> သီဟသူ [dot] blogspot [dot] com: 2011

Dec 31, 2011

ခင်ခင်ပျိုရေ စောင့်ခဲ့တယ်


၁။ ခင်ခင်ပျိုရေ
 
ဝိသေသနပုဒ်က ဒီအတိုင်း
စာသားက ဒီအတိုင်း
တရားက တရားအတိုင်း
အမှားက အမှားအတိုင်း။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။

မိုးတစ်ပေါက်တင်ပြီး
စိန်လိုလက်နေတဲ့ ဇီဇဝါပန်းများ မွှေးခဲ့လို့
ငါ့စိတ် ထိန်းနိုင်ခဲ့
မိုးတဖျောက်ဖျောက် နေ့တွေ ကုန်လွန်နိုင်ခဲ့။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။

မဖြောင့်ဖြူးခြင်းအချစ်စစ်ကို
အနှစ်တစ်ရာ သစ္စာဖွဲ့
ငါ စောင့်ခဲ့တယ်။
ခင်ခင်ပျိုရေ၊ စောင့်ခဲ့တယ်။ ။


၂။ ခင်ခင်ပျိုရေ ငါ့ဘဝ သမိုင်းတစ်လျှောက်

ဂူကြီးထဲမှ မီးတုတ်ကိုင် ထွက်လာသလို
ငါ စောင့်ခဲ့တယ်။

သမိုင်းဆိုတာ နှေးချင်နှေးပြီး
မြန်ချင်လည်း မြန်တတ်တယ်။
မီရထားဘူတာရုံမှာ ရထားစောင့်သလို
ငါ စောင့်ခဲ့တယ်။

ပါလာ မလား
မပါလာဘူးလား"
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။ ။


၃။ ခင်ခင်ပျိုရေ မှတ်တမ်းတစ်ရွက်

မိုးညို့ညို့အောက် ဖြတ်လျှောက်ခဲ့ပြီး
မှောင်ခဲ့တယ်။
တံတားအောက် ဖြတ်လျှောက်ပြီး
မှောင်ခဲ့တယ်။
မှောင်ခဲ့တယ်၊ မှောင်ခဲ့တယ်
မှောင်ခဲ့တယ်။
ငါဟာလည်း ဘာမို့လဲ
မှောင်ခဲ့တယ်။
အဝီစိက ခုမှ တက်လာသလို
မှောင်ခဲ့တယ်။
ငါ့ကိုယ်မှဦ အဲဒီအမှောင်နံ့စွဲလို့
ဒီဘဝမှာ ဒီမှာ မင်းကိုယ်နံ့ကို ငါ တောင့်တလို့။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။ ။


၄။ ခင်ခင်ပျိုရေ ပိုကောင်းတဲ့ကဗျာ

ထင်မြင်ချက်များ၊ မှတ်ချက်များ
ငါ့မျက်နှာနဲ့ တူခဲ့တယ်။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။
အရောင်ပိုကောင်းတဲ့ ကောင်းကင်
ပိုကောင်းတဲ့ ကဗျာ
ပိုကောင်းတဲ့ ဘဝ
ငါက ဟိုလူ့ပြောပြ ဒီလူ့ပြောပြ။
မိန်းကလေးရေ .,.၊ အလုပ်တွေ များနေသလား
မုန့်ဟင်းခါးတစ်ပန်းကန်အတွက်လည်း
ကျေးဇူးပါပဲ။
နှင်းတောထဲရောက်နေသူထံ
ကျောက်မီးသွေး ပို့ဖို့ဆိုတာ
ကောင်းပါတယ်။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။ ။


၅။ ခင်ခင်ပျိုရေ ငါ့အကြောင်း

ငါတို့ နေနေသော နေ့ရက်များဟာ
အံ့သြစရာ။
အလိုမပြည့်ရင်းနဲ့
ထပ်၍ ထပ်၍ အလိုရှိခဲ့ကြ။
ဒါကြောင့် ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။

ငါတို့ ကစားခဲ့ကြ
ငါတို့ ကစားကြည့်ခဲ့ကြ။
ပြီး၊ ဒါဟုတ်ရဲ့လား
ပြီး၊ ဘာတွေ ဖြစ်လာမလဲ။
အချစ်ဆိုတာမှာပဲ
နစ်နာစရာ ရှိလာတယ်။
ဘဝမှာ ဒဏ်ရာအနာတရ
အမာရွတ်တွေ ထပ်ထပ်တိုးလာတယ်။
တက်တူးထိုးဖို့ လိုဦးမလား !
ဒါကြောင့် ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။ ။


၆။ ခင်ခင်ပျိုရေ မပြီးသေးသော ပန်းချီကား

ဘယ်လမ်းမှ မရွေးဘဲ
ဒီလမ်းပဲ ရွေးခဲ့တယ်။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။

အမိဝမ်းက လာခဲ့တယ်
ကျောင်းသွားခဲ့တယ်
အလုပ်လုပ်ခဲ့တယ်
အလုပ်ရှုပ်ခဲ့တယ်။
ဒါပေမဲ့ အလုပ်မပြီးဘူး
အလုပ် မပြီးသေးဘူး။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။ ။


၇။ ခင်ခင်ပျိုရေ ခေတ်အဆက်ဆက် မေတ္တာဖြင့်

ငါ့ကို မျက်မှန်တပ်လိုက်ရင်
သူ့ကို မျက်မှန်ချွတ်လိုက်ရင်
ငါတို့နှစ်ယောက်ဟာ
တူလွန်းလေစွ။
မင်းနဲ့ငါ
တူလွန်းလေစွ။
ပါလာသည့် ကောင်းမှု၊ မကောင်းမှု
တူလွန်းလေစွ။
ဒါကြောင့်သာ ဒီသံသရာမှာ
ငါတို့ ဆုံတွေ့ခဲ့ကြ။

ဆုံတွေ့ဖို့
တကယ်လိုခဲ့ကြ။
ခင်ခင်ပျိုရေ
ငါတို့ တူလွန်းလေစွ။
အခက်အခဲတွေ
ခက်ခဲခဲ့ကြ။
တကယ်မခက်ဘဲ
ခက်ခဲခဲ့ကြ။
အဲဒီမှာ ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။ ။


၈။ ခင်ခင်ပျိုရေ ငါတို့အနီးမှာ

တစ်ပုဒ်မှ နောက်တစ်ပုဒ်သို့
အနုပညာတစ်ခုမှ နောက်တစ်ခုသို့
'' မှ '' နှင့် '' သို့
'' နှင့် '' သို့။
၎င်းကဲ့သို့
ငါစောင့်လို့။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။

ခေျာင်းအတန်တန်ခြား
ခရီးအတန်တန်ခြား
အကန့်အတန်တန်ခြား
ကမ္ဘာအတန်တန်ခြား
ဘယ်ကမ္ဘာရောက်သွားသွား
ငါတို့အနီးမှာ
ငါတို့ ရှိခဲ့ကြ။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။ ။


၉။ ခင်ခင်ပျိုရေ ဒီလိုအချိန်တွေ

ရှုခင်းတွေ ကုန်သွားပြီလား
ရှုခင်းတွေ ကုန်သွားမှာလား
ရုပ်ရှင်တွေ ကုန်သွားမှာလား
သီချင်းတွေ ကုန်သွားမှာလား
ဘဝတွေ ကုန်သွားမှာလား
နေ့စဉ် တက်တက်ကြွကြွ ရုံးသွားတဲ့ ရုံးစာရေးများ
ကုန်သွားမှာလား
ငါ့လက်ဖက်ရည်တစ်ခွက်မကုန်ခင်။

ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။

ရှုခင်းတွေ မကုန်နိုင်ဘူးမဟုတ်လား
ခင်ခင်ပျိုရေ
မကုန်နိုင်ဘူးမဟုတ်လား
ငါ စောင့်ခဲ့တယ်။
ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်များ
မကုန်ဘူးမဟုတ်လား
ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်များ
လာဦးမှာမဟုတ်လား။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။ ။


၁၀။ ခင်ခင်ပျိုရေ ငါ စောင့်ခဲ့ရ

ယနေ့ အမှား ဘယ်နှခုဟု
ယနေ့ အမှန် ဘယ်နှခုဟု
ဂရို့ချိုးခဲ့သလို
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။

ငါစောင့်ခဲ့ရ …
ငါ စောင့်ခဲ့ရ။
ငါ့အဖြေကို ငါ စောင့်ခဲ့ရ
ငါ့စာရင်းကို ငါ စောင့်ခဲ့ရ။

ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့ရ။ ။


၁၁။ ခင်ခင်ပျိုရေ ခေါ်ကြိမ်များ

အကြီးအကျယ် သင်္ဘောမှောက်ခဲ့တယ်
ရေကူးမတတ်ဘဲ ကူးခဲ့တယ်
ကမ်းမမြင် ငှက်မမြင် ပြင်ကျယ်ကြီးထဲ
ငါ မြုပ်တော့မယ် …
ဘယ်သူမှ မကြား
တစ်ယောက်နဲ့ တစ်ယောက် မကြား။

ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။

မင်း အစက်တစ်စက်
ငါ အစက်တစ်စက်
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။ ။


၁၂။ ခင်ခင်ပျိုရေ ကဗျာတစ်ပုဒ်

အကောင်းတွေချည်း ကွက်ရေးဖို့
ငါ ဒီစာမျက်နှာမှာ စဉ်းစားတယ်။

ငါရေးနေတာတွေ မကောင်းတွေမို့လား
ငါ စဉ်းစားခဲ့တယ်။

အဲသလိုနဲ့ ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့ရ။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။ ။


၁၃။ ခင်ခင်ပျိုရေ ချောင်းကြည့်ပေါက်ကလေး

မလိုလို့လည်း မရ
လိုလို့လည်း မရ
အနုပညာနဲ့ နေ့စဉ် ငါနေခဲ့သလို။

ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။

ပလက်ဖောင်းအကျယ်ကြီးနဲ့ ငါတို့ မြို့ရဲ့လမ်း
မရှိတော့ပြီ။
ကုက္ကိုပင်အကြီးကြီးတွေ
မရှိတော့ပြီ။
ခေျာင်းကြည့်ပေါက်ကလေးတစ်ပေါက် ရှိတဲ့ အထပ်ခိုးလေး
မရှိတော့ပြီ။
ခင်ခင်ပျိုရေ
ငါစောင့်ခဲ့တယ်။
ပြိုင်တူ ကတုန်ကယင် ဖြစ်ရတဲ့ အသက်အရွယ်
မရှိတော့ပြီ။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။ ။


၁၄။ ခင်ခင်ပျိုရေ ရေ အသက်ရှူငွေ့များ

ဓါတ်ကြိုးတန်းပေါ် ခိုတွေသီးလို့
သစ်သားအိမ်ကလေးရှေ့ ရောင်စုံပူဖောင်းတွေ လွင့်လို့
ရပ်ကွက်ကလေးဟာ အသက်ဝင်လာလို့
လူတွေ အသက်ဝင်လာလို့။
သွားကြ၊ လာကြ
ကြံကြ၊ ရှာကြ။

ခင်ခင်ပျိုရေ
ငါစောင့်ခဲ့တယ်။

ဒီလိုတစ်နေ့ဟာ
တစ်နေ့ပြီး တစ်နေ့
ငါတို့ဟာ တစ်ကွေ့ပြီးတစ်ကွေ့
ငါတို့ဟာ တရွေ့ပြီးတရွေ့ရွေ့
ငါတို့ဟာ တငွေ့ငွေ့။

ငါတို့ ဘယ်ရထားမှာ လွဲခဲ့လဲ
တစ်ခါလွဲရင် နှစ်ပေါင်းဘယ်လောက် ကြာတတ်လဲ။

ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။ ။


၁၅။ ခင်ခင်ပျိုရေ သီချင်းတစ်ပုဒ်

သီချင်းတွေဟာ အမြဲပဲ
စီးဆင်းနေခဲ့ကြ
သီချင်းက
တစ်ယောက်တည်းနဲ့လည်း ညည်းလို့ရတယ် မဟုတ်လား။

ခင်ခင်ပျိုရေ
ငါစောင့်ခဲ့တယ်။

သီချင်းတစ်ပုဒ်လောက်ဖြစ်စေ
ငါ ဆိုခဲ့ချင်ပါတယ်။
သီချင်းတစ်ပုဒ်ပဲ ဖြစ်စေ
ငါ တတ်နိုင်ခဲ့ချင်ပါတယ်။

ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။ ။


၁၆။ ခင်ခင်ပျိုရေ မင်း ပြောပြရလိမ့်မယ်

ကိုယ်လည်း ဒီမျှ
သူလည်း ဒီမျှ
ဝေစုအညီရကြသလို
ဒုက္ခဆိုလည်း ဒုက္ခ၊ ပျော်ရွှင်မှုဆိုလည်း ပျော်ရွှင်မှု
အမှန်တရား ကိုလည်း ညီတူညီမျှ
မယူချင် မရ
ယူချင် ရရဲ့။
ခင်ခင်ပျိုရေ
ယူချင်သော် ရရဲ့။

ငါ့မှာက ရ မရ
မင်း ပြောပြရလိမ့်မယ်။
နှစ်များ များခဲ့တောင်မှ
မင်း ပြောပြရလိမ့်မယ်။
နှလုံးသားနဲ့ တွေ့တဲ့အမှန်
မင်း ပြောပြရလိမ့်မယ်။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။ ။


၁၇။ ခင်ခင်ပျိုရေ အားနာပါတယ် မိန်းကလေးရယ်

ကိုယ့်ရှိတာလေး ပါမသွားအောင်
သတိ ဝီရိယနဲ့ပေါ့
မများပါဘူး
ကိုယ့်ရှိတာလေး ပါမသွားအောင်။

ခင်ခင်ပျိုရေ
မများပါဘူး။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။

အားနာပါတယ် မိန်းကလေးရယ်
သတိ ဝီရိယနဲ့ပေါ့။
ခင်ခင်ပျိုရေ
ငါစောင့်ခဲ့တယ်။ ။


၁၈။ ခင်ခင်ပျိုရေ အဖော်ကွဲသူ

ကိုယ့်အိမ်မှာ
ကိုယ့်အိပ်ရာ ရှိလိမ့်။
ကိုယ့်အိပ်ရာမှာ
ကိုယ်ရှိပါလိမ့်။

အူကြောင်ကြောင် ရှင်ဖူး
ထ ပျံသန်းဖူး
ဖူးယောင်ဖူး
ငါဟာ အရူးတပိုင်း ကပြ။
ပြီးတော့၊ အဖော်ကွဲ
တစ်ယောက်တည်း အိမ်ပြန်ကြ။

အဖြစ်ပျက်က အရှင်းကြီး
ငါတို့က မရှင်းခဲ့ပုံပါ။

ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။ ။


၁၉။ ခင်ခင်ပျိုရေ ကသစ်ပန်းတွေ ပွင့်ပေါ့

ကဗျာဆရာယောင် ဆောင်ကာ
ငါ စောင့်ခဲ့တယ်။
ရှုံးလို့ ရှုံးမှန်း မသိ
ငါ စောင့်ခဲ့တယ်။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။
နိစ္စဓူဝမှန်မှန်
နှစ်ဘဝနေ
နှစ်ခါသေသလို
ငါ စောင့်ခဲ့တယ်။
ခင်ခင်ပျိုရေ၊ ကသစ်ပန်းတွေ ပွင့်ပေါ့။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။ ။


၂၀။ ခင်ခင်ပျိုရေ စောင့်ခဲ့တယ်

တစ်ရက်ကို ငါ ဘာလို့ မစောင့်နိုင်ရမှာလဲ
ငါ စောင့်ခဲ့တယ်။
မီးလျှံလို
ကြိုးတန်းမှာ လိမ်ညှစ်လှန်းထားတဲ့အဝတ်လို
ပျောက်ဆုံးသောအရာလို
ငါ စောင့်ခဲ့တယ်။

ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။

ကိုယ်ကသာပြောစရာရှိပြီး
သူက ပြောစရာမရှိတော့သော ယတိပြတ်မှုကို
ငါ ချိန်းခဲ့ပါတယ်။
ငါ စောင့်ခဲ့တယ်။ ။

ခင်ခင်ပျိုရေ စောင့်ခဲ့တယ်
အောင်ချိမ့်
စိတ်ကူးချိုချို အနုပညာ
၂၀၁၁ ခုနှစ်၊ မေလ
ပထမအကြိမ်

Dec 28, 2011

စနေ နေ့တစ်ဝက် (၁၂)


တစ်ကြော့ပြန်လည်လာတဲ့ ဒီဇင်ဘာရဲ့ ဧည့်ခန်းနံရံမှာ
ပစ်ကိုပစ်ရမယ့် ချက်ကော့ဖ်ရဲ့သေနတ်ကလည်း
အသင့်အနေအထား
နားထင်မှာတေ့ပြီး ပစ်ချလိုက်တော့
အဘက်ဘက်ကို လွင့်စင်သွားတဲ့ မော်လီကျူးတိုင်းမှာ
အိမ်ပြန်ချင်တဲ့ အလွမ်းစိတ်ကလေး ကပ်ပါသွားတယ်
ဆောင်းညရဲ့ အေးစက်မှုထဲက
ရထားဥသြသံ တိုးတိုး
အဝေးကလာနေတာလား
အဝေးကိုထွက်သွားတာလား
မီးရောင်တွေထိန်လင်းနေတဲ့ ဘူတာရုံထဲမှာ
တစ်ယောက်တည်း ရပ်စောင့်နေရင်း
အသံတစ်ခု
အထပ်ထပ် တုန်ခါမြည်ဟည်းနေတယ်
"အိမ်ကိုတောင် ဖုန်းမဆက်ဖြစ်အောင် အလုပ်များနေလား သားရယ်"

