။)

Mar 29, 2009

သမိုင်း

ကြည်။
ပဲပြုတ်နဲ့ နံပြား
စားချင်သည်။

ရှေးအတေတီက မှတ်တမ်း
သူရဲကောင်း အောင်ဆန်း
သမိုင်းနဲ့လွမ်း။ ။

မောင်ပေါက်စည်(မန်းတက္ကသိုလ်)
အညာကျေးက ကဗျာတေး ကဗျာစာအုပ်၊ စာ ၅

လွမ်းစေတီ

တို့ထိခွင့်လည်း မရှိတော့
ဆုပ်ကိုင်ခွင်းလည်း မရှိတော့
မင်းရင်ခုန်သံကို လုံအောင် ဖုံးပေးပိုင်ခွင့်လည်း မရှိတော့
မင်းလည်း မေ့လျော့လိုက်ရုံ
ငါလည်း မေ့လျော့လိုက်ရုံ
ပုံပြင်ကို ပုံပြင်အတိုင်းထားလိုက်ရုံ
ဒါလောက်ပဲ တို့တတ်နိုင်ခဲ့။

သူ့ကို မင်းမချစ်ဘဲနဲ့ မင်းကို သူဘာလို့ သိမ်းပိုက်ခဲ့တာလဲ
မင်းနဲ့ငါ ချစ်လျက်နဲ့ ငါတို့ ဘာလို့ ဝေးကွာခဲ့တာလဲ
ရာဇဝင်ခေတ်
ပဒေသရာဇ်တို့ ရာဂမီး
အတားအဆီးမဲ့ ကာမပိုင်ဝတ္ထုမှာ
ချစ်သူတို့ ဇာတ်နာခဲ့ရဖူးပြီ။

အဖြစ်အပျက်တွေ ဖြစ်ပျက်ပြီးခဲ့နောက်
အငွေ့အသက်တွေ ကျန်ရစ်ကြရမယ်
ရှုမဆုံးတဲ့ အလွမ်းတွေ ငါမွေးရင်း
တောင်ကုန်းတေားပေါ် တက်ခဲ့တယ်။
ညောင်ပင်က
ဓမ္မတေးကို ဆိုနေရဲ့
ရိုးပြတ်တောက
နေပူထဲမှာ ငိုနေရဲ့
ငါ့ နှလုံးသားက
လူ့သမိုင်းထဲ လဲကျနေခဲ့တယ်
လွမ်းစေတီက
မင်းနဲ့ငါအကြောင်း
နှောင်းလူတွေကို ပြောပြမယ်
တို့နှစ်ယောက်
လျှောက်ခဲ့ရတဲ့ ငရဲကို။ ။

မိုဃ်းဇော်
မိုဃ်းဇော်သေတမ်းစာ ကဗျာစာအုပ်၊ စာ ၇၄

လူလေလူလွင့်များရဲ့နေ့

ပြက္ခဒိန်တစ်ချပ်လို
စုတ်ပြတ်လွယ်တဲ့ နေ့စွဲမှာ
ဒိုင်ယာရီ မရေးတာ ကောင်းပါတယ်။

တကယ်ဆို
နတ်မကြိုက်တဲ့ ပါးစပ်နဲ့ အချစ်ကို ဓာတ်စာပေးကြည့်ဖူး
ပိုက်ဆံမရှိတဲ့လက်နဲ့ မြို့ကြီးကို ကျောသပ်ရင်သပ်လုပ်ကြည့်ဖူး
အရုပ်သေနတ်နဲ့
မိမိကိုယ်ကို ဇာတ်သိမ်းကြည့်ဖူး
အမိုက်မဲဆုံးညတွေကို
ငါးခုံးမ တစ်ကောင်လိုလည်း ကင်ဖူးတယ်။
ငါ့ရဲ့ အကုသိုလ်အအေးခန်းထဲက
ငယ်နာမည် "မာရီလင်"ရေ
ငါ့ကို စက္ကန့်လက်တံလို သဘောထားပါ
နားကြားလွဲတတ်တဲ့ငါဟာ
ပြာပုံထဲ အပျင်းကြောဆန့်ချင်တဲ့ ကောင်ပါ။

အရေပြားဆိုတာ အပ်တစ်ထောက်
ချွေးပေါက်တွေ အဝမကျယ်ခင်
ရင်ခုန်သံစစ်စစ်နဲ့
ဘဝကို ခေါစာပစ်ချေအံ။ ။

မိုဃ်းဇော်
မိုဃ်းဇော်သေတမ်းစာ ကဗျာစာအုပ်၊ စာ ၇၀
ဆည်းဆာဖြူ
မီးခိုးတွေဖြူ
လူတွေလား၊ ဂူတွေလား၊
လှိုင်းတစ်ထောင်၊ ဗျိုင်းတောင်ခတ်၊
ကမ်းစပ်ကိုသွား။

ဇော်ဇော်အောင်

ချစ်သူ

ကိလေသာ အအေးဓာတ်တို့
အရိုးထဲ ပတ်ဖွဲ့လာတဲ့အခါ
စောင်တစ်ထည်တည်း တို့နှစ်ယောက်ခြုံကြတယ်။

အချစ်ရယ်
ဒါဟာ ဘုရားမကြိုက်တဲ့ ကိစ္စပါလို့ မင်းကမပြော
ဒါဟာ ရှောင်လွှဲမရနိုင်တဲ့ သဘာဝတရားကြီးပါလို့ ငါကမဆို
ရင်ခုန်ကြရုံသက်သက်ပဲ
ပြီးတော့
တစ်ယောက်ကိုတစ်ယောက်
ကမ္ဘာထဲက ကန်ထုတ်ကြပြန်ရော။ ။

မိုဃ်းဇော်
မိုဃ်းဇော်သေတမ်းစာ ကဗျာစာအုပ်၊ စာ ၄၉

Mar 28, 2009

အလွမ်း

အသက်ရှိတော့
စဉ်းစားတယ်
မငြိမ်းချမ်းဘူး
ပြတင်းပေါက်က ဝင်လာတဲ့
လရောင်ကလည်း ငါ့ကိုမငြိမ်းသက်နိုင်
တစ်သက်စာ ဒဏ်ရာကြီးနဲ့
ခန်းစီးကလေးကိုတိုးနေတဲ့
လေညင်းကလေးကလည်း
သွေးရဲရဲ သံရဲရဲ
ညမွှေးပန်းကလေးရဲ့
ကိုယ်သင်းနံကလေးကလည်း
အမှောင်ထဲမှာ အပိုင်းပိုင်းပြတ်ကျလို့
ငါ့ဆီအရောက်မလာနိုင်
ရည်းစားအသစ်ချပ်ချွတ်ကလေးရထားတာတောင်
ကျေကျေနပ်နပ် မအိပ်စက်နိုင်
ကောင်းကင်ကိုမော့ကြည့်ပြီး
မစိမ်းလန်းနိုင်
အမှောင်ထဲကို တမျှော်တခေါ်
တဆုံးနှိုက်ကြည့်လိုက်တော့
မနက်လင်းရင်
လက်နက်တွေချပြီး
အမေ့အိမ်ပြန်ပါတော့မယ်ဆိုတဲ့
ရွှဲရွှဲစို အသံကလေးသာ
အငွေ့တလူလူ...။ ။

မောင်ဖီလာ
ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း၊ ၉၆

တစ်စစီပြိုကွဲ

ရှင်သန်နေမှုက
နှစ်ဘက်ချွန် ခဲတံတစ်ချောင်းလို
ကုန်လွယ် ဆုံးလွယ်။

ဖမ်းယူဆုပ်ကိုင်ထားလို့ မရတဲ့
နေရောင်ခြည် နွေးနွေးလို
ဘဝက
အကြိမ်ကြိမ် လျှောကျ ပျက်စီး။

တစ်ပင်တည်း တစ်ကိုင်းစီ လွဲခဲ့ရသော
နေရာအနှံ ပေါက်ရောက်ရှင်သန်မှုများနဲ့
နားထဲ ချိုမြိန်နေဆဲ
ရွာကျောင်းက ခေါင်းလောင်းသံ။

