> သီဟသူ [dot] blogspot [dot] com: February 2011

Feb 25, 2011

လျှောမွေး

ဒီကဗျာတွေဟာ မရှင်သန်ဘူး
ဒါဟာ ဝမ်းနည်းဖွယ်ကောင်းတဲ့ ဆေးစစ်ချက်ပဲ။
သူတို့ခမျာ ခြေချောင်းလက်ချောင်းလေးတွေ ပါလာကြသား
သူတို့ရဲ့ နဖူးလေးတွေဟာ အာရုံစိုက်မှုနဲ့ ဖောင်းကား။
လူတွေလို ထသွား ထလာ လမ်းလျှောက်ခြင်းနဲ့ လွဲခဲ့ကြတာ
မိခင်မေတ္တာမရခဲ့လို့တော့ အပြစ်တင် မစောကြပါနဲ့။

သူတို့ ဘာဖြစ်သွားကြတယ်ကို ကျွန်မ နားကို မလည်နိုင်ဘူး။
သူတို့မှာ ပုံသဏ္ဌာန်၊ အရေအတွက်၊ အစိတ်အပိုင်း
မှန်ကန်ပြည့်စုံကြတာပဲ။
ဆားစိမ်ရည်ထဲမှာ သူတို့ ကောင်းမွန်စွာထိုင်လို့။
ကျွန်မကို သူတို့ ပြုံးပဲပြုံးပြနေကြတယ်။
အဆုပ်တွေတော့ ပြည့်မလာကြ
နှလုံးလည်း ဘယ်လိုလုပ်လုပ် မခုန်ဘူး။

သူတို့ဟာ ဝက်တွေမဟုတ်ဘူး။
ငါးကလေးတွေတောင် မဟုတ်ဘူး
ဝက်လိုလို ငါးလိုလို ဟန်ရှိရုံပါပဲ။
သူတို့ အသက်ရှိကြရင် ပိုကောင်းမှာပေါ့
အသက်လည်း ရှိခဲ့ကြတာပဲ။
ဒါပေမဲ့ အခုတော့ သက်မဲ့
သူတို့အမေဟာလည်း စိတ်သောကနဲ့ တစ်ပိုင်းသေ
အဲဒါတောင် သူတို့ဟာ ငထုံငအတွေလို စိုက်ကြည့်
သူတို့အမေအကြောင်း ဘာတစ်ခွန်းမှ မဟကြဘူး။

ဆစ်လ်ဗီယာ ပလာ့သ်
ဇူလိုင်၊ ၁၉၆၀

ဆစ်လ်ဗီယာ ပလာ့သ် ဘဝ၊ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ
ဇေယျာလင်း
၂၀၀၃

Feb 23, 2011

ပြဿဒါးများ

အပြန်လမ်းတစ်ခု အကြွေးပေးရမှာပဲ အဖတ်တင်တယ်
ဘယ်သူမှ တံခါးမခေါက်ချင်တဲ့ မြွေတွန်သံတွေကို
အကြိမ်ကြိမ် တွန်းဖွင့်နေမိခဲ့ ငါ့မှာ

သားကို မျှော်နေမယ့် အမေ့ရင်ရိပ်မှာပဲ မအိပ်စက်နိုင်သေးဘူး
ချစ်သူကို လွမ်းတနေမယ့် ညီမလေးရဲ့ ရင်ငွေ့ကိုလည်း
မလှုံနိုင်သေးဘူး
အဝေးပြေးကားကြီးတွေကို ငေးကြည့်ရင်မောနေရတယ်

မနက်ဖြန်မှာ ဘာဖြစ်မယ် မသေချာသေးဘူး
ကမ္ဘာကြီးကရော လည်နေဦးမှာပဲလား
အစာကိုမြင်လို့ ချိတ်ကို မကြောက်တဲ့ငါးတွေဟာ
မြို့ပြမှာနေထိုင်ကြတယ် ငါ့လို