သီဟသူ
၂၆၊ ၁၂၊ ၂၀၁၁

Nov 19, 2011

မေးရိုး၏ပြောကြားချက်များ


ကျွန်ုပ်က သင့်ကို ဆာလောင်လျက် ရှိပါသည်။

သင်္ချိုင်းမြေသည် ဝိဉာဉ်တို့ကို ဆာလောင်၍ ခြောက်ခြားဖွယ် ညည်းတွားသံကိုပြု၏။ မီးသင်္ဂြိုဟ်စက်ကြီးက တဝေါဝေါမြည်ကာ နံနက်စာ စားနေပါပြီလား။ အသုဘခေါင်းလောင်းသံများ မြည်နေပြီ။ ကျွန်ုပ်က သင့်ကို ဆာလောင်လျက် ရှိပါသည်။ စစ်ပွဲသည် သူရဲကောင်းတို့ကို ဆာလောင်၍ ဟစ်အော်လျက်ရှိ၏။ သင်ကရော မည်သည့်အရာကို ဆာလောင်နေခဲ့ပါသလဲ။ အကျဉ်းထောင်သည် သံတံခါးကို ဟဖြဲကာ သစ္စာဖောက်များကို ဆာလောင်နေခဲ့၏။ ကမ္ဘာမြေကြီး သင်မည်သည့်အရာကို ဆာလောင်နေခဲ့ပါသလဲ။ မိန်းမပျိုသည် အချစ်ကို ဆာလောင်၍ နှုတ်ခမ်းသည် အနမ်းကို ဆာလောင်ကာ အိနြေ္ဒတစ်ခု၏ ချုပ်နှောင်ခြင်းကို ခံရသည့် အနမ်းများက ယနေ့ည ထောင်ဖောက်ပြေးကြလိမ့်မည်ထင်သည်။ နေမွန်းတိမ်းခဲ့ပြီ။ ကောင်းကင်ကြီးကို ဆာလောင်နေသူများအား နံနက်စာကျွေးရန် အဆင်သင့် ဖြစ်ပါပြီလား။ သားငယ်သည် မိခင်နို့ကို ဆာလောင်စွာ ငိုယိုနေ၏။ ကျောက်တုံးများ၌ ငိုယိုရန် အကြောင်းမရှိခေျ။

ကျွန်ုပ်အဖို့ ငိုယိုရန် မဖြစ်နိုင်သော်လည်း ကျွန်ုပ်သည် ကျောက်တုံးတစ်တုံး မဟုတ်ပါ။ မြစ်တို့၏ ပျံသန်းခြင်း အတတ်ပညာမှာ တိမ်တိုက်များသာ ဖြစ်လိမ့်မည်။ မြစ်တစ်စင်းသည် ကျောက်တုံးများကို ဆာလောင်လျက်ရှိ၏။ မြို့၏ ခေါင်မိုးပေါ်၌ တအိအိ ပျံသန်းသွားနေကြသည်မှာ ကျောက်တုံးမဟုတ်ပါ။ တိမ်တိုက်များသာ ဖြစ်ပါသည်။ မြစ်ထဲသို့ ကျောက်တုံးတစ်တုံး ဝုန်းခနဲ ကျသွားသည်ကို သင်တွေ့ဖူးပါသလား။ ကျောက်တုံးများ၏ ရှိုက်သံကိုမူ ကျွန်ုပ် ကြားဖူးခဲ့ပြီ။ ကျွန်ုပ်က သင့်ကို ဆာလောင်လျက် ရှိပါသည်။ ကမ္ဘာမြေကြီးသည် ဆာလောင်မှုထဲသို့ ခုန်ချသွားလိမ့်မည်ဟု မည်သူကမျှ မထင်မှတ်ခဲ့ကြခြင်းမှာ ခေတ်သစ်၏ ကြေကွဲဖွယ်ရာ ပုံပြင်တစ်ပုဒ် ဖြစ်လာလိမ့်မည်။ အော်စကာဆုကို ဆာလောင်နေခဲ့သော ကင်မရာများ အချင်းချင်း တဂျွမ်းဂျွမ်း ကိုက်ဝါးစားနေကြ၏။ ထိတ်လန့်သည်းဖို ဇာတ်လမ်းများ၏အနှစ်ချုပ်မှာ ရက်စက်ခြင်းနှင့် ကံကြမ္မာဖြစ်သည်။ ကဗျာဆရာသည် အလွန်အမင်း ဆာလောင်လျက်ရှိ၏။

ဓားတစ်လက်က ထိုသူ့အမည်ကို ထုတ်ဖော်ကာ သူစားသောက်ပါရစေဟု ခွင့်တောင်းလာ၏။ ကံကြမ္မာက ခေါင်းခါမပြလိုက်ဘူးလား။ ရိုးသားမှုက သူအစာကောင်းကောင်း မစားရသည်မှာ မမှတ်မိတော့လောက်အောင် ကြာမြင့်လာခဲ့ပြီဖြစ်ကြောင်း ထုတ်ဖော်ပြီ။ ဤသတ္တဝါ အလွန်ဝ၏။

ပစ်မှတ်ကို ဆာလောင်နေသော ရေဒါများက ပါးစပ်ကြီးများအစွမ်းကုန်ဟဖြဲကာ အသာငမ်းငမ်း ဖွေရှာနေကြသည်။ ဆာလောင်မှုကို မထိန်းချုပ်နိုင်သော ပင်လယ်က သင်္ဘောတစ်စင်းကို ခိုးစားထားလိုက်ပြန်ပြီ။ ဆာလောင်မှုက ပေါင်မုန့်တစ်လုံးကို ခုတ်မောင်းကာ သင့်ထံ ဆိုက်ရောက်လာပါလိမ့်မည်။ ပုံမှန်အနေအထားအရ ဤကဲ့သို့ပင် ဖြစ်ပွားရမည်ဆိုသော်လည်း ပရိုဂရမ်ထဲ၌ ဗိုင်းရပ်စ်ပိုးများ ကျရောက်နေခဲ့ပါက သင့်ထံ နောက်ကျနိုင်ပါသည်။ ပေါင်မုန့်တစ်လုံးက စစ်ပွဲများကို ဆာလောင်နေခဲ့သည်ဆိုလျှင် သင်ကရော မည်သည့်အရာများကို ဆာလောင်နေခဲ့ပါသလဲ။

ကျွန်ုပ်က သင့်ကို ဆာလောင်လျက်ရှိပါသည်။ အတိတ်သည် ပစ္စုပ္ပန်ကို ပြင်းစွာ ဆာလောင်နေခဲ့သည်။ ထို့ထက်ပို၍ ပစ္စုပ္ပန်က အနာဂတ်ကို ခြောက်ခြားဖွယ်ရာ ငတ်မွတ်နေခဲ့ပါသည်။ နာရီတစ်လုံးကို အော့အန်စေသူမှာ မည်သူပါလဲ။
သန့်ရှင်းရေးသမားများကို တင်ဆောင်ကာ အမှိုက်ကားကြီးတစ်စီးမောင်းဝင်လာပြီ။ နေရာတကာမှာ ယာဉ်ထိန်းရဲများ ဝီစီမှုတ်ရန်မလိုပါ။ လေးလံလှသော ခေါင်းတလားကြီးကို ဖွင့်ကြည့်မိသောအခါ မြို့ကြီးတစ်မြို့ကို အံ့သြဖွယ်ရာ တွေ့လိုက်ရသည်။

ပွန်ပီလား၊ နဂါစကီလား၊ ဟီရိုရှီးမားလား။ အကြိုက်ခြင်းတူသော သဘာဝတရားနှင့် သိပ္ပံပညာ ဆာလောင်ပုံခြင်းလည်း တူညီလာနိုင်သည်။ သင်မည်သည့်အရာကို ဆာလောင်နေခဲ့ပါသလဲ။ ကျွန်ုပ်က သင့်ကို ဆာလောင်လျက်ရှိပါသည်။ မိုက်မှောင်သောညများက အလင်းရောင်ကို မွတ်သိပ်ဆာလောင်နေခဲ့၏။ နက္ခတ္တပညာရှင်အဖိုးအိုသည် သူ့အမည်ပေးထားသောကြယ်တံခွန်ကို ဆာလောင်မွတ်သိပ်စွာ ရှာဖွေနေ၏။ ကောင်းကင်သည် မိမိ၏ အရပ်အမောင်းကို တိုင်းထွာပေးမည့်သူအား ကြာမြင့်စွာကပင် စောင့်စားလျက်ရှိ၏။ လှောင်အိမ်တွင်းမှ ငှက်တစ်ကောင်ကမူ ကောင်းကင်ကြီးကို ဆာလောင်ခဲ့ပုံရပါသည်။ သင်ကရော မည်သည့်အရာကို ဆာလောင်နေခဲ့ပါသလဲ။ သုညတစ်လုံး၏ ဆာလောင်မှုမှာ ကြောက်မက်ဖွယ်ကောင်း၏။ 

မိမိကိုယ်ကို သုညတစ်လုံးထဲသို့ ခုန်ချအဆုံးစီရင်သူမှာ ယန်းပေါဆတ်အစစ်လား။ သုည(သို့မဟုတ်) ဟဖြဲထားသော ကြောက်ဖွယ်လိလိ ပါးစပ်ကြီးထဲသို့ ကမ္ဘာကြီးကို တွန်းချဖို့ သင်တို့ စဉ်းစားထားပြီလား။ မွေးကင်းစကလေးလို တဝါးဝါး ငိုကြွေးနေသော မြို့ငယ်များက ချိုမြိန်သော တိမ်တိုက်များကို ဆာလောင်မွတ်သိပ်လျက်ရှိ၏။ မြစ်တို့သည် ပျံသန်းခြင်း အတတ်ပညာကို နွေရာသီ၌ လျှို့ဝှက်ထားလေ့ရှိပါသလား။ လျှို့ဝှက်ချက်က သော့တစ်ချောင်းကို ဆာလောင်နေခဲ့ကြ၏။၊ သင်၏အမည်မှာ ခွေးတစ်ကောင် မဟုတ်ဘူး မဟုတ်လား။ ကျွန်ုပ်၏အမည်မှာ လူဝီ(၁၆) မဟုတ်ပါ။ သူ၏ အမည်မှာ ခွေးတစ်ကောင်ဖြစ်၏။ ကျွန်ုပ်သည် သင်မဟုတ်ပါ။ သူသ် ကျွန်ုပ် ဖြစ်လိမ့်မည်။ ပြဒါးတိုင်တစ်ချောင်းက ရေခဲတုံးများကို ဆာလောင်လျက်ရှိ၏။

လွဲမှားမှုတစ်ခုက ဆာလောင်မွတ်သိပ်စွာဖြင့် သင့်ကို ခုန်အုပ်ရန် စောင့်ဆိုင်း ချောင်းမြောင်းနေသည်။ ကိုလံဘတ်၏ ဘွတ်ဖိနပ်မှာ အမေရိကတိုက်ကို အစောဆုံး ဆာလောင်ခဲ့သူဖြစ်သည်။ သင်၏ ဘွတ်ဖိနပ်ထဲ မြွေတစ်ကောင်လို မိုက်မဲမှုတစ်ခု ခွေမနေအောင် စစ်ဆေးပါ။ ဥရောပတိုက်က မက်ဒေါနား၏ ပူပူနွေးနွေး အတွင်းခံဘောင်းဘီကို ဆာလောင်နေခဲ့ပုံရ၏။ သူမ၏ ညစာစားပွဲသို့ ကျွန်ုပ်တို့ တက်ရောက်လိမ့်မည် မဟုတ်ပါ။ သို့ဆိုပါလျှင် သင်မည်သည့်အရာကို ဆာလောင်နေခဲ့ပါသလဲ။ အမှိုက်ကားကြီး ပြန်လည်ထွက်ခွာသွားပြီ။

ဒိုင်နိုဆော၏ မေးရိုးများက ဒုတိယကမ္ဘာဦးကို ဆာလောင်နေကြစဉ် ကျွန်ုပ်၏အခန်းထဲမှ ကြမ်းပိုးများက အာဒမ်၏ ဒုတိယနံရိုးတစ်ချောင်းကို ဆာလောင်နေခဲ့ကြပြီး ငရဲဘုံက ကမ္ဘာကြီးကို ဆာလောင်နေခဲ့ပုံရပါသည်။ သင်ကရော မည်သည့်အရာကို ဆာလောင်နေခဲ့ပါသလဲ။

မဖြစ်နိုင်ခြင်း တောင်ကုန်းထက်မှာ ဉာဏ်ပညာ အနည်းငယ်ရှိသော သစ်တစ်ပင် ပေါက်ရောက်လာပုံကို စောင့်ကြည့်နေမိသူမှာ ကျွန်ုပ်ဖြစ်ပြီး ကျွန်ုပ်က ထိုအပင်မှ သစ်သီးတစ်လုံးကို ဆာလောင်နေပါသည်။

နေမျိုး
စတိုင်သစ်မဂ္ဂဇင်း၊ ၁၉၉၉-နိုဝင်ဘာ
နေမျိုး
အအေးလွန်ရာစုနှစ် နှင့် အခြားဝတ္ထုတိုများ
ရတနာကောင်းကင်စာအုပ်တိုက်
ပထမအကြိမ် - ၂၀၀၇

Nov 18, 2011

ရေစိုနေတဲ့စကဿကူ


ကျွန်တော်ဟာ မအောင်မြင်သေးတဲ့ စာရေးဆရာတစ်ယောက်ပါ။ ကျွန်တော့် ဇာတ်ကောင်တွေဟာ အမြဲဆာလောင် ငတ်မွတ်နေသူတွေပဲ။ ငတ်မွတ်ဆာလောင်နေသူတွေကို ဇာတ်ကောင်အဖြစ် ရေးရတာ ကျွန်တော်ပိုပြီး နှစ်သက်အားရတယ်။ ဒါဟာ ကျွန်တော် ကျွမ်းကျင်တဲ့ ဘာသာရပ်တစ်ခုဖြစ်နေလို့ပါပဲ။ အဲဒီဘာသာရပ်ကို နှစ်ရှည်လများ ကျွန်တော် လိုက်စားခဲ့တယ်။


စားပွဲမှာ သူထိုင်နေတယ်။ သူ့ရှေ့မှာ ညကမိုးကြောင့် ရေစိုပြီး နူးပွနေတဲ့ စကဿကူတွေရှိတယ်၊ ပြီးတော့ ဗာဒံသီးအခွံတွေ စားပွဲအောင်မှာ ပြန့်ကျဲနေတယ်။ စားပွဲမှာ သူထိုင်နေတယ်။ မနေ့ညကတည်းက သူဆာလောင်နေခဲ့တယ်။ ခဲတံအတိုကလေးတစ်ချောင်းကို သူကောက်ကိုင်လိုက်တယ်။


ဟော... အဲဒီအချိန်မှာဘဲ အခန်းရှေ့မှာ စက်ဘီးဘီ(လ်)သံကို ကျွန်တော် ကြားလိုက်ရတယ်။ ရေးလက်စ စာရွက်ကို ခဏချထားလိုက်ပြီး အခန်းရှေ့ကို ထွက်သွားလိုက်တော့ စာပို့သမားကို တွေ့ရတယ်။ သူက ကျွန်တော့်ကို ကြင်နာစွာ ကြည့်နေပုံပါပဲ။ ကျွန်တော့်အတွက် မန်နီအော်ဒါစာရွက်ပေါ်မှာ လက်မှတ်ထိုးခိုင်းပြီး ငွေစနည်းနည်းကို ထုတ်ပေးလိုက်ပါတယ်။ ချမ်းမြေ့ပါစေဗျာဆိုလား ကျွန်တော် သူ့ကို ပြောလိုက်မိသေးတယ် ထင်တယ်။ မောင်မင်းကြီးသားက ကျွန်တော့်စကားကို အလေးမထားဘဲ စက်ဘီးပေါ်တက်ပြီး ဆက်လက် နင်းထွက်ခွာသွားပါတယ်။

ဆရာ ညကတည်းက ကျွန်တော် ဘာမှ မစားရသေးဘူး"

စာရေးစားပွဲမှာ ထိုင်လိုက်တော့ ကျွန်တော့်ဇာတ်ကောင်က ပြောတယ်။ ကျွန်တော့်အိတ်ထဲမှာ ပူပူနွေးနွေး ငွေစကဿကူတချို့ရှိနေပြီ။ ဒါပေမယ့် ဒီငွေစကဿကူတွေကို ဘာဆက်လိုပ်ရမယ်ဆိုတာ ကျွန်တော်ပဲသိတယ်ဗျာ။ စာတိုက်ကိုသွားပြီး ကျွန်တော့်ဇနီးဆီကို လှမ်းပို့ရမှာပါကလား။ ဝေးဝေးမြို့ကလေးမှာ ကျွန်တော့်ဇနီးဟာ ကျွန်တော် ပေးပို့လိုက်မယ့်ငွေကို စိတ်ရှည်ရှည်နဲ့ စောင့်မျှော်နေရှာလိမ့်မယ်။


ဗာဒံပင်က အသီးတွေ တုံးသွားပြီ။ သီးခဲ့သမျှက အကုန်ကြွေသွားခဲ့ပြီ။ ကြွေခဲ့သမျှက အခွံတွေ ဖြစ်သွားခဲ့ပြီလေ။ သူစားပွဲမှာ ထိုင်နေတယ်။ သူ့ရှေ့မှာ ညကမိုးကြောင့် စိုပြီးနူးပွနေတဲ့ စကဿကူတွေ ရှိတယ်။


ကျွန်တော် ဝါကျနည်းနည်း ထပ်ရေးပြီး စားပွဲက ထလိုက်တယ်၊ ဗာဒံသီးအခွံလေးတစ်ခုကို ကောက်ကိုင်လိုက်တယ်။ ညကမိုးကြောင့် ရေစိုပြီး နူးပွနေတဲ့ စကဿကူတွေကို ဒီအတိုင်း ပစ်ထားလိုက်တယ်။ စာတိုက်ကို သွားရဦးမယ်ဗျာ။