ကိုယ့်ပင်လယ်နဲ့ကိုယ်
ကိုယ့်မီနဲ့ကိုယ်
မရပ်မနား လောင်ကျွမ်းနေမှုများနဲ့
"ငယ်ဘဝ"ဆိုတာ
လောင်းကြေးထပ်ပြီး
ဘယ်တော့မှ အလျော်ပြန်မရတဲ့
ကစားနည်း တစ်ခု။

ညီမင်းညို
အမှတ် ၉၊ ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ ၀၆

ငှက် ၁၀၀၀၀ အိမ်

မွန်းကြပ်တဲ့အခါ
'ဟေမိုဂလိုဗင်'တွေရဖို့
သစ်တောထဲ လျှောက်ခဲ့တယ်။
သစ်ပင်တွေအစား
မတုန်မလှုပ်တောင်ကြီးတွေ
ရွှေ့လျားသက်ရှုကျောက်တုံးတွေ
မပျို့မအန်မိုးသားတွေ
တွေ့ခဲ့လိုကရ။
ရုန်းထွက်ဖို့ ခြေစုံကိုချ
ငါ့ အမြစ်တွေက
ပက်ကြားအက်မြေလွှာခွဲလို့
ထိုးဆင်းသွားကြ။

ချိုတူးဇော်
အမှတ် ၂၊ ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ ၀၆

သူတို့ အေးအေးဆေးဆေးသီချင်းဆိုလို့

ဂွာရာနီကာ ပီကာဆိုငှက်များ
ပျံသန်းလေပေါ့ ကမ္ဘာမြေအနှံ့အပြား
စပိန်ဂီတနဲ့ မွှေးမြနေတဲ့ညတွေကို ကိုက်ချီသွား
အက်ရှင်မြို့ပြ ဝပြောစည်ကား
ကျေးလက်အစိမ်း ငြိမ်းအေးကြစေသား။

မောင်စိမ်သစ်
ဒီဇင်ဘာ၊ Beauty Max မဂ္ဂဇင်း၊ ၀၇
အင်္ကျီတံဆိပ်များ ကဗျာစာအုပ်၊ ဇန်နဝါရီ၊၂၀၀၉

အဆစ်

မိုးကောင်းကင်ကြီးကို ဝယ်တဲ့အခါ
ကြယ်တွေအဆစ်ရလာခဲ့သလိုမျိုးပ
ဘဝတစ်ခုကို
ဘုမသိ ဘမသိ
အလကားမတ်တင်းနဲ့ ဝယ်လိုက်မိပြီမှ
သံသရာဆိုတာကြီကို အဆစ်ရ။

မောင်စိမ်းသစ်။ ၂၁၊၁၊၂၀၀၈။
အင်္ကျီတံဆိပ်များ ကဗျာစာအုပ်၊ ဇန်နဝါရီ၊ ၂၀၀၉

ပုရစ်ဖူးနုသစ်

သစ်ရွက်အဝါအို နီ ရွှေ အချို့
သင်္ခါရတံချူ ခြွေခူးမလို့
အို... သစ်ကိုင်းမျက်ရည်စို့။ ။

ကိုငြိမ်း(မန္တလေး)
ဒီဇင်ဘာ၊ မဟေသီ မဂ္ဂဇင်း၊ ၀၈

ကမ်းခြေ

လူတွေ ပျားပန်းခတ်အသက်ဝင်နေပေမယ့်
သူ့ကိုယ်ပိုင် အသက်ရှင်ချိန်က ရှားတယ်...
တိမ်မျှင်တစ်ခုလို ခပ်ပါးပါးခပ်နွဲ့နွဲ့။

မနက်မှာ... အာရုဏ်အလင်း
ညအခါ... လေပြေညှင်း
သဘာဝရဲ့ ပြတင်းတံခါးတွေကတဆင့်
အပေါင်းအသင်းဆံဆံ ဆင်ဆံရေးရှိသော်လည်း
(တကယ့်တကယ်ကျ...)
ကျွန်တော့်လိုပဲ...
နာကျင်အချိန်ပိုတွေကများတယ်။

ကေအေတီ
နိုဝင်ဘာ၊ Beauty မဂ္ဂဇင်း၊ ၀၈

သဘာဝသင်းကွဲ

စာ ခို ကျီးကန်း ပျံကျသမား
ရေအိုင် ဘဲဖြူလှေထိုးသား
တီကောင် လယ်ထွန်စား။ ။

မောင်လူမှိန်
အမှတ် ၈၊ စာပေဂျာနယ်၊ ၁၉၈၉
အောက်တိုဘာ၊ မဟေသီမဂ္ဂဇင်း၊ ၀၈

ဂြိုဟ်သား

တားမြစ်ထားတဲ့ သစ်သီးကို စားမိတယ်
တားမြစ်ထားတဲ့ ရုပ်ရှင်ကို ကြည့်မိတယ်
တားမြစ်ထားတဲ့ အိပ်ရာမှာ အိပ်မိတယ်
တားမြစ်ထားတဲ့ အိပ်မက်တွေ တစ်ညလုံးမက်ခဲ့
နိုးလာတဲ့အခါ
ကိုယ်ဟာတခြားကမ္ဘာဂြိုဟ်သားတစ်ယောက်ဖြစ်ခဲ့ပေါ့။

နေမျိုး
လူဖြစ်ရတာကောင်းတယ် ကဗျာစာအုပ်

ငါနဲ့လမ်း

ခြေတစ်လှမ်းချလိုက်တိုင်း ပို၍ဆန့်ကား
ရှည်ထွက်သွားတဲ့လမ်း
အဲဒီလမ်းမဟာ
တစ်ဦးတစ်ယောက်တည်းအတွက် ရှိနေခဲ့ပြီး
အဲဒီတစ်ဦးတစ်ယောက် ငါဖြစ်ခဲ့တယ်
ငါ့အလုပ်က
ရုပ်တန့်နေဖို့ မဟုတ်ဘူးတဲ့
ငါလျှောက်နေရပေါ့
အဲဒီလမ်းမပေါ်မှာ
တစ်ယောက်တည်း။

နေမျိုး
လူဖြစ်ရတာကောင်းတယ် ကဗျာစာအုပ်

ပြတင်းပေါက်

စစ်လွန်းလို့ ကိုယ့်ကိုကိုယ် ရေရောလိုက်ရ
စောစောသောက်မှ နောက်ကျခဲ့
ဘယ်သူတွေ ကဲ့ရဲ့ကဲ့ရဲ့
တည့်မတ်နေတဲ့ မျဉ်းမတ်များ
အလျားလိုက်ကူးတဲ့ လက်တံ
ငါ့ညနေတွေ ဘယ်သူပြန်အမ်းမလဲ
လမ်းခွဲရဲ့ ဆုံမှတ်မှာ
ဘာမှ မပြည့်စုံခြင်းက ပြည့်စုံပါတယ်ဆိုရင်
ကျွန်တော်တို့အားလုံး
ဆိုင်မှားဝင်ခဲ့ကြတာ မဟုတ်ပါဘူး
ဆိုင်ဝင်မှားခဲ့ကြတာပါ။ ။

ဌေးကြည်(စလင်း)
ဇူလိုင်၊ Beauty မဂ္ဂဇင်း၊ ၀၈

သာမန်ယောက်ျား

အဖေစာစီ
အမေဓာတ်ဆီရောင်း
စုပေါင်းမောင်နှမ ၉ယောက် ၁ယောက်ပိုလီယို
မိသားစုဆိုတာ
မီဖိုကွိုင်လို ပြတ်လိုက်ဆက်လိုက
ပူနွေးပေါ့
အာဟာရမပြည့်လို့
မိုးရိပ်ညိုတိုင်း ခဏခဏဖျားတဲ့
နေ့တွေ
နောက်ဖေးခိုမြီးအိမ်လေးက
ရေစိုအိပ်ရာပေါ်အိပ်ရတဲ့
ညတွေ
ခြေထောက်ရွှံပေ မီးမလာရေလျှံကွက်သစ်မှာကြီးတယ်
အလုပ်လိုက်ရှာလွန်းလို့
အရူးထောင်မှာ အခြေအနေကောင်းတယ်ပြောကြ
ရေမြုပ်ခံလယ်ကွက်ထဲက စပါးနှံပါ
လည်ပင်းထောင်ထားဖို့အရေးကြီးရဲ့
သာမန်ဆိုတဲ့ ဘိလိယက်ဘောလုံးလေးတလွဲ
အရာအားလုံးကျင်းနဲ့လွဲခဲ့သူ
မပူလောင်ဘူ
ငါမမြားနိုင်တဲ့ငါးအခြားလက်မိသွားမှာ
ပျာယာမခတ်ဘူး
အချိန်တန်တော့
ကြယ်တစ်လုံးတလေ ငါကောက်ရပြန်တယ်
သာမန်ယောက်ျားတစ်ယောက်ရဲ့ဓာတ်တိုင်မှာ
ဘဝကငယ်တယ်
ဓမ္မကကြီးတယ်
ဒီလိုမီးသီးလေးလင်းရုံနဲ့
ပြီးပြီ။ ။