စိတ်သွားတိုင်းတော့ ခရီးမပေါက်နိုင်ဘူးပေါ့
ယုံယုံကြည်ကြည် ရိုးသားခဲ့ပါတယ်
လူကို မောင်းနှင်နေတဲ့ လောင်စာဟာ ဆာလောင်မှုပဲ

အခု ငါဝှက်ယူလာခဲ့တဲ့ ဘဝသစ္စာကို ပွတ်သပ်
တယုတယ ရိုက်ချကြည့်မိတော့ “ဘူဖဲ” ပဲ
အခုထိ ငါ့ဆီ ကြွေကျမယ့်ကြယ် မရှိဘူး
အိမ်မပြန်နိုင်တဲ့ စိတ်ကလေး အပြင်းဖျားတယ် ...။


ကိုသျှား
ပိတောက်ပွင့်သစ် မဂ္ဂဇင်း၊ အမှတ် (၃၇)၊ ဒီဇင်ဘာ၊ ၂၀၁၀

Feb 22, 2011

ဇန်နဝါရီတုန်းက မရေးဖြစ်ခဲ့တဲ့ ဒိုင်ယာရီ

(၁.၁.၂၀၁၁ - ၃၁.၁.၂၀၁၁)


မှန်ထဲပြန်ကြည့်လိုက်တိုင်း တွေ့တွေ့နေတာ ဘွန်ဆိုင်းပင်တစ်ပင်။
နေရောင်လည်းမရဘူး၊ ရေနဲ့ဝေးတဲ့ ရေသောက်မြစ်တွေနဲ့။

အမြစ်တွေရှိဖို့အရေးကြီးတယ်။
ပျော့ပျောင်းမှုရှိရတယ် (ဒါမှ လေပြင်းဒဏ်ကိုခံနိုင်မယ်)။
စိုက်တဲ့နေရာမှာ ကြီးထွားတယ်။*

ရောမကိုပဲရောက်ရောက်၊ နျူးယောက်ကိုပဲရောက်ရောက်
ဘွန်းဆိုင်းဟာ ဘွန်ဆိုင်းပဲ။ ။

သီဟသူ
၂၂.၂.၂၀၁၁

* 3 things I learnt from trees - Yeo Shih Yun

Feb 19, 2011

ကြေးမုံပြင်

ငါဟာ ငွေသားစစ်စစ်...
ငါဟာ တိကျတယ်။
ငါ့မှာ ကြိုတင်မှတ်ယူချက်တွေ မရှိဘူး။
ငါ မြင်မြင်သမျှ ချက်ချင်းစုတ်မြိုချလိုက်တယ်။
ချစ်ခြင်းမုန်းခြင်း မြူမရှိ၊
သူ့အတိုင်းပဲ ပကတိ။
ငါ မရက်စက်တတ်ပါဘူး။
ဖြောင့်မတ်မှန်ကန်ရုံပါပဲ
နတ်ဒေဝတာလေးရဲ့ မျက်လုံး၊ လေးထောင့်ကွက်။
များသောအားဖြင့်
ငါ့ရှေ့တူရူက နံရံကို ငါ ကမ္မဌာန်းရှုတယ်။
အဲဒီနံရံဟာ ပန်းနုရောင်၊ အစွန်းအကွက်တွေနဲ့။
ကြည့်ဖန်များလာတော့ အဲဒီနံရံဟာ
ငါ့နှလုံးသား အစိတ်အပိုင်းလို့တောင် ငါထင်နေပြီ။
ဒါပေမဲ့ မြင်ချည်ကွယ်ချည်နဲ့။
အဲဒီနံရံနဲ့ ငါ့ကို
မျက်နှာတွေနဲ့ အမှောင်ထုဟာ
ခဏခဏ ခွဲပစ်တယ်
ငါဟာ အခု ရေကန်တစ်ကန်။
ငါ့ပေါ်မှာ မိန်းမတစ်ယောက် ငုံ့ကိုင်း
သူ့အစစ်အမှန်ကို ငါ့ရေပြင်ထဲ ဖွေရှာတယ်။
ပြီးတော့ ဟိုဘက် သူလှည့်ပစ်လိုက်တယ်။
လူလိမ်တွေဘက်၊ ဖယောင်းတိုင်တွေဘက်၊
ဒါမှမဟုတ် လ ဘက်။
သူ့ကျောပြင်ကို ငါမြင်ရတယ်။
မြင်တဲ့အတိုင်း သစ္စာရှိရှိ ပြန်ပေးတယ်။
သူပြန်ပေးတဲ့ဆုကတော့ သူ့မျက်ရည်တွေ၊
ပြီးတော့ ဂဏှာမငြိမ်တဲ့ သူ့လက်တွေ။
ငါဟာ သူ့အတွက် အရေးကြီးတယ်။
ငါ့ဆီသူ ရောက်ရောက်လာတတ်တယ်။
ငါ့ဆီက သူပြန်ပြန်သွားတတ်တယ်။
မနက်တိုင်း မနက်တိုင်း
အမှောင်ထုကို အစားထိုးတာ သူ့မျက်နှာ။
ငါ့ထဲမှာ မိန်းမပျိုလေးတစ်ယောက်ကို
သူနှစ်သတ်ပစ်ခဲ့ဖူးတယ်လေ။