ဆရာ စားပွဲပေါ်က ရေစိုနေတဲ့စကဿကူတွေမှာ အရသာတစ်ခုခု ရှိမလား"

အခန်းထဲက ထွက်မယ်အလုပ်မှာ ကျွန်တော့်ဇာတ်ကောင်က မေးတယ်။ တကယ်တော့ သူဆိုလိုချင်တာက ဒီစကဿကူတွေကို ဝါးစားလိုက်ရမလားလို့ပေါ့။ ကျွန်တော် စာတိုက်ဆီ ထွက်ခဲ့တယ်။ ရေစိုနေတဲ့ စကဿကူတွေကို ဝါးမစားမိခင်ပေါ့။

နေမျိုး
အအေးလွန်ရာစုနှစ် နှင့် အခြားဝတဿထုတိုများ
ပထမအကြိမ် - ၂၀၀၇

Sep 4, 2011

ဟထားတဲ့ ပါးစပ်ကြီး

ငါ့ကို နည်းနည်းကျွေးပါ။ ဟထားတဲ့ပါးစပ်ကြီးက ပြောတယ်။ ကောင်လေးတစ်ယောက်က သူ့ဘောင်းဘီအိတ်ထဲက ချောကလတ်တွေထုတ်ပြီး ပါးစပ်ကြီးထဲကို ပစ်ထည့်လိုက်တယ်။ (၅)မိနစ်လောက်ကြာသွားတယ်။ ပါးစပ်ကြီးက ပြောပြန်တယ်။ ငါ့ကို နည်းနည်းကျွေးပါတဲ့။ ကောင်ကလေးက ဘောင်းဘီအိတ်ထဲကို ထပ်နှိုက်တယ်။ ချောကလက် (၃) တောင့် ထွက်လာသေးတယ်။ ပါးစပ်ကြီးထဲ ပစ်ထည့်လိုက်တယ်။ (၂)မိနစ်လောက် ကြာသွားတယ်။ ပါးစပ်ကြီးက ပြောပြန်တယ်။ ငါ့ကိုနည်းနည်းကျွေးပါ။ ဒီတစ်ခါ သူ့အသံက ပိုပြီး သာယာနာပျော်ဖွယ် ဖြစ်လာသလိုပဲ။ သတင်းထောက်တစ်ယောက် ရောက်လာပြီး ပါးစပ်ကြီးကို "ဖျတ်" ခနဲ ဓါတ်ပုံရိုက်လိုက်တယ်။ ဒီလိုဓါတ်ပုံရိုက်လိုက်တော့ ပါးစပ်ကြီးက ပြုံးနေလိုက်တယ်။ ဒါပေမဲ့ ခဏပါပဲ။ ပါးစပ်ကြီးဟပြီး ပြောပြန်တယ်။ ငါ့ကိုနည်းနည်းကျွေးပါ။ ကောင်လေးက သူ့ဘောင်းဘီအိတ်ထဲကို ကြိုးစားပမ်းစားနှိုက်တယ်။ မရှိတော့ဘူး။ ဘာမှထွက်မလာတော့ဘူး။ အော်... ပျံလို့မရတဲ့ အတောင်ပံနဲ့ ပိုးကောင်အသေတစ်ကောင် ထွက်လာသေးတယ်။ ကောင်လေးက ပါးစပ်ကြီးထဲ ပစ်ထည့်လိုက်တာပါပဲ။ သတင်းထောက်က ကောင်လေးကို မေးတယ်။ မင်းပါးစပ်ကြီးထဲ ထည့်ကျွေးခဲ့တာ အားလုံး ဘယ်နှစ်ခုလဲ။ (၈) ခုနဲ့ (၁) ကောင်လို့ ကောင်လေးကဖြေတယ်။ ကောင်းပြီ။ သတင်းထောက်ဟာ ဟထားတဲ့ပါးစပ်ကြီးကို နောက်တစ်ကြိမ် ဓါတ်ပုံရိုက်ပြန်တယ်။ "ဖျတ်" ခနဲ။ ဟထားတဲ့ ပါးစပ်ကြီးက ပြုံးနေလိုက်တယ်။ ပြီးတော့ ပါးစပ်ကြီးဟာ ပြန်ဟလာပြီး ပြောပြန်တယ်။ ငါ့ကိုနည်းနည်းကျွေးပါ။ အသံက ဂီတပိုဆန်လာတယ်။ အဲဒီအချိန် ကောင်လေးရဲ့အမေ ရောက်လာတယ်။ သားငယ် မင်းဒီမှာဘာလုပ်နေတာလဲ။ ဟိုမှာကြည့်စရာတွေ အများကြီးရှိသေးတယ်ဆိုပြီး ကောင်လေးလက်ကို ဆွဲခေါ်သွားတော့တယ်။ သတင်းထောက်က ခင်ဗျားပြောတာ မှန်ပါတယ်ခင်ဗျာတဲ့။ ငါ့ကို နည်းနည်းကျွေးပါ။ ဟထားတဲ့ပါးစပ်ကြီးက တိုးတိုးပြောရင်း ကျန်ရစ်ခဲ့တော့ရဲ့။

နေမျိုး
၂၀၀၂၊ ၉၊ ၂၅
ည ၁၀း၁၀ နာရီ


နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်

စနေ နေ့တစ်ဝက် (၁၁)


ငြီးငွေ့ဖွယ်နေ့စွဲ၊ ငြီးငွေ့ဖွယ်အရေးအသား
ငြီးငွေ့ဖွယ်ရာသီဥတု၊ ငြီးငွေ့ဖွယ်အခင်းအကျင်းနဲ့
ဘယ်တော့မှ မရိုးနိုင်မယ့် အဖန်တလဲလဲငြီးငွေ့ရမှု
ဒါကိုပဲ ထပ်ကျော့၊
ပြီး
ထပ် ပြန်ကျော့
ရောက်လာခဲ့ပြန်ပြီ
စက်တင်ဘာရယ်

သီဟသူ
-စက်တင်ဘာ-၂၀၁၁
 

Sep 3, 2011

ကြီးကောင်ဝင်ချိန်

ဘယ်အချိန်ကလဲတော့ မသိလိုက်နိုင်ဘူး
ဒါပေမယ့် သူက သွေးပျက်မှုတွေနဲ့
ရင်ခုန်နေတာ အမြင်ကပ်စရာ
ဟနေတာ အကြီးကြီးပေါ့
ဆင်ဆာတွေ စောစောနေတာလေ
ကြေမွသွားခဲ့တယ်ဆိုတာ သီချင်းစာသားတစ်ခုလောက်ပဲ
ကိုယ့်ခရီး ကိုယ်လျှောက်ရတာချည်း
စောစောထပြီးရင် ကိုယ့်ကိုယ်ကို
တစ်ပတ်ပြည့်အောင်တော့ ပြေးကြည့်ငါ့ညီ
မနေ့ကမင်းကို ဒီနေ့မင်းက
အစ်ကိုတော်တယ်ဆိုတာ မမေ့နဲ့ပေါ့
ညနေခင်း မင်းဆီမင်း ပြန်မလာမိရင်
ဘယ်မှာအိပ်မလဲဆိုတာ
ငါတို့က လိုက်ပူနေရဦးမှာလား
အသံတွေပြောင်းလာခဲ့တာ
အမွေးအမှင်တချို့နဲ့ ကိုယ်ခန္ဓာတည်ဆောက်ပုံ
ပြောင်းလဲခဲ့တာ
အားလုံးကို သတိရှိရှိနဲ့ ဂိုးပေါက်ကနေ
စောင့်ဖမ်းနေရမှာ
မင်းက ရှေ့တန်းမကန်ချင်ရင်
နောက်တန်းက ခံစစ်မကစားချင်ရင်
ဂိုးတွေတော့ ဘယ်တော့မှ မပေးမိစေနဲ့
ပေးမိရင်လည်း မများစေနဲ့
များသွားတော့လည်း အရှုံးကို
ပြုံးပြုံးကြီးပေါ့
မနေ့ကကောင်ကို ငါလှမ်းပြောခဲ့တယ်
မင်း ကြီးကောင်ဝင်နေပြီကွာ။

ရေ၀တီ
၎ သြဂုတ် ၂၀၁၁

Sep 1, 2011

မနေ့က

အားလုံးမူးတယ်
ကမ္ဘာကြီးနဲ့တော့ မချီပါဘူး
ဒါပေမယ့် လိင် အသားအရောင်နဲ့ ဘာသာစကား
ခွဲခြားမှုမရှိဘဲမူးတယ်
သေမယ်ဆိုရင် သွားသေလိုက်လို့ရတယ်
အဲလောက်ထိ
ရှင်မယ်ဆိုရင်တော့ သတိထား
မြောင်းဖုံးတွေက စိတ်မချရဘူး
မကြာခဏ နေကောင်းသွားနိုင်တယ်/သရိုးသရီ ဖြစ်သွားနိုင်တယ်။

ဒီနေ့ ဘာထူးလဲမသိသေးဘူး
ဒီနေ့ ဘာတစ်လုံးကောင်းလဲ မပြောတတ်သေးဘူး
သေချာတာတစ်ခုက သေတာစိတ်ချရတယ်
ဒါပေမယ့် သေချင်တိုင်း သေမယ်ထင်လို့လား
လေးထပ်ပဲရှိတာ ခြောက်ထပ်လောက်မှ စိတ်ချရမယ်
ငိုက်လာပြီဆိုရင် လှဲနေလိုက်။

လှဲနေတာထက် ပိုငိုက်လို့ရတဲ့
ဣရိယာပုထ်မရှိသေးဘူး၊ စောင်းနေတာထက်
အတော်နိပ်တယ် ပျော်ပျော်ပါးပါးနေပါ
ထုသိပ်လိုက်တာနဲ့ အာမင်ရွတ်သံနဲ့ကြားမှာ
တစ်ဖန်ခွက်ပဲခြားမယ်
ကိန်းဂဏန်းတွေအရောင်တွေနဲ့ ချီတက်မယ်
ဖျော့လာရင် တင်မယ်။

ရင်ခုန်သံနဲ့ထုဆစ်ထားတယ် လာခဲ့ပါ
အော်လ်တာနေးတစ်ဗ်များများလေး
တသမတ်တည်းရှိမှုကနေ
ဇယားကထိုးတက်သွားလိုက်တာ
အိပ်မက်တွေတောင် သာယာသွားတယ်
နောက်တစ်ခါအကြောင်း မဟနဲ့
နက်ဖန်ဆိုတာမရှိဘူး
ကစားပွဲစည်းမျဉ်းကတော့ ဒီနေ့မုန့်မရဘူး
မနေ့က မုန့်ရတယ်။

ရေ၀တီ

Aug 31, 2011

အထူးအမြန်

အိပ်မက်တွေ
ဒါတွေကို ဒီနေ့ခေတ်လူသားက
အာရုံမကျတော့ဘူး
ထမင်းတစ်လုပ်ကိုသယ်ဖို့
လက်ငါးချောင်းကို အလိုက်သင့်အလျားသင့်သုံးဖို့
အာရုံကျနေတယ်။ ဟောကြည့်
မင်း ဇွန်း၊ ခက်ရင်း၊ ဓားနဲ့ စားမြိန်စားမှ မတတ်ဘဲ။

ကဗျာဆိုတာက
ခေါင်းကို ခဏခဏ ပြူမထုတ်ရတဲ့
ဘတ်စ်ကားစီး ခရီးသည်ပဲ
ထိုင်ခုံရရင်တောင် ကံကောင်း
ချွေးတွေလည်းထွက်မယ်
ကဗျာနဲ့ အိပ်မက် ဆွေမျိုးဆက်တာ
ရှေ့သုံးလေးမှတ်တိုင်မှာ
ဆင်းမယ့်ကိစ္စ မေ့သွားလို့ဖြစ်မယ်။

လာရင်းကိစ္စပြောပါ
အချိန်တွေက ပြန်အမ်းဖို့အကြွေမရှိဘူး
ဒါနဲ့ အိပ်မက်တွေ ပြန်ပြန်အမ်းနေတာ
ခေတ်ပေါ် ငွေကြေးလဲလှယ်မှု
အတုတွေ အစစ်တွေထားပြီး
လက်တွေ့ အလုပ်ဖြစ်ရေး အသိဥာဏ်ကို
စဉ်ဆက်မပြတ် သင်ယူလေ့လာခြင်း။

မနှေးကွေးပါနဲ့
မွေးရာပါနဲ့ သေရာပါအမှတ်အသားတွေ
လူကြီးမင်းအနေနဲ့ နေ့တစ်နေ့ချင်းကို
ဘယ်လို ကုန်ခမ်းအောင် သုံးစွဲရပါသလဲရှင့်
ဒီလိုရှိပါတယ်။ ခင်ဗျားမသုံးစွဲခင်မှာပဲ
ရက်လွန်ခြင်း၊ အငွေ့ပျံခြင်းနဲ့
ဖိတ်ကျယိုစီးခြင်းတွေကို မျက်နှာပူရမှာပါ။

ရေ၀တီ

Aug 6, 2011

သစ်ရွက်တစ်ရွက်

ဒါဟာ သစ်ရွက်တစ်ရွက်ပါ။ ကြွေကျသွားတဲ့ သစ်ရွက်တစ်ရွက်ပါ။ သစ်ရွက်ဟာ မိခင်ပင်စည်ကြီးဆီက မခွဲခွာချင်သေးဘူးတဲ့။ မိခင်ပင်စည်ကြီးကို သံယောဇဉ်ကြီးလွန်းလှတယ်။ အဲဒီ သံယောဇဉ်ကြီးသူ သစ်ရွက်တစ်ရွက်ဟာ ဆောင်းလထဲမှာ ဖြုတ်ခနဲ ကြွေကျခဲ့ပေါ့။ သစ်ရွက်တစ်ရွက်ဟာ ဆောင်းနှင်းလမှာ ကြွေကျခဲ့ပြီး၊ နှင်းတွေထဲဆီ လွင့်ပါးသွားခဲ့ရှာပေါ့။ မိခင်ပင်စည်ကြီးဟာ ကြွေသွားတဲ့သစ်ရွက်တစ်ရွက်အတွက် မျက်ရည်စိုခဲ့တယ်။ သစ်ရွက်တစ်ရွက်ဟာ မိခင်ပင်စည်ကြီးရဲ့ ဝေးရာကို လွင့်ပါးသွားခဲ့ရပါတယ်။ နှင်းတွေ တအားကျတာပဲ။ ကျွန်တော် ဘယ်ကိုသွားရမှာလဲ ပြောပြစမ်းပါ။ ဆောင်းလေတစ်ချက်ဝှေ့တော့ သစ်ရွက်တစ်ရွက်ဟာ ဖလပ်ခနဲလန်သွားတယ်။ အခုသူရောက်နေတာက သူ့ကိုလူတွေ မတွေ့မြင်နိုင်တဲ့နေရာမှာပါ။ မြက်ပင်၊ ဖုန်မှုန့်နဲ့ နှင်းစက်တွေက သူ့ကိုလူတွေမတွေ့မြင်နိုင်အောင် ဝှက်ထားကြတယ်။ ကမ္ဘာမြေရဲ့ ကိုယ်ထည်ထဲကို သစ်ရွက်တစ်ရွက်ဟာ ဝင်ရောက်ရပေလိမ့်မယ်။ ဖုန်မှုန့်တွေအဖြစ်နဲ့ပေါ့။ ခုတော့ သူဟာ သစ်ရွက်တစ်ရွက်ပါ။ ဆောင်းလေဟာ သူ့ကို ကုတ်ခြစ်စုတ်ပြဲစေပြီး နှင်းစက်တွေဟာ တအိအိ ဆွေးမြည့်စေလိမ့်မယ်။ သူဟာ ဆောင်းလေထဲမှာ နေ့ရက်များစွာ ဝိညာဉ်မဲ့ တရွတ်တိုက် သွားလာနေခဲ့တယ်။ ပိုးပုရွက်တွေဟာ သူ့ကိုယ်ပေါ်မှာ တရွရွနဲ့ ဆင်းချည်တက်ချည် လုပ်ကြတယ်။ မြေထဲက ပိုးကောင်ငယ်ကလေးတွေဟာ နှင်းတွေထဲမှာ စိုစွပ်ပျော့ဖပ်နေတဲ့သူ့ကို တရိရိ ကိုက်ဖြတ်ကြတယ်။ ဖုန်မှုန့်တွေက အရိုးအကြော ပြိုင်းပြိုင်းသာကျန်တော့တဲ့ သူ့ခန္ဓာကိုယ်ကို တစ်စတစ်စ ဖုံးလွှမ်းလိုက်ကြပေါ့။ မြက်ပင်တွေဟာ သူ့ကိုယ်ထည်ကိုဖြတ်ပြီး ထိုးဖောက် ရှင်သန်လာကြတယ်။ သူဟာ တဖြည်းဖြည်း တရွေ့ရွေ့နဲ့ ဆွေးမြည့်ကာ မြေသားထဲကို ရောက်ရှိသွားပေါ့။ သစ်ရွက်တစ်ရွက်ဟာ ကမ္ဘာမြေရဲ့ကိုယ်ထည်ထဲကို ဆွေးဆွေးမြည့်မြည့် ဝင်ရောက်သွားခဲ့ပြီ။ ဖုန်မှုန့်တွေအဖြစ်နဲ့လေ။


နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်

Jul 24, 2011

ကပ်ဖ်ကာသို့

ကပ်ဖ်ကာသို့ ၊၃၊

နွေရာသီပန်းတွေလို
အပွင့်စုံ အရောင်စုံ
လူငယ်လူရွယ်တွေ ဆံပင်အရောင်စုံ
ခေတ်ကြီးလို အရောင်စုံ
လှလည်း လှပ
ငယ်ရွယ်မှုကိုလည်း ပိုဖော်ပြ။
အဲဒါနဲ့၊ ခင်ဗျား
ဆံပင်ရောင်စုံ ဆိုး မလို့လား!
မရူးလေနဲ့
ရူးသွားမယ်၊
ဆိုးချင်လျှင်..
အဖြူသာဆိုး။ ။