ခိုင်မြဲကျော်စွာ
ဇူလိုင်၊ Beauty မဂ္ဂဇင်း၊ ၀၈

ပုံပြောသူ ၁၀

ကျွန်တော်တို့ မမျှော်မှန်းနိုင်တဲ့အဝေး
အဝေးကြီး
ကျွန်တော်လွင့်စဉ်သွားနိုင်ပါတယ်။

ကမ္ဘာ့အပြင်
စကြာဝဠာအပြင်အထိ
ကျွန်တော်လွင့်စဉ်သွားနိုင်ပါတယ်။

အရာရာ
မှောင်မှောင်မည်းမည်း။

အမေက
ကျွန်တော်တို့ကို လူ့ဘဝအလင်းဆီ
ဆွဲတင်ခဲ့ပါတယ်။

အောင်ချိမ့်
ပုံပြောသူ ကဗျာစာအုပ်၊ စာ ၂၅

ပုံပြောသူ ၃

ငါပြန်မတက်နိုင်တဲ့ တွင်းထဲကျရောက်ခဲ့
ငါဘာသွားကောက်တာပါလိမ့်။

အောင်ချိမ့်
ပုံပြောသူ ကဗျာစာအုပ်၊ စာ ၁၁

မရှိမဖြစ်လိုအပ်သောအရာဝတ္ထုများ (အဘိုးကြီးတစ်ယောက်အတွက်)

၁။ တုတ်ကောက်တစ်ချောင်း (အမြဲတမ်းအတွက်)
၂။ သွားတုတစ်ခု
၃။ စိပ်ပုတီး (တစ်ခါတစ်ရံအတွက်)
၎။ ကြောင်ပိန်ပိန်ကလေး (သူစားမကုန်တာ ကျွေးဖို့)
၅။ တိတ်ဆိတ်မှုနဲ့ အနွေးဓာတ်
၆။ မြင်းရိုင်းတစ်ကောင် (စိတ်ကူးထဲမှာ စီးကြည့်ဖို့)

နေမျိုး၊ ၁၅၊၅၊၀၅
ကဗျာဆရာဝံပုလွေ ကဗျာစာအုပ်၊ စာ ၅၂

လူဖြစ်ရတာကောင်းတယ်

လူဖြစ်ရတာကောင်းတယ်
လူဖြစ်ရတာဟာ ဒုက္ခဘုံထဲရောက်လာတာပဲတဲ့
အဲဒီဒုက္ခဘုံကြီးအကြောင်း ငါတို့
ရေရေလည်လည် သိနိုင်တယ်
ဒါကြောင့် လူဖြစ်ရတာကောင်းတယ်
ငါဒုက္ခရောက်တုန်းက မင်းတို့မှတ်မိကြသေးလား
အေး - ဒါပေမယ့် လူဖြစ်ရတာကောင်းတယ်
ငါအစက ဒီလောက်မသိဘူး
လူဖြစ်ရတာကောင်းတယ်
ငါတို့အတွက် ခေါင်းကိုက်ပျောက်ဆေးပြားတွေ
လိုသလောက် ထုတ်လုပ်ထားတယ်
ဒါကြောင့် ငါပြောတာပေါ့
လူဖြစ်ရတာကောင်းတယ်
တစ်ခါတစ်လေ ဘဝင်နည်းနည်းမြင့်၊ တစ်ခါတစ်လေ အရှက်ရ
တစ်ခါတစ်လေ ဆွေး၊ တစ်ခါတစ်လေ သတိရ၊ တစ်ခါတစ်လေ ပျော်ရွှင်
တစ်ခါတစ်လေ စိတ်တို
လူဖြစ်ရတာကောင်းတယ်
တချို့အဘိဓမ္မာတွေ ငါမကြိုက်ဘူး၊ တချို့မိတ်ဆွေတွေ ငါမကြိုက်ဘူး
တချို့အစားအစာတွေ ငါမကြိုက်ဘူး
ဒါပေမယ့် လူဖြစ်ရတာကောင်းတယ်
သူမဟာ လူသားမိန်းမတစ်ယောက်
ဒါကြောင့် ငါရဲရဲကြီးပြောပါတယ်
လူဖြစ်ရတာကောင်းတယ်
ဆေးရုံတက်မလား၊ ရုပ်ရှင်ရိုက်မလား
ဘီယာဆိုင်သွားမလား၊ အပြေးလေ့ကျင့်မလား
အိမ်ထောင်ပြုမလား၊ နေမျိုးကြီးကဗျာတွေဖတ်မလား
လူဖြစ်ရတာကောင်းတယ်
ယဉ်ကျေးပါ၊ သင်ယူပါ၊ ရိုးဖြောင့်ပါ
လူဖြစ်ရတာကောင်းတယ်
လောကကြီးကို အရှုံးပေးခဲ့ပါပြီဆိုပဲ
လူတစ်ယောက်ရဲ့နောက်ဆုံးဝါကျကို ငါဖတ်ခဲ့ရတယ်
ဒါပေမယ့် လူဖြစ်ရတာကောင်းတယ်
လူဖြစ်ရတာကောင်းတယ်
လူဖြစ်ရတာကောင်းတယ်လို့
ငါပိုသိလာတဲ့အချိန်မှာ ငါဟာ ဝံပုလွေတစ်ကောင်ဖြစ်နေခဲ့ပြီကွဲ့။

နေမျိုး၊ ၄၊၂၊၀၅။
ကဗျာဆရာဝံပုလွေ ကဗျာစာအုပ်၊ စာ ၅၀)

အသံတစ်ခု

ဘယ်သူ့ကို ငြူစူရမလဲ
အချစ်
ကြမ်းပြင်ပေါ် စာရွက်လွတ်တွေကြည့်ကာ
ခပ်တိုးတိုး ခေါ်ဆိုမိတယ်။
လေဝင်လေထွက် မကောင်းတဲ့ အခန်းထဲ
ရောဂါဘယများနေတဲ့ ပိုးမွှားတစ်ကောင်ပါ။
ရနံ့မသင်းတော့တဲ့ အရေပြားဥယျာဉ်ထဲ
အရာရာ ဦးညွတ်နေတဲ့ ပန်းတစ်ပွင့်ပါ။
ငါ
ဘာမှ မမှားသေးဘူး။ ။

တင်ကိုလတ်
အမှတ် ၁၆၊ ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ ၀၈

ကော်ဖီတစ်ခွက်

ပူပူနွေးနွေးစိတ်ကူးများ
ကိုယ့်စကားနဲ့ကိုယ် အငွေပျံလို့
တနင်္ဂနွေနေ့ဟာ
ကိုယ်နဲ့မတော်တဲ့ ဂျင်းဘောင်းဘီ
ချောင်းဆိုးပျောက်ဆေးဟာ
ဇိမ်ခံပစ္စည်းလား
လက်မောင်းသွေးလာသောက်တဲ့ ခြင်ကို
သံခင်းတမန်ခင်း ဆက်ဆံလို့မဖြစ်
စီးကရက်ပြာမှအစ
စည်းကမ်းတကျ ခြွေချခဲ့ပါတယ်
ညည်းငွေ့မှုဟာ အဖော်မပါ
ကော်ဖီဆိုင်မှာ ထိုင်စောင့်လို့
ဒီနေ့ ဘယ်သူနဲ့မှ စကားမပြောလိုတော့ပါ။