ငါ့ထဲကပဲ
နေ့စဉ်နေ့တိုင်း
သူဆီတက်တက်ပေါ်လာတယ်။
ကြောက်ဖွယ်လိလိငါးကြီးတစ်ကောင်လို
အိုမင်းနေတဲ့ မိန်းမတစ်ယောက်။ ။

ဆစ်လ်ဗီယာ ပလာ့သ်
၂၃၊ အောက်တိုဘာ၊ ၁၉၆၁

ဆစ်လ်ဗီယာ ပလာ့သ် ဘဝ၊ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ
ဇေယျာလင်း
၂၀၀၃

Feb 18, 2011

၂၀၁၁၊ ဖေဖေါ်ဝါရီ

တစ်နှစ်ကျော် မေ့နေခဲ့တဲ့

ပိတောက်(ပွင့်သစ်) အမှတ်တမဲ့ ပြန်တွေ့ရှိ၊

ပျော်ရွှင်ခြင်းဟာ စီဒီအသွင်နဲ့ ရောက်ရှိ - 237 MB

တစ်နှစ်ပြည့်တော့မယ့် သမီးလေး

ထွားလာလိုက်တာ ဖိုးဖိုးကြီး မနည်းချီထားရတယ်

ဓါတ်ပုံထဲ။

အိမ်ပြန်နောက်ကျလာတယ်၊

စာပိုဖတ်ချင်လာတယ်၊

ကော်ဖီဆို စတားဘတ်ခ်၊

လိုက်ရင်း ပြေးရင်း လိုက်နေရဆဲ ငွေကြေး နဲ့

မင်းမရှိလည်း ဖြစ်နေပါပြီ ငါရဲ့ “မရှိမဖြစ် မိုး”၊

အိမ်လွမ်းစိတ် တငွေ့ငွေ့နဲ့

ညစဉ် မေတ္တာပို့တယ်

မေမေ

ကျန်းမာပါစေ။ ။



သီဟသူ

၁၈.၂.၂၀၁၁

Feb 13, 2011

ဘဝ အော်ပရာ

ဇာတ်ကွက်ထဲ မျောနေကြရပုံ
တစ်ယောက်တည်းက
ဘီလူးခေါင်းချွတ်ပြီး
မင်းသားဝတ်နဲ့ထွက်လာမယ်ဆိုတာ
သိရက်နဲ့တောင် မေ့ထားကြရတယ်
ငါတို့တွေ


သီဟသူ
၁၃.၂.၂၀၁၁

သို့ မေမေ (၈)

မေမေရေ
၁၉၉၉ခုနှစ်
သားနဲ့ မေမေကြည့်ခဲ့တဲ့ ရုပ်ရှင်
deep blue sea
ငါးမန်းတွေ အရမ်းကြောက်ဖို့ကောင်းတယ်နော်


မေမေရေ
လူတွေက ပိုကြောက်ဖို့ကောင်းပါတယ်


သီဟသူ
၁၃.၂.၂၀၁၁