ကပ်ဖ်ကာသို့ ၊၄၊

စာပို့သမားသာ မဟုတ်
သတင်းစာပို့သမားသာ မဟုတ်
ငါလည်း ငါ့အိမ် ငါ့လိပ်စာ ငါလိုက်ရှာရာ မတွေ့၊ မတွေ့
တယ်လီဖုံးခေါ်တယ်၊ ရတဲ့အခါ "ဟယ်လို ခင်ဗျားဘယ်သူလဲ"
ငါမေးရတဲ့အခါ။
ကမ္ဘာပေါ်မှာ ပျောက်ဆုံးနေသူများ
ပျောက်ဆုံးနေသော လိပ်စာများ
ဘယ်ကိုခေါ်မှန်းမသိ ဖုံးခေါ်သံများ။
မှတ်ပုံတင်ရှိရဲ့လား
ဇယားမှာ ပြည့်အောင်ဖြည့်ရဲ့လား
"MIND SCAPE ပန်းပု ပန်းချီပြပွဲ" ကြည့်ပြီးပြီလား
၂၀၁၁ နှစ်သစ် ရောက်ပြီလား။

ဟေ့လူ! ကပ်ဖ်ကာ....၊ ခင်ဗျားကို
"မြန်မာပြည်ကို လာဘို့ ဖိတ်ခေါ်တယ်"*။ ။

*မြန်မာပြည် ခရီးသွားနှစ် သီချင်းမှတစ်ပိုဒ်



ကပ်ဖ်ကာသို့ ၊၅၊

ငါ့နောက်မှာ ဘာမျှမရှိ
"ငါ့နောက်မှာ ကျောဘဲရှိတယ်"လို့
သူငယ်ချင်းက ထောက်ပြပါတယ်။

ကျွန်တော်က အကောင်းမြင်သမားပဲ
ကျွန်တော် ဖြေပါတယ်။ "ကျောရှိလို့တော်သေးတာပေါ့"
(ဖြေပါတယ် ဆိုတာ အဓိပ္ပာယ် ၂မျိုးပါ)
စကားအဖြေကော
ဖြေသာတာကော။

ဇာတ်လမ်းများကား
အဆန်းသားကလား
အဖျားရှူးခဲ့သလို
အဖျား ကားသွားတာမျိုးလည်းဖြစ်နိုင်ပါတယ်။

သူငယ်ချင်းက ထပ်ပြောပါတယ်
"အကြံကောင်းရင် တစ်ချက်ပဲ"။
ကျွန်တော်က ဆက်ပြောပါတယ်
"အကြံမကောင်းရင်လည်း တစ်ချက်ပါပဲ"။
ကျွန်တော်က အကောင်းမြင်သမားပဲ။ ။



ကပ်ဖ်ကာသို့ ၊၆၊

"လူပေါတွေကတဲ့ ပြဇာတ်ကို
ကြေးကြီးကြီးပေးကြည့်ရတယ် ဟုတ်လား
သိရက်ကြီးနဲ့ ငါ့ကိုရိတ်စောင်းပြောနေတာမဟုတ်လား
အဲဒီပြဇာတ်မှာ ငါ ပါတယ်ကွ.."
ရှေ့နားခုံမှာ အမည်မသိ လူနှစ်ဦး
စကားငြိနေကြပုံ၊ ကြုံခဲ့ရကြောင်း
သပ္ပုရိသအပေါင်း
သူတော်ကောင်း.....တို့
သာဓု၊ သာဓု၊ သာဓု။ ။

အောင်ချိမ့်
Mandalay ICON မဂ္ဂဇင်း

ဟောဒီ လက်တစ်ဖက်

လောကရဲ့ သံသရာ
တစ်နံတစ်လျား အဆုံးမရှိ၊ အစမရှိ
စပ်ဆေးရောင်စုံ ခွက်များအပေါ်၊ လိမ့်လဲကျခဲ့
"မြန်မြန် လုပ်လိုက်လေ၊ ကောင်းလေ ပါ"
"ဟုတ်ကဲ့... ဆရာ၊ ကျွန်တော်...
မဟာခုန်ပျံကျော်လွှား ခေတ်ကြီးကို မီလိုက်ပါတယ်"
တစ်ယောက်ယောက်ကတော့ သတိပေးသလိုလို
လျှောက်မလုပ်နဲ့၊ သူတို့ပြောတိုင်း လျှောက်မလုပ်နဲ့တဲ့၊
ကြော်ငြာတွေကတော့ နွေးထွေးလှတယ်၊
ဖျားနာနေသူ သူငယ်ချင်းရေ
ဒို့တွေ ဝေးနေလွန်းလှပါတယ်ကွာ၊
ငါ လာမယ်၊
ငါ လာပါ့မယ်၊
ငါ့ ငုတ်တိုလက်တစ်ဖက်ကိုသာ မင်း မြင်ပါစေသူငယ်ချင်း။ ။

မောင်ပြည့်မင်း
Mandalay ICON မဂ္ဂဇင်း

ပဲစေ့လေးတွေ

ဇွန်လရဲ့နေ့လယ်ခင်းတစ်ခုထဲမှာ ပဲစေ့လေးတွေ သူမ ရွေးနေတယ်။ မနက်ခင်းက ဘူတာဈေးကလေးထဲက ဝယ်ယူလာတဲ့ ပဲစေ့ကလေးနှစ်ဘူးပါ။ ပန်းထဲမှာထည့်ပြီး ရွေးနေတယ်။ ပဲစေ့ကလေးတွေက ခရမ်းပြာရောင်လေးတွေ။ အဲဒီပဲစေ့ကလေးတွေထဲက အဖျင်းအပိန်အလိမ်လေးတွေ၊ မြေဆန်ခဲအစအနလေးတွေ၊ ကိုင်းဖျားကိုင်းနား အစအနလေးတွေကိုရွေးပြီး ပြတင်းပေါက်ကနေ လွှင့်ပစ်လိုက်တယ်။ အဆန်ပြည့်ဝတဲ့ ပဲစေ့တွေရပြီဆိုတော့ ပုလင်းထဲထည့်ပြီး အဖုံးပိတ်ထားလိုက်ပါတယ်။ လိုအပ်တဲ့အခါ ပြုတ်စားဖို့ပါ။ ဒီရက်တွေထဲမှာ မိုးက တစ်ကြိမ်နှစ်ကြိမ် ရွာချလိုက်တယ်။ မြေဟာ အစိုဓာတ်ရလို့ အေးမြနေလေရဲ့။ အဲဒီအချိန်တွေမှာ ပြတင်းပေါက်အောက်ဖက်ကြားကလေးထဲကို သူရောက်သွားတယ်။ အို... ကြည့်စမ်းပါ။ ပဲစေ့လေးတွေ အပင်ပေါက်ရှင်သန်ကြလို့။ သူမ စွန့်ပစ်ခဲ့တဲ့ ပဲစေ့လေးတွေ။ သူမအမှုမထားခဲ့တဲ့ ပဲစေ့လေးတွေ။ သူမ စွန့်ခဲ့တဲ့ ပဲစေ့လေးတွေ။ သည်တစ်မိုးနှစ်မိုးမှာ သူတို့အပင်ပေါက်ကာ ကမ္ဘာမြေပေါ်ထရပ်နေကြပေါ့။ သူတို့ကို အဖျင်းအမှော်တွေလို့ သူမသတ်မှတ်စွန့်ပစ်ခဲ့တယ်။ ဒါပေမဲ့ ခုသူတို့ ရှင်သန်နေကြပြီလေ။ စိမ်းမြတဲ့အရွက်ငယ်ကလေးတွေနဲ့။

နေမျိုး
၂၀၀၂၊ ၇၊ ၁၈
ည ၁၀း၃၀ နာရီ

နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်

Jul 15, 2011

သတိချို့ယွင်းခြင်း

ညဥ့်နက်နက် သန်းခေါင်ကျော်လောက်မှာ သူနိုးလားတယ်။ သူနိုးလာတော့ ခုတင်ပေါ်ကဆင်းတယ်။ ရေအိုးစင်ကိုမြင်တော့ ရေတစ်ခွက် ခပ်သောက်တယ်။ ပြီးတော့ ရပ်နေတယ်။ တစ်စက္ကန့် ... နှစ်စက္ကန့်၊ တစ်မိနစ် ... နှစ်မိနစ် ... သုံးမိနစ် ... သူရပ်နေတယ်။ ငါဘာလုပ်မလို့ပါလိမ့်။ သူစဉ်းစားမိသလိုလိုပဲ။ ခုတင်ပေါ်မှာ မိန်းမတစ်ယောက် (ခပ်ဝဝ) အိပ်နေတယ်။ ဘယ်ကမိန်းမလဲ၊ မြင်ဖူးသလိုလိုပဲ။ အိပ်နေပုံက စိတ်ပျက်စရာကောင်းတယ်။ သူတစ်ဖက်ကို လှည့်လိုက်တယ်။ နံရံမှာဓာတ်ပုံတစ်ပုံ ချိတ်ထားတယ်။ ယောက်ျားတစ်ယောက်(ပြုံးလို့) ခန့်ညားတဲ့အနောက်တိုင်းဝတ်စုံနဲ့။ ဒါကရော ဘယ်သူပါလိမ့်။ သူစဉ်းစားလို့မရတော့ မစဉ်းစားတော့ဘူး။ သူအခုရောက်နေတဲ့အခန်းထဲမှာ ဘာဆက်လုပ်ရမလဲ။ ရပ်နေရမလား။ တံခါးဖွင့်ပြီး အပြင်ကိုထွက်သွားရမလား။ မသေချာဘူး။ စားပွဲပေါ်မှာ စီးကရက်အတိုတစ်ခုတွေ့တယ်။ သူကောက်ယူလိုက်တယ်။ ဘေးမှာမီးခြစ် သူကောက်ယူလိုက်တယ်။ ပြီးတော့ ဘာဆက်လုပ်ရမလဲ။ သူစဉ်းစားလို့မရဘူး။ စားပွဲပေါ်ကို စီးကရက်နဲ့မီးခြစ် နှစ်ခုစလုံး ပြန်ချထားလိုက်တယ်။ စားပွဲပေါ်မှာ သတင်းစာတစ်စောင်၊ သူဖွင့်ဖတ်တယ်။ ဒါပေမဲ့ ဖတ်လို့မရချင်သလိုလိုဖြစ်နေတယ်။ ဘယ်နေ့ကသတင်းစာပါလိမ့်။ စစ်ပွဲတွေပြီးသွားပြီလား။ လူတွေဟာ စစ်ပွဲတွေဖြစ်ပွားနေရလောက်အောင် မိုက်မဲနေကြတုန်းပဲလား။ ခုထိမိုက်မဲလို့ အားမရကြသေးဘူးလား။ ဟစ်တလာအခုထိ အသက်ရှင်နေတုန်းပဲလား။ နပိုလီယံက ဘာလုပ်နေသလဲ။ စစ်ပွဲကြီးတွေ ဖြစ်ပွားရင် သူကဘာလုပ်ရမလဲ။ ရပ်ကြည့်နေရမှာလား။ ဝင်တိုက်ရမှာလား။ ဝင်တိုက်ရရင် ဘယ်လိုဝင်တိုက်ရမှာလဲ။ သူ့အသိဥာဏ် ခဏနွေးကနဲ ဖြစ်သွားတယ်။ ဟာ... စစ်ပွဲကြီးပြီးခဲ့တာ နှစ်ပေါင်း (၅၀)လား ကျော်ခဲ့ပြီပဲ၊ မဟုတ်ဘူး၊ နှစ်ပေါင်း (၆၀)ကျော်ခဲ့တာဖြစ်မယ်။ အင်း နှစ်ပေါင်း(၆၀)ဆိုရင် ငါကဘယ်အရွယ်ပါလိမ့်။ ခုငါ့အသက်က ဘယ်လောက်လဲ။ သူဟာ သူ့အသက်ကို စဉ်းစားလို့မရဘူး။ သူစဉ်းစားလို့မရတာနဲ့ သူမမှတ်မိတာတွေက များလှတယ်။ အခန်းထဲမှာရပ်နေရင်း စစ်ပွဲကြီးတွေ သူမေ့သွားခဲ့ပြီ။ ဘယ်တော့မှ သူမမေ့လျော့တဲ့အကြောင်းတစ်ခု ရှိနေပြန်ရဲ့။ မီးဖိုဆောင်က စားပွဲပေါ်မှာ လဲလျောင်းနေတဲ့ ပေါင်မုန့်ကို စားသောက်ပစ်ဖို့ပဲပေါ့။ အစားအစာတစ်ခုကို စားသောက်ဖို့ အကောင်းဆုံးအချိန်ဟာ ဆာလောင် နေချိန်ပါပဲ။ အဲဒီအချိန်ဟာ နေ့ဖြစ်ချင်ဖြစ်မယ်၊ ညဖြစ်ချင်ဖြစ်မယ်။ နံနက်ခင်းဖြစ်ချင်ဖြစ်မယ်၊ ညနေခင်း ဖြစ်ချင်ဖြစ်မယ်လေ။ မီးဖိုဆောင်က စားပွဲပေါ်မှာ လဲလျောင်းနေတဲ့ပေါင်မုန့်ကို သူတစ်ဖဲ့ ဖဲ့လိုက်တော့ တစ်ခုခုကို သူအမှတ်ရလာတယ်။ ဒီလိုအပြုအမူမျိုးကို သူကြိမ်ဖန်များစွာ ပြုမူဆောင်ရွက်ခဲ့ဖူးသလိုလို ထင်မြင်လာမိတယ်။ သူ့အစွမ်းကြောင့် ငါးမိနစ်အတွင်း လဲလျောင်းရင်းနေတဲ့ပေါင်မုန့်ဟာ ကုန်သွားတယ်။ သူအာသီသတစ်ခု ပြေသွားတယ်။ ထူးဆန်းတာက မီးဖိုဆောင်စားပွဲပေါ်မှာ ညစဉ်ညစဉ် ပေါင်မုန့်တစ်လုံး လဲလျောင်းခြင်းပဲ။ သူနည်းနည်းလန်းလာသလိုပဲ။ မီးဖိုဆောင်ကနေ တခြားအခန်းဖက်ကို သူရောက်လာတယ်။ အခန်းထဲမှာ မီးတွေလင်းနေတယ်။ စင်တွေ၊ ဗီရိုတွေနဲ့ စာအုပ်တွေ အများကြီးလည်းရှိတယ်။ ဒါဟာစာဖတ်ခန်းပဲ။ သူက စားပွဲပေါ်မှာရှိတဲ့ စာအုပ်ကို ဖွင့်ဖတ်တယ်။ ပါကင်ဆန်၊ အယ်လ်ဇိုင်းမား ဆိုတဲ့ ကြယ်ပွင့်လေးတွေပြထားတဲ့ ခေါင်းစဉ်အောက်မှာ မှတ်စုတွေကိုတွေ့တယ်။ ဘယ်သူ့မှတ်စုလဲလို့ စဉ်းစားနေမိရင်း လက်ရေးဟာ သူအရင်းနှီးဆုံးလက်ရေးပဲလို့ ထင်မြင်လာမိပြန်တယ်။ စာအုပ်ကို သူပိတ်ပစ်လိုက်တယ်။ သူစာ မဖတ်ချင်ဘူး။ သူစာဖတ်ခဲ့ရင် တစ်ခုတစ်ခုသိလာမယ်။ ဒါပေမဲ့ အဲဒီသိမှုတစ်စုံတစ်ခုကို သူလက်ခံနိုင်စွမ်း မရှိတော့ဘူး။ နောက်ထပ် လေနည်းနည်းမှုတ်သွင်းလိုက်ရင် ကွဲထွက်သွားနိုင်လောက်တဲ့ ပူဖောင်းတစ်လုံးလိုပေါ့။ ဒါပေမဲ့ ဒီဥပမာဟာ သူ့အတွက် မှန်ချင်မှမှန်မှာပါ။ ဆိုလိုတာက သူ့ဆင်ခြင်သိမှတ်မှုဟာ လွန်ခဲ့တဲ့နှစ်တွေကတည်းက လေမရှိတော့တဲ့ ပျော့စိစိရော်ဘာပူဖောင်းခွံတစ်ခု။ ဒါမှမဟုတ် ပူဖောင်းအပိုင်းအစတွေလို ဖြစ်ချင်လည်း ဖြစ်နေခဲ့မှာမို့လို့ပေါ့။ စာဖတ်ခန်းထဲက နီယွန်မီးရောင်အလင်းထဲမှာ သူငြိမ်ငြိမ်သက်သက်ထိုင်နေတယ်။ ထိုင်နေရင်း ဟိုဖက်ခန်းက အိပ်ပျော်နေတဲ့ (ခပ်ဝဝ)မိန်းမတစ်ယောက်ရဲ့ တစ်ချက်တစ်ချက် ထွက်ပေါ်လာတဲ့ဟောက်သံကို သူနားထောင်နေမိတယ်။

နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်

Jul 6, 2011

မှတ်စု (၂)