ကြည်ဇော်အေး
ရိုးရိုးသားသားသစ်သီး

ငါက ငါ့ ကံကြမ္မာဆီကို သွားတာဖြစ်တယ်

ဝတ်စုံပြည့် လေ့ကျင့်ဖူးတဲ့
ဥရောပ ရုပ်ရှင်တစ်ကားစာ မရှိတရှိ
ငါ ကြီးပြင်းခဲ့။

အခု... ကြားနေရတာက
တရွ့ရွေ့အုပ်မိုးထားတဲ့
ရောင်စုံမိုးတိမ်တွေကြားက
ငါ့ ရင်ခုန်သံဖြစ်မယ်။

ဘာပဲဖြစ်ဖြစ်
သူရဲကောင်းတွေဟာ
ကိုယ့်လည်ပင်းကိုယ် ပြန်မလှီးဘူးဆိုရင်
ကိုယ့်အလောင်းကိုယ် အသုဘပြန်ပို့ရဲတယ် ဆိုရင်
ဒီလိုပဲ ပြောကြစို့။

ဒါဟာ နောက်ဆုံးခံကတုတ်ဖြစ်တယ်ဆိုရင်တောင်
ဘုရားသခင်ရဲ့ အထောက်အပံ့တွေကို ငြင်းကြ။

ကိုမှိုင်း
အမှတ် ၁၄၊ ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ ၀၇

ဂွါရာနီကား

ပီကာဆို ဆွဲသွားတာလို့ပြောတာပဲ
ကျွန်တောကတော့
ဘာရယ်မှန်းမသိဘူး... ဆိုတော့
ကမ္ဘာကြီးက ရယ်မောပြီးပြောတယ်
ဘယ်သိမှာလဲ
မင်းကိုယ်တိုင်က
အဲဒီပန်းချီကားထဲက တစ်ယောက်ပေါ့... တဲ့
ဂွါရာနီကား။

စံညိမ်းဦး
အမှတ် ၆၊ ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ ၀၆

ရယ်ရမောရ

အားတိုင်းယားတိုင်း ဒီဆံပင်ကိုပဲ
လက်နဲ့ ထိုးထိုးဖွ
လုပ်စရာက ဒါပဲရှိတာကိုးလို့ ပြောရတော့မလိုလို
ကြော်ငြာအစီအစဉ်မှာ
နုပျိုခြင်းရဲ့ လျှို့ဝှက်ချက်ဆေးဝါးတွေကတစ်မျိုး
မျိုးဆက်သစ်တို့ရဲ့ အရသာအချိုရည်တွေကတစ်မျိုး
ကိုယ့်ထက် အသက်ကြီးတဲ့အရက်ပုလင်းတွေကတစ်မျိုး
ပြောပြန်ရင်လည်း
ဓားကို လျှာပေါ်တင်သွေးရသလိုဖြစ်ဖြစ်နေ
ပါးပါးလေးဘဲ
အထူအပါးနားမလည်ဘူးလားဘာလားညာလား
ပလက်ဖေါင်းပေါ်ကစကားကို
ပလက်ဖေါင်းပေါ်ကလူပဲနားလည်တယ်
စိတ်ကူးတည့်ရာလုပ်တာဆိုလို့
အရူးနဲ့ ကလေးနှစ်မျိုးပဲရှိ
ဒဏ်ရာမကျက်သေးခင်မှာပင်
ချုပ်ရိုးအရင်ဆွေးဆွေးသွား
ဘာမှန်းလည်းမသိဘူး
ပြန်တွေးမိရင် ပြန်ရယ်ရတုန်းပဲ။

ကြည်ဇော်အေး
အမှတ် ၂၊ ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ ၀၆

ပန်းချီ

ငါ့အူတွေက ခွေးလို သံရှည်ဆွဲအူလို့
ငါ့အစာအိမ်က စစ်လမ်းကြောင်းကျတဲ့ ရွာလေးတစ်ရွာလို။

ငါ့ကျောက်ကပ်တွေက
တဗွမ်းဗွမ်း ရေတွေလျှံလို့။

ငါ့အဆုတ်တွေက
ဖွတ်ချက်ဖွတ်ချက်နဲ့ မီးခိုးတအူအူ
ဘယ်လိုမှ စားသုံးလို့မရတော့ဘူး။

ငါ့အရိုးနဲ့အဆစ်တွေဂျွိုင်းထားတဲ့ ဂျွိုင်းနတ်တွေပြုန်းပေါ့
ငါ့ခန္ဓာ တာဘိုအင်ဂျင်သူရဲကောင်းကြီးလေ...
သူရဲကောင်းကြီးတဲ့...
ဘယ်လိုမှ ဆုတံဆိပ်တွေ မမျှော်မှန်း
ဘာဆုတံဆိပ်တွေမှ မရခဲ့တဲ့ သူရဲကောင်းကြီးပေါ့။

ငါဘယ်တော့မှ လက်နက်မချနိုင်ဘူးတဲ့
ဘာကြောင့်လဲဆိုတော့
ငါ့မှာ ချစရာလက်နက်မရှိလို့ပါကွယ်တဲ့။ ။

မောင်ချောနွယ်

မောင်ချောနွယ်အတွက် မနေနိုင်လို့ရေးတဲ့ကဗျာ

မိုးတွေရွာပေါ့
အဲသလို မိုးတွေရွာတုန်းတစ်နေ့မှာ
ဖော်ဝေးဟာ
ထွက်ခွာသွားပါတယ်။

အဲသလို မိုးရွာတုန်းမှာပဲ
ကိုလေးအောင်လည်း
ထွက်ခွာသွားခဲ့ပါတယ်။

ခုတစ်ခါ မောင်ချောနွယ်
သူငယ်ချင်း မောင်ချောနွယ်
နှစ်ပေါင်း သုံးဆယ်ကျော်
ငါတို့ ချီတက်ခဲ့ကြရာမှ
မင်းထွက်ခွာသွားပေါ့။

သူဟာ သူ့ကိုယ်သူ ရုပ်ရှင်မင်းသား
ဖြစ်မယ်လို့ တကယ်ထင်ခဲ့တယ်။

အဲဒါကြောင့်
ငါတို့ ရယ်ခဲ့ကြတယ်။

သူဟာ သူငယ်ချင်းတွေကို
အမြဲမနာလိုရှိခဲ့တယ်။

အဲဒါကြောင်းလည်း
ငါတို့ ရယ်ခဲ့ကြတယ်။

သူဟာ အများသိကဗျာဆရာပေါ့
ဒါပေမယ့် အဲဒီထက်မက
သူဖြစ်ချင်ခဲ့လို့
ကဗျာတွေ အများကြီး ရေးခဲ့တယ်။

ငါတို့ ကဗျာတွေအများကြီး
ဖတ်ခဲ့ရတယ်။

အဲသလို ရယ်စေ
ကဗျာတွေ ဖတ်ရစေတဲ့...
... အဲဒီ့နေရာမှာ
ငါ့ကဗျာဟာ ရပ်သွားတယ်။

ငါ ဘာဆက်ရေးရမလဲ
ဟိုရှေးရှေးက စာဆိုတော်ကြီးတွေလို
ငါ့ကလောင်ကို ခဏချ
ငေးတိငေးရာ ငေးရတယ်။

ဪ...မောင်ချောနွယ်
သူဟာ အဆင်မပြေခဲ့ပါ
မတည်ငြိမ်မှုထဲမှာ
ဆောင်တည်ရာမရခဲ့ပါဘူး။

ဖန်ခွက်တစ်ခွက်နဲ့
အရက်တစ်ခွက်တစ်ခွက်နဲ့
သွေးတစ်စက်တစ်စက်နဲ့
ဘဝ တဆတ်ဆတ် ကတုန်ကယင်နဲ့
ငြင်းပယ်ခံရမှုနဲ့
လှည့်လည်တောင်းခံရမှုနဲ့
တစ်ကိုယ်လုံးထိုးအပ်လိုက်ရမှုနဲ့
နောက်ဆုံးတော့ ပါးလျားသေးသေးလေး
သေးသေးလေး အစက်လေးတစ်စက်
အစက်တစ်စက်။

အဲဒီအစက်လေးတစ်စက်အထိ
ကဗျာတွေ ရေးထွက်ခဲ့သေးတယ်။

ဪ... သူငယ်ချင်း
ခုလည်း
မိုးတွေမည်းလို့
မိုးတွေရွာပေါ့။

'သူငယ်ချင်းသေရင် ကိုယ်ငိုမှာပါ'ဆိုတဲ့
သူငယ်ချင်း
မင်းသေတော့ ငါငိုမထွက်ခဲ့ပါ
ငိုမယ်ဆို ငိုစရာတွေ မဆန့်မပြဲပဲ
ငါတို့ဘဝတွေမှာ
ငါတို့ရဲ့ ပက်ပက်စက်စက် ဘဝတွေမှာ။

အိမ်မှာ ပန်းချီကားတစ်ချပ်
တိမ်ပြာထဲ ခေါင်းအုံးတစ်လုံး
မင်း အပူအပင်ကင်းစွာ အိပ်စက်ရပါစေသား။

ရယ်စရာပါ သူငယ်ချင်း
ငိုစရာလည်း ပါပါလိမ့်မယ်
လူငယ်လေးတစ်ယောက် မူးတိုင်းရွတ်ပြတယ်
"မင်းတို့ပြောတော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း
ကွယ်လွန်ပြီဆို
ခု... ဘယ်မှာရှိတော့လို့တုန်း" တဲ့
ပြက်လုံးပါ။

ဟုတ်ပါတယ်
မောင်ချောနွယ် မရှိတော့ပါ။

ဪ... သူငယ်ချင်း
ခုလည်း
မိုးတွေမည်းလို့
မိုးတွေရွာပေါ့။ ။

အောင်ချိမ့်
စက်တင်ဘာ၊ ရနံ့သစ်၊ ၂၀၀၃

ခင်ဝမ်းအတွက်ကဗျာ

သူမပျော်ဘူးဆိုတာ
ငါသိခဲ့ပါရဲ့။

ငွေစရွှင်တဲ့ ပန်းချီဆရာအဖြစ်နဲ့တောင်
မပျော်ရွှင်ခဲ့ဘူးလား
ငါသိခဲ့ပါရဲ့။

'အဖေ့သွား ရေထဲမှာအိပ်တယ်'
ငါသိခဲ့ပါရဲ့။

'ပြည်မှာဆောင်း' 'ကောလိပ်နေ့ရက်များ'
ငါသိခဲ့ပါရဲ့။

နောက်ဆုံး 'မိုက်ကယ်ဖေးလ်'လို'စပရေး'ပက်ခဲ့တယ်
ငါသိခဲ့ပါရဲ့။

မောင်ဒီရဲ့သူငယ်ချင်း
ငါသိခဲ့ပါရဲ့။

ငါမပျော်ရွှင်ပုံ
သူရိပ်မိခဲ့သလို
သူမပျော်ရွှင်ခဲ့တာ
ငါသိခဲ့ပါရဲ့။

ငါတို့ဟာ မတိုင်ပင်ပဲအတူတူ
ကိုယ့်ထောင့်မှကိုယ်
မနေနိုင်မထိုင်နိုင် ရှာတွေ့ခဲ့ကြ
ကျွမ်းပြန်ခဲ့ကြ။

ငါတို့မေ့လျော့ခဲ့ကြတယ်
'သေမှု'ဟာ ရှုင်သန်နေပြီး
'ရှုင်မှု'ဟာ သေဆုံးနေတယ်
ငါတို့ မေ့လျော့ခဲ့ကြတယ်။

ခုတော့
ကြွေပေါ့။

ကျော်ကြားတဲ့ ၂၀၀၀ပြည့်နှစ်ထဲရောက်မှ
ကြွေပေါ့။

အလို၊ အဲဒီကြွေတဲ့ကြယ်ဟာ
'ခင်ဝမ်း'အမည်တပ်ရမှာပါလား။

ငါက ကဗျာဆရာ
ဒီတိုင်းပြည်မှာ ကဗျာဆရာ
အခက်အခဲများ
ခလုတ်ကန်သင်းအတိုက်များတဲ့ ကဗျာဆရာ ဒီကဗျာ
ငါ့အကြောင်းပါ ငါထည့်စပ်လိုက်ပါရဲ့။

အောင်ချိမ့်
ယနေ့ခေတ်၊ ဖေဖေါ်ဝါရီ ၂၂၊ ၂၀၀၀

မြေချစ်သူကို လိုက်ပို့ကြခြင်း

တို့တွေ တစ်ယောက်နဲ့တစ်ယောက်ဝေးကြ
နီးပေမယ့် ဝေးကြ
ဝေးသော် ပို၍ဝေးကြ
နှစ်ယောက်အိပ်ခုတင်ပေါ် လင်မယားဝေးကြသလို
ခေတ်ကြီးတစ်ခေတ်လုံးခြားခဲ့သလို
ဝေးကြ။

အပေါ်ယံဆိုပေမယ့် အပေါ်ယံမှာပဲ ကျဆုံးခဲ့ကြတယ်
ယင်ကောင်တွေလိုအများအပြား
နှစ်တွေလက်ဆင့်ကမ်းခဲ့ကြရုံ
သေတော့
အံ့အားသင့်ရ
မသေခင် လှည့်မကြည့်နိုင်ကြ
သုတ်သီးသုတ်ပျာ ပျာယာခတ်ကြ။

စက်တွေ ခွေးသွားစိပ်ပွန်းသလို
ထစ်အခဲ့ကြ။

ငိုစရာ ရယ်စရာဟာ သိပ်မကွဲပြားတော့
ယောင်န ခဲ့ကြ။

သစ်ရွက်တစ်ရွက် ညှိုးနွမ်းစွာ တွားသွားခဲ့တယ်။
လူတစ်ယောက် အားနည်းစွာ ရှပ်တိုက်ခဲ့တယ်။

ရှင်ခဲ့တယ်
သေခဲ့တယ်
တစ်နေကုန်တစ်နေခန်း
လမ်းသလားခဲ့တယ်။

လမ်းသလားရင်း လမ်းမှာ
လမ်းပျောက်ခဲ့တယ်။

လမ်းသလားရင်း လမ်းမှာ
တောမှောက်ခဲ့တယ်။

လွဲမှား
အဖာ အစပ် အပြစ်များလှတဲ့
ဒီဘဝ ဒီခန္ဓာ ဒီရုပ်
ချုပ်ရိုးပြတ်ခဲ့ပေါ့။

သူသေခဲ့တယ်
လူသေခဲ့တယ်
၁၉၉၇ နွေကြီးမှာ
သူသေခဲ့ပါပေါ့။

ရုပ်ရှင်ကားတစ်ကားလို
ရုပ်ရှင်ကားတစ်ကားဟာပြီးခဲ့ပြီး
နောက်ထပ် ရုပ်ရှင်ကားတစ်ကား
ခေါင်းတိုင်ထိပ်မီးခိုးများ။

မနိုင်ဝန်ထမ်းထားတဲ့ ငါ့ရဲ့ လက်ဘက်ရည်ပူပူကို
နွေးအောင် သူ မှုတ်သောက်ခဲ့တယ်။

ဘဝကြီးရဲ့ တစ်ဖက်သတ် ရှုံးပွဲများအတွက်
သူထိုက်ထိုက်တန်တန် ဝေစုရခဲ့တယ်
အဲဒီဝေစုအတွက်ဖြင့်
သူ တာဝန်ကျေခဲ့ပါရဲ့။