မျှော်လင့်ချက်-
တဖြည်းဖြည်း သေဆုံးသွားတဲ့ သစ်ပင်

ပျော်ရွှင်ခြင်း-
မနိုးတမ်း အိပ်စက်ပါရစေ
ဒီ အိပ်မက်ကမ္ဘာ

ကျရှုံးမှု-
အကောင်းဆုံး လုပ်ဆောင်ခဲ့ပါတယ်
ဘုရားသိ၊ တခြားလူသိဖို့မလိုဘူး


သီဟသူ
၆-၇-၁၁

Jul 2, 2011

အရူးမှာ လိုင်စင်ရှိတယ်

ခြုံထည်ကြီးထဲက ရုန်းထွက်လို့မရတော့ဘူး
ကတ်ကြေးသံတချပ်ချပ်က နားယားတယ်
ငါ့ကိုကြည့်နေတဲ့ မှန်ထဲက မျက်လုံးဟာအသည်းယားစရာ
မှန်အပြင်က ငါ့ခေါင်းကိုစမ်းကြည့်မိတယ်၊ ရှိသေးတယ်
ဆံသဆရာဟာ ဘောလုံးပွဲမှာ
သူကိုယ်တိုင်ဝင်ကန်ခဲ့သလိုမျိုးပြောတယ်
ဒိုလေး၊ ဘက်ခမ်း၊ ဘန်ပါစီ၊ မက်စီ၊ ကာကာ
ငါ့ရှေ့ရောက်လာသလိုပဲ
ငါတွေ့နေရတဲ့ မှန်ထဲက ဂျာနယ်အပုံဟာ ထခုန်နေတော့တာပဲ
ဘရိတ် ခဏခဏအုပ်တယ်
အဆိုတော်ဟာ သီချင်းဆိုရင်း စာသားမေ့သွားဟန်ရပ်တန့်
စဆိုတဲ့ စာသားက တီးလုံးရှေ့ ပြေးထွက်လာ
သရဲနဲ့ ရုတ်တရက်တွေ့လိုက်ရသလိုမျိုး
သရဲဆိုလို့ ညက သူကြည့်ခဲ့တဲ့ သူရဲကားအကြောင်း
စိတ္တဇလူသတ်သမားဟာ ကြည့်သူကိုတောင်
စိတ္တဇဖြစ်လာစေတယ်ဆိုပဲ
မြို့ကြီးတစ်မြို့မှာ စိတ္တဇလူသတ်သမားဟာ ဆံသဆရာဆိုလား
ဆံသဆရာဟာ မြို့ကြီးတစ်မြို့မှာ စိတ္တဇလူသတ်သမားဆိုလား
သူကိုယ်တိုင်က ဆံသဆရာလား၊ စိတ္တဇဝေဒနာသည်လား
သူ့အမူယာတွေ လေယူလေသိမ်းတွေ ခွဲခြားရခက်လာ
ဘုရား ဘုရား ငါ ထပြေးရမလား
တစ်ခြမ်းပြောင်၊ တစ်ခြမ်းမှောင်နေတဲ့ ငါ့ဦးခေါင်းနဲ့ ဖြစ်ပါ့မလား
တကယ်တော့ဗျာ နံရံမှာချိတ်ထားတဲ့ ကျားခေါင်းနေရာမှာ
ခင်ဗျားဆံပင်ပုံမျိုးနဲ့ လူဦးခေါင်းတစ်ခု ချိတ်ထားရမှာ
ဒါမှ ဆိုင်ရဲ့ကြော်ငြာဟာ ပေါ်လွင်မှာမဟုတ်လား
လူတွေ စိတ်ဝင်စားမှာ မဟုတ်လား
ဘုရား ဘုရား ဒီလူ အတည်ပြောနေတာများလား
သူ့ခြေထောက်ကို ပွတ်သပ်နေတဲ့ ကြောင်ကလေးကို ကန်ထုတ်လိုက်ပုံ
ကြောင်ကလေး ဘောလုံးတစ်လုံးလို လွင့်သွားပုံ
နံရံနဲ့ထိပုံ၊ ပြုတ်ကျလာပုံ၊ ကြောင်ကလေးညည်းညူနေပုံဟာ
တစ်စက္ကန့်အတွင်း အဖြစ်အပျက်
သူ့မျက်နှာဟာ သူဘာမှ မလုပ်လိုက်သလိုမျိုး အေးစက်
ဓားအိမ်ထဲမှာ ဘလိတ်ဓားအသစ်ထည့်နေပုံက
အေးဆေး တိကျ မြန်ဆန်လွန်းတယ်
သူ့မျက်နှာရှေ့ တဝီဝီပျံသန်းနေတဲ့ ယင်ကောင်ကို ပိုင်းချလိုက်ပုံဟာ
ငါ့ ပါးစပ်ကို အဟောင်းသားပွင့်သွားစေတယ်
ငါ့ ဝတ်ရုံအဖြူပေါ် ပြုတ်ကျလာတဲ့ ယင်ကောင်တစ်ပိုင်းဟာ
ငါ့ဆံပင်နဲ့ရောထွေးလို့ တောင်ပံတစ်ဖက် ခတ်နေတုန်းပဲ
ငါ့ ကုတ်ပေါ်မှာ ဆံပင်မရှိတော့ဘူး
ငါ မျက်တောင်မခတ်ရဲဘူး မျက်တောင်တွေပြတ်ကျမှာစိုးလို့
ငါ မျက်စိမမှိတ်ရဲဘူး မြင်ကွင်းတွေပြတ်ကျမှာစိုးလို့
ထွက်ပြေးတဲ့ ငါ့စိတ်ဟာ ငါ့ခန္ဓ္ဓာထဲကထွက်မရဘူး
တဖျတ်ဖျတ်ခတ်နေဆဲ ယင်ကောင်တစ်ပိုင်းကို ကောက်ယူပြီး
သူ့လက်နဲ့ချေမွလိုက်တယ် အေးဆေးပဲ
သူ့အပြုံးဟာ ပန်းပွင့်သလို အနှေးပွင့်လို့
တရုတ်သိုင်းကားထဲက သူရဲကောင်းလိုလို
စိတ္တဇလူသတ်သမားလိုလို မျက်လုံးဟာ အေးစက် မာကျော တောက်ပ
နှုတ်ခမ်းကို တင်းတင်းစေ့လို့ မှန်ထဲက ငါ့မျက်လုံးကို
သူ့မျက်လုံးနဲ့ထိုးစိုက်ထားတယ်
သူ့လက်ဟာ တဆတ်ဆတ်တုန်လို့
ကျုပ်မှာ လိုင်စင်ရှိတယ်လို့ပြောတယ်။

ကိုရွေး
Idea မေလ၊ ၂၀၀၉
ကြည်လင်သောရေတံခွန်၊ ပကြိမ်၊ မတ်လ၊ ၂၀၁၁

ငှက်

တောင်ပံမီးစွဲနေတဲ့ ငှက်တစ်ကောင်
ဖြောင့်ဖြောင့်တန်းတန်း မပျံနိုင်ဘူး
*မြို့ရဲ့အူသံတွေဆီ

ဘယ်အကိုင်းမှာ နားမလဲ
ရင်ကို မြားတစ်စင်းလာစိုက်တယ်

ရွပ်ရွပ်ချွံချွံ လမ်းမှားပုံက
ကိုယ့်အမည် ကိုယ်မှန်းလောက်အောင်ပါပဲ။

လေထဲပျံတာတောင်
အရိပ်ကို ကြောင်ခုတ်ခံရတယ်
စက္ကူပန်းတွေလိုပဲ
ရနံ့မပါဘူး
စက္ကူပန်းတွေလိုပဲ
အရောင်မလွင့်ဘူး
ဒုက္ခစစ်စစ်တွေ မာခဲပုံက
ကဗျာတွေတောင် ဖျတ်ခနဲသေတယ်

သိပ်သိပ်သည်းသည်း လမ်းကလေးအတိုင်း
အတွေးတွေ တွယ်စီးလာရ
မြို့အူသံထဲက
တိုးထွက်လာခဲ့ပေမယ့်
တည့်တည့်မတ်မတ် မပြန်နိုင်တော့ဘူး
ဦးခေါင်းမီးစွဲလာတဲ့ ငှက်တစ်ကောင်။ ။

*မြို့အူသံ။ ။ အရှင်ဇနကာဘိဝံသ၏ အခြေပြုပဌာန်းစာအုပ်မှ

ကိုရွေး
ရုပ်ရှင်တေးကဗျာ
ကြည်လင်သောရေတံခွန်၊ ပကြိမ်၊ မတ်လ၊ ၂၀၁၁

မှန်စာတိုက်ထားတဲ့ကြိုးနဲ့ စွန်မလွှတ်ကြပါနဲ့ လေညင်းလေးတွေ နာကျင်မှာစိုးရဲ့

ဒီညနေခင်းဟာ သူ့ညနေခင်းလို့
ဒီကြိုးနဲ့ ဒီစွန်လေးဟာ ထာဝရဆက်သွယ်ခြင်းလို့
ဖေဖေဟာ အရာရာကို အောင်နိုင်သူလို့
တွေးထင်ထားတဲ့ မျက်ဝန်းလေးတစ်စုံ၊ ပျော်လို့

အပြာရောင်နောက်ခံမှာ
အနီစက်လေးတစ်စက်
သူခတ်နှိပ်ထားတဲ့ကောင်းကင်ရဲ့ တံဆိပ်တော်

မြင်ကွင်းထဲ ရုတ်တရက်
ထောင့်ဖြတ်ဝင်လာတဲ့စွန်ကလေး
သူ့အဖော်လို့ထင်ခဲ့

သူ့လက်ဟာတုံ့ခနဲ
သူ့ရင်ဟာဆတ်ခနဲ

သူ့နှုတ်ခမ်းမှာ မှန်စာမပါတဲ့မေးခွန်း
သူ့မျက်ဝန်းမှာ အံ့သြတဲ့ နားမလည်ခြင်း

"ဖေဖေ
တခြားစွန်တွေမှာ ဓားပါသလား
သားစွန်လေးက ပြန်မလာတော့ဘူးလား"
ကျွန်တော်
အဖြေကိုစဉ်းစားရင်း
သူ့မေးခွန်းတွေကို
ရစ်ဘီးထဲ ရစ်သွင်းနေမိတယ်
ကျွန်တော်နဲ့သား လွင့်ငေး၊ ငေးနေရ
ပြတ်သွားတဲ့စွန်ကလေးကို စိတ်နဲ့ လိုက်ဆယ်နေကြ

အမှောင်တွေ ပြိုဆင်းလာပြီသားရေ

မှန်စာတိုက်ထားတဲ့ လမ်းကလေးအတိုင်း
ကျွန်တော်က သားလက်ကိုဆွဲလို့
သားက စွန်မပါတော့တဲ့ ရစ်ဘီးကလေးကိုကိုင်လို့။

(သားငယ်လေးစွန် စ လွှတ်သောနေ့ အမှတ်တရ)