အောင်ချိမ့်
စက်တင်ဘာ၊ ရနံ့သစ်၊ ၁၉၉၇

ကျွန်ုပ်ဘက်က ကိစ္စများ

ဒီအသီးကို ဘယ်အပင်က
ခူးသလဲလို့ သင်တို့ငါ့ကိုမေးကြ။

ဒီအင်္ကျီကိုဘယ်ဆိုင်က
ချုပ်ခဲ့သလဲလို့ သင်တို့ငါ့ကိုမေးကြ။

ဒီသရဖူကို ဘယ်သူက
ဆောင်းပေးခဲ့သလဲလို့ သင်တို့ငါ့ကိုမေးကြ။

မေခွန်းများဟာ
လျှာများကို အပျင်းပြေစေတယ်။

ငါ့မှာ...
ဝှက်ထားတဲ့ တောင်ပံတစ်စုံရှိတယ်။

ငါ့မှာ...
ဝှက်ထားတဲ့ ကောင်းကင်တစ်ခုရှိတယ်။

သစ္စာနီ၊ မိုးဝေ၊ ၁၉၈၇။
မိမိအရေပြားမှ လမ်းလျှောက်ထွက်ခြင်းကဗျာစာအုပ်၊ စာ ၁၆

ကြယ်သီးများ

သစ်ပင်တွေရဲ့ ကြေကွဲမှု
သူ့ရှေ့တည့်တည့်က စွေစောင်းစောင်း
ခြံစည်းရိုးကိုသာ တွေတွေကြီးငေးစိုက်
အကုန်လုံး မိုက်မဲခဲ့ကြလေတယ်...တဲ့၊

အခုတော့
အသီးအပွင့်တွေ ဆွံအ
ကောင်ကင်မှာပဲ ကြယ်တွေ တွဲတိတွဲလောင်းကျ
ပိုပိုပြီး လင်းထိန်ခဲ့ရပြီ
ရှက်တတ်သူတွေ ခမျာက
အဲဒါတွေ ခူး ခူး ပြီး
ဆွဲဆွဲစေ့နေရတော့ရဲ့။

စန်းဦး
မိုးရာသီဆက်တင်ကဗျာစာအုပ်

အသစ်စက်စက်များ

အဟောင်းများထဲမှ သိပ်မဟောင်းသေးသောအဟောင်း
အမှားများထဲမှ သိပ်မမှားသေးသောအမှား
ဇီဇာကြောင်လည်း အပိုပဲ
ငါတို့ရနိုင်ခွင့်လည်းဒါပဲ။ ။

လက်ျာဝင်း
မေ၊ Beauty မဂ္ဂဇင်း၊ ၀၈

ဗီရာ (VERA)

'မင်းနာမည် ဘယ်သူလဲ'
'ဗီရာ'
'မင်းအမေက'
'အကာလညရဲ့  ဒုတိယမာတိကာ'
'မင်းရဲ့  အဖေ...'
'ရန်သူ'
'ကိုယ်တွင် ထင်ရှားသည့် အမှတ်အသား'
'ဘယ်တော့မှ မကျက်နိုင်တဲ့ ဒဏ်ရာရှိ'
'မင်းရဲ့ ဇာတိ'
'စစ်ပြေးလမ်း'
'နျူကလီးယားပန်းခင်းထဲမှာ
ငြိမ်းချမ်းပါစေ
အာမင်'။ ။

မိုဃ်းဇော်
မိုဃ်းဇော်သေတမ်းစာ၊ စာ၁၄။
အောက်တိုဘာ၊ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း၊ ၀၄

အရောင်ပျက်

သစ်ကိုင်းပေါ်ပွင့်နေတဲ့ ကျီးကန်းနဲ့
မနက်ခင်းက တင်ဆက်တယ်
အရသာမရှိဘူး ကိုယ့်လူ
မျက်လုံးကန်းသွားအောင်လှလည်း
အဲဒါကို အဓိပ္ပါယ်ဖွင့်ဖို့ဆို
သော့က ကိုယ့်မှာမရှိဘူး။ ။

မောင်ဖီလာ

သင်းကွဲအပြုံး

ဝံပုလွေဆိုတာ
ဦးနှောက်ထဲ ရမ္မက်အပြည့်နဲ့
စဉ်းလဲတတ်တဲ့ သတ္တဝါ
တစ်မျိုးပ။

မွေးကတည်းက
အတ္တတွေ ဝါးမျိုကြီးပြင်း
ဝိညာဉ်တွေ စားသောက်ရင်း
ပန်းပွင့်တွေ စားသောက်ရင်း
သက်ပြင်းချသံသဲ့သဲ့မှာ
သွေးညှီနံ ပါမြဲ။

ရင်းမြစ်ဗီဇဟာ
သွေးသားဆဲလ်ထဲမှာကိုက
အတ္တအဘိဓမ္မာအဆိပ်များ
သော့ပိတ်ထားပြီးပေါ့။

အုပ်စုကွဲ
တစ်ကောင်တည်း ပဲ့ထွက်လာတဲ့အခါ
မာယာမျက်နှာဖုံးတပ်
အကွက်ချလှည့်ဖျားဆိုးညစ်တတ်
အစွှယ်ဝှက်ပြီး ပြုံးနေတတ်တယ်။

ဒါပေမယ့်
အပြုံးထဲမှာ
သွေးညှီနံဟာ ပါမြဲ။ ။

ခိုင်မြဲကျော်စွာ
ဒီဇင်ဘာ၊ ၉၀၊ ဟန်သစ်မဂ္ဂဇင်း

ငါဟာ မိန်းမ

တစ်ယောက်တည်းဆို ငါ ဝတ်လစ်စလစ်နေမယ်
အခု တစ်ယောက်တည်းမဟုတ်တော့ ငါ ဝတ်လစ်စလစ် မနေဘူး
အချစ်ကိစ္စကို ငါ့ဘက်က စရမယ်
အခု ငါက မိန်းမဆိုတော့ ငါ စလို့မရဘူး
ငါဟာ မိန်းမ
ငါဟာ အခူးအဆွတ်ခံဖို့ ပွင့်လာတဲ့ မိန်းမ
ခုနှစ်ရက်သားသမီး ပန်းအိုးတွေအတွက်ဆို
မြန်မြန်ခူးဆွတ်စမ်းပါလို့ မြူဆွယ်နေတဲ့ မိန်းမ
ငါဟာ မိန်းမ
ငါဟာ အသီအကုံးခံဖို့ ကြွေနေတဲ့ မိန်းမ
ခုနှစ်ရက်သားသမီး ဧည့်ခန်းတွေအတွက်ဆို
မြန်မြန်ကောက်ယူစမ်းပါလို့ ဖြားယောင်းနေတဲ့ မိန်းမ
ငါဟာ မိန်းမဆိုတော့ နေချင်သလို နေလို့မရဘူး
ငါဟာ မိန်းမဆိုတော့ ချစ်ချင်သလို ချစ်လို့မရဘူး
မြုံနေတဲ့ ဝေဒနာတွေနဲ့ ငါဟာ
မြုံနေတဲ့ မိန်းမတော့မဟုတ်ဘူး
မိန်းမ ငါဟာကိုယ်ဝန်ဆောင်ထားတဲ့ မိန်းမ
ငါ့ကိုယ်ဝန်ဟာ အခုလက်ရှိကမ္ဘာနဲ့ ရတာပေါ့
ငါဟာ မိန်းမဆိုတော့ မိခင်ကောင်းတစ်ယောက်လည်းဖြစ်ရမယ်
အခုလက်ရှိကမ္ဘာရဲ့  အကျင့်စရိုက်ဆိုးတွေ
ငါမွေးဖွားမယ့် ငါ့ကမ္ဘာလေးမှာ ပါမလာအောင်
ငါမွေးဖွားမယ့် ငါ့ကမ္ဘာလေးကို ငါ ပျိုးထောင်ပေးရမယ်
ငါဟာ မိန်းမ
တရားမျှတမှုကို တန်ဖိုးထားတဲ့
ငါ့ကမ္ဘာလေးကို မွေးဖွားပေးချင်နေတဲ့ မိန်းမ
ငါဟာ မိန်းမ
နိုင်ငံတော်ကိုချစ်တတ်တဲ့
ငါ့ကမ္ဘာလေးကို မွေးဖွားပေးချင်နေတဲ့ မိန်းမ
ငါဟာ မိန်းမ
ငါဟာ ကိုယ်ဝန်သည်မိန်းမ
အခုကတည်းက ကိုယ်ချင်းစာနာမှု အင်္ကျီလေးတွေချုပ်လို့
အခုကတည်းက ယဉ်ကျေးလိမ္မာ ပုံပြင်စာအုပ်လေးတွေ ဖတ်လို့။ ။

လင်းလွင်
အမှတ် ၁၅။ ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ ၀၈

ဖြူး

ပဋိသန္ဓေတားဆေးစားပြီး ဝဖီးသူမိန်းမလို
အဝေးပြေးကားကြီးတွေ
ချစ်မှုတစ်ခုခုဆီ စုန်စုန်သွားကြ
ကုန်စည်အသစ်သစ်တွေဆီ ဆန်ဆန်သွားကြ
ထွေးပွေ့လိုက်စမ်းပါ...
ထွေးပွေ့လိုက်စမ်းပါ ဆိုဆိုပြီး
ရထား...
ဝင်ချလာ
မြီု့ တွေကို ဖြူးချလိုက်ပါပေါ့
ဖြူး...။ ။

မောင်ချောနွယ်

မန္တလာ

လမ်းမကြီးတွေဟာလေ
သူတို့အပေါ်
ရွာတောင့်ရွာခဲ
မိုးရွာချပလားဆို
ကျောတွေ ကော့ခွက်အိုင်ထွန်းခံ
လေးငါးရက် ကြွားမဆုံးတော့ဘူး။

ပြီးတော့လည်း
မြို့ ကြီးပေါ့မှ ပေါ့စေတော့လို့
သူတို့ကိုယ်ကို ခြောက်သယောင်းစေပြီး
ဖုန်တွေထ အပျံခိုင်းပါရော
မာယာ။ ။

မောင်အောင်ပွင့်
ဇူလိုင်၊ ၁၉၉၂၊ စံပယ်ဖြူမဂ္ဂဇင်း

မိုးတစ်တွေး

မိုးတွေလိုပဲ စိတ်တွေစွေနေမိတာတောင်
ကောင်းကင်လို မထစ်ချုန်းလိုက်နိုင်ဘူး
စိမ်လန်းသွားမှုကိုသာ လွမ်းရ
တစ်ထိုင်က မထချင်တော့ဘူး
လမ်းတွေ ဗွက်ဖြစ်ဦးမယ်ထင်ပါရဲ့ ။

စည်သူငြိမ်း
အမှတ် ၁၃၊ ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ ၀၇

အချစ်ရေ တို့လွဲမှားခဲ့

မင်ရှိနေလိမ့်နိုးနဲ့
ငါက အပြင်ကို။

ငါ့ကို မြင်ရမယ်
အထင်နဲ့
မင်းက အထဲကို။ ။

ညိုမင်းထက်
အမှတ် ၁၂၊ ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ ၀၇
ပလူ အုပ်စုဖွဲ့
အလင်းရှိရာ တိုးဝင်ခဲ့
ဆောင်းရောက်လုပြီကွဲ့။ ။

မောင်သင်းခိုင်
ပိတောက်ပွင့်သစ်မဂ္ဂဇင်း

(မှတ်ချက်၊ မဂ္ဂဇင်းအမှတ်စဉ်ကို မမှတ်သားထားမိ၍ မဖော်ပြနိုင်ပါ။)

လေယာဉ်ပျံ

တိမ်ကဲ့သို့ လွင့်နေတဲ့စိတ်
မြင့်တာတစ်ခုနဲ့တင် ဝေဝါးဝါး
အရေးပေါ် ဆင်းသက်လာခဲ့ ကွင်း
အပေါ်စီးက ကြည့်တော့
လမ်းဟာ ကောက်ကွေ့လွန်း
ထိုင်ခုံအောက်မှာ အနုပညာရှိတယ်
ဒီတစ်ခု အားကိုးနဲ့
အရဲစွန့် ဆင်းခဲ့တယ်။

ထိန်လင်း
အမှတ် ၉၊ ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ ၀၆

ပုဂံ

စေတီထဲ နေရောင်သွင်းယူခဲ့ပုံက
အံ့သြဖွယ်။

အုတ်တစ်ချပ်ချင်းစီမှာ
ရာဇဝင်ရှိတယ်။

ဧရာဝတီ
အဝေးရောက် နံရံဆေးရေး
ဆွေးမြည့်စရာ။

အိုးခြမ်းပဲ့က
ရာစုတစ်ခုလုံး ရတယ်
ရတနာသိုက် တူးဖော်မိတယ်။

လက်ရာက ပြောတဲ့စကား။

စိတ်ကူးစိတ်သန်း
ခမ်းနားရုံသက်သက် မဟုတ်ဘူး
ငလျင်ဒဏ် ခံ့ခဲ့ရပေမယ့်
အဖွဲ့အနွဲ့ ကျန်နေတုန်း။ ။

စိုင်းဝင်းမြင့်
အမှတ် ၁၄၆၊ စတိုင်သစ်မဂ္ဂဇင်း

တံတား

သေမလား ရှင်မလားငါမသိဘူး
ငါတံတားကို ဖြတ်ရမယ်...။

မောင်ကြူးရင့်
အမှတ် ၃၊ ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ ၀၆

ပါပီလွန်

သမုဒ္ဒရာကြီးထဲမှာ
မပြောပလောက်တဲ့ ကျွန်းလေးတစ်ကျွန်း
အဲဒီ ကျွန်းလေးတစ်ကျွန်းပေါ်မှာ
အပ်ဖျားတစ်ထောက်စာ အစက်လေးတစ်စက်
အဲဒီ အစက်လေးထဲမှာတော့
စကြာဝဠာထက်ကြီးတဲ့
အလျှံရဲရဲ လွတ်မြောက်လိုစိတ်တွေ။ ။

နွယ်စိမ်းဝေ
ဇန်နဝါရီ၊ ၀၈၊ နွယ်နီမဂ္ဂဇင်း

ဗန်ကောက်

စနစ်တကျရှုပ်ထွေးနေတဲ့မြို့ 
လူတွေထက်
အဝါရောင်တွေက ပိုသိပ်သည်းတယ်
ညကို
မင်္ဂလာပါလို့ နှုတ်ဆက်ဖို့
အိပ်မက်ပဲမက်ရတယ်။

စောဝေ
နိုဝင်ဘာ၊ ၀၇၊ မဟေသီမဂ္ဂဇင်း

အလင်းအမှောင်

သွေးကြောထဲ
နည်းပညာပေါက်ကွဲမှုတွေ ပြင်းထန်ပျံ့ နှံ့လှုပ်ခတ်
ဆတ်ကော့လတ်ကော့ လှပနေတဲ့ ကမ္ဘာ
ညစ်ညမ်းတဲ့လေထုက သဲသဲမဲမဲရွာ
ချစ်ခြင်းမေတ္တာက ဆေးလိပ်မီးသာသာ
မသမာမှုတွေက
ရေကြည်ရာ မြက်နုရာ။

ဝိုင်းယဉ်နွယ်
နိုဝင်ဘာ၊ ၀၇၊ ကလျာမဂ္ဂဇင်း

ဆိုလို [SOLO]

အမောဖောက်နေတဲ့ နေရောင်ခြည်
အကြောဆွဲနေတဲ့ လေညင်း
အနာရင်းနေတဲ့ ကောင်းကင်
အသက်ငင်နေတဲ့ တိမ်တိုက်
ဆိုးမိုက်တဲ့ ရာသီဥတု
ခြေသလုံးအိမ်တိုင် ကျီးကန်းတွေနဲ့
အလေ့ကျပန်းတွေရဲ့  ဂီလာနဆည်းဆာမှာ
ငါဟာ
သွေးမတိတ်သေးတဲ့ ဂစ်တာ။

မိုဃ်းဇော်
အမှတ် ၁၀၊ ပန်းအလင်္ကာမဂ္ဂဇင်း

အုံ့ပုန်း

သူ့ဘာသာသူ လင်းနေတဲ့
လမင်းကို အကြောင်းမဲ့ ငေးတယ်။
သက်ပြင်းကို ခဏ ခဏ ချတယ်။
ထိုင်တယ်၊ ထိုင်နေလို့မရ၊
ထတယ်၊ ထနေလို့မရ
ဘာမှ အဆင်မပြေ။

သူ့နာမည်လေး ပွန်းပဲ့သွားမှာ စိုးသလို
ဖြည်းဖြည်းဖွဖွ ရွတ်မိတယ်၊ မွန်းကျပ်လာတယ်ထင်တော့
တံခါးကို ဖွင့်တယ်၊ အဆင်မပြေဘူး၊
ပြီးတော့ ပြန်ပိတ်တယ်၊
အဆင်မပြေဘူး၊
နျူကလီးယားစက်ခလုတ်ခုံကို ကိုင်တွယ်သလို
သူ့ဓာတ်ပုံလေးကို သတိကြီးကြီးနဲ့ ထုတ်ကြည့်တယ်၊
ခိုးချောင်ခိုးဝှက်။