ကိုရွေး
ရတီ၊ ဒီဇင်ဘာ၊ ၂၀၀၄
ကြည်လင်သောရေတံခွန်၊ ပကြိမ်၊ မတ်လ၊ ၂၀၁၁

ဖြန့်ထားတဲ့လက်ဝါးကြီး

ဖြန့်ထားတဲ့လက်ဝါးကြီး မြို့ထဲမှာ လျှောက်သွားနေတယ်လို့ သတင်းဖြစ်ပေါ်နေတယ်။ ကျွန်တော်က မယုံပါဘူး။ ကျွန်တော် မယုံဘူးဆိုတာ အဖြစ်အပျက်ကို မယုံတာမဟုတ်ပါဘူး။ တစ်ဆင့်ခံသတင်းတွေကို မယုံတာပါ။ ဒီခေတ်ဒီအခါမှာ ဘယ်အဖြစ်မပျက်မဆို ဖြစ်ပျက်နိုင်တယ်လို့ ကျွန်တော် လက်ခံထားပြီးသားပါ။ ဖြန့်ထားတဲ့လက်ဝါးကြီး မြို့ထဲမှာ လျှောက်သွားနေတယ်တဲ့။ လူတွေဟာ ကဖေးဆိုင်မှာ ဒီသတင်းကို ပြောဆိုနေကြတယ်။ ဘတ်စ်ကားမှတ်တိုင် လူစုစုမှာလည်း ဒီသတင်းကို ပြောဆိုနေကြတယ်။ ပြီးခဲ့တဲ့သီတင်းပတ် တနင်္ဂနွေည သန်းခေါင်လောက်မှာ ဖြန့်ထားတဲ့လက်ဝါးကြီး နိုက်ကလပ်ထဲကိုဝင်သွားပြီး ခန်းမလယ်မှာရပ်နေတယ်တဲ့။ ဖြန့်ထားတဲ့လက်ဝါးကြီးဟာ နိုက်ကလပ်ထဲမှာ တော်တော်ကြာကြာ ရပ်နေခဲ့သတဲ့။ နိုက်ကလပ်ရဲ့ သန်းခေါင်ကျော်ခဲ့ချိန်မှာ အထဲကလူတွေဟာ သူတို့ခံစားမှုကလွဲလို့ ဘာကိုမှ အရေးမလုပ်ကြတော့ဘူး။ ဖြန့်ထားတဲ့လက်ဝါးကြီးကိုလည်း စိတ်မဝင်စားကြဘူးတဲ့။ ဒါပေမဲ့ ဖြန့်ထားတဲ့လက်ဝါးကြီးဟာ နိုက်ကလပ်ထဲမှာ ဖြန့်ထားလျက်ပါပဲ။ ဖြန့်ထားတဲ့လက်ဝါးကြီးနဲ့ နိုက်ကလပ်ထဲက လူတွေအကြောင်းကို တွေ့သိမြင်ခဲ့သူတစ်ဦးက ခုလိုပြောပြပါတယ်။ ဖြန့်ထားတဲ့လက်ဝါးကြီးဟာ နိုက်ကလပ်ထဲမှာ အချိန်တော်တော်ကြာအောင် ရှိနေခဲ့သတဲ့။ နံနက်လင်းအားကြီးအချိန်လောက်မှ ဖြန့်ထားတဲ့လက်ဝါးကြီးဟာ နိုက်ကလပ်ထဲကနေ အပြင်ကို နောက်ပြန်ရွေ့လျားပြီး ထွက်ခွာသွားပါတယ်တဲ့။ ဖြန့်ထားတဲ့လက်ဝါးကြီး တစ်ခုခုမရပဲ တစ်နေရာရာက ဘယ်တော့မှ မထွက်ခွာဘူးတဲ့။ ဖြန့်ထားတဲ့လက်ဝါးကြီး နိုက်ကလပ်ထဲကနေ သီချင်းတစ်ပုဒ် (ငါတို့ အမှောင်ထဲမှာ ဆုံကြမည်) ဘီယာတစ်ဖန်ခွက်၊ အပျိုစင်နောက်ဆုံးညတစ်ည၊ နှုတ်ခမ်းနီတစ်တောင့်နဲ့ ဂိတ်စောင့်အဖိုးကြီးရဲ့ တုတ်ကောက်တစ်ချောင်းကို ယူဆောင်သွားခဲ့ပါတယ်တဲ့။ ဖြန့်ထားတဲ့လက်ဝါးကြီးဟာ မြို့ထဲမှာ လျှောက်သွားနေတယ်လို့ လူတွေပြောနေကြလျက်ပဲ။ ဒါတွင်သာမက လူတစ်ယောက်ဟာ မြို့ပြင်က မြစ်ကမ်းတစ်ခုမှာ ငါးထိုင်မျှားနေသတဲ့။ သူဟာ ငါးသုံးလေးကောင်ကိုလည်း မိထားပြီတဲ့။ သူဟာ ငါးမျှားတံမှာ ငါးစာကိုတပ်ပြီး ငြိမ်သက်မှုနဲ့ ငါးကို မျှားနေတာပေါ့။ အဲဒီ့အချိန်မှာပဲ သူ့နောက်ကျော်ဘက်ကို ဖြန့်ထားတဲ့လက်ဝါးကြီး ရောက်လာတော့တယ်။ သူဟာ ဖြန့်ထားတဲ့လက်ဝါးကြီး သူ့နောက်မှာ ရောက်နေတာကို မသိဘူးတဲ့။ ငါးစာကို ငါးက ဟပ်လိုက်တဲ့အချိန်မှာ သူဟာ ဆတ်ခနဲ ဆွဲတင်လိုက်တယ်။ ငါးဟာ ငါးမျှားချိတ်မှာမိပြီး လေထဲမှာကိုင်းညွတ်ကာ နောက်ဖက်ကိုကျသွားတယ်။ သူ လှည့်ကြည့်လိုက်တော့ ဖြန့်ထားတဲ့လက်ဝါးကြီးနဲ့ ဖြန့်ထားတဲ့လက်ဝါးကြီးထဲမှာ ဖျပ်ဖျပ်လူးနေတဲ့ငါးကို တွေ့ရတော့တာပါပဲ။ သူက တစ်ခုခုပြုမူဖို့ ကြံရွယ်နေစဉ်မှာပဲ ဖြန့်ထားတဲ့လက်ဝါးကြီးဟာ နောက်ပြန်ဆုန်ပြီး မြို့ဘက်ကို ထွက်ခွာသွားတော့တယ်တဲ့။ ဖျပ်ဖျပ်လူးနေတဲ့ ငါးဟာ ဖြန့်ထားတဲ့လက်ဝါးကြီးထဲ ပါသွားတော့တာပေါ့။ တစ်ရက်ကလည်း မနက်စောစောစီးစီး ဈေးထဲမှာ ဖြန့်ထားတဲ့လက်ဝါးကြီး လျှောက်သွားနေတယ်တဲ့။ လူတွေက သူတို့ကြားရောက်လာတဲ့ ဖြန့်ထားတဲ့လက်ဝါးကြီးကို တိုးတိုးဝှေ့ဝှေ့ ရှောင်ရှောင်တိမ်းတိမ်း သွားနေကြသတဲ့။ ဖြန့်ထားတဲ့လက်ဝါးကြီးဟာ ဝက်သားဆိုင်၊ ဆိတ်သားဆိုင်၊ ဆူးပုပ်ရွက်ဆိုင်၊ ပုစွန်ခြောက်ဆိုင်၊ ငံပြာရည်ဆိုင်၊ သံပုရာသီးဆိုင်တို့ကို တရွေ့ရွေ့ဖြတ်လာသတဲ့။ အားလူးဆိုင်ရှေ့မှာ ဖြန့်ထားတဲ့လက်ဝါးကြီးဟာ ခဏရပ်လိုက်သေးတယ်။ ပြီးတော့ ရှေ့ကိုထွက်ခွာပြီး ဈေးပေါက်က သူတောင်းစားတစ်ယောက်ဆီမှာ ဖြန့်ထားတဲ့လက်ဝါးကြီး ရပ်သွားတော့တယ်တဲ့။ သူတောင်းစာက အဝါးရခက်တဲ့ ပေါင်မုန့်တစ်လုံး ထည့်ပေးလိုက်မှ ဖြန့်ထားတဲ့လက်ဝါးကြီးဟာ ဈေးကနေ ထွက်ခွာသွားတော့တယ်တဲ့။ ဖြန့်ထားတဲ့လက်ဝါးကြီးအကြောင်း တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး ပြောလာကြတယ်။ ဆေးရုံကြီးဝင်းထဲက ကင်ဆာဆောင်ရှေ့မှာ ဖြန့်ထားတဲ့လက်ဝါးကြီးကို တွေ့လိုက်ကြသတဲ့။ မြို့ရဲ့မြင့်မားလှတဲ့ အဆောက်အအုံတစ်ခုဖြစ်တဲ့ မီးသတ်မျှော်စင်ထိပ်မှာလည်း ဖြန့်ထားတဲ့လက်ဝါးကြီးကို တွေ့မြင်မိကြသတဲ့။ ဆုတောင်းပြည့်ဘုရားရဲ့ မုခ်ဝတစ်ခုမှာလည်း ဖြန့်ထားတဲ့လက်ဝါးကြီး ရောက်နေတာကို ဘုရားဖူးသူတွေ မြင်လိုက်ကြသတဲ့။ မြို့ရဲ့ လူစည်ကားလှတဲ့ရုပ်ရှင်ရုံတွေ တစ်ဝိုက်မှာလည်း ဖြန့်ထားတဲ့လက်ဝါးကြီး ရွေ့လျားနေတာကို တွေ့ခဲ့ကြသတဲ့။ နာရီစင်အောက်မှာ ဖြန့်ထားတဲ့လက်ဝါးကြီး ရပ်နေတာကိုလည်း အတော်များများ တွေ့ခဲ့ကြကြောင်း ပြောဆိုနေကြတယ်။ ကိုယ်တွေ့ကြုံဆုံရမှုဟာ သတင်း တစ်ခုကို တစ်ကယ့်အဖြစ်အပျက်အဖြစ် လက်ခံ ယုံကြည်လိုက်ရပါပြီ။ အကြောင်းကတော့ မနေ့ညက အချိန်းထဲမှာ ကျွန်တော်စာဖတ်နေစဉ် ဖြန့်ထားတဲ့လက်ဝါးကြီး ရောက်ရှိလာခဲ့လို့ပဲ။ ဖြန့်ထားတဲ့လက်ဝါးကြီးဟာပိတ်ထားတဲ့အခန်းပြတင်းနံရံကို တအိအိတိုးဝင်ဖြတ်သန်းပြီး ကျွန်တော် စာဖတ်နေတဲ့စားပွဲနားကို ရောက်လာပါတယ်။ ဖြန့်ထားတဲ့လက်ဝါးကြီးဟာ အရွယ်အစား အတော်ကြီးပါတယ်။ အရောင်က ကြေးညိုရောင်ပါ။ မွန်ဂိုလွိုက်အနွယ်တွေရဲ့ အသားအရေမျိုးနဲ့လည်း ခပ်ဆင်ဆင်ပါ။ ဖြန့်ထားတဲ့လက်ဝါးကြီးထဲမှာ ဥာဏလေခ၊ အာယုလေခတို့ဟာ သိသာထင်ရှားစွာ ဖြစ်ပေါ်နေပြီး အားကောင်းလှတယ်လို့လည်း ထင်မှတ်မိပါတယ်။ ဖြန့်ထားတဲ့လက်ဝါးကြီးထဲမှာ ဟဒယလေခကိုတော့ တိုတောင်းတဲ့မျဉ်းဖြောင့်တစ်ကြောင်းသဏ္ဌာန်သာ တွေ့ရပါတယ်။ ဖြန့်ထားတဲ့လက်ဝါးကြီးပေါ်က အရေးအကြောင်းတွေနဲ့ ပတ်သက်လို့ သည့်ထက်ပိုပြီး ကျွန်တော်လည်း မသိပါဘူး။ ထူးခြားတာကတော့ ဖြန့်ထားတဲ့လက်ဝါးကြီးဟာ ပြည့်အိဖြိုးမောက်တဲ့ အသားအရေတွေနဲ့ ဖွဲ့စည်းထားတာပါပဲ။ ဖြန့်ထားတဲ့လက်ဝါးကြီးနဲ့ပတ်သက်ပြီး ကျွန်တော်ကြားဖူးတာတွေ သတိရလာတယ်။ ဖြန့်ထားတဲ့လက်ဝါးကြီးဟာ တစ်ခုခုထည့်မပေးမချင်း မထွက်ခွာဘူးဆိုပဲ။ ကျွန်တော်ဟာ စာဖတ်နေရာကနေ စာအုပ်ကို စားပွဲပေါ်ချ ဦးခေါင်းကိုငဲ့ပြီး ဖြန့်ထားတဲ့လက်ဝါးကြီးကို ကြည့်လိုက်မိတယ်။ ဖြန့်ထားတဲ့လက်ဝါးကြီးဟာ ခပ်ကြီးကြီးစကောတစ်ချပ်အရွယ်တော့ ရှိလိမ့်မယ်။ ကြမ်းပြင်အထက် လေထဲမှကြွပြီး တည်ကာ ငြိမ်သက်နေပါတယ်။ ဖြန့်ထားတဲ့လက်ဝါးကြီးဟာ တစ်နေ့နေ့မှာ တစ်ယောက်ယောက်ဆီက တစ်ခုခုယူဖို့ ရောက်လာစမြဲပဲဆိုတာ ယုံတမ်းစကားမဟုတ်ပါဘူးလို့ ကျွန်တော်ပြောခဲ့ချင်ပါတယ်။ ဖြန့်ထားတဲ့လက်ဝါးကြီးဟာ ကျွန်တော့်ဆီက ဘာကိုယူဖို့အလိုရှိသလဲ။ ကျွန်တော်က ကုလားအုတ်တံဆိပ်စီးကရက်ကို ဖြန့်ထားတဲ့လက်ဝါးကြီးထဲ ထည့်လိုက်ပါတယ်။ ဖြန့်ထားတဲ့လက်ဝါးကြီးဟာ ကျွန်တော်ထည့်ပေးလိုက်တဲ့ စီးကရက်ကိုကောက်ယူပြီး လက်ညှိုးနဲ့ လက်မကြားမှာ ဖိညှပ်ကာ ခြေမွပစ်လိုက်ပါတော့တယ်။ ဘယ်သူ့ဆီက ဘယ်အချိန်မှာ ဘာကိုယူရမယ်ဆိုတာ ကျွမ်းကျင်ပုံရတဲ့ လက်ဝါးကြီးဟာ စီးကရက်အကြွေတွေကို ခါချပြီးရပ်နေပါတယ်။ လေထဲမှာ ကြွနေလျက်နဲ့ပါပဲ။ ကျွန်တော်ဟာ အံဆွဲထဲက ဓားမြှောင်ကိုထုတ်ယူပြီး ဖြန့်ထားတဲ့လက်ဝါးကြီးရဲ့ အလက်ကောင်တည့်တည့်ကို စိုက်ချလိုက်ရမလား။ မဖြစ်နိုင်ပါဘူး။ ဖြန့်ထားတဲ့လက်ဝါးကြီးဟာ ကြီးမားသန်စွမ်းပါတယ်။ ပြီးတော့ သူ့မှာ အလွန်ကြွယ်ဝတဲ့ အတွေ့အကြုံလည်းရှိပုံပါ။ ကျွန်တော်ဟာ ဖြန့်ထားတဲ့လက်ဝါးကြီးထဲကို ကျွန်တော်ပိုင်ဆိုင်သမျှထဲက အဖိုးအထိုက်တန်ဆုံးအရာတစ်ခုခုကို ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ ကျွန်တော်ပိုင်ဆိုင်သမျှထဲက အဖိုးအထိုက်တန်ဆုံးအရာတွေကတော့ -၁။ လူငယ်ဘဝ ၂၊ ကဗျာတွေ ၃၊ ထွန်ယက်ထားတဲ့ဝိညာဉ် ၄။ ယုံကြည်ချက်နဲ့ ၅။ ကိုယ်ကျင့်တရားတို့ပါပဲ။

အဲဒီနေ့ကစပြီး ဖြန့်ထားတဲ့လက်ဝါးကြီးဟာ ကျွန်တော့်ဆီကို နောက်တစ်ခေါက် ပြန်ရောက်မလာတော့ပါဘူး။ ဖြန့်ထားတဲ့လက်ဝါးကြီးမြို့ထဲမှာ လျှောက်သွားနေတယ်ဆိုတဲ့သတင်းဟာ တဖြည်းဖြည်းမှိန်ဖျော့တိုးတိတ်သွားပါပြီး။ အဲဒီသတင်းကိုပြောသူ တစ်စတစ်စနဲ့ မရှိသလောက် ဖြစ်သွားပါပြီ။ လူတွေ မေ့သွားကြပါပြီ။ ဖြန့်ထားတဲ့လက်ဝါးကြီးဟာ ဝေးလံလှတဲ့ နိုင်ငံရပ်ခြားတိုင်းပြည်များမှာ လှည့်လည်နေမလားလို့ ကျွန်တော်စဉ်းစားမိတယ်။ ကျွန်တော့်ဆီက အဖိုးအထိုက်တန်ဆုံး အရာတစ်ခုကိုလည်း သူယူဆောင်သွားခဲ့ပြီ။ ခုချိန်မှတော့ ကျွန်ုပ်ဟာ အရက်စွဲနေတဲ့ အဘိုးအို တစ်ယောက်ဖြစ်နေပါပြီ။ ကျွန်ုပ်ခါးတွေ ကိုင်းခဲပါပြီ။ ကျွန်ုပ်နားတွေ ထိုင်းခဲ့ပါပြီ။ ကျွန်ုပ်မျက်စိတွေ မှုန်မှိုင်းခဲ့ပါပြီ။ ကျွန်ုပ်ဆံစတွေလည်း ဖြူခဲ့ပေါ။ ကျွန်ုပ်လက်တွေဟာ အမြဲလိုလို တုန်ယင်နေကြတယ်။ အိမ်အိုဟောင်းကလေးထဲကနေ အပြင်ကိုငေးလို့ ကျွန်ုပ်စောင့်ကြည့်နေမိတယ်။ ဖြန့်ထားတဲ့လက်ဝါးကြီး နောက်တစ်ကြိမ် ရောက်လာမယ့်နေ့ကိုလေ။

နေမျိုး
၂၀၀၃၊ ၄၊ ၁၉
နေ့လယ် ၂နာရီ (၅မိနစ်အလို)

နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်

Jun 13, 2011

ရွှေတွင်းကို ပိုင်ဆိုင်ပြီးနောက်

နောက်ဆုံးမှာတော့ ရွှေတွင်းကို သူပိုင်ဆိုင်ခဲ့တယ်။ ရွှေတွင်းကို သူပိုင်ဆိုင်ပြီးတဲ့နောက်မှာ သူဟာ ရွှေတွင်းဘေးမှာ တဲကလေးတစ်လုံး ထိုးတယ်။ အဲဒီတဲကလေးကနေ ရွှေတွင်းကို စောင့်ကြည့်တယ်။ အလုပ်သမားတွေ သူတို့မြို့ရွာဇာတိကို ပြန်သွားကြပြီ။ စက်ရုံတွေရှိရာ၊ လယ်ကွင်းတွေရှိရာကို ပြန်သွားကြပြီ။ ခြေတစ်ဖက်ပြတ်ပြီး မသန်မစွမ်းဖြစ်နေတဲ့ အလုပ်သမားအိုကြီးတစ်ယောက်သာ ကျန်ခဲ့တယ်။ အလုပ်သမားအိုကြီးဟာ ချိုင်းထောက်တစ်ဖက်နဲ့ ထောက်ကာထောက်ကာ သူ့အနားကို ရောက်လာတယ်။ ဆရာလေး သိပ်အေးလာပြီ ရော့ ... ကော်ဖီပူပူလေးတစ်ခွက်သောက်လိုက်ဦးဆိုပြီး သူ့ကိုပေးတယ်။ ဟုတ်တယ်။ ညနေစောင်းတာနဲ့ နှင်းတွေတဖွဲဖွဲ ကျဆင်းလာပြီလေ။ လေဟာညင်ညင်သာသာ တိုက်ခတ်နေပေမယ့် အေးစိမ့်လှတယ်။ စွန့်ခွာသွားခဲ့ကြတဲ့ အလုပ်သမားတွေရဲ့ သံခမောက်တွေ၊ ကာဗိုက်မီးခွက်တွေ၊ တောစီးဖိနပ်တွေဟာ နေရာအနှံ့ ပြန့်ကျဲနေတယ်။ ပြေးလမ်းပေါ်မှာ ထရော်လီတွေ ရပ်နေတယ်။ သံမဏိကြိုးတွေ တွဲလောင်း။ ပစ်ချထားတဲ့ ဂေါ်ပြားတစ်လက်ထဲမှာ ရွှေတွေ ဂေါ်တစ်ဂေါ်စာ ဝင်းလို့။ ရွှံ့စေးမီးဖိုထဲက မီးခိုတွေအူထပြီး၊ မိုးကောင်းကင်ဆီ တလွင့်လွင့်တက်သွားနေတယ်။ သူဟာ ဒီရွှေတွင်းရှိရာကို နှစ်များစွာ ကြိုးစားပြီး အရောက်လာခဲ့တယ်။ ပြင်းပြင်းထန်ထန် သူကြိုးစားခဲ့တယ်။ ယုံကြည်မှုအပြည့်နဲ့ မြေကြီးကို သူတူးခဲ့တယ်။ ယုံကြည်မှုအပြည့်နဲ့ မြေကြီးကို သူတို့တူးခဲ့တယ်။ ခုတော့ ရွှေတွင်းကို သူပိုင်ခဲ့ပါပြီ။ အလိုရှိသလောက်ရွှေတွေ သူထုတ်ယူနိုင်ပါပြီ။ ဒါကြောင့်လည်း အလုပ်သမားတွေ သူ့ကို စွန့်ခွာသွားခဲ့ကြတယ်။ နှင်းတွေ ဆက်ကာဆက်ကာ ကျလာပေါ့။ ရွှံ့စေးမီးဖိုကလေးက မီးခိုးငွေ့တွေဟာ တလွင့်လွင့်တက်ပြီး နှင်းတွေထဲမှာ ရောယှက်နစ်မြုပ်သွားတယ်။ သူဟာ ကော်ဖီတစ်ငုံ ငုံလိုက်တယ်။ ပြီးတော့ ရွှေတွင်းကို နှမြောတသစွာ စိုက်ငေးကြည့်နေလေရဲ့။

နေမျိုး
၂၀၀၂၊ ၉၊ ၂၇
ည ၁၁ နာရီ ၅ မိနစ်လို

နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်

Jun 5, 2011

မျက်နှာခွဲစိတ် ပြုပြင်ခြင်း

ဆေးခန်းကနေ သတင်းကောင်း ရှင် ကျွန်မဆီယူလာတယ်
ရှင့်ပိုးပဝါကို ဆတ်ခနဲဆွဲဖြုတ်
မမ္မီရုပ်အလောင်းပတ်တီးစဖြူဖြူကြပ်ကြပ်တွေကို လှပ်ဖော်ပြ
ပြုံးပြုံးကြီးနဲ့ပြောလို့ အခု ကောင်းသွားပြီတဲ့။
ကျွန်မ ကိုးနှစ်အရွယ်တုန်းက
သံပုရာသီးလိုစိမ်းတဲ့ မေ့ဆေးဆရာဝန်ပေါ့၊
ဖားမျက်နှာဖုံးစွပ်ကတစ်ဆင့်
ကျွန်မကို ငှက်ပျော်သီးဓါတ်ငွေ့ ကျွေးဖူးတယ်။
ပျို့အန်ချင်စရာကောင်းတဲ့ မြေအောက်ခန်းဟာ
အိပ်မက်ဆိုးတွေ၊
ခွဲစိတ်ဆရာဝန်တွေရဲ့-
နတ်ဘုံက စကားသံတွေလိုနဲ့
ပြီးတော့ အမေဟာ ကူးပြီးရောက်လာတယ်
သံဇလုံတစ်လုံးကိုင်လို့။
အဲဒီတုန်းက ကျွန်မ တော်တော် နေမကောင်းဖြစ်နေခဲ့တာလေ။

အဲဒါတွေကို သူတို့အကုန်လုံး ပြောင်းလဲပစ်လိုက်ပြီ။
သေချာပြုတ်ထားတဲ့
ကျွန်မရဲ့ ဆေးရုံအဝတ်အစားပါးပါးလေးအောက်မှာ
ကလီယိုပါထရာဘုရင်မလို ဝတ်လစ်စလစ်ခရီးထွက်၊
ထုံဆေးတွေနဲ့ အမြှုပ်တစီစီထ
သာမန်အခြေအနေမျိုးမဟုတ်တဲ့ ရွှင်ပျပျနဲ့
ခန်းမြှောင်တစ်ခန်းဆီ ကျွန်မ လိမ့်ဝင်သွားတယ်။
အဲဒီမှာ သနားကြင်နာတတ်တဲ့ လူတစ်ယောက်
ကျွန်မ လက်ချောင်းတွေကို လက်သီးဆုပ်ပေးတယ်
လက်ချောင်းတွေကြားကနေ
တန်ဖိုးရှိတဲ့အရာတစ်ခုခု ယိုစီးထွက်ကျနေတယ်လို့
ခံစားမိစေတယ်။ 'တစ်' ကနေ 'နှစ်' လို့ ရေလိုက်တာနဲ့
အမှောင်ထုဟာ ကျွန်မကို
သင်ပုန်းပေါ်က မြေဖြူတွေလို ဖျက်လိုက်တယ်
ကျွန်မ ဘာမှမသိတော့ဘူး။