ခြေသံကြားတိုင်း
ခွေးတစ်ကောင်လို ခေါင်းထောင်ကြည့်မိ၊
ဘာမှ အဆင်မပြေဘူး၊
ကော်ဖီတစ်ခွက် ဖျော်တယ်ခ
အဆင်မပြေဘူး၊
စာအုပ်တစ်အုပ် ကောက်လှန်တယ်၊ အဆင်မပြေဘူး၊
သီချင်းနားထောင်တယ်၊ အဆင်မပြေဘူး၊
ဝင်အိပ်တယ်၊ အဆင်မပြေဘူး၊
ချောင်းဆိုးသလို၊ မီးခိုးလို
ဒီအချစ်စိတ်ကို ဖုံးဖိထားလို့ မရဘူးဆိုတော့
ဒီလိုပဲ ဘာလုပ်လုပ် အဆင်မပြေ၊
ဒီလိုပဲ ယောက်ယက်ခတ်နေရတာပေါ့။ ။

ဘုန်းသက်ပိုင်
အမှတ် ၇၊ ပန်းအလင်္ကာမဂ္ဂဇင်း

ပင်လယ်

သူမဟာ ပင်လယ်
လှုပ်ရှားတယ်၊ ရှင်သန်တယ်၊ စီးဆင်းတယ်
သူမဟာ ပင်လယ်
ငါ့ကို ငါးတွေပေးတယ်
ငါ့ကို ပုလဲတွေပေးတယ်
ငါ့ကို ဒဏ္ဍာရီထဲက ကျောက်တုံးတွေပေးတယ်
ငါ့ကို သဘောင်္ပျက်တွေပေးတယ်
ငါ့ကို ပင်လယ်ဓားပြအရိုးစုတွေပေးတယ်
ရွှေဒင်္ဂါးလည်း နည်းနည်းပေးတယ်။
သူမဟာ ပင်လယ်
ငါ့ကို လူးလာစုန်ဆန်ကူးခတ်စေတယ်။
ရဲဝံစေတယ်။
နယ်မြေသစ်တွေဆီ ရောက်ရှိစေတယ်။
သူမဟာ ပင်လယ်
တစ်နေ့မှာငါ့ကို နစ်မြုပ်စေတယ်
သူ့ရဲ့နက်ရှိုင်းတဲ့ ရေအောက်ကြမ်းပြင်မှာ။
သူမဟာ ပင်လယ်
ငါ့ကို အမြဲ သိမ်ဆည်းထားလေတယ်။

နေမျိုး
အမှတ် ၆၊ ပန်းအလင်္ကာမဂ္ဂဇင်း

ပင်လယ်လေရှုသူ

ဟောဒီမှာ...
ပျော်ရွှင်မှုများ ညနေ
ကြည်လင်မှုများ အချိန်နာရီ
စင်ကြယ်မှုများ စံပယ်ပွင့်
ရိုးဖြောင့်မှုများ အောက်စီဂျင်
သန့်ရှုင်းမှုများ သီချင်း
ငြိမ်းချမ်းမှုများ ပန်းသီး
လွတ်လပ်မှုများ အာကာသ
ချစ်ခြင်းမေတ္တာများ မဟာပထဝီ
ရယ်မောကခုန်သံများ အိမ်ရာ
လတ်ဆက်မှုများ ကမ္ဘာကြီး


ကောက်နှုတ်ချက်၊ ပင်လယ်လေရှုသူ
မောင်ချောနွယ်။

ဂီတ

လမ်းဘေးမှာ အေးအေးဆေးဆေး အိပ်နေတဲ့ခွေး
ရုတ်တရက် ကားဖြတ်နင်းခံရ
ခြေထောက် နှစ်ချောင်း သွင်သွင်ကျိုး
နာလွန်းလို့ ခမျာမှာ
ဘယ်လို အော်ရမှန်း မသိ
သူ့အသက်ရှု ရေငင်ပုံးကလေး
ရေတွင်း နက်နက်ကြီးထဲ
ငင်ငင်နေတာ မြင်ရ။ ။

မောင်ချောနွယ်။

ပြည်

လဝန်းထဲ
ပွဲကြည့်လှေကလေး လှော်ခတ်ဝင်းသွား
လမ်းရွေးမှားသူ မြစ်၊
နှစ်ထပ်သဘောင်္မြို့ ကလေးပေါ် နားခဲ့ပေါ့။ ။

မောင်ချောနွယ်

ကိုက်လမ်း

ငါဟာ
ကမ္ဘာကြီးကို နားစွင့်ထားသူ ယုန်ကလေးပါ
နေ့စဉ် နေ့စဉ်
ငါ့ဝပ်ကျင်းကလေးကနေ ငါ အစာရှာထွက်တိုင်း
သစ်ပင်မြက်ပင်လေးတွေ ကိုက်ကိုက်ပြီး
ငါထွက်လာခဲ့မြဲ
ခု...
လူနဲ့ခွေးများ တောခြောက်ကြ
အပြေးအမြန် ငါ့ကိုက်လမ်းလေးအတိုင်း ပြန်လာခဲ့ရာ
ပိုက်ထဲ...
ငါ့သစ္စာတရားဟာ ငါ့အသက်ကိုယူသွားကြပေါ့။ ။

မောင်ချောနွယ်။

သန္တိသုခ

နှင်းဝေဝေမနက်
ဆွတ်ပျံဖွယ် ဥသြသံသာ
နွေကို လုခဲ့ရှာ။ ။

မောင်ချောနွယ်။

အိမ်

ပလတ်စတစ်အကြည်သားပေါ်
တိမ်တွေ ရေးဆွဲချလိုက်ပြီး
တိမ်အိမ်လေး ဆောက်ခါဝင်လိုက်မိ
ဘယ်လိုမှ ပြန်ထွက်မရတော့ဘူး။ ။

မောင်ချောနွယ်။

ငါး

တစ်ဘဝလုံးလိုလို
ငါးရယ်လို့ တစ်ကောင်တစ်လေမှ မမိ
ကြည့်
မိမယ့်မိတော့ စကြာဝဠာကြီး
အပေါ်ဆွဲတင်လိုက်တော့
ငါ့ ငါးမျှားတံဟာ ကိုင်းညွှတ်ပြီး
သက်တန့်ဖြစ်သွား
ငါ့ကို ပြန်မျှားခဲ့ပေါ့။ ။

မောင်ချောနွယ်

ဒေါင့်ချိုးများ

ဒုက္ခဆိုတာ ဒိုင်ယာရီစာအုပ်တစ်အုပ်ပဲ
သုခဆိုတာ အတိုအစတွေရတဲ့ Snack ဘားလေးတစ်ခုပဲ။

ချစ်သူဆိုတာ လေညင်းသာသာမှာ
လွင်းပါးသူ ပုဝါစကလေးပဲ။

ပျော်ရွှင်ခြင်းဆိုတာ ခုန်ပေါက်ကစားခြင်းတစ်မျိုးပါပဲ။
ဘဝဆိုတာ ဓါးချက်တွေမွှန်းထားတဲ့ အရှင်လတ်လတ်ငါးပဲ။
ယုံကြည်ချက်ဆိုတာ မြစ်လိုမဖြာ
သစ်ပင်လို သီးပွင့်ခြင်းပဲ။

ခံစားချက်ဆိုတာ ရေတံခွန်နဲ့ စက္ကူစွန်ပဲ။
လောကကြီးကတော့ ခရီးသည်ကြီးပါပဲ။
တိမ်တွေကို ကျောပိုးအိတ်လို လွယ်လို့
သစ်တောနဲ့ တောင်တန်းတွေ ဝတ်ဆင်
အိမ်ရာပြုလို့
သေခြင်းတရားဆိုတာ သောက်ဖော်စားဖက်ပါပဲ။ ။

မောင်ချောနွယ်
အမှာစာ၊ ငှက်ဆိတ်တဲ့သစ်စည်း။