ငါးရက်လုံးလုံး ကျွန်မ လျှို့ဝှက်စွာ အိပ်စက်
အရက်စည်ပိုက်ခေါင်း ဖွင့်လိုက်သလို
နှစ်ပရိစ္ဆေဒတွေဟာ ကျွန်မ ခေါင်းအုံးထဲ စီးဆင်းသွားကြတယ်။
ကျွန်မရဲ့ အခင်ဆုံးသူငယ်ချင်းတောင်
ကျွန်မ နယ်သွားနေတယ်လို့ ထင်ခဲ့တယ်။
အရေပြားမှာ ဘာအမြစ်မှ မရှိဘူး၊
စက္ကူစလို အလွယ်တကူ ခွာယူပစ်လိုက်လို့ရတယ်။
ကျွန်မ အားရပါးရ ပြုံးတဲ့အခါ
ချုပ်ရာတွေဟာ တင်းသွားတယ်။
ကျွန်မ အသက်ပြန်ငယ်သွားတယ်။
အခု ကျွန်မအသက် ၂၀
သုန်သုန်မှုန်မှုန်နဲ့
စကတ်ရှည်တွေဝတ်လို့
ပထမလင်ယောက်ျားရဲ့ ဆိုဖာပေါ်ထိုင်လို့၊
ကျွန်မရဲ့ လက်ချောင်းတွေကို
သေနေတဲ့ ပူဒယ်လ် အမွေးစုတ်ဖွားခွေးရဲ့
သိုးမွေးလို အမွေးထဲ နှစ်မြုပ်လို့။
အဲဒီတုန်းက ကျွန်မ ကြောင်မမွေးသေးဘူး။

အခု ဇာတ်သိမ်းခန်းရောက်နေတာ သူမပေါ့
ကျွန်မ ကြည့်နေတဲ့ ကြေးမုံထဲ တစ်ကြောင်းပြီးတစ်ကြောင်း
အနည်ထိုင်ကျလာတဲ့
အရေတွန့် အဘွားအိုကြီး
ခြေအိတ်မျက်နှာ အဘွားကြီး
လက်ချုပ်လိုက်တဲ့ ဖုလုံးပေါ်မှာ အရေခွံအိတွဲကျ။
စမ်းသပ်ခန်း ဖန်ပြွန်တစ်ခုခုထဲမှာ
သူမကို သူတို့ ချောင်ပိတ်ဖမ်းထားလိုက်ကြပြီ
သေပလေ့စေ အဲဒီမှာ သူမ
ဒါမှမဟုတ် နောက်အနှစ်ငါးဆယ်အတွင်း
အဆက်မပြတ် ရှုံ့တွလှီကျုံ့ သွားပလေ့စေ
ခေါင်းတဆတ်ဆတ်ညိတ် ကိုယ်ကို ရှေ့နောက်လွှဲနေပြီး
ပြောင်သလင်းခါတော့မယ့် ဆံပင်ကို လက်ချောင်းတွေနဲ့
ထိတွေ့ကိုင်နေတဲ့ မိန်းမအိုကြီး။
ကျွန်မကိုယ်တိုင်ရဲ့ မိခင်ပဲ ကျွန်မကတော့
တစ်ကိုယ်လုံး ပတ်တီးတွေပတ်လို့
ကျွန်မ သတိပြန်ရလာတယ်၊
မွေးကင်းစ ကလေးလေးလို
ပန်းနုရောင်

ဆစ်လ်ဗီယာ ပလာ့သ်
၁၅၊ ဖေဖော်ဝါရီ၊ ၁၉၆၁

ဆစ်လ်ဗီယာ ပလာ့သ် ဘဝ၊ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ
ဇေယျာလင်း
၂၀၀၃

ဆောင်းရာသီ ရှုမျှော်ခင်းနှင့် ကျီးအ များ

ကျောက်သားရေတံခါးကတစ်ဆင့်
ကြိတ်ဆုံထဲ စီးဆင်းတဲ့ရေစီး
အနက်ရောင် ရေကန်ထဲ ဒရဟောစီးဝင်တယ်။
အဲဒီရေကန်ပေါ်မှာ
ဆင်ခြင်တုံတရားနဲ့ ဆက်စပ်မရ
ရာသီလည်း လွဲနေတဲ့
တစ်ကောင်တည်းသော ငန်း
နှင်းလို အကျင့်သီလစင်ကြယ်စွာ ရေပေါ်မှာ ညင်သာရွေ့လျား။
အဲဒီ အဖြူရောင်ထင်ဟပ်မှုကို
ဆွဲချလိုစိတ် မွတ်သိပ်နေတဲ့
နောက်ကျိစိတ်ဟာ
ပို မခံချိမခံသာ ခံစား။

ခြိုးခြံလွန်းတဲ့ နေလုံးကြီး
စိမ့်မြေပေါ်မှာ ဝင်နေပေါ့။
လိမ္မော်ရောင် ဆိုက္ကလော့(ပ်) ဘီလူးမျက်လုံးတစ်လုံး
စိတ်ပျက်ညစ်ညူးရတဲ့ ဒီရှုခင်းကို
အထင်သေး
တာရှည်ကြည့်ချင်ပုံမရ။
ကိုယ်တိုင်ငှက်မွေးတွေခြုံ အတွေးနစ်လို့
ကျွန်မဟာ ကျီးအ တစ်ကောင်လို
ကြွစောင်းစောင်းနဲ့ တအုံနွေးနွေး၊
ဆောင်းည တဖြည်းဖြည်း ကျလာပေါ့။

ပြီးခဲ့တဲ့ နွေရာသီရဲ့ ကျူပင်တွေ
ရေခဲထဲမှာ ထွင်းထားသလို
ရှင့်ရုပ်ပုံဟာလည်း ကျွန်မမျက်လုံးထဲမှာ အဲသလိုအတိုင်း။
နှင်းခါးခြောက်တွေဟာ
ကျွန်မ နာကျင်မှုရဲ့ ပြတင်းပေါက်က မှန်သားပေါ့။
နှလုံးသားရဲ့ ကောမြေ
ပြန်လည်စိမ်းလန်းစိုပြေရေးလား၊
ကျောက်သားထဲက
ဘာ သက်သာစရာ ထွင်းယူရရှိနိုင်မှာလဲ။
မျှော်လင့်ချက်တွေ ခြောက်သယောင်းသွားတဲ့
ဟောဒီအရပ်မှာ
ဘယ်သူ လျှောက်လှမ်းချင်မှာလဲလေ။ ။

ဆစ်လ်ဗီယာ ပလာ့သ်
၁၉၅၆

ဆစ်လ်ဗီယာ ပလာ့သ် ဘဝ၊ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ
ဇေယျာလင်း
၂၀၀၃

အဆောက်အအုံပျက်ကြားမှာ စကားပြောခြင်း

ကျက်သရေရှိလှတဲ့
ကျွန်မအိမ်ရဲ့ ဆင်ဝင်အောက်ကနေ
ရှင်ဟာ ရှင့်အရိုင်းအစိုင်းဒေါသတွေနဲ့
အမြဲလို ချောင်းမြောင်း။

သစ်သီးပန်းကုံးတွေ
သာယာနာပျော်ဖွယ်ရာ တူရိယာတွေ
ဥဒေါင်းငှက်တွေကို
လိုက်လံနှောင့်ယှက်တယ်။

လေဆင်နှာမောင်း
လေဆင်နှာမောင်းကို ဟန့်တားထားတဲ့
တင့်တောင်းတင့်တယ် နေထိုင်မှု ကန့်လန့်ကာကို
ရှင်ဆုတ်ဖြဲပစ်လိုက်တယ်။

အခု.. ကြွယ်ဝခမ်းနားတဲ့
စည်းစနစ်ကျမှုနံရံ
ပြိုလဲခဲ့ရပြီ။

ကြောက်လန့်ဖို့ကောင်းတဲ့
အဆောက်အဦရဲ့ အယိုအယွင်းတွေပေါ်မှာ
ကျီးအ တွေ အာလို့။

ရှင့်ရဲ့ မုန်တိုင်းထန်မျက်လုံးထဲက
မသာမယာ အေးခဲအလင်းထဲမှာ
နေ့စစ်စစ်တွေ ထွက်လာတဲ့အခါ
ရဲတိုက်ကနေ
စိတ်ပျက်လက်ပျက်ထွက်ခွာသွားတဲ့
စုန်းမလို
မှော်ပဉ္စလက်ဟာ
ထွက်ခွာရှောင်တိမ်းပြေးသွားပြီ။

အပိုင်းပိုင်းအပြတ်ပြတ်
ကျောက်တိုင်တွေဟာ
ကျောက်သားမြင်ကွင်းကို
ဘောင်ခတ်ပစ်လိုက်ပြီ။

ကုတ်အင်္ကျီနဲ့ လည်စည်းနဲ့
ရှင်ဟာ
ပီဘိသူရဲကောင်းကြီးလို မတ်တတ်ရပ်နေခိုက်
ကျွန်မဟာ
ဂရိကိုယ်ကျပ်အင်္ကျီနဲ့
နှောင်တည်းခံဝိညာဉ်နဲ့
ရှင့်ရဲ့အကြည့်မဲကြီးထဲ
မလှုပ်ဝံ့မယှက်ဝံ့
သေသေဝပ်ဝပ်ကလေးထိုင်လို့။

ဇာတ်လမ်းဟာ
အော့နှလုံးနာဖွယ်ရာဖြစ်ခဲ့ပြီ။

ဘာဆိုဘာမှမရှိတော့တဲ့
ကျွန်မတို့ရဲ့ အခြေအနေအပေါ်
ဒီလောက်အပျက်ကိန်းကြီး
ထပ်ဆိုက်ပြီးမှတော့
ဟောဒီ အပျက်အယွင်းကြီးတစ်ခုလုံးကို
ဘာတခမ်းတနား စကားလုံးတွေနဲ့
ရှင် ပြန်ဖာထေးလို့ ရနိုင်တော့မှာလဲ။ ။

ဆစ်လ်ဗီယာ ပလာ့သ်
(၁၉၅၆)

ဆစ်လ်ဗီယာ ပလာ့သ် ဘဝ၊ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ
ဇေယျာလင်း
၂၀၀၃

May 29, 2011

မနက်ခင်းသီချင်း

ဝဝတုတ်တုတ် ရွှေလက်ပတ်နာရီတစ်လုံးလို
ချစ်ခြင်းမေတဿတာဟာ သားကို သွားစေပြီ။
သားရဲ့ ခြေဖဝါးတွေကို ဝမ်းဆွဲဆရာမက
ရိုက်လိုက်တယ်၊ သဘာဝထဲမှာ
သားရဲ့ အဆင်တန်ဆာမဲ့ အော်သံဟာ
သူ့နေရာသူ ယူလိုက်တယ်။

မေမေတို့ရဲ့ စကားသံတွေဟာ ပဲ့တင်ပြန်၊
သားလေးရဲ့ ရောက်ရှိလာခြင်းကို
အဆပေါင်းများစွာ ချဲ့လိုက်တယ်။
အသစ်စက်စက်ရုပ်တု။
လေဝင်လေထွက် ကောင်းတဲ့ ပြတိုက်ထဲမှာ
သားရဲ့ ဝတ်လစ်စလစ်ဖြစ်မှုဟာ
မေမေတို့ရဲ့ အနဿတရာယ်ကင်းမှုကို
နောက်ယောင်ခံတယ်။
နံရံတွေလို ငိုင်တွေတွေနဲ့
မေမေတို့ ရပ်နေကြတယ်။

လေရဲ့ လက်ချက်နဲ့
တဖြည်းဖြည်း ပျောက်ကွယ်သွားနေတဲ့
တိမ်ဟာ
သူ့ရဲ့ ပျောက်ကွယ်သွားနေခြင်းကို
ပြန်ထင်ဟပ်ဖို့ ကြည့်မှန်တစ်ချပ်ကို
ပေါင်းခံယူတယ်။
သားရဲ့မေမေဟာလည်း ဒီလောက်ပါပဲ။

တစ်ညလုံးပဲ
သားရဲ့ ပိုးဖလံဝင်သက်ထွက်သက်ဟာ
ပြားချပ်နေတဲ့ ပန်းနုရောင်နှင်းဆီတွေကြား
ယိမ်းထိုးသွားလာတယ်။
မေမေ နားထောင်ဖို့ နိုးထတယ်။
မေမေ့ရဲ့ နားထဲမှာ
အဝေးက ပင်လယ်ပြင်ဟာ ရွေ့လျားလို့။

အော်သံတစ်ချက်၊ အိပ်ရာပော်က မေမေလူးလဲထ၊
မေမေ့ ဝိတိုရိယခေတ် ညဝတ်အကဿငျီအောက်မှာ
မေမေဟာ နွားမတစ်ကောင်လို လေးလံပြီး
ပန်းပွင့်ကြီးတစ်ပွင့်လို။
သားရဲ့ ပါးစပ်ကလေးဟာ
ကြောင်တစ်ကောင်ရဲ့ ပါးစပ်လို
သန့်သန့်ရှင်းရှင်း ဟသွားတယ်။
ပြတင်းပေါက်ရဲ့ လေးထောင့်ကွက်
ဖြူဖွေးလာပြီး သူ့ရဲ့ မှုန်မှုန်မှိုင်းမှိုင်း
ကြယ်တွေကို မျိုချပစ်လိုက်တယ်။
ဟော... သားလေးရဲ့ လက်တစ်ဆုပ်စာ
ဂီတ သကေဿငတတွေကို သားစမ်းပြီ။
ကြည်လင်ပြတ်သားတဲ့ သရသံတွေဟာ
ပူဖောင်းတွေလို ပျံတက်လာကြတယ်။ ။

ဆစ်လ်ဗီယာ ပလာ့သ်
၁၉၊ ဖေဖေါ်ဝါရီ၊ ၁၉၆၁

ဆစ်လ်ဗီယာ ပလာ့သ် ဘဝ၊ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ
ဇေယျာလင်း
၂၀၀၃

May 9, 2011

အတိတ်မေ့ဝေဒနာရှင်

မထူးတော့ဘူး၊ အခုမှ မထူးတော့ဘူး
ပြန်သတိရပါလို့ မတောင်းဆိုနဲ့တော့။
ဒီလောက်လှပတဲ့ ကွက်လပ်ကို
ချောမွတ်အောင်လုပ်ဖို့ကလွဲလို့
ကျန်တာ ဘာမှမထူးတော့ဘူး။
နာမည်၊ အိမ်၊ ကားသော့တွေ၊

ကစားစရာဇနီးသည်လေး-
ဖျောက်ဖျက်ခံလိုက်ရပြီ။
သက်ပြင်းချ သက်ပြင်းချလိုက်၊
ကလေးလေးယောက်နဲ့
လျှပ်စစ်ထမင်းအိုးတစ်လုံး။

တီကောင်လောက်ရှိတဲ့ သူနာပြုတွေနဲ့
ပိစိညှောင့်တောက်ဆရာဝန်
သူ့ကို စောင်ခြုံပေးကြတယ်။
ရှေးဟောင်းနှောင်းဖြစ်တွေ
သူ့အရေပြားက ကွာကျလာကြတယ်။
အဲဒါအားလုံး မြောင်းထဲသွန်ချလိုက်။
သူ့ခေါင်းအုံးကို

သူ မတို့ထိရဲခဲ့တဲ့
သူ့ဆံပင်နီညီမလေးအဖြစ်စွဲထင်
ပွေ့လိုက်လို့။
သူဟာ နောက်ထပ်အသစ်စက်စက်ကို
အိပ်မက်မက်ယူတယ်။
မြုံလို့၊ တစ်အုပ်လုံးမြုံလို့
အမြုံတွေ။

အရောင်အသွေးလည်း မတူကြဘူး။
သူတို့ခရီးတွေထွက်ကြမယ်
ခရီးတွေ ခရီးတွေ ထွက်ကြမယ်။

ရှုခင်းတွေ
သူတို့မောင်ရင်းနှမတင်ပါးတွေကို
မီးပွင့်စေတယ်

ကြယ်တံခွန်ရဲ့ အမြီးတန်း။
ပြီးတော့...
အားလုံးရဲ့ သုတ်ရည်ပိုက်ဆံ။
သူနာပြုတစ်ယောက်ယူလာတယ်။

အစိမ်းရောင်သောက်စရာတစ်ခု
နောက်တစ်ယောက်ယူလာတာက
အပြာရောင်။
သူ့တစ်ဘက်တစ်ချက်ကနေ
ကြယ်တွေလိုမြင့်တက်လာကြတယ်။
သောက်စရာ နှစ်ခွက်ဟာ
မီးတောက်အမြှုပ်ထ။

ညီမလေးရေ၊
အမေရေ၊
မိန်းမရေ၊
ငါ့ဘဝဟာ ချိုမြိန်တဲ့အတိတ်မေ့မှုပဲ။
ငါ
ဘယ်တော့မှ
ဘယ်တော့မှ
ဘယ်တော့မှ
အိမ်ပြန်မလာတော့ဘူး။

ဆစ်လ်ဗီယာ ပလာ့သ်
၂၁၊ အောက်တိုဘာ၊ ၁၉၆၂


ဆစ်လ်ဗီယာ ပလာ့သ် ဘဝ၊ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ
ဇေယျာလင်း
၂၀၀၃

May 8, 2011

ဖတဆိုးသားလေးအတွက်

မကြာခင်မှာပဲ သားလေး သတိပြုမိပါလိမ့်မယ်
သစ်တစ်ပင်လို သားနံဘေးမှာ ကြီးထွားလာနေတဲ့
လစ်ဟာမှုတစ်ခု၊
သေခြင်းတရားသစ်တစ်ပင်၊ အရောင်မဲ့
သြစတြေးလျငှက်ဖျားပင်-
ဦးထိပ်မှာ အရွက်တွေမဲ့၊ လျှပ်စီးရဲ့ ကွပ်ခြင်းခံရ-
မာယာတစ်ခု၊
ပြီးတော့ ဘာကိုမှ လုံးလုံးဂရုမပြုတဲ့
ဝက်ဖင်လို မိုးကောင်းကင်။

ဒါပေမဲ့ အခုတော့ သားလေးဟာ နှုတ်ကလေးအ,လို့
အဲသလို ထုံအ,တာကိုပဲ အမေချစ်တယ်
အဲဒီ ထုံ အ,ခြင်းရဲ့ စုံလုံးကန်းနေတဲ့မှန်။
အဲဒီမှန်ထဲ အမေကြည့်လိုက်တော့
အမေ့မျက်နှာကလွဲလို့ ဘယ်သူ့မျက်နှာမှ မရှိဘူး။
အဲဒါ ရယ်စရာလို့ သားလေး ထင်နေတယ်။
အမေ့အတွက်တော့ ကောင်းတယ်
အမေ့နှာခေါင်းကို သားလေးဆွဲညှစ်တယ်၊
ဒါဟာ လှေကားတစ်ထစ်ပဲ။
တစ်နေ့နေ့မှာ
မှားနေတဲ့အရာတစ်ခုကို
သား သတိပြုမိလိမ့်မယ်၊
သေးငယ်တဲ့ ဦးခွံရိုးလေးတွေ၊
ရိုက်ခွဲခံလိုက်ရတဲ့ အပြာရောင်တောင်တန်းတွေ၊
ကြောက်မက်ဖွယ်ကောင်းတဲ့ တိတ်ဆိတ်မှုကြီး။
အဲဒီအချိန်အထိ
သားလေးရဲ့ အပြုံးတွေဟာ အမေ့အတွက်
ကောက်ရပိုက်ဆံတွေ ဖြစ်နေကြမှာပါပဲ။

ဆစ်လ်ဗီယာ ပလာ့သ်
၂၆၊ စက်တင်ဘာ၊ ၁၉၆၂


ဆစ်လ်ဗီယာ ပလာ့သ် ဘဝ၊ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ
ဇေယျာလင်း
၂၀၀၃

May 7, 2011

အဲလ်(မ်)ပင်

အောက်ခြေကြမ်းပြင်ကို သူမ သိသတဲ့။
သူမရဲ့ ရေသောက်မြစ်နဲ့ သိသတဲ့၊
အဲဒါကို ကျွန်မ ကြောက်နေတာတဲ့။
ကျွန်မ မကြောက်ပါဘူး၊ ကျွန်မ ရောက်ဖူးပြီးသားပဲ။

ကျွန်မထဲမှာ ရှင်ကြားရတာ ပင်လယ်လား၊
ပင်လယ်ရဲ့ မကျေနပ်မှုတွေလား။
ဒါမှမဟုတ် ရှင့်ကို ရူးသွပ်စေခဲ့ဖူးတဲ့
နတဿတိရဲ့အသံလား။

အခ်စ္ဆိုတာ အရိပ္တစ္ခုပါပဲ။
လဲလျောင်းပြီး လိုချင်စိတ်ပြင်းပြလို့
ငိုယိုတောင့်တလိုက်ရတာ
နားထောင်၊ အဲဒါ သူ့ခွာသံတွေပေါ့၊
ဟော... ထွက်ပြေးသွားခဲ့ပြီ၊
မြင်းတစ်ကောင်လိုပဲ။

အဲသလိုပဲ
တစ်ညလုံး ကျွန်မ ကဆုန်ပေါက်ပြေး၊
ကျွန်မ စိတ်ထင်သလို အတိုင်းပဲပေါ့၊
ရှင့်ဦးခေါင်းဟာ
ကျောက်တုံးတစ်တုံး ဖြစ်သွားတဲ့အထိ
ရှင့်ခေါင်းအုံးဟာ
မြင်းပြိုင်ကွင်းလေး ဖြစ်သွားတဲ့အထိ၊
ပဲ့တင်ဟိန်း ပဲ့တင်ဟိန်းနေအောင်ပေါ့။

ဒါမှမဟုတ် အဆိပ်တွေရဲ့အသံ
ရှင့်အတွက် ယူပေးရမလားဟင်။
ဒါဟာ မိုးသံပေါ့၊
ဒီ ကြီးမားတဲ့ တိတ်ဆိတ်မှုကြီး။
ပြီးတော့ ဒါဟာ
အဲဒီ ကြီးမားတဲ့ တိတ်ဆိတ်မှုကြီးရဲ့
သစ်သီး၊
အာဆင်းနစ်အဆိပ်လို သံဖြူရောင်။

ဆည်းဆာရဲ့ အဓမဿမပြုမှု
ကျွန်မ ခံခဲ့ရဖူးပြီ။
အမြစ်အထိ မီးကျွမ်း
ကျွန်မရဲ့ အနီရောင် နန်းကြိုးမျှင်တွေ
လောင်မြိုက်ပြီး
ထိုးထိုးထောင်ထောင်ထလို့၊
ဝါယာကြိုးတွေနဲ့
လက်တစ်ဖက်။

အခု
ကျွန်မ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲပြီ၊
အပိုင်းအစတွေဟာ
ဟိုဒီ ပျံဝဲကြတဲ့ တင်းပုတ်တွေ။
ဒီလောက်ကြမ်းတမ်းတဲ့ လေပြင်းဟာ
ဘေးမှာရပ်ကြည့်နေတာတွေကို
သည်းညည်းခံမှာမဟုတ်ဘူး၊
ကျွန်မ
သံကုန်ခြစ်
ဟစ်အော်လိုက်ရမှ ဖြစ်တော့မယ်။

လမှာလည်း အကြင်နာစိတ်တစ်စက်မှ မရှိဘူး၊
ကျွန်မကို ရက်ရက်စက်စက်
တရွတ်တိုက်ဆွဲလား ဆွဲရဲ့၊
ကျွန်မဟာ မြုံနေတာကိုး။
သူမရဲ့ ရွှန်းလဲ့တောက်ပမှုနဲ့
ကျွန်မကို ပက်ပက်စက်စက်
ကဲ့ရဲ့နေတော့တာပဲ။
ဒါမှမဟုတ် သူမကို
ကျွန်မ ဖမ်းဆီးရမိပြီ ထင်တယ်။
သူမကို ကျွန်မ လွှတ်လိုက်တယ်။
သူမကို ကျွန်မ လွှတ်လိုက်တယ်
အသက်လု ခွဲစိတ်ကုခံရပြီးသလို
သေးကျုံ့ပြားချပ်လို့။
ရှင့်ရဲ့ အိပ်မက်ဆိုးတွေဟာ
ကျွန်မကို ဝင်ပူးပြီး
ကျွန်မရဲ့ ပင်ကိုယ်တွေလို ပေးအပ်တယ်။
ကျွန်မထဲမှာ
အော်သံတစ်ခု
ဝင်ရောက်နေထိုင်ပြုနေတယ်။
ညတွေထဲမှာ အပြင်ပျံထွက်
စူးချိတ်တွေနဲ့ ဖွေရှာတယ်၊
ချစ်လို့ရရာတစ်ခုခု။

ကျွန်မထဲဝင်အိပ်နေတဲ့
ဒီ မည်းနက်အရာကြီးကို
ကျွန်မ ကြောက်တယ်၊
တစ်နေ့လုံးပဲ ကျွန်မစိတ်ထဲမှာ
သူ့ကို သိထိနေနေတယ်။
ပျော့စိစိနဲ့
ငှက်မွေးတွေလို လှည့်စောင်းနေတာ
ကျွန်မပေါ် ရန်ငြိုးကြီးနေတာ။

မိုးတိမ်တွေရွေ့သွားပြီး
ပြန့်နှံ့သွားကြတယ်။
အဲဒါတွေဟာ
အချစ်ရဲ့ မျက်နှာတွေများလား၊
အဲဒီ ဖြူဖတ်ဖတ်နဲ့
ပြန်မရနိုင်
ပြန်မကောင်းနိုင်တော့တာတွေလေ။
ဒါတွေအတွက်
ကျွန်မရဲ့ နှလုံးသားကို
တဒိတ်ဒိတ် ခုန်နေစေတာလား။

ဒီထက်ပိုပြီး မသိတော့ဘူး။
ဒါဟာ ဘာလဲ၊ ဒီမျက်နှာ
လည်မျိုကို ဖျစ်ညှစ်တဲ့
အကိုင်းအခက်တွေနဲ့
သတ်ဖြတ်လိုစိတ်
သေကြေလိုစိတ် တကဲကဲနဲ့။

သူ့ရဲ့
မြွေလိုအက်ဆစ်တွေဟာ
လာနမ်းတယ်။
စိတ်ဓာတ်ကို
မှင်သက်မိစေတယ်။
ဒါတွေဟာ
သီးခြားစီ
တဖြည်းဖြည်းချင်း ဖြစ်ပွားလာတဲ့
အပြစ်တွေ၊ ဒီအပြစ်တွေဟာ
ကျွန်မကို
သတ်နေတယ်
သတ်နေတယ်
သတ်နေတယ်။

ဆစ်လ်ဗီယာ ပလာ့သ်
၁၉၊ ဧပြီ၊ ၁၉၆၂
ပင်လယ်မဂဿဂဇင်း၊ အမှတ် (၁)


ဆစ်လ်ဗီယာ ပလာ့သ် ဘဝ၊ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ
ဇေယျာလင်း
၂၀၀၃

May 6, 2011

လေဒီလားဇ်ရပ်(စ်)

ကျွန်မ လုပ်လိုက်ပြန်ပြီ။
ဆယ်နှစ်တစ်ကြိမ် ကျွန်မ လုပ်တယ်-

လမ်းလျှောက်နေတဲ့ အံ့ဖွယ်တစ်ပါးပေါ့
ကျွန်မရဲ့ အရေပြားဟာ
နာဇီမီးအုပ်ဆောင်းလို တောက်ပ
ကျွန်မရဲ့ ညာခြေထောက်ဟာ
စကဿကူဖိဖန္တုံး။

ကြ်န္မရဲ့ မ်က္နွာမွာ
ဘာအသြင္အျပင္မွ မရွိဘူး၊
နူးညံ့တဲ့ ဂ်ူးပိတ္သားစ။

ကြ်န္မကို အုပ္ထားတဲ့ ပဝါကို
ခြာလိုက္ပါ
ကျွန်မရဲ့ ရန်သူတော်ငဲ့
ရှင့်ကို ထိတ်လန့်သွားစေသလား-

နှာခေါင်း မျက်တွင်း၊ သွားတွေ
စုံရဲ့လား။
ခံတွင်းသိုးနံ့ဟာ
တစ်ရက်တည်းနဲ့ ပျောက်သွားမှာပါ။

မကြာခင်၊ မကြာခင်မှာပဲ
သေတွင်းက စားပစ်လိုက်တဲ့
ကျွန်မရဲ့ အသားအရည်
ကျွန်မကိုယ်ပေါ်
နဂိုအတိုင်း ပြန်ဖြစ်လာမှာပါ။

ကျွန်မဟာ ပြုံးနေတတ်တဲ့ မိန်းမ
အသက်ကလည်း သုံးဆယ်လေးတင် ရှိသေးတယ်။
ကြောင်လိုပဲ ကျွန်မမှာ
သေဖို့ ကိုးကြိမ်တိတိရှိတယ်။

ဒါဟာ သုံးကြိမ်မြောက်။
ဆယ်စုနှစ် တစ်ခုစီကို ဖျက်ဆီးပစ်ရတာ
တကယ်ရှုပ်တာပဲ။
နန်းကြိုးမျှင်တွေ သိန်းသန်းကုဋေတောင်ပါပဲလား။
မြေပဲဆားလှော်ဝါးတဲ့ ပရိသတ်ကြီး
တိုးကြိတ်ပြီး ဝင်ကြည့်လိုက်ကြတာ

ကျွန်မရဲ့ ခြေတွေလက်တွေ
သူတို့မြင်အောင် ကျွန်မကိုယ်ကျွန်မ
ဖြည်ပြ
ခုနှစ်လွှာချွတ်ပွဲကြီး တစ်ခုပေါ့။
ဂုဏ်သရေရှိလူကြီးမင်းများ၊
ဂုဏ်သရေရှိ အမျိုးကောင်းသမီးများရှင်

ဒါတွေဟာ ကျွန်မရဲ့ လက်တွေ
ဒါတွေဟာ ကျွန်မရဲ့ ဒူးခေါင်းတွေ
လောလောဆယ် အရိုးပေါ် အရေတင်။
ဒါပေမဲ့ ကျွန်မဘာမှ မပြောင်းလဲဘူး
ယခင် မိန်းမ ပကတိပဲ။
ပထမဆုံးအကြိမ် ဖြစ်တုန်းက
ကျွန်မ ဆယ်နှစ်ပဲရှိသေး
အဲဒါ မတော်တဆ ဖြစ်ခဲ့တာ။

ဒုတိယအကြိမ်မှာတော့
ဘယ်တော့မှ ပြန်မလာတော့အောင် လုပ်ခဲ့တာ။

ပင်လယ်ခရုခွံလို
ကျွန်မကို ကျွန်မ ပိတ်ဆို့ပစ်လိုက်တယ်။
သူတို့ ကျွန်မကို အော်အော်ခေါ်ရ
ချွဲကျိကျိ ပုလဲလုံးတွေလို သူတို့ခွာပစ်ရသတဲ့
ကျွန်မကိုယ်ပေါ်က လောက်တွေကို။

သေတာဟာ ပညာသားပါဖို့လိုတယ်
ဘယ်ဟာမဆိုလိုပဲပေါ့။
ဒါမျိုးဆို ကျွန်မ ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ်တယ်။

ငရဲလိုခံစားရအောင် ကျွန်မလုပ်တတ်တယ်
အစစ်အမှန်လို ခံစားရအောင် လုပ်တတ်တယ်
ကျွန်မရဲ့ ပါရမီပဲလို့ ပြောလို့ရမယ် ထင်ပါရဲ့။

မြေအောင်ခန်းလေးထဲမှာ လုပ်ရတာ လွယ်တယ်
လုပ်ပြီးတော့ အဲဒီအတိုင်းပဲ နေရတာ လွယ်တယ်
စိတ်ညစ်စရာက
အလင်းပြောင်ပြောင်ကြီးထဲ
ပြဇာတ်ဆန်ဆန် ပြန်ပြန်လာရတာ
အဲဒီ ယခင်နေရာ အဲဒီ ယခင်မျက်နှာ
အဲဒီ ယခင်အခြေအနေအတိုင်း
ကြမ်းကြမ်းကြုတ်ကြုတ် ပျော်ရွှင်နေကြတဲ့
အော်သံကြီးဆီ
'အံ့ဖွယ်ပဲဟေ့၊
ဘုရားသခင် တန်ခိုးပြတာပဲ။'

အဲဒီစကားမျိုးတွေပေါ့
ကျွန်မကို အလဲထိုးပစ်တာ။

အခကြေးငွေ ပေးရတယ်
ကျွန်မရဲ့ အမာရွတ်တွေ ကြည့်ရဖို့
အခကြေးငွေပေးရတယ်
ကျွန်မရဲ့ နှလုံးခုန်သံကို နားထောင်ဖို့
တကယ်လည်း တဒိတ်ဒိတ်ခုန်ပါတယ်။

အခြားအခအကြေးငွေတွေ ရှိသေးတယ်
တန်ဖိုးကြီးကြီး ပေးရတယ်
ကျွန်မဆီက စကားတစ်ခွန်းအတွက်
ကျွန်မ အသားကို ထိရဖို့အတွက်
ဒါမှမဟုတ် ကျွန်မရဲ့ သွေးတစ်စ

ဒါမှမဟုတ် ကျွန်မရဲ့ ဆံခြည်တစ်မျှင်
ကျွန်မကိုယ်ပေါ်က အဝတ်အစားအပိုင်းအစ။
အဲဒီတော့၊ အဲဒီတော့၊ ဟာ(ရ်)ဒေါက်တာ
အဲဒီတော့၊ ဟာ(ရ်)ရန်သူတော်ကြီးငဲ့။
ကျွန်မဟာ ရှင့်ရဲ့လက်ရာမြောက်
ကျွန်မဟာ ရှင့်ရဲ့ အဖိုးတန်ဆုံး၊
အော်သံထဲ အရည်ပျော်သွားတဲ့
ရွှေသားစစ်စစ် အချစ်ကလေးပေါ့။

ဟိုဘက် ဒီဘက် ကျွန်မ လှည့်စောင်းပြီး
တစ်ကိုယ်လုံး လောင်မြိုက်လို့နေတယ်။
ရှင့်ရဲ့ ကြီးမားတဲ့ စိုးရိမ်မ၍ကို
ကျွန်မ လျှော့တွက်တယ်လို့ မထင်ပါနဲ့။

ရှင် ထိုးလိုက် ဆွလိုက်လုပ်နေတာ
ဘာရမယ် ထင်လို့လဲရှင်
ပြာတွေ၊ ပြာတွေပဲ
အသား၊ အရိုး ရှိမှ မရှိတာပဲ-

ဆပ်ပြာတစ်ခဲ
မဂဿ လာဆောင် လက်စွပ်တစ်ကွင်း
သွားအပေါက်ဖာတဲ့ ရွှေစ
အဲဒါတွေပဲ။

ဟာ(ရ်)ဖန်ဆင်းရှင်
ဟာ(ရှ်)ယမမင်း
သတိထား
သတိထား။

ပြာပုံထဲက
ဆံပင်နီရဲနဲ့ ကျွန်မ
ထိုးထွက်ထလာပြီး
ယောက်ျားတွေကို
လေလိုစားပစ်တယ်။ ။


ဆစ်လ်ဗီယာ ပလာ့သ်
၁၉၆၂


ဆစ်လ်ဗီယာ ပလာ့သ် ဘဝ၊ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ
ဇေယျာလင်း
၂၀၀